အိမ်ပြေးသူများ

Photobucket

ကျွန်တော့်အသက် ၁၈ နှစ်လောက်တုန်းက ရည်ရွယ်ချက်က နိုင်ငံခြားရပ်ခြားမှာပညာသင်သွားဖို့ပါ။ ကျွန်တော် လန်ဒန်ကိုလာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရောက်စက အသက် ၁၉ နှစ်ဝန်းကျင်ပါ။ အံ့သြစရာကောင်းတာက လေဆိပ်ကနေစတဲ့ ခရီးဖြစ်ပါတယ်။
အောက်တိုဘာ နေ့လယ်၊ မိုးဖွဲဖွဲရွာနေပြီး ဘတ်စ်ကားထဲကနေ မဲနေတဲ့ခေါင်းမိုးစွန်းတွေကို မိုးဖွဲဖွဲကြားက ကျွန်တော် ကြည့်နေခဲ့တယ်။ အဲဒါ အရမ်းကို ထူးဆန်းတယ်လို့ ထင်ခဲ့ပါတယ်။
ဒီစကားတွေကို ပါကစ္စတန်နိုင်ငံကထွက်ခွာပြီး အင်္ဂလန်မှာ အခြေချနေထိုင်နေတဲ့ မာမူးဂျမာလ် (Mahmoud Jamal)က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ Culture shock (တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ စိတ်နေသားမကျမှု) ရဲ့ ပထမအဆင့်ပါ။ အဲဒီအဆင့်ကို The honeymoon stage ဒါမှ မဟုတ် Honeymoon Phase လို့ သတ်မှတ်ကြပါတယ်။ဒီအခိုက်မှာတော့ အရာရာတိုင်းဟာ အသစ်တွေ ဖြစ်လို့ ယဉ်ကျေးမှုခြားနားတာကအစ ဆွဲဆောင်နိုင်နေပါတယ်။

စိတ်လှုပ်ရှားတက်ကြွပြီး စူးစမ်းနေတဲ့ အချိန်ကာလပေါ့။ ဒီအဆင့်မှာ အိမ်ကိုတောင် မေ့နေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မသူငယ်ချင်း အထွေးလေးကတော့ ဒီပျားရည်ဆမ်းအဆင့်မှာပဲ ငိုလို့ချည်းနေပါတယ်။ ဘာဖြစ်လို့ ဒီမှာ လာပြီး အလုပ်လာလုပ်မိပါလိမ့်လို တွေးလိုက် ငိုလိုက်အိမ်ကို ဖုန်းဆက်လိုက် ဖြစ်နေခဲ့လေတာ။
ကျွန်မကတော့ စင်္ကာပူဆိုတဲ့ ဒီကျွန်းကို ရောက်စခဏမှာတော့ ပျော်ရွှင်ခဲ့ပါရဲ့။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး နဲ့ တာဝန်ယူကူညီစောင့်ရှောက်တဲ့ အစ်မအရင်းက အနားမှာ ရှိနေတာမို့ အရာရာဟာ ကျေနပ်စရာကောင်းနေခဲ့ပါတယ်။ စတင်အခြေချတာက အမျိုးသားနေ့မှာဖြစ်လို့ တိုက်တာတွေမှာ အလံတွေ တလွင့်လွင့်နဲ့ တက်ကြွနေတဲ့ လူတွေကလည်း ငေးမောစရာချည်းရယ်။

ဒါပေမယ့် ရက်သတ္တပါတ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ စိတ်ဓာတ်ကျတဲ့ ဒုတိယအဆင့်ကို ရောက်ပြီလေ။ ယဉ်ကျေးမှု ခြားနားခြင်းဟာ အကျိုးသက်ရောက်မှု ရှိလာပြီ။ စိတ်ရှုပ်၊ အထီးကျန်၊ မိဝေးဖဝေး၊ ချစ်သူတွေရဲ့ အဝေးမှာ ရင်ထဲက အက်ကြောင်းက စတင်ပေါ်လာပြီ။ ဒီအဆင့်ကို စိတ်ဓာတ်ကျတဲ့ အဆင့် The distress (disintegration) stage လို့ ခေါ်သလို Negotiation Phase လို့လည်း သုံးနှုန်းကြပါတယ်။
ကျွန်မကတော့ ဒီအက်ကြောင်းစပေါ်လာတဲ့အခါ ရာသီဥတုကြောင့်လို့ လွှဲချမိလေရဲ့။ သူငယ်ချင်းအထွေးက ဒီနိုင်ငံရာသီဥတုဟာ သူ့လူတွေလိုပဲ ဟိတ်ကြီးဟန်ကြီးနိုင်တယ်လို့ ပြောပါတယ်။ နေပူပူမှာ မိုးခြိမ်းသံတွေ တရကြမ်းနဲ့ ခြိမ်းခြောက်တတ်ပေမယ့် မိုးလည်း မရွာဘူးလို့ ဆိုလေတာ။ ကျွန်မကတော့ ဒီကျွန်းရဲ့ ရာသီဥတုမှာ သက်တောင့်သာယာရှိနေခဲ့တာ မိုးတွေ မရွာခင်အထိပေါ့။ ဥတုရာသီ တစ်မျိုးတည်းသာရှိတဲ့ ဒီအရပ်မှာ အောက်တိုဘာလကစလို့ အဆက်မပြတ်မိုးရွာပြီလေ။
                            Photo credit by   singaporeshots.wordpress.com/
ဆောင်းရာသီချစ်သူ ကျွန်မက ချမ်းတတ်လွန်းသူပါဆိုရင် အံ့သြစရာများ ဖြစ်နေမလား။ ရုံးမှာ လေအေးစက်က ကျွန်မ ဦးထိပ်တည့်တည့်မှာ ရှိတယ်။ လိုင်းကားထဲမှာ ချမ်းလွန်းလို့ ကျွန်မ ခိုက်ခိုက်တုန်နေတယ်။ ရထားပေါ်မှာ နွေးနွေးထွေးထွေးရှိသူတွေကို မြင်တိုင်း ကျွန်မတစ်ယောက်တည်း ချမ်းနေတာလားလို့ တွေးမိလေရဲ့။ ဒီကျွန်းမှာ ရှိသမျှလေအေးစက်တွေကိုကျွန်မလိုက်ပိတ်ချင်ခဲ့တယ်လေ။

အေးစက်တဲ့လေထုကြားမှာ အသက်ရှုကျပ်ကာ ချမ်းလွန်းလို့ ဖျားတော့မှာလားလို့လည်း အမြဲသံသယဖြစ်နေခဲ့။ ဟင့်အင်း။ ကျွန်မ နာမကျန်းလို့ မဖြစ်ဘူး။ အိမ်လွမ်းလို့ မဖြစ်ဘူး။ ကျွန်မ အိမ်မပြန်နိုင်သေးဘူး။ အိမ်မှာရှင်သန်ဖို့ အခွင့်မရှိဘူး။ ကျွန်မ ဆက်လက် အိပ်မက်မက်ရဦးမှာ။ လူု့ဘုံအလယ်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမှာ။ ဘာပဲဖြစ်ဖြစ်။ ကျွန်မအရှုံးမပေးနိုင်ဘူး။

ဖြစ်ရပ်မှန်ကတော့ ဘယ်လိုပင် ကြိုးစားနှလုံးသွင်းပေမယ့် ကျွန်မ ယိုင်လဲတော့မလို ဖြစ်တယ်။ အခါခါ တွေဝေတိုင်း ကိုယ့်ကိုကိုယ်မုန်းကာ မပျော်နိုင်တော့ဘူး။ ဒီလိုနဲ့ ကျွန်မ မာကျောချင်ယောင် ဆောင်ခဲ့ပြီလေ။ မြန်မာပြည်မှာ ကားစပယ်ယာကို ခွန်းတုံ့မပြန်နိုင်ခဲ့တဲ့ကျွန်မ ရုံးက အထက်အရာရှိကိုတော့ ပြန်လှန်အော်နေခဲ့မိတယ်လေ။
အစ်မတစ်ယောက်က သိပ်မတင်းပါနဲ့လို့ ဆုံးမတဲ့အခါမှ ကျွန်မ ပြေလျှော့သွားခဲ့တာရယ်။ ဒါပေမယ့် ကျွန်မ ရင်ထဲက နာကျင်မှုအစိုင်အခဲဟာ မကျေပျက်နိုင်သေးဘူး။

ဒါပေမယ့် အင်္ဂလန်က မာမူးကတော့ ဒီဒုတိယအဆင့်ကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်ပဲ ကျွန်တော့်နေရာကို ရှာတွေ့အောင် စီစဉ်နိုင်ခဲ့ပါတယ်။
နေစရာနေရာ နဲ့ လန်ဒန်မြို့ထဲမှာ စအလုပ်လုပ်ဖို့လည်း စီမံနိုင်ခဲ့ပါတယ်။
စိတ်ဝင်စရာကောင်းတာက အခုအချိန်မှာ သိပ်ထင်ရှားနေပေမယ့် ကျွန်တော်က ခြားနားတဲ့
လူတစ်ယောက်ပါလား ဆိုတာ အရင်ကမသိခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ဘာဖြစ်လို့မှန်းမသိဘူး။
ဒီလူမျိုးရေးကိစ္စဟာ ကျွန်တော့်ဘဝမှာ ရင်ဆိုင်တွေ့ခဲ့ရတဲ့ ရေးကြီးခွင်ကျယ် ကိစ္စတစ်ခု
မဖြစ်ခဲ့ဘူး။လို့ မာမူးက ဆက်ပြောပါတယ်။
မာမူးလိုပဲ လူမျိုးရေးခွဲခြားခံရတယ်လို့ ကျွန်မ မခံစားခဲ့ရပါဘူး။ ကျွန်မရဲ့သည်းခံနိုင်စွမ်းမကြီးပေမယ့် လျစ်လျူရှုနိုင်စွမ်း ပြင်းတယ် ထင်ပါရဲ့။

နိုင်ငံခြားသားတွေဟာ ဒီနိုင်ငံသားတွေက အတော်လေး မောက်မာကြောင်း ပြောကြပေမယ့် မြန်မာပြည်က ကားစပယ်ယာရဲ့ အဆူအငေါက်ကို ခံနေကျ ကျွန်မ အတွက်တော့ ဒီအရေးဟာ ပန်းနဲ့ ပေါက်သလိုပဲလို့တောင် တင်စားနိုင်ပါတယ်။
ဒါပေမယ့် အဝေးရပ်မြေက အားငယ်မှုစက်ဝန်းမှာ ကျွန်မ စတင်နစ်ခဲ့ပါပြီ။ ဘယ်သူ့ကိုမှ အရေးမစိုက်ပါဘူးလို့ ဟန်ဆောင်လည်း သိမ်ငယ်စိတ်က ရင်မှာပျိုးခဲ့ပြီ။ မာမူးက သူဟာ ခြားနားတဲ့ လူတစ်ယောက်ဆိုတာ မသိခဲ့ဘူးလို့ ဆိုပေမယ့် ကျွန်မကတော့ အပြင်လူလို့ ဆိုတဲ့ ခံစားချက်ကို ရင်ဝယ်ပိုက်ပြီး မိုးကိုပဲ အပြစ်ဖွဲ့ ငြိုးမိပြီ။

ကျွန်မ ဘယ်လို အသက်ရှုရတော့မလဲ။ မိုးစက်တွေကို ငရဲမီးတွေလို့ မြင်နေတယ်။ မိုးရေတွေထဲကြားမှာ ကျွန်မ အရည်ပျော်နေတယ်။ ဒီလိုနဲ့ ရင်ဘတ်ထဲက စကားလုံးတွေ ပေါက်ကွဲလွင့်စင်လာခဲ့တာ။
'In the Rain'
Rain. Rain. Rain.
December rain.
I've never seen snow in here.
There is the rain all over the space. But there is the flame in my heart.
I've burnt in the rain.
The raindrops are arrows for me.
But I've never hurt anymore.
My skin is thicker than that you can see.
I cover my mind with the wound.
I am alone in the dark rain.
I stand with the pain.
You can think me as a stranger.
You can never understand what I talk.
However I cry aloud, you never HEAR me.
(19/12/2007)
ဒါဟာ သိုးဆောင်းဝေါဟာရတွေနဲ့ ပထမဆုံးရေးခဲ့တဲ့စာပါလို့ ပြောရမလား။ ဘိုလိုပြောမှ နားလည်တဲ့ မိုးကို သက်သေပြုထားတဲ့ ရန်တွေ့စာလို့ သတ်မှတ်မလား။ အိမ်ရဲ့ အဝေးမှာ ကျွန်မ စိတ်တွေနာမကျန်း ဖြစ်ခဲ့ဖူးပါတယ်။
မယ်ကိုး
Singapore_Skyline_Panorama     photo credit by ウィキメディア 
Photo is  Singapore_Skyline_Panorama 
photo credit by ウィキメディア
                     ja.wikipedia.org

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More