This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

~ ငှက်တစ်ကောင်၏ ခြေရာ တစ်ပိုင်းတစ်စ~ “ကမာနီလာ”


သူ  ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်)ရင်  ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ  ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။


လူတွေသိပ်မသိသေးတဲ့  ငှက်ကြီး ခြေရာတချို့ကို ရေးပြချင်ပါတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စက်များကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂ သောင်းကျော်နဲ့ ဝယ်လိုက်တာပါ၊ နောက် မောင်မောင်ကျော်က တခြား တယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်။ ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ အဲဒီ “အရေးကြီးပြီ” ဆိုတဲ့ သီချင်းကို ကိုမွန်းအောင်က သီဆိုခဲ့တယ်၊ ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့်  သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့တယ်။ အာဏပိုင်ဆိုတဲ့ လူတွေက လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။

ဒီနေ့ သူငယ်ချင်းတွေနဲ့ သူ့အတွက် သတိတရနဲ့  သူ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ကိုယ်ကလည်း အမေကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် အမေရဲ့ နောက်ဆုံး ထွက်သက်ငင် နေချိန်မှာ  “ သား  ” ကို တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့ ပေမယ့်  အမေကို မတွေ့နိုင်ခဲ့ဘူး၊ ဈာပန အခမ်းအနားလေးတောင် တက်ရောက်ခွင့်မရ ခဲ့တဲ့ ဘဝမို့ “ အမေ ” ဆိုတဲ့ ကဗျာလေးကို ရွေးပြီး ရွတ်ဆိုခဲ့တယ်။

               … အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …
အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်
ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ကမာနီလာ

တောင်းပန်ပါတယ်၊ ငှက်”  အမှတ်တရ ကို ရေးဖို့ မိတ်ဆွေတွေက ပြောထားကြပေမယ့်  စာရေးဖို့ အခြေအနေ မပေးတာကြောင့် လုံးဝ မရေးဖြစ်ခဲ့ဘဲ၊ သူငယ်ချင်းတွေက ငှက်” အတွက် လုပ်ဖြစ်တဲ့ အမှတ်တရ ဒီနေ့ပွဲလေးကို တက်ရောက်ရင်း  ဒီစာကို အားခြင်း ရေးပေးလိုက်ရတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ် နားလည်ပေးပါလို့်။

မျက်ရည်မြစ် " ဗမာ့သွေး "


ဒီရက်ပိုင်း အတွင်း စာပေဟောပြောပွဲတွေမှာဆရာတွေပြောတဲ့ အသံဖိုင်လေးတွေကို အားလပ်ချိန်လေးတွေမှာ နားထောင်ဖြစ်မိတယ်။ ကျနော် နားထောင်လိုက်ရတဲ့စာပေဟောပြောပွဲများမှ ရရှိလိုက်တဲ့ အတွေးအမြင်များကို စာသား အဖြစ် တင်ပြလိုတဲ့ ဆန္ဒနဲ့ဒီစာစုလေးကို ရေးချမိသွားတာပါ ။

"ဖိုးတောင်သူဘွဲ့"

(၁)
လွမ်းမပြေ မန်းမြေ တမိတော့
ကမ်းခြေမှာ စမ်းရေစတွေနဲ့
ဖျန်းလေက တသုန်သုန်၊
တဲ တဖက် ဆွဲဖျက်ကာ အလျှင် လိုတော့ထင့်
ကရင်အို ယာပြင်(ရှင်)ကြီးမှာ
မီးထဲ့လို့လှုံ။

(၂)

မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုတော့
လွှားပါလို့ နောက်မှာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

(၃)
ဘေးအိတ်ကိုလျှို
ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုး ဘာသာ သူတို့
ကွင်းအငူ နှင်းမြူက စဲပြန်တော့
အဖိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်တဲ့ စခန်း....။

အချုပ်တန်းဆရာဖေရဲ့..."ဖိုးတောင်သူဘွဲ့" ဆိုတဲ့ ကဗျာလေးပါ။ အချုပ်တန်း ဆရာဖေဆိုတာကလည်း စလေ ဦးပုညတို့ နဲ့ ခေတ်ပြိုင် စာဆို ဖြစ်ပါတယ်။ ကဗျာက မန္တလေးရွှေမြို့တော်ကြီးနဲ့ ဝေကွာလှတဲ့ ယာတောလေး တစ်နေရာ ရောက်နေတဲ့ တောင်သူကြီး တစ်ယောက်ရဲ့ အကြောင်းကိုရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

တဒင်္ဂစာ အေးချမ်းမှုလေးကို မခံနိုင်လို့ကိုယ်နေထိုင်ရာ တဲကို ဖျက်ပြီး မီးလှုံလိုက်တဲ့ အခါ နောက်နေ့တွေ အတွက် နေစရာ မရှိမှာကိုမိုက်မဲလှတဲ့ ဖိုးတောင်သူကြီး မီမလှုံခင်က မစဉ်းမိခဲ့ဘူး ။

အဲဒီလို ရည်ရှည်ကို မတွေးဘဲ လတ်တလောပြဿနာကို အလွယ်တကူ ဖြေရှင်းလိုကြတဲ့ အင်မတန်မှ ညံ့ဖျင်းတဲ့ ဖိုးစော်ကဲလို တောင်သူကြီးလို လူစားမျိုးတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်။

ဒီကဗျာလေးထဲက အဖျက်ခံလိုက်ရတဲ့တဲနေရာလေးဟာ မိသားစု တခု ၊ ရပ်ကွက်တခု ၊ မြို့နယ် တခု ၊နိုင်ငံတနိုင်ငံ နဲ့သက်ဆိုင်တဲ့နေရာမျိုးလည်း ဖြစ်နိုင်ပါတယ် ။

ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီကဗျာလေးထဲကတဲလေးလို မီးရှို့ခံလိုက်ရတဲ့ တဲတွေ ဘယ်လောက်များ နေပြီလည်း သေချာတွေးကြည့်ရင်ပိုမို သိသာ ထင်ရှားလာမှာပါ…။ အဲဒီလို ကိုယ်နေတဲ့ အသိုက်အမြုံကို
ဖျက်စီးလိုက်တဲ့ ဦးနှောက်မရှိတဲ့လူတွေ ကျနော်တို့ တိုင်းပြည်မှ ဘယ်လောက်တောင် များနေပြီလည်း ..
ဝေးဝေးသွားပြီး စဉ်းစား စရာမလိုပါဘူး ။ မြန်မာနိုင်ငံရဲ့ အထင်ကရ သတို့သမီးကိုမှ တရုတ်ကိုရွေးပြီး
ဆက်သဖို့ ကြံရွယ်နေပုံသာ ပြေးမြင်လိုက်ပါတော့လို့ကျနော် ရှည်ရှည်ဝေးဝေး ကဗျာဆန်ဆန် မတွေးမပြတော့ဘဲ ပွင့်ပွင့်လင်းလင်းဘဲ ပြောပါရစေ ။

“တို့တိုင်းပြည်”
ဆရာဇော်ဂျီ


ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။

ကျနော်တို့ တိုင်းပြည် တိုင်းတပါးနယ်ချဲ့ လက်အောက် ကို ကျရောက်ခဲ့စဉ် ကာလက ဆရာဇော်ဂျီက နယ်ချဲ့လက်အောက်ကမလွတ်မြောက်ရင် ဒီကဗျာလေးထဲကလို မြန်မာနိုင်ငံသားတွေ ဒုက္ခခံစားရမှာကို စိုးကြောက်ပြီး သတိပေးကာ ရေးသားခဲ့တာကို မှတ်သားနာယူ ကြကာ အားလုံးဝိုင်းဝန်း ကြိုးစားခဲ့ကြလို့နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့ကြတယ်…။


ဒါပေမယ့် ကံခေလှတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် အာဇာည်တွေ သွေးမြေခဲ့ရတဲ့ နေ့က စလို့ ကိုယ့်လူမျိုးအချင်းချင်းက လက်နက်အားကိုးပြီးဖက်ဆစ်ဘီလူးတွေလို ပြန်လည်အုပ်ချုပ် အနိုင်ကျင့်တာကို ခံနေခဲ့ရတာ ယနေ့ထက်တိုင် မလွတ်မြောက်နိုင်သေးပါဘူး။
ကိုယ့်တိုင်းပြည်က သယံဇာတ များနဲ့တိုင်းတပါး နိုင်ငံများက မီးတွေ ထိန်ထိန်လင်းနေတာကို အမှောင်ထဲက
ထိုင်ကြည့်နေကြရတုန်းပါဘဲ…..။

ကိုယ့်ပိုင်တဲ့ သယံဇတများနဲ့ တိုင်းတပါးက၀င့်ကြွားနေကြချိန်မှာ ကျနော်တို့ တိုင်းပြည်က လူအများကတော့ နေစရာ အိမ်လေးတလုံးတောင်ဖြစ်မြောက်အောင် မပိုင်ဆိုင်ကြတော့ဘဲစားဝတ်နေရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရင်းက အနာဂတ်အတွက် မျှော်မှန်းချက်ဆိုတာ တောင် မတွေးနိုင်ကြတော့ပါဘူး။ အဖိနှိပ်ခံဘ၀တွေနဲ့ကြာတော့ နင်းပြားဘ၀တွေဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရတယ်။ ဆရာဇော်ဂျီ တွေးကြောက်ခဲ့ရတဲ့ ကိစ္စကြီးကတိုင်းတပါးနယ်ချဲ့လက်အောက်မှာ မကြုံတွေ့ရဘဲ ကိုယ့်လူမျိုးတွေ ပြန်အုပ်ချုပ်တဲ့ ညစ်ထေးယုတ်မာတဲ့အာဏာရှင် စနစ်ဆိုးအောက်မှာ ကြုံတွေ့ရတာ အသဲနာစရာ ကောင်းလှပါတယ်..။

ကမ္ဘာမကြေ မြန်မာပြည် ဆိုတဲ့နိုင်ငံတော် သီချင်းလေး ဘယ်အချိန်ထိ သက်ဝင် လုပ်ရှားနေမှာလည်း ဆိုတာ ယနေ့ မြန်မာနိုင်ငံသားတွေရဲ့ ရပ်တည်မှု သဘောထားပေါ်မှာဘဲ မူတည်နေပါတယ် ။
ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပါလို့ငယ်စဉ်ကတည်းက ကြားဖူးခဲ့ကြသလို ယုံလည်း ယုံကြည်ခဲ့ကြတာပါဘဲ…။ ဒါဆိုရင် ကိုယ့်အသက်သွေးကြောကိုကိုယ်ပြန်ဖြတ်တဲ့ လုပ်ရပ်တခုဟာ လုပ်သူတွေဟာ ဒီကဗျာထဲက ဦးနှောက်မရှိတဲ့ တောင်သူကြီးလိုဘဲကိုယ့်ရဲ့ အသိုက်အမြုံကို ပြန်ဖျက်စီးတဲ့ လုပ်ရပ်ကြီးပါ.။
ဒါပေမယ့် ဒီကိစ္စက ကဗျာထဲကလိုတဲတခု မဟုတ်ဘဲ တမျိုးသားလုံး ဒုက္ခဆိုးကြီး ကို ခါးသည်းစွာ ခံစားရတော့မယ့် အရေးကိစ္စကြီး ဖြစ်နေတာတောင် ပေါ့ပေါ့လေး တွေးပြီး ဖြေရှင်းချင်တဲ့ အတွေးပိုင်ရှင်များက ပိုမို မိုက်မဲလွန်းလှပါတယ်။ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ဖို့ အတွက် အမျိုးသားရေး သစ္စာဖောက်တဲ့ လုပ်ရပ်ကြီးတခုပါလို့ အတန်တန် သတိပေးနေကြပါလျှက် အာဏာကလွဲလို့ ဘယ်အရာကိုမှ မစဉ်းစားနိုင်တဲ့ လူအများက မြန်မာနိုင်ငံကို စနစ်တကျ ဖျက်စီးလိုက်ဖို့ အရေး ဧရာဝတီ မြစ်ဆုံမှာဆည်ကြီး တည်ဆောက်ကာ တရုတ်ကို ထောက်ပံ့ပေးကြတော့မယ်….။

မြန်မာတမျိုးသားလုံးသားလုံး ဒုက္ခနွံထဲကို အတင်းဆွဲချနေတဲ့ ဒင်းတို့ လုပ်ရပ်ကို မတားဆီးနိုင်ခဲ့ရင် နောင်အခါ ကမ္ဘာမှာမြန်မာလူမျိုးဆိုတာ ကွယ်ပျောက်သွားနိုင်ပါတယ်။



ယခင်က အင်းလေးကန်အလှ နဲ့ ယခု ရေခမ်းခြောက်ြ့ပီး တိမ်ကောနေပြီဖြစ်တဲ့ အင်းလေးကန်
အင်းလေးအိုင်ကြီး ရေခန်းမယ်ဆို ပုံပြင်လို့ထင်ထားခဲ့ကြပေမယ့် တကယ်တန်း ရေတစက်မှ မရှိအောင် ခြောက်ခမ်းသွားခဲ့တာ လက်တွေ့ပါ ။ စည်းမရှိကမ်းမရှိ တွေ့သမျှ သစ်ပင် အကုန်ခုတ်ကာ တိုင်းတပါးကို ရောင်းချခြင်းရဲ့ အကျိုးဆက် မြန်မာတနိုင်ငံနေရာ အနှံ့အပြားမှာ မိုးခေါင်ရေရှားပြီး သောက်စရာ ရေတောင် မရှိတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရသလို
အခုလည်း အားလုံးရဲ့ အားထားရာ သဘာဝအလှတရားတွေနဲ့မြန်မာပြည်ဆိုတာကို ပနံ့ရအောင် စွဲဆောင်မူပေးခဲ့တဲ့ မြစ်ဧရာဝတီ၊ နက်ရှိုင်းမူတွေနဲ့သမိုင်းခေတ်အဆက်ဆက်ကို ထိမ်းသိမ်းစောင့်ရှောက်လာတဲ့ ဧရာဝတီကို တိုင်းတစ်ပါးသားလက်ထဲဝကွက်အပ်လို့ ပျက်သုန်းရတော့မယ့်အဖြစ်ကို ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ကြီးပြင်းလာကြတဲ့ကျွန်တော်တို့အားလုံး ဘယ်လိုမှ မျက်စီစုံမှိတ်ပြီး ကြည့်မနေနိုင်တော့ပါဘူး။ ဧရာဝတီကို မှီခိုအားထား အသက်ရှင်နေကြရတဲ့ ဘ၀တွေ၊ပြည်နယ်နဲ့ ပြည်မဆိုတာကို တစ်သွေးတည်း တစ်သားတည်း တစ်ထပ်တည်း ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာတွေအဲဒီကျေးဇူးတရားက ကြီးမားလှပါတယ်။
သေချာတာ တခုကတော့ မြန်မာနိုင်ငံရဲ့အသက်သွေးကြောကြီး ဧရာဝတီ ကွယ်ပျောက်သွားရင်တော့ မြန်မာလူမျိုးဆိုတာလည်း မကြာခင် ကွယ်ပျောက်သွားမှာအမှန်ပါဘဲ ဆိုတာ ပညာရှင်များက တကယ့်ကို လေးလေးနက်နက် သတိပေးနေတာကို ကျနော်တို့အားလုံးပေါ့ပေါ့ဆဆလေး တွေးပြီး လက်ခံလိုက်ရင် သမိုင်းမှာ ကျနော်တို့အားလုံး တရားခံတွေ ဖြစ်သွားကြမှာဖြစ်သလို နောင်မျိုးဆက်သစ်တွေရဲ့ လက်ညိုးထိုးရှုံ့ချကဲ့ရဲ့တာကိုခံကြရမှာ မလွဲပါဘဲ....။
ဧရာဝတီမြစ် ကို မှီခိုအားထားပြီး ဘ၀၀မ်းစာရေးအတွက် အသက်ဆက်နေရသူတွေ
အခုလက်ရှိ အနေအထားအတိုင်း ဆက်သွားရင်တော့မြန်မာနိုင်ငံသားတွေဟာ သောက်စရာ ရေတောင် မရှိတဲ့ ဘ၀နဲ့ ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားရင် အသက်ဆုံးရှုံးကာ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးဆိုတာ ပျောက်ကွယ်သွားမှာ အမှန်ပါဘဲ ဆိုတာကိုသေချာတွေးပြီး အမျိုးသားရေး လုပ်ရှားမှု အသွင်သဏ္ဍန် နဲ့ ဧရာဝတီကို ကာကွယ်ဖို့ ကြိုးစားပေးကြပါလို့ပြည်တွင်း ၊ ပြည်ပက ပညာရှင်များနှင့် တကွ မြန်မာနိုင်ငံသားအာားလုံးကို လေးစားစွာ မေတ္တာရပ်ခံရင်း ဆရာမောင်စိန်ဝင်း ရွတ်ဆိုခဲ့တဲ့ ကဗျာလေးနဲ့ ဘဲ နိဂုံးချုပ်လိုက်ပြစေ…..။

မြစ်ကော မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်
ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့
မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည် သမျှ မြန်မာသွေးရှိ
တတောလုံးပြောင် တတောင်လုံး
လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့
နောင်အရှည် မမျှော်မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပျက်သဘောနဲ့
မြစ်ကောမယ်လေး...။


ဗမာ့သွေး

ဒီဆောင်းပါးကို ညီငယ် " ဗမာ့သွေး " က " တဒင်္ဂစာ အတွက်ဘ၀များစွာ ဖျက်ကြသူများ " အမည်ဖြင့် ရေးသားခဲ့တာပါ။ ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန်မှာ ဧရာဝတီ မြစ်နဒီရဲ့ လှိုင်းပုတ်သံတွေ က နားစည်မှာ ခပ်တိုးတိုးလေး ကြားနေရတယ်။ လှိုင်းပုတ်သံတွေကို သေချာနားထောင်ကြည့်လိုက်တော့ ဧရာဝတီက ငိုရှိုက်နေတယ်၊ သူမရဲ့ ကျေးဇူးတရားတွေက ကျွန်တော်တို့ မြန်မာပြည်မှာ မွေးပြီး ကြီးပြင်းလာကြတဲ့ လူတွေအားလုံးအပေါ် အသားအရောင်၊ အဆင့်အတန်း၊ လူမျိုးဘာသာ လုံးဝမရွေး အားလုံးအပေါ်မှာ တင်ရှိနေတယ်။ ဧရာဝတီဟာ ကျွန်တော်တို့အားလုံးရဲ့ မိခင်ပါ။ မိခင်နဲ့ နှလုံးသားချင်းနီးစပ်သူတိုင်း သူမရဲ့ ငိုရှိုက်သံတွေကို ကျွန်တော်ကြားသလို စာဖတ်သူ မြန်မာနိုင်ငံသား ညီအကိုမောင်နှမတွေ အားလုံးလည်း ကြားကြ ပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို " မျက်ရည်မြစ် " လို့ အမည်ပေးလိုက်တာပါ။

အမိုက်မှောင်ကင်းကာ ကမ္ဘာကြီးကို ကျန်းမာစေချင် ' ကမာနီလာ `

  သြဂက်(စ်)လ ဟာ ဒီမြေကို အပြောင်းအလဲတွေ ဝမ်းနည်းခြင်း နိမိတ်ပုံတွေကို ဖော်ဆောင်တဲ့လလို့ ပြောရင် မှားမယ် မထင်ဘူး။ ၈ ဂဏန်းကြီးစိုးတဲ့ သြဂက်စ်လ၊ ဂျပန်နိုင်ငံမှာ ဒီလရောက်ပြီဆို ဂျပန်ပြည်သူ၊ ပြည်သားတွေ အတွက် ဘယ်တော့မှ မေ့လို့မရနိုင် ဖျောက်ဖျက်လို့ မရနိုင်ခဲ့တဲ့ အတိတ်ကြမ္မာ ဆိုးကြီးတခုက အရိပ်လို ကပ်လိုက်ခြင်း ခံနေရတယ်လို့ ဂျပန်တွေ ယုံကြည်နေကြတုန်းပဲ။ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့၊ အရက်စက်ဆုံး၊ အဏုမြူဗုံး ပေါက်ကွဲမူဒဏ်ကို ခံခဲ့ရလို့ ဟီရိုရှိမားမြို့နဲ့ နဂစကီ မြို့နှစ်မြို့ ပြာပုံဘဝ ရောက်ခဲ့ရတဲ့ သမိုင်းဝင်လ ဖြစ်နေသလို။ ရက်စက်မှု ကမ်းကုန်ပြီး၊ စစ်သွေးကြွနေတဲ့ ဂျပန် ဖက်ဆစ်စနစ်ကို အမြစ်ဖြတ် ချေမှုန်းခံခဲ့ရတဲ့ အချိန်အခါ ဖြစ်နေလို့ပါဘဲ။
     


 
Enola Gayလေယဉ်မှူး Paul Tibbetsနှင့်          Boat's carလေယာဉ်မှူး Charles Donald Albury

         ၁၉၄၅ခုနှစ် သြဂတ်စ်လ (၆)ရက် ၊ဖက်ဆစ်ဝင်ရိုးတန်း မဟာမိတ်နိုင်ငံတွေ လက်နက်ချ အညံ့ခံပြီးသော်လည်း၊ အမျိုးသားရေး စိတ်ဓာတ် မာန်တက်ကြွကာ စစ်သွေးကြွနေတဲ့၊ နေမင်းသူရိယ အမျိုးအနွယ်ရယ်လို့ ဂုဏ်ယူဝံ့ကြွားပြီး စစ်အဆိပ် မာန်တက်နေတဲ့ ဂျပန်နိုင်ငံဆီကို အမေရိကန် လေယာဉ်မှူး ပေါလ်တိဘက် Paul Tibbets မောင်းနှင်လာတဲ့ ဘီ၂၉ အမျိုးအစား တိုက်လေယာဉ် အန်နိုလာဂေးလ် (Enola Gay) အမည်ရ လေယာဉ်ဟာ ဦးတည် မောင်းနှင်လာနေတယ်။ အထူးတာဝန် ပေးချက်အရ ၊ သူလေယာဉ်နဲ့အတူ သယ်ဆောင်လာတာ ကတော့ ပေါက်ကွဲအား ပြင်းထန်ပြီး ဘီလူးတစ်ကောင်ကဲ့သို့ ကြမ်းကျုပ် ရက်စက်မှုတွေနဲ့ မြို့ကိုဝါးမြိုမယ့် လစ်တဲလ်ဘွိုင်း Little Boy အမည်ရတဲ့ အဏုမြူဗုံး တလုံးပါဘဲ။ သြဂတ်စ်လ (၆)ရက်၊ နံနက် ၈နာရီ၁၅မိနစ် အချိန်မှာ ဟီရိုရှိမားမြို့ အပေါ်ကို တီအင်တီ ယမ်းအား တန်ခြေ ၂၀၀၀၀ ရှိတဲ့ ဗုံးကိုကြဲချလိုက်တယ်။ ပစ်လွှတ်ချလိုက်တဲ့ ဗုံးဟာ အမြင့်ပေ ၆၀၂ ပေ အမြင့်မှာတင် ပေါက်ကွဲသွားခဲ့ပြီး ။အရှိန်အဟုန် ပြင်းထန်စွာနဲ့ မြို့တစ်မြို့လုံးကို စက္ကန့်၊ မိနစ်ပိုင်း အတွင်းမှာကို ဝါးမြို ဖျက်ဆီး ပစ်လိုက်တော့တယ်၊ မှိုပွင့်သဏ္ဍာန် မီးခုံးလုံးကြီး တက်လာပြီးတဲ့နောက်။ ကောင်းကင်တစ်ခုလုံး မဲမှောင်ကျသွား တော့တယ်။ ဗုံးဒဏ်ကြောင့် တိမ်တွေပြိုကွဲပြီး ရွာသွန်းလာတဲ့ မိုးရေစက်တွေတောင် မိုးမည်းတွေ ဖြစ်သွားတဲ့အထိ အဆောက်အဦးတွေ ပြာပုံဘဝ ရောက်သွားခဲ့သလို ဂျပန်ပြည်သူ တစ်သိန်း လေးသောင်းကျော် (၁၄၀၀၀) သေဆုံးသွားခဲ့ ရတယ်။ အဏုမြူဗုံး ဒဏ်ကြောင့် မသေမရှင် ဖြစ်နေသူတွေ၊ အဏုမြု ဓါတ်ရောင်ခြည် သင့်ပြီး ဝေဒနာတွေ ခံစားနေရ သူတွေရဲ့ ငိုညည်းသံတွေ၊ သွေးပျက်နေတဲ့ မြို့ရဲ့ အနိဋ္ဌာန်ရုံတွေက ကြောက်မက်ဖွယ်ရာ အတိနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒဏ်ရာအနာတရ ဖြစ်နေသူတွေ အတွက် ဆေးကုသပေးဖို့ အရေးပေါ် အခြေအနေ ဖြစ်နေချိန်မျိုးမှာ၊ အဲဒီမြို့မှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန် ၉၀ ရာခိုင်းနှုန်းနဲ့ ၊သူနာပြု ၉၃ ရာခိုင်နှုန်းလောက်ဟာ ဗုံးဒဏ်ကြောင့် သေကြေ ပျက်စီးခဲ့ရတာမို့ ၊ ပြိုပျက်နေတဲ့ ဆေးရုံအဆောက်အဦး တွေဟာ သုသာန် တစပြင်လို့ ဖြစ်နေခဲ့ရတယ်။ အဲဒီနှစ် အတွင်းမှာဘဲ ဒဏ်ရာကြောင့် သေဆုံး သွားသူတွေပါ ရေတွက်လိုက်ရင် ဂျပန်ပြည်သူ ၂၀၀၀၀၀ (နှစ်သိန်းကျော်) သေဆုံးသွားခဲ့တယ်။ 

ဗုံးဒဏ်ကြောင့်  ပြိုပျက်နေတဲ့ နဂစကီက ဘုရားကျောင်း




          နောက် သုံးရက်အကြာမှာ ၊ လက်နက်ချ အညံ့ခံဖို့ ဝန်လေး ခေါင်းမာနေနေတဲ့ ဂျပန်အတွက် ဘီ၂၉ အကြီးစား ဗုံးတင်လေယဉ် (Boat's car)ကို တွဲဘက် လေယာဉ်မှူးဖြစ်တဲ့ Charles Donald Albury ကို အထူးတာဝန် ပေးလို့ ၊ လွန်ခဲ့တဲ့ သုံးရက်ကြာ ကမှ ဟီရိုရှိမားကို ဗုံးကြဲချခဲ့တဲ့ Paul က လိုအပ်တာတွေ ကူညီ လမ်းညွန်ပေးခဲ့ပြီး။ ၁၉၄၅ခုနှစ်၊ သြဂတ်စ်လ၊ ၉ရက်နေ့ မှာ ဂျပန်ရဲ့ ဒုတိယအကြီးဆုံး ကျွန်းစုထဲက မြောက်ဘက် ကျုးရှုးကျွန်း ဘက်မှာ ရှိတဲ့ ခိုခုရ (Kokuya) မြို့ဆီကို ဦးတည်ပျံသန်းခဲ့ပြီး Fat man အမည်ရတဲ့ အဏုမြုဗုံးကို ကျဲဖို့ ဝေဟင်ကနေ ပျံသန်း လာခဲ့ပေမယ့် ဗုံးကြဲတာကို ဗွီဒီယို မှတ်တမ်းတင်ဖို့ တိမ်ထူထပ်နေတာမို့ မကြဲဖြစ်ဘဲ ဦးတည်ရာ ရွေ့ပြောင်းလို့ နဂစကီမြို့ ဆီကို ပျံသန်းလို့နေတယ်။ အဲဒီနေရာဒေသမှာ၊ တိမ်ကင်းစင်နေပြီး ရာသီဥတု အခြေအနေ ကောင်းတာကြောင့်၊  အဏုမြူဗုံးးကို နံနက် ၁၁နာရီ ၂ မိနစ်အချိန် ကြဲချခဲ့ရာမှာ၊ ဗုံးဒဏ်ကြောင့် ချက်ခြင်း သေဆုံးသွားခဲ့သူ လေးသောင်းခန့် (၄,၀၀၀၀) ရှိခဲ့သလို။ ဗုံးဒဏ်ကြောင့် ဝေဒနာ ခံစားရပြီးမှ သေဆုံးခဲ့ရသူ သုံးသောင်း၊ ငါးထောင်(၃,၅၀၀၀) ခန့်ရှိပြီး။ စုစုပေါင်း ရှစ်သောင်း(၈,၀၀၀၀)ခန့် သေကျေ ပျက်စီးခဲ့ကြရ ပြန်တယ်။ အဏုမြူ ရောင်ခြည်သင့်ပြီး မီးလောင်ခံရကာ မသေမရှင် ဖြစ်နေသူတွေ၊ ခန္ဓာကိုယ်အတွင်း ပိုင်းအထိ ဓါတ်ရောင်ခြည် လှိုက်လောင်စားပြီး ကင်ဆာရောဂါ ဖြစ်သူတွေ၊ မျက်စိ ကွယ်သွားသူတွေ၊ မသန်မစွမ်း ဖြစ်သွားသူတွေ၊ ကိုယ်အရေပြား မကောင်းတဲ့ ရောဂါသည်တွေ အမြောက်အများ ပေါ်ထွက်လာခဲ့ပြီး ၊ယနေ့အချိန် အထိ အဏုမြူ ဓါတ်သင့်လို့ မျိုးဆက်အလိုက် ခံစားနေရတဲ့ ဝေဒနာသည်တွေ အများအပြား ရှိနေသေးတာကို စိတ်မကောင်းစွာ တွေ့မြင်နေရမှာ ဖြစ်သလို ၊ အဲဒီ ဝေဒနာရှင်တွေကို ဟိဘကုရှ (hibakusha) လို့ ခေါ်ပြီး၊ ဂျပန်နိုင်ငံ မြို့သစ် ပြန်လည် တည်ဆောက်တဲ့ အခါမှာ ဒီဝေဒနာရှင်တွေ အတွက် အဓိက ထည့်စဉ်းစားခဲ့တာမို့ ယနေ့ ဂျပန်နိုင်ငံရဲ့ ရထားဘူတာရုံတွေ၊ ကားဂိတ်တွေ၊ လူကူး မျဉ်းကျားတွေမှာ မျက်မမြင်တွေနဲ့ ဒုက္ခသည်တွေ အတွက် ထားပေးထားတဲ့ သင်္ကေတ လှမ်းလျှောက် အဝါရောင်တုံးလေးတွေ၊ မီးပွိုင့် ခလုပ်လေးတွေ၊ စက်လှေကား တွေနဲ့ အများသုံးအိမ်သာတွေမှာ ဒုက္ခိတတွေအတွက် သီးသန့် နေရာတွေထားရှိပေးထားတာကို ဂျပန်နိုင်ငံ တနိုင်ငံလုံးမှာ နေရာ အနှံအပြားမှာ သတိထားကြည့်ရင် တွေ့မြင်ကြရမှာပါ။

 အဏုမြုဗုံးဒဏ်ကြောင့် သူတို့ အနာဂတ်တွေ ပျောက်ကွယ်ခဲ့ရတဲ့ ဒုက္ခသည်တွေ(Hibakusha)
        စစ်သွေး စစ်မာန်တက်နေတဲ့ ဂျပန် ဖက်ဆစ်တွေဟာ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ၁၉၄၁ခုနှစ် ဒီဇင်ဘာလ၊ ၇ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ အမေရိကန် ရေတပ်အခြေစိုက် စခန်းတစ်ခုဖြစ်တဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်ဇီးရိုး တိုက်လေယာဉ်တွေက ဘုရားသခင်ရဲ့လေ (ခမိခဇေး) အမည်နဲ့ စတင် တိုက်ခိုက်ရာမှာ ပုလဲဆိပ်ကမ်း တခုလုံး ပျက်စီးသွားခဲ့ ရသလို ၊ လူ နှစ်ထောင်လေးရာနှစ်ဦး (၂၄၀၂)ဦး သေဆုံးပြီး၊ တစ်ထောင်နှစ်ရာ ရှစ်ဆယ့်နှစ်ဦး(၁၂၈၂) ဒဏ်ရာရရှိခဲ့ပြီး။ ရန်စမိတဲ့ ဂျပန်ဖက်ဆစ်ကို ၁၉၄၂ခုနှစ်၊ ဧပြီလ၊ ၁၈ရက်မှာ အမေရိကန်က ပြန်လည် လက်တုံ့ပြန်ခဲ့ရာမှာ ၊ဂျပန်နိုင်ငံရဲ့ နေရာ အနှံ့အပြားဟာ စစ်တလင်းပြင် ဖြစ်ခဲ့ရပြီး။ ဘုရင်နန်းစိုက်ရာ တိုကျိုကို မြို့ဖျက် ဗုံးဖြင့် တိုက်ခိုက်ရာမှာဘဲ ကိုးသောင်းခုနှစ်ထောင် (၉,၇၀၀၀)သော ဂျပန်ပြည်သူတွေ သေကြေ ပျက်စီးခဲ့ရပြီး ၊ တစ်သိန်း နှစ်သောင်းငါးထောင် (၁၂၅,၀၀၀)ကျော် ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ၊ အဆောက်အဦး နှစ်သိန်းရှစ်သောင်း ခြောက်ထောင်သုံးရာ ငါးဆယ်ရှစ် (၂၈၆,၃၅၈) ပျက်ဆီးခဲ့ရသလို၊ သန်းပေါင်း များစွာသော ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြရတယ်၊ စစ်သွေး စစ်မာန်ကြွနေတဲ့ ဂျပန် ဖက်ဆစ်စနစ်တွေက လက်နက်ချ အညံ့မခံခဲ့လို့ နောက်ဆုံးမှာ ဟီရိုရှိမားနဲ့ နဂစကီမြို့ နှစ်မြို့စလုံး ပြာပုံဘဝ ရောက်ခဲ့ရပြီး ဂျပန်ဘုရင် ဟိရိုဟိတို (Hirohito) က ၁၉၄၅ခုနှစ် သြဂက်စ်လ ၁၅ ရက်နေ့မှာ တရားဝင် လက်နက်ချ အညံ့ခဲ့ပြီး။ ဖက်ဆစ်စနစ်ဆိုး ဤဂျပန့်မြေမှာ အမြစ်ပြတ် သေဆုံးခဲ့ရသည်။ ၁၉၃၉ခုနှစ်၊ စက်တင်ဘာလမှ စတင်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ဟာ ၁၉၄၅ခုနှစ် စက်တင်ဘာလမှာ အဆုံးသတ်ခဲ့ပြီး။ ခြောက်နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ၊ဒုတိယ ကမ္ဘာစစ်ကြောင့် နိုင်ငံ အနှံအပြားမှာ ရှိတဲ့ ပြည်သူတွေ သေကြေ ပျက်စီးခဲ့ရတယ်၊ မိကွဲ ဖကွဲ ဘဝတွေနဲ့ အိုးမဲ့အိမ်မဲ့ ဘဝတွေ ၊ အဖြစ်ဆိုး စနစ်ဆိုးတွေရဲ့ လက်အောက်မှာ ဒုက္ခသည် ပင်လယ်ဝေလို့ အရင်းစစ်တော့လည်း ကောင်းကျိုး မရှိတာတွေကို လက်တွေ့ သင်ခန်းစာတွေ အဖြစ် သမိုင်းက ပြောနေတာကို ကြည့်ခြင်းအားဖြင့် သိမြင်ကြရမှာမို့ ယနေ့ခေတ် ယဉ်ကျေးတဲ့ လူ့ဝန်းကျင်မှာ စစ်လိုလားသူတွေ စစ်သွေးကြွ နေသူတွေအတွက် အမိုက်မှောင်တွေ ကင်းစင်လို့ အမြင်တွေမှာ အလင်းရရှိ ကြစေချင်တယ်။

ဂျပန်ဘုရင် ဟိရိုဟိတို
          ဒုတိယ ကမ္ဘာစစ်အပြီး၊ ပြာပုံဘဝ ရောက်ခဲ့တဲ ဂျပန်ဟာ ယနေ့ တိုးတက်ထွန်းကား လာတာနဲ့အမျှ၊ အတိတ်က အမှားတွေကို နောင်တရလို့ နောက် တကြိမ်မမှားဖို့ ဟီရိုရှိမားနဲ့ နဂစကီက သက်သေပြနေတာမို့၊ ဂျပန် လူမျိုးတွေဟာ စစ်ကို တော်တော်ရွံ့မုန်း ကြောက်ရွံ့သွားခဲ့ ကြသလို၊ စစ်နဲ့ပတ်သက်လို့ မေးမိရင်လည်း ယနေ့ခေတ် လူငယ်တွေက ခါးခါးသီးသီး ဖြစ်နေကြတာဟာ စစ်ရဲ့ဆိုးကျိုးကို ခံစားသိမြင်ခဲ့ ကြတာမို့လို့ ဘဲပြောရမှာ ဖြစ်ပါတယ်။ ငါတို့ အဘိုးအဖွားတွေ၊  လက်ထက်က ယောကျာင်္းမှန်ရင် စစ်ထဲဝင်ရတယ်။ ပြည်ပ ထွက်တိုက်ကြရတယ်။ ကျန်ခဲ့တဲ့ ဇနီးမယားတွေက လက်နက်ထုတ်ရာတွေမှာ ပါဝင် လုပ်ကိုင်ပေးရတယ်။ သားသမီးတွေက ပညာမသင် နိုင်ခဲ့ကြဘူ။၊ နောက်ဆုံး မိကွဲဖကွဲတွေ ဘဝနဲ့ သေကွဲ၊ ရှင်ကွဲကွဲခဲ့ရတယ်။ စစ်ဆိုတာ ဘယ်မှာလည်း ကောင်းတာ?၊ အရင်က ဂျပန်ဟာ မှားခဲ့တယ်။ အဲဒီအမှားမျိုးတွေ နောက်တကြိမ် မမှားမိစေဖို့ ငါတို့ ကျိုးစားရမယ်။ ငါတို့ အေးချမ်းမူနဲ့ နိုင်ငံတိုးတက်ရေးကိုဘဲ စိတ်ဝင်စားတယ်လို့ မိတ်ဆွေဖြစ်သူ ဂျပန်တစ်ယောက်က စကားစပ်မိလို့ ပြောပြခဲ့ဖူးတယ်။

၃နှစ်သားကလေးငယ်လေးက ပျော်ရွှင်စွာ စက်ဘီးစီးဆော့လို့ အဏုမြုဗုံးပေါက်ကွဲခံရအပြီးမှတော့ ကလေးငယ်လေးမရှိတော့ဘူး သူ့စက်ဘီးကလေးသာ(အဏုမြုဗုံးပြတိုက်တွင်ပြသထား)
        ၂၀၁၁ခုနှစ်၊ သြဂက်(စ်)လ၊ ဆိုရင် ဟီရိုရှိမား နဲ့ နဂစကီမြို့ အဏုမြုဗုံး ပေါက်ကွဲခံရတာ ၆၆  နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သြဂက်(စ်)လ ၆ရက်နေ့မှာ ဟီရိုရှိမား နဲ့ နဂစကီမြို့ အဏုမြုဗုံး ပေါက်ကွဲခံရတာ ၆၄နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်ကို ဟီရိုရှိမား ငြိမ်းချမ်းရေး အမှတ်တရပန်းခြံ လို့ခေါ်တဲ့ (heiwa kinen kōen) မှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပကြအုံးမယ်။ နှစ်စဉ် အစဉ်အလာဖြစ်တဲ့ စစ်နဲ့ နျူကလီးယား (အဏုမြု) ဆန့်ကျင်ရေး လှုပ်ရှားမူတွေကို လုပ်ဆောင်ပြီး အဏုမြုဗုံး ဒဏ်ကြောင့် သေဆုံးသွားသူတွေ အတွက် ဆုတောင်း ဝတ်ပြုမူတွေကိုလုပ်ဆောင်ရင်း ညနေဖက်မှာတော့ ဟီရိုရှိမားမြစ် အတွင်း စက္ကူ မီးပုံးလေးတွေကို မျှောလွှတ်ရင်း သေဆုံးသွားတဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းအေးစေဖို့ ဆုတောင်းမူတွေ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ပန်းခြံအတွင်းက အဏုမြုဗုံး ပြတိုက်အတွင်းမှာတော့ အဏုမြုဗုံး ကျဲချခံရစဉ်က ပုံတွေ ဗုံးကျဲခံရပြီး ကျန်ရစ်ခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ မြင်တွေ့ရမှာဖြစ်သလို ဆက်မကြည့်ဝံ့ ရဲတော့ လောက်အောင်ကို ရင်ထဲမှာ ဆို့နင့်နေတဲ့ ခံစားမူတွေကို ပြတိုက်လာသူတိုင်း ခံစားကြရမှာပါ ။

ဒီတမင်းဗူး ပိုင်ရှင်လေး ဘယ်ရောက်သွားလည်း( ပြတိုက်အတွင်းပြသထားသည်)
             စာရေးသူ လွန်ခဲ့တဲ့ နှစ်တွေက ရောက်ရှိခဲ့စဉ်က ပြတိုက်အတွင်း တွေ့ဆုံခဲ့ရတဲ့ အသက်၈၀ကျော် အဘိုးအိုရဲ့ ပုံရိပ်ကို ပြန်မြင်ယောင်ရင်း သူပြောခဲ့တဲ့ စကားတွေကို အမှတ်ရနေမိတယ်။” စစ်အတွင်းက ဂျပန်စစ်တပ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အဖိုးအို ကဟီရိုရှိးမား ကို အဏုမြုဗုံး ကြဲချလိုက်တဲ့ အချိန်မှာ အဲဒီမြို့အနီးမှာ ငါတို့ စစ်သင်တန်း တက်နေတဲ့အချိန် ကောင်းကင်က မီးခိုးလုံးကြီးတွေ လိပ်တက် လာနေတာ မြင်နေရတယ်၊ အားလုံး သေကြေ ပျက်စီးခဲ့ရတယ် သုံးရက်လောက် မျက်စီက ဘာမှမမြင်ရဘူး၊ အကန်းလိုဘဲ ဖြစ်ခဲ့ရတယ်၊ ငါ့ အမျိုးသမီးနဲ့ ၅နှစ်အရွယ် လူမမယ်သမီးလေးတို့ စစ်အတွင်းမှာ သေဆုံးခဲ့ရတယ်၊ စစ်ဆိုတာကို မုန်းသွားခဲ့တယ် ဒါကြောင့် စစ်ပြီးတော့ လယ်ယာဘဲ လုပ်စားပြီး ဘဝကိုအေးချမ်းစွာ တည်ဆောက်ချင်ခဲ့တယ်၊ အဘိုးအိုရဲ့ မျက်ဝန်းတွေက ဟိုး အဝေးဆီကို မျော်ငေးကြည့်ရင်း မျက်ဝန်းအိမ်က မျက်ရည်စတွေနဲ့ စိုစွတ်နေတယ် လေ။

အဏုမြုဗုံးဒဏ်ကြောင့် သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲနှစ်ပတ်လည် အခမ်းအနား(heiwa kinenပန်းခြံ ) အဲဒီပန်းခြံအတွင်းမှာ သေဆုံးသူတွေရဲ့ အရိုးတွေက မြောက်များစွာရှိနေသေးတယ်
           ယနေ့ ဂျပန်ဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်နေရတာကို ခံနေရတာနဲ့ ပတ်သက်လို့ ဂျပန်ဟာ စိုးရိမ်ထိတ်လန့်မှု ကြီးနေတာတွေဟာ တခါသေဖူး ပျဉ်းဖိုး နားလည်ဆိုသလို စစ်ကို မလိုလားဘဲ နိုင်ငံ တိုးတက်ရေးကိုဘဲ လုပ်ဆောင်ချင်တာ အားလုံးရဲ့ ဆန္ဒဖြစ်နေတာမို့ ညူကလီယာ လက်နက် ပိုင်ဆိုင်နေကြတဲ့ နိုင်ငံတွေ ညူကလီယာ လက်နက်ကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေရဲ့ ကျိုးစားနေမူတွေဟာ မိမိအတ္တ အကျိုးတွေအတွက် ပြည်သူတွေရဲ့ အသက်စည်းစိမ်ဥစ္စာ မြောက်များစွာ ဆုံးရှုံးရမယ့်အရေး မျှော်ကိုးလို့သာ တွေးတော ကြစေချင်သလို သာယာလှပ ငြိမ်းချမ်းစိမ်းလန်းနေတဲ့ ကမ္ဘာမြေ ငြိမ်းချမ်းရေး အတွက် ညူကလီယာနဲ့ အဏုမြူလက်နက်ထုတ်လုပ်နေကြတာကို ဒီကမ္ဘာမြေက ပပျောက်စေဖို့ စစ်ဝါဒီစနစ်ဆိုး အမြစ်ပျက် ပျက်သုန်းစေဖို့ ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ လူအယောက်စီတိုင်းက ဆန့်ကျင် ကန့်ကွက်ကြပါလို့သာ တိုက်တွန်း လိုက်ပါရစေ.....။

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ကမာနီလာ

      ယခု ဆောင်းပါးဟာ ၂၀၀၉ခုနှစ်သြဂတ်စ်လ၊ ၆ရက်နေ့ထုတ် Popular NEWS ဂျာနယ်No 27 Vol 1 မှာ " ကမ္ဘာမြေငြိမ်းချမ်းပါစေ" ဆောင်းပါးခေါင်းစဉ်ဖြင့် ဖော်ပြခံရ ပြီးဖြစ်ပါသည်။ 
ဝန်ခံချက်။ ၊ ဓာတ်ပုံတချို့ဟာ အင်တာနက်က ရယူထားတာဖြစ်ပါတယ်။
ကိုးကား။ ။ ja.wikipedia.org , BBC NEWS, NHK JapanNEWESနှင့် "ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် " ,စာအုပ်တချို့မှ ထုတ်နှုတ်ကိုးကားသည်။


Twitter Delicious Facebook Digg Stumbleupon Favorites More