ကံမကုန်ရင် ….. ပြန်ဆုံချင်တယ်

Photobucket
 
တိမ်ရောင်စုံဖြာ
ဆည်းဆာညနေခင်း
အကျည်းတန်ချစ်သူများလှချိန်
အိမ်အိုပြူတင်းပေါက်က
မျှော်သူ တယောက်ရဲ့ ရင်ထဲ
အလွမ်းတွေ စီးဆင်းနေဆဲလေ ….။

ခေတ်တွေ ရှင်သန်ပုံက
မပေါက်ကွဲသေးတဲ့ မီးတောင်တခုလို
သောက ချော်ရည်ပူများ
ထွက်ပေါက်ကိုရှာ
ကျိန်စာမိထားတဲ့ လောကဓံခမျာ
ကားစင်ထက်မှာ
နှလုံးသား ဟောက်ပက်နဲ့  ….။

ပေးဆပ်ခြင်းဆိုတာ ဘာလဲ
ရယူခြင်းကရော
ပိုင်ဆိုင်ခြင်း လွတ်လပ်ခြင်းများ
တရားမျှတမှု တိုက်ပွဲများကြားမှာ
ပျော်ခြင်း မပျော်ခြင်းများ
နေတတ်ခြင်းနဲ့  အသားကျအောင်ကြိုးစား …..။

တောင်စွယ်မှာ နေကွယ်ရင်
ရွှေဓါးဆွဲလို့ ပဲသတ်သတ်
ကွမ်းတရာ ရေတမှုတ်နဲ့ 
လှည့်ဖျားတဲ့ သူလို့ ပဲ ဆိုဆို
သံသရာဝဋ်ကြွေး အသက်ပင် ပေးပါရစေ
ကံမကုန်ရင် ဒီဘ၀မှာ ပြန်ဆုံချင်သေးတယ် ….။

ဒီလိုနဲ့  … အိမ်အိုပြူတင်းပေါက်က
မျှော်သူရဲ့ ရင်ထဲ
အလွမ်းတွေ စီးဆင်းဆဲလေ ….။

ရဲရင့်သက်ဇွဲ  ၁၁ ၀၁ ၂၀၁၁

ဓာတ်ပုံ   ကိုသက်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More