နာကျင်အချိန်ပို

 

ယော်…ဒီသူငယ် ခက်ချေပြီ။ နှုတ်မှ တီးတိုးထုတ်ဖေါ် ရေရွတ်မိသွားသည်အထိ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီ။ သူတပါး အိမ်ရှေ့ဆီ စုန်ချည်၊ ဆန်ချည် ဖြတ်လျှောက်ကာ အိမ်အတွင်းထဲအထိ သိသာစွာစောင်းငဲ့ အကဲခတ်လာပုံက ရိုင်းပြလွန်းနေပြီ။ ပြီး.. တစ်ခေါက်၊ နှစ်ခေါက်မျှလည်း မကတော့…။

ပထမဆုံးတစ်ကြိမ်မှာ ကတည်းက သင်းပုံစံက သိပ်သိသာလွန်းလှတာမို့ သတိပြုသွားခဲ့ရတာ ဖြစ်သည်။ စဦး တစ်ကြိမ်တုန်းကတော့ အသိမိတ်ဆွေအိမ် ရှာဖွေရင်း မျက်စေ့လည်နေသော ရပ်ဝေးသူစိမ်း တစ်ယောက်ဟု ထင်ခဲ့မိသေးသည်။ ပုံပန်းသဏ္ဍန်နှင့် မျက်နှာက စိမ်းသစ်နေတာမို့ ကိုယ့်အိမ်ရှာသော ဧည့်သည်တော့လည်း မဟုတ်တန်ရာ။

ဘာပဲဖြစ်ဖြစ် ခမျာ..ရွာလည်နေတာဆိုလျှင် အိမ်ထဲထိ လှမ်းဝင်လာကာ စကားဖွယ်ရာ မေးမြန်းပါတော့လား။ ဒုတိယတစ်ခေါက် ပြန်လှည့်၊ ဖြတ်လျှောက်ပြန်လျှင်တော့ မနေနိုင်တော့စွာ အိမ်ရှေ့ဧည့်ခန်းဆီ ပေါ်ပေါ်ထင်ထင် ထွက်ထိုင်နေပြလိုက်တော့သည်။ အိမ်ထဲဆီလည်ပြန်ငေးရင်း သူငယ်လေး ဖြတ်ကျော်လွန်သွားရာနောက် အကြည့်တွေ ကပ်ပါသွားခဲ့ရာမှ သူ..စိတ်ညစ်၊ စိတ်ရှုပ်သွားရတော့တာဖြစ်ပါသည်။

အလိုလေး…။ သင်းဟာ ဟိုအိမ်က ဧည့်သည်ပါလား။

လွန်ခဲ့သောညက မြစ်ရေသည် ပုံမှန်ထက် ပိုကဲခဲ့လေသည်။ ညသန်းခေါင် ရေပြည့်ချိန်တွင် အိမ်ရှေ့လမ်းမပေါ် မှာ ခြေခြင်းဝပ်အထိ ရေလွှမ်းသွားခဲ့သည်။

နာဂစ်ကာလ လွန်ပြီးကတည်းက ဒီရေတက်တာ ပထမဆုံးအကြိမ်လည်းဖြစ်၊ ညကြီးအချိန်မတော်လည်း ဖြစ်နေပြန်တာကြောင့် တစ်လမ်းလုံးရှိ အိမ်တိုင်းစေ့မှာ စိုးတထိတ်ထိတ် နိုးကြားနေကြပါသည်။

အဲသည်ညကတည်းက ရေလွှမ်းလမ်းမပေါ်မှာ တစွက်စွက် ၊တဗွမ်းဗွမ်း နင်းလျှောက်ကာ ၀င်လာ၊ ထွက်သွား ဧည့်သည်များဖြင့် ပျားပမ်းခပ်နေသော ထိုအိမ်ကလေးကို တစ်လမ်းလုံးက သတိပြု၊ အကဲခပ်နေခဲ့ကြသည်။



ဒီရေ သည့်ထက် ထပ်တိုးလာခဲ့လျှင်တော့ သဘာဝဘေးအန္တရာယ်နှင့်အတူ အခွင့်အခါကောင်းကို ချောင်းမြောင်းစောင့်ဆိုင်းနေသော တောကြောင်များ၏ ရန်ကိုလည်း ပူပန်ရဦးတော့မည်။

ကံကောင်းထောက်မစွာ ရေပြန်ကျလေမှ သက်ပြင်းချနိုင်ခဲ့ကြတော့သည်။

နံနက်လင်းလျှင်တော့ အိမ်ကလေးမှ ဧည့်သည်တော်များ ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်ကုန်ကြပြီ မသိ။

ဟော…ခု နေ့လည်ကျမှ လက်ကျန်ဧည့်သည်တစ်ယောက်က နေ့လည်ကြောင်တောင် ကိုယ်ထင်ပြလာခဲ့ပြီ။

အိမ်ကလေး၏ မူလအိမ်ရှင်ကတော့ သူတို့နှင့် ရပ်ဆွေရပ်မျိုးတွေဆိုလျှင်မမှား။ သားသမီးတွေ အတောင်အလက်စုံကာ အသီးသီး၊အသက ပျံထွက်သွားကြပြီမို့ စလယ်ဝင်အိုးတစ်လုံးနှင့် လင်ကိုယ်မယားနှစ်သား ငေါင်းစင်းစင်း၊ သို့ပေမယ့် အေးအေးချမ်းချမ်းပင်။

တမြန်နှစ်ကမှ အမျိုးသမီးက ကောက်ကာငင်ကာ ဆုံးပါးသွားခဲ့လေသည်။ အသက်ခြောက်ဆယ်နားနီး အဖိုးအိုပေါက်စတစ်ယောက် မည်သည့်သား၊သမီးနောက် လိုက်ပါသွားလေမှာလဲ။

ဒါပေမယ့် မည်သည့်သား၊ သမီးကမှ ဖခင်အိုကို ကမ်းလင့်မလာခဲ့သလို၊ အဖိုးအို မုဆိုးဖိုကြီးကလည်း ချစ်ဇနီးခေါင်းချခဲ့ရာ အိမ်အိုကလေးမှ တဖ၀ါးမျှ ခွဲခွာသွားမည့်ဟန် ပြမလာခဲ့ပေ။

မိခင် ရက်လည်အပြီး သားသမီးတွေက ဖခင်အား နှုတ်ဆက်ကန်တော့ကြလျှင်တော့ သမီးထွေးလေးတစ်ယေက်က ဖယ်ချန်၊ ကျန်နေရစ်ပါသည်။ သူမတစ်ယောက်တော့ ဖခင်ကြီးနှင့် အဖော်အလှော်အဖြစ် အနီးကပ်နေပေး၊ ပြုစုလုပ်ကျွေးပေလိမ့်မည်။

ဒါပေမယ့် ကလေးမ၏ ခင်ပွန်းကတော့ ရုတ်တရက် ရောက်မလာနိုင်ရှာသေးပါတဲ့။ တစ်လ တစ်ခါလောက်၊ ငွေးကြေးစားရိတ်၊ စားဖွယ်စုံလင်ဖြင့် ကလေးမတစ်ယောက် အိမ်ကထွက်လေမှ သင်းကလေးက စာရိတ္တချစားသူအဖြစ် နံရံနောက်ဖက်မှာ အပြစ်ပေး၊ ကုစားခံနေခဲ့ရတာ ရိပ်မိနားလည်ရတော့သည်။

သို့ပေမယ့် ဘာမျှမကြာလိုက်ခင်မှာပင် ကလေးမ၏ ပုဂ္ဂိုလ်လေး ပြည်တော်ပြန်ဝင် လာခဲ့ပါသည်။ အိမ်ကလေးမှာ အလီဘာဘာ ဧည့်သည်အရွယ်စုံတို့ဖြင့် လူဝင်လူထွက် ခပ်စိတ်စိတ်၊ ရှုပ်ထွေးလာခဲ့ပြီ။

ဘယ်အချိန်၊ ဘာသတင်းကြားရလေမလဲဟု ပတ်ဝန်းကျင်က ရင်မနေခဲ့ကြသော်လည်း ကလေးမကတော့ ရောက်စကထက် တစ်နေ့တခြား အရောင်အ၀ါ ပြိုးပျက်လာတော့ကာ သာယာနေပြန်ပေါ့။

ခုတော့ သူတို့၏ ဧည့်သည်လေးက မိမိ၏ နေအိမ်ကို အထဲဝင်၊ အပြင်ထွက် မျက်စေ့ကစားနေပြီ။အနှစ် နှစ်ယ်ခန့်လောက် စာသင်ခန်းထဲမှာ ကျင်လည်ဝဲလှည့်နေလာခဲ့သော မူလတန်းပြ ကျောင်းဆရာတစ်ယောက်ရဲ့အိမ်မှာ စာရိတ္တနှင့် လဲလှယ်ယူချင်စရာ အဖိုးတန်းတစုံတရာ ရှိနေလိမ့်မည်ဟု များ သင်းက တွေးထင်ထားလေသလား။ စိတ်ညစ်၊စိတ်ရှုပ်နေလျှက်ကပင် သူ…ပြုံးချင်မိသေးတော့သည်။

သူ…အိမ်ရှေ့မြေကွက်လပ်ဆီ မသိမသာ လှမ်းထွက်လာခဲ့လိုက်သည်။ မြေကွက်လပ်တစ်နေရာ၊ ကွပ်ပစ်ကလေးမှ လှမ်းကြည့်လျှင် ဟိုအိမ်ကလေးကို လှမ်းမြင်ရပြီလေ။

သူတို့၏ အိမ်အတွင်းထဲအထိတော့ မမြင်ရ။ အိမ်ဝိုင်းနှစ်ဝိုင်းက မျက်စောင်းထိုး၊ ဓါးလွယ်ခုတ် အနေအထားမို့ ဝေးလှမ်းလှတာတော့မဟုတ်။

ခဏမျှအကြာတွင် ဟိုဧည့်သည် ငတက်ပြားကလေး အိမ်ထဲမှ ယောင်လည်လည် ပြန်ထွက်လာပြန်သည်။ ပြီး အိမ်ရှေ့ခြံထောင့်ရှိ ကွပ်ပစ်ကလေးမှာ အေးဆေးစွာ ထိုင်ချလိုက်ပြန်တော့သည်။

အတင့်ရဲလှသော သူငယ်ပေပဲ။

သူတို့နှစ်ဦး ထိုင်နေကြသော ကွပ်ပစ်နှစ်ခု၏ အကွာအဝေးက ၀ါးတစ်ရိုက်ခန့် သာသာမျှသာ ဝေးတော့သည်။ အံမယ်…သူကပင် တစ်လှည့်တစ်ပြန် လူကို အကဲခပ်နေပြန်သေးတော့။

ကွယ်ရာတွင် အပြစ်လုပ်လာခဲ့ပြီး ကိုယ့်ရှေ့ရောက်မှ ရိုးသားသယောင် ဖြောင့်ကွယ်ချင်သော သူ့ကျောင်းသားတွေကို ကြည့်နေကျ အကြည့်မျိုးဖြင့် ပြန်စိုက်ကြည့်ပေးလိုက်သည်။

အသက်က အစိတ်ဝန်းကျင်ဟု ခန့်မှန်းရသည်။ သည့်ထက်လည်း ငယ်နိုင်သေးသည်ပင်။ ရှိရင်းစွဲအသက်ထက် ရင့်ယော် အိုစာနေသည့် ပုံပါပင်။ နေလောင် အသားညိုညစ်ညစ်၊ နှုတ်ခမ်းကမဲပြာနှမ်းလျှက် ဆီဝေးသောဆံပင် နီကျင်ခြောက်သယောင်းတို့ကြောင့် လူပုံဟန်က နွမ်းညစ်ညှင်းသိုးနေသည်။ အထူးသဖြင့် ရီဝေေ၀၊ ကြောင်စီစီ မျက်ဝန်းမှိန်ဖျော့ဖျော့တွေက မနှစ်မြို့၊ မသင်္ကာချင်စရာ။ ဟေး…မင်း ဘယ်လိုလူလဲဆိုတာ ငါသိနေတယ်ကွ။

ဟင်ခနဲ သူ…အံ့သြ တုန်လှုပ်သွားရပါသည်။ သူကောင်းသားလေးက အကြည့်တွေ ဖျတ်ခနဲသိမ်းလျှက် ခေါင်းငုံ့၊မျက်လွှာချပစ်လိုက်ကာ လက်နှစ်ဖက်ကို ရှေ့မှာ ယှက်ချလျက် ပခုံးတွေပင် ကျုံ့ဝင်သွားတော့သလို။

ဘုရားရေ…။ အဲဒီအပြုအမူမျိုးဟာ သူ့အဖို့တော့ သူ့ကျောင်းသားတွေထံမှာသာ တွေ့ရလေ့ရှိတတ်တာ။

သူ…ထိတ်လန့်တကြား၊ စူးစိုက်လျှက် တစ်ချက်ပြန်ကြည့်လိုက်မိတော့ ဦးခေါင်းငုံ့လျှက် ပုံစံမပျက်မှ ဖျတ်ခနဲ မျက်လွှာလှန်ကြည့်လိုက်သော အကြည့်ခိုးတစ်စုံနှင့် ဒိုင်းခနဲဆုံသွားသည်။

ဘုရား…။သူ..ဒုတိယ အကြိမ် ဘုရားတမိပြန်ကာ စိတ်ကတော့ အတိတ်စာမျက်နှာများစွာဆီ အထိတ်တလန့် ၊ အလျှင်စလို လှန်လှောတိုက်ဆိုင်နေမိတော့ပြီ။

သူ၏ ဆရာဘ၀ အစ ပြုခဲ့ရာ ပြာမလော့မြစ် နံဘေးက တံငါရွာတန်းရှည်ကလေး…။ ပြီးတော့… ဓနိမိုး၊ ၀ါးထရံကာ မြေစိုက် မူလတန်းကျောင်းကလေး…။

ဟင်းအင်း…။ မင်း..အဲလိုမဖြစ်ရဘူး ကလေးရယ်။

ရင်ထဲမှာတဆစ်ဆစ် ခံခက်နာကျင်လာတော့သလို တလှိုက်လှိုက် ဆို့နစ်ပြိုကွဲချင်နေပြီ။

ဦးခေါင်းတွေကို မော့လှန်ကာ မျက်လုံးတွေကို ဖိမှိတ်ချလိုက်သည်။

အာရုံထဲမှာ ကျောင်းတက်ရန်ငြင်းဆန်နေသော မျက်ရည်အလိမ်းလိမ်းနှင့် ဂျစ်ကန်ကန် ကောင်ကလေးတစ်ယောက်။

“သားမှ ၀လုံးမရေးတတ်ပဲ”

“ဆရာ သင်ပေးမယ်လေ..”

“ဟင့်အင်း…ရေးချင်ဘူး”

“သား..မရေးချင်သေးရင်နေလေ။ လာ…ဆရာ အရုပ်ဆွဲပြမယ်”

“ဟင့်အင်း…”

“ကဲ..ကျောင်းသားကြီးတွေထဲက တစ်ယောက်လောက် ခဏလာစမ်းကွာ။ ကျောင်းဝန်းထောင့် ဓနိတောစပ်မှာ ဓနိရွက် သွားဖဲ့ခဲ့။ သူငယ်တန်းတွေကို ဆရာ…မြွေရုပ်လုပ်ပေးမလို့။ ကဲ…ဘယ်သူတွေ အရုပ်ယူကြမလဲဟေ့”

အတန်းဖော်အားလုံး လက်ကလေးတွေ ပြိုင်တူမြောက်တက်လာကြတာမြင်လျှင် ရှုတည်တည်ရုပ်နှင့် မော့ကြည့်လာသည်။

“သားရော…မြွေရုပ်ယူမှာလား။ ဖားရုပ်တို့၊ ငှက်ရုပ်တို့လိုချင်ရင်လည်း ရမယ်”

ခေါင်းညိတ်ပြသည်။

“သား…မြွေရုပ်ပဲ ယူမှာလား”

“အင်း..”

“ဟုတ်ကဲ့ လို့ပြော”

“ဟုတ်…ကဲ့”

သူ..မျက်လုံးပြန်အဖွင့်မှာ သူ့ထံစူးစမ်းငံ့လင့်နေလျှက်သား မျက်ဝန်းမှိန်ဝေေ၀တစ်စု့နှင့် ပက်ပင်းတိုးမိသည်။

သင်းရဲ့ နှုတ်ခမ်းပြာနက်၊ သွေ့ခြောက်ခြောက်တွေက စကားတစုံတရာ ဆိုလာတော့မည်ဟန်နှင့်။

“ဆရာ..ကျွန်တော့်ကို မှတ်မိပါသလား ခင်ဗျာ…”

..ဟု မေးနေသယောင် စိတ်ကထင်လာသည်။

ဒါပေမယ့် သူ့မျက်လုံးတွေက သိမ်ငယ်စွာ နူးညံ့နေပြန်သည်။ ခွင့်လွှတ်ပါဆရာ ဟု မင်း…တောင်းပန်ချင်နေတာလားကလေး။

သူ..စိတ်မှတ်မထင် လှစ်ခနဲ ပြုံးပြလိုက်မိသလား။

မ၀ံ့တ၀ံ့၊ ပြုံးလွန့်လာသော တဖက်က နှုတ်ခမ်းတစ်စု့သည်လည်း တလှုပ်လှုပ်…။

“ဆရာ….”
သူ့နှုတ်က အသံထွက်ပေါ်မလာခဲ့သော်ငြား ဒီမှာဘက် နှလုံးသားတစ်စုံကတော့ တိတိပပ ကြားဖြစ်အောင် ကြားလိုက်နိုင်လေသည်။   

သတိုး

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More