ဓာတ်ပုံအကြောင်း တစေ့တစောင်း - (၁)

Photobucket
    ဓာတ်ပုံရိုက်ဖို့ ၀ါသနာပါရင် ကိုယ်ရိုက်ကူးအသုံးပြုမယ့် ကင်မရာအကြောင်းကို ကောင်းကောင်း သိသင့်ပါ တယ်။ ကိုယ့်ကင်မရာကို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်ရမှာ ဖြစ်ပါတယ်။ ခလုတ်ကို အော်တိုမှာထားပြီး ပုံထွက် အောင် ရိုက်တတ်ရုံမျှနဲ့ မလုံလောက်ပါဘူး။ အော်တိုခလုတ်လေးကလဲ သူလုပ်ပေးနိုင်သမျှကိုပဲ ကိုယ်ကကျေနပ် လက်ခံရတဲ့ အနေအထားဖြစ်လို့ ကိုယ့်ဝါသနာအလျှောက် အတွေးသစ် အမြင်သစ်တွေနဲ့ တီထွင်ဆန်းသစ် ရိုက် ကူးဖို့အတွက်မှာ အကူအညီ သိပ်မပေးနိုင်တော့ပါဘူး။

     ဘယ်ကင်မရာ အမျိုးအစားကို သုံးပြီးတော့ပဲ ဓာတ်ပုံရိုက် ရိုက်ပါ။ အဓိက ကတော့ the man behind the camera က သိပ်အရေးကြီးပါတယ်။ ကျနော်တက်နေတဲ့ ကျောင်းမှာလဲ ကျောင်းသူကျောင်းသားတွေ အချင်းချင်း ငြင်းခုံနေကြတာရှိတယ်။ အဲဒါက ဘယ်ကင်မရာ အမျိုးစားကို အသုံးပြုတယ်ဆိုတာပါပဲ။ ကင်နွန်ကောင်းတယ်။ နိုက်ကွန်ကောင်းတယ်၊ ဆိုနီကောင်းတယ် ဆိုတာထက် ကင်မရာရဲ့နောက်မှာ အနုပညာရှုထောင့်ကနေ ကြည့်ရှု ဆုံးဖြတ်ပြီး ဓာတ်ပုံရိုက်တဲ့ ခလုတ်ကို နှိပ်တဲ့လူက ပိုအရေးကြီးပါတယ်။ အဲဒီတော့ဗျာ ကိုယ်က ဘယ်ကင်မရာကို ပဲ ကိုင်ကိုင်ပါ၊ ကိုယ့်ကင်မရာကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။

     စကားစပ်မိသွားလို့ ဟာသဖြစ်ခဲ့ပုံလေး ပြောဦးမယ်။ အဲဒီတုန်းက ဆရာက သူ့ကျောင်းသားဖြစ်တဲ့ ကျနော်တို့ ကို အိမ်စာပေးတယ်။ အဲဒီအိမ်စာက နှစ်ပတ်စာအတွက် သတ်မှတ်ချက်တခုပေါ့ဗျာ။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တခု ကို ရွေးချယ်ပြီး အဲဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းကို လက်တွေ့ဓာတ်ပုံ ရိုက်ပြပြီး အားလုံးရဲ့ရှေ့အတန်းထဲမှာ တင်ပြ ရတယ်။ ခက်ခဲတာပေါ့ဗျာ၊ ဘယ်တတ်နိုင်မလဲလေ၊ ကိုယ်က ဒါကို ၀ါသနာပါနေတာကိုးဗျ။

     ဒီတော့ကျနော်က Beyond Rangoon ကို ရွေးလိုက်တယ်။ ဆရာက ဒီကားထဲက ဇာတ်ဝင်ခန်းကို ကျနော်အ နေနဲ့ ဘယ်လိုဘယ်ပုံ ရိုက်မယ်ဆိုတာ ရှင်းပြတာကို သူလက်ခံ ကျေနပ်တယ်။ တကယ်တမ်း ရိုက်ကြည့်တော့ မ လွယ်ဘူးဗျ။ မလွယ်တာက ဒီဇာတ်ကားထဲက မင်းသမီး ၀တ်တဲ့မြန်မအ၀တ်အစားကို ကွက်တိရအောင် လိုက်ရှာ ဖို့ သိပ်ခက်သွားတယ်။ ဒီတော့ ဆရာနဲ့ပြန်ဆွေးနွေးပြီးတော့ Million Dollar Baby ဇာတ်ကားထဲက အထက်ပါ ဇာတ်ဝင်ခန်းက ပုံတွေကို ရိုက်ဖို့ မော်ဒယ်ငှါး လက်ဝှေ့ကြိုးဝိုင်းထဲသွားပြီး ကျနော် ဓာတ်ပုံရိုက်ယူခဲ့တယ်။ မတတ် နိုင်ဘူးလေ။ လှလှပပ ၀တ်လာတဲ့ မော်ဒယ်ကိုပဲ မနိုင်မနင်း တယောက်တည်း လုပ်နေတဲ့အလုပ်တွေကို သူ့ကိုပါ အကူအညီတောင်းရတော့တယ်။ မော်ဒယ်မိန်းခလေးကလဲ ရိုက်နေကြဖြစ်တဲ့ မော်ဒယ်စတိုင်တွေထုတ်ပြီး ရိုက် မယ်ထင်လို့ လှတပတတွေ ၀တ်စားလာတာ ဇာတ်ကြမ်းခန်းကို ကျနော်ရိုက်ချလိုက်တော့ သူ့ခမျာလဲ အတော်ပဲ စိတ်ကသိ ကအောက်ဖြစ်သွားရတယ်။ ပုံမှာပါတဲ့ သူ့မျက်နှာကိုသာ ကြည့်ပါတော့ဗျာ။
  ပြောချင်တာက မရောက်သေးဘူးဗျ။ ဒါနဲ့ ရိုက်လာတဲ့ ဓာတ်ပုံတွေကို အတန်းထဲမှာ ဘယ်လိုရိုက်ခဲ့တယ် ဘယ် မှာ သွားရိုက်တယ်၊ မော်ဒယ် ဘယ်လိုရှာတယ်။ လက်ဝှေ့ကြိုးဝိုင်းပိုင်ရှင်နဲ့ ဓာတ်ပုံရိုက်ခွင့်ရဖို့ ဘယ်လိုညှိ ယူရတယ်၊ အနုပညာရှုထောင့်က ဘာကို အသားပေး ရိုက်ခဲ့တယ် ဆိုတာတွေကို ကျနော်က ရှင်းပြနေတုန်း ဒါကို နား ထောင်နေတဲ့ ကျောင်းသားအုပ်ထဲမှာ ရုရှားက ကျောင်းသူနဲ့ အမေရိကန်ကျောင်းသားတဦးတို့ ငြင်းခုံနေကြတယ်လေ။ ဒီဓာတ်ပုံကို ဓာတ်ပုံကျောင်းသား ဖြစ်တဲ့ ကျနော်က ဘယ်ကင်မရာ အမျိုးအစားနဲ့ ရိုက်ခဲ့တယ်ဆိုတာပေါ့ဗျာ။ သူတို့ငြင်းခုံနေတာက ဇာတ်လမ်း မပြတ်တော့ ဆရာ့ထံ အဆုံးအဖြတ်ပေးဖို့ ရောက်သွားတယ်။ ဆရာက ကျနော့် ဖက်လှည့်ပြီး မင်း ဘာကင်မရာနဲ့ ရိုက်တာလဲမေးတော့ “ကန်နွန်” လို့ ပြောတော့မှ သူတို့အငြင်းအခုံရပ်သွားတယ် ဗျာ။ ငါ မပြောဘူးလား၊ ဒီလောက် ပြတ်သားနေတဲ့ပုံဟာ ကန်နွန်ပါဆိုနေမှ ဆိုတဲ့အကြည့်နဲ့ ငြင်းခုံသူတယောက် က အခြားတယောက်ကို အနိုင်ပိုင်းတဲ့ မျက်နှာထားနဲ့ ပြုံးကြည့်နေလေရဲ့။ တကယ်တော့ ကင်မရာတွေထက် ရိုက် တဲ့လူကသာ ပိုအရေးကြီးကြောင်းကို ပြောချင်တာပါ။ 
   ဓာတ်ပုံရိုက်ဖို့အတွက် ကင်မရာမှာပါတဲ့ ခလုတ်များစွာတွေထဲမှာ ရွေးစရာများစွာရှိပါတယ်။ လွယ်လွယ်ရိုက် ချင်သူများအတွက် A (Auto) ခလုတ်ပါသလို လျင်မြန်လွန်းတဲ့ အရှိန်နဲ့ ပြေးလွှာနေတာတွေကို ရပ်တန့်သွားစေဖို့ ရိုက်တဲ့ Tv (time value) ခလုတ်လဲပါတယ်။ မြန်နေတဲ့အရာတွေကို ရိုက်တဲ့အခါမှာ အတိုတောင်းဆုံး အမြန်ဆုံး Shutter Speed နဲ့ ရိုက်ဖို့ ထားတဲ့ခလုပ်ပါ။ Av (aperture value) ကတော့ နောက်ခံကို ၀ိုးဝါးစေပြီး ကိုယ်ရိုက်ချ င်တဲ့အရာကို ပြတ်သားအောင် ရိုက်တဲ့အခါတွေမှာ သုံးပါတယ်။ အပါချာနံပါတ် အသေး အကြီးအလိုက် နောက်ခံ က၀ါးပြီး ရှေ့ပိုင်းက ပြတ်သားတာ၊ အားလုံးပြတ်သားတာတွေကို ပြောင်းယူလို့ရပါတယ်။ ဒါတွေကို စာတွေ့ထက် လက်တွေ့ ကိုယ်တိုင်လုပ်ကြည့်ရင် ပိုပြီးသဘောပေါက် နားလည်လာမှာဖြစ်ပါတယ်။

     P ( program) မှာ ထားရိုက်ရင် အော်တိုခလုတ်လိုပဲ အရောင်အလင်းနဲ့ ကြည်လင်ပြတ်သားမှုတွေကို အလို အလျှောက် ဖန်တီးပေးထားတာဖြစ်ပါတယ်။ အခြားခလုတ်တွေနဲ့ ရိုက်ဖို့ ဓာတ်ပုံအကြောင်းကို သိပ်နားမလည်သူ တွေအနေနဲ့ ပရိုဂရမ်ခလုတ်ကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ကင်မရာကို ချိန်ဆဖို့ပြင်ဆင်ထားဖို့ အချိန်မရ တဲ့ ဓာတ်ပုံဆရာတွေလဲ အရေးတကြီးကိစ္စတွေ လွတ်ထွက်မသွားချင်ရင် ပရိုဂရမ်ခလုတ်ကိုပဲ သုံးပါတယ်။ တချို့ အရာတွေက ကင်မရာကို တည်ပြီးချိန်ဆ ရိုက်ယူဖို့ အခြေအနေ မပေးဘူး မဟုတ်လား။

     M က (manual) ကိုယ့်ဘာသာ ချိန်ဆယူပြီး ရိုက်ရတဲ့ ခလုတ်ဖြစ်ပါတယ်။ အများအားဖြင့် ဓာတ်ပုံဆရာများ ဒီခလုတ်ကို သုံးပြီး ဓာတ်ပုံကို ရိုက်လေ့ရှိပါတယ်။ မန်ညုရယ်နဲ့ မရိုက်ဘူးဆိုရင် ဒီဓာတ်ပုံဆရာ ဓာတ်ပုံမှ ကောင်း ကောင်း ရိုက်တတ်ပါ့မလားလို့ အထင်သေးတဲ့ သဘော ရှိတတ်ပါတယ်။ ဒီခလုတ်ကို အသုံးပြုပြီး ဓာတ်ပုံရိုက်ဖို့ က အလွန်ခက်ပါတယ်။ ခက်ရခြင်းအကြောင်းကတော့ အလင်းအမှောင် အနီးအဝေး ပြတ်သားမှုတွေကို အတိ ကျဆုံး အမှန်ကန်ဆုံးဖြစ်အောင် မိမိအတတ်ပညာနဲ့ ချိန်ဆတိုင်းထွာ ဆင်ခြင်၍ ရိုက်ခြင်းဖြစ်လို့ပါ။ မန်ညုရယ်နဲ့ ရိုက်မယ်ဆိုရင် shutter speed, aperture numbers နဲ့ ISO တို့ကို သုံးခုမျှအောင် ပေးရမှာဖြစ်ပါတယ်။ အဲဒါက တကယ် မလွယ်တဲ့ကိစ္စပါ။ စိတ်ရှည်ရှည်နဲ့လက်တွေ့စာတွေ့ နှစ်ခုစလုံး လေ့ကျင့်ပါမှ တတ်မြောက်မှာဖြစ်ပါတယ်။

     ပြောဖို့ကျန်သွားတာက ISO ဖြစ်ပါတယ်။  ISO (International Organization of Standardization) နဲ့ ASA (American Standards Association) တွေက ဖလင်ရဲ့ အမြန်နှုံးကို standard ဖြစ်ဖို့ ဆိုလိုတာပါ။ ISO ရဲ့ အရှင်းဆုံးအဓိပ္ပါယ်ကတော့ အလင်းအားနည်းနေနဲ့ indoor နဲ့ ညနေပိုင်း၊ နံနက်ပိုင်း outdoor အလင်းအားနည်း နေချိန်တွေမှာ ISO နံပါတ်ကို မြှင့်တင်ပြီး သုံးစွဲခြင်းပဲဖြစ်ပါတယ်။ အဲဒါက အော်တိုစတဲ့ အလိုအလျှောက် ကင်မ ရာက လုပ်ပေးထားတဲ့ ခလုတ်တွေမှာ သုံးလို့ရသလို မန်ညုရယ်မှာလဲ ကိုယ်တိုင်ပြောင်းလဲပြီး သုံးစွဲလို့ရပါတယ်။ သို့သော်လဲ အလင်းအားနဲ့တဲ့နေရာတွေမှာ မီးမသုံးချင်ရင် ISO နံပါတ်ကို မြှင့်တင်ရသလို Len ကင်မရာမှန်ဘီလူး ရဲ့ အပါချာနံပတ် အသေးအကြီးနဲ့လဲ သက်ဆိုင်နေပါတယ်။ ကျန်တဲ့အပိုင်းတွေ နောက် ကျနော်အားတဲ့အချိန်တွေ မှာ ရေးပို့ ရှင်းပြပါ့မယ်။

ကိုသက်   
 
အယ်ဒီတာအမှာ.....

စာရေးသူ ကိုသက်ကတော့ အမေရိကန်၊ လောစ့်အိန်ဂျလိစ်၊ ကာလီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေသူတစ်ဦးဖြစ်ပြီး ၊ ဓာတ်ပုံပညာကို The Art Institute of CaliforniaHollywood မှာ သင်ယူနေတဲ့ ကျောင်းသားတစ်ဦးဘဲ ဖြစ်ပါသည်။ ကိုသက်အမည်နဲ့ ဆောင်းပါးတွေ၊ ကဗျာတွေလည်း ရေးနေသူတစ်ယောက်ဖြစ်ကြောင်း ရွှေမော်ကွန်းမှ မိတ်ဆက်ပေးလိုက်ပြစေ။ ဓါတ်ပုံ ရိုက်ရတာ ၀ါသနာပါတဲ့ စာဖတ်သူတွေအတွက် ကိုသက်ရဲ့ ဓါတ်ပုံဆောင်းပါးတွေက တစ်စုံတရာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ထင်ပါတယ်။
                        

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More