This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

ထောင်နှင့်အကောင် “ အံ့မောင် ”

Photobucket
ဘိန်းငတ်လို့
ပင်နင်စလင် ပုလင်းဖင်ကပ်နဲ့
လက်ပူးလက်ကြပ်မိတဲ့ ကောင်
ထောင် ။

ဘိန်းလုပ်လို့
ဒေါ်လာငွေ သင်္ချေထုပ်
အုတ်တိုက်ကြီးတွေနဲ့ လှောင်
`အကောင်` ။

အံမောင်
ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)
၉၈၊ အောက်တိုဘာ


ဂျပန်သမီးပျိုများနဲ့ မက်မုံပွဲတော် “ကမာနီလာ”

ဂျပန်ပြည်မှာ နှစ်စဉ် မတ်ခ်ျလ (၃)ရက်နေ့ ဆိုရင် ချယ်ရီပန်းတွေနဲ့ အတူ မက်မွန်ပန်းပွင့်တဲ့ အချိန်လေ၊ ဒီမက်မွန်ပန်းတွေ ပွင့်ရင် မှတ်မှတ်ရရ ပွဲတော်အဖြစ် သတ်မှတ်ကြပြီး၊ ဘ၀မှာ ပျော်ရွှင်ပြီး အောင်မြင်မှုတွေ ရရှိနေကြတဲ့ အမျိုးသမီးတွေ စုရုံးပြီး တခုတ်တရ အဖြစ် အထူးပွဲတော်ကို ကျင်းပကြတယ်။ ဒီပွဲတော်ကို မက်မုံပွင့်ပွဲတော်လို့ ခေါ်သလို မိန်းကလေးပွဲတော်လို့လည်း ခေါ်ဝေါ် ကြပါတယ်။ ဂျပန်လိုတော့ ဟိနမဆုရီ လို့ ခေါ်ပါတယ်။

          သမိုင်းနောက်ခံကို ပြန်လှန် လေ့လာရင် ဒီပွဲတော်ဟာ တရုတ် ယဉ်ကျေးမှုက ဆင်းသက် လာတာပါ။ လူငယ် တဦးရဲ့ ကံမကောင်းမှုတွေ မသန့်ရှင်းတဲ့ အကုသိုလ်အမှုတွေကို အရုပ်တခု ဖန်တီးပြီး အဲဒီ အရုပ်ထဲမှာ မကောင်းတာတွေကို ယတြာချေတဲ့ အနေနဲ့ ကိုယ်စားပြု ထည့်လိုက်ပြီးမှ၊ မြစ် သို့မဟုတ် ပင်လယ်ထဲသို့ နတ်ဆိုးတွေရဲ့ တမန်အဖြစ် စေစားစေတဲ့အနေနဲ့၊ မိန်းမငယ်လေးတွေက ရေထဲကိုမျောချပြီး၊ မကောင်းမှုတွေ ဘေးဥပါဉ်တွေ ပပျောက်ဖို့နဲ့ ပျော်ရွှင် ချမ်းမြေ့မှုတွေရရှိဖို့ ဆုတောင်းကြပါတယ်။ 
  ၁၆၀၃-၁၈၆၇ နှစ်များမှာ၊ အရုပ်တွေနဲ့ သရုပ်ဖော်တဲ့ သမီးပျိုတို့ရဲ့ ပွဲတော်အဖြစ် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာ တခုအဖြစ် ဂျပန်ပြည်သို့ တရုတ်နိုင်ငံက မိတ်ဆက် ပေးလာခဲ့တာဖြစ်ပြီး။ အလွန် ချောမောလှပတဲ့ ယောင်္ကျားလေး အရုပ်တွေနဲ့သရုပ်ဆောင်ပေးတဲ့ သမီးငယ်တွေကို ကြည့်ပြီး သမီးရှင် မိခင်တွေက ဂုဏ်ယူကြတယ်။
ဒီပွဲမှာ ၀တ်ဆင်ကြတဲ့ တော်ဝင် နန်းထိုက်တဲ့ အစုံလိုက် အ၀တ်အစားမှာ၊ အထပ်အလွှာ ၁၂ ခုပါပြီး၊ ပွဲတော်ဝတ်ရုံလို့ ခေါ်လေ့ရှိတယ်။ ဒီပွဲတော်ကို ဟိန်ယံခေတ် ဖြစ်တဲ့ အေဒီ၇၉၅ - ၁၁၈၅ ခုနှစ် များမှာရောက်တော့ အလွန်ကို ပေါ်ပြူလာ ဖြစ်လာပါတယ်လို့ သမိုင်း အထောက်အထားတွေက ဆိုပါတယ်။
        အဲဒီပွဲတော်မှာ သမီးရှင် မိဘတွေ သူတို့သမီးတွေ အတွက်၊ ဟိနနင်းဂျော hinaningyo အရုပ်တွေကို ၀ယ် ပေး ရပါတယ်။ အရုပ်တွေက အဆင့်(၇)ဆင့်ရှိပြီး၊ အပေါ်ဆုံးမှာတော့ ဘုရင်နဲ့ ဘုရင်မ အရုပ်လေးတေ၊ွ အောက်ဘက်တွေမှာတော့ မင်းသမီးနဲ့ သူ့အဖော်တွေ အပြင် တေးသီချင်း တီးခတ်ဖျော်ဖြေနေတဲ့ အရုပ်တွေ၊ နန်းတွင်း အရာရှိမင်း အရုပ်တွေအပြင် အသုံးအဆောင် ပစ္စည်းအရုပ်လေးတွေကို အဆင့်ဆင့် ထားရှိထားပေးပြီး။ အဲဒီ အရုပ်အတွဲလိုက် တွေရဲ့ ဈေးနှုန်းတွေကလည်း ဂျပန်ယန်း ၁၀သောင်း အထက် (ဒေါ်လာတထောင်ကျော်) အဲဒီအရုပ်အတွဲလိုက်တွေရဲ့ ဈေးနုန်းတွေကလည်း အဆင့်(၇)ဆင့် အရုပ်၁၃ရုပ်ပါတဲ့ အရုပ်ဆို ယန်းနှစ်သိန်း အထက်ကနေ ယန်းသုံးသိန်းနီးပါး ရှိနေသလို အဆင့်(၃)ဆင့်ပါ အရုပ်ငါးရုပ် ကိုဂျပန်ယန်း ၁၀သောင်းအထက် (ဒေါ်လာတစ်ထောင်ကျော်) အထက်မှာရှိနေပြီး။ ဘုရင်နဲ့ ဘုရင်မအရုပ်နှစ်ရုပ်တည်း ပါတာကိုပင် ယန်းရှစ်သောင်းလောက်ရှိနေတတ်ပါတယ်။ သမီးရှင်မိဘတွေ ကတော့ အဲဒီအရုပ်တွေကို သူတို့ သမီးငယ်လေး တွေ အတွက် ငွေကြေးတတ်နိုင်မူအပေါ်မူတည်ပြီး ၀ယ်ယူ လက်ဆောင်ပေးကြပါတယ်
                  အဲဒီနေ့မှာဘဲ ဂျပန်က ရှင်တို နတ်ဘုရားကျောင်းတစ်ချို့တွေမှာ ပွဲတော် ကျင်းပပြုလုပ် ပေးကြတာမို့ နတ်ဘုရား ကျောင်းမှာ နတ်ဆရာရဲ့ဆုတောင်းပေးမှု တွေကိုလည်း တလေးတစား ခံယူကြပြီး ရောင်စုံထမင်း ဟိနအရာရီ (hina arare) နဲ့ ပန်းရောင် အစိမ်းရောင် အဖြူရောင်ဆိုးထားတဲ့ ဆန်နဲ့လုပ်တဲ့ ကိတ် ဟိရှီမိုချီ (hishimochi) အစား အစာတွေကိုအလှူဒါန ပေးခြင်းအနေနဲ့ အရုပ်တွေရဲ့ ရှေ့မှာ လှူဒါန်း ချထားပေးလို့ ပူဇော်ပါတယ်။
             အဲဒီပွဲတော်နေ့မှာ ရောင်းချတဲ့ အစားအသောက်နဲ့ ပစ္စည်းတွေမှန်သမျှဟာ hinasamaလို့ခေါ်တဲ့ အရုပ်ပုံစံလေးတွေနဲ့ လုပ်ပြီးလည်းရောင်းချကြပါတယ်၊
                          ဂျပန် ရိုးရာယဉ်ကျေးမူတွေဟာ တရုတ်က ဆင်းသက် လာတာတွေ ဖြစ်ပေမယ့် သူတပါး တိုင်းပြည်ရဲ့ ရိုးရာ ယဉ်ကျေးမူတွေကို မိမိနိုင်ငံနဲ့ ကိုက်ညီမယ့် လုပ်ထုံးလုပ်နည်းတွေကို တီထွင် ပြောင်းလဲပြုပြင်ပြီး ကိုယ်ပိုင် ယဉ်ကျေးမှု ဖြစ်အောင် လုပ်နိုင်စွမ်းရှိတဲ့ ဂျပန်က သူ့လူမျိုး၊ သူ့မြေ၊ သူ့ရေနဲ့ သူ့ဓလေ့ ထုံးတမ်းအစဉ်လာ တွေနဲ့တော့ ချစ်စရာ ကောင်းလှတယ်လို့ဘဲ ဆိုပါရစေ။
ဒါကြောင့် ယဉ်ကျေးမှု ကူးလူး ဆက်ဆံတာကို ကြိမ်ဖန်များစွာ ပြုကျင့်ရာကနေ အလေ့အကျင့်၊ အလေ့အကျင့် များစွာ မှသည် ထုံးစံ၊ ထုံးစံမှသည် ဓလေ့ ၊ ဓလေ့များစွာမှသည် ကိုယ်ပိုင်ယဉ်ကျေးမှု သဖွယ် ဖြစ်လာတာကိုတော့ ...... အသင်ဘာများ ပြောနိုင် အံ့မည်နည်း? 

ကမာနီလာ
ဓာတ်ပုံတွေက flickr ကယူသုံးထားတာဖြစ်ပါတယ်။

မြန်မာပြည် ပြန်ရောက်မှ “ရွှန်းလဲ့သျှိုင်း”

Photobucket

“အဟွတ်… အဟွတ်… အဟွတ်”
အဆက်မပြတ် ဆိုးနေတဲ့ အခန်းဖော်ရဲ့ ချောင်းဆိုးသံကြောင့် ကျွန်တော် အိပ်ပျော်နေရာမှ ဆတ်ကနဲ နိုးသွားတယ်။ ချောင်းဆိုးသံက ရပ်မသွားတာမို့ ကျွန်တော်အိပ်ရာမှထပြီး …
“ ဦးလေးအောင် … နေသာရဲ့လား … ချောင်းဆိုးတာက မရပ်တော့ဘူးနော် ….”
“ဟာ… မောင်မျိုး … မင်းနိုးသွားပြီလား။ ဦးလေးတောင်းပန်ပါတယ်ကွာ၊  ဒီတစ်ခါ ချောင်းဆိုးတာ တော်တော်ခံရခက်တယ်…။”
“ဦးကိုကျွန်တော်ပြောသားပဲ… ။ ဆေးခန်းလေးဘာလေး သွားပြပါဆိုတာ…။ ဦးက ရပါတယ်.. လုပ်နေတယ်။
ရောဂါကို မပေါ့ပါနဲ့ ဦးရာ…။ ဦးချောင်းဆိုးတာ အမြဲလိုဖြစ်နေတယ်။ ပြီးတော့ အခုတစ်လော အရမ်းပိန်သွားတယ်။”
“ ပြန်ပဲ ပြန်တော့မှာပဲကွာ …၊ ပင်ပန်းလွန်းလို့နေမှာပါ။ မြန်မာပြည် ပြန်ရောက်ပြီး အေးအေးဆေးဆေး အနားယူလိုက်ရင် ပျောက်သွားမှာပါ။ မပျောက်တော့လည်း မြန်မာပြည် ပြန်ေ၇ာက်မှ ကုတော့မယ်ကွာ….။”

မတတ်နိုင်။ ကျွန်တော့် အဖေအရွယ်လောက်ရှိတဲ့သူကို ကျွန်တော် ဒီထက်ပိုပြီး တရားမဟောနိုင်တော့ပါ။ ဂျပန်ရောက်တာ(၈)နှစ်လောက်ရှိပြီဖြစ်တဲ့ ဦးလေးအောင်မှာ အလုပ်ကလည်း ပင်ပန်း၊ အသက်အရွယ်ကလည်း ကြီးလာပြီမို့ ကျမ်းမာရေးက သိပ်ကောင်းပုံမရတော့ …။ ဒီကြားထဲ နေထိုင်မကောင်းဖြစ်လည်း ဆေးခန်းဆေးရုံ သွားမပြ။ အစားအသောက်ဆိုလည်း ခြိုးခြံချွေတာပြီး တော်တန်ရုံဆို ၀ယ်မစား။ တချိန်လုံး အိမ်ကိုသာ ငွေပို့ဖို့ပဲ လုံးပမ်းနေသူပါ။ ဦးလေးအောင်ရဲ့ လက်သုံးစကားတစ်ခုရှိသည်။ ဘာမဆို ပြောလိုက်တိုင်း “ မြန်မာပြည်ကျမှ…..တဲ့”။ သူ့မှာ လုပ်ချင်တာ ကိုင်ချင်တာ၊ လုပ်သင့်ကိုင်သင့်တာ တွေ့တိုင်း ဘာကိုမဆို “ မြန်မာပြည်ကျမှ …” ဆိုပြီး အားခဲထားသည်။

တနေ့တော့ ဦးလေးအောင် မိန်းမက စာရေးပြီး မြန်မာပြည် ပြန်လာတော့ဖို့ ခေါ်သည်ထင်တယ်။ ပြန်ဖို့ ပြင်ဆင်တော့တယ်။
“ နောက်တစ်လ နှစ်လ လောက်နေပြီးရင် ပြန်မယ်ကွာ” တဲ့
သူ့ မိသားစုနဲ့ ပြန်တွေ့ရတော့မှာမို့ ပျော်နေတဲ့ ဦးလေးအောင်ကို ကြည့်ပြီး ကျွန်တော်တောင် အပျော်တွေ ကူးစက်လာသလိုပါပဲ။
“မောင်မျိုးရာ … ဦးလေးအောင်တော့ ဖြစ်ချင်တာတွေ မှန်သမျှ မြန်မာပြည်ကျမှပဲ …..”
လို့တောင် ပြောလိုက်သေး ….။

ဒီနေ့တော့ ကျွန်တော် အလုပ်က စောစောပြန်ရောက်တာမို့ ပြီးခဲ့တဲ့ လက ပြန်သွားတဲ့ ဦးလေးအောင်ကို သတိရနေမိတယ်။ ဦးလေးအောင်နဲ့က ၄ နှစ်လောက် အတူနေခဲ့တာဆိုတော့ တစ်ဦးအပေါ် တစ်ဦး သံယောဇဉ်ရှိကြတယ်လေ …။
“ ဦးလေးအောင် တစ်ယောက် ဘာတွေလုပ်နေပါလိမ့်” လို့ တွေးမိရင်း သူနဲ့စကားပြောချင်တာနဲ့ ပေးခဲ့တဲ့ ဖုန်းနံပါတ်ဆီကို လှမ်းခေါ်လိုက်ပါတယ်။
“ ဦးလေးအောင် ရှိပါသလား”  “ဂျပန်ကခေါ်နေတာပါ” ဆိုတော့
တဖက်က ပြန်ဖြေတဲ့ စကားလုံးတွေကြောင့် … တုန်လှုပ်သွားမိပါတယ်။ နောက်ဆက်တွဲ ပြောနေတဲ့ စကားလုံးတွေက နားထဲ မ၀င်တစ်ချက် ၀င်တချက်…။ ဦးလေးအောင် ပြောပြောနေတဲ့
“မြန်မာပြည် ကျမှ….၊ ”
ဆိုတာ၊ တကယ် လက်တွေ့ အကောင်အထည်ဖော်လိုက်ပြီမှန်း အခုမှ သိလိုက်ရတော့တယ်။

“ပင်ပန်းခဲ့သမျှ မြန်မာပြည်ကျမှပဲ အတိုးချပြီး နားတော့မယ်”
ဆိုတဲ့ ဦးလေးအောင် ပြောပြောနေတဲ့ စကားသံတွေနဲ့ ဦးလေးအောင်ရဲ့ သမီး ပြောလိုက်တဲ့ စကားသံက နားထဲက မထွက်ပဲ ဖြစ်နေပြန်တယ်။

“ မနေ့ကပဲ ရက်လည်ဆွမ်းကပ်တယ်” တဲ့ ။

ရွှန်းလဲ့သျှိုင်း
ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ်( ၃၁ )
၉၉၊ ဒီဇင်ဘာ

၁၁ ရာစုနှစ်များသို့ ခရီးသွားခြင်း “ ကမာနီလာ”

Photobucket

နိုင်ငံတနိုင်ငံမှာ သူ့လူမျိုး၊ သူတို့ဓလေ့နဲ့ ရှေးဟောင်း ယဉ်ကျေးမူ(၀ါ) အမျိုးသား ယဉ်ကျေးမူ ဆိုင်ရာတွေ ရှိကြသလို အဲဒီယဉ်ကျေးမူ အမွေအနှစ် တွေကိုလည်း အမျိုးသား ယဉ်ကျေးမူအမွေ အဖြစ် တန်ဖိုးထားပြီး ထိမ်းသိမ်း စောင့်ရှောက်မူတွေကို  လုပ်ကြပါတယ်။
             ဂျပန်နိုင်ငံဟာ စက်မူ ထိပ်သီးနိုင်ငံ တနိုင်ငံအဖြစ် ကမ္ဘာမှာ ကျော်ကြားလှသလို ဂျပန်ရဲ့ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်တွေကို ထိမ်းသိမ်း စောင့်ရှောက်ရာမှာလည်း တကယ့်ကို ချီးကျုး လေးစားစရာပါဘဲ၊ ဂျပန်ရဲ့ကိုယ်ပိုင် ယဉ်ကျေးမူ၊ ဓလေ့ ဆိုတာ တကယ်တော့ မရှိပါဘူးလို့ ပြောဆို နေကြသူတွေလည်း ရှိကောင်း ရှိကြမှာပါ၊ ဂျပန်ရဲ့ ယဉ်ကျေးမူ ဓလေ့တွေဟာ တရုတ်နဲ့ ကိုးရီးယား ကနေ အများဆုံး ဆင်းသက်လာတာ ဖြစ်တာကိုတော့ အငြင်းပွားစရာ မရှိသလို၊ တရုတ်နဲ့ ကိုးရီးယားကနေ ဆင်းသက်လာတဲ့ ယဉ်ကျေးမူ ဓလေ့ ထုံးစံတွေကို ဂျပန်လူမျိုးတွေက သူ့နိုင်ငံသူလူမျိုးနဲ့ ကိုက်ညီမယ့် ပြင်ဆင်မူတွေနဲ့ ကျင့်သုံးထားတာမို့ ဓလေ့မှသည် ထုံးစံ ထုံးစံမှသည် ကိုယ်ပိုင် သမိုင်း ယဉ်ကျေးမူအမွေ ဖြစ်လာတာမို့ တူညီတဲ့ အကြောင်းအရာ တခုအပေါ်မှာ ကွဲပြားခြားနားနေတဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့ ရပ်တည်နေတာမို့ ဂျပန်ဟာ ကိုယ်ပိုင် ယဉ်ကျေးမူဓလေ့ ရှိတယ် လို့ဘဲ ဆိုလိုက်ချင်ပါတယ်။
                              ဂျပန်ယန်း(၁၀)ပြားစေ့ နောက်ကျော်က ဗျောဒိုအင်
         ဂျပန်ရဲ့ ယဉ်ကျေးမူ အမွေတွေ စုစည်းရာ နန်းဆက် အမွေခံခဲ့ရာ ထီးစိုက် မင်းစိုက်လုပ်ခဲ့တဲ့ နေရာဟာ ဟိန်းကျို( Heian-kyō)လို့ ခေါ်တဲ့ ယခု ကျိုတို ဘဲဖြစ်ပါတယ်၊ ကျိုတိုမြို့ရဲ့ သမိုင်းဝင် ရှေးဟောင်း အဆောက်အဦး တော်တော် များများဟာ ကမ္ဘာ့ ရတနာရယ်လို့ တင်စားခေါ်ဝေါ် အသိအမှတ်ပြု ခံထားရတဲ့ နေရာ အဆောက် အအုံတွေ တော်တော် များများ ရှိကြတဲ့ အထဲက တခု အပါအ၀င်ဖြစ်တဲ့ ဗျောဒိုအင် (byodoin) ဘုရား အကြောင်းပါဘဲ၊ ဗျောဒိုအင်(byodoin)ဘုရား အဆောက်အအုံ နေရာဟာ ကျိုတိုမြို့နဲ့ နရမြို့ကြား ထဲမှာ တည်ရှိနေတဲ့ အုဂျီ(UJi) မြို့မှာပါ၊ အုဂျီ ဆိုတာကတော့ ဂျပန်ရဲ့ လက်ဖက်ရည် (ocha) နဲ့ ပတ်သက်လို့ နာမည်ကြီးနေတဲ့ နေရာတခု ဖြစ်ခဲ့သလို ယနေ့ အချိန်ထိ ဂျပန်ရိုးရာ လက်ဖက်ရည် အခမ်းအနား ဆိုင်လေးတွေကို ပုံစံ အမျိုးမျိုးနဲ့ နေရာတိုင်းမှာ တွေ့မြင်ရမှာ ဖြစ်ပြီး ဘူတာကနေ ၁၀မိနစ်လောက် လမ်းလျှောက်သွားရင် ကမ္ဘာ့ရတနာလို့ တင်စား ခေါ်ဝေါ်နေကြတဲ့ ဂျပန်ရဲ့ ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် ဗျောဒိုအင် ဘုရားကို ရောက်ရှိမှာပါ၊ ကျိုတိုက နာမည်ကြီးနေတဲ့ ရွှေကျောင်း၊ ငွေကျောင်းလို့ ပြောရင် လူတိုင်းလို သိကြပေမယ့် ဗျောဒိုအင် (byodoin)လို့ ပြောလိုက်ရင် ဂျပန်ရောက် မြန်မာတွေတောင် ဘယ်နေရာလည်းလို့ ဘာလည်းလို့ မေးလာသူတွေ ရှိတာမို့ ဂျပန်ရောက် နေသူတိုင်း နေ့စဉ် ကိုင်စွဲသုံးစွဲနေကြတဲ့ ဂျပန်နိုင်ငံက ထုတ်ဝေတဲ့ ဂျပန်ယန်း ၁၀ပြားစေ့ရဲ့ ကျောဘက်နေရာလေးက အဆောက်အဦးဟာ Uji မြို့က သမိုင်းဝင် (Hein)ဟိန်ခေတ် လက်ရာ ဗျောဒိုအင် (byodoin) ဘုရားကျောင်းပါဘဲ။
ဗျောဒိုအင်သမိုင်းအစ
               ဂျပန်နိုင်ငံကို ဗုဒ္ဓဘာသာ သာသနာဟာ တရုတ်နိုင်ငံ ကနေ ဂျပန်ရဲ့ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ကတဆင့် ဟိန်ခေတ်မတိုင်မှီ (Hein-794–1185 ) နရ ခေတ်(Nara-710–794 )အစောပိုင်း ခေတ်ဦးလောက် ကတည်းက ရောက်ရှိနေခဲ့ရာက ၁၀၅၂ခုနှစ်မှာ ဘုရင်ဧကရာဇ်ရဲ့ အဓိပတိ အကြံပေး အရာရှိဖြစ်တဲ့ ဖူဂျီဝရ ယိုရိမိချီ ဟာ သူ့ ဖခင်ထံက အမွေ ဆက်ခံရရှိထားတဲ့ အပန်းဖြေ စံအိမ်တော် မိချိနဘကို ဘုရားကျောင်း အဖြစ်ကို ပြောင်းလဲခဲ့ တာဟာ ဘုရားကျောင်းရဲ့ အစဘဲ ဖြစ်ပါတယ်။ ဟိန်ခေတ် အလယ်ခေတ် အချိန်ကာလ ဖြစ်သည့်အလျှောက် မင်းဆက် ယဉ်ကျေးမူ ကနဦးအစ နှင့် တိုးတက်မူတွေ အရ ၁၀၅၃ခုနှစ်မှာ အမိတဘ (amitabha)ဘုရား နေရာထိုင်ခင်း အတွက် Ajike ရေကန်ကို ရတနာကန် အဖြစ်ပုံဖော်ပြီး မြန်မာအခေါ် မီးလျှံငှက်(၀ါ) ဇာမဏီငှက်ခမ်းမကို(Phoenix Hall)ကို တိုးချဲ့ တည်ဆောက် လိုက်တာကြောင့် ငှက်တကောင်ရဲ့ အတောင်ပံ ဖြန့်ကျက်ထားနေတဲ့ ပုံသဏ္ဌာန် အဆောက်အဦး ပုံစံပေါ်လာပြီး အမိုးထိပ် ခင်တန်း တဖက်တချက်စီ မှာလည်း ဇာမဏီငှက် မောင်နှံရုပ်တု ထုလုပ်ထားသလို ခမ်းမရဲ့ အမိုးကို ဂျပန်ရွံ့စေးဖြင့် ပြုလုပ်ထားတဲ့ အုပ်ကြွပ်ပြားတွေနဲ့ မိုးအုပ်ထားရှိပါတယ်။ ဗဟိုခမ်းမဆောင် တည်ရှိရာ ဘေးစင်္ကြန်ဆောင် နှစ်ခုကိုတော့ လက်တွေ့သုံးဖို့ ရည်ရွယ်ထားပုံ မပေါ်တဲ့အတွက် အခင်းဟာ မြေသား ဖြစ်နေပါတယ်၊ ဘုရားကျောင်းရဲ့ မနီးမဝေးက စိမ်းလဲ့နေတဲ့ အုဂျီမြစ်ရဲ့ အလှအပတွေနဲ့ စိမ်းညှိ့ယှက်သန်းနေတဲ့ တောင်တန်းတွေရဲ့ ကြားမှာ ဘုရားကျောင်းရဲ့ ပုရ၀ဏ် နေရာဟာ သဘာဝရှုခင်း အလှတခုအဖြစ် ထင်ရှား ကျော်ကြားလာတဲ့ နေရာတခု ဖြစ်လာခဲ့ပါတယ်။

ဖူဂျီဝရ ယိုရိမိချီ
                 ဗျောဒိုအင် ဘုရားကျောင်းဝင်း ခမ်းမ၊ မျှော်စင်၊ ရွှေခမ်းမ၊ တရားဟော ပြောပို့ချတဲ့ ခမ်းမ၊ ရတနာအိမ်နဲ့ အမိတဘ (amitabha) ဘုရားသီတင်း သုံးတော်ရာ စံကျောင်းဗိမာန်တွေ တည်ရှိနေသလို ဘုရား စံကျောင်းတော်ရဲ့ ပုရ၀ဏ် ပန်းခြံနေရာမှာ ယက်တောင် ပုံသဏ္ဌာန် မြက်ခင်းစိမ်းတွေနဲ့ သဲသောင်ပြင်တွေ အပြင် ကျွန်းငယ်လေးတွေကို ကူးနိုင်တဲ့ တံတား အပြင်အဆင် လက်ရာတွေဟာလည်း ရှေးလက်ရာ တခုအဖြစ် လှပခန့်ညားစွာ ပနံသင့် လှပနေတာ ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဟိန်ခေတ်ယဉ်ကျေးမူလက်ရာများ
               ဗျောဒိုအင် ဘုရားကျောင်းမှာ ဟိန်ခေတ် ယဉ်ကျေးမူဆိုင်ရာ ပစ္စည်းတွေ တော်တော်များများ တွေ့မြင် ရမှာဖြစ်သလို ဟိန်ခေတ်ရဲ့ အကျော်ကြားဆုံး ပန်းပုဆရာ ဂျိုရှော(Josho)ရဲ့ မူရင်း ပန်းပုလက်ရာ တွေထဲက ရှေးအကျဆုံး တံခါး ပန်းချီကားများ၊ (amitabha) ဘုရား အောက်မေ့ဖွယ်ပွဲတော် အသွင်အပြင်၊ ဗုဒ္ဓဘာသာ ဘုရားကျောင်းသုံး ခေါင်းလောင်း သုံးခုနဲ့ ဇာမဏီငှက် မောင်နှံ(ဒီငှက်ဟာ နှစ်ပေါင်းရာချီ သေပြီးနောက် မီးလောင်၍ ခန္ဓာချုပ်ငြိမ်းပြီး ကြွင်းကျန်သည့် ပြာပုံမှ တစ်ဖန် ပေါက်ဖွား လာပြန်သည် ဆိုသော ဒဏ္ဍါရီလာ ငှက်ပါ)။


Phoenixခမ်းမရဲ့ ခင်တန်းအမိုးပေါ်က Phoenixငှက်မောင်နှံ(ပုံ)
                 ဂျပန်ရဲ့ ရှေးအကျဆုံး ဘုရားဖူးထွက်ရာမှာ အသုံးပြုတဲ့ ကပ်ပြားတွေနဲ့ စာရွက်စာတမ်းများ၊ ဒီအထဲမှာမှ ဂျပန်ရဲ့ အမျိုးသား ရတနာတွေဖြစ်တဲ့ ၁၁ရာစုမှ ရုပ်တုတွေဟာ မူပိုင်အဖြစ် တည်ရှိနေကြတာ ပါဘဲ၊ မဟာဂီတမှာ အရေးကြီးတဲ့ ကြေး၊ ၀ါး၊ လေ၊ လက်ခုပ်လို့ ဆိုတဲ့ ဂီတ တူရိယာတွေကို တီးခတ်နေတဲ့ သင်္ကေတ အထိမ်းအမှတ် ရုပ်တုတွေ လက်အုပ်ချီ ရှိခိုးနေပုံ၊ တိမ်တိုက်ကို စီးလို့ ဗုဒ္ဓဘုရားကို ပူဇော်ဟန်ပြုနေတဲ့ ရုပ်တုတွေ လက်ချောင်းများဖြင့် သင်္ကေတ သဏ္ဌာန်အမျိုးမျိုးကို ဖော်ကျုးနေတဲ့ ရုပ်တုတွေဟာ အချိုးပြေပြစ် ပျော့ပြောင်းလှတဲ့ ပုံစံတွေနဲ့ ထုလုပ် ထားတာတွေဟာ တန်ဖိုး ဖြတ်မရနိုင်တဲ့ ဟိန်ခေတ်က ပန်းပုဆရာ အကျော်အမော် ဂျိုရှော(Josho)ရဲ့ တန်ဖိုး ဖြတ်မရနိုင်တဲ့ လက်ရာတွေပါဘဲ။



 ဟိန်ခေတ်လက်ရာ တိမ်တိုက်စီးရုပ်တုနဲ့ ခေါင်းလောင်းတော်(ပုံ)
အမိတဘ (amitabha)ဘုရား
               ပန်းပုဆရာ အကျော်အမော် ဂျိုရှော(Josho)ဟာ ဖူဂျီဝရ ယိုရိမိချီ ခေတ်မှာ ဗုဒ္ဓဘာသာ ပန်းပုကိုယ်စားလှယ် ဖြစ်ခဲ့သူ တယောက်ပါ၊ အမိတဘ(amitabha)ဘုရား တင်ပလ္လင်ခွေ ထိုင်နေတော်မူတဲ့ ပုံသဏ္ဌာန်ဖြစ်ပြီး ၃မီတာ အမြင့်ရှိပါတယ်၊ လက်မနှစ်ခုကို ထိစပ်ထားတဲ့ ပုံစံတွေကို ဂျိုရှောက သစ်သား တပ်ဆင်နည်းတွေနဲ့ စိတ်ကြိုက် ထုလုပ်ခဲ့တာ ဖြစ်ပြီး၊ ယခု ထုလုပ်တဲ့ ပုံစံဟာ ဆင်းတုတော်ကို ဟန်ချက်ညီညီ ထိမ်းသိမ်းနိုင်ရန် နှင့် ဟိန်ခေတ် ဂျပန်လူမျိုးတွေရဲ့ ဖော်ရွှေတဲ့ စိတ်နေဟန်ထားကို ပုံဖော် ဆောင်ရွက်ခဲ့တာမို့ ဘုရင်အပါအ၀င် နန်းတွင်း အရာရှိတွေရဲ့ အကြိုက်ဖြစ်တယ်လို့ သမိုင်း ရာဇ၀င်တွေက ဆိုထားပါတယ်။ မျက်နှာတော်ဟာ ကြည်လင် အေးမြမူ ပုံနဲ့၊ သပ်ရပ်ရှင်းသန့်နေတဲ့ ဆံကျစ်တော် အပါအ၀င်၊ မျက်ခွံတော် တ၀က်မှေးမှိတ် ထားပြီး၊ အနည်းငယ် စေ့ထားတဲ့ နှုတ်ခမ်းတော်၊ ပခုံးတော်မှာ ရုံထားတဲ့ သင်္ကန်းတော် အေ၇းကြောင်းတွေကို ခပ်ပါးပါးလေး ထွင်းထုထား တာမို့ သပ္ပယ်စွာ စံနေတော်မူတဲ့ ဗုဒ္ဓရဲ့ ရုပ်တုဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကြည်ညှိ သဒ္ဓါပွားစိတ် ဖြစ်စေသလို ဘာသာခြား လေ့လာသူတွေ အတွက်လည်း ရင်သပ်ရှုမောစရာ ဆင်းတုတော် လက်ရာတစ်ခု အဖြစ် ပြောင်မြောက်စွာ ထုဆစ်ထားတာကို တွေ့မြင်ရမှာပါ။


အမိတဘ (amitabha)ဘုရား(ပုံ)

                ဗျောဒိုအင် (byodoin) ဘုရားကျောင်းတော်ရာကို ၁၉၉၀ခုနှစ်မှာ ပြန်လည် တူးဖော်ခဲ့တာဖြစ်သလို မူလ တည်ဆောက်ထားတဲ့ ပုံသဏ္ဌာန်အတိုင်း ပုံဖော် ဆောင်ရွက်ခဲ့တာမို့ အုဂျီမြစ်ကမ်း နံဘေးက တောတောင် သဘာဝ အလှတွေနဲ့ သာယာ ရှုမောဖွယ်ရာ နေရာတခုဖြစ်တဲ့ ဂျပန်ရဲ့ေ၇ှးဟောင်းယဉ်ကျေးမူ မှတ်တမ်းဝင် သမိုင်းဝင် ဗျောဒိုအင် (byodoin) ဟာ ဂျပန်လူမျိုးတွေရဲ့ အမျိုးသားဂုဏ်ကို မြှင့်တက်စေခဲ့တဲ့ အမျိုးသား ရတနာအဖြစ် အသိမှတ်ပြု ခံရတဲ့အပြင် ကမ္ဘာ့ တန်ဖိုးဝင် ရှေးဟောင်း ရှားပါးရတနာတခုအဖြစ်ပါ မှတ်တမ်း တင်ခံထားရတယ် ဆိုတဲ့ အကြောင်းနဲ့ပဲ ။

ဆောင်းပါးနှင့် ဓာတ်ပုံ ကမာနီလာ 

ပုလင်းချစ်သူ “မင်းလူ ”

Photobucket

     ' ဒီအရက်ဟာ မကောင်းပါဘူးကွာ' ဟု သူက ရေရွတ်လိုက်သည်။
    ထိုအခါ ဆိုင်ရှင်ကြားသွားပြီး . . .
    ' ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့အတိုင်းပါပဲဗျာ၊ ကျွန်တော်က ဘယ်တော့မှ အကြံအဖန် မလုပ်တတ်ဘူးဆိုတာ
    အစ်ကိုကြီး သိပါတယ်၊ အမြဲသောက်နေကျပဲ မဟုတ်လား'
    သူက ဟာ . . ဟာ . . .ဆို လုပ်၍လက်ကာပြသည်။ 'ခင်ဗျားဆိုင်အရက်ကို မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အရက်ဟာ ကျုပ်ကို ကောင်းကျိုးမပေးဘူးလို့ ပြောတာပါ'
    'ကောင်းကျိုးမပေးရင် မသောက်နဲ့ပေါ့ဗျာ' ဟူ၍တော့ ပိုင်ရှင်ကဖြင့် ပြောလို့မဖြစ်ချေ။ အရက်ရောင်းနေသူ တစ်ယောက်က အရက်ဆန့်ကျင်ရေးစကားကို ပြောနေလျှင် 'မိမိရောင်းကုန်ပစ္စည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောစကားမျိုး မပြောမိပါစေနှင့်' ဆိုသော ခေတ်သစ်ရောင်းဝယ်ရေး ဗျူဟာသဘောတရားကို ဖောက်ဖျက်ရာ ကျမည်မဟုတ်လား။ ထို့ကြောင့် ဘာမှ ထပ်မပြောဘဲ ခပ်မဆိတ်နေလိုက်၏။

    သောက်သုံးသူပုဂ္ဂိုလ်ကတော့ ဆက်၍ . . .
    ' ကျုပ် ဘာကြောင့် အရက်ကို စွဲစွဲမြဲမြဲ သောက်ဖြစ်နေသလဲ သိလား' ဟု မေးသည်။ ဆိုင်ရှင်၏ စိတ်ထဲတွင်
    'သွားပြီ၊ ဒီညတော့ ငါခံရပြီ' ဟုတွေးပြီး စိတ်ညစ်သွား၏။ လုပ်သက်ရင့်နေသော ဆိုင်ရှင်တစ်ယောက် အနေဖြင့်
    အရက်သမား အမျိုးမျိုးအကြောင်းကို ကောင်းကောင်း သိပြီးသားဖြစ်၏။ မူးလာလျှင် ရစ်တတ်သူ၊ အပျော်လွန်ပြီး သီချင်းဟစ်တတ်သူ၊ ငိုတတ်သူ၊ စကားကြော ရှည်တတ်သူ။
    ဒီပုဂ္ဂိုလ်လို သူ့ဆိုင်မှာ နှစ်ပေါင်းများစွာ သောက်သုံးလာသူဆိုလျှင် ပိုတောင် သိသေးသည်။ အသောက်နည်းနည်း များသွားသည့်နေ့မျိုးဆိုလျှင် အခုလိုပင် စကားစတတ်သည်။ ဒါဆိုလျှင် သူ၏အသည်းကွဲဇာတ်လမ်းကြီးကို ရှည်လျားထွေပြားစွာ ပြောပြပေတော့မည်။ ဒီအကြောင်းကလည်း အကြိမ်ပေါင်းဘယ်လောက်တောင် ပြောခဲ့ပြီးပြီလဲမသိ။ ကြားရဖန်များ၍ ရိုးအီနေပြီဖြစ်သော ဇာတ်လမ်းကြီးဖြစ်သော်လည်း ကြိတ်မှိတ်ပြီး နားထောင်ပေးရပေလိမ့်မည်။ နေ့စဉ်လာနေကျ ဖောက်သည်တစ်ယောက်ကို ကျေနပ်အောင် ဝန်ဆောင်မှုပေးဖို့ တာဝန်ကရှိသည်။
    ဝယ်သူဘက်က အမြဲမှန်သည်ဟူသောစကားမှာ အရက်ဆိုင်များအတွက် ပိုပြီးသင့်လျော်သည်။ အနည်းဆုံး တစ်စိတ်တစ်ပိုင်းလောက် သောက်ကြတာပဲဟာ မမှန်ဘဲ ဘယ်နေပါ့မလဲ၊ တချို့ဆို မှန်ရုံမက မှောက်တောင် မှောက်သွားကြသေးသည်။
    အကြမ်းပန်းကန်လေးထက် ယောင်ယောင်လေးမျှကြီးသော ဖန်ခွက်ထဲမှ တစ်ဝက်သာသာရှိနေသော အရက်ကို ရေမရောဘဲ တစ်ချက်တည်းမော့ချလိုက်သည်ကို မြင်သဖြင့် ဇာတ်လမ်းစတော့မည်ဖြစ်ကြောင်း သိလိုက်၏။
    'မိန်းမတစ်ယောက်ရဲ့ သုံးလက်မလောက်သာ ရှည်တဲ့လျှာက ခြောက်ပေလောက်မြင့်တဲ့ ယောကျာ်းကြီး တစ်ယောက်ကို ဗုန်းဗုန်းလဲကျသွားစေနိုင်တယ် ဆိုတဲ့စကားကို ခင်ဗျားကြားဖူးသလား'

    'ကြားဖူးတာပေါ့၊ ခင်ဗျားပဲ ပြောပြောနေတာ အကြိမ်တစ်ရာလောက် ရှိနေပြီ' ဟု စိတ်ထဲက ပြန်ပြောမိသည်။
    နှုတ်ကတော့ . . .
    ' အင်း . . .ဆိုစမ်းပါဦး' ဟု စကားထောက်ပေးလိုက်ရ၏ ။
    ' မိန်းမတစ်ယောက်ရဲ့ ပါးစပ်ကထွက်တဲ့ စကားတစ်ခွန်းဟာ သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ အဲဒီစကား တစ်ခွန်းကြောင့်ပဲ ကျုပ်မှာ အခုလို အရက်ကို အဖော်ပြုနေရတဲ့ အသောက်သမားကြီးလုံးလုံး ဖြစ်ခဲ့ရတာပဲ'
   စကားကို ခဏရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားကြည့်လိုက်သည်။ သူ့စကားကို စိတ်ဝင်စားသူ တခြား ရှိ မရှိ အကဲခတ်ခြင်းဖြစ်၏။ ထိုင်ခုံ၏ ရှေ့ဖက်ခြမ်းမှာ တန်းလျက်ထိုင်နေသော လူအုပ်စုက သူတို့ဘာသာ
    ငြင်းခုန်ပြောဆိုနေကြသည်။ သူ့ကို ရှိတယ်လို့တောင်မထင်။ လက်ဝဲဘက်ထောင့်စွန်းမှာ တစ်ယောက်တည်း ထိုင်နေသူကတော့ နားစွင့်နေဟန်တူသည်။ သူ အားတက်သွားဟန်ဖြင့် ဆက်ပြောသည်။
    ' အစကတော့ ကျုပ်ကလွဲရင် တခြားဘယ်သူကိုမှ စိတ်ကူးထဲတောင် မထည့်ပါဘူးတဲ့လေ။ သူနဲ့စတွေ့တဲ့အချိန်မှာ ကျုပ်ဟာ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းကထွက်ထားတဲ့အချိန်။ အလုပ်အကိုင်ကလဲ မည်မည်ရရ မရှိသေးဘူး။ ဒါပေမယ့် သူက ပညာတွေ၊ ရာထူးတွေ၊ ဂုဏ်တွေ ငွေတွေဆိုတာ ပကာသနတွေပါတဲ့။ ချစ်တာသာ ပဓာနပါတဲ့။
    အချစ်စစ် အချစ်မှန်နဲ့ တည်ဆောက်တဲ့ဘဝသာလျှင် ကျောက်သားကျောက်ဆောင်လို ခိုင်မြဲပါတယ်တဲ့၊ ကောင်းလိုက်တဲ့ စကားလေးတွေ '
    ဆိုင်ရှင်၏ စိတ်ထဲက ' အင်း . . ဒီနေရာမှာ မရယ်ချင်ဘဲနဲ့ ဖျစ်ညှစ်ပြီး ရယ်တော့မယ်' ဟုတွေးသည်။ ကြိမ်ဖန်များစွာ နားထောင်ခဲ့ရပြီးဖြစ်သဖြင့် ဘယ်နေရာမှာ ဘာစကားပြောပြီး ဘယ်အမူအရာ လုပ်တော့မယ် ဆိုတာကအစ မှတ်မိ နေပြီ။ ဟုတ်လည်း ဟုတ်သည်။ ထိုပုဂ္ဂိုလ်က ' ဟား.. ဟား... ဟား.... ' ဆိုပြီး အသံကို တစ်ဆင့်မြှင့်၍ ရယ်သည်။ ပြီးတော့....

    ' ဟား....ဟား....တညင်းသီးတစ်လုံးလောက် ပေးစမ်းပါ'

    ' ဗျာ '
    ဆိုင်ရှင်သည် ရုတ်တရက်မို့ ကြောင်သွား၏။ ပြီးမှ ' သြော်....ဟုတ်ကဲ့' ဆိုပြီး တညင်းသီးပြုတ်တစ်လုံးကို သတ္တူပန်းကန်ပြား အသေးစားလေးထဲ ထည့်ပြီး ပေးလိုက်၏။ ထိုပုဂ္ဂိုလ်က တညင်းသီးကို တစ်ကိုက်ကိုက်သည်။ ဖန်ခွက်ထဲ အရက်ထည့်သည်။ ပလတ်စတစ်ခွက်ထဲက ရေကို ရောသည်ဆိုရုံမျှ ထည့်သည်။ တစ်ဝက်လောက် မော့ချလိုက်သည်။ ပြီးမှ.....

    ' မိန်းမတွေရဲ့ စိတ်သဘောထားဟာ ဟောဒီ တညင်းသီးလိုပဲ စားခါစမှာတော့ ချိုသလိုလို ဆိမ့်သလိုလိုနဲ့ ၊ ဆီးသွားတော့မှ နံမှန်းသိရတယ် '
    လက်ဝဲဘက်ထောင့်စွန်းမှာ ထိုင်နေသူက ထိုစကားကို သဘောကျပြီး ပြုံးလိုက်သည်။ အားပေးထောက်ခံသလို ဖြစ်သွားသဖြင့် ကျေနပ်ပြီးဆက်ပြောမည်အပြု ဆိုင်ရှေ့ဖက်ခြမ်းအုပ်စု၏ အသံက ကျယ်လောင်လာသည်။ လူများ၏အာရုံက ထိုအုပ်စုဆီ ရောက်သွားသည်။ ထိုပုဂ္ဂိုလ်က ထိုအုပ်စုကို မကျေမနပ်ကြည့်လိုက်သည်။ တစ်ခုခု လှမ်းပြောမလိုလုပ်ပြီးမှ မပြောဖြစ်။ ဖန်ခွက်ထဲမှ လက်ကျန်အရက်ကိုသာ မော့သောက်လိုက်သည်။ အရက်ထပ်ငှဲ့ပြီးနောက် တစ်ငုံငုံပြန်သည်။ ရေမရောတော့။ ငြင်းသံခုန်သံတွေ လျော့ပါးသွားတော့မှ ဇာတ်လမ်းကို ဆက်နိုင်သည်။

    . . . . .
' သူ့မိဘတွေက သူ့ကိုကျုပ်နဲ့ သဘောမတူဘူးလေ၊ ပညာလဲ တစ်ပိုင်းတစ်စ၊ အလုပ်အကိုင်လဲ အတည်တကျမရှိ၊
ငွေလဲမရှိ၊ ဘွဲ့ထူးဂုဏ်ထူးလဲမရှိ၊ မိဘကျောထောက်နောက်ခံကလဲ မတောင့်တင်းတဲ့သူနဲ့ သူတို့သမီးကို ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးတဲ့။ သူတို့ကလည်း ဒီလောက် ချမ်းချမ်းသာသာကြီး မဟုတ်ပါဘူးဗျာ။ စားနိုင် သောက်နိုင်လောက်သာပါ၊ ဒါပေမယ့် အငြိမ်းစားအရာရှိကြီးဆိုတဲ့ ဂုဏ်ကလေးတော့ မောက်နိုင်သေးသပေါ့လေ။ နောက်ပြီး သူတို့သမီးကလည်း လှသကိုး၊ သူ့ကိုလိုချင်တဲ့သူတွေကလဲ သူဌေးသားတွေ၊ အရာရှိပေါက်စတွေ၊ ကျုပ်ကလွဲရင် အလားအလာကောင်းတဲ့ သူတွေချည်းပဲ၊ သူတို့မိဘတွေကလဲ သမီးချောရှိတဲ့ မိဘတွေရဲ့ထုံးစံအတိုင်း သူတို့သမီးကို
အနိမ့်ဆုံး ရှေ့တက်လမ်းရှိတဲ့ အရာရှိကတော်ဖြစ်ဖို့ မှန်းတာပေါ့။ ကျုပ်ကိုတော့ ကလေကချေ အဆင့်အတန်းမရှိတဲ့ကောင်၊ တစ်သက်လုံး လူမွှေးလူတောင်ပြောင့်မယ့်ကောင် မဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမျိုးမျိုးရှုတ်ချခဲ့တာပေါ့'
ပုလင်းထဲမှာ အရက်ကုန်သွားပြီ။ အရက်သမားတို့ထုံးစံအတိုင်း ကုန်နေပြီမှန်းသိသိကြီးနှင့် ပုလင်းအဝကို ဖန်ခွက်မှာတေ့ပြီး မှောက်ချလိုက်သေးသည်။ လက်ကျန်လေးငါးစက် ကျလာ၏။

' တစ်ပိုင်းလောက် လုပ်စမ်းပါဦး'
ဆိုင်ရှင်က ပုလင်းကိုယူသည်။ ကတော့တပ်ပြီး ပလတ်စတစ်ပုံးထဲက အရက်ကို လောင်းထည့်လိုက်သည်။ လုပ်နေကျမို့ တစ်ပိုင်းထက်ပိုသွားခြင်း လျော့သွားခြင်းမရှိ။ ပုလင်းကို လှမ်းပေးပြီး နောက်ဘက် ဝိုင်းတစ်ဝိုင်းမှ မှာသော ပုဇွန်ခြောက်သုပ်အတွက် ကြက်သွန်လှီးရင်း ဆက်ပြောသည့် ဇာတ်လမ်းကို ကြားနေရ၏။
' ဟိုကောင်မကလဲ သူ့မိဘတွေရဲ့ သံယောင်ကိုလိုက်ပြောလာပြီလေ၊ ကျောင်းပြန်တက်ပါလားတဲ့၊ ပညာတတ် ထားတော့ ဘာပဲဖြစ်ဖြစ် အောက်မကျဘူးပေါ့တဲ့။ ကျုပ်ကလဲ ပညာဆိုတာ ကျောင်းမှာ သင်ရတာ မဟုတ်ဘူး၊ လက်တွေ့ဘဝမှာ လူတွေကြားထဲမှာ သင်ယူရင်လဲ ရပါတယ်လို့ ၊ အဲဒီတော့ တစ်မျိုးထပ်ပြောလာပြန်ရော '
ဆိုင်ရှေ့ခြမ်းမှာ ထိုင်နေသောအုပ်စုက ငွေရှင်းပြီး ထထွက်သွားကြသည်။ သူတို့က အရက်တစ်လုံးလောက်ကို လူလေးငါးယောက်သောက်ပြီး မူးတတ်ကြသူတွေဖြစ်၏။ အမြည်းတွေ တစ်မျိုးပြီးတစ်မျိုးမှာစာရင်း စကားပြောကြ၊ ငြင်းခုံကြသူတွေ ဖြစ်၏။ သူတို့မရှိတော့ အနှောင့်အယှက်ကင်းသွားသည်။

' အဲဒီတော့ '

စကားပြန်ဆက်မည်ပြုစဉ် နောက်ဘက်ပိုင်းက ကြက်သွန်ဖြူတောင်းသဖြင့် ဆိုင်ရှင်က လှမ်းပေးရသောကြောင့် ခဏစောင့်ရသေးသည်။

' ဘာပြောလာသလဲဆိုတော့ ဘာလဲဗျာ '
ပြောလက်စကို မေ့သွားဟန်တူသည်။ စကားထောက်ပေးမလားဟု ဆိုင်ရှင်ကို ကြည့်သည်။ တကယ်တော့ ဆိုင်ရှင်သည်လည်း နားသာထောင်နေရသည်။ သူ့အလုပ်နှင့်သူ ရှုပ်နေသဖြင့် လုံးစေ့ပတ်စေ့ အာရုံမစိုက်နိုင်။ နဂိုက တည်းကလည်း စိတ်ဝင်စားမှုနည်းသောကြောင့် ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေခဲ့၏။ ချက်ခြင်းစကားမထောင်နိုင်သောကြောင့် သူပြောတာ ဂရုတစိုက် နားမထောင်ရကောင်းသလားဆိုသော မျက်နှာထားဖြင့် ထိုပုဂ္ဂိုလ်က စိုက်ကြည့်သည်။ ပြီးတော့ အရက်ခွက်ကိုယူ၍ တစ်ရှိန်ထိုး မော့ချလိုက်သည်။ ဆိုင်ရှင်လည်း နားစွန်နားဖျား ကြားနေရသော စကားလုံးများကို အလောသုံးဆယ် ပြန်စဉ်းစားရလိုက်ရ၏။ တကယ်တော့ ဒီဇာတ်လမ်းကို အကြိမ်ပေါင်းများစွာ ကြားနာခဲ့ရပြီး ဖြစ်သဖြင့် စကားလုံးတစ်လုံးချင်းကအစ မှတ်မိနေပြီ။ ဇာတ်လမ်း၏ ဘယ်အပိုင်းနား ရောက်နေပြီဆိုတာ မျက်ခြေပြတ်သွားလို့သာ စကားထောက်ရ ခက်နေခြင်းဖြစ်၏။ ထို့ကြောင့် စိတ်မှန်းနှင့်....
' ဟိုလေ ငွေဆိုတာ တန်ဖိုးသတ်မှတ်ထားတဲ့ စက္ကူတစ်မျိုးပဲ ဆိုတာပေါ့ '
ဟုပြောလိုက်၏။ ထိုပုဂ္ဂိုလ်က ' အဲဒီနေရာ မရောက်သေးပါဘူး' ဆိုပြီးမှ သူပြောမည့်စကားကို ဆိုင်ရှင်က ကြိုပြီး ပြောလိုက်သဖြင့် မျက်မှောင်တစ်ချက် ကုတ်လိုက်သည်။ ဆိုင်ရှင်ကလည်း ပြဿနာတော့ တက်ပြီထင်တယ်ဟု တွေးလိုက်မိ၏။ သို့ရာတွင် ထိုပုဂ္ဂိုလ်က ဇာတ်လမ်းဆက်ဖို့သာ ပဓာနဖြစ်နေသောကြောင့် .....
' ဒီလိုမဟုတ်လား သူ့ငွေစုစာအုပ်ထဲကငွေနဲ့ အရင်းအနှီးလုပ်ပြီး စီးပွားရှာပါလားလို့ တိုက်တွန်းတယ်လေ၊ ကျုပ်က ငြင်းလိုက်တယ်၊ ခါးခါးသီးသီးကို ငြင်းလိုက်တယ်။ ကျုပ်ကငွေမမက်ဘူး၊ ငွေဆိုတာ အဲ ....
ခုနက ပြောသလိုပဲ တန်ဖိုးသတ်မှတ်ထားတဲ့ စက္ကူတစ်မျိုးပဲ ငွေထက်တန်ဖိုးရှိတာက သစ္စာတရား၊ ကောင်းပြီ
မင်း ကိုယ်နဲ့လိုက်ခဲ့ ဘဝထဲကို ဆင်းခဲ့၊ ဘဝကို အခြေခံကစပြီး တည်ဆောက်မယ်၊ ဟား.... ဒီလိုလဲ ပြောလိုက်ရော ငါးပိရည်နံ့ရတဲ့ အယ်လ်ဇေးရှင်းခွေးလို တွန့်ခနဲဖြစ်သွားတာပဲ၊ အဲဒီမှာ ပဋိပက္ခ ဖြစ်ကြတာပေါ့။ လိုက်ရဲလား ၊ လိုက်ခဲ့။ မလိုက်ရဲဘူးလား၊ တွဲထားတဲ့လက်ကို ဖြုတ်လိုက် ဒါပဲ ဒါပဲ '
ဆိုင်မှာလူရှင်းသွားပြီ။ အချိန်အကြာဆုံး ထိုင်နားထောင်ခဲ့သည့် လက်ဝဲဘက်ထောင့်စွန်းမှာ ထိုင်နေသူပင် ထသွားခဲ့ပြီ။ ဆိုင်ရှင်လည်း ပစ္စည်းတွေကို တောင်းတွေထဲကို မသိမသာ ကဲ့ထည့်ပြီး သိမ်းဆည်းစပြုနေပြီ။ ဇာတ်ကြောင်း ပြောသူ၏ရှေ့က ပုလင်းထဲမှာလည်း အရက်ကုန်နေပြီ။
' ငါးကျပ်ဖိုးလောက် လုပ်စမ်းပါဦး၊ လပ်စ်ကပ်ပေါ့ ' ဆိုင်ရှင်က တောင်းထဲရောက်နေသော ပုလင်းတစ်လုံးကို ပြန်ထုတ်၍ ဖန်ခွက်ထဲပိုပိုသာသာ ငှဲ့ထည့်ပေးသည်။ ထိုပုဂ္ဂိုလ်က ထရပ်ပြီး ဖန်ခွက်ကိုယူသည်။ တစ်ချက်တည်း မော့ချသည်။ ကျသင့်ငွေရှင်းပြီး နှုတ်ဆက်ထွက်ခွာသွား၏။ ဆိုင်ရှင်လည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ပစ္စည်းတွေ ဆက်သိမ်းနေသည်။
------------
ဒီနေ့ ခါတိုင်းထက် ပိုသောက်မိသည်။ တစ်ခါတစ်ခါတော့လဲ ဒီလိုပါပဲ၊ ထမင်းစားတဲ့ လူတွေတောင်မှ စားလို့မြိန်သွားတဲ့အခါ ဗိုက်ပြည့်အင့်သွားအောင် စားတတ်ကြသေးတာပဲ မဟုတ်လား။ ထားပါတော့ ဒီနေ့သောက်လို့ မြိန်သွားတယ်လို့ပဲ။ ဒီလိုအခါမျိုးတိုင်းမှာ သတိရသည့်စိတ်က ပြန်လည် နိုးကြားလာတတ်သည်။ ကပ်လျက် လိုက်ပါလာတာကတော့ နာကြည်းခြင်း။

ကြာတော့လည်း ကြာခဲ့ပါပြီ။ သို့ရာတွင် လုံးလုံးလျားလျား မေ့ပစ်ဖို့တော့ မဖြစ်နိုင်သေး။ သတိရစရာ အကြောင်းအချက်တွေက သူ့အလိုလိုပေါ်ပေါက်လာတတ်၏။ အထူးသဖြင့် အခုလို မိုးနှင်းတွေကျနေသည့် အခါမျိုး။

နောက်ဆုံးအကြိမ် တွေ့ဆုံပြီး တစ်သက်တာအဖို့ နှုတ်ဆက်လမ်းခွဲခဲ့တုန်းကလည်း ဒီလိုပင် မိုးနှင်းတွေ မှိုင်းမှုန်နေခဲ့သည်။ ကျောခိုင်းလမ်းလျှောက်လာရင်း ဟားတိုက် ရယ်မောပစ်လိုက်သောအခါ နှင်းမှုန်တွေ ကစဥ့်ကလျား လွင့်ထွက်သွားသည်ကို သတိတရရှိ၏။
ခုလည်း ဟိုတုန်းကလို ရယ်ပစ်လိုက်ချင်စိတ် ပေါက်လာသည်။ ထို့ကြောင့် ဟားတိုက်ရယ်ပစ်လိုက်၏။ သူ လျှောက်လာသည့်လမ်းသည် လူအတော်ရှင်းနေ၏။ ထို့ကြောင့် သူ့ရယ်သံကို ဘယ်သူမှ ဂရုစိုက်နားထောင်နေခြင်းမရှိ။ လမ်းဘေးရှိ အိမ်တွေထဲက အိပ်မပျော်သေးသူ တစ်ယောက်တလေကတော့ ကြားကောင်း ကြားနိုင်သည်။

ထိုသို့တွေးလိုက်မိတော့မှ သူလျှောက်လာသည့်လမ်းကို သတိပြုမိသည်။ သူ့အိမ်သို့ပြန်သောလမ်းမဟုတ်။ အလို...
ဒီကုန်းတက်ကလေးဟာ.....

ရုတ်တရက်ရပ်လိုက်သည်။ ညာဘက်ကိုကြည့်သည်။ ပုဏ္ဍရိတ်ပင်၊ ခြံစည်းရိုးပန်းခြံ ကွက်လပ်ငယ်၊ ပြီးတော့ ခံ့ညားထည်ဝါသော နှစ်ထပ်တိုက်ကြီးသည် မိုးနှင်းတွေကြားမှာ တိတ်ဆိတ်စွာ ရပ်တည်နေသည်။

ကြည့်စမ်း၊ ခြေလှမ်းတွေက ဒီနေရာရောက်အောင် အလိုအလျောက် သယ်ဆောင်ခဲ့တာပါကလား။ သူသည် တိုက်ကြီးကို ငေးစိုက်ကြည့်ုလိုက်သည်။ အင်းပေါ့လေ နှစ်ထပ်တိုက်ပေါ်ကလူဆိုတော့ မြေကြီးပေါ်ကို ခုန်ချဖို့ ပိုပြီးခက်တာပေါ့။
' တိုက်ပေါ်ကနေ မြေကြီးပေါ်ကို မဆင်းရဲတာက ဆင်းရဲမှာကြောက်လို့၊ ဟုတ်တယ်၊ ဆင်းရဲမှာ ကြောက်လို့ မဆင်းရဲတာ '

သူတွေးနေသည်ဟုထင်သည်။ တကယ်က ပြောနေခြင်းဖြစ်၏။ အတွေးတွေက စကားလုံးများအဖြစ် အသံထွက်လာခြင်း ဖြစ်၏။

' ဟား....ဟား '
သူ တစ်ချက်ရယ်လိုက်သည်။ ရယ်သံက အတော်ကျယ်လောင်သွား၏။ သို့ရာတွင် သူက ဂရုမစိုက်တော့။ ရင်ထဲမှာ ပြည့်ကျပ်မွန်းသိပ်နေသည့် ခံစားချက်တွေက ပွင့်အန်ထွက်လာပြီ။ သူသည် တိုက်အိမ်ကြီးကို စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။

' ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့ စုံလုံးကန်းတဲ့၊ ချစ်သူကို ယုံတော့ ဘဝပါကန်းတော့တာပေါ့၊
ဟုတ်စ ။ ခင်ဗျားကြောင့် ကျုပ်ဘဝ ကမ်းမမြင် လမ်းမမြင်ဖြစ်နေပြီဗျ သိရဲ့လား၊ ဗျို့ ...မခင်မှီ '


-------------------------


ညနေက လက်ဖက်ကလေး နှစ်ရိုးသုံးရိုးစားမိလိုက်သဖြင့် မျက်စိကြောင်ပြီး အိပ်လို့မရဘဲ ဖြစ်နေသည်။ အိပ်ရာပေါ်လှဲပြီး မျက်စိမှိတ်ထားလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သောကြောင့် အတန်ငယ် ညဥ့်နက်သည်နှင့် လူသံကားသံ မကြားရတော့။ ဘေးမှာ အိပ်မောကျနေသော အိမ်ကလူထံမှ အသက်ရှုသံပြင်းပြင်းကိုသာ မှန်မှန်ကြားနေရသည်။

ခဏကြာတော့ အပြင်ဘက်က စကားပြောသံသဲ့သဲ့ကြားရသည်။ နောက်တော့ အသံက ပိုကျယ်လာသည်။ စကားလုံးက မသဲကွဲ။ ဒီအသံကို ကြားဖူးသလိုလိုတော့ရှိသည်။ ရပ်ကွက်ထဲက တစ်ယောက်များလား။

' ဗျို့...မခင်မှီ '
ဆိုသောအသံကို ကြားသောအခါ ဆတ်ခနဲ ခေါင်းထောင်ထမိ၏။ နာမည်တပ်ပြီး ခေါ်လိုက်တာပါလား။ နားစွင့်လိုက်သောအခါ...
' ဒီမှာ ဟိုအရင်တုန်းကပြောခဲ့ဖူးတဲ့ သစ္စာစကားလေးတွေ ပြန်ကြားချင်လို့ ဆင်းခဲ့ပါဦးဗျ '
' အလို....ဘုရား၊ ဘုရား။ သူပါလား။ သူ ခုထိ ဘာမှ မပြောင်းလဲသေးပါကလား။ အိမ်ကလူတွေ အအိပ်ဆတ်သူမဟုတ်လို့ တော်ပါသေးရဲ့။

' တိုက်ကြီးပေါ်က ဆင်းခဲ့ပါဗျ၊ မခင်မှီရဲ့ ။ စကားလေးတစ်ခွန်းလောက် ပြောချင်လို့ပါ '
စိုးရိမ်စရာအခြေအနေဖြစ်လာပြီ။ ကြာလျှင် အိမ်ကလူ နိုးကောင်းနိုးလာနိုင်သည်။ ပိုဆိုးတာက မိမိ၏နာမည်ကို အော်ကြီးဟစ်ကျယ် ခေါ်ခေါ်နေခြင်းပင် ဖြစ်၏။ ရပ်ကွက်က လူကြီးလူကောင်းတွေချည်းနေသော နေရာ။ ဒီထဲမှာ အိမ်ကလူတွေက ပိုမိုမြင့်မားသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားသူ။ အိမ်က လေးလေးစားစားရှိကြသည်။ ခုလို မိမိ နာမည်တပ်တပ်ပြီး အော်နေတာကို ဘေးအိမ်ကလူတွေ ကြားလျှင်......

' ဆင်းခဲ့ပါဗျ၊ မဆင်းရဲဘူးလား၊ အေးပေါ့လေ....တိုက်ကြီးပေါ်မှာနေနေရတော့ ဘယ်ဆင်းရဲပါ့မလဲ၊ ဗျို့..မခင်မှီ၊
ဒီမှာလေ မခင်မှီရဲ့ '
တရားလွန်လာပြီ။ ဒီလောက် စော်ကားလာတာကိုတော့ သည်းမခံနိုင်တော့ဘူး။ ခုတင်ပေါ်မှ အသာဆင်းလိုက်သည်။ ဧည့်ခန်းဘက် ထွက်လာသည်။ တယ်လီဖုန်းကို ကောက်ကိုင်၍ နံပါတ်နှိပ်လိုက်သည်။
' ရဲစခန်းကပါလားရှင်၊ ဟုတ်ကဲ့....အကူအညီတစ်ခုတောင်းချင်လို့ပါ။ ကျွန်မအိမ်ရှေ့မှာ အရက်မူးသမား တစ်ယောက်လာပြီး ရမ်းကားနေလို့ပါ၊ ရှင်....ကျွန်မလား....ဒေါ်ခင်မှီပါ၊ လိပ်စာက.....'
တယ်လီဖုန်းချပြီး နားပြန်စွင့်လိုက်သည်။ အပြင်မှာ သူရှိနေတုန်း ဟိုတစ်ချိန်ကပြောခဲ့ဖူးသည့်စကားတွေကို အော်ဟစ်ရေရွတ်နေသည်။ ခဏမျှ အသံတိတ်ဆိတ်သွားပြီးနောက် ကားတစ်စီး၏ စက်သံကို ကြားရသည်။
ခြံဝင်းရှေ့မှာ ရပ်သည်။ အပြန်အလှန် စကားပြောသံတွေ ကြားရသည်။ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး လိုက်ကာကို အသာဖယ်၍ ကြည့်ုလိုက်သောအခါ.....
အပြင်မှာ မိုးနှင်းတွေကျနေသည်။ မှုန်ဝါးဝါးမီးရောင်အောက်တွင် ရဲနှစ်ယောက်က လူတစ်ယောက်၏ လက်မောင်း တစ်ဖက်တစ်ချက်ကိုင်၍ လင်းရိုဗာကားပေါ် တွန်းတင်လိုက်သည်ကို တွေ့ရ၏။ နှစ်တွေကြာညောင်းလာ သော်လည်း မှတ်မိနေသေးသည်။ သူမှ သူအစစ်။ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အိပ်ရာပေါ်ပြန်တက်ပြီး မျက်စိမှိတ်ထားလိုက်သည်။ အိမ်ကလူက အိပ်မောကျနေဆဲ။ သူကတော့ ဒီညအိပ်လို့ပျော်လိမ့်မည် မထင်တော့။


----------------------

' သူများအိမ်ရှေ့မှာ ဘာဖြစ်လို့သွားပြီး အနှောင့်အယှက်ပေးချင်ရတာလဲ၊ အရက်လဲ အရမ်းမူးနေသေးတယ်'
တာဝန်မှူးက ပြောလိုက်သည်။ သူက ဘာမှပြန်မပြောဘဲ နေသည်။ တာဝန်မှူးက ဆက်ပြောသည်။
' အင်းလေ... ဒီညတော့ စခန်းမှာပဲ နေရလိမ့်မယ်၊ မနက်ကျတော့ အာမခံပေးမယ့်လူကို အကြောင်းကြားပေါ့။
ကဲ....သူ့ကိုယ်ရေးရာဇဝင် မှတ်တမ်းယူထားလိုက် '

ရဲတပ်ဖွဲ့ဝင်တစ်ယောက်က သူ့ကို စားပွဲတစ်လုံးဆီ ခေါ်သွားပြီး ထိုင်ခိုင်းသည်။
' ကဲ ပြော၊ နာမည် ဘယ်သူလဲ ' သူက မပြောဘဲနေသဖြင့် ....
' ပြောလေဗျာ '
' ကြော့မောင်' အဖေနာမည်။ မှတ်ပုံတင်အမှတ်။
သူက တစ်ခုစီကို ခပ်လေးလေး ဖြေနေသည်။
' အသက် ' သူ တစ်ချက်မော့ကြည့်ပြီး ....
' ဒါက အရေးကြီးလို့လား '
' အရေးကြီးတာပေါ့၊ ကိုယ်ရေးရာဇဝင်ဆိုတာ အကုန်အပြည့်အစုံယူရတာပဲ၊ ကဲ..ပြောဗျာ၊ အသက်ဘယ်လောက်ရှိပြီလဲ '
သူက နံရံကိုငေးကြည့်နေပြီးမှ ခပ်ဆိုင်းဆိုင်းဖြေလိုက်သည်။
' ခြောက်ဆယ့်ငါးနှစ်'

မင်းလူ ( နှင်းဆီ၊ ၁၉၉၄ ၊ဖေဖော်ဝါရီ )

လပွတ္တာမြို့က စာပေဟောပြောပွဲ အောင်မြင်မူရ

Photobucket

လပွတ္တာမြို့သား ဆရာကြီး မောင်ထင် အမှတ်တရ စာပေဟောပြောပွဲ ကို လပွတ္တာခရိုင် ၊ လပွတ္တာမြို့ ၊ ရဲတံခွန် အားကစားခန်းမ တွင် ၂၀၁၁ - ခုနှစ် ဖေဖေါ်ဝါရီလ ( ၇ ၊ ၈ ) ရက်နေ့များမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည် ။

ပထမနေ့အဖြစ် ၂၀၁၁ - ခုနှစ် ဖေဖေါ်ဝါရီလ ( ၇ ) ရက်နေ့တွင် ...
( ၁ ) စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း က `` ရုပ်ရှင် နှင့် စာပေ ´´
( ၂ ) ဆရာမ နုနုရည် ( အင်းဝ ) က ``ကျွန်မနှင့် စာရေးခြင်း စာဖတ်ခြင်း ´´
( ၃ ) ဆရာ နွမ်ဂျာသိုင်း က `` စာရေးသူမှ စာဖတ်သူသို့ ´´ ... ခေါင်းစဉ်များဖြင့်
       ဟောပြောခဲ့ကြပါသည် ။


ဒုတိယနေ့ အဖြစ် ၂၀၁၁ - ခုနှစ် ၊ ဖေဖေါ်ဝါရီလ ( ၈ ) ရက်နေ့တွင် ...
( ၁ ) ဆရာ လယ်တွင်းသား စောချစ် က `` ဘ၀ မှ စာ ၊ စာ မှ ဘ၀ ´´
( ၂ ) ဆရာမ သန်းမြင့်အောင် က `` လူမှုဘ၀ ပရဟိတနယ်ပယ် ´´

( ၃ ) ဆရာ အကြည်တော် က ``လမင်း ပန်းပွင့် ´´ ... စသည့်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြပါသည် ။ `` ရဲတံခွန် အားကစားခန်းမ ´´ အတွင်းတွင်သာမက ဘေးဝန်းကျင်ရှိ တင်းနစ်ကစားကွင်းတွင်ပါ ပြည့်လျှံအောင် လပွတ္တာမြို့ မှ စာပေချစ်မြတ်နိုးသူများ ကလည်း ညစဉ် ဟောပြောပွဲ ပြီးဆုံးသည် အထိ
အားရကျေနပ်စွာ အားပေးခဲ့ကြပါသည် ။ သံဃာတော်များ အပါအ၀င် လူဦးရေမှာ ( ၂၅၀၀ ) ခန့်ရှိပါလိမ့်မည် ။

ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
Restoring peaceful shadows, may wisdom lead all of you.

ငြိမ်းစိုးဦး
၁၄.၂.၂၀၁၁

ကမ္ဘာမြေအတွက် လက်ဆောင်“ ကိုကြည်နိုင်(ကျုံတိုင်းရွာ)”



အချိန်။     ။သက္ကရာဇ်(၃၄၉၉)ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်။

နေရာ။     ။ကမ္ဘာရွာကြီး၏ ဋ္ဌာနပေါင်းစုံရုံးချုပ်။

            ခန်းမကြီးအတွင်း စုရုံးစုရုံးဖြင့်အတော်ပင်စည်စည်ကားကားဖြစ်နေပေပြီ။

 မနက်ဖြန် ဇန်န၀ါရီ(၁) ရက်နေ့တွင်ကျင်းပမည့် ကမ္ဘာရွာကြီး နှစ် ၃၅၀၀ ရာပြည့် ၊

 (၃၆) ရာစုအကြိုပွဲအတွက်မကြာမီအစည်းအဝေးစတင်တော့မည်ဖြစ်သဖြင့်

တက်ရောက်လာသူုအားလုံး နေရာယူနေကြပြီ ဖြစ်ပါသည်။

             ကမ္ဘာရွာကြီး၏ သက်ဆိုင်ရာဋ္ဌာနများအားလုံးမှ

ကိုယ်စားလှယ်များ စုံညီစွာနေရာယူပြီးနောက် တစ်ကမ္ဘာလုံးဆိုင်ရာ

ဋ္ဌာနပေါင်းစု၏ အကြီးအကဲအဖွဲ့ရောက်အလာကို စောင့်မျှော်နေကြပါသည်။

သိပ်မကြာခင်မှာပင် အကြီးအကဲအဖွဲ့ရောက်လာပြီး စင်မြင့်ပေါ်တွင်
နေရာယူလိုက်ကြသည်။ ထိုသို့နေရာယူပြီးမရှေးမနှောင်းအချိန်...


             ခန်းမကြီးအတွင်း ၀င်းကနဲအရောင်တစ်ချက်စူးစူးရှရှလက်သွားပြီး

ငွေရောင်ယဉ်ပျံတစ်စီး ဘွားကနဲပေါ်လာသည်ကိုတွေ့လိုက်ကြရပါတော့သည်။

             “ ဟင်..”

             “ ဟာ..! ”

             “ဘာလဲ....ဘယ်ကပေါ်လာတာလည်း...”

             ဟိုနားဒီနားမှ အံ့သြသံဝေဖန်သံများ ။ ခန်းမတစ်ခုလုံး

လှုပ်လှုပ်ရှားရှားဖြစ်သွားပါသည်။ ထိုယဉ်ပျံပေါ်သို့  အားလုံးအာရုံ

စိုက်နေကြစဉ် ယဉ်ပျံပေါ်မှ ဆင်းလာသူကား.........     .........

             “ ဟာ ”

             “ ဘယ်သူလဲ...ဘယ်ဂြိုလ်ကလည်း....”

             ငွေရောင်ဝတ်စုံဝတ် ဂြိုလ်သားကြီးတစ်ဦး။

အကြီးအကဲများရှေ့သို့ရောက်လာဦးညွှတ်ပြီး ...

                  “ မင်္ဂလာပါ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ခင်ဗျာ...ကျွန်တော်က

တိုက်တန်ဂြိုလ်ရဲ့ လက်ရွေးစင်အကျိုးတော်ဆောင် ပရောမီးသယပ်စ် ပါ...”

ဂြိုလ်သားကြီးက ပရိတ်သတ်အားလုံးသို့ ပြုံးပြလိုက်ပြီး ...

            “ အခုလို ကမ္ဘာသူ ကမ္ဘာသားများ အစုံအညီရှိနေချိန် ရောက်လာခွင့်ရလို့

ဝမ်းသာပါတယ်...ကျွန်တော်ရောက်လာရတဲ့အကြောင်းရင်းကတော့...

ဟောဒီကမ္ဘာရွာကြီးကို အကူအညီပေးဖို့ပါ...”

       “ ဒါကလည်း နေစကြာဝဠာရဲ့မိသားစုဝင်ဖြစ်တဲ့

ကျွန်တော်တို့တိုက်တန်ဂြိုလ်နဲ့

ကမ္ဘာဂြိုလ်ရဲ့ အရှည်သဖြင့်ချစ်ကြည်ရေးကို ရည်ရွယ်ပါတယ်...”

             ဂြိုလ်သားကြီးပရောမီးသယပ်စ်က သူ့စကားကိုခဏရပ်ပြီး

အားလုံးကိုတစ်ချက်အကဲခတ်ကြည့်လိုက်ပါတယ်...။

             “ ဟင် ”

             မျက်လုံးများ။ ကမ္ဘာသူကမ္ဘာသားအားလုံး၏ မျက်လုံးများ။

သူ့ကိုကြည့်နေသော စိမ်းဖန့်ဖန့်မျက်လုံးများနှင့် အေးစက်စက်မာကြောကြော

သံမဏိသွန်းမျက်နှာများ။

             အိုး....ဘုရားသခင်။ တစ်ခုခုမှားနေခြင်းဖြစ်ပေမည်။

သူမျှော်လင့်ထားသည်မှာ ကမ္ဘာသူကမ္ဘာသားများ၏ နွေးထွေးသော ကြိုဆိုမှု၊

ပျူငှာသောအပြုံးနှင့် နှစ်လိုဖွယ်မျက်နှာထားများ။

 အခု ထိုအရာတွေအားလုံး ကမ္ဘာမြေပေါ်မှာပျောက်ဆုံးကုန်ပြီလား။

             “ အကြီးအကဲအဖွဲ့ခင်ဗျာ ...ကမ္ဘာရွာကြီးနဲ့လူသားအားလုံးအတွက်

လိုအပ်နေတဲ့ အကူအညီများကိုတင်ပြပေးစေလိုပါတယ်။

တင်ပြလာသမျှအားလုံးကို

အတတ်နိုင်ဆုံးဖြည့်စွမ်းကူညီသွားမှာဖြစ်ပါတယ်။ ”

             ခန်းမကြီးတစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင်

တိတ်ဆိတ်အေးခဲသွားပါတော့တယ်။ ပရိတ်သတ်က အကြီးအကဲအဖွဲ့

မည်သို့ဆုံးဖြတ်မည်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

             အတန်ကြာမှ အကြီးအကဲအဖွဲ့ဝင်တစ်ဦးက မတ်တပ်ရပ်လိုက်ပြီး

             “အခု ကျွန်တော်တို့ကမ္ဘာရွာရဲ့ ခရီးသွားလုပ်ငန်းတွေမှာ

ဒီကမ္ဘာရွာကြီးရဲ့သက်တမ်းတလျှောက် အမြန်ဆုံးလို့ပြောလို့ရတဲ့ယဉ်တွေကို

သုံးနေပါပြီ။

ဒါကို ဒီ့ထက်ကောင်းအောင် ဘာများကူညီနိုင်ပါမလဲ..။”

             ယုံကြည်မှုပါးလျားလွန်းသောလေသံ ။

ပြောပြီးအေးစက်စက်တစ်ချက်ပြုံးရင်းပြန်ထိုင်လိုက်ပါသည်။ ဂြိုလ်သားကြီးက

ခဏစဉ်းစားလိုက်ပြီး....

             “ ဟုတ်ကဲ့...အဲဒီနှုန်းရဲ့ (၂) ဆမြန်တဲ့ယဉ်တေ

တည်ဆောက်အသုံးပြုနိုင်တဲ့အထိ အကူအညီပေးပါမယ်..”

အကြီးအကဲအဖွဲ့ဝင်များတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။

ဖြစ်နိုင်ပါ့မလားဆိုသည့်အကြည့်...။

နောက်....အကြီးအကဲတစ်ဦးက....

             “ ကျွန်တော်ကတော့ ဆေးသိပ္ပံဋ္ဌာန အကြီးအကဲပါ။ အခုဆိုရင်

ကျွန်တော်တို့ကမ္ဘာရွာကြီးမှာ ရောဂါဘယတွေကို ခေတ်အမှီဆု့းဆေးပညာတွေနဲ့

တိုက်ဖျက်ခဲ့ပြီးဖြစ်လို့ ဘယ်လိုရောဂါကြောင့်မှ သေတယ်ဆိုတာမရှိတော့ပါဘူး..

 အဲ...စစ်ပွဲတွေကြောင့်သာ သေကြကြေကြတာတွေများနေရတာ။

အဲဒီတော့ ဆေးသိပ္ပံပိုင်းမှာတော့ ဒီ့ထက်ပိုမကောင်းနိုင်တော့ဘူးထင်တယ်။ ”

             “ ဟုတ်ကဲ့ ရောဂါဘယလုံးဝကင်းစင်တဲ့ ကမ္ဘာရွာကြီးအတွက်

လူ့သက်တမ်းပိုမိုတိုးမြှင့်ပြီး နုပျိုစွာနေနိုင်သွားမယ့်

သက်တမ်းမြှင့်နုပျိုဇီဝနည်းပညာတွေဖြန့်ဝေပေးသွားပါ့မယ် ..”

ထို့နောက် အကြီးအကဲတစ်ဦး......

                                      ..........................။

                                      နောက်တစ်ဦး......................။



...................................................။

                                      နောက်..............................။

                                       ..........

                                     ..................      ........။


                                    *************
******************


အချိန် ။        ။ သက္ကရာဇ် ( ၃၅၀၅ ) ခုနှစ်၊ ဒီဇင်ဘာလ(၃၁) ရက်။

နေရာ။         ။ ကမ္ဘာရွာကြီး၏ ဋ္ဌာနပေါင်းစုံရုံးချုပ်။

                 “ မင်္ဂလာပါ ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ ။ အခုဆိုရင်

ဟောဒိကမ္ဘာရွာကြီးဟာ လွန်ခဲ့တဲ့(၅)နှစ်ကထက် အများကြီးတိုးတက်ခဲ့ပါပြီ။ ”

                 ဂြိုလ်သားကြီးက ပြောလက်စစကားကိုခဏရပ်ပြီး ပရိတ်သတ်ကို

အကဲခတ်လိုက်ပါသည်။ စိမ်းဖန့်ဖန့်မျက်လုံးသေများ၊ အေးစက်စက်

မျက်နှာသေများအတွက်တော့ ထူးပြီးမအံ့သြတော့ပါ။

                နောက်ဆုံးပြောချင်တာကတော့ ဟောဒီကမ္ဘာရွာကြီးရဲ့

လိုအပ်တဲ့အကူအညီတွေအားလုံးကို ပေးပြီးပါပြီ။ ကျွန်တော်ဟာ မိခင်ဂြိုလ်ကို

ပြန်တော့မှာဖြစ်ပါတယ်။ ကျွန်တော်ပြန်ပြီး တစ်နှစ်တိတိကြာတဲ့

နောင်နှစ်ဒီအချိန်မှာ လက်ဆောင်တစ်ခုပို့လိုက်ပါမယ်။ ယနေ့ကမ္ဘာမှာ မဖြစ်မနေ

လိုအပ်နေတဲ့ ' စံပြလူသား 'တစ်ယောက်ပါ..”

                ပရိတ်သတ်များ အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်လာကြပါသည်။

                အဲဒီစံပြလူသားကိုဖန်တီးဖို့အတွက် မျိုးဗီဇ(DNA)ကိုတော့

 ဟိုးအရင့်အရင် နှစ်ပေါင်းများစွာက ဒိကမ္ဘာပေါ်မှာ နေခဲ့ကြတဲ့လူသားတွေရဲ့

မျိုးဗီဇတွေယူသွားးပါမယ်။ အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ် ”

                             ............................

                            ...................................

                           ...........
..................................



                 “ ဒါမဖြစ်နိုင်ဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူတစ်ယောက်ဟာ အခုလူတွေကို

ဘယ်နေရာမှာမှမမှီနိုင်ဘူး ”


                         ***********************
********************

အချိန်။        ။ သက္ကရာဇ် (၃၅၀၆) ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်။

နေရာ။        ။ ကမ္ဘာရွာကြီး၏ ဋ္ဌာနပေါင်းစုံရုံးချုပ်။

                အကြီးအကဲများအားလုံး မျက်နှာချင်းဆိုင်ရှိ ဖန်သားပြင်ပေါ်သို့

အာရုံစိုက်နေကြချိန်၊ ဖန်သားပြင်ပေါ်တွင် ဂြိုလ်သားကြီး

ပရောမီးသယပ်စ်ပေါ်လာပြီး...

                `` မင်္ဂလာပါ အကြီးအကဲများခင်ဗျာ...အခုဆိုရင် တိုက်တန်ဂြိုလ်ရဲ့

ဆက်သွယ်ရေးကွန်ယက်နဲ့ ကမ္ဘာဂြိုလ်ရဲ့ဆက်သွယ်ရေးကွန်ယက်တို့

တိုက်ရိုက်ချိတ်ဆက်ပြီးပါပြီ။

အခုပဲ`` ကမ္ဘာမြေအတွက်လက်ဆောင် ´´ကိုပို့လိုက်ပါပြီခင်ဗျာ....´´


ဖန်သားပြင်ပေါ်တွင်ဂြိုလ်သားကြီး၏ရုပ်ပုံပျောက်သွားပြီးခဏအကြာတွင်

ခန်းမထဲသို့ မောင်းသူမဲ့ယဉ်တစ်စီး လျှောကနဲရောက်လာပါတော့သည်။

ထိုယဉ်ပျံထဲတွင်မတော့လသားအရွယ် ကလေးငယ်တစ်ဦး။

အကြီးအကဲတစ်ဦးက ကောက်ယူလိုက်ပြီး

ဇီဝနည်းပညာဋ္ဌာနအကြီးအကဲလက်သို့အပ်လိုက်ရင်း

                  ``ဟောဒီကလေးရဲ့ ခန္ဓာဗေဒနဲ့ ဇီဝရုပ်ဖွဲ့စည်းပုံဆိုင်ရာ

 အချက်အလက်တွေကိုအသေးစိတ်စစ်ဆေးပေးပါ ´´

                     ထို့နောက် ကလေးငယ်ကို

ဇီဝနည်းပညာဆိုင်ရာသုတေသနခန်းရှိရာသို့ ခေါ်ဆောင်သွားပါတော့သည်။

                     အကြီးအကဲများအားလုံး ရှေ့နံရံပေါ်ရှိ ဖန်သားပြင်ဆီသို့

ဝိုင်းဝန်းကြည့်ရှုနေကြပါသည်။ သုတေသနအခန်းမှ ၀န်ထမ်းများအားလုံး

 စက်ခလုတ်ခုံများရှေ့တွင်ထိုင်ရင်း အလုပ်ရှုပ်နေသည်ကို တွေ့နေကြရပါသည်။

သူတို့ရှေ့ ဖန်သားပြင်များပေါ်တွင်လည်း ကလေးငယ်နှင့်ပတ်သက်သော

အချက်အလက်များ တဖျပ်ဖျပ်ပေါ်နေပါသည်။

မကြာမီ သုတေသနဋ္ဌာန၏ အကြီးအကဲပုံပေါ်လာပြီး

                     ``အကြီးအကဲအဖွဲ့ခင်ဗျာ...အခုဆိုရင်

ကလေးငယ်နဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံပါတော့မယ်..´´

သုတေသနအကြီးအကဲက သူ့ရှေ့ဖန်သားပြင်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး....

                    ``(တစ်) ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ။

                      ယနေ့လူသားတစ်ဦး၏ ဖွဲ့စည်းတည်ဆောက်ပုံအတိုင်း ´´

အကြီးအကဲများအားလုံး

 ခေါင်းတဆတ်ဆတ်ညိတ်ရင်းဆက်လက်နားထောင်နေကြပါသည်။

                      ``(နှစ်) ဦးဏှောက်။

                        ယနေ့လူသားတစ်ဦး၏ အိုင်ကျူအဆင့်အတိုင်း ´´

အကြီးအကဲများအချင်းချင်း .....

`` ဒါများဘာလို့လက်ဆောင်ဆိုပြီးလာပေးနေရသေးလဲ´´ ဆိုသည့်အကြည့်ဖြင့်

တစ်ဦးကိုတစ်ဦးကြည့်နေကြပါသည်။သုတေသနဋ္ဌာနအကြီးအကဲကဆက်ပြီး....

                        ``(သုံး) သွေးလှည့်ပတ်ပုံစနစ်။


ယနေ့လူသားတစ်ဦး၏သွေးလှည့်ပတ်ပုံစနစ်အတိုင်း...သို့သော်.....´´

သုတေသနဋ္ဌာနအကြီးအကဲက သူ့ရှေ့ဖန်သားပြင်ပေါ်သို့

အသေအချာပြန်ကြည့်ပြီး...

                         ``ကလေးငယ်၏ နှလုံးသားတွင် ကိန်းအောင်းနေသော

စွမ်းအင်တစ်ရပ်ကိုတွေ့ကြရပါတယ်...လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက

 လူသားတို့မှာတွေ့ရတဲ့စွမ်းအင်ပါ...´´

အကြီးအကဲအဖွဲ့အလွန်စိတ်ဝင်စားလာကြပြီး..

                        ``ဟုတ်ပါပြီ...ဆက်ပြောပါ အဲဒီစွမ်းအင်အကြောင်းကို....´´

သူတေသနအကြီးအကဲက...

                          `` အဲဒီစွမ်းအင်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကို

မသိရသေးပါဘူး...ထပ်မံစစ်ဆေးပြီး သတင်းပို့လိုက်ပါ့မယ် ´´

ပြောပြီး သုတေသနဋ္ဌာနအကြီးအကဲ၏ပုံရိပ် ပျောက်ကွယ်သွားပါတော့သည်။

ကျန်ခဲ့သောအကြီးအကဲအဖွဲ့လည်း

 ဘာမှန်းမသိရသေးသည့်စွမ်းအင်နှင့်ပတ်သက်ပြီး

အမျိုးမျိုးထင်မြင်ယူဆကြလျှက် သုတေသနဋ္ဌာန၏ သတင်းအပို့ကို

စောင့်နေကြပါသည်။

မကြာမီမှာပင် ရှေ့ဖန်သားပြင်ပေါ်တွင် သုတေသနဋ္ဌာနအကြီးအကဲ ပေါ်လာပြီး....


``အကြီးအကဲအဖွဲ့ခင်ဗျာ..အမည်မသိစွမ်းအင်ရဲ့အချက်အလက်အကြမ်းကို

ဖေါ်ထုတ်ရရှိပါပြီ..အဲဒီစွမ်းအင်ဟာ

လွန်ခဲ့သောနှစ်ပေါင်းများစွာ(၂၀ရာစုနှောင်းပိုင်း)ကစပြီး

တဖြည်းဖြည်းတိမ်မြုပ်ပျောက်ကွယ်ခဲ့တဲ့ စွမ်းအင်ဖြစ်ပါတယ်။ ဘယ်နေရာမှာ

 ဘယ်လိုအသုံးချတယ်ဆိုတာကိုတော့ မဖေါ်ထုတ်နိုင်သေးပါဘူး...´´

                         ...........             ................

                       .............            ............
  ...............

သတင်းပို့သူ သုတေသနဋ္ဌာနအကြီးအကဲက သူ့ရှေ့ရှိ ဖန်သားပြင်ကို

သေသေချာချာပြန်ကြည့်လိုက်ပြီး....

                     `` အဲဒီစွမ်းအင်ကို နှစ်ဆယ်ရာစုတွင်းလူသားတွေက

      မေတ္တာတရား

လို့ ........

 အမည်ပေးခဲ့ကြပါတယ်...။                         ။



                    ကိုကြည်နိုင်


( ၂၀၀၆ ခုနှစ်၊ ဖေဖေါ်ဝါရီလထုတ် ပိတောက်မြေမဂ္ဂဇင်း- အမှတ် ၃၄ - မှာ
ကျွန်တော်ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ...)

၃၄ဟာ ၉၆ ဖြစ်ချင်ဖြစ်မယ် “ ငြိမ်းစိုးဦး ”

Photobucket
ထန်းသီး ကြွေခိုက် ကျီး နင်းခိုက်ပါပဲ
တံခါး ပိတ်လိုက်တဲ့ အချိန်မှာ ကဲလားက ပြုတ်ကျ သွားတယ်
လျှပ်စစ် မီးက မလာဘူး
ထန်းသီးကပဲ ကြွေနိုင်လွန်းတာလား
ပင်စည်အတွက် အလေးချိန် လျှော့ချနေတာလား
ကျီး ကလည်း နင်းနိုင်လွန်းတယ် လို့ အပြစ်မတင်နဲ့လေ
သူလည်း မှောင်နေတာပါပဲ
မဟူရာ ကျောက်ရိုင်း တစ်တုံးကို ဘယ်မှာ ၀ှက်လိုက်ပါလိမ့်
ရှာလို့ မတွေ့ဘူး ၊ မှောင်နေတယ် ၊ စွမ်းအင်
ချွေတာရအောင်ကလည်း ကိုယ့်စွမ်း ကိုယ့်အင်က အားနည်း
မသင်ချင်လို့မှ မဟုတ်တာ ၊ သင်ယူလို့မှ မရဘဲ
အဲဒီဇာတ်ကွက်က မှောင်ပါတယ်
ဒါကြောင့် 96 ဖြစ်ရတာပါ
၃၄ လို့ ပြောင်းပြီးပြောခဲ့ရင် လျှော့ရပါအုံးမယ်
အလျှော့တွက် နဲ့ လျှော့ချလာခဲ့တာလည်း ဖြစ်နိုင်ပါတယ်
မြေတစ်ကွက် လျှော့ ၊ လူတစ်ယောက် လျှော့ ၊ စုနေတာကို လျှော့
ခေတ်မီမီ ရွာကြည့် ကြည့်မြင်တဲ့ အခါ
မိုးဆိုတာလည်း ရွာချင်မှ ရွာမယ့်သဘောပါပဲ
သိတ်တော့ မဆန်းကြယ်လှပါဘူး
အချစ်လျှော့တဲ့အခါ လွမ်းစရာတွေက ရောက်လာ ...   ... ။

ငြိမ်းစိုးဦး
( JAN ; 31 ; 2011 )

အင်တာနက်ကြောင့် ဖြစ်သော စိတ်မူမမှန်မှုများ “ဟနစံ ”

Photobucket

          ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ကွန်ပျူတာများကို ဆော့ဖ်ဝဲရ်ပရိုဂရမ်တစ်ခုကို အသုံးပြုပြီး သတင်း အချက်အလက်များ ထုတ်လွှင့်ခြင်း ၊ ပေးပို့ခြင်း ၊ ရယူခြင်းများတို့ကို လုပ်ဆောင်ပေးနိုင်တဲ့ အင်တာနက် internet   ဆိုတဲ့ စနစ်တစ်ခုပေါ်ပေါက်လာခဲ့ခြင်းဟာ လူ့ဘောင်လောကအတွက် အလွန်ကျေးဇူးများလှပါတယ်။

      မူလအစကမူ ရိုးရှင်းလှတဲ့ ကွန်ပျူတာကွန်ယက် ARPANET နဲ့စတင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက်ဟာ တစ်ကမ္ဘာလုံးရှိ အိမ်များ ၊ စီးပွားရေး လုပ်ငန်းများ ၊ ကျောင်းများ ၊ ရုံးများ ၊ စာကြည့်တိုက်များကို ရောက်ရှိ နေပြီဖြစ်ပါတယ်။

မူလရည်ရွယ်ချက်က ပညာရေးဆိုင်ရာ သုတေသန လုပ်ငန်းများနဲ့ စစ်ဘက်ရေးရာ ကာကွယ်ရေးလုပ်ငန်းများအတွက်သာ အသုံးပြုရန် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဖိုင်လ်များလွှဲပြောင်းခြင်း ၊ e-mail များပို့ခြင်းနဲ့ USENET  လို့ခေါ်တဲ့ Forum   မှတဆင့် သတင်း အချက်အလက်များ ပေးပို့ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အဲဒီ နောက်မှာ တော့ HTTP (hypertext transfer protocol)   တိုးတက် ကျယ်ပြန့် လာမှုကြောင့် စာသား ၊ ရုပ်ပုံ ၊ အသံဖိုင်လ်များကိုပို့ဆောင်နိုင်သော  webpages  လို့ခေါ်တဲ့  hyperlinked electronic documents မှတဆင့် အင်တာနက်ကို အသုံးပြုသူများက အချင်းချင်း ဖိုင်လ်များကို ပို့ဆောင် ကြပါတယ်။  

                      ရုပ်ပုံ ၊ အသံဖိုင်လ် ၊ ရုပ်ရှင်ကားများကိုပါ ပေးပို့နိုင်ပြီး ကမ္ဘာပေါ်ရှိ လူများ အချင်းချင်း ဆက်သွယ်ရေး ၊ ဖျော်ဖြေရေးအတွက်ပါအသုံးပြုလာကြပါပြီ။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ သိလိုသမျှကိုလည်း အင်တာနက် စာမျက်နှာပေါ်မှာ ရှာဖွေပြီး လေ့လာနိုင်ပါပြီ။ အင်တာနက်ကို ကောင်းတဲ့ဘက်ကနေ အသုံးချလို့ရသလို အင်တာနက်ကြောင့် စိတ်မူမမှန်တော့တဲ့သူတွေလည်း ရှိပါတယ်။
“ငှက်တွေ  နေ့စဉ်နေ့တိုင်း သင့်ခေါင်းပေါ်ကနေဖြတ်ပြီး ပျံသန်းနေကြတာကို တားဆီးလို့မရနိုင်ပေမဲ့ သင့်ခေါင်းပေါ်မှာ ငှက်သိုက်လာမဆောက်အောင်တော့ သင် တားမြစ်နိုင်ရပါမယ် ဆိုတဲ့ တရုတ်စကားပုံတစ်ခုလိုပါပဲ။ အင်တာနက်ကတော့ ရှိနေတာပါပဲ။ ရှိနေတဲ့ အင်တာနက်ကနေ မိမိဘဝအတွက် အကျိုးဖြစ်ထွန်းအောင် ယူလို့ရသလို အကျိုးမဲ့အောင်လည်း ယူလို့ရပါတယ်။  အသုံးချပုံပေါ်မူတည်ပြီးတော့ ကောင်းကျိုး၊ ဆိုးကျိုးဖြစ်လာနိုင်စေပါတယ်။
ဆိုးကျိုးဖြစ်လာစေတာတွေထဲမှာ စိတ်ကစဉ့်ကလျားဖြစ်ပြီး မူမှန်စိတ်မဟုတ်တော့တာတွေ အနည်းနဲ့အများပါရှိပါတယ်။
 ၁။ Internet Asperger's Syndrome (The Troll )
 ကျောင်းမှာစာတော်ပြီး စိတ်ပုံမှန်နဲ့  ကလေးတစ်ယောက်ဟာ ကီးဘုတ်နဲ့ ကွန်ပျုတာမော်နီတာကို အသုံးပြုပြီး အင်တာနက် chatroom နဲ့ အင်တာနက် စာမျက်နှာများပေါ်မှာ သူတစ်ပါးကို ဆဲဆိုခြင်း၊ ပြင်းပြင်းထန်ထန် မကြားဝံ့မနာသာများကို ပြောဆို (ရေးသား) မှုများကို ပြုလုပ်တာပါ။ အင်တာနက်စာမျက်နှာများပေါ်က ကိုယ့်လိုပဲ community forum မှာအသင်းဝင်ဖြစ်နေတဲ့ တခြားသူများအပေါ် စာနာညှာတာမှုမရှိဘဲ ပုတ်ခတ်ပြောဆိုရေးသားမှုများဖြစ်ပါတယ်။
 ပြင်ပမှာတော့ ဒီကိစ္စမျိုးကို Asperger's Syndrome လို့ခေါ်ပါတယ်။ ကိုယ် ပြောဆိုသုံးစွဲလိုက်တဲ့ စကားလုံးတွေကြောင့် တစ်ဘက်သားရဲ့ မျက်နှာ အမူအယာအပြောင်းအလဲ နဲ့ စိတ်ခံစားမှုကို မတွေ့မမြင်ရတဲ့ အင်တာနက်မှာ တစ်ဘက်သားကို စာနာမှုတွေကလည်း ကင်းဝေးကာ ရိုင်းစိုင်းတဲ့ စကားလုံးများနဲ့ ပြောဆိုဆက်ဆံတာပဲဖြစ်ပါတယ်။
  လှုမှုဆက်ဆံရေးအဆင်မပြေမှုများ၊ လူအများနဲ့ လိုက်လျောညီထွေ မဆက်ဆံနိုင်သူများ၊ သူတို့ကိုယ်သူတို့ အကျိုးမဲ့သူ၊ အကျိုးမရှိသူလို့ စိတ်ထဲမှာ ထင်မြင်နေသူများဖြစ်တတ်ပါတယ်။
 ၂။ Low Cyber Self-Esteem (The Guy Who Everyone Hates but Who Never Leaves)
 အင်တာနက်ဟာ လူတိုင်းအတွက် မိမိအိမ်လိုပဲသဘောထားစရာဖြစ်လာပြီး online community forum များ၊ chatroomများမှာ လူအများနဲ့ သဟဇာတမဖြစ်တဲ့ လူတစ်ဦးတစ်ယောက် ရှိတတ်ပါတယ်။ လူအများက မနှစ်သက်ကြပေမဲ့လည်း သူကတော့ နေ့စဉ် ပုံမှန် အမြဲ အင်တာနက်မှာ ဝင်ရောက်ပြောဆို ဆွေးနွေးရေးသားဆဲပါ။
ပြင်ပမှာတော့ Attention seeking behaviorဖြစ်ပါတယ်။

လူအများက မနှစ်သက်လို့ မင်း ဝင်မပြောနဲ့လို့ ပြောလိုက်တာကိုပဲ သူက ပျော်ရွှင်ပါတယ်။ သူ့ကို ဂရုစိုက်တယ်လို့ ထင်ပါတယ်။ သူ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုခြင်းခံရလို့ သူ့စိတ် ပျော်ရွှင်ပြီး ဆက်လက်ပါဝင်ရေးသားပြောဆိုနေခြင်းဖြစ်ပါတယ်။

၃။ Online Obsessive-Compulsive Personality Disorder ( The Grammar Nazi)
 အင်တာနက်ပေါ်မှာ စာပေါင်းများစွာရေးသော်လည်း စာလုံးပေါင်း သတ်ပုံ၊ သဒ္ဒါနဲ့ ဝါကျဖွဲ့စည်းပုံ မှန်ကန်ချင်မှ မှန်ကန်ပါမယ်။ အင်တာနက်ဆိုတာ စာအရေးအသားနဲ့ သဒ္ဒါကို ဂရုပြုစရာမလိုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရေးချင်သလိုရေးပါတယ်။
အခြားသူတစ်ဦးတစ်ယောက်ရေးထားတဲ့ စာတစ်ပုဒ်ဟာ သပ်ရပ်မှန်ကန်နေတယ်ဆိုရင် မိမိစိတ်မှာ စိတ်ရှုပ်ထွေးမှုတွေဖြစ်လာတဲ့ စိတ်သဘောပါ။
 ၄။ Munchausen by Internet ( The Sob Story Teller)
 အင်တာနက်ပေါ်မှာ တကယ့်ကို အပြစ်ကင်းပြီး (နုံအ လှပြီး) အမြဲတမ်း ဝမ်းနည်းကြေကွဲစရာအဖြစ်တွေ ရှိနေသူပါ။ သူ့ဆီမှာ တစ်နေ့တစ်မျိုး ဝမ်းနည်းစရာအဖြစ်တွေ ၊ သူ့ကို သနားစရာအဖြစ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ရှိနေပါတယ်။
သနားကြင်နာမှုများနဲ့ သူ့ကို နွေးထွေးစွာ ကြောင်ပေါက်စပုံလေးများ ပို့ပေးခြင်း ၊ ပန်းစည်းပုံများပို့ပေးခြင်းစသည်ဖြင့် အားပေးစကားများပြောကြားပါတယ်။ များမကြာမီမှာပဲ သူ့ဆီက သူ့အချစ်ဆုံးသူငယ်ချင်း ကွယ်လွန်သွားခြင်း (သို့မဟုတ်) သူ့မိဘ တစ်ဦးဦးကွယ်လွန်သွားခြင်း စတဲ့ ဝမ်းနည်းဖွယ် ဇာတ်လမ်းများ ထပ်ကြားရပါဦးမယ်။ သူ နေမကောင်းဘူးလို့ဆိုတာလည်း ကြားပါမယ်။ တကယ်လို့များ သင်က သူ ဟန်ဆောင်နေတာလို့ သံသယဖြစ်ပြီး စုံစမ်းမိတဲ့ခါ တကယ်ဖြစ်နေတာတွေ့ရှိရရင် သင့်ကိုယ်သင် နောင်တရပါဦးမယ်။
 ပြင်ပမှာတော့ Munchausen Syndrome လို့ခေါ်ပါတယ်။ သူ့စိတ်ထဲမှာ ဒီဝမ်းနည်းကြေကွဲဖွယ်တွေကို ခံစားလာရတာ အချိန်ကြာမြင့်လာပြီးနောက် အခြားသူများရဲ့ သနားကြင်နာမှုကို ရရှိလိုတဲ့အတွက် ဂရုစိုက်ခံလိုခြင်းပဲ ဖြစ်ပါတယ်။
 ၅။ Low Forum Frustration Tolerance ( The Frantic Browser Reloader)
 ခေါင်းစဉ်အသစ်၊ စိတ်ဝင်စားစရာကောင်းတဲ့ စာတစ်ပုဒ်ကို သပ်ရပ်ကောင်းမွန်စွာ ရေးသားလိုက်ပြီး forum post မှာတင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ကိုယ့် post အပေါ်မှာ အခြားသူများရဲ့ ထင်မြင်ချက်များကို စောင့်ကြည့်ပါတယ်။ ၅စက္ကန့် တစ်ခါလောက် F5 ကိုနှိပ်ပြီး page ကို refresh လုပ်ပြီး ကိုယ့်စာအပေါ်မှာ comment ရှိ၊ မရှိ စောင့်ကြည့်ပါတယ်။
မည်သူတစ်ဦးတစ်ယောက်ကမျှ comment  ရေးသားခြင်း မရှိသေးဘူးဆိုရင် ဘယ်လိုလဲ...ဘယ်သူမှ မရှိကြဘူးလား။ ဘယ်သူမှ ထင်မြင်ချက်မပေးနိုင်ကြဘူးလားလို့  စိတ်မရှည်ဒေါသဖြစ်လာသူပါ။
 ပြင်ပမှာတော့ Low Frustration Tolerance လို့ခေါ်ပါတယ်။ ၇ နှစ်သားအရွယ် ကလေးတစ်ယောက်က ကစားစရာ ကားရုပ်ကလေးကို လိုချင်လို့ အော်ဟစ်နေတာနဲ့ ဥပမာပြပါတယ်။ လက်ရှိအခြေအနေကို မကျေနပ်၊ စိတ်မရှည်သူပါ။
ချက်ချင်းတုံ့ပြန်ချီးမွမ်းမှုကို လိုချင်တဲ့ သည်းမခံတတ်သူများပါ။
  ၆။ Online Intermittent Explosive Disorder ( The Thin-Skinned Rage-o-holic)
 အင်တာနက် စာမျက်နှာပေါ်မှာ အသေးအဖွဲကိစ္စလေးကို ဒေါသတကြီး ဖြစ်တာပါ။  ဟမ်ဘာဂါဆိုင်က မိမိဝယ်တဲ့ အိတ်ထဲမှာ အာလူးကြော်ကို ထည့်ပေးလိုက်ဖို့ မေ့သွားတာကို မိမိတစ်အိမ်လုံး အသတ်ခံရလို့ စိတ်ခံစားမှုဖြစ်သလိုမျိုး အင်တာနက်ပေါ်မှာ ရေးတာမျိုးပါ။
 ပြင်ပမှာတော့ Intermittent Explosive Disorder လို့ခေါ်ပါတယ်။
ပြင်ပမှာ အခြားသူများကို စိတ်ဆိုးဒေါသဖြစ်တဲ့အခါမှာ အော်ဟစ်ပြောဆိုလိုက်ဖို့ကို ကြောက်ရွံ့တဲ့စိတ်ဟာ အင်တာနက်ပေါ်မှာ ပေါက်ကွဲထွက်တာမျိုးပါ။ ထူးဆန်းတာကတော့ keyboard မှာ Caps Lock ကိုဖွင့်ထားပြီး စာလုံးအကြီးများနဲ့ မော်နီတာပေါ်မှာ ရေးသားကာ စိတ်တိုဒေါသကြီးနေသူကတော့ ရုံးခန်းထဲက အလုပ်စားပွဲမှာ အေးအေးသက်သာ ကော်ဖီသောက်ရင်း၊ ဘေးနားက လုပ်ဖော်ကိုင်ဘက်နဲ့ အေးအေးဆေးဆေး စကားပြောနေရင်း ရေးသားနေတာ ဖြစ်တတ်ပါတယ်။
  အင်တာနက်ဟာ အံ့သြစရာကောင်းလောက်အောင် အကျိုးကျေးဇူးများသလို အံ့သြစရာကောင်းတဲ့ လူတွေအဖြစ်ကိုလည်း ရောက်ရှိသွားစေနိုင်ပါတယ်။
 (ကိုးကား ။  Jonathan Kimak ၏ 6 new personality disorders caused by the Internet )

ဟနစံ

၃၃ လမ်းကျဉ်းလေး “ခင်လွန်း ”

Photobucket
( ၃၃ လမ်း၊ လွမ်းဖွယ့်အတိတ်၊ ချစ်သူတို့၏ပုံရိပ်များ)

                                                      ၁။
ညနေ ညနေ .... စည်တယ်လေ စည်တယ်လေ...... ရီဝေေ၀ ရီဝေေ၀
                                ..........
    ညနေလေးစောင်းပြီဆိုရင်တော့ သည်လမ်းလေးထဲက ကဖေးဆိုင်လေးသည်လည်း ပါရီမြို့က ကဖေးများလို လူဝင်လူထွက်များလာလေသည်။ ဟိုမှသည်မှတဖွဲဖွဲ ၀ဲပျံကျလာသည့် ငှက်ငယ်လေးများ နှယ်ဖြစ်သည်။ ခဏနေတော့ လမ်းကျဉ်းလေးသည် ထိုငှက်အုပ်ကြီးများနှင့်ပြည့်နှက်သွားပြီး အသံများ အရုပ်များသည်လည်း ပိုမိုသက်ဝင်လာလေသည်။
    ငြိမ်းချမ်းရေး၊ သစ္စာ၊ အနာဂတ်နှင့် အာရုံခံစားမှုအမြင့်ပျံငှက်များ။

    သည်နေရာလေးက ပါရီက ကဖေးများလို အသားကင်နံ့သွေးစိမ်းနံ့တို့ဖြင့် ညှီစို့နေခဲ့သည်တော့ မဟုတ်။ လမ်းသားများဝတ်ပြုကိုးကွယ်ရာ ဓမ္မရုံလေး၏မျက်နှာစာဘက်တွင် လေးထောင့်စပ်စပ် စားပွဲ တလုံး မှန်ကာရှိုးကေ့စ်လေးတခုဖြင့် ကဖေးဆိုင်လေးကို အကျဉ်းရုံးထား၏။ စားပွဲခုံပုလေးများကတော့ လမ်းတဖက်တချက်စီမှာ ပြန့်ကျဲလျက်။
    အချိုခြောက်နှပ်ထားသည့် ဒန်ကရားတလုံးက တညီးညီးထနေသည့်မီးသွေးဖိုပေါ်မှာ ပွက်ပွက် ဆူထနေပြီဆိုရင်တော့ စားပွဲခုံပုလေးမှာ ကိုယ့်ဝိုင်းနဲ့ကိုယ် မျောနစ်နေတတ်သည့် စကားသံတို့သည် လည်း တစီစီ လှိုင်လို့ ဝေလို့လေ။
    ဒါကိုပင် “လေထန်ကုန်း”လို့ တယောက်က ၀ိဂြိုဟ်ပြုလိုက်ပုံရပါရဲ့။ နောက်တော့လည်း လေ ထန်ကုန်းဆိုသည့်အမည်လေးနှင့်ပင် အားလုံးအသားကျသွားခဲ့ကြပါပြီ။

    သည်နေရာလေးသို့ မြန်မာပြည်တနံတလျားက စာချစ်သူကဗျာချစ်သူ အနုပညာမြတ်နိုးသူတို့ တခုတ်တရ လာတတ်ကြသည်။ မှတ်မှတ်ရရ ချိန်းချက်ဆုံတွေ့ကြသည်။ မြစ်များချောင်းများသည် ခရီး မိုင်ပေါင်းများစွာကို မောကြီးပမ်းကြီး ဖြတ်သန်းလာခဲ့ကြရင်း ပင်လယ်ထဲသို့ စီးဝင် ပေါင်းစည်းလာကြ သည့်ပမာ အနယ်နယ်အရပ်ရပ်မှ စာသမားကဗျာသမား၊ ပန်းချီဆရာ၊ ဂီတတပ်မက်သူ စသည်စသည် တို့သည် လေထန်ကုန်းသို့ တသွင်သွင်စီးဝင်လာတတ်သည်မှာ အမျှင်ပြတ်သည်မရှိ။ (ဆရာကြီးဒဂုန် တာရာ၏စကားနှင့်ဆိုရသော် ပျားအုံခံစားမှု)။
    “အနုပညာမှော်ရပ်ဝန်း”လို့ ပြောရမည်လားမသိ။ သည်မှာက ကဗျာမှော်အောင်တဲ့လူ၊ ပန်းချီ မှော်အောင်တဲ့လူ၊ ဂီတမှော်အောင်တဲ့လူတွေ စုတတ် ဝေးတတ် မွေ့လျော်တတ်သည် မဟုတ်လား။
    လမ်းသားများကတော့ သည်လိုညနေချိန်ဆိုလျှင် စားပွဲဝိုင်းများကိုဖြတ်၍ ကိုယ့်အိမ်ကိုယ် ပြန် ရသည်ပင် ရှိန်းဖိန်းထစ်ငေါ့နေလေသည်။

    စားပွဲဝိုင်းတနေရာမှာတော့ ဇာတ်ညွှန်းသမားတဖြစ်လဲ ကဗျာဆရာက သူထိုင်နေသည့် ၀ိုင်းကို ရှင်းဖို့ လုပ်နေသည်။ စားပွဲထိုးချာတိတ်လေး ငွေရေတွက်လို့မပြီးသေးခင်မှာပင် သူ့ သူငယ်ချင်းကဗျာ ဆရာတယောက်က မတို့မထိဘဲရှိနေသေးသည့် ငါးသုံးလုံးစီးကရက်တလိပ်ကို နှုတ်ခမ်းဖျားပေါ် ကောက်ယူတင်လိုက်သည်ကို တွေ့လိုက်ရသည်။ ဒါကိုမြင်သည့် ဇာတ်ညွှန်းဆရာကလည်း သူ့ဇာတ် ညွှန်းထဲက မင်းသားတယောက်လို ပခုံးတချက်တွန့်လိုက်တာလည်း လှမ်းမြင်နေရသည်။
    တဖက်ဝိုင်းမှာတော့ ခွာသံပြင်းပြင်း ခရမ်းပြာမြင်းရိုင်း ကဗျာဆရာအကျော်အမော် အောင်ဝေး၊ ဆရာကြီးဂျက်အမည်နာမနှင့် အထာကျနေပြီဖြစ်သည့် မောင်သာချို၊ မြားနတ်မောင်လေး ဒေါက်တာ လွဏ်းဆွေတို့က မြစ်ဝကျွန်းပေါ်မှအုပ်ဖွဲ့ပျံသန်းလာသည့် ကဗျာဆရာလေးများနှင့် ရင်ချင်းဆက်နေကြ သည်။
    ခပ်လှမ်းလှမ်းစားပွဲဝိုင်းမှာက “မျိုးညွန့်” လို့ပန်းချီရေးပြီး “မောင်ဒီ”လို့ ကဗျာတွေ စာတွေပါရေး သည့် မော်ဒန်ပန်းချီဆရာက အာဖရိက ကင်ညာနိုင်ငံမှာ မိချောင်းသွားဖမ်းလိုသည့် သူ၏ရောမန္တိက (စိတ်ကူး) ကို ၀တ္ထုတိုသာမက၊ ကဗျာပန်းချီ စသည်တို့ကို ဖန်တီးမွေ့လျော်တတ်သူ ဆရာမ မိုချာ့နှင့် ခက်မာတို့အား စိတ်ထက်သန်စွာ ပြောပြနေပုံရသည်။ ဆရာဒီက သူ့ရောမန္တိကကို လူတိုင်းကိုမပြောဟု ဆိုလေ့ရှိသော်လည်း လေထန်ကုန်းမှာတော့ လူတိုင်းလိုလိုသိနေကြပြီဖြစ်သည်။ အာဖရိကန်သားတွေ လို ကိုယ်အပေါ်ပိုင်းဗလာကျင်းလျက် အောက်ပိုင်းတွင်နံငယ်ပိုင်းလေးပတ်ကာ လှံရှည်တချောင်း ကိုင်လျက် မြစ်ကမ်းနဖူးပေါ်မားမားကြီးရပ်၍ မိချောင်းထိုးရန်စောင့်နေသည့် ပန်းချီဆရာ၏ ရုပ်ပုံလွှာ ကို ထိုဝတ္ထုဆရာမလေးနှစ်ဦးကလည်း စိတ်ကူးဖြင့် ပုံဖော်ကြည့်နေသည်လားမသိ။ ငြိမ်လို့။
    မန္တလေးသား ကဗျာဆရာအောင်ဘညိုကတော့ ရင်ဘတ်ကြီးကိုဆွဲဖွင့်လိုက်ပြီး သူ့ဘယ်ဘက် ရင်အုံပေါ်က အာဖရိကဗုံသံတွေကို ပင်လယ်အော်သံလို လှိုဏ်သံထအောင် အော်ဟစ် ရွတ်ဆိုပြနေ လေသည်။
    သည်လမ်းကျဉ်းလေးထဲမှာပဲ မဂ္ဂဇင်းအယ်ဒီတာတွေ၊ စာအုပ်ထုတ်ဝေသူတွေ၊ တေးစီးရီးထုတ် လုပ်သူတွေ၊ တေးရေးဆရာတွေ၊ ပန်းချီဒီဇိုင်းသမားအကျော်အမော်တွေ၊ ပေါ့ပ် ရော့ခ် ဟဲဗီးမက်တဲလ် စသည့်စသည့် ဂီတ ကြယ်ပွင့်တွေ။
    သည်လမ်းကျဉ်းလေးထဲသို့ တချို့က “လာ၊ဟူး၊ ကြာ” ဟုရက်သတ်မှတ်ကာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များသာ လာရောက်သူများလည်းရှိသည်။ ထိုလိုနေ့မျိုးတွင် “ဆရာမြ”ဟု တလေးတစား ခေါ်ကြသည့် ဆရာမြသန်းတင့်ကိုလည်း တွေ့ရတတ်သည်။ ဆရာတာရာ (ဒဂုန်တာရာ)လို ရန်ကုန်မြို့ မှ မိုင်ပေါင်းများစွာဝေးသည့်နေရာတွင် အဝေးစံနေသော ငြိမ်းချမ်းရေးအမှတ်အသားများပင် သည်နေ ရာ သည်လမ်းကျဉ်းလေးသို့ တမင် တကူးတကန့် ရောက်လာတတ်သည်။ မျိုးဆက်သစ်လူငယ်တွေနှင့် ၀ိုင်းဖွဲ့ရင်ခုန်တတ်သည်။ သမိုင်းလက်ဆင့်ကမ်းတတ်သည်။ ခေတ်ပြိုင်ခံစားမှုကို ပွေ့ဖက်သည်။ သည် လမ်းလေးသည် တနည်းအားဖြင့်တော့ ပင်မရေစီးသဖွယ်လည်း ဖြစ်နေသည်။
    ဒါဟာ လေထန်ကုန်းရဲ့ရင်ခုန်သံ၊ လေထန်ကုန်းရဲ့နိမိတ်ပုံ၊ လေထန်ကုန်းရဲ့သင်္ကေတ၊ လေ ထန်ကုန်းရဲ့ ခေတ်ပြိုင်ခံစားစီးဆင်းမှု။
 ပြောရလျှင်တော့ သည်နေရာလေးသည် ပင်လယ်နှင့်လည်း တူသည်။ လွတ်လပ် ကောင်းကင် နှင့်လည်းတူသည်။ ဇာတ်ကောင်တွေအမြောက်အမြား ပါဝင်ကပြရသည့် ဘရော့ဝေး ပြဇာတ်ရုံကြီးနှင့် လည်း တူသည်။ သဘာဝတရားကြီးကိုအခြေခံထားသည့် တဂိုး၏သျှန်တိနိကေတန် အနုပညာကျောင်း နှင့်လည်းတူသည်။ သည်နေရာလေး၌ သူရဲကောင်းတွေလိုမျက်ရည်ကျခဲ့ကြပြီး သူရဲကောင်းတွေလို အော်ဟစ်ရယ်မောခဲ့ကြသည်။  
    သည်နေရာလေး၌ ပင်လယ်လိုပေါင်းစည်းကြပြီး ပင်မသွေးကြောများလို ခက်ဖြာပျံ့နှံ့ သွားကြ သည်။

    ညနေလေး ရင့်အိုလာချိန်ဆိုရင်တော့ အသွင်တူငှက်များအုပ်စုဖွဲ့ပျံသန်းကြတော့သလို သည် လမ်းလေးမှသည် တနေရာရာများဆီသို့ ဦးတည်ကာ အလျှိုလျှိုထွက်သွားကြလေသည်။
    တချို့ဘားလမ်း၊ တချို့ပန်းဆိုးတန်း၊ တချို့ ၄၂ လမ်း၊ တချို့ ရှေ့ဆယ်စုနှစ်များဆီက ကြယ် တာရာများဖြစ်ခဲ့ကြသည့် မောင်လေးအောင်၊ ဖော်ဝေး၊ ရွှေမောင်မောင်တို့ ၀ိညဉ်လိပ်ပြာများ စွဲကပ် ကျန်ရစ်ရာလည်းဖြစ် မောင်သင်းခိုင်၊ မောင်ညီညွတ်၊ ကိုနောင်ကြီး(စစ်တွေနောင်လတ်)၊ ကိုညွန့်သစ် တို့ စက်ကျရာ ပုဇွန်တောင်သံလမ်းဘက်ဆီသို့။
    ညနေညနေဆိုလျှင်တော့ ဒီလိုပဲလေ ရီဝေေ၀ ရီဝေေ၀။

                                             ၂။

ကဗျာဆရာအောင်ဝေးက သူ့ဇနီးချောလေး ယာမာဂူချီခင်ဆွေရီ၏ ဘ၀အမောများအတွက် အားပေး ထွေးသိပ်သည့် ကဗျာတပုဒ်တွင် သည်လိုရေးခဲ့ဖူးသည်။
   
ခင်ဆွေရီရေ.. တဲ့။ “ ဘ၀ဆိုတာ လှပစွာ ဆင်းရဲတတ်ဖို့ပဲ လိုတယ် ” တဲ့။
သည်နေရာလေး၌ သူတို့သည် လှပစွာဆင်းရဲ တတ်ခဲ့ကြသည်။ သည်နေရာလေးမှာပင် ချစ်သူတွေချင်း တယောက်ရင်ဘတ် တယောက် ဆွဲဖွင့်ကြသည်။ တယောက်နှင့်တယောက် ရင်ချင်းဆက်ခဲ့ ကြသည်။ ကိုင်းကူးဆက်ဖြာခဲ့ကြသည်။ ၀တ်မှုန်ကူးခဲ့ကြသည်။ လိပ်ပြာကူးခဲ့ကြသည်။ တယောက်အိပ်မက်ကို တယောက် ဖွင့်ဖတ်ခဲ့ကြသည်။ တယောက်လက်ကိုတယောက်ကမ်းရင်း လမ်းတိုင်းကိုဖွင့်၊ ပန်းတိုင်းကို ပွင့်စေခဲ့ကြပါသည်။
    လက်တဖက်ဖြင့် အနာဂတ်ကိုလှမ်းဆွတ်ခူးချိန်တွင် ကျန်တဖက်က ပစ္စုပ္ပာန်ကို လွတ်ကျခဲ့ကြ သည်။ ထမင်းမေ့ဟင်းမေ့ ငွေကြေးဥစ္စာ ရုပ်ဝတ္ထုပစ္စည်းတွေ သားသမီးဇနီးမယား မိဘတွေ အိမ်မှာအိုး မှာ ရိက္ခာမပြည့်မ၀ဖြစ်ရခြင်းတွေကို မေ့လျော့ခဲ့ကြသည်။ သို့မဟုတ် မေ့ပစ်ရစ်ခဲ့ကြသည်။

    ဆရာမောင်ဒီက “ သိန်းငှက်တို့၏သဘာဝ ” ဆိုသည့်ကဗျာကို သည်လိုဖွင့်ခဲ့သည်။
       
    “ သိန်းငှက်ပျိုတို့ရဲ့ဘ၀အစဆိုတာ
    ဟိုးသစ်ပင်အမြင့်ကြီးတွေဆီကနေ
    အောက်ကို ခုန်ချလိုက်တာပဲ ... ” တဲ့။

    သည်လိုပါပဲ၊ အနုပညာဆိုသည့် နက်ရှိုင်းလွန်းလှသည့် ချောက်ကမ်းပါးကြီးထဲသို့၊ လွတ်လပ် ကျယ်ပြောသည့် လဟာပြင်ကြီးထဲသို့ ခံစားမှုအာရုံသစ်ကို ရှိုက်မက်ကြီးစွာရှာဖွေရန် ခုန်ချပျံသန်းခဲ့ကြ သူများလည်း ဖြစ်သည်။
    တခါတခါတော့လည်း ချစ်သူတွေချင်းပဲ ရန်ဖြစ်ကြပြန်ပါသည်။ တယောက်က အနုပညာဆို တာ ပြည်သူတွေအတွက်ဆိုသည့် အလံကိုလွှင့်ထူလိုက်သည့်အချိန်၊ တယောက်က အနုပညာဆိုတာ အနုပညာအတွက်ပါလို့ အလံလွှင့်တင်လိုက်သည့်အချိန်မျိုး။ သည်စဉ်မှာပဲ တနေရာက အနုပညာဆို တာ ဘယ်သူ့အတွက်မှမဟုတ်ပါဘူး ဆိုသည့် အလံကို တင်လိုက်ကြပြန်တာမျိုး။
    သည်နေရာတွင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေလည်းရှိ။ အဖြေတွေ မေးခွန်းတွေ အငြင်းအခုံတွေ လည်း ရှိသည်။ ကာရန်ရှိနှင့် ကာရန်မဲ့၊ အသစ်နဲ့အဟောင်း။ လွတ်လပ်ကာရန်၊ မော်ဒန်ပိုထရီ။ ပို့စ် မော်ဒန်ပိုထရီ စသည်စသည်ဖြင့် ခြေလှမ်းများ အသံများ လမ်းသစ်လမ်းဟောင်းများ ရနံ့သစ် ရနံ့ ဟောင်းများ။
    တချို့က ရင်ခုန်ပေါက်ကွဲပွင့်အန်ကြ။ အချို့က တိုးတိတ်တိတ်ဆိတ် ပုရောဟိတ်ဟန်၊ အကဲ ဒမစ်ဆန်ဆန်။ သည်လိုနှင့် အသွင်တူချင်းတွေ တကိုင်းတည်းနားကြ၊ တအုပ်တည်း ပျံသန်းကြ။ သံပြိုင် တေးဆိုကြ။ မျက်နှာချင်းဆိုင်ခဲ့ကြ။ ကျောချင်းခိုင်းခဲ့ကြ။ မျက်လုံးချင်း ဆုံခဲ့ကြ။ မျက်လုံးချင်း လွှဲခဲ့ကြ။
    ကိုချောနွယ်ရဲ့ စစ်ပြီးခေတ်ပြဇာတ်မင်းသားဟန်နဲ့ ခနဲ့တဲ့တဲ့ ဒိုင်ယာလော့တွေ။ ရွှေလမင်း (ကဖေး)ဂူဝမှာ ခြင်္သေ့ထိုင်ထိုင်ပြီး လောကကြီးကို ဈာန်သမာပ္ပတ်ဝင်စားနေပုံမျိုးနှင့်နေတတ်သည့် ဆရာအောင်ချိမ့်၏ အနုပညာယုံကြည်မှုမာန ဆေးသားထူထူတွေ။ ရေဆေးပါးပါး ကြည်ကြည်လေးကို အကြည်ဓာတ်နှင့်ရေးတာပါဆိုသည့် မျက်မှန်ထူထူအောက်က မျက်လုံးကြည်ကြည် ဖိတ်ဖိတ်တောက် နေသည့် ပန်းချီကျော်မုတ်သုန်၏ အပြုံးရိပ် လွင်လွင်တွေ။
    အားလုံးကတော့ သောကပရိဒေ၀တွေကို အနုပညာသစ္စာတခုမှာသာ အရင်းတည်ပြီး ဘ၀ကြီး တခုလုံး ပုံအောပေးဆပ်နေကြသူများ၊ အနာဂတ်ကို ချစ်မက်မျှော်လင့်နေကြသည့် သူတို့၏အာရုံခံစားမှု ပုံရိပ်လွှာများ။
    လက်တဖက်က အနာဂတ်ကိုလှမ်းဆွတ်ခူးနေချိန်တွင် ကျန်လက်တဖက်ကတော့ဖြင့် ပစ္စုပ္ပာန် ကို လွတ်ကျနေခဲ့ကြရပုံများ။

တချို့ကတော့ ပင်ကိုယ်အရိပ်အာဝါသကောင်းကောင်းအောက်က လမ်းလျှောက်ထွက်လာ ကြသူများပီပီ လေဒဏ်မိုးဒဏ် နေလောင်ခံရတာတွေက အပယိက။ များသောအားဖြင့် ဘ၀များက မိုး ထဲလေထဲ မုန်တိုင်းများထဲက လယ်ထဲချောင်းထဲ ပက်ကြားအက်ထဲက။ မြို့ပြ၏မွန်းကျပ်မှု ဂယက် ၀ဲသြဂမှ။
    သည်လိုနှင့် သူတို့၏အနုပညာတွေနှင့် သူတို့ကိုယ်သူတို့ ထွန်းညှိခဲ့ကြ။ လောကကို ထွန်းညှိခဲ့ကြ။ အနာဂတ်ကို လင်းဖြာဝင်းပစေခဲ့ကြ။ စုန်ရင်းဆန်ရင်း မာနကြီးရင်း၊ ငတ်ရင်းပြတ်ရင်း သောက်ရင်းမူးရင်း ဝေခဲ့ကြ၊ ကြွေခဲ့ကြ။
မည်းညစ်နံဟောင်စုတ်ပဲ့နေတော့သည့် မိုးကောင်းကင်ကြီးကို တွန်းရွှေ့ဖျက်သိမ်းပစ်ဖို့ ကြိုး ပမ်းနေကြ ကြိုးပမ်းခဲ့ကြသည်လေ။
    ရွှေကြည်အေး၊ ၃၃ လမ်းထိပ်က ရေတမာပင်ရိပ်လေး၊ လေထန်ကုန်း။
အချိန်ကာလများ၊ လူပုဂ္ဂိုလ်များ၊ ခေတ်များ၊ တဖြည်းဖြည်း ရွေ့လျားပြောင်းလဲသွားသော်လည်း ၃၃ လမ်းကျဉ်းလေးကတော့ အနာဂတ်ကို လှမ်းမျှော်ခူးဆွတ်နေကြဆဲ။

                                           ၃။

    ၃၃ လမ်းကျဉ်းလေးကား အတိတ်တွင် မှုန်ရီလျက်။

အနာဂတ်ကိုယုံကြည်၊ အာရုံခံစားမှုကိုတပ်မက်၊ သူတို့ရဲ့အိပ်မက်တွေကိုလောကအတွက် ပန်းတွေလို ဖူးခဲ့ပွင့်ခဲ့ကြ။ လမ်းတွေဖောက်ခဲ့ကြ။ မည်းညစ်ပိတ်မှောင် နှောင်တည်းချထားသည့် ကောင်းကင် ကြီးကို ဟင်းလင်းပွင့်သွားအောင် သူတို့နှလုံးသားတွေနဲ့ အားကုန်ဆွဲဖွင့်ခဲ့ကြ။
   
    သည်လမ်းလေးထဲမှာပဲ တချို့က အစွမ်းကုန်ထွန်းပလင်းလက်နေဆဲ။ အချို့က ကြယ်ပွင့်လေး  များကြွေသလို ကျွမ်းလောင်ကြွေပျက်ခဲ့ကြ။ တချို့လည်း ငှက်ငယ်လေးများ အိပ်တန်းပျောက်ခဲ့ကြသလို သည်နေရာလေးမှ ပဟေဠိဆန်စွာ ပျောက်ကွယ်သွားခဲ့ကြ။ ကာလအတော်ကြာမှ ရင့်ကျက်တည်ကြည် စွာ ပြန်လည်ရောက်ရှိလာခဲ့ကြ။
    တချို့သက်လုံမကောင်းနိုင်ခဲ့သူတွေ ကိုယ်ခံအားနည်းသူတွေကျတော့လည်း သည်နေရာလေး ကနေ မသိမသာ ဖယ်ကြဉ်ထွက်ခွာသွားခဲ့ကြရာမှ တစစ ထာဝရ ပျောက်ကွယ်သွားခဲ့ကြ။
    လမ်းကျဉ်းလေးကတော့ သူ့ပခုံးပေါ်မှာ မိုးထဲလေထဲ မုန်တိုင်းတွေထဲက ရာသီမရွေး ပျော်ရဲသူ တွေကို သယ်ပိုးရင်း သမိုင်းခေတ်များကို စီးဆင်းဖြတ်သန်းနေဆဲလေ။
    အမှောင်ခေတ်ကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ်ထွန်းညှိရင်း အနာဂတ်ကိုလင်းလက်စေခဲ့ကြသူများ။

    ၃၃ လမ်း၊ လွမ်းဖွယ်အတိတ်၊ ချစ်သူတို့၏ပုံရိပ်များ ...

“ ကြယ်တွေကြွေသွားကြတယ်ဆိုပေမယ့် သူတို့ရဲ့အလင်းရောင်တွေက ကမ္ဘာမြေမှာ နှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့စမြဲပဲလေ”

ခင်လွန်း

Twitter Delicious Facebook Digg Stumbleupon Favorites More