လိပ်ပြာမျှားသူ

Photobucket

ဒီနေ့တော့ ညည်းအစ်ကိုကြီးရဲ့အိမ်ဆီ အမေ့ကို မဖြစ်မနေ ရွှေ့ပြောင်းသယ်ယူကြဖို့ အလောတကြီး စီစဉ်နေကြလေရဲ့။

အမေကတော့ ညည်းသိတဲ့အတိုင်းပေါ့။ ခေါင်းမာမာနဲ့ အာခံငြင်းဆန်နေတုန်းပဲ။ ဒါပေမယ့် အမေ့ရဲ့ ငြင်းဆန်မူယာတွေက တစစနဲ့ လေးအီအားလျော့လာနေတာလည်း ကိုယ်တိုင်သိနေပါရဲ့။

တကယ်တော့ ညည်းတစ်ယောက် အမေ့ရင်ခွင်ကို ခြေစုံကန်၊ ပျံထွက်သွားတဲ့ အချိန်ကတည်းက အမေတစ်ယောက်တည်း မနေသင့်တဲ့အကြောင်း တစ်ရွာလုံးက နားချတိုက်တွန်း လာခဲ့ကြတာပါ။ ညည်းရဲ့ အစ်ကိုကြီးကလည်း တောင်းပန်လိုက်၊ အကြပ်ကိုင်လိုက်နဲ့ အမေ့ကို သူ့အိမ်ဦးခန်းမှာ တင်ထားပြုစု ခွင့်ရအောင် အခွင့်သာတိုင်း ကြိုးစားနေပြန်တာ။ ညည်းအစ်ကိုကြီးရဲ့ စေတနာကို နားလည်စာနာမိပေမယ့် အမေကတော့ ဒီနေ့အထိ တင်းခံနေမိတုန်းပဲ။ ဒီအိမ်ကလေးကနေပြီး ခြေတစ်ဖ၀ါးစာ လှမ်းခွာသွားဖို့တောင် အမေ့စိတ်မှာ တစ်ကြိမ်တစ်ခါမျှ အတွေးမ၀င်ခဲ့စဖူး။

အမေ...ခုလိုနာဖျားမကျန်းရှိလာခဲ့တော ညည်းအစ်ကိုကြီးခမျာ ပင်ပမ်းရှာပါတယ်။ လယ်ထဲအလုပ်ဆီ အပြေးအလွှား သွားလိုက်ရ။ အလုပ်ကမောမောနဲ့ ပြန်လာလို့မှ အေးအေးဆေးဆေး အနားမရသေးမီ ဖုတ်ဖက်ခါပြီး အမေ့ဆီ ပြေးလာပြုစုရ။ သူ့အိမ်သူနဲ့ သားသမီးတွေကလည်း တော်ရှာကြပါတယ်။ အမေ့အပေါ် ငြူစူစိတ်ကွက်ခြင်း အလျှင်းမရှိခဲ့ကြပါဘူး။ အမေ့အိမ်ပေါ်နေ့ညမပြတ် တက်ချည်၊ ဆင်းချည်ပြုကြလို့ ခြေးကလူ၊ သေးကလူကအစ အနွံတာခံကြ ၊ ပြုစုကြရှာတယ်။

``မင်းတို့တွေ ပင်ပမ်းလှတယ်´´

အမေ့နှုတ်က အားနာစကားဆိုမိတော့ မြေးတွေက...

``အေးဆေးပါ ဘွားရဲ့။ ဘွားသာ နေပြန်ကောင်းလာဖို့ ကြိုးစားပါနော်´´...တဲ့။
မျက်ရည် တလည်လည်ကြားက အမေ့မှာ ကျေနပ်ကြည်နူးစွာ ပြုံးနေမိတော့တယ်။ ညည်းအစ်ကိုကြီးကတော့...

``မိဘကို တလှည့်တပြန် ပြုစုလုပ်ကျွေးခွင့်ရတာ ကျွန်တော်တို့အတွက် နည်းတဲ့ကုသိုလ်လား အမေရဲ့။ ခုက တစ်အိမ်စီဖြစ်နေတော့ သွားရေးလာရေးက လှမ်းလှတယ်မဟုတ်ပေမယ့် တကူးတကန့်တော့ ဖြစ်နေတာပေါ့။ အမေသာ ကျွန်တော်တို့အိမ်မှာလိုက်နေနိုင်ခဲ့ရင် အမေ့ကို ဒီ့ထက်မက ပြုစုနိုင်ကြမှာ...။ အမေ့မြေးတွေလည်း ကုသိုလ်တွေ ပိုရကြမှာပဲ။ ဟုတ်တယ်မဟုတ်လား။´´

သူတို့အဖေရဲ့စကားကို သားသမီးတွေက တညီတညွတ်တည်း ထောက်ခံနေကြသေးရဲ့။ လိုက်လည်းလိုက်တဲ့ သားအဖ တတွေ...။

မြေးအငယ်ဆုံးကောင်က သူ့သွားကျိုးကျဲကျဲကလေးတွေ ပေါ်အောင်ရယ်ပြနေရင်း...

``ဘွား...သားတို့အိမ်ကို လိုက်ခဲ့နော်´´

....တဲ့။

``အင်း...နောက်တော့....တဖြည်းဖြည်းတော့.... ဘွားပြောင်းလာမှာပေါ့ မြေးရယ်´´

*****************

ဒီအိမ်ဝိုင်းလေးကို ညည်းတို့အဖိုးအဖွား၊ အမေ့ရဲ့ မိဘတွေဆီက မင်္ဂလာဦးလက်ဖွဲ့အဖြစ်ရခဲ့တာပေါ့
ညည်းတို့အဖေက ပျဉ်းကတိုးပတ်လည်တိုင်ကြီးတွေကစလို့၊ ထုပ်၊ ယောက်၊ ဒိုင်းမြားပါမကျန် သစ်၊ ၀ါး ပြည့်စုံအောင် စနစ်တကျ တွက်ချက်ပြီး လေး...ငါးနှစ်လောက် ကြာအောင် စိတ်ရှည်၊ လက်ရှည် စုဆောင်းခဲ့ရတာ။ အကြမ်းထည်လေးပြီးလို့ မိသားစုတွေ အိမ်ပေါ်တက်နေနိုင်ပြီဆိုမှ ဒီတစ်နှစ်မှာ ပျဉ်ကလေးကာထား။ လာမယ့်နှစ်မှာ သွပ်မိုးဖို့ လျာထား။

ရေနံအထပ်ထပ်ဝနေတဲ့ အမေတို့ရဲ့ နှစ်ထပ်ပျဉ်ထောင်အိမ် မည်းမည်းကလေး ပီပီပြင်ပြင်၊ ရုပ်လုံးပေါ်ပြီးစီးခ်ျိန်မှာ ညည်းအစ်ကိုကြီးတောင် လူပျိုပေါက်အရွယ်ရောက်စပြုခဲ့ပြီလေ။

ဒီအိမ်ကလေးမှာ ကျေနပ်ဂုဏ်ယူစွာနဲ့ အမေတို့မိသားစုတွေ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် အပူပင်မဲ့ နေခဲ့ကြဖူးတယ်။ ညည်းတို့ရဲ့ အဖေဟာလည်း ဒီအိမ်ကလေးမှာပဲ သေလွန်လို့ အမေတို့အားလုံးကို အပြီးအပိုင် နှုတ်ဆက်ခွဲခွာသွားခဲ့တယ်။

ညည်းရဲ့ အစ်ကိုကြီး အိမ်ထောင်ကျပြီး သူ့အိုးသူ့အိမ်နဲ့အခြေတကျ ဖြစ်သွားခဲ့တော့လည်း ညည်းနဲ့ အမေတို့ သားအမိနှစ်ယောက်တည်း တီးတိုးတိုင်ပင်ဖော်အဖြစ် ဒီအိမ်ကလေးထဲမှာ အတူတကွ ရှိနေနိုင်ခဲ့ကြတာပဲ မဟုတ်လား။

ညည်းကသာ ဒီအိမ်လေးကို အတွယ်တာမဲ့ စွန့်ခွာသွားရက်နိုင်ခဲ့ပေမယ့် ဒါ...ညည်းပိုင်ဆိုင်ရမယ့် အိမ်ကလေးပဲရယ်လို့ အားလုံးက အသိမှတ်ပြုထားကြတုန်းပဲ။

ဒါကြောင့်လည်း အထီးကျန်၊ အဖော်မဲ့ သက်ကျားအို အဖွားကြီးတန်မဲ့ ဒီအိမ်ကလေးကို အသက်ထက်ဆုံး ထိန်းသိမ်းစောင့်ရှောက်ချင်ခဲ့တာ ။ ပိုင်ရှင်ပြန်ရောက်လာတဲ့အထိ...။ ညည်း ပြန်လာချိန်အထိလေ...။

ဒါပေမယ့် ညည်းကတော့ အမေနဲ့ အိမ်ကလေးဆီ တစ်ခေါက်တစ်ကျေးမျှ ခြေဦးလှည့် ပြန်လာဖော်မရပါလား။

အမေကတော့ နေ့ဆက်မျှော်နေခဲ့တယ်။ ညည်းထွက်သွားတဲ့နေ့ကစလို့ ညည်းကလေး တစ်နေ့ပြန်လာလိမ့်နိုးနဲ့ တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့ မျှော်နေမိတယ်။

ဒါပေမယ့် အမေ့ဘ၀က မီးစာကုန်၊ ဆီခန်းလုနေပြီ။ ညည်းကတော့ ခုထိ..ရောက်မလာသေးပါလားဟယ်။

************

ညည်းတို့အဖေ ရှိစဉ်တုန်းက အမေ့ကို မကြာခဏ အပြစ်တင်ဖို့ရင်း အားမလိုအားမရ ဖြစ်ခဲ့ဖူးသေးရဲ့။

``ရီရီ...မင်းဟာ ရိုးလွန်းတော့ အ, တဲ့ဖက်ရောက်နေပြီ´´

...တဲ့။ အမေကလည်း အမေပဲလေ။ အမေက လူမှုဝန်းကျင်မှာ ထည်ဝါ၀င်ဆန့်မှုနည်းလှတာ မဟုတ်လား။ အိမ်တွင်းမှာသာ ကမ္ဘာတည်နေပြီး သိမ်းထုပ်သေချာမပျက်၊ အိမ်ဦးနတ်နဲ့ သားသမီးတွေ လိုအပ်သမျှ ဖြည့်စွမ်းခွင့်ရတဲ့ ဘ၀မှာ သာယာနေပျော်လှတာလေ။

`သားကို သခင်၊ လင်ကိုဘုရား´လို အထွဋ်ထားကိုးကွယ်ရင်း အမေဟာ ကိုယ့်ရွာ ကျဉ်းကျဉ်းကလေးအတွင်းမှာတောင် နှံ့စပ်အောင် လည်ပတ်သိမြင်နိုင်ခြင်း မရှိသူရယ်လို့ ညည်းတို့ အဖေက ပြစ်တင်ချင်ပုံရပါတယ်။

ဒါမေယ့် အမေကတော့ နာကျင်၊ ပြင်ဆင်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ရိုးအ,တာဟာ ရှက်စရာလို့ဖြင့် အမေတော့ မယုံကြည်နိုင်ပါဘူး။ လောကကို ရင်ဆိုင်ဖို့ရန် အမေ့မှာ ထူးခြားတဲ့ ခွန်အားတွေလိုမယ် မထင်ပါ။ ညည်းတို့အဖေက ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေကျပဲ မဟုတ်လား။ လေကဒဏ် အလှည့်အပြောင်းဆိုတာတော့ဖြင့် ယောင်လို့တောင် ကြိုတွေးပြင်ဆင် မထားမိပေါင်။

``ငါသာ မရှိတော့ရင် မင်းဘယ်လိုနေမလဲ သိရအောင် ခဏတဖြုတ်သေလို့ရရင် ငါ...သေကြည့်စမ်းချင်တယ်´´

ဒါပေမယ့် အမေတို့ လူ့ဘ၀မှာ ခဏတာမျှ သေလို့မရနိုင်တာလောက်တော့ အမေတွေးတတ်ပါသေးတယ်။ ညည်းတို့အဖေ လယ်ထဲဆင်းရင်း ပိုးထိပြီး ဆုံးပါးကွယ်လွန်ခဲ့ရတာဟာ အမေတို့မိသားစုကို တစ်ဘ၀လုံးစာ ခွဲထွက်ချန်ထားခဲ့ရတာမို့ အမေမှာ ယူကျုံးမရ၊ ငိုကျွေးမဆုံး။ ငိုဖို့တစ်ခုသာတတ်နိုင်တဲ့ အမေ့ကို ညည်းတို့အဖေဟာ တမလွန်၊ သေရွာကနေ စောင့်ကြည့်ငြိုငြင်နေဦးမှာလား မသိ။

``ငါသာမရှိရင် မင်းသားနဲ့ သမီးကို ဘယ်လိုရှေ့ဆောင်မလဲ´´

အဲဒီတုန်းကတော့ အမေ့ရဲ့ သားသမီးတွေဟာ သူတို့အဖေရဲ့ ဆုံးမသွန်သင်မှုအောက်မှာ လိမ္မာရေးခြားရှိကြသူတွေသာလေ။ အမေ့အဖို့ တစ်ခွန်းတစ်စ ၀င်ရောက်သွန်သင်ညွှန်ပြစရာ မလိုလောက်အောင် ပြီးပြည့်စုံလှပြီဟု အမေက ကျေကျေနပ်နပ် စိတ်အေးလက်ချ နေနိုင်ခဲ့တာပါ။

တကယ်တမ်းမှာလည်း အမေ ကံကောင်းခဲ့တယ် ဆိုရမှာပါ။ ညည်းတို့အဖေ ကွယ်လွန်ချိန်မှာ ညည်းတို့ အစ်ကိုကြီးက ထီးထီးမားမား၊ လူလားမြောက်လာကာ ၀န်းကျင်အလည်မှာ တွယ်ကျယ်ဝင်ဆန့် နေနှင့်ပြီလေ။ အမေတို့မိသားစုရဲ့ အခြေမပျက်ပြားရလေအောင် သူပဲ ဦးဆောင်၊ ဦးရွက်ပြုကာ ရှေ့ကကြိုရောက်နေနှင့်တော့တာ မဟုတ်လား။

*************

ကိုင်းမြက် အရော၊ အနှောထဲမှာ စပါးတစ်ပင်ကို အတော့်ကို မွှေနှောက်ရွေးချယ်ယူရမလောက် အစွမ်းအစမဲ့လှတဲ့ ဘုရားစူးလယ်သူမတွေဖြစ်တဲ့ အမေတို့သားအမိတွေအတွက် ညည်းတို့ အစ်ကိုကြီး ရှိနေသေးလို့သာ တော်တော့တယ်။

လယ်မြေတွေအားလုံးကို ညည်းအစ်ကိုကြီးလက်ထဲမှာပဲ ၀ကွက်အပ်လို့ အိမ်နောက်ကကျီထဲအရောက် ဖြည့်သွင်းပေးလေမှ အမေတို့သားအမိတွေက နှုတ်ဖျားကလေးနှင့် လှော်လှယ်ကာ ရောင်းဝယ်၊ ဈေးစကား ဆိုတတ်ကြသူတွေလေ။ ဒီနေရာမှာလည်း အမေက ညည်းရဲ့ နောက်မှာ အလှမ်းကွာဝေးနေခဲ့ပြန်တာပဲ။
ညည်းက မြို့ကျောင်းမှာ အလယ်တန်းအောင်လို့ မကောမကနဲ့ ရွာပြန်ရောက်လာခဲ့ပေမယ့် အမေ့ထက်တော့ အပုံကြီးလည်ဝယ်ချက်ချာလှတာပဲလေ။

``အမေ...အင့်´´

...ဆိုတော့လည်း ထွေထွေထူးထူး စစ်ကြောမနေပါဘူး။ အသာလင့်ကလေး ယူသိမ်းပေးထားလိုက်တာပဲ။

``အမေရေ..ပေးပါဦး´´

...ဆိုလာတော့လည်း ငြူစူဖို့ထက် သမီးရဲ့အရေး နှောက်နှေးသွားမှာကို သာလို့ တွေးပူနေမိသေးရဲ့။

ဒါကြောင့်လည်း သူတစ်စိမ်းတွေကို အမေ့ရဲ့ အိမ်ပေါ် မတိုင်မပင် ခေါ်တင်လာခဲ့တဲ့ ညည်းကို အမေ အပြစ်မတင်ရက်ခဲ့တာပေါ့။ ကိုယ်က ငြိုငြင်မိလျှင်တောင် ကိုယ့်မပြစ် ဖြစ်လေမလားလို့ တွေးပူလိုက်မိသေးတော့။

``သမီးတို့မှာ ရိုးရာက ပျောက်နေတာတဲ့ အမေရဲ့။ အဲဒါ ...ရိုးရာပြန်ဖော်ပေးဖို့ ခေါ်လာခဲ့တာ´´

``ဟင်...ဘယ်သူ့ ရိုးရာလဲ´´

``အော်...အဖေ့ ဘက်ကရိုးရာပေါ့´´

အမေတို့ အရပ်ဓလေ့ ရိုးရာ အစဉ်အလာတွေကိုတော့ အမေလည်း သိနားလည်နေပါသေးရဲ့။

အမေတို့ အဖိုးအဖွားတွေ လက်ထက်မှာကတည်းက ရိုးရာနတ်ကို တင်မြှောက်ပသ,ကြတဲ့ ဓလေ့မြဲခဲ့တာ ။ ဒီလို ရိုးရာနတ်ကို တင်မြှောက်ပသကြရတဲ့ ဓလေ့ အစဉ်အလာဟာ သားယောက်ျားလေးတွေ တစ်အိုးတစိမ် ထူထောင်ကြတဲ့အခါ တပါတည်းဆက်ခံကာ ဆက်ပြီး တင်ကြ ၊ မြှောက်ကြရလေ့မြဲ။ အမေတို့၏ ဘိုးဘွားအစဉ်အဆက်ရိုးရာဟာ အမေ့ရဲ့ အစ်ကို အကြီးဆုံးထံ ဆက်ခံစေခဲ့ပြီး နှစ်စဉ်မပျက် တင်သပူဇော်လာခဲ့တာပဲ နှစ်တွေကြာလှပေါ့။ သူ သေလွန်သွားတဲ့အခါ သူ့သားတွေ ဆက်ခံလိမ့်မှာပေါ့။

ညည်းတို့အဖေဘက်မှာတော့ ရိုးရာနတ်မရှိဘူးလို့ ပြောခဲ့ဖူးတာလေ။ ၀ါဝင်၊ ၀ါထွက် အချိန်တွေမှာ `ဦးရှင်ကြီး´နတ်တော့ တင်လေ့ရှိခဲ့ပါရဲ့။ ဒါလည်း သိပ်ပြီး တခမ်းတနား ဆာမကျယ်လှဘူး ဆိုရမှာ။ ကောက်ညှင်း၊ ထန်းလျှက်၊ အုန်းသီးစိတ်လောက်မျှသာပဲ။ တချို့တွေမှာဆို အဲဒါတွေအပြင် ငှက်ပျောသီး၊ ပေါက်ပေါက်ပွင့်၊ ကွမ်းဆေးလက်ဘက်တွေလည်း ပါအောင်ထည့်ရတာ တွေ့ဖူးရဲ့။

``အမေသိသလောက်တော့ ညည်းတို့အဖေဘက်မှာ ရိုးရာမရှိပါဘူးအေ..´´

``အမေကလည်း ခက်လိုက်တာ။ အရင်က မသိခဲ့လို့ မရှိဘူးထင်ခဲ့တာနေမှာပေါ့၊ ခု ရှိလို့ပဲ ပြောနေပြီ´´

``ဘယ်သူ ပြောလဲ ညည်းကို´´

``ကိုယ်တော်လေး ပြောတာလေ´´

အဲဒီလောက် စကားအခွန်းပေါင်း အမြောက်အများအတွက် ညည်းနဲ့ တုဖက်ပြိုင်ပြီး အမေက ငြင်းနိုင်မှာတဲ့လား။

အိမ်ပေါ်မှာ ချက်ကြ၊ ပြုတ်ကြ၊ ကြော်လှော်နေကြ ချိန်တွေမှာ.....

``အမေ ညှော်ရှောင်ဦးနော်´´

ကိုယ့်ကို ဖယ်ကြဉ်၊ ပ,ထုတ်ကြတယ်ရယ်လို့ အမေမသိခဲ့ပါလား။ အိမ်ဦးခန်းမှာ အုန်း၊ ငှက်ပျောပွဲပေါင်းစုံလင်နဲ့ ပန်းပွင့်တွေမြိုင်၊ ရနံ့စုံလှိုင်နေပြန်တော့လည်း အမေ့ဟာ အံ့သြတကြီး ကြည့်ငေးနေမိရုံထက်မပို။

ပူးတုန်၊ ခွာတုန် ရေရွတ်တောင်းပန်ကြ၊ တင်မြှောက်ပသကြတာတွေဟာ အမေ့အတွက်တော့ အထူးအဆန်းတွေချည်းသာ။ ဒါပေမယ့် သမီးတစ်ယောက်အပေါ် ခုလောက်ထိ၊ အလျှော့ပေး၊ အလိုမလိုက်သင့်တာလောက်တော့ အမေနားလည်နိုင်ပါသေးတယ်။ ဒီကိစ္စကို ညည်းအစ်ကိုကြီးနဲ့ တိုင်ပင်မိတောတယ်။ အစ်ကိုလုပ်သူက တုတ်တပြက်၊ ဓါးတပြက် ကျိန်းမောင်းလေတော့မှ ညည်းတို့လူစုလည်း တစ်စခန်းသိမ်းတော့လေတယ်။ ဒါတောင်...

``အမေက ကျွန်မကို အစ်ကိုကြီးနဲ့ ရန်တိုက်ပေးတာလား´´

ညည်းက အမေကို ရန်လုပ်နေပြန်တာရော....။ အမိုက်မလေး...။

**************

အမေ ဖုံးနိုင်၊ ဖိနိုင်လွန်းလို့သာ ညည်းအစ်ကိုကြီးက ညည်းအပေါ် သံသယ မ၀င်ခဲ့တာ။ အမေကတော့ ရိပ်မိနေတယ်။ သိနေတယ်။

ညည်းတစ်ယောက်တည်း မင်းမူနေကျ အမေတို့ အိမ်အပေါ်ထပ်မှာ နတ်စင်၊ နတ်ကွန်းကလေးတွေ တစ်နေ့တခြား တိုးပွားလို့လာနေတယ်။ ပုံတော်တွေဆိုတာလည်း အမည်စုံ၊ အရောင်အသွေးစုံ၊ ပုံသဏ္ဍန်စုံနေတော့တာမို့ အမေ့မှာ အံ့သြမဆုံးဖြစ်ရသေးတော့။ အမေ့အသက်ပဲ ခြောက်ဆယ်တွင်း ချည်းနင်းလာနေပြီ။ ဒီလောက်စုံလင်ထွေပြားလှတဲ့ လိပ်ပြာစိမ်းတွေကို စေ့စုံအောင် မသိခဲ့ စဖူးလေ။ ပန်း၊ရေချမ်း၊ အမွှေးနံ့သာတွေ မြိုင်ဆိုင်ကြိုင်လှောက်လို့ ညည်းတစ်ယောက် ဒူးကလေးတုတ်ကာ နှုတ်ခမ်းကလေး တစ်လှုပ်လှုပ်ရှိနေပြန်တာ တွေ့ရပြန်လျှင်တော့ အမေ့မှာ ပူပန်ရပြန်ရော။ ညည်းကလေး စိတ်နောက်ဖောက်ပြန်သွားမလား အမေစိုးရိမ်စိတ်ပူနေမိတယ်။

ညည်းအစ်ကိုကြီးကိုလည်း ပြန်မပြောရဲတော့ပါဘူး။ ဟိုက သူ့အဖေပုံစံအတိုင်း ဒေါသတကြီးနဲ့ ရှူးရှူးဒိုင်းဒိုင်းလုပ်လာရင် ညည်းရော...အမေပါ နေစရာမရှိတော့လောက်အောင် ထိတ်ထိတ်ပြာပြာ ဖြစ်ရဦးမှာ မဟုတ်လား။ ပြီး..ညည်းလေးကလည်း အမေ့ကိုသာ နိုင်စားနေကျသူဆိုတော့ အမေပဲ စိတ်ဆင်းရဲ နာကျင်နေရတော့မှာ။ ညည်းဘာသာ စိတ်ချမ်းသာ သလိုသာ နေပါစေတော့။

ဒါပေမယ့် ညည်းက တစ်ဆင့် ထပ်တက်လာပြန်တယ်။

``သမီးက လိပ်ပြာလှတယ်တဲ့ အမေရဲ့´´

``ညည်း...ဘယ်သူက ပြောလို့တုန်း´´

``ကိုယ်တော်လေးက ပြောတာလေ´´

``လာပြန်ပြီလား..။ ဘယ်ကမှန်းမသိတဲ့ အဲဒီကိုယ်တော်လေးက ဘာကောင်လဲ´´

``ဟာ...အမေ။ အဲဒီလို မလေးမစား၊ ရိုင်းရိုင်းစိုင်းစိုင်းတွေ မသုံးနှုံးရဘူးလေ။ မှန်လှပါ ကိုယ်တော်လေး ဘုရား။ နှမတော်ရဲ့ အမေက မသိလို့ ပြောမိတာ ဗွေယူတော် မမူပါနဲ့။ မသိလို့နေ၀င်၊ မသိလို့မိုးချုပ်....

လောကမှာ ညည်းဖေနဲ့ အစ်ကိုထက်တောင် ပြာပြာသလဲ ကြောက်ရွံ့ရိုသေရမယ့်သူတွေ ရှိနေသေးသတဲ့လား။

အရပ်ထဲမှာလည်း ညည်းနှယ်ပင် သက်ဝင်ယုံကြည်ကြသူတွေ အပုံအပင်၊ ဒုနဲ့ဒေး ရှိနှင့်နေတာ မြင်တွေ့ကြားသိနေမိပါရဲ့။ ဒါပေမယ့် ညည်းလောက်တော့လည်း အဖြစ်သည်းကြမယ်မထင်ပါဘူး။ ညည်းကတော့ တစ်နေ့ထက်တစ်နေ့ နေမြင့်လေ၊ အရူးပိုရင့်လာလေပဲ။ အမေ..ရင်မောလှတယ် အေရယ်။

************

`အမေ့ကို တိုးတိုးတိတ်တိတ် တိုင်ပင်ချင်လို့´ဆိုပြီး ညည်းအစ်ကိုကြီးရဲ့ မိန်းမက အိမ်လည်ခေါ်တယ်။ သူတို့ အိမ်ထောင်သက် တစ်လျှောက်မှာ ဒီလို စကားမျိုးတွေ ကြားရခဲလှတော့ အမေ ရင်ထိတ်ရပြန်ရော။

``အမေ...ဟိုလေ..ညီမလေးကို သင့်တော်တဲ့လူထဲက ကြည့်ကျက်ပြီး အိမ်ထောင်လေး၊ ဘာလေး ချပေလိုက်ရင် မကောင်းဘူးလားဟင်´´

ချွေးမက အမေ့အရိပ်အကဲကို မပြတ်တမ်းအရိပ်ကြည့်နေရင်းက စကားကို ခပ်ဆဆဆိုနေတယ်။

``ဟို..သူလည်း အရွယ်ရောက်ရုံထက်မက အရွယ်လွန်တဲ့ဘက်ကို တိမ်းလာပြီ မဟုတ်လား။ သူ့ရှေ့ရေးကလည်း ရှိသေးတယ်လေ အမေရဲ့။ တော်ကြာ မတော်မတဲ့တွေနဲ့ ဖြစ်သွားရင် ဘယ်ကောင်းမလဲ။ ဟုတ်ဘူးလား´´

``အင်း..ကျုပ်လည်း အစောကြီးကတည်းက တွေးကြည့်မိပါရဲ့ အေရယ်´´

``အင်း...တွေးရတော့မယ် အမေရဲ့။ မပြောကောင်း၊ မဆိုကောင်း ဖတ်ဟဲ့...အမေအရိုက်အရာ လွဲသွားခဲ့ရင် ခမျာ တစ်ယောက်တည်း မျက်စေ့သူငယ် ကျန်ရစ်ခဲ့ရရှာမှလေ။ အမေ..ကျွန်မကို တစ်မျိုး မထင်နဲ့နော်´´

`` ထင်ပါဘူးအေ။ ကျုပ်နားလည်ပါတယ်။ ကျုပ်လည်း သူ့ကို ပြောဖူးပါတယ်။ ကိုယ်တိုင် ရည်ငံနေကြတာရှိရင်လည်း အမေ့ကို ပြောဆိုတော့ ရှိသေးဘူးတဲ့။ ဒါဖြင့် ကျုပ် မျက်စေ့ကျထားတာတွေထဲက တစ်ယောက်ရွေးဖို့ပြောကြည့်တော့ အဲဒါတွေ သူ..စိတ်မ၀င်စားဘူးတဲ့။ ညည်းယောက်မက တော်တန်ရုံလူလည်း သူနဲ့ တူတယ်၊ တန်တယ်မထင်ဘူး အေရဲ့။ ဖြူဖြူစင်ရုပ်ကလေးအားကိုးနဲ့ အသားလွတ် ဘ၀င်မြင့်နေတဲ့ မိန်းမ´´

``အမေ့သမီးက မြို့ကြီးသားတွေကို လှမ်းပြီး စိတ်ကူးယဉ်နေသလားမှ မသိပဲ။´´

`` ဟဲ့ အလှမ်းကျယ် အလယ်လပ်နေလို့ ရမလား၊ မြို့ပေါ်မှာ တို့တတွေက ဘယ်သူ အဆက်အစပ်ရှိလို့တုန်း´´

ချွေးမက နှုတ်ဆိတ်၊ အားယူနေပြန်သေးတယ် ထင်ပါရဲ့။ ခဏနေလေမှ...

``အင်း..အခု ကိစ္စက အဲလို အဆက်အစပ်မရှိလို့များ ဖြစ်လာသလား မသိတော့ပါဘူး။ ဒါပေမယ့် ထင်ရုံထင်တာပါ အမေရယ်။ အတိအကျကြီးတော့ ကျွန်မတို့လည်း မပြောနိုင်သေးပါဘူး´´

အမေ..ရင်ထိတ်ရပြီ။

``ဟဲ့...မထိတ်သာ၊ မလန့်သာ ရှိလိုက်တာဟယ်။ ပြောစမ်း။ ညည်းသိထားတာတွေ ငါ့ကို အကုန်ပြောပြစမ်းပါ´´

``အဲ..ဟို..အမေ့သမီးက ကိုယ်တော်လေးနဲ့ လက်ထပ်တော့မလို့တဲ့´´

``ဘာ..ဘာရယ်...´´

``အင်..ကျွန်မလည်း ရွာလယ်ပိုင်းက မိန်းမတွေ တီးတိုးတီးတိုးလုပ်နေကြတာ နားစွန်နားဖျား ကြားခဲ့ရတာပဲ။ သူက လိပ်ပြာလှလို့တဲ့။ အဲဒါကြောင့် ကိုယ်တော်လေးက သူ့ကို တော်ကောက်လိုက်တယ် ဆိုလား...´´

``ဘုရား..ဘုရား...ကြံကြီးစီရာ၊ မဦးမချွတ်တွေ ပါလားတော်´´

ထုံးစံအတိုင်း အမေက ခြေမကိုင်မိ၊ လက်မကိုင်မိ တွေဝေတုန်လှုပ်နေချိန်မှာ ညည်းက အမေ့ကို လက်ဦးမှု ရယူသွားခဲ့ပြန်ပြီလေ။

************

ညည်းမရှိတော့တဲ့ အချိန်ကတည်းက နေ၀င်သွားခဲ့ရတဲ့ အမေ့ဘ၀ရဲ့ နေ့ရက်တွေဟာ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ညည်းတစ်ယောက် အမေ့ရင်ခွင်ဆီ ပြန်ရောက်လာလိမ့်နိုးနဲ့ မျှော်မောရင်း ခုတော့ မိုးစုန်းစုန်းချုပ်လုပြီထင်ပါရဲ့။

မခွာတမ်း ပေကပ်နေခဲ့မိတဲ့ အိမ်ကလေးနဲ့ ခွဲခွာလို့ သားကြီးတို့နဲ့ လိုက်ပါသွားရတော့မယ် ။ ဟင့်အင်း...။အိမ်ကလေးဆီကနေ အမေ ခွဲခွာမသွားနိုင်သေးဘူးနော်။ ညည်းပြန်လာရင် ဒီအိမ်ကလေးဆီကိုပဲ တန်းတန်းမတ်မတ် အဦးဆုံးရောက်လာမှာ မဟုတ်လား။ အမေ သူတိုနဲ့ လိုက်ပါသွားခဲ့ရင် ညည်းနဲ့ လွဲနေတော့မှာပေါ့။ ဒါပေမယ့် အမေ့မှာ ငြင်းဆန်နိုင်တဲ့ ခွန်အားတွေလည်း မရှိတော့ဘူး။ ဦးခေါင်းကို ဘယ်၊ညာလှည့်ပြောင်းနိုင်ဖို့တောင် မှ ပင်ပမ်းတကြီးရှိလိုက်တာ။

နှုတ်ခမ်းဖျားဆီ ၀ါဂွမ်းစကလေးနဲ့ အစက်ချပေးနေတဲ့ ရေကလေး တစ်ပေါက်ကိုတောင် ခက်ခက်ခဲခဲမြိုချ နေရပြီလေ။

ညည်းကရော အမေ့ဆီ ပြန်ရောက်လာဦးမှာလား။

ညည်းတစ်ယောက်တည်းရဲ့ မိုက်မှားမှုမှာ အမေတို့တတွေရော အဆင်ခြင်မဲ့နေခဲ့မိကြသလားလို့ ခုတော့ အမေ...တွေးနေမိပြီ။

``အရီးသမီးတော့ မြို့ပေါ်မှာ ချိမ့်ချိမ့်သဲသဲကို မင်္ဂလာဆောင်နေလေရဲ့။ မင်္ဂလာခန်းဝင်ဆိုတာလည်း အပျံစားပဲတဲ့။ သူ့သတို့သားကိုတော့ သူကိုယ်တိုင်က မြင်ရ၊ မမြင်ရ ပြောတတ်ဘူး။ ကျုပ်တို့ တွေ့တာတော့ သူတစ်ယောက်တည်းပဲ....´´

အမေတို့ ပတ်ဝန်းကျင်က ကိုယ်တိုင် တူးတူးခါးခါး လက်မခံနိုင်လောက်တဲ့ အပြုအမူမှားမျိုးကို တစ်ဦးတစ်ယောက်က ဇွတ်တိုးပြုမူလာတဲ့အခါ ချက်ချင်းကြီး ပြောင်းပြန်လှန် ၊ နားလည်ခွင့်လွှတ်ပေးရင်း အမှားအတိုင်း လိုက်လျော၊ အလျှော့ပေးကြတာလည်း တွေ့ရရဲ့။

တချို့ကျတော့လည်း ပြုပြင်ကုစားပေးဖို့ အားစိုက်ထုတ်ရမယ့်အစား မျက်နှာလွှဲ၊ ဥပက္ခာပြုမိကြပြန်ရော...။ အမေတို့တတွေရော..ညည်းကို ဥပက္ခာနဲ့ မျက်နှာလွှဲနေမိပြီလား။

``နတ်ကတော် လင်မယားအိမ်မှာပဲ နေနေတယ်တဲ့။ ဟိုမိန်းမကို ကိုယ်တော်လေးလိပ်ပြာက ၀င်ပူးနေတယ် ဆိုတာပဲ။ သူ့မှာ ပါသွားတဲ့ ရွှေ၊ငွေ၊ လက်ဝတ်လက်စားတွေ မျက်နှာနဲ့ ခုထိတော့ ဖူးဖူးမှုတ်၊ အရေးပေးထားမှာပေါ့။ ပါသွားတဲ့ ပစ္စည်းတွေကုန်တဲ့နေ့ အရီးဆီပြန်ရောက်လာမှာပဲ။ စောင့်သာကြည့်နေတော့´´

တကယ်ဆို အဲဒီအချိန်ကတည်းက အမေတို့ ညည်းကို လိုက်ခေါ်သင့်ခဲ့တာလို့ ခုတော့ တွေးဖြစ်နေပြီ။

လိုက်ခေါ်ကြရအောင် သားကြီးရယ်လို့ ပြောဖို့ အမေ အကြိမ်ကြိမ်အားယူနေမိတယ်။ ဒါပေမယ့် ဗူးဆိုရင် ဖရုံမသီးတတ်တဲ့ ညည်းအစ်ကိုကြီးရဲ့ အမျက်ဒေါသတွေကိုလည်း အမေရင် မဆိုင်ရဲဘူးလေ။

``အရင်က ဒီအခန်းမှာ နေသွားခဲ့ကြတာတော့ မှန်ပါတယ်။ ခုတော့ ဘယ်ကို ပြောင်းပြေးသွားကြတယ် မပြောတတ်ဘူး ခင်ဗျ...

ရှက်တယ်ဆိုတဲ့ စကားတစ်လုံးကို ရေလဲသုံးပြီး အမေတို့ ညည်းကို မျက်ကွယ်ပြုခဲ့မိတယ်။ ညည်းကလေး အကူအကယ်၊ ကာကွယ်မဲ့ဘ၀နဲ့ သူတပါးနိုင်စားချင်တိုင်း အနိုင်ကျင့်ခံနေခဲ့ရပြီ။

``........ရောက်စကတော့ မိန်းကလေးမှာ ငွေကြေးရော ၊ လက်ဝတ်လက်စားတွေရော အတော်များများ ပါလာခဲ့ပုံရပါတယ်။အဲအချိန်တုန်းကတော့ သူ့ကို အရမ်းအရေးပေးခဲ့ကြတယ်လေ။ နောက်တော့ သင်းတို့ အားလုံး ၀ိုင်းပြီး ဖြုန်းတီးပစ်ကြလို့ ကုန်ရောဆိုပါတော့.။ ပါလာတာတွေလည်း ကုန်ရော...ကလေးမကို လင်ရော၊ မယားပါပေါင်းပြီး ၀ိုင်းနိုင်စားကြတော့တာပဲ....´´

ညည်းရဲ့ မိမွေ၊ဖမွေတွေနဲ့အတူ...၀ဋ်ကြွေးတွေလည်း ကုန်ခဲ့ပါတော့လား အေရယ်။

`` တစ်ခါတစ်လေဆို မိန်းမက သူ့ယောက်ျားနဲ့ စွတ်စွဲပြီး ရိုက်နှက်နှင်ချတာတွေတောင် ရှိတယ်။ ကလေးမကလည်း ပေကပ်တောင်းပန်ပြီး မဆင်းတမ်းနေနေတုန်းပဲ။ ကျွန်မတို့လည်း အခန်းချင်းကပ်နေတော့ မကြည့်ချင်မြင်လျှက်သားလေ။ ခုတော့ ဘယ်ပြောင်းကြမယ်ဆိုတာတောင် ပြောမသွားကြဘူး။ ပြောင်းသွားကြမှပဲ နားအေး၊ပါးအေးရှိတော့တယ် လို့ စိတ်ချမ်းသာရတော့မလို ရှိသေးတယ်´´

အမေ့ရဲ့ မျက်နှာကို အိမ်ရှေ့တံခါးမကြီးဘက် လှည့်ပေးထားရင် ကောင်းမှာပဲ။ ညည်းပြန်ရောက်လာရင် အဝေးကြီးကတည်းက အမေ...လှမ်းမြင်ရအောင်လေ။

ဒါပေမယ့် အမေ့ရဲ့ အမြင်တွေက မကောင်းတော့ဘူး။ေ၀၀ါးလွန်းနေခဲ့ပြီ။ အမှောင်ထုကလည်း နက်သည်ထက်နက်လာနေတယ် ထင်ရတယ်။ အမေ့ခန္ဓာတစ်ခုလုံးကို စုတ်ယူဆွဲခေါ်၊ ၀ါးမျိုပစ်လိုက်တော့မှာ ထင်ပါရဲ့။

ဟင့်အင်း။ အမေ မလိုက်ချင်သေးဘူး။ ညည်းကို စောင့်ချင်သေးတယ်။

``မင်းရဲ့ ညီမလေးကို ခွတ်လွှတ်ပေးလို့ ရောက်တဲ့အရပ်ဆီလိုက်ပြီး အမေ့ဆီ တပါတည်း ပြန်ခေါ်လာပေးပါလား သားကြီးရယ်´´

အမေ့ စကားသံ ဗလုံးဗထွေးကို ညည်းအစ်ကိုကြီးရော ကြားရဲ့လား။ သူနားလည်ပါ့မလား ဟယ်။

``အမေ...´´

...ဆိုတဲ့ ညည်းရဲ့ ခေါ်သံလေး တစ်ခွန်းလောက် ကြားခွင့်ရမယ်ဆိုရင်တောင် နက်ရှိုင်းသိပ်သည်းလှတဲ့ အဲသည် အမှောင်ထုထဲဆီ အမေ..ပျော်ပျော်ကြီး လှမ်းခုန်ဝင်ရောက်လို့ ၀ါးမြိုခံ ပျောက်ကွယ်ဝံ့ပါရဲ့။

အဲဒီ အခိုက်အတန့် မတိုင်ခင် အချိန်မီကလေး ညည်း.... အပြေးရောက်လာခဲ့လေ...သ....မီး....ရယ်။ ။


သတိုး

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More