This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

မောင်လေးရေ( ၂ )

Photo is google

မောင်လေးရေ...
ကျန်းမာပါစ။
မောင်လေးတစ်ယောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်လုပ်ကိုင်နေတယ်လို့ ကြားရလို့ မမ ၀မ်းသာပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ရတာဟာ လွယ်ကူလှတဲ့ အလုပ်မဟုတ်ပါဘူး။ ခေါင်းရှုပ်စရာ၊ စိတ်ညစ်စရာတွေနဲ့ အင်မတန်ကို ခက်ခဲတဲ့အလုပ်ပါပဲနော်။
စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်လိုက်ပြီဆိုတာနဲ့ မောင်လေးကဒီလုပ်ငန်းရဲ့ ဦးစီးခေါင်းဆောင်ဖြစ်သွားတဲ့အပြင် စီမံခန့်ခွဲသူပါ ဖြစ်လို့နေပါသေးတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ မန်နေဂျာကောင်းတစ်ယောက် ဖြစ်ရုံတင်မကဘဲ အောင်မြင်ရေးလမ်းကြောင်းက ဦးတည်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလည်း ဖြစ်ရပါမယ်။  ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့ မောင်လေးရဲ့ကိုယ်စွမ်း ၊ ဥာဏ်စွမ်းကိုအသုံးချရပါမယ်။ တကယ်လို့များ မောင်လေးကိုမောင်လေး ခေါင်းဆောင်နိုင်မှုအရည်အသွေး လျော့နည်းနေသေးတယ်လို့ ခံစားမိရင် ခေါင်းဆာင်မှုနယ်ပယ်နဲ့ ပတ်သက်တဲ့စာအုပ်ကောင်းတွေ အများကြီးရှိတာပဲနော်။ မောင်လေးလေ့လာဖတ်ရှု လိုက်ပါနော်။ ဘယ်သူတစ်ဦးတစ်ယောက်မှ မွေးကတည်းက ခေါင်းဆောင်အရည်အသွေးတွေ တတ်မြောက်လာကြတာ မဟုတ်ပါဘူး။ ခေါင်းဆောင်နိုင်မှုစွမ်းရည် အရည်အသွေးတွေကို လေ့ကျင့်မွေးမြူုပီး ခေါင်းဆောင်ကောင်း ဖြစ်လာကြတာချည်းပါပဲ။ ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ Seminar လေးတွေတက်မယ် ။ အဲဒါနဲ့ ပတ်သက်တဲ့ စာအုပ်တွေကိုဖတ်မယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် အလေ့အကျင့်လုပ်မယ်ဆိုရင် မောင်လေးဟာခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာမှာပါပဲ။

မောင်လေးရေ....
စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်တယ်ဆိုရင် မောင်လေးမှာ စဉ်းစားချင့်ချိန်နိုင်မှုစွမ်းရည်တွေ ရှိမှဖြစ်ပါမယ်။ ဒါ့အပြင် နာရီပေါင်းများစွာ ကြာရှည်အလုပ်လုပ်နိုင်ဖို့ ကျန်းမာရေးလည်း ကောင်းမွန်မှဖြစ်ပါမယ်။ မောင်လေးရဲ့ ဥာဏ်စွမ်းရည်ဟာ နေ့တစ်နေ့ရဲ့ဘယ်အချိန်မှာ အကောင်းဆုံးလဲ ဆိုတာကိုသိမြင်ထားဖို့ လိုအပ်ပါတယ်။ လူတချို့က နံနက်ခင်းပိုင်းမှာ ဥာဏ်စွမ်းရည်တက်ကြွတတ်ကြပြီး တချို့က ညပိုင်းမှာ ဥာဏ်စွမ်းရည်ကောင်းမွန်တတ်ကြပါတယ်။ တကယ်လို့မောင်လေးက နံနက်ခင်းသမားဆိုရင် နံနက်စောစောမှာ မောင်လေးရဲ့ စီးပွားရေးလုပ်ငန်းအတွက် အလုပ်လုပ်တာအကောင်းဆုံးဖြစ်ပြီး ညနေခင်းသမားဆိုရင်တော့ နံနက်စောစောလုပ်ငန်းမျိုးကို ရှောင်တာအကောင်းဆုံးပါပဲ။

မောင်လေးရေ....
အလုပ်တစ်ခုကိုလုပ်ပြီဆိုတာနဲ့ မောင်လေးကိုမောင်လေး ယုံကြည်မှုရှိရပါမယ်။ ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့ လုပ်နေတဲ့အလုပ်အပေါ်မှာလည်း ယုံကြည်မှုရှိရပါမယ်။  မောင်လေးရဲ့လုပ်ငန်းကျွမ်းကျင်မှု နဲ့ စွမ်းရည်တွေက မောင်လေးကို မောင်လေးယုံကြည်မှုကို ဖြစ်ပေါ်စေပါတယ်။ တကယ်လို့မောင်လေးဟာ လုပ်ငန်းရွေးချယ်မှု မှန်ကန်တယ်ဆိုရင် မောင်လေးဟာ မိမိကိုမိမိအပြည့်အ၀ယုံကြည်မှာပါပဲ။ မမဆိုလိုတာက မောင်လေးက စားသောက်ဆိုင်လုပ်ငန်းအကြောင်း ဘာတစ်ခုမှမသိဘူးဆိုရင် စားသောက်ဆိုင်လုပ်ငန်းစီးပွားရေးကို စတင်မလုပ်မိစေနဲ့ပေါ့။ မောင်လေးရဲ့ စိတ်ပါဝင်စားမှု ၀ါသနာ အပေါ်မှာအခြေခံပြီးလုပ်တဲ့ စီးပွားရေးလုပ်ငန်းဟာ မောင်လေးကိုမောင်လေး ယုံကြည်မှုကိုဖြစ်ပေါ်စေပြီး လုပ်ငန်းအောင်မြင်စေမှာပါ။ မောင်လေးဘာလုပ်နေတယ်ဆိုတာကို ယုံကြည်မှုရှိတယ်ဆိုရင် အချိန်တိုတိုအတွင်း အောင်မြင်မှုပန်းတိုင်ကို ရောက်မှာမလွဲမသွေပါပဲ မောင်လေး။

မောင်လေးရေ...
မောင်လေးရဲ့အချိန်တွေကိုလည်း စီမံခန့်ခွဲနိုင်ဖို့လည်း လိုအပ်ပါသေးတယ်။ အချိန်ကိုစနစ်တကျ အသုံးချတတ်စေဖို့အတွက် လုပ်ငန်းဆိုင်ရာ အသေးစိတ်စာရင်းဇယား ပြုလုပ်ပြီး အချိန်တိုတိုအတွင်းမှာ အလုပ်များများ ပြီးမြောက်စေအောင်လုပ်ရပါမယ် မောင်လေး။ ကိုယ်လုပ်ရမယ့်အလုပ်တွေကို စာရင်းပြုလုပ်ထားပြီး အရေးကြီးရင်ကြီးသလို ဦးစားပေးနံပါတ်တတ်ထားပါနော်။ မောင်လေးလုပ်ရမယ့်အလုပ်တွေကို စာရင်းချရေးထားပါ။ ပြီးရင် အဲသည်အလုပ်တွေကို အုပ်စု(က) ၊ (ခ) နဲ့ (ဂ) ဆိုပြီး အုပ်စု ၃ ခုခွဲလိုက်မယ်လေနော်။ အုပ်စု (က) ထဲမှာ ဒီနေ့ပြီးစီးရမယ့်အလုပ်တွေကို ထည့်သွင်းထားမယ်။ အုပ်စု(ခ) ထဲမှာ အရေးကြီးပေမယ့် ဒီနေ့ပြီးစီးဖို့ မလိုသေးတဲ့အလုပ်တွေကို ထည့်သွင်းထားမယ်။ အုပ်စု(ဂ)ထဲမှာတော့ နောက်မှလုပ်လို့ရတဲ့ အလုပ်တွေကို ထည့်သွင်းထားပြီး အရေးကြီးတဲ့ဦးစားပေးအုပ်စု အစီအစဉ်အတိုင်း လုပ်သွားမယ်ဆိုရင် မောင်လေးရဲ့အချိန်တွေ အလဟဿ မကုန်ဆုံးတော့ဘူးပေါ့။
သွားလေရာကို မှတ်စုစာအုပ်နဲ့ဖောင်တိန် အမြဲယူဆောင်သွားပြီး လေ့လာမှတ်သားပါ။ အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်နေရာကို သန့်ရှင်းသပ်ရပ်နေပါစေနော် မောင်လေးရေ။
မောင်လေးရဲ့လုပ်ငန်းဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာရပါမယ်။ မနေ့ကမောင်လေးရဲ့လုပ်ငန်းကို ဒ‘ီနေ့မောင်လေးရဲ့လုပ်ငန်းက ယှဉ်ပြိုင်သာလွန်နိုင်ရပါမယ်။ မောင်လေးကိုယ်တိုင်ကပဲ မောင်လေးရဲ့အကောင်းဆုံး ဝေဖန်အကြံပြုသူဖြစ်တဲ့အတွက် မိမိကိုမိမိသာပြန်ကြည့်ပါမောင်လေး။ မနေ့ကမောင်လေးကို ဒီနေ့မောင်လေးက ပိုမိုသာလွန်နေပြီဆိုရင် အောင်မြင်မှုဟာ မောင်လေးနဲ့မဝေးတော့ပါဘူးနော်။

မောင်လေးရေ...
အရေးကြီးဆုံးဖြစ်တာက ကျန်းမာရေးနော်။ အချိန်ကြာရှည်အလုပ်လုပ်နိုင်ဖို့ ကျန်းမာရေးကောင်းမှဖြစ်မှာလေ။ ကျန်းမာရေးကောင်းတဲ့အပြင်ကို ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်နေဖို့လည်း လိုအပ်ပါသေးတယ်။ အချိန်မှန်မှန်စားတဲ့အကျင့်ကိုလည်း လုပ်ပါနော်။ အိပ်ရေးဝအောင်အိပ်စက်အနားယူပြီး ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများနေ့စဉ်မှန်မှန် ပြုလုပ်သင့်သလို စီးကရက်သောက်တတ်တဲ့ မောင်လေးတစ်ယောက်တော့ စီးကရက်ဖြတ်ဖို့လည်းသင့်ပါပြီနော်။

မောင်လေးရေ...
ရေရှည်မှာအောင်မြင်မှုရဖို့တွက် မိမိရဲ့ စိတ်ကိုအလိုမလိုက်ဖို့နဲ့ အပျော်အပါးတွေလျှော့ဖို့လည်း လိုပါသေးတယ်။  သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပါးစားသောက်တာတွေ ၊ အပျော်ခရီးထွက်တတ်တာတွေကို လျှော့လိုက်မယ် ။နောက်ဆုံးပေါ်ဆိုတဲ့ ရုပ်ဝထ္ထုပစည်းတွေနောက်ကို လိုက်တာလျှော့လိုက်ပြီးရင် အလုပ်ထဲမှာပဲ စိတ်ကိုနှစ်မြုပ်ထားပြီး ဘေးဘီက အပျော်အပါးတွေကို မေ့ထားလိုက်နိုင်မှသာလျှင် မောင်လေးစိတ်ဟာ မောင်လေးရဲ့လုပ်ငန်းမှာသာ ဦးတည်နေပြီး မောင်လေးရဲ့လုပ်ငန်းအောင်မြင်မှာပါ။

မောင်လေးရေ...
စီးပွားရေးလုပ်ငန်းတစ်ခုက စတင်လုပ်ကိုင်လိုက်တာဆိုတာ စွန့်စားခြင်းတစ်မျိုးပါပဲ။ စွန့်စားမှုကြောင့် အခွင့်အရေးတွေရလာမှာပါပဲ။ တခါတရံမှာ ငွေကြေးနဲ့အဓိကပတ်သက်တဲ့ ဆုံးဖြတ်ချက်များချမှတ်ရတာဟာ စွန့်စားရတာပါပဲ။ အကျိုးဆက်အနေနဲ့ လုပ်ငန်းရဲ့ အောင်မြင်မှု ၊ ကျဆုံးမှုကိုဖြစ်ပေါ်လာစေတဲ့အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်များကို ခေါင်းအေးအေးနဲ့ စဉ်းစားပြီးမှဆုံးဖြတ်ပါမောင်လေးရေ။

မောင်လေးရေ...
လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာနဲ့ အဲဒီလုပ်ငန်းနဲ့ပတ်သက်ကာစာရေးသားခြင်း ၊ စကားပြောဆိုခြင်းများကိုမောင်လေး မလုပ်မဖြစ်လုပ်ရမှာပါပဲ။ လူသူအများရှေ့မှာ စကားပြောရမှာကြောက်တဲ့သူ ဖြစ်နေရင်တော့ အနီးအနားမှာရှိတဲ့ တက္ကသိုလ်တစ်ခုခုမှာ ဖွင့်ထားတဲ့  public speaking course လိုမျိုးကို တက်ရောက်ဖို့မရှက်ပါနဲ့ မောင်လေးရေ။ ဒါမှမဟုတ် self study   လိုမျိုးလေ့လာဖို့နဲ့ တက္ကသိုလ်စာကြည့်တိုက်တစ်ခုခုမှာ အဲလိုလူရှေ့မှာစကားပြောဖို့နဲ့ စီးပွားရေးလုပ်ငန်းသုံး စာရေးသားနည်းစာအုပ်တွေကို ရှာဖွေဖတ်ရှုဖို့ မမအကြံပေးပါရစေနော်။

မောင်လေးရေ ...
မောင်လေးဟာအရာရာတိုင်းမှာ သိမြင်နှံစပ်သူတစ်ယောက် မဟုတ်ဘူးဆိုတာကို အမြဲသတိရနေနော်။ တကယ်လည်းအရာတိုင်းမှာ တော်တဲ့သူဘယ်သူမှမရှိနိုင်ပါဘူး။ အဲဒီအတွက်မောင်လေးရဲ့လုပ်ငန်းမှာ ဈေးကွက်ရှာခြင်း၊ စာရင်းအင်းလုပ်ခြင်း နဲ့ အခွန်အခများပေးဆောင်ခြင်း စတဲ့အလုပ်လေးတွေအတွက် ကျွမ်းကျင်သူများကို မောင်လေးက အလုပ်ခန့်ထားရမှာဖြစ်ပါတယ်။ မောင်လေးဆီမှာလုပ်သားကောင်းတွေ ၊ ၀န်ထမ်းကောင်းတွေရှိတယ်ဆိုရင် မောင်လေးရဲ့လုပ်ငန်းဟာအောင်မြင်မှာမလွဲပါဘူး။

မောင်လေးရေ...
မောင်လေးကတော့ထင်ရော့မယ်။ ငါ့မမက သူလည်းစီးပွားရေးလုပ်ငန်း ဘာတစ်ခုမှမလုပ်ဘဲနဲ့ လာပြီးပြောနေပြန်ပါပြီလို့လေ။
မောင်လေးရေ စီးပွားရေးလုပ်ငန်းမှမဟုတ်ပါဘူး။ ဘာအလုပ်ကိုပဲလုပ်လုပ် ကိုယ့်ရဲ့အားနည်းချက်ကဘာလဲဆိုတာ
ကိုယ်တိုင်သိအောင်လုပ်ရမယ်။ ကိုယ့်အားနည်းတွေကို ပြင်နိုင်အောင်ကြိုးစားပြီး တိုးတက်လာအောင် လုပ်ရမယ်မောင်လေးရဲ့။ အားနည်းချက်တွေကနေ အားသာချက်တွေဖြစ်လာအောင် ကြိုးစားရမယ်လေ။ မိမိကိုမိမိရိုးသားမှလျှင် မိမိရဲ့လိုအပ်ချက် ၊ အားနည်းချက်တွေကို သိမှာပါ။ သိယောင်ကား တတ်ယောင်ကားနဲ့တော့ ဘယ်လိုမှ တိုးတက်မှုဖြစ်လာမှာ မဟုတ်ပါဘူးနော်။
လေ့လာပါ။ မှတ်သားပါ။ မသိတာ မတတ်တာကိုမေးရမှာ ၊ သင်ယူရမှာကိုမရှက်ပါနဲ့မောင်လေးရေ။
ကဲ...မောင်လေးရေ အခုဆိုရင် ဘာတွေပြင်ဆင်ရမလဲဆိုတာကို မောင်လေးလည်း သဘောပေါက်လောက်ပြီမို့ မောင်လေးရဲ့ စီးပွားရေးလုပ်ငန်းကို တိုးတက်အောင်မြင်အောင်လုပ်လိုက်ပါစို့လားနော်။

ဟနစံ

မောင်လေးရေ (၁) ကို လောကအလှအွန်လိုင်းမဂ္ဂဇင်းက http://www.lawka-ahla.com/news.php?extend.57.7  ဖတ်ရှူနိုင်ပါတယ်။

အသဲကွဲနွေ


အလွမ်းတွေဝေ ပန်းတွေကြွေလို့
ရွက်ဟောင်းရွက်သစ် ပြောင်းကာဖြစ်တဲ့
ကောင်မလေးနဲ့ စတင်ဆုံကြ နွေကာလကို
ရောက်လို့လာ ပြန်ပြီနော်…….
ရက်တွေကုန် လတွေဟောင်း
ရာသီတွေ အလီလီပြောင်းလဲ
စတင်ဆုံကြ ဒီကာလကိုတော့
အခုထိ အမှတ်တရ ရှိနေဆဲပါ ……မေ
အပြုံးတွေဝေ ချစ်ခဲ့ကြလေတုန်းက
နှစ်ကိုယ်တူဘ၀အရေး
ခဏလေဝေးကြဖို့ ပြောတာတောင်
တစ်ရက်မမြင်ရရင် ရက်ပေါင်းခုနှစ်ရာ
ဝေးတယ်ထင်လို့
ဝေးရမယ့်အရေး စိတ်ကူးနဲ့တောင်
မတွေးဘူးတဲ့
ကိန္ဒရီချောင်းခြားစကားတွေကို
ပြောခဲ့တဲ့မေ……..
တစ်မိုးကုန်လို့ တစ်ဆောင်းသစ်ကာ
လေရူးတွေမြူး နွေဦးကာလ
ပြန်ကာရောက်တော့
အမှတ်တမဲ့ တဒင်္ဂကြုံ
ပြန်ဆုံကာ တွေ့ကြတော့
ရှင်……..ဘယ်သူလဲတဲ့
မေးလိုက်တဲ့ မင်းစကား
ငါ့ရဲ့.နှလုံးသားကို
အဆိပ်ရည် ခါးခါးတွေနဲ့
လောင်းချလိုက်သလိုပါပဲ
သြော် နွေ.နွေနွေ
ဆုံခဲ့ကြတော့လဲ ……နွေ
ဝေးရတော့လဲ………နွေ
မျက်ရည်တွေကို အဖော်ပြုကာ
အလွမ်းတွေကို ရင်မှာပိုက်လျက်
ဝေဒနာတွေကို မိတ်ဖွဲ့ပြီး
မမြင်သာတဲ့ အဝေးတစ်နေရာမှာ
အဖော်မဲ့သူ ဒီလူမှာတော့
စာနာမဲ့သူက နတ္ထိပေါ့
နွေရက်တွေရယ်
စာနာလှည့်ပါဦး……..

                              မင်းသော်တာ
                             ( ထနောင်းမြေ )

မြန်မာ့ နိုင်ငံရေး သမိုင်း လေ့လာချက် ကိုလိုနီခေတ် သမိုင်း ၀င် မဂ္ဂဇင်း တစ်စောင်


၁၉၃၆ ခုနှစ် ဇန်န၀ါရီလတွင် သမိုင်း မှတ်တမ်း တင်ရမည့် မဂ္ဂဇင်း တစ်စောင် ပေါ်ထွက် လာခဲ့သည်။ ယင်း မဂ္ဂဇင်းမှာ အိုးဝေ မဂ္ဂဇင်းပင် ဖြစ်ပါသည်။ အိုးဝေ မဂ္ဂဇင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ မှ ထုတ်ဝေ ခဲ့ခြင်း ဖြစ်သည်။ ၁၉၃၆ခု ဇန်န၀ါရီလတွင် မဂ္ဂဇင်းအ တွဲ ၅၊ အမှတ် ၁ ကို ထုတ်ဝေ ပါသည်။ ဤ မဂ္ဂဇင်းကို ထုံးစံ အတိုင်း မြန်မာပိုင်း နှင့် အင်္ဂလိပ်ပိုင်း ဟူ၍ နှစ်ပိုင်း ခွဲခြား ထုတ်ဝေ ခဲ့၏။ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဖြစ်သည်။

မြန်မာပိုင်းကဏ္ဍ

မြန်မာပိုင်းကဏ္ဍတွင် တက္ကသိုလ်ကျောင်းသားများအပြင် ပြင်ပမှ စာရေးဆရာကြီးများလည်း ၀င်ရောက် ရေးသားခဲ့ကြ၏။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြန်မာ့အလင်းဦးစိန်း၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို၊ သိန်းနေနွယ်(ဦး သိန်းဖေမြင့်)တို့မှာ ပင်တိုင်ပါဝင်နေကျ ဖြစ်ပါသည်။ ၁၉၃၆ ခုဇန်န၀ါရီ လအတွဲ(၅)၊ အမှတ်(၁)တွင် သခင်ကိုယ်တော်မှိုင်း၏ ''သမဂ္ဂအကြောင်း''၊ မြန်မာ့အလင်းဦးစိန်း၏ ''ပမာပမည်းအကိုးအကားပြခြင်း''၊ ပညာဝန်ဦးဖိုးကျား၏ ''ကျွန်ုပ်၏ လက်ဆောင်''၊ ဒီးဒုတ် ဦးဘချို၏ ''မြန်မာပြည်နိုင်ငံရေး ရာဇ၀င်နှင့် လက်ရှိအခြေအနေ'' ဆောင်းပါးများပါရှိ၏။

ဝတ္ထု၊ ကဗျာများအဖြစ် သိန်းနေနွယ်၏ ''၅၂၈'' ၀တ္ထုတို၊ မင်းသုဝဏ်၏ ''အတိတ်ဘီလူး''၊ ဇော်ဂျီ၏ ''အိုမြန်မာတို့၊ တက်လူတေးသံ၊ ယခုအခါ၊သင်သေသွားသော်'' ကဗျာများ၊ မြဒေါင်းညို၏ ''အိုးဝေ'' ကဗျာ၊ သီတာဧ၏ ''လွတ်လပ်ရေးနတ်ပြည်'' ကဗျာ (ရာဘင်ဒြာနတ်တဂိုး၏ Heaven of Freedom ကို မြန်မာပြန်)တို့ ပါရှိပါသည်။ ထို့ပြင် မောင်ထင်နှင့်ညိုမြတို့၏ ''မိချောပြဇာတ်)၊ ခြင်းကြား၏ ''ခြင်းကြားမှတ်စု''၊ မောင်မျိုးညွန့်၏ ''တိုက်ရိုက်ပေးစာ'' နှင့်ရေးသူဖော်ပြမထားသော ''အလားအလာ'' ဆောင်းပါးများလည်း ပါရှိ၏။

အင်္ဂလိပ်ပိုင်းကဏ္ဍ

အင်္ဂလိပ်ပိုင်းကဏ္ဍတွင် Dumb Shows and Noise ခေါင်းစဉ်ဖြင့် အယ်ဒီတာအာဘော်နှင့်ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ သ၀ဏ်လွှာများကို တွေ့ရှိရသည်။ သ၀ဏ်လွှာ ရေးသူများမှာ အိန္ဒိယမြန်မာရေးရာ ဗြိတိသျကော်မတီ ဒုဥက္ကဋ္ဌဗိုလ်မှူး ဒီ ဂရေဟန်ဖိုး၊ဥပဒေပြုကောင်စီဥက္ကဋ္ဌ ဦးချစ်လှိုင်၊ သစ်တောရေးရာဝန်ကြီး ဦးဘဘေ၊ပညာရေးရာဝန်ကြီး ဒေါက်တာဘမော်၊ နယူးဘားမားသတင်းစာ အုပ်ချုပ်မှုအယ်ဒီတာ ဒေါက်တာသိန်းမောင်တို့ ဖြစ်ကြပါသည်။

ဆောင်းပါးများ

အင်္ဂလိပ်ဆောင်းပါးများမှာ များပြားလှပါသည်။ Noblesse Obilige (မြင့်မြတ်သူတို့ ပြုကျင့်အပ်သော ၀တ္တရားများ-ဂျေအက်စ်ဖာနီဗယ်)၊ University Students and Journalism (ကျောင်းသားများနှင့် ဂျာနယ်လစ်ဇင်-ရန်ကုန်တိုင်းသတင်း စာအယ်ဒီတာဂရန့်)၊ Inspiration (ဥာဏ်ကွန့်မြူးခြင်း - မောင်ညိုမြ)၊ Thoughts of Democracy (ဒီမိုကရေစီအတွေးအခေါ်များ-ပန်းတနော် ဦးသန့်)၊ Western Students in a Changing World (ပြောင်းလဲနေသောကမ္ဘာမှ အနောက်တိုင်း ကျောင်းသားများ)၊ A Fadeless Picture (ဆေးရောင်မပြယ်သော ပန်း ချီကား- NN)၊ The Boy-cott of 1920 (၁၉၂၀ ကျောင်းသားသပိတ်-ဦးဘဦး)၊ A Sketch of the Principal Characters of the Burmese (Myanmar)၊ Court in the Reign of Bagyidaw (ပါမောက္ခဒေဆိုင်း)၊ Civilization (ယဉ်ကျေးမှု-ဂျော့အိုဝဲ)တို့ ဖြစ်ကြပါသည်။

ပေးစာကဏ္ဍ

Points From the Letter ဟု အမည်ပေးထားသည့် ပေးစာကဏ္ဍ တွင် The Hell Hound At Large (ငရဲခွေးကြီးလွတ်နေသည်)ဟူသည့် စာတိုကလေး ပါဝင်လာပါသည်။အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ယင်းစာတိုကလေးတွင် နယ်ချဲ့ လက်ကိုင်တုတ်အဖြစ် အ၀ီစိသို့ ကျရောက်လာသော ခွေးနက်ကြီးတစ်ကောင် ငရဲပြည်မှ ထွက်ပြေးသွားသည်။ ယင်းကို သတိပြုကြပါ။ အထူးသဖြင့် တက္ကသိုလ်နယ်မြေတွင် သောင်းကျန်းနေသည်။ သူ့ကိုတွေ့လျင် ငရဲပြည်ပြန်ပို့လိုက်ကြပါဟူ၍ ရေးသားဖော်ပြထားပါသည်။

ရေးသူအမည်

ဤစာတိုကလေးကို ရေးသားသူမှာ Yamamin (ယမမင်း) ဟူသော အမည်ဝှက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ပေးစာပါ ခွေးနက်ကြီး ဆိုသည်မှာ တက္ကသိုလ်အာဏာပိုင် တစ်ဦးကို ရည်ညွှန်းထားသည် ဆိုပါသည်။ဤတွင် ကျောင်းအုပ်ဆရာ ကြီးစလော့( Mr. D.J. Sloss)က ယမမင်းမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ပေးရမည်ဟု အိုးဝေ မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်းကို တောင်းဆိုသည်။ ကိုအောင်ဆန်းက စာနယ်ဇင်းတို့၏ ထုံးစံအတိုင်း ယမမင်းကို ထုတ်ဖော် မပြောနိုင်ဟု အကြောင်းပြန်ကြားခဲ့၏။

ယမမင်းသို့မဟုတ်ညိုမြ

The Hell Hound At Large ပေးစာကိုရေးခဲ့သူမှာ ယမမင်းအမည်ခံညိုမြ ဖြစ်ပါသည်။ ညိုမြ၏အမည်ရင်းမှာ ဦးသိန်းတင်ဖြစ်သည်။ ညိုမြ ကို ၁၆ ဧပြီ ၁၉၁၆ တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ သောတပန်ရွာတွင် ရှေ့နေဦးသာဇံ ဒေါ်ရွှေအံ့ တို့က ဖွားမြင်ခဲ့သည်။ ၁၉၃၂ ခုနှစ် တွင် မုံရွာဗုဒ္ဓဘာသာအထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသို့ ၀င်ရောက်ခဲ့၏။

၁၉၃၈ ခုနှစ်တွင် ညိုမြ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဂုဏ်ထူးတန်းအောင်သည်။ ထို့နောက် အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများတွင် စာနယ်ဇင်းပညာများ ဆည်းပူးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှ သတင်းစာပညာ မဟာ ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

အနှိုင်းခံရသူ

The Hell Hound at Large ပေးစာတွင် ငရဲခွေးအဖြစ် အနှိုင်းခံရသူမှာ ဘာဆာ(Bur Sar)ခေါ် တက္ကသိုလ်ကျောင်းငွေထိန်း ဦးတင် ဖြစ်သည်ဆိုပါသည်။ ဘာဆာဦးတင်မှာ မျက်နှာဖြူကျောင်းအုပ်ကြီးအပေါ် အမြဲမျက်နှာလုပ်တတ်ပြီး ကျောင်း သားများအား ဖိနှိပ်လေ့ရှိသူဖြစ်သည် ဆို၏။ ယင်းဘာဆာဦးတင်မှာ နောင် ဖဆပလအစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီး မြန်အောင်ဦးတင် အဖြစ်ထင်ရှားခဲ့သည်။

ကျောင်းထုတ်ခံရခြင်း

၂၁ ဖေဖော်ဝါရီ ၁၉၃၆ တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုနုကို တက္ကသိုလ်မှထုတ်ပယ်သော စာလက်ခံရရှိခဲ့ပါသည်။ တစ်ဆက်တည်း၌ပင် ကိုအောင်ဆန်း အားလည်း တက္ကသိုလ်မှဖယ်ရှားပစ်မည်ဟု သတင်းများ ပေါ်ထွက်နေပါသည်။ ကိုအောင်ဆန်းကို တက္ကသိုလ် မှ သုံးနှစ်ထုတ်ပယ်ရန်ဆုံးဖြတ်ချက်မှာ အမှန်ပင်ဖြစ်ကြောင်း နောက်ပိုင်း သိရှိရပါသည်။ဤသို့ဖြင့် ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင် အစည်းအဝေးကို ကျင်းပခဲ့ကြ၏။ သို့ဖြင့် ဒုတိယအကြိမ်မြောက် တက္ကသိုလ်ကျောင်းသား သပိတ်ပေါ်ပေါက်လာခဲ့ရသည်။

The Hell-Hound at Large

Escaped from Awizi, a devil in form of a black dog. Had been during his brief span on earth, Theft, Presumption, Intrigue, Pettifogging, Sadism, Churishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations etc., menacing the public places with his wanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. uclers on his neck and buboes due to copulation with his own wife. Will finder please kick him back to Hell?

Yamamin


မော်လမြိုင်ဇရပ်

၂၆ ဖေဖော်ဝါရီ ၁၉၃၆ တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းရှိ မော်လမြိုင်ဇရပ်၌ အဖွဲ့ဝင် ၃၁ ဦးပါ သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ယင်းကောင်စီတွင် ကိုနု၊ ကိုရာရှစ်၊ ကိုအုန်း၊ ကိုသီဟန်၊ ကိုကျော်ငြိမ်း၊ ကိုထွန်းတင်၊ ကိုထွန်း အုံ၊ ကိုလှဖေ၊ ကိုဘဆက်၊ ကိုထွန်းဖေ၊ ကိုအောင်ဆန်း၊ မအုန်း၊ မခင်မြ၊ မအမာစသူတို့ ပါဝင်ခဲ့ကြ၏။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကောင်စီက ရှင်းလင်းချက်စာတမ်းတစ်စောင်ကို တက္ကသိုလ်အုပ်ချုပ်ရေးရုံး သို့ ပေးပို့ခဲ့ပါသည်။

စုံစမ်းရေးအဖွဲ့

သပိတ်မှောက်ကောင်စီက တက္ကသိုလ်ဥပဒေအချို့နှင့် တက္ကသိုလ်ပညာရေး၏ ချို့ယွင်းချက် ၁၂ ချက် ကို တက္ကသိုလ်အာဏာပိုင်တို့ထံ တင်ပြတောင်းဆိုခဲ့ကြသည်။ သို့ဖြင့် အင်္ဂလိပ်အစိုးရက ၂ မတ် ၁၉၃၆ တွင် စုံစမ်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့၏။ယင်းကော်မတီတွင် တက္ကသိုလ်ဒုတိယအဓိပတိဦးဆက်၊ ဒေါက်တာဘဟန်၊ ဦးဘလွင်၊ ဦးဘသိန်း၊ ဆာဒါဗဟာဒူး၊ဒေါက်တာ ဒူးဂဲ၊ မစ္စတာပရိုင်ယာ၊ ဦးသိန်းမောင် စသူတို့ပါဝင်ခဲ့ကြသည်။ ထို့ပြင် ဆာမြဘူးဥက္ကဋ္ဌအဖြစ်ပါဝင်သော တက္ကသိုလ် ဥပဒေပြင်ဆင်ရေး အကြံပေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့၏။ ဤသို့ဖြင့် ၁၀ မေ ၁၉၃၆ တွင် ဒုတိယကျောင်းသားသပိတ် ပြီးဆုံးသွားတော့သည်။

အိုးဝေဟူသည်

ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအသင်းမဂ္ဂဇင်း ဟူ၍ ရှည်လျားစွာ အမည်တပ်ခဲ့ရသည်။ မဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်းက အမည်ပြောင်းလိုသည်။ သို့ဖြင့် ၀ိုင်းဝန်းစဉ်းစားကြရာ ရောင်နီ၊ ရောင်ဖြူ၊ ရောင်ခြည်သစ် စသည်ဖြင့် အကြံပြုခဲ့ကြသည်။ ကိုသိန်းတင်(ညိုမြ)က သူ မန္တလေးကယ်လီကျောင်းတွင် နေစဉ်က အငြိမ့်မင်းသမီးဒေါင်းယဉ်ပျံသီ ဆိုသည့် အိုးဝေသီချင်းကို စွဲနေသဖြင့် အိုးဝေဟုအမည်ပေးရန် အကြံပြုခဲ့ရာ ကိုအောင်ဆန်းက သဘော တူသောကြောင့် အတည်ဖြစ်သွားသည်။

အိုးဝေ၏စွမ်းဆောင်ချက်

အိုးဝေမဂ္ဂဇင်းပါ ပေးစာတိုကလေးကြောင့်ပင် ဒုတိယကျောင်းသားသပိတ်သို့တိုင် ကျယ်ပြန့်သွားပေရာ အိုးဝေမဂ္ဂဇင်းကို ကိုလိုနီခေတ် သမိုင်းဝင် မဂ္ဂဇင်းတစ်စောင်ဟု ဆိုနိုင်ပါသည်။

ယမမင်းအမည်ခံညိုမြ (ဦးသိန်းတင်)သည် နောက်ပိုင်းအိုးဝေ အမည်ဖြင့်ပင် စာစောင်ဆက်လက် ထုတ်ဝေခဲ့ရာတစ်နေ့တွင် မြန်အောင် ဦးတင်အား အိုးဝေတိုက်သို့ ပင့်ဖိတ်ကာ ရှိခိုးကန်တော့ခဲ့သည်။ နှစ်ဦးစလုံး မျက်ရည်မဆည်နိုင် ရှိကြသည်ဆို၏။ ညိုမြက မြေနီကုန်းမှ ဓာတ်ပုံဆရာတစ်ဦးကိုခေါ်ထားပြီး မြန် အောင်ဦးတင်၏ ခြေကိုဦးခိုက်လျက် ၀န်ချတောင်းပန်နေပုံကိုလည်း ဓာတ်ပုံရိုက်ကူးထားခဲ့သည်။ ယင်းဓာတ်ပုံကိုလည်း မြန်အောင်ဦးတင်အား အမှတ်တရပေးအပ်ခဲ့သည် ဆိုပါသည်။

Written by တင်နိုင်တိုး
ကျမ်းကိုး
၁။ သမိုင်းဝင်မဂ္ဂဇင်းတစ်စောင် မိတ်ဆက်(မောင်ဇေယျာ) အတွေးအမြင် (၂၀၁) ၂၀၀၈ ဒီဇင်ဘာ
၂။ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်(မြဟန်)
၃။ သတင်းစာဆရာကြီးများ၏ သူတို့ဘ၀အတွေ့အကြုံ(ချစ်ကြည်ရေး ကြည်ညွန့်)
၎။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း (ဖိုးအောင်လေး)

၂၂ . ၃ . ၂၀၁၀ l Eleven Media

အမေ …


အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို
နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့
အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို
သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့
အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို
ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့
အမေ …
ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ
ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု …
ဘာကိုမှ ဂရုမပြုတဲ့
ငါတို့ “အမေ” ရှိတယ်လို့
ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ
လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့

ငါတို့ “အမေ” ရှိတယ်လို့
ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ အလေးဂရုပြုရတဲ့
ငါတို့ “အမေ” ရှိတယ်လို့
ဒါပေမယ့် အမေ
ကျွန်တော်တို့က
အမေ မကြောက်တဲ့
သေနတ်ပြောင်းကိုကြောက်တဲ့
အမေ့သားတွေ
ကျွန်တော်တို့က
အမေ မုန်းတဲ့
ဖိနှိပ်မှုနဲ့ အသားကျနေတဲ့
အမေ့သမီးတွေ
ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ
ဒီလူတွေက
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ အမေ
ခွင့်မလွှတ်လိုက်ပါနဲ့ အမေ …
(မောင်ပွတ်)

ခေါင်းဆောင်အလိုရှိသည်



ကမ္ဘာဦး သူတို့ နေနှင့် လကို တ ကြဘိ သကဲ့သို့ မြန်မာ ပြည်သူ တို့သည် ခေါင်းဆောင်ကို တ ၍ နေ ကြသညိ။ ဤကား မျက်မှောက် ခေတ်၏ တောင့်တ ချက်တည်း။ အသို့နည်း။ ကျွန်ုပ်တို့ နိုင်ငံ၌ ခေါင်းဆောင် မရှိ၍လော။ မဟုတ်ပါ။ ခေါင်းဆောင် သူတို့ ဒုနှင့်ဒေး ရှိကြပေ၏။ 

သို့ဖြစ်လျှင် အဘယ့်ကြောင့် ခေါင်းဆောင်ကို တ ၍ နေကြ ပါသနည်း။ ခေါင်းဆောင် ဒုနှင့် ဒေး ရှိသည့်နောက် ကိစ္စ ပြီးပြီ မဟုတ်လော။ အလို ဆန္ဒ ပြည့်ဝပြီ မဟုတ်လော။ မြန်မာ နိုင်ငံတွင် ခေါင်းဆောင် ပေါများသည်၊ မှန်ပါ၏။ စင်စစ် နိုင်ငံရေး ရောဂါ၏ အခြေ အနေကို အကဲခတ် ကြည့်လျှင် ခေါင်းဆောင် ပေါများသော ရောဂါ ဖြစ်နေ သည်ဟု ဆိုနိုင် ပါ၏။ သို့သော် ပြည်သူတို့ လိုချင်သော ခေါင်းဆောင်မှာ ထို ထို သော ပေါများသည့် ခေါင်းဆောင် တို့ကို မလို ချင်ပါ။ အရည်အချင်း ပြည့်ဝသော ရှားပါး လှသည့် ခေါင်းဆောင် ကိုသာ လိုချင် နေပါသည်။ 

ဗြိတိသျှ ခေတ် လွတ်လပ်ရေး ကြိုးပမ်း ခဲ့ကြ စဉ်က ကျွန် ဘဝမှ လွတ်မြောက် လိုစိတ် ပြင်းထန်၍ နယ်ချဲ့ သမားကို အလွန်အမင်း ထော်လော် ကန့်လန့် လုပ်နိုင်သော သူဟူ သမျှသည် ခေါင်းဆောင် အရာကို အလွယ်ပင် ရရှိ နိုင်ကြ သည်။ မြန်မာတို့ ဗြိတိသျှကို တော်လှန်၍ လွတ်လပ်ရေး ရအောင် ကြိုးပမ်း ခဲ့ကြ သည်မှာ ဒုတိယ ကမ္ဘာ စစ်ကြီး ခေတ်ကျမှ မဟုတ်၊ ပထမ အင်္ဂလိပ် မြန်မာ စစ်ဖြစ်၍ မြန်မာ တို့က ရခိုင်နှင့် တနင်္သာရီကို အင်္ဂလိပ် တို့အား ပေးအပ် ခဲ့ရသည့် အချိန်မှ စ၍ တော်လှန်ရေးကို သူ့ခေတ်နှင့် သူ ပြုလုပ် ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ကဲ့သို့ လူထု တရပ်လုံး၏ ညီညွတ်စွာ ထောက်ခံမှုကို မရခဲ့၍ သာလျှင် ထိုထိုသော တော်လှန်ရေးနှင့် လွတ်မြောက်ရေး တိုက်ပွဲ ကြီးငယ် အပေါင်းတို့ အရေးနိမ့် ခဲ့ကြ ရသည်။

စင်စစ်ကား လွတ်မြောက်ရေး ကြိုပမ်းမှု ရာဇဝင်မှာ ထိုစဉ် ကပင် စတင်ခဲ့သည်။ ထို့ကြောင့်လည်း ခရစ် ၁၈၈၆ ခုနှစ်၌ သီပေါမင်း ပါတော် မူပြီဟု သိရ သည်နှင့် တပြိုင်နက် အထက် မြန်မာ နိုင်ငံ လူထု တရပ် လုံးသည် အုံကြွ၍ တော်လှန် ခဲ့ကြသည်။ လွတ်မြောက် ရေးကို ကြိုပမ်း ခဲ့ကြသည်။ ထို့ကြောင့် အင်္ဂလိပ် တို့သည် မြန်မာ တို့၏ ပုန်ကန် ထကြွမှုကို ၁၁ နှစ်မျှ နည်း အမျိုးမျိုးဖြင့် နိုမ်နင်း ခဲ့ကြ ရသည်။ သို့သော် အမျိုးသား စိတ် ပြင်းထန်သော ခေတ် ရောက်တိုင်း ရောက်တိုင်း မြန်မာ နိုင်ငံတွင် အရေးတော် ပုံကြီးများ၊ အရေးတော် ပုံကလေးများ သူ့ခေတ်နှင့် သူ ပေါ် ပေါက်သည်။ ဤ ရာဇဝင်ကို ကျွန်တော်သည် ပြန်ပြောင်း မရေး လိုပါ။ ကျွန်တော် ဆိုလို ချင်သော အချက်မှာ ယင်းကဲ့သို့ လွတ်မြောက်ရေး ကြိုးပမ်းမှု ခေတ်တွင် ကျွန်ုပ် တို့သည် အင်္ဂလိပ်ကို ဆန့်ကျင် သည်ဟု အမူအရာ တခုခုကို ပြလိုက်ရုံ မျှဖြင့် ထို ဆန့်ကျင် သူကို ဆိုးဆိုး ကောင်းကောင်း ခေါင်းပေါ်တင် မြှောက်စား ခဲ့သည်ကို ကျွန်တော် ပြောလို ပါသည်။ ဥပမာ ခရစ် ၁၈၈၆ ခုနှစ်မှ စ၍ ပေါ်ပေါက် ခဲ့သော မြန်မာ တို့၏ ကနဦး တော်လှန်ရေးတွင် မင်းညီ မင်းသား ထဲက ဆိုလျှင် “ မြင်းကွန်း မြင်းခုန်တိုင် ” ၏ အဆက် အနွယ်များ အပြင် မင်းတုန်းမင်း တရားကြီး၏ နောက်လိုက် ဗိုလ်ပါ အဆက်များနှင့် သီပေါမင်း တရား၏ အဆက် အနွယ် များလည်း ပါဝင်ကြသည်။ ထို့ပြင် ရှမ်းစော်ဘွား များထဲမှ “ ဝန်းသို စော်ဘွားကြီး ” သည် ခေါင်းဆောင်ကြီး တဦး ဖြစ်သည်။ အခြား ကချင်၊ ချင်း၊ ကယား၊ ကရင် စသော လူမျိုးစု ထဲမှ ခေါင်းဆောင် များလည်း ပါသည်။ ထို့ပြင် မြို့စား ရွာစားတို့ သာမက သာမည ရွာသူကြီးပင် လွတ်မြောက်ရေး ကြိုးပမ်းမှု ခေါင်းဆောင် အဖြစ် ပါဝင် ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အဖိုး ဖြစ်သူ ဗိုလ်မင်းရောင် တို့ ကဲ့သို့သော မြန်မာ့ စစ်သည်တော် အင်အားစု ထဲမှ သာမက သာမန် အရပ်သား တို့ပင် ပါဝင် ကြသည်။ ထိုထိုသော ခေါင်းဆောင် တို့တွင် အမျိုး အမည် ထင်ရှား သူလည်း ရှိ၏။ မထင်ရှား သူလည်း ရှိ၏။ မင်းညီ မင်းသားလည်း ပါ၏။ အရပ်သားလည်း ပါ၏။ ခေါင်းဆောင် အရာနှင့် တော်သော သမာဓိ ဂုဏ်နှင့် ပြည့်စုံ သူတို့လည်း ပါ၏။ အခြေအနေ ကြည့်၍ စွန့်စားသော သူတို့လည်း ပါ၏။ ထို့ကြောင့် အချို့မှာ တိုင်းပြည် ခေါင်းဆောင် အမည်ဖြင့် သမိုင်း တွင်ကျန် ရစ်ခဲ့၏။ အချို့မှာ မူကား သာမန် ဓားပြ ဗိုလ်များ အနေဖြင့် သမိုင်း စာရင်း မဝင်ဘဲ “ အညတြ ” ဖြစ်ကြ ကုန်သည်။ သို့ရာတွင် ခေါင်းဆောင် တို့တွင် မင်းညီ မင်းသားကို မဆိုထားဘိ ဓားပြ ဗိုလ်ပင် ဖြစ်စေ ကာမူ အင်္ဂလိပ်ကို ခံတိုက်သော သတ္တိကြောင့် မြန်မာ လူထုက ၄င်းတို့ကို အဆင့် အတန်း မခွဲဘဲ ခေါင်းဆောင် အရာ၌ ထားခဲ့ ကြသည်။ 

ထိုထိုသော ခေါင်းဆောင် တို့တွင် အရည်အချင်း ပြည့်ဝ၍ ဥာဏ်ပညာ ထက်မြက် ပြီးလျှင် အနာဂတ် အတွက် အမြှော်အမြင် ရှိသူ တို့လည်း ပါ၏။ အရည်အချင်း ဘာမျှ မရှိ ဓားကို စွဲကိုင်၍ ရန်သူကို ချေမှုန်း နိုင်သော သတ္တိသာ ရှိသူ တို့လည်း ပါ၏။ မည်သို့ပင် ဆိုဆို ထိုခေတ် မြန်မာ လူထုက ထိုခေါင်းဆောင် အမျိုးမျိုး တို့ကို လေးစား ကြ၏။ “ အာဇာနည် ” ဟု မှတ်ယူ ကြ၏။ သို့သော် သမိုင်းက လူကို စစ်၍ ချလိုက်သော အခါ လူထု၏ ပူဇော် ခြင်းကို ခံထိုက်သော သူတို့ သည်လျှင် အမည် ထင်ရှား ကျန်ရစ် ကြလေသည်။ 

ကျွန်တော် ငယ်စဉ်က ကျွန်တော်၏ ဇာတိ ချက်ကြွေ ဖြစ်သော အရပ်တွင် နာမည် ကြီးခဲ့သော လွတ်မြောက်ရေး ကြိုးပမ်းသူ “ ကျားဗိုလ် ” ဟူသော ခေါင်းဆောင် အကြောင်းကို ကြားခဲ့ ဖူးသည်။ ကျားဗိုလ်သည် ဗြိတိသျှ အုပ်ချုပ်ရေး အမြစ်တွယ် နေပြီ ဖြစ်သော မြစ်ဝ ကျွန်းပေါ် အနောက်ဘက် ဒေသတွင် ပင်လျှင် အင်္ဂလိပ် တော်လှန်ရေးကို လုပ်နေ ခဲ့သည်။ ကျွန်တော် လူမှန်း သိသည့် အရွယ်တွင် မိဘ ဘိုးဘွား တို့က ကျားဗိုလ်သည် တော်လှန်ရေး တိုက်ပွဲ၌ ဆင်ဘား သခင်ဟု အမည် တွင်သော မျက်နှာဖြူ ရဲဘက် ခရိုင် အရာရှိ စိန်ဗာ့ဗ် ( St. Barbe ) ကို ပုသိမ် ခရိုင် အတွင်းတွင် သုတ်သင် လိုက်ကြောင်း အားပါး တရ ပြောကြားသည့် အချက် တို့ကို ဗဟုသုတ အဖြစ်ဖြင့် မှတ်ယူ ခဲ့ဖူး ပါ၏။

ကျွန်တော်၏ ဘွားအေ ကမူ ကျွန်တော် တို့၏ ရွာကလေးကို ကျားဗိုလ် လာ၍ စီးစဉ်က ၄င်း၏ ညီမ အထွေးဆုံးကို ပုခက်တွင် သိပ်ထားဆဲ လက်လွတ် ထွက်ပြေး ခဲ့ရာ ပုခက်တွင်း ကလေးကို ကျားဗိုလ်တို့ လူသိုက် ဆုတ်ခွာ သွားကာမှ သတိရ၍ ပြန်လည် ရှာဖွေ ခဲ့ရ ကြောင်းကို ပြောပြ သဖြင့် မှတ်သား ရပါ၏။ သို့သော် ကျားဗိုလ်၏ ကြိုးပမ်းချက် တို့ကို တွက်စစ် ကြည့်သော အခါ ၄င်းသည် မြစ်ဝ ကျွန်းပေါ် ချောင်းမြောင်း ထဲတွင် လောင်းကြီး တစင်းနှင့် စုန်ချည် ဆန်ချည် သွားလာ လှည့်ပတ်ကာ လူထုထံမှ ရိက္ခာ တို့ကို လုယူ တိုက်ခိုက် နေသူ တဦး၏ အခြေသို့ ဆိုက်ခဲ့ သည်ကို သိရ ပြန်သည်။ ကျားဗိုလ်သည် နောက်ဆုံးတွင် ၄င်း၏ ဇာတ်လမ်းကို တကျွန်း၌ စခန်း သိမ်းခဲ့ ရသည်။

ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အတော အတွင်း ၄င်း ကျားဗိုလ်သည် တကျွန်းမှ လွတ်လာ သည်ကို သိလိုက် ရ၏။ သို့သော် ယခင်က ခေါင်းဆောင်ဟု ဆိုခဲ့ ရသော်လည်း ထိုစဉ် ကမူ ကျားဗိုလ်သည် ဒဏ္ဍာရီ ပုံပြင် ထဲက လူတယောက် မျှသာ ဖြစ်ခဲ့သည်။ ယနေ့ အဖို့၌ မူကား ၄င်းကို သုတေသီ ပုဂ္ဂိုလ် အချို့၏ စိတ်ဝင် စားစရာ လူတယောက် မျှသာ အသိ အမှတ် ပြုကြသည်။ မည်သူမျှ ၄င်းအား မြန်မာ့ သမိုင်းနှင့် ဆက်စပ်၍ မကြည့်ကြ တော့ချေ။ ထိုနည်း တူစွာ ကျွန်တော် ကျောင်းနေစဉ် အရွယ်က အမျိုးသားရေး ခေါင်းဆောင် ပုဂ္ဂိုလ် ဆိုသူ တဦးကို တွေ့ခဲ့ ဖူး၏။ ထိုပုဂ္ဂိုလ်မှာ အသက် ၂၀ မျှပင် မပြည့် သေးပါ။ ထို ပုဂ္ဂိုလ်သည် ဆရာတော် ဦးဥတ္တမနှင့် ဆွေမျိုး နီးစပ် တော်သည် ဟူသော အရည် အချင်းဖြင့် နိုင်ငံရေး ဓမ္မ ကထိက ခေါင်းဆောင် အရာ၌ တည်သည်ဟု သိရ ပါသည်။ ထိုပုဂ္ဂိုလ်မှာ ကိုရင်ဝတ်နှင့် ရှိသည်။ တနေ့သော် ထို ကိုရင် ကလေးသည် မြောင်းမြမြို့ ခါတော်မီ ကျောင်းတွင် နိုင်ငံရေး အဘိဓမ္မာ ဒေသနာ ယပ်လှဲ တရားကြီးကို ဟောကြား ပါသည်။ ထို အဘိဓမ္မာ ဒေသနာ အရ အင်္ဂလိပ် ဟူသည် “ အင်းထဲက လိပ်နှင့် မျောက်ဖြူ တကောင်တို့ စပ်၍ ကျသော သား အဆက်အနွယ် ” ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့သည် မျိုးရိုး ဇာတိ မပျက် စေရန် မျောက်၏ အတုကို ယူ၍ ခေါင်းပေါ်၌ ဗိုလ်ကေ ခွဲကြ သည်ဟု ဆိုပါသည်။ သူ့ခေတ်က သူသည် အင်္ဂလိပ် ဆန့်ကျင်ရေး ခေါင်းဆောင် တဦး ဖြစ်၍ လူထုက လက်ခုပ် သြဘာ တီးပေး ခဲ့ကြ ပါ၏။ သို့သော် ပညာ အနှစ် ကင်းမဲ့သော အဘိဓမ္မာပျက် တရား တို့ကို မျိုးချစ်စိတ်နှင့် ယှဉ်၍ တည်ထောင် ခဲ့သော အမျိုးသား ကျောင်းရှိ ၁၂ နှစ်၊ ၁၃ နှစ် အရွယ် လူငယ်များ ကပင်လျှင် လက်မခံ ခဲ့ချေ။ ၄င်းနောက် ထို ကိုရင်သည် ခေတ်ကလေး တခေတ် သမိုင်း ထဲ၌ ဒဏ္ဍာရီ ပုံပြင်၏ ပမာ တမျှ ပင်လျှင် နာမည် ကျန်ရစ် ခဲ့ခြင်း မရှိချေ။ ဆရာတော် ဦးဥတ္တမ ပင်လျှင် ထို အကြောင်းကို သိရှိ ခဲ့လျှင် သူ၏ နာမည်ကို အလွဲသုံးစား လုပ်သည်ဟု ရေရွတ် မိမည်မှာ အမှန် ဖြစ်၏။ နောင် အခါတွင် ကျွန်တော်သည် အလုပ်နှင့် အကိုင်နှင့် တာဝန် ရှိသူ လူကြီး ဘောင်ထဲသို့ ရောက်ခဲ့ ပြန်သည်။

ထိုအခါ ၌လည်း ခေါင်းဆောင် ဆိုသူ လူ အမျိုးမျိုးနှင့် ဆက်ဆံ ပေါင်းသင်း ခဲ့ရသည်။ အလုပ် လုပ်စ၌ ရပ်ကွက် ခေါင်းဆောင် ဆိုသူ တဦးနှင့် တွေ့ခဲ့ ရ၏။ ၄င်းသည် မြူနီစီပယ် ရွေးကောက်ပွဲ၌ အရွေးခံရန် ကြိုးပမ်း နေသူ ဖြစ်၏။ သူ၏ ဇာစ်မြစ်မှာ နိုင်ငံခြားသား ကလယ် ကုလား၊ ကျူလယာ ကုလား၊ ကာကာ ကုလား များနှင့် ပေါင်းသင်း၍ ၄င်းတို့က မြန်မာ လယ်သမား များ၏ လယ်မြေ များကို မတရား ကျူးလွန် သိမ်းပိုက်သည့် အမှု တို့တွင် ရုံးတော်က မသိ စေရဘဲ တောရှေ့နေ အဖြစ်ဖြင့် ဆောင်ရွက် ပေးနေသူ ဖြစ်၏။ ဤသို့ ဆောင်ရွက် ပေးရင်း တရားရုံး တို့တွင် သွားလာ ဆက်ဆံ ပေါင်းသင်းမှု များလာသော အခါ လျှောက်လွှာ စာရေး လိုင်စင်ကို ယူပြီးလျှင် ရုံးများ၌ ခြေရှုပ် နေသူ တဦး ဖြစ်၏။ သို့သော် ၄င်းသည် သူ၏ ဝမ်းရေး အကွက်ကို မြင်တတ်သူ ဖြစ်သည့် အလျောက် နိုင်ငံရေး၌ အာဏာရဆဲ ပါတီ၊ သို့တည်း မဟုတ် လူထု အများက မျက်စိ ကျထားသော ပါတီ အစ ရှိသည် တို့ကို ကပ်၍ ပါတီ ခေါင်းဆောင် ရာထူးကို မိမိ ဘာသာ မိမိ တီထွင် ရယူ ထားသူ ဖြစ်လေသည်။ သို့သော် သူယူ ထားသော ရာထူးသည် တခုတည်း မဟုတ်၊ ၂၁ ဦး အတွက် သူသည် ကိုယ်စားလှယ် ဖြစ်၏။ မျိုးချစ် အတွက်လည်း သူ သာလျှင် လူထုအား ကိုယ်စား ပြု၏။ တို့ ဗမာ အစည်း အရုံး အဖို့လည်း သူပင်လျှင် ဦးစီး ဦးဆောင် ဖြစ်၏။ ကျွန်တော် သူနှင့် တွေ့စက သူသည် ဓားမ ပါတီ အတွက် နောက်လိုက် စုနေသည်။ သို့သော် ထိုစဉ်က နိုင်ငံရေး သဘောမှာ ဗြိတိသျှ တို့ကို နဖူးတွေ့ ဒူးတွေ့ တိုက်ကြ ရမည့် သဘော ဖြစ်၍ ဗြိတိသျှ အုပ်ချုပ်ရေးကို ဝင်ရောက် ရှုပ်ပွေ နှေက်ရှက် နိုင်သူသည် “ အာဇာနည် ပုဂ္ဂိုလ် ” ဖြစ်နေ လေသည်။ ထို့ကြောင့် တရား ရုံးတိုင်းက သော်လည်းကောင်း၊ အရပ်က သော်လည်းကောင်း လူရှုပ် လူပွေဟု ယူဆ ထားကြ သော်လည်း တောမှ တက်လာသော ကလယ် ကုလား၊ ကျူလယာ ကုလား၊ ကာကာ ကုလား၏ နောက်လိုက် တောသူ တောင်သား တို၏ မျက်စိ ထဲတွင် သူသည် ခေါင်းဆောင် အရာ၌ တည်ခဲ့သည်။ ကျွန်တော် သည်လည်း အလုပ် သဘောကို ကြည့်၍ လူထု၏ အစိတ် အပိုင်း ခေါင်းဆောင် တဦးအား နေရာ ထား၍ ဆက်ဆံ ခဲ့ရ၏။ သို့သော် ထိုသူသည် “ ဗလောင်း ဗလဲ ” ခေါင်းဆောင် ဖြစ်သည် ဟူသော အချက်ကို မူကား သိရှိ ရ၍ သတိ များစွာ ထားပြီး ပေါင်းသင်း ဆက်ဆံ ရသည်။

တနေ့သော် တို့ဗမာ အစည်း အရုံး၏ ခေါင်းဆောင် မှုဖြင့် ဗြိတိသျှ အုပ်ချုပ်ရေးကို မောင်းထုတ် ပြီးလျှင် ဂျပန် တို့၏ အုပ်ချုပ်ရေးကို တည်ဆောက် ရသော အခါ ကျွန်တော့် စိတ် အထင်၌ အဆိုပါ လျှောက်လွှာ စာရေး ဗလောင်း ဗလဲ ခေါင်းဆောင်ကြီးသည် မြို့ပြ အုပ်ချုပ်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်လာလေ မလောဟု တထိတ်ထိတ်နှင့် စောင့်မျှော် ကြည့်မိသည်။ သို့သော် ကျွန်တော့် မိတ်ဆွေ ဗလောင်းဗလဲ လျှောက်လွှာ စာရေးကြီးသည် ထို အချိန်မှ စ၍ စုံးစုံး မြုပ်လေ၏။ သမိုင်းရေ အလျှင် ထဲတွင်ကျွန်ုပ်၏ “ ခေါင်းပုံဖြတ် ခေါင်းဆောင်ကြီး ” သည် အမှိုက် သရိုက် ပမာ တမျှ မျောပါ၍ ပျောက်ပျက် သွားချေပြီ။

ယနေ့ အဖို့ သူသည် အသက် ထင်ရှားရှိမှ ရှိပါ သေး၏ လောဟု ကျွန်တော် တွေးမိ၏။ အကယ်၍ ရှိခဲ့သော် ကျန်းမာပါစေ၊ မြန်မြန် ချမ်းသာ ပါစေဟု ကျွန်တော် ဆုတောင်း လို၏။ အကြောင်းကို ဆိုသော် သူ မြန်မြန် ချမ်းသာ၍ သူ့ လိုဘ မြန်မြန် ပြည့်ဝမှ ကျွန်ုပ်တို့ လူထုသည် သူ၏ စက်ကွင်းမှ လွတ်မြောက်မည် ဖြစ်၏။ သို့ရာတွင် လက်တွေ့ ၌ကား ထို လူမျိုးသည် သေသည့် အချိန် တန်အောင် လိုဘ ပြည့်လိမ့်မည် မထင်။ ရလေ လိုလေ အို တစ္ဆေ ဆိုသည်မှာ ထို လူစား မျိုးတည်း။ ယခု ခေတ်ကား လွတ်လပ်ရေး ခေတ် ဖြစ်၏။ ကျွန်တော်သည် နိုင်ငံခြားသား လက်အောက်ခံ မင်းမှုထမ်း ဘဝ၌ ထို လွတ်လပ်ရေး ခေတ်ကို မျှော်မှန်း ခဲ့၏။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရ ဘဝသို့ ရောက်သော အခါ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရ အတွက် အကျိုးစီးပွား ဖြစ်ထွန်းအောင် လွတ်လွတ် ကျွတ်ကျွတ် စိတ်ရှိတိုင်း ဆောင်ရွက် ရမည့် အခြေကို မျှော်မှန်း မိ၏။ ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်း များနှင့် စကား လက်ဆုံ ကျသည့် အခါ မြန်မာ နိုင်ငံ၏ အုပ်ချုပ်ရေး တိုးတက် လာလျှင် ကျေးရွာ သူကြီး အဖွဲ့ကို မည်သို့ မည်ပုံ ကောင်းမွန် လာအောင် ဆောင်ရွက် ရမည့် လုပ်ငန်း တို့ကို ဆွေးနွေး ခဲ့၏။ ကျွန်တော်တို့ ခေတ်က အုပ်ချုပ်ရေး လုပ်ငန်း ထဲသို့ ရောက်ရှိ လာကြသော နိုင်ငံ ဝန်ထမ်း အပေါင်း တို့သည် ရန်ကုန် တက္ကသိုလ်မှ ရအပ်သော ပညာ အသ်ဥာဏ် တို့ဖြင့် တိုင်းပြည် ကြီးကို တိုးတက် ကောင်းမွန်အောင် အဘယ်ပုံ လုပ်လိုက် မည်ဟု ကြုံးဝါး ခဲ့ကြ၏။ တခုသော ည လကလေး ခပ်သာသာတွင် တောင်ကုပ် မြို့နယ်ရှိ တန်းလွှဲ မြစ်၏ ရေ အလျှင်ကို ကြည့်ကာ ခရိုင် ရဲဝန် တဦး၊ ခရိုင် လယ်ဝန် တဦး၊ ခရိုင် ယစ်မျိုး ဝန်ထောက် တဦးနှင့် ကျွန်တော်သည် ကျွန်တော်တို့ လေးဦးသား ရာထူး ဌာနန္တရ တိုးတက်၍ နိုင်ငံ့ တာဝန် ကြီးကြီး တို့ကို ဆောင်ရွက် နိုင်သော အခြေသို့ ရောက်သော အခါ ရဲ အဖွဲ့ကို လန်ဒန် မြို့တော် ရဲအဖွဲ့ နီးနီး တိုးတက်အောင် မည်သို့ ပြုပြင် ကြရမည် ဟူသော အချက်ကို ဗဟုသုတ နှီးနှော ဖလှယ်ပွဲ ပြုလုပ် ခဲ့ကြ၏။ စိတ်ကူး ယဉ်သည် နှင့်ကမျှ ကျွန်တော်တို့ လေးဦးသား ပျော်ရွှင် ကြ၏။ လွတ်လပ်သော ခေတ်တွင် ရှုပ်ပွေသော လောကကြီးနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရသော အခါ ကျွန်တော်တို့ တတွေသည် ကျားဗိုလ် ကဲ့သို့သော ခေါင်းဆောင်၊ ဦးဥတ္တမ၏ အဆက်အနွယ် ဖြစ်သော ကိုရင် ကဲ့သို့သော ခေါင်းဆောင်၊ လျှောက်လွှာ စာရေး ကဲ့သို့သော ခေါင်းဆောင်၊ ထို ခေါင်းဆောင် တို့၏ အဆင့်အတန်း ကိုမျှပင် မမီသော ခေါင်းဆောင် စသည့် ခေါင်းဆောင် တို့နှင့် ပြေးမလွတ် ရှိခဲ့ ရသည်။

ကျွန်တော်၏ မိတ်ဆွေ များသည် ကျွန်တော့်ထက် တော်ကြသည်။ ၄င်းတို့သည် မိမိကိုယ်ကို မိမိ ပါတ်ဝန်းကျင်နှင့် ဟပ်မိအောင် ကြိုးစား ခဲ့ကြသည်။ ထို့ကြောင့် ယခင်က ခရိုင် ရဲဝန်၊ လယ်ဝန်၊ ယစ်မျိုးဝန် ဆိုသူ တို့သည် ယနေ့ အဖို့၌ အထက် လူကြီးများ အပြစ် မဆို သာအောင် မိမိတို့၏ အလုပ်ခွင်တွင် ဣနြေ္ဒမပျက် လုပ်ကိုင် နေကြသည်။ အသက် ၅၅ နှစ် ပြည့်မည့် နှစ်တွင် အနား ယူရန် ရည်သန်၍ အပြစ် ကင်းအောင် ပတ်ဝန်းကျင်နှင့် ရေလိုက် ငါးလိုက် ပြုလုပ် နေကြသည်။ သို့သော် ကျွန်တော့် မှာမူ စိတ် အမောခံ၍ ပတ်ဝန်းကျင်ကို သုံးသပ် နေမိသည်။ ထို့ကြောင့်လည်း ယနေ့ အဖို့၌ မြန်မာ နိုင်ငံသူ နိုင်ငံသား တို့သည် ခေါင်းဆောင် ပီသ သူတို့ကို မျှော်လင့် တောင့်တ နေကြောင်း စဉ်းစား မိခြင်း ဖြစ်၏။ လက်ရှိ အခြေ အနေ၌ ကျွန်ုပ်တို့အား ရှေ့ဆောင် လမ်းပြ ပြုနေ ကြသော ခေါင်းဆောင် တို့သည် အမှားကို ပြုလုပ် မိခဲ့ သည်လည်း ရှိပါ၏။ သို့သော် သူတို့ ပြုခဲ့ သမျှသော အလုပ် တို့သည် တိုင်းပြည် အပေါ်၌ စေတနာ ထား၍ ပြုလုပ် ခဲ့ကြ သည်ကို ကျွန်တော် နားလည် ပါ၏။ သို့သော် ထို ခေါင်းဆောင်ကြီး တို့သည်လည်း ပတ်ဝန်းကျင်၌ “ ကျားဗိုလ် ခေါင်းဆောင် ”၊ “ ဓမ္မကထိက ကိုရင် ခေါင်းဆောင် ”၊ “ လျှောက်လွှာ စာရေး ခေါင်းဆောင် ” တို့နှင့် ပြေးမလွတ် ရှိနေ ကြသည် ကိုလည်း ကျွန်တော် ရိပ်မိ၏။ ယခု အခါ တတိုင်းလုံး တပြည်လုံးက ခေါင်းဆောင်များ အကွဲကွဲ အပြားပြား ဖြစ်သည်ကို နှာခေါင်း ရှုံ့ကြ သည်။ သို့သော် ကျားဗိုလ်၊ ကိုရင်နှင့် လျှောက်လွှာ စာရေးတို့ ပေါင်းမိ မည်ကိုလည်း ကြောက်ဒူး တုန်ကြသည်။ ဤ အဖြစ် သနစ်ကြောင့် လူထုသည် သူ့ကို အပြစ်တင်၊ ငါ့ကို အပြစ်တင်နှင့် အပြစ် တို့ကိုသာ မြင်နေ ကြသည်။

ကျွန်တော်ကား လူကို အပြစ် မတင် လိုပြီ။ သဘော တရား၊ စနစ်၊ လုပ်ရပ် စသော အကြောင်း တရား တို့၌သာ အပြစ်ကို မြင်နေ မိသည်။ လူသည် လူပင် ဖြစ်၏။ လူသည် လောဘသား၊ ဒေါသသား၊ မောဟသား ဖြစ်သည်။ လူ၌ လူ့အပြစ် ရှိစမြဲတည်း။ လူသား မှန်ပါလျှက်နှင့် နတ်ကဲ့သို့ ဟန်ဆောင် နေခြင်းသည် လူတို့၏ လွတ်မြောက်ရေး လမ်းစဉ် မဟုတ်။ လူကို ကောင်းသော စည်းဝိုင်း၊ ကောင်းသော ကျင့်စဉ်၊ ကောင်းသော လုပ်ငန်း ထဲသို့ ပို့ပေး နိုင်မှသာ လူသည် လူ့အဖြစ်နှင့် ပင်လျှင် တိုးတက် လာဖို့ ရှိသည်။ ရှေးခေတ်က နိုင်ငံရေးကို ဆောင်ရွက်သည် ဆိုသည်မှာ လက်အောက်ခံ ဘဝမှ လွတ်မြောက်ရေးကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ ယခု လွတ်မြောက်သော ဘဝ၌ မူကား နိုင်ငံရေး လုပ်ငန်း ဟူသည်မှာ လူသည် လူ့အဖြစ် နှင့်ပင် တိုးတက် လာအောင် ပြုလုပ် ပေးဖို့ ဖြစ်သည်။ လူကို နတ်ဖြစ်အောင် ပြုပြင် လိုလျှင် လူကို လူ့ဘဝမှ လျှောကျအောင် လုပ်ရ ဦးမည် ဖြစ်သည်။

စာဖတ်သူ မိတ်ဆွေ၏ စိတ်ကို ကျွန်တော် မသိပါ။ ကျွန်တော့် စိတ်ဆန္ဒကို အရိုးခံဖြင့် ပြောပြ ရလျှင် အလကား နေရင်း လူ့ဘဝ အဆုံး မခံ လိုပါ။ ထို့ကြောင့် လူကို လူအဖြစ် ဖြင့်ပင်လျှင် တိုးတက်အောင် ဆောင်ကြဉ်း ကြစို့ဟု ဆိုလျှင် လူ့ အကြောင်းကို တတ်သိ လိမ္မာ ကျွမ်းကျင် မှသာ ဆောင်ကြဉ်း နိုင်လိမ့်မည်။ ကျားဗိုလ်သည် တော်လှန်ရေး ခေါင်းဆောင် ဖြစ်ခဲ့သည်။ မှန်၏။ သို့သော် တိုက်နည်းကို မသိ။ သူနှင့် ဘဝတူ မြန်မာ လူထု အကြောင်းကို မသိ။ ထို့ကြောင့် ရွာစဉ် လျှောက်ပြီး တိုက်ခိုက် ခဲ့၏။ အိုးမဲ့ အိမ်မဲ့ သားတကွဲ မယား တကွဲ ဖြစ်ခဲ့ကြ သူတို့မှာ မြန်မာ တို့သာ ဖြစ်သည်။ ဗြိတိသျှ တို့ကား ကျားဗိုလ် ထလေလေ ၄င်းတို့၏ ဘုန်းတန်ခိုး ကြီးမား လေလေ ဖြစ်သည်။ ဓမ္မကထိက ကိုရင်သည် အမျိုးသား ခေါင်းဆောင် ဖြစ်ခဲ့သည်။ မှန်၏။ သို့သော် ၄င်းသည် သဘောတရား မသိ။ သူနှင့် ဘဝတူ မြန်မာ တို့၏ အကြောင်းကို မသိ။ တောင်စဉ် ရေမရ ဝါဒ တို့ကို သွတ်သွင်း လေလေ ဗြိတိသျှတို့ ဘုန်းတန်ခိုး ကြီးမား လာလေလေ ဖြစ်သည်။ လျှောက်လွှာ စာရေးသည် တောသူ တောင်သား တို့၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။ မှန်၏။ သို့သော် လုပ်ငန်းကို နားမလည်ရှာ။ ထို့ကြောင့် ဗြိတိသျှ၊ တရုတ်၊ အိန္ဒိယသား တို့သည် ၄င်း၏ ကြိုပမ်း မှုကြောင့် စည်းစိမ် ဥစ္စာ တိုးတက် လာခဲ့သည်။ စင်စစ် ၄င်းတို့ ကြိုးပမ်း လာခဲ့ကြ သည်မှာ သဘော တရားလည်း မမှန်၊ စနစ်လည်း မကျ၊ လုပ်ရပ်လည်း မဟုတ်၊ လွတ်မြောက် လိုသော ဆန္ဒ တခုတည်းသာ ရှိသည်။ မျိုးချစ်စိတ် ပြင်းထန်မှု တခု တည်းသာ ရှိသည်။ တော်လှန် လိုသော စိတ်လှုပ်ရှားမှု တခု တည်းသာ ရှိသည်။ တိုင်းပြု ပြည်ပြု လုပ်ငန်း တို့တွင် ထိုစိတ် တို့ကို မည်မျှပင် အခြေခံ ကြရမည်ဟု ဆိုစေ ကာမူ လုပ်နည်း မသိသော ခေါင်းဆောင်သည် ဖွဲနှင့် ဆန်ကွဲသာ ဖြစ်ချေအံ့။


ဤခေတ်၌ ခေါင်းဆောင် အမည် ခံယူ သူတို့ ပေါများ ပါ၏။ တောင်သူ လယ်သမား ခေါင်းဆောင်ဟု ရှိ၏။ သို့သော် ကျွန်ုပ်တို့၏ တောင်သူ လယ်သမား ခေါင်းဆောင်သည် စပါးနက်နှင့် ငစိန်ကို ခွဲခြား၍ မသိ။ အလုပ် သမား ခေါင်းဆောင်ဟု ဆိုပါ၏။ သို့သော် ခေါင်းဆောင်ကြီးသည် တူကိုမျှပင် မထု တတ်ပါ။ အုပ်ချုပ်ရေး သမား ခေါင်းဆောင်၊ စီးပွားရေး သမား ခေါင်းဆောင်၊ လူမှုရေး သမား ခေါင်းဆောင် ဟူ၍လည်း ရှိကြ ပါ၏။ သို့သော် ထို သူတို့သည် ဥပဒေကို မသိ၊ အရောင်း အဝယ်ကို နားမလည်၊ မနုဿ ဗေဒ ဟူသည် ကိုလည်း မကြားဖူး။ “ သင်တို့သည်၊ ငါတို့သည်၊ တော်လှန်ရေး အရင်းရှင် စနစ်၊ ဒီမိုကရေစီ၊ ပြည်သူပိုင်၊ ပြည်တော်သာ ” ဟူသော ကြွေးကြော်သံ တို့ကို အလွတ် ကျက်၍ လူရှေ့ သူရှေ့ မရှောင် ဟစ်အော် တတ်လျှင်ပင် ခေါင်းဆောင်ဟု ဆိုကြရ မည်လော။ မဟုတ် … … မဟုတ် … … မဟုတ်။ ကျွန်ုပ်တို့ အားလုံး သွက်ချာတော လိုက်အောင် မှားကုန် ကြပါပြီ။ ခေါင်းဆောင်မှု ဆိုရာ၌ အရည်အချင်း ရှိရမည် မဟုတ် ပါလော။ အရည်အချင်း ဆိုသည် မှာလည်း ပထမပြန် စာမေးပွဲကို အောင်ခြင်း မဟုတ်၊ ဘီအေ အောင်ခြင်း မဟုတ်၊ မိမိ လုပ်ငန်း၌ တတ်ကျွမ်း ခြင်းကို ဆိုလိုသည်။ တနည်း အားဖြင့် တတ်ကျွမ်းမှု ရှိသော ခေါင်းဆောင်ကို တိုင်းပြည်က ယနေ့ အလို ရှိနေသည်။ ယနေ့ အဖို့၌ ကျဆင်း နေသော ခေါင်းဆောင်မှု နေရာတွင် “ လဟာပြင်ကြီး ” ကျန်ရစ် နေသည်။ သို့သော် ကံကောင်း ထောက်မ၍ ထို လဟာပြင်၌ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ခေါင်းဆောင်မှုတို့ နေရာ ယူထားသည်။ စင်စစ် ၄င်း ခေါင်းဆောင်မှုသည် နိုင်ငံကို ထိန်းပေး ရသော ခေါင်းဆောင်မှု ဖြစ်သည်။ တနည်း အားဖြင့် နိုင်ငံရေး ခေါင်းဆောင်မှု တရပ် အတွက် မဏာမ ခေါင်းဆောင်မှု၌ နေရာ ယူလျှက် ရှိကြသည်။ အို - အချင်းတို့ … …။ ကျွန်ုပ်တို့၏ နောင်တော့် နောင်တော်များ ကျဆင်း ခဲ့သော လမ်းကြောင်း ကြီးကို မြင်ကြ ကုန်လော။ စိတ်တက်ကြွမှု တခု တည်းနှင့် အရင်း တည်သော ခေါင်းဆောင်မှုသည် ကျဆုံး ခဲ့ပြီ။ မိမိ လုပ်ငန်းကို မိမိ တတ်ကျွမ်း နားလည်မှု ရှိသော ခေါင်းဆောင်မှု သည်သာလျှင် အောင်မြင် လိမ့်မည်။ 

နောင်လာ နောက်သား တို့သည် နောင်တော့် နောင်တော်တို့ ကျဆင်းရာ ချောက်ထဲသို့ မကျကြ စေနှင့်။ နိုင်ငံရေး သမား ခေါင်းဆောင်၌ နိုင်ငံရေး အရည်အချင်း ရှိစေ။ အုပ်ချုပ်ရေး သမား ခေါင်းဆောင်၌ အုပ်ချုပ်ရေး အရည်အချင်း ရှိစေ။ စီးပွာရေး ခေါင်းဆောင်၌ စီးပွားရေး အရည်အချင်း ရှိစေ။ လူမှုရေး ခေါင်းဆောင်၌ လူမှုရေး အရည်အချင်းရှိစေ။ သို့မှ သာလျှင် မြန်မာ့ သားကောင်း သမီးကောင်း ရတနာ တို့သည် မြန်မာ့ လွတ်လပ်ရေးကို အသက်ဆက် နိုင်ကြမည် ဖြစ်၏။

မောင်ထင်
၁၉၅၉ မှာ ဆရာ မောင်ထင် ရေးသား ခဲ့တဲ့ ပြည်သူ့ ကိုယ်ကျင့် တရား အမြင် “ ခေါင်းဆောင် အလိုရှိသည် ” ဆောင်းပါးမှ

နေရစ်ခဲ့ လွမ်းဖွဲ့ ဒဏာရီ

နေရောင်ခြည်ရဲ့ အလင်းစက်တချို့က ခုန်ပေါက်ကာ မှန်ပြတင်းတံခါးဆီမှ သူ့မျက်နှာကို ခပ်နွေးနွေးလေး နမ်းရှုံ့လာသည့်အတွက် လေးအိနေတဲ့ မျက်လုံးများကို အားတင်းကာ ခပ်ဖြည်းဖြည်းလေး သူ ဖွင့်လိုက်သည်။ တစ်ဆက်တည်းမှာပဲ သူရဲ့ ထမ်းဆောင်နေကျဖြစ်တဲ့ နံနက်ခင်းလေနုလေးတွေကို ရှုရှိုက်ဖို့ ပြတင်းတံခါးကိုလှစ်ဟကာ နံနက်ခင်း အလှကို နှုတ်ဆက်လိုက်သည် ။ 

သူ၏အိပ်ယာအခန်းက ၂ထပ်မှာရှိနေပြီး အိပ်ယာပြတင်းတံခါးလေးက ကြည့်လျှင် အိမ်ဘေးရှိ မြေနီလမ်းကလေး၏ မရိုးနိုင်သော မြင်ကွင်းအစုံကိုသူနေ့စဉ်နှင့်အမျှ တွေ့မြင်ခွင့်ရနေသည်။ အိပ်ယာနိုးတိုင်းလည်း လတ်ဆတ်တဲ့ လေနုသွေးလေးတွေကို ရှုရှိုက်ရင်း မြေနီလမ်းကလေးကို သူငေးမောနေကြ။ ထိုပုံရိပ်တွေထဲကမှ ၊ လွယ်အိတ်လေးကိုယ်စီလွယ်လို့ ကျောင်းသွားဖို့ လျှောက်လာနေတဲ့ ကောင်မလေး ၃ ယောက် ၊ ဒီအချိန်၊ ဒီလမ်းက သူတို့အမြဲလျှောက်သွားနေကြမို့ သူသတိထားမိနေသည်။ အထူးသဖြင့် သူတို့ထဲက အရပ်ခပ်မြင့်မြင့်၊ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးရဲ့ လမ်းလျှောက်ပုံလေးက ဆောင့်ကြွားကြွားနိုင်တာမို့ ကြည့်ရတာ တမျိုးလေးထူးဆန်းနေသည်၊ သူမဆံနွယ်တွေက မဟူရာလိုနက်မှောင်ကာ ရှည်လျားစွာ ဖြောင့်စင်းလို့.....။ တွေးနေဆဲမှာပင်ကောင်မလေးက သူ့ပြတင်းတံခါးဆီ အမှတ်မထင်မော့ကြည့်လာသည်။ အင်အားပြင်းထန်တဲ့ ငလျင်တခုက သူရင်တွင်းဝင်ရောက်ကာလှုပ်ခတ်သွားခဲ့သည်။ ဒီအကြောင်းတွေကို ကောင်မလေးကတော့ သိမည်မထင်၊  
ဒီနေ့ သူအတန်းပြီးလို့ RC 2 ကနေ အိမ်ကို တန်းမပြန်သေးဘဲ ၆မိုင်ခွဲ ရွှေဟသာင်္လမ်းမှာနေတဲ့ သူငယ်ချင်း ရှိရာဝင်ဖြစ်ရင်း သူငယ်ချင်းဆီမှေ၇ွှဥဒေါင်းရဲ့စာအုပ်တအုပ်ကို ငှားလာခဲ့မိသည်။ သူငယ်ချင်းနဲ့ စကားပြောဆိုပြီးလမ်းခွဲတော့ နေက အတော်စောင်းနေသည်။ နေအေးချိန်မို့ ကန်ဘောင် က လူစည်သည်။ ညနေခင်းအလှနဲ့ ပနာတင့်နေတဲ့ အင်းလျားကန်ဘောင်အလှကို ငေးရင်း လှည်းတန်းဆီသို့ လမ်းလျှောက်လာခဲ့သည်။ လှည်းတန်း မှာဘတ်စကားစောင့်ရင်း စာအုပ်ကို မြည်းနေတာမို့ ပတ်ဝန်းကျင်ကို ဂရုမထားမိလိုက်၊ ဘတ်စကား တစ်စီးထိုးဆိုက်လာသည်။ ထိုးစိုက်လာသောဘစ်စကားပေါ်သူ့ထက်ငါ တိုးဝှေ့တက်နေသည့် လူအုပ်ကြားထဲ တိုးဝှေ့ဝင်လိုက်ရင်း ကားပေါ်တက်လိုက်မိသည်၊ ဟော ... တက်နင်းမိသွားပြီ။ ကိုယ့်ရှေ့ကတက်နေတဲ့အမျိုးသမီးတစ်ဦး၏ ဖိနပ်။ အနောက်ကတိုး ဘေးက တိုက်နဲ့မို့ အလျင်လိုမိတာခြင်းရဲ့ ရလဒ်။ "ရှင်ဘယ်လိုလူလည်း ဒီမှာဖိနပ် ပြတ်သွားပြီ၊" အသံစွာစွာနဲ့ သူ့ဘက်လှည့်ပြောလာသည့် အမျိုးသမီးကို ကြည့်ရင်း သူအံ့သြသွားခဲ့သည်၊ သူ့အိမ်ဘေး မြေနီလမ်းကလေးကို နေ့စဉ်ဖြတ်လျှောက်သွားနေတဲ့ ကောင်မလေး"ကျနော်တောင်းပန်ပါတယ်" "ဘိနပ်အသစ်ဝယ်ပေးပါ့မယ်"၊ တောင်းပန်ရင်း သူမမျက်နှာကို ကြည့်လိုက် မိသည်၊ သူမမျက်နှာ ညိုညိုလေးမှာပန်းနုရောင်တွေ ဖြတ်သန်းစီးဆင်းနေတာတွေ့နေရသည်။၊ ဒီလိုနဲ့ ဘတ်စကားစီးရင်း ဈေးကွေ့မှတ်တိုင်မှာဆင်းပြီး သူမအတွက် ဖိနပ်တရံကို ၀ယ်ပေးဖြစ်ခဲ့သည်။ ကောင်မလေးရဲ့အပေါင်းအသင်းတွေက ပြုံးစိစိနဲ့လုပ်ရင်း ခေတ်သစ် စင်ဒရဲလားလို့ တိုးတိုးလေး စနေတာမို့  သူမစိတ်ဆိုးဒေါသတွေက ပြယ်လွင့်သွားပြီအထင်နဲ့ စကားပြောကြည့်မိရင်း မိတ်ဆက် လိုက်သည်၊ မြေနီလမ်းကလေး၊ ပြတင်းပေါက်လေးအကြောင်းပြောပြတော့ သူမမှတ်မိသွားပုံ ရသည်၊ ဒီလိုနဲ့ ဆံပင်ရှည်ရှည်နဲ့ကောင်မလေး၏အမည်ကို သိခွင့်ရလိုက်သည်။ ခိုင်လေးငယ်တဲ့။
ဲဒီည ကောင်းကင်ကမခို့တရို့နဲ့
လှနေလိုက်ပုံများ ကြယ်စင်အလင်းတွေနဲ့
လေညှင်းလေးတွေ တေးသွားကြူးတဲ့ည
ငါ့ဂီတဘဲပေါ့ ခိုင်လေးရေ...........
 


အဲဒီညက သူအိပ်လို့မရခဲ့။ ပြတင်းတံခါးကိုဖွင့်ရင်း ကောင်းကင်အားမော့ကြည့်လိုက်သည်၊။လ တစ်ခြမ်းပဲ့လေး ဘေးမှာ ကြယ်စင်အလင်းတွေပိုးပိုးပေါက်ပေါက်နဲ့ လှချင်တိုင်းလှနေသည်။ ကာင်းကင်မှာ သူမမျက်နှာကိုပုံဖော်ကာ ငေးမောရင်း စိတ်ကူးတွေရွက်လွှင့်နေမိခဲ့သည်။ ဘယ်အချိန် အိပ်ပျော်သွားသည် မသိ၊ မမ လာနှိုးမှ နိုးလာရသည်မို့ ကျောင်းနောက်ကျနေမှန်း သိလိုက်ပြီ။ အမြန်ထပြီး အပြေးတစ်ပိုင်းဖြင့် ကျောင်းကို သူလစ်ခဲ့ရသည်။ အတန်းထဲ မှာ တစ်နေကုန် အိပ်ငိုက်နေသည့်သူ့ကို သူငယ်ချင်းတွေက အစာမကြေ၊ အတန်းပြီးရင် ကန်ဘောင်မှာဗူးသီးကြော်သွားစားရင်း လေကန်ကြမည်။ မလိုက်မနေရ အမိန့် ထုတ်လာသည်မို့ သူလိုက်ခဲ့ရသည်။
ကန်ဘောင်ကစားပွဲပုလေးတွေရှိရာ လျှောက်ရင်း သူမတို့သူငယ်ချင်းတွေထိုင်နေတာ သူမြင်လိုက်ရတော့ သူ့မျက်လုံးတွေ ကျယ်သွားပြီး လန်းဆန်းလာသလိုပင်၊ သူမသူငယ်ချင်းက သူ့ကိုဘာလှမ်းပြောလိုက်သည်မသိ၊ သူမက လှည့်ကြည့်၇င်း ပြုံးပြသည်၊ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းကိုလည်း လှမ်းနှုတ်ဆက်တော့ သူအံ့သြမိသွားသည်၊ သူ့သူငယ်ချင်း ကိုကိုမြင့်က ဒါငါတို့အိမ်ဘေးကလေလို့ ပြောမှ အပျော်စိတ်နဲ့ရှက်စိတ်ရောပြီး သူငယ်ချင်း လက်မောင်းကို လှမ်းထိုးမိတဲ့ အခါ သူငယ်ချင်းက နားမလည်သလို သူ့ကိုလှမ်းကြည့်လိုက်တာသိတော့မှ အရှိန်ရပ်လိုက်မိသည်။ သူမနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သူငယ်ချင်းဆီမှ တစ်ဆင့်သူသိခွင့်ရလိုက်ချိန်မှ စပြီး ကိုကိုမြင့်အိမ်သို့ ချောင်းပေါက်မတတ်ေ၇ာက်ဖြစ်ခဲ့ရင်း ခိုင်လေးငယ်နဲ့ရင်းရင်းနှီးနှီး ဖြစ်လာခဲ့သည်၊ ဒီလိုနဲ့ ညဘက်တွေမှာ လက်ဖက်သုပ်ဆိုင်ထိုင်ရင်း လေပေါတတ်တဲ့ သူမတို့အုပ်စုထဲ သူပါနေတတ်ပြီး၊ လက်ဖက်ရည်ဆိုင် မထိုင်တော့တဲ့ သူ့သူငယ်ချင်းတွေက သူ့ကို သစ္စာဖောက် အဖြစ်စွပ်စွဲလာကြသည်၊ သူကတော့ ခိုင်လေးငယ်ဘေးမှာနေနေရလျှင် အရာရာအားလုံးကို မေ့ပျောက်နေသူအဖြစ် ပျော်စံနေခဲ့ပြီလေ။ 
သနပ်ခါးရေကျဲ ပါးကွက်ကြားနဲ့
ရိုးသားစွာလှတဲ့
ခိုင်လေးရေ
မင်းရဲ့အလှကိုမှ တန်ဘိုးထား
မြတ်နိုးတတ်သူဟာ ကိုယ်ပါဘဲကွယ်၊
 


ခိုင်လေးငယ်နဲ့ လက်ဖက်သုပ်ဆိုင်ကအပြန် အသီးသီးလမ်းခွဲကြတော့ ဂွတ္တလစ်ထဲက သူမနေအိမ်ရှိရာကို သူလိုက်ပို့ဖြစ်သည်။ လေညှင်းလေးတွေကြောင့်ထုံးသင်းမွှေးပျံ့နေတဲ့ သနပ်ခါးနံ့ သင်းသင်းတွေဟာ သူ့ နှလုံးခုန်သံကို ထိန်းချုပ်မဲ့အောင် ဖြစ်စေခဲ့တယ်လေ။ သူမကို ချစ်တယ်ဆိုတဲ့စကားကို ရူးသွပ်မိုက်မဲမူစွာ ပြောလိုက်မိတာ မှားတယ် ဆိုရင် အဲဒီမှားယွင်းမူတွေအတွက် ကျေနပ်စွာခံယူလိုက်ချင်ပါသည်။ သူမရဲ့ ဆွံ့အနေတဲ့ တိတ်ဆိတ်လမ်းခွဲမူကို ကြည့်ရင်း လူကအင်အားမဲ့သွားစေခဲ့တာတော့ အမှန်ပါဘဲ၊ အဲဒီညက သူမနဲ့ပတ်သက်လို့ ကဗျာတပုဒ်ေ၇းဖြစ်ခဲ့မိသည်။ နောက်တစ်နေ့ သူမနဲ့ ပြန်တွေ့တဲ့ အခါ နဲနဲခပ်စိမ်းစိမ်းလေးဖြစ်နေသလိုခံစားရသည်၊ သူမပုံက ရှက်နေသည့် ပုံပါပဲ၊ တစ်လလောက်ြကာတဲ့ အခါ သူမဆီက စာလေးတစောင် သူငယ်ချင်းဆီမှတစ်ဆင့်ပေးလာသည်၊ သူမ နေမကောင်း ဖြစ်နေသည်တဲ့ အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မထိုင်နဲ့၊ ဆေးလိပ်အများကြီး မသောက်နဲ့ နေကောင်းမှတွေ့ကြမယ်နော်ဆိုတဲ့ သူမရဲ့ စာဖတ်ရင်း ရင်ထဲမှာ ပီတိဖြစ်မိသည်၊ ပီတိနဲ့ အတူ သူမ အပေါ် စိုးရိမ်စိတ်များကလည်း တဖွားဖွား ပေါ်လာမိသည်။ နေကောင်းလာစ ကျောင်းတက်မယ့်နေ့မှာဘဲ သူမကိုလိုက်ပို့ဘို့ သူမသူငယ်ချင်းနဲ့ မှာလိုက်တာမို့ သူမကိုကားဂိတ်က စောင့်နေလိုက်မိသည်၊ တလှမ်းခြင်းလျှောက်လာတဲ့ သူမခြေလှမ်းတွေက သွက်လက်မူ မရှိသေး၊ ဖျော့တော့တော့အသားရောင်အောက်မှာ သူမမျက်လုံးတွေကတော့ တောက်ပရွှန်းလဲ့နေတာ အမှန်ဘဲ၊ အဲဒီနေ့က ကန်ဘောင်မှာ သူမလက်ကို ပထမဦးဆုံး ကိုင်ပြီး ချစ်သူဖြစ်ခဲ့တဲ့နေ့တနေ့မို့ တသက်မေ့ရက်စ၇ာရှိမှာ မဟုတ်တော့ပါဘူးလေ၊ ချစ်သူတွေဖြစ်ကြပြီဆိုတော့ သူမအနားမှာ သူကအရိပ်တခုလို ကပ်ညှိလိုက်ပါလျှက် သူမလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရတာကို ကျေနပ်နေမိခဲ့တယ်၊ အရာရာအားလုံး သူမအလိုကျဖြစ်စေခဲ့ရတာကြီးဘဲလေ၊ သူမထက်အသက်တစ်နှစ်ကြီးတဲ့ သူကိုကလေးတယောက်လို နွဲ့ဆိုးဆိုးတတ်တဲ့ သူမကို သူမျက်စီ အောက်က အပျောက်မခံချင်၊ သူမနှင့်မတွေ့သည့်အချိန်တွေမှာ သူ့မှာမနေတတ်မထိုင်တတ်၊ သူကအဖြစ်သည်းနေသလောက် သူမကတော့ သူ့အပေါ်တခါတရံ ခပ်စိမ်းစိမ်း ဆက်ဆံတတ် သလိုပါဘဲ၊ ဒီလိုနဲ့ချစ်သက်တမ်းတွေက ရက်မှ လ၊ လ မှ နှစ် ဆီ ပြောင်းလဲလာခဲ့သည်။ ချစ်သူသက်တမ်း၂နှစ်ပြည့် နေ့ရက်မှာတော့ သူမနဲ့ အတူ ရွှေတိဂုံဘုရားသွား ဖြစ်ကြသည်။ ဘုရားမှာ ဆုတောင်းအပြီး သူမထံမှ လက်ဆောင်တစ်ခု ပေးလာသည်။ ဂျင်းဘောင်းဘီအမြဲဝတ်တတ်တဲ့ သူ့ကို ပုဆိုးဝတ်တာမြင်ချင်လို့ ပေးတဲ့အမှတ်တရတဲ့၊ သူမဆီက လေးနက်တဲ့ စကားသံတချို့လည်းကြားနာခဲ့ရတယ်၊ "ကိုအခုတလော မူမမှန်ဘူးနော်"၊ "အန္တရယ်ရှိတဲ့အလုပ်တွေ မလုပ်တာကောင်းမယ်"၊ "ရှေ့ရေးအတွက်စဉ်းစားပြီး ကြိုးစားစေချင်တယ်"၊ သူဆွံ့အနေခဲ့သည် ။သူမစကားသံတွေအောက်မှာ သူဘာမှပြန်မပြောမိ၊ သူဘာလုပ်နေလဲ ဆိုတာ သူမသိနေပြီပေါ့၊ ၁၉၉၁ခုနှစ် သြဂုတ်လ ။ အဲဒီနေ့ည လမ်းထိပ်ကအုတ်ခုံမှာထိုင်ရင်း သူငယ်ချင်းတွေနဲ့ အတူထိုင်ရင်း သူ့ စိတ်တွေကလေးလံနေသည်၊ နေမကောင်းဖြစ်ချင်သလို လူကအိပ်ချင်နေတာမို့ ည၁၀နာရီခွဲလောက် အိမ်ပြန်ခဲ့လိုက်သည်။ လူက အိပ်ပျော်သွားသည်။ ဘာဆိုဘာမှမသိ ။ တစုံတဦးက လာလှုပ်နိုးလိုက်သလိုခံစားလိုက်မိသည်။ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတောသူ့ ခြင်ထောင်တခုလုံးကိုမတင်ထားပြီး သေနတ်နဲ့ ချိန်ထားတဲ့ အစိမ်းရောင်ယူနီဖောင်းဝတ် လူတစ်စုကို သူတွေ့လိုက်ရတယ်၊ ဘာမှပြင်ဆင်ချိန်မရလိုက်တော့ ၊ အိမ်အောက်ရောက်တော့ ကား၂စီးကအသင့်စောင့်နေသည်။ ကားတစ်စီးပေါ်မှ လူတစ်ယောက်ကိုခေါ်ချလာပြီး သူ့ကိုပြသည် ၊ဒီကောင်မဟုတ်လား မေးတော့ သူ့သူငယ်ချင်းက ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းဘဲ ညိတ်ပြလိုက်သည်၊ လက်ထိပ်နောက်ပြန်ခတ်၊ မျက်နှာအ၀တ်မည်းအုပ်စည်းခံလိုက်ရပြီး အိမ်ပြင်အထွက်မှာ အမေနဲ့အမရဲ့ ရှိုက်သံသဲ့သဲ့က နောက်ကျောဘက်ဆီမှာ ဝေးလွင့်ကျန်ခဲ့သည်။ သူမက သူ့ကိုထောင်ဝင်စာလာမတွေ့သလို သူကိုယ်တိုင်ကလည်း လာမတွေ့စေချင်၊ ဘယ်သူ့ကိုမှ သူကြောင့်ဒုက္ခမပိုစေချင်တာအမှန်၊ အထဲမှာဖြတ်သန်းနေ၇သည့်ဘ၀က ခါးသီးလှသည်၊ လွတ်လပ်ခြင်းနဲ့ အမှန်တရားဆိုတဲ့ အလင်းေ၇ာင်ကိုထွန်းညှိဘို့ ကြိုးစားနေသူတယောက်အတွက် ရလိုက်တဲ့ ရလဒ်က အမှောင်တိုက် အဆုံးစွန်ထိရက်စက်မူတွေနဲ့ ပြည့်နှက်နေတဲ့ ငရဲခန်းတခုထဲ .......... ၁၉၉၄ ခုနှစ် သူအမှောင်တိုက်ထဲကလွတ်လာတယ်၊ ဒါပေမယ့် အထဲမှာ ကျမ်းမာရေး ဆိုးဝါးနေမူတွေအပြင် သွေးဝမ်းတွေသွားနေခဲ့တဲ့သူ့အတွက်အင်အားက ဆုတ်လျှော့နေတာတော့အမှန် ။ လမ်းကောင်းကောင်း မလျှောက်နိုင်ပေမယ့် သူက သူမကိုအရမ်းတွေ့ချင်နေမိသည့် စိတ်ရဲ့ ခိုင်းစေချက်အတိုင်း သူမတို့လမ်းထဲက သူ့သူငယ်ချင်းရှိရာကို သူသွားခဲ့သည်။ ဆံပင်ရှည်ရှည်တွေနဲ့ ပိန်လှီလှီအားဖျော့နေတဲ့ သူ့ကို သူငယ်ချင်းက အံ့သြမူတွေနဲ့ ကြိုဆိုသည်။ သူမကိုသူတွေ့ချင်တယ် လို့ ပြောတော့ သူငယ်ချင်းက ဆိတ်ငြိမ်မှုတွေနဲ့ ၀မ်းနည်းမူကို ဖော်ပြလာသည်။ စိုးရိမ်စိတ်တွေ အပြည့် နဲ့ သူငယ်ချင်းကိုမေးခွန်းများစွာမေးမိခဲ့သည်။ သူမဘာဖြစ်လို့လဲ စသည့် မေးခွန်းများဖြစ်သည်။ သူမအကြောင်းကို အရမ်းသိချင်သည်။ သူမ ဘာတွေလုပ်နေလဲ....... ခေါင်းကိုလေးဖင့်စွာခါကာ ပြောလာသော သူ့သူငယ်ချင်းရဲ့ ပြောစကားတွေက သူ့အတွက် ဒိးုင်းနမိုက်တလုံး နားအနီးမှာ ကပ်ပေါက်ကွဲသွားသလို........သူမလက်ထပ်တော့မယ်...သူမအိမ်ထောင်ပြုတော့မယ် ဒီစကားတွေက  သူ့ရဲ့ ချိနဲ့နဲ့ အင်အားတွေကို ဟိုးအဝေးတောင်ကုန်းတွေဆီကို လွှင့်ပစ်ခံလိုက်ရသလို၊  
ငါ နေထိုင်နေတဲ့ ဟောဒီကမ္ဘာမြေကို ချစ်တယ်၊ 
ပြီးတော့ စမ်းချောင်းလေးနဲ့ ငါးကလေးတွေကိုချစ်တယ်။ 
ပန်းကလေးတွေကိုချစ်တယ် ၊ လေညှင်းလေးတွေကိုလည်းချစ်တတ်ခဲ့သူပါကွယ်။ 
ရင်ထဲက စကားတွေထက် အပိုစကားတွေမပြောတတ်ခဲ့သူ 
အဲဒီလူဟာ မင်းကိုချစ်တယ်ဆိုတဲ့ စကားထက် 
တန်ဘိုးကြိးတဲ့လက်ဆောင် မပေးဆပ်နိုင်ခဲ့သူပါ ဘာပဲဖြစ်ဖြစ် ခိုင်လေးငယ်ကို သူတွေ့ချင်တယ်၊ နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ်ပေါ့ ၊ သူငယ်ချင်းရဲ့ အကူအညီနဲ့ သူမ ကို တွေ့ခွင့်ရခဲ့သည်။ အဲဒီည။ သူနဲ့ သူမ နောက်ဆုံးဆုံခဲ့သည့် ည။ သူမ က အနက်ရောင် ၀မ်းဆက်ကို ၀တ်ပြီး သူမရဲ့ ညီအမတွေနဲ့အတူထွက်လာပြီး သူ့ကိုလာတွေ့သည် ၊ သူမကိုတွေ့လိုက်ရတဲ့ အချိန် မှာ တုန်ရီမူတွေပြည့်နေတဲ့ နှုတ်ခမ်းက ဘာစကားမှထွက်မလာဘဲ ငေးကြည့်မိနေလိုက်မိသည်။ သူမက တိတ်ဆိတ်မူ တွေ ကို စဖြိုခွင်းလာ သည်။၊ “နေမကောင်းတဲ့ပုံဘဲနော်၊ အထဲမှာ တော်တော်ဒုက္ခခံစားရမှာပ”ဲ ဆိုတဲ့စကားကို သူဘာမှမဖြစ်ဘူးလို့ခေါင်းခါပြလိုက်မိသည်၊ “အားလုံးသိပြီးလောက်ေ၇ာပေါ့၊ ကိုမြင့်ပြောပြတယ်မဟုတ်လားဆိုတဲ့စကားသံနဲ့ သူမလက်ထဲက သူ့အမည်ရေးထိုးထားတဲ့ ပန်းေ၇ာင်ဖိတ်စာစာအိတ်လေး လက်ထဲကိုပေးလာသည်၊ မသေချာတဲ့ ခရီးလမ်းကိုလျှောက်လှမ်းဘို့ ကျမသတ္တိမရှိဘူး၊ သေချာတဲ့ဘ၀တစ်ခုကိုဘဲ ရွေးချယ်မိလိုက်တယ်၊ အဲဒီအတွက်နားလည်ခွင့်လွှတ်ပေးပါ၊ နောက်တခုက သူငယ်ချင်းတွေမင်္ဂလာဆောင်တိုင်း ဓါတ်ပုံရိုက်ပေးနေတဲ့ နင့်ကို အဲဒီပွဲကို ဓာတ်ပုံလာရိုက်ပေးဘို့ ငှားပါရစေ”။ စာအိတ်လေးနဲ့ထည့်ပေးလာတဲ့ သူမရဲ့ပိုက်ဆံကို သူငြင်းပယ်လိုက်ရင်း ဘာမှမဖြစ်သလို သူရယ်မောပစ်လိုက်သည်။ ရယ်သံတွေက ခြောက်ကပ်ကပ်နဲ့ပေါ့...... ဘာမှမဖြစ်ပါဘူး။ လာနှုတ်ဆက်တာတခုတည်းရှိတယ်။ ဓါတ်ပုံရိုက်ပေးပါ့မယ်၊ လက်ဖွဲ့လို့သဘောထားပေါ့ ။ ဒီစကားတွေထက် သူအပိုမပြောတတ်တော့.... သူ့မှာ အင်အားတွေ မရှိတော့ဘူးလေ။ ခန်းမဆောင်တခုလုံး လူတွေက အပြုံးမျက်နှာတွေနဲ့ မင်္ဂလာယူနေကြသည်။၊ အခါတော်ပေး မင်္ဂလာတေးသံတွေက ကန်တော်ကြီးရေပြင်ရဲ့ဘေးဆီကိုပါ ဖိတ်စင်ကျကုန်ပြီး လွှင့်ပျံနေသည်။ သူကင်မရာကိုလွယ်ရင်း သူမတို့ မင်္ဂလာဆောင်ခန်းမဆောင်ထဲ ၀င်လာမယ့်အချိန်ကို နေရာယူရင်း စောင့်နေလိုက်သည်။ သူနဲ့သူမအကြောင်းတွေကို သိနေတဲ့သူငယ်ချင်းတွေက သူ့ကိုမြင်တော့ စိတ်မကောင်းဟန်နဲ့ လာနှုတ်ဆက်ကြသည်။ ပြုံးပြယုံကလွှဲလို့ သူဘာစကားမှ ပြန်မပြောမိ။

သတို့သားနဲ့သတို့သမီးတို့က ခန်းမဆောင်ထဲ တစ်လှမ်းချင်းဝင်လာနေတယ်။ သူမမျက်လုံးတွေက သူ့ဆီဝှေ့ဝဲရောက်လာတဲ့အချိန်၊ သူကင်မရာကို အသင့်ချိန်ပြီး မှန်ဘီလူးပေါက်ကနေ သူမကို ချိန်ရွယ်လိုက်တယ်။ တုန်ရီနေတဲ့ လက်အစုံကိုထိမ်းထားရင်းက ရိုက်ဘို့ ဖို့ကဒ်ချိန်နေရင်း အမြင်တွေက ၀ိုးတ၀ါးနဲ့ သူ့မျက်လုံးအိမ်တွေက မျက်ရည်တွေ ရစ်သိုင်းဝေသီလာသည်။ ဘာကိုမှ သဲကွဲစွာမမြင်ရတော့ ၊ ကင်မရာခလုတ်တချက် "ဂျောက်"ကနဲ တချက်နှိပ်လိုက်တိုင်း ကြွေလွင့်သွားတဲ့ နှလုံးသားတွေက တစ်စစီ .....တစစီကို ပဲ့ကြွေလွင့်စဉ်ကျသွားခဲ့ပြီလေ..................။
 
လောကမှာချစ်သူတိုင်းပိုင်ဆိုင်ချင်ကြပေမယ့် ၊ ပိုင်ဆိုင်ခွင့်မရှိတော့တဲ့အခါ၊ ပိုင်ဆိုင်ခွင့်မရတော့တဲ့အခါ၊ စွန့်လွှတ်ခြင်းတွေနဲ့ ချစ်နေလို့ရပါတယ်၊ သူကသူမကိုချစ်တာ ချစ်တာတခုတည်းနဲ့ကို ရင်ထဲမှာ မြတ်မြတ်နိုးနိုး ချစ်နေမိခဲ့တာ၊ သူမပျော်ရွှင်မူတွေက သူ့ပျော်ရွှင်မူတွေပါဘဲ၊သူမကို သူချစ်တယ်လေ၊ မပိုင်ဆိုင်ရပေမယ့် ချစ်နေလို့ရတာဘဲ၊ သူချစ်နေဆဲ....... သူချစ်နေဆဲ.... ပြီးတော့ ...သူမနဲ့ပတ်သက်တဲ့ အတိတ်ဟောင်းလေးတွေကိုလည်း သူအမှတ်ရနေဆဲပါ၊ အဲဒီအမှတ်တ၇တွေက သူ့ဘ၀မှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တော့တဲ့ပန်းချီကားလေးတချပ်အဖြစ် ရင်တွင်းပြခန်းမှာ ထာဝရနေရာယူ နေတော့မှာပါ..............။

Twitter Delicious Facebook Digg Stumbleupon Favorites More