(၁)
လက်ထဲတွင်ကိုင်လာသော ၀ါးလုံးတိုလေးကို အားပြုမှေးရပ်ရင်း ဘေးဘီဝဲယာသို့
Design cerdit by :.layoutsparks.com
မြင်နိုင်သမျှလေး မျက်လုံးကစားကြည့်လိုက်သည်။
“ဟာ! ခရေပန်း”
ပလက်ဖေါင်းတွင်စိုက်ပျိုးထားသောခရေပင်မှခရေပွင့်ကြွေတို့ကလမ်းပေါ်တွင်ဖွေးဖွေးလှုပ်လှုပ်။
သူတောင့်တသော၊ အရေးတကြီးလိုအပ်နေသော ခရေပွင့်တို့ကို အားရ၀မ်းသာ ကောက်လိုက်မည်အပြု
“ပွမ်”
“ဝေါ.....”
“ကျွီ ....”
ကားဘရိတ်အုပ်သံ၊ ဟွန်းသံ၊ အပြင်းဖြတ်ကျော်သွားသံတို့ ပွက်လောရိုက်ဆူညံ။
ချက်ခြင်း ကိုယ်ရှိန်ပြန်သတ်လိုက်နိုင်လို့သာ ...
“အဖိုးကြီး သေချင်လို့လား မမြင်မစမ်းနဲ့
ကားလမ်းပေါ်ခရေပန်းထွက်ကောက်နေတာ”
ကားပေါ်က ဒေါတကြီးကြိမ်းမောင်းသွားသံကို ဂရုမပြုအား။
“ဟုတ်သားပဲ ...ငါသေလို့မဖြစ်သေးဘူး...ဒီခရေတွေကို ကောက်သွားပါပြီတဲ့
ဘယ်သူက ပန်းကုံးလုပ်ပေးမှာလဲ ငါကလည်း...ငါကလည်း မမြင်မစမ်းနဲ့”
သူ့အတွေးနှင့်သူ လမ်းပေါ်က ခရေပန်းကို ကောက်ယူဖို့ လက်လျှော့လိုက်ပါပြီ။
(၂)
အသက်ကို ခက်ခက်ခဲခဲ ပင်ပန်းစွာ ရှိုက်သွင်းနေရသည်။
ရှိုက်သွင်းလိုက်လေသမျှအောက်စီဂျင်တို့သည် မြားအစင်းစင်းအလား ဘယ်ဖက်ရင်အုံကို ပြင်းပြစွာနာကျင်စေခဲ့။
“ဘုရား... ဘုရား...အချိန်မှ မီပါ့ဦးမလား ”
မျက်မှန်ကိုင်းကျိုးထူထူအောက်မှ မျက်ဝန်းတို့ကား မှုံသီလွန်းစွ။

ခရေပန်းရှာပုံတော်ခရီးကား မဆုံးသေး။ ၀ါးလုံးတိုတစ်ချောင်းကို
အားပြုပြီး
ဒရွတ်ဆွဲလျှောက်နေရသဖြင့် ခရီးကမတွင်။ မှုံရီဖျော့အိုင်သောမျက်ဝန်းအစုံက
ကျီးကန်းတောင်းမှောက်။ ဟော...တွေ့ပါပြီ။ ခရေပန်းကုံးတွေကိုင်လာတဲ့
သူငယ်လေးတစ်ယောက်။
“ကလေးရယ်...အဘကို ခရေပန်းလေးတစ်ကုံးလောက်..”
“အာ..ဒါရောင်းဖို့ဗျ”
“ဟို..ပိုက်...ပိုက်ဆံတော့ ပေးစရာမရှိပါဘူးကွယ်...အချိန်မမီမှာ စိုးလို့ပါ”
“ဟာဗျာ.. ဘာတွေလာပြောနေတာလည်း.. မရဘူး.. မပေးနိုင်ဘူးဗျာ... စောစောစီးစီး”
အဖိုးအို၏ မျှော်လင့်ချက်တို့က အမှုံအမွှားများအဖြစ် တစ်စစီ လွင့်ကြွေ။
ဝါးလုံးတိုတုတ်ကောက်လေးကို စုံကိုင်အားပြုရင်း တဖြည်းဖြည်း ထိုင်၍ ထိုင်၍
ကျသွားခဲ့။ မှုံသီရီဝေသော မျက်ဝန်းအစုံမှ မျက်ရည်စများက လမ်းပေါ်သို့
တဖြုတ်ဖြုတ်လွင့်ကြွေ။
“အချိန်မှ မီပါ့ဦးတော့မလား”
(၃)
ဆည်းလည်းသံကား ချမ်းမြပေစွ။ ဝေလီဝေလင်း အရုဏ်ဦးနေခြည်အောက်တွင်
စေတီတော်မှာ သပ္ပါယ်လွန်းပေစွ။
“အရှင်ဘုရား ..... ဘ၀ဆက်တိုင်း....”
ဝမ်းပန်းတနည်းဆုတောင်းအပြီး ခေါင်းကို ဖြည်းဖြည်းငြင်ငြင်ပြန်အမော့...
“ဟာ!...”
တွေ့လိုက်ပါပြီ။ အခြားသူတစ်ဦး ကပ်လှူသွားသော ဆီမီးတိုင်၊ နံ့သာတိုင်တို့နှင့်အတူ
ခရေပန်းကုံးများ။ အဖိုးအိုက ဒူးတုပ်ထိုင်ချလျှက် ဘ၀တစ်လျှောက်လုံး
ရိုသေညွှတ်နူးစွာ ကိုးကွယ်လာခဲ့သော ဘုရားရှင်အား အရင့်အရင်ထက်
ပိုမိုညွှတ်နူးသော၊ အဆုံးမရှိသော ယုံကြည်ကိုးစားခြင်းများဖြင့် တောင်းပန်တိုးလျှိုးရင်း
အကြိမ်ကြိမ် ဦးညွှတ်မိပါတော့သည်။
“အရှင်ဘုရား ကရုဏာတော်ရှေ့ထားပြီး ဘုရားတပည့်တော်ကို ခရေပန်းတစ်ကုံး
စွန့်ကျဲပါဘုရား... တကယ်ဆိုရင် တပည့်တော်ကသာ ကပ်လှူသူဖြစ်သင့်တာပါဘုရား ….
ဒါပေမယ့်လည်း အချိန်မမီမှာစိုးတဲ့အတွက် ဘုရားတပည့်တော်ကို
ခွင့်လွှတ်ပေးတော်မူပါဘုရား”
(၄)
ဝါးလုံးတိုလေးကို အားပြုပြီး ဒရွတ်ဆွဲလျှောက်လာရသော အဖိုးအို၏ အပြန်ခရီးကား
အောင်ပွဲရစစ်သူကြီး၏ မာန်ဟုန်မျိုးဖြင့်။ “တဲ” ဟုမည်ကာမတ္တခေါ်ရမည်ဖြစ်သော
လေးတိုင်စင် အကာမဲ့ အမိုးလေးတစ်ခုရှေ့အရောက်.... .....
“ဗျိုး...အဖွားကြီး...ထစမ်းပါဦးဗျ...”
အဖိုးအို၏ အားရ၀မ်းသာခေါ်သံအဆုံး ၀ါးကဒ်အခင်းလေးပေါ်တွင်
ပုဆိုးစုတ်လေးခြုံ၍ ခွေခွေလေးအိပ်ပျော်နေသော အဖွားအိုတစ်ယောက်
လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်း၍ စမ်းတ၀ါးဝါး ထလာပါသည်။
“ဒီမှာကြည့်ဗျ...ဒါဘာလဲဆိုတာ”
အဖွားအိုက လက်ခုပ်ထဲရောက်လာသောအရာကို တစ်ချက်ငုံ့နမ်းလိုက်ပြီး ....
“အို.. ခရေပန်းကုံးပဲ”
“ဒီမယ် အဖွားကြီး ...ကျုပ်တို့အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ..”
“အင်း... နှစ်ပေါင်း ၅၀ လောက်ရှိရောပေါ့တော်....”
“ ၅၃ နှစ်ဗျ... ဒီကနေ့ အိမ်ထောင်သက် ၅၃ နှစ်ပြည့်အထိမ်းအမှတ် ကျုပ်ကခင်ဗျားကို
ဟောဒီခရေကုံးလေး ပန်ပေးချင်လို့”
“အို...ဒီအဖိုးကြီးနှယ် ...အရူးထရန်ကော..”
ပြုံးပြုံးလေးပြောပြီး ခေါင်းလေးငဲ့စောင်းပေးလာသော အဖွားအို၏ ဖွေးဖွေးဆွတ်
ခေါင်းဖြူဖြူတွင် ခရေကုံးလေးကို တယုတယ ပန်ပေးလိုက်ပါသည်။
“ကဲ..ကျုပ်လည်း ခရေပန်းရှာရတာ မောလာတယ်... တစ်မှေးလောက်တော့ နားဦးမှ”
အဖိုးအိုက ပုဆိုးစုတ်လေးခြုံရင်း ၀ါးကဒ်အခင်းလေးပေါ် ငြင်ငြင်သာသာ
လှဲလိုက်ပါတော့သည်။ အဖိုးအို၏ အသက်ရှူသံ မျှင်းမျှင်းလေးကား တဖြည်းဖြည်း
နှေး၍...... နှေး၍...... နောက်ဆုံးမှာတော့ ရပ်တန့်ငြိမ်သက်သွားပါပြီ။ ကျေကျေနပ်နပ်
အပြုံးတစ်ခုကို ဆောင်၍။ ။
ကိုကြည်နိုင်(ကျုံတိုင်းရွာ)

2 comments:
စာဖတ်ပြီးရင်ထဲမကောင်းလိုက်တာ
မေတ္တာဆိုတာ ဘယ်တော့မှလျှော့ သွားပျက်သွားတယ်မရှိဖူးဆိုတာအမှန်ပါပဲနော်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
စာဖတ်ပြီးရင်ထဲမကောင်းလိုက်တာ
မေတ္တာစစ်မှန်ရင် ဘယ်တော့မှလျှော့သွား ပျက်သွားတယ်ဆိုတာမရှိဖူးဆိုတာ အမှန်ပါပဲနော်
အဖွားက အရမ်းကံကောင်းတာပဲလို့ုတွေးမိပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး
Post a Comment