လူသည် မွေးဖွားသည့်အခါမှစ၍ အချိန်နှင့် မိတ်ဆက် ထိတွေ့ရတော့သည်။ အသက်ရှင် နေသမျှလည်း
အချိန် သည်သာ အဖော်အစစ် ဖြစ်နေသည်။ မိမိနှင့် မခွဲမခွာ၊ သွားတိုင်း ၊ နားတိုင်း၊ လာတိုင်း၊
စားတိုင်း၊ယုတ်စွအဆုံး အိပ်နေစဉ်ပင်လျှင် အချိန်ကမိမိနှင့်အတူရှိနေ၊ မိမိသာမက သတ္တ လောကသား အားလုံးနှင့်အတူ
အချိန်သည် မကွဲမကွာ မခွဲမခွါ အစဉ်သဖြင့် ရှိနေတော့သည်။
သည်သို့ဆိုပါလျှင် သတ္တဝါထဲတွင် အမြတ်ဆုံးဟုဆိုသော
လူ သည် အချိန်ကိုမည်သို့ ဆက်ဆံနေပါသနည်း။ ကောင်းစွာဆက်ဆံပါ၏လော၊ သို့တည်းမဟုတ် ဆိုးဝါးစွာဆက်ဆံနေပါသလော၊
မေးစရာပင်ဖြစ်ပါသည်။ မေးစရာဆိုခြင်းထက် စိစစ်ဖွယ်ရာ၊ သတိပြုဖွယ်ရာဟုဆိုက ပိုမှန်ပေလိမ့်မည်၊
အချိန်ကို ကောင်းမွန်စွာဆက်ဆံတတ်သူ ဆက်ဆံနိုင်သူသည် လောကတွင် အောင်မြင်မူရလာဒ်များ
ရရှိမည်ဖြစ်ပြီး အချိန်ကို ဆိုးဝါးစွာ သို့တည်းမဟုတ် ရူးမိုက်စွာဆက်ဆံသူတို့အဖို့ ဆိုးကျိုများသာ
ရရှိမည်ဖြစ်ပြီး ဆုံးရှူံးမူ ရလာဒ်များကိုသာ ရင်ဝယ်ပိုက်ကြရမည်ဖြစ်ပါသည်။ ယင်းသို့ဆိုးကျိုးကောင်းကျိုးများသည်
အချိန်က မိမိကိုပေးခြင်း စီမံခြင်းမဟုတ်ပဲ မိမိကသာ မိမိအတွက်ပေးခြင်း၊ ဖန်တီးခြင်းများသာ
ဖြစ်ပေသည်။ ဤအချက်နှင့်ပတ်သက်၍ ဆက်လက်ရေးသားမည့် စာပိုဒ်များတွင် ရှင်းလင်းသွားပါမည်။
လောကတွင် သစ္စာအရှိဆုံးနှင့် တာဝန်အကျေဆုံးအရာကိုပြပါဟုဆိုလျှင်
အချိန်မှလွဲ၍ ပြစရာအလွန်ပင်ရှားပေးလိမ့်မည်။ အဘယ်ကြောင့်ဟူမူ အချိန်သည် သူ့တာဝန်ကို
ပုံမှန်ဆောင်ရွက်နေသည်၊ နားလည်းမနား၊ ရပ်လည်းမရပ် မအိပ်မနေ ဆောင်ရွက်နေသည်၊ ပြီးလျှင်
အဘယ်သတ္တဝါကိုမျှ မျက်နှာမလိုက် ညီမျှစွာပင်ပေးသည်။ ပို၍လည်းကောင်း လို၍လည်းကောင်း ပေးသည်ဟူမရှိပါ၊
အားလုံးကို တပြေးညီဆက်ဆံနေသည်မှာ အချိန်သာလျှင်ဖြစ်သည်။ လူကသာ အချိန်အပေါ် အလေးအနက်ထား
ဆက်ဆံသူရှိသလို ပေါ့ပေါ့တန်တန်ဆက်ဆံသူလည်းရှိကြသည်။
ထို့ကြောင့် လူ
သည်ထွေပြားတတ် ပျံ့လွင့်တတ်.၊ နမော်နမဲ့နိုင်ကြခြင်းဖြစ်သည်။
လူ သည်မွေးဖွားစဉ်က အော်ဟစ် ငိုယိုကာ
အမိဝမ်းမှ လျှောသက် လာကြသူချည်းဖြစ်ပါသည်။ သို့ကြောင့် လူတိုင်းတွင် ဒေါသ ရှိကြသည်၊
အသက်ရှင်နေရသည့်ကာလတွင်လည်း ငိုရသည့်အချိန်နှင့် မဲ့ရသည့်အချိန်တို့က ပြုံးရသောအချိန်နှင့်
နှိုင်းစာပါက ငို မဲ့ ရသောအချိန်က ပိုများနေပေလိမ့်မည်။ လူတိုင်းတွင် အတ္တက မွေးကတည်းကပါလာကြသည်။
အတ္တကြောင့် ဒေါသလည်းဖြစ်ရ.၊ ဒေါသကြောင့် ငိုရ မဲ့ရသည်၊ ယင်းသို့ဆိုလျှင် အတ္တ နည်းလျှင်
နည်းနည်းပဲ ငိုကြမဲ့ကြရပေလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် အတ္တ နည်းလျှင် ဒေါသလည်း လျော့သောကြောင့်ပင်
မဟုတ်ပါလော။ ဤနေရာတွင် တည့်တည့်ဆိုလိုက်ချင်ပါသည်၊ အတ္တများနေလျှင် လူစိတ်ကင်းမဲ့ပြီး
တိရစ္ဆာန်စိတ်နှင့် တူနေပေလိမ့်မည်။
တိရစ္ဆာန်တို့သည်
စားဖို့ အိပ်ဖို့ မေထုန်အဖို့ သာသိကြသည်၊ ထိုသုံးမျိုးသာသိသောကြောင့် တိရစ္ဆာန်ဟုခေါ်ဆိုကြောင်း
ဆရာစဉ်ဆက်တို့ဆုံးမခဲ့ကြတာကို မှတ်သားရသည်၊ တနည်းအားဖြင့်လည်း မဂ်ဖိုလ်နှင့်ဖီလာ(ဆန့်ကျင်)သွားနေသောကြောင့်
တိရစ္ဆာန် (တိရ+ အစ်ဆန) ဟုခေါ်ဆိုကြောင်း ဘုရားဟော ပါဠိတော်တွင် ဖတ်ရမှတ်သားဖူးပါသည်၊
ရှိစေတော့ စာရေးသူဆိုလိုသည်မှာ လူ သည် လူ မှမွေး လူခန္ဓာကိုယ်နှင့် လူပုံပေါက်နေရုံမျှနှင့်တော့
လူအစစ်ဟု မခေါ်ဆိုနိုင်ပေ၊ လူစိတ်အပြည့်အဝရှိမှသာ လူအစစ်ဖြစ်ပေမည်။ တနည်းအားဖြင့် အတ္တအမိုက်ဖုံးလွှမ်းနေလျှင်
လူ စိတ်လျော့ရုံသာမက ပျောက်ဆုံးသွားနိုင်သည်၊ အတ္တနှင့်ပရ မျှမှသာ လူ ဟုခေါ်ဆိုနိုင်ပေမည်၊
လောကဥပမာ ဆိုကြသည်မှာလည်း တပို့တည်း ရှိတာ နွား ကျွဲ တွေသာဖြစ်သည်ဆိုပဲ၊ လူသည် သတ္တဝါများအနက် အမြတ်ဆုံးဟု ဆိုကြသည်မှာလည်း အချက်တခုပါဝင်ပေသည်။
အချိန်သည်လူကိုကောင်းအောင် ဆိုးအောင်
မလုပ်နိုင်ပါ လူကသာ အချိန်ကို ကောင်းအောင်ဆိုးအောင်လုပ်နေကြခြင်းဖြစ်သည်၊ အချိန်သည်
သူ့အလုပ်သူလုပ်ခြင်းဖြင့် ပင်ကိုယ်ဖြောင့်မတ်ပြီးသားဖြစ်သည်။ လူကြောင့်သာ အချိန်တွေ
လှပခြင်း အရုပ်ဆိုးခြင်းဖြစ်ကြရသည်၊ သို့ဆိုလျှင် လူသည် စွမ်းအားရှိ. ဘုန်းတန်ခိုးရှိသော
သတ္တဝါလည်းဖြစ်.၊ အဆက်မပြတ် သွားနေသောကြောင့် အချိန်ဟုခေါ်ခြင်းဖြစ်.၊ မရပ်မနား ပြောင်းလဲနေသောကြောင့်လည်း
အချိန်ဟုခေါ်ကြောင်း ပါဠိတော်တခုတွင်ဖွင့်ဆိုထားသည်။
မည်သို့သော လူတို့သည်အချိန်ကို အရုပ်ဆိုးအောင်ပြုကြပါသနည်း၊
အတ္တကြီးသူတို့က အချိန်ကိုအရုပ်ဆိုးအောင်ပြုလုပ်နေကြ.၊ အတ္တ ပရ မျှသူတို့က အချိန်ကို
လှပအောင်ပြုကြသည်၊
(၂)
အချိန်ကို သတိနှင့်ယှဉ်ကာ တန်ဖိုးထားပေါင်းသင်းကြည့်ပါ
အချိန်က သင့်ကို ကောင်းကျိုးချမ်းသာတွေသာမက တန်ခိုးတွေပါပေးပါလိမ့်မည်၊ အချိန်ကို အမူမဲ့အမှတ်မဲ့ဖြင့်
ပစ္စလက္ခတ်ထား ဂရုမစိုက်သူများကို အချိန်ကပစ်ထားပေလိမ့်မည်၊ အချိန်သည် လူတိုင်းကို မျှမျှတတပေးနေတုံး
ယူတတ်မှရသည်၊ စက္ကန့်ပိုင်းတွင်ပေးတုံးမယူပါက အချိန်ကမစောင့်ပါ နောက်မှယူပါရစေဆို လက်မခံပါ၊
ပေးတုန်း ယူတတ်မှရမည်သာဖြစ်ပါသည်။
ဆိုလိုသည်မှာ သင်နေ့စဉ်လှုပ်ရှားနေသည်ကို
သတိနှင့်တွဲ၍ အချိန်ကို သတိထားပေါင်းသင်းလိုက်ပါ၊ တနည်းအားဖြင့် အချိန်ကိုတန်ဖိုးထား
ပေါင်းသင်းလိုက်ပါက သင့်မှာ အောင်မြင်မှူရလာဒ်ကောင်းများအပြင် ဘုန်းတန်ခိုးများပါ တိုးတက်လာပါလိမ့်မည်၊
သင့်အနေဖြင့် ငါ့အတွက် ငါ့မိသားစုအတွက် ငါ့အုပ်စုအတွက် ဟူသောအတွေးရမက်တွေဖုံးကာ အချိန်ကိုဖြုန်းပစ်နေလျှင်
သင်ရရှိသည့် စည်းစိမ် ပစ္စည်းတို့ကြောင့် သင်ခဏ တဖြုတ်တော့ စိတ်ချမ်းသာပျော်ရွှင်ရမည်၊
ယင်းပျော်ရွှင်မှူကို သင်စိတ်ထဲတွင် ထာဝရ ပျော်ရွှင်အောင်မြင်မှူဟု ထင်နေပေလိမ့်မည်၊
ယင်းပျော်ရွှင်မှူသည်။ ခဏသာပျော်ရွှင်မှူသာဖြစ်ကြောင်း သင်မကြာမီသိပေလိမ့်မည်၊ သို့တည်းမဟုတ်
သင့်ရှေ့ကအတ္တသမားများ ဘဝကို မည်သို့နိဂုံးချုပ်သွားသည်ကို သင်သတိထားကြည့်လိုက်လျှင်
ထဝရပျော်ရွှင်မှူလား ခဏသာပျော်ရွှင်မှူလားဆိုတာကို သင်ကိုယ်တိုင် ကွဲကွဲပြားပြား သိမြင်လာပေလိမ့်မည်၊
ယခုအချောင်နေ အချောင်လိုက် အချောင်စားကာ ဖြုန်းပစ်နေသောအချိန်များ အတွက် သင်အိုမင်းသည့်အခါကျမှ
အတိုးချ ပေးဆပ်ရမည်မှာ မုချမလွှဲပေ။
အချိန်တွေပြောင်းသည်နှင့်အမျှ သင့်မှာဇရာဖိစီးလာလိမ့်မည်ဖြစ်ပြီး
ဒေါသ နှင့် ဘောဘရမက်ကြီး သူများ အတွက် ဇရာက
အချိန်တိုတိုနှင့်ရောက်လာတတ်သည်။ ထိုအခါ သင့်မှာ ကိုယ်ခန္ဓာစွမ်းအားကော စိတ်စွမ်းအားများပါ
ကျဆင်းသွားမှာသေချာပင်ဖြစ်သည်။ အတ္တဖြင့် မတရားရရှိထားသော ရာထူးနှင့် စည်းစိမ်ဥစ္စာတို့သည်လည်း
တည်မြဲမူမရှိ ဆုံးပါးသွားပေပြီ၊ ထိုအချိန်ကျမှ သင် ပင်ပမ်းဆင်းရဲစွာဖြင့်လည်းကောင်း
အောက်တန်းကျစွာဖြင့်လည်းကောင်း ရုန်းကန်ကာ ဘဝကို ခက်ခဲစွာရပ်တည်ရင်း ဖြုန်းတီးခဲ့သောအချိန်တွေအတွက်
အတိုးပေးကာကြွေးဆပ်နေရမှာ ဧကန်ပင်၊ (မိသားစုလိုက် လူတောမတိုး လူရာမဝင်ဖြစ်သွားပေလိမ့်မည်၊)
ထိုမျှသာမကသေး ဘဝတလျှောက်လုံး အနိုင်ကျင့်၊
လူလည်လုပ် အမြတ်ထုတ် (ကလိန်ကကျစ်လုပ်) လာသောကြောင့်လည်း သင့်ကိုမည်သူကမှ လူရာမသွင်းပဲ
လူစာရင်းက ဖယ်ထုတ်ခြင်းခံရမည်၊ တမလွန်တွင်လည်း အပါယ်ငရဲနှင့်တိရစ္ဆာန်ဘုံက သင့်ကိုစာရင်းသွင်း
စောင့်နေပေလိမ့်မည်၊
ပစ္စုပ္ပန်အချိန်ကို ကောင်းစွာအသုံးမချလျှင်ဖြင့်
အတိတ်မှာကျန်ခဲ့သည့်အချိန်များက အတိတ်ဆိုးများ တနည်းအားဖြင့် စာမျက်နှာဆိုးများအဖြစ်
ထင်ကျန်ခဲ့ပေမည်၊ အချိန်ကို သတိဖြင့် မမေ့မလျော့ မပေါ့မဆအသုံးပြုလျှင် အေးချမ်း တည်ငြိမ်သည်၊
ယောက်ယက်ခတ်မှုမရှိ။ ပူလောင်မှုမဖြစ်ပေ၊ တနည်းအားဖြင့် အချိန်တိုင်းတွင် အတ္တပရ မျှတသော
စိတ်ဖြင့်ဆောင်ရွက်ပါက အောင်မြင်မူရသည့်အပြင် ဘုန်းတန်ခိုးများပါရရှိပေသည်၊ မိမိ.မွန်မြတ်သောစိတ်
မှန်ကန်သောဆောင်ရွက်မူကြောင့် အများကြည်ညိုလေးစားမှုခံရခြင်း၊ အများအပေါ် သြဇာသက်ရောက်မူရှိနိုင်ခြင်းတို့သည်
ဘုန်းတန်ခိုးများပင်မဟုတ်ပါလော။
နံမည်ကြီးလိုသူများရှေ့မှာ ဟန်ဆောင်လုပ်ပြခြင်း၊
နောက်ကွယ်တွင် ရသမျှအခွင့်အရေးကို တဦး
တည်း ခံစားခြင်း၊
အများပိုင်ငွေကြေးနှင့် ပစ္စည်းဥစ္စာတို့ကို ခိုးကြောင်ခိုးဝှက်အလွဲသုံးစားပြုကာ မိမိမကောင်းမှူုကို
ဖုန်းကွယ်ရန်အတွက် အများရှေ့တွင် ခေါင်းဆောင်ကောင်းယောင်ယောင် လုပ်ပြခြင်း။ အထင်ကြီးအောင်
ပြောဆို ပြုမူတတ်ခြင်းတို့က အများမသိဟုထင်သော်လည်း မိမိနှင့်နီးစပ်သူမှတဆင့် အများသိဖြစ်သွားတတ်သည်။
သှုံး
ဤမျှဆိုလျှင်ပင်
အချိန်တန်ဖိုးနှင့် အချိန်ကို ပေါင်းသင်းတတ်ဖို့ နှင့် အချိန်က မိမိကိုဖန်တီးခြင်းမဟုတ်
ပဲ မိမိကသာ အချိန်ကိုဖန်တီးနေခြင်းဖြစ်ကြောင်း အထိုက်အလျှောက် သိလောက်ပေပြီ ချီးမွန်းသူသည် တပည့်၊ ကဲ့ရဲ့သူက ဆရာ
ဟု မြတ်ဘုရားဟောကြားတော်မူခဲ့ပါသည်။ ဘုန်းတော်ဘွဲ့တွေနှင့် ရွှေနားတော်သွင်း များဖြင့်သာ
မြှောက်ပင့် ချီးမွန်းသံတွေကြားမှာ ယဇ်မူး ကျေနပ်နေသူများအနေဖြင့် တပည့်မိုက်များအလယ်တွင်
ဒေါင်းယောင်ဆောင်သောကျီးလို၊ ခြင်္သေ့ယောင်ဆောင်သော ခွေးအ လို ဘဝမှန်ပေါ်ကာ အမွှေး ဆွဲနှုတ်တ်ခံရပေလိမ့်မည်၊
ကဲ့ရဲ့ဝေဖန် အပြစ်ထောက်ပြသူသာလျှင် မိမိဆရာဖြစ်ပါသည်။ သာဓကတခုပြပါမည်။ မြတ်စွာဘုရား
လက်ထက်အခါက ရဟန္တာအရှင်သူမြတ် အရှင်မဟာကဿပ ကိုယ်တော်ကြီးသည် သင်္ကန်းကို ဝတ်ရုံလာသည်ကို
(၇)နှစ်သားအရွယ် ကိုရင်ကလေးက “အရှင်ဘုရား အရှင်ဘုရားရဲ့ သင်္ကန်းတော် အောက်ပိုင်းမညီပါဘုရား
”ဟု လျှောက်ထားရာ၊ ရဟန္တာကြီးက မိမိသင်္ကကန်းအောက်ပိုင်း မညီမညာဖြစ်သည်ကို သတိပြုကာ တနေရာကိုသွား
ပြင်ပြီးရုံကာပြန်ထွက်လာပြီး ကိုရင်ကလေးအား လက်အုပ်ချီ၍ “ အရှင်ဘုရား ညီပါပြီလားဘုရား”
ဟုလျှောက်ဖူးသည်။
မိမိအမှားကိုထောက်ပြသူသည်
ငယ်သည်ဖြစ်စေ ကြီးသူဖြင်စေ ဆရာပင်ဖြစ်ကြောင်း ပြလိုရင်းဖြစ်ပါသည်၊
အချိန်သည် အမြဲတန်းရွေ့လျားနေပါသည်၊
အချိန်ကို အလေးအနက်ထားပေါင်းသင်းကာ ကျွန်ုပ်တို့မျှော်မှန်းသော ပန်းတိုင်သို့ မြန်နိုင်သမျှ
မြန်အောင်ရောက်ရှိနိုင်ရေးအတွက် သတိဖြင့် ကြိုးစားနိုင်ကြပါစေ။
ကျော်လင်းနိုင်
0 comments:
Post a Comment