This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

~ ငှက်တစ်ကောင်၏ ခြေရာ တစ်ပိုင်းတစ်စ~ “ကမာနီလာ”


သူ  ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်)ရင်  ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ  ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။


လူတွေသိပ်မသိသေးတဲ့  ငှက်ကြီး ခြေရာတချို့ကို ရေးပြချင်ပါတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စက်များကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂ သောင်းကျော်နဲ့ ဝယ်လိုက်တာပါ၊ နောက် မောင်မောင်ကျော်က တခြား တယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်။ ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ အဲဒီ “အရေးကြီးပြီ” ဆိုတဲ့ သီချင်းကို ကိုမွန်းအောင်က သီဆိုခဲ့တယ်၊ ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့်  သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့တယ်။ အာဏပိုင်ဆိုတဲ့ လူတွေက လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။

ဒီနေ့ သူငယ်ချင်းတွေနဲ့ သူ့အတွက် သတိတရနဲ့  သူ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ကိုယ်ကလည်း အမေကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် အမေရဲ့ နောက်ဆုံး ထွက်သက်ငင် နေချိန်မှာ  “ သား  ” ကို တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့ ပေမယ့်  အမေကို မတွေ့နိုင်ခဲ့ဘူး၊ ဈာပန အခမ်းအနားလေးတောင် တက်ရောက်ခွင့်မရ ခဲ့တဲ့ ဘဝမို့ “ အမေ ” ဆိုတဲ့ ကဗျာလေးကို ရွေးပြီး ရွတ်ဆိုခဲ့တယ်။

               … အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …
အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်
ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ကမာနီလာ

တောင်းပန်ပါတယ်၊ ငှက်”  အမှတ်တရ ကို ရေးဖို့ မိတ်ဆွေတွေက ပြောထားကြပေမယ့်  စာရေးဖို့ အခြေအနေ မပေးတာကြောင့် လုံးဝ မရေးဖြစ်ခဲ့ဘဲ၊ သူငယ်ချင်းတွေက ငှက်” အတွက် လုပ်ဖြစ်တဲ့ အမှတ်တရ ဒီနေ့ပွဲလေးကို တက်ရောက်ရင်း  ဒီစာကို အားခြင်း ရေးပေးလိုက်ရတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ် နားလည်ပေးပါလို့်။

မျက်ရည်မြစ် " ဗမာ့သွေး "


ဒီရက်ပိုင်း အတွင်း စာပေဟောပြောပွဲတွေမှာဆရာတွေပြောတဲ့ အသံဖိုင်လေးတွေကို အားလပ်ချိန်လေးတွေမှာ နားထောင်ဖြစ်မိတယ်။ ကျနော် နားထောင်လိုက်ရတဲ့စာပေဟောပြောပွဲများမှ ရရှိလိုက်တဲ့ အတွေးအမြင်များကို စာသား အဖြစ် တင်ပြလိုတဲ့ ဆန္ဒနဲ့ဒီစာစုလေးကို ရေးချမိသွားတာပါ ။

"ဖိုးတောင်သူဘွဲ့"

(၁)
လွမ်းမပြေ မန်းမြေ တမိတော့
ကမ်းခြေမှာ စမ်းရေစတွေနဲ့
ဖျန်းလေက တသုန်သုန်၊
တဲ တဖက် ဆွဲဖျက်ကာ အလျှင် လိုတော့ထင့်
ကရင်အို ယာပြင်(ရှင်)ကြီးမှာ
မီးထဲ့လို့လှုံ။

(၂)

မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုတော့
လွှားပါလို့ နောက်မှာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

(၃)
ဘေးအိတ်ကိုလျှို
ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုး ဘာသာ သူတို့
ကွင်းအငူ နှင်းမြူက စဲပြန်တော့
အဖိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်တဲ့ စခန်း....။

အချုပ်တန်းဆရာဖေရဲ့..."ဖိုးတောင်သူဘွဲ့" ဆိုတဲ့ ကဗျာလေးပါ။ အချုပ်တန်း ဆရာဖေဆိုတာကလည်း စလေ ဦးပုညတို့ နဲ့ ခေတ်ပြိုင် စာဆို ဖြစ်ပါတယ်။ ကဗျာက မန္တလေးရွှေမြို့တော်ကြီးနဲ့ ဝေကွာလှတဲ့ ယာတောလေး တစ်နေရာ ရောက်နေတဲ့ တောင်သူကြီး တစ်ယောက်ရဲ့ အကြောင်းကိုရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

တဒင်္ဂစာ အေးချမ်းမှုလေးကို မခံနိုင်လို့ကိုယ်နေထိုင်ရာ တဲကို ဖျက်ပြီး မီးလှုံလိုက်တဲ့ အခါ နောက်နေ့တွေ အတွက် နေစရာ မရှိမှာကိုမိုက်မဲလှတဲ့ ဖိုးတောင်သူကြီး မီမလှုံခင်က မစဉ်းမိခဲ့ဘူး ။

အဲဒီလို ရည်ရှည်ကို မတွေးဘဲ လတ်တလောပြဿနာကို အလွယ်တကူ ဖြေရှင်းလိုကြတဲ့ အင်မတန်မှ ညံ့ဖျင်းတဲ့ ဖိုးစော်ကဲလို တောင်သူကြီးလို လူစားမျိုးတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်။

ဒီကဗျာလေးထဲက အဖျက်ခံလိုက်ရတဲ့တဲနေရာလေးဟာ မိသားစု တခု ၊ ရပ်ကွက်တခု ၊ မြို့နယ် တခု ၊နိုင်ငံတနိုင်ငံ နဲ့သက်ဆိုင်တဲ့နေရာမျိုးလည်း ဖြစ်နိုင်ပါတယ် ။

ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီကဗျာလေးထဲကတဲလေးလို မီးရှို့ခံလိုက်ရတဲ့ တဲတွေ ဘယ်လောက်များ နေပြီလည်း သေချာတွေးကြည့်ရင်ပိုမို သိသာ ထင်ရှားလာမှာပါ…။ အဲဒီလို ကိုယ်နေတဲ့ အသိုက်အမြုံကို
ဖျက်စီးလိုက်တဲ့ ဦးနှောက်မရှိတဲ့လူတွေ ကျနော်တို့ တိုင်းပြည်မှ ဘယ်လောက်တောင် များနေပြီလည်း ..
ဝေးဝေးသွားပြီး စဉ်းစား စရာမလိုပါဘူး ။ မြန်မာနိုင်ငံရဲ့ အထင်ကရ သတို့သမီးကိုမှ တရုတ်ကိုရွေးပြီး
ဆက်သဖို့ ကြံရွယ်နေပုံသာ ပြေးမြင်လိုက်ပါတော့လို့ကျနော် ရှည်ရှည်ဝေးဝေး ကဗျာဆန်ဆန် မတွေးမပြတော့ဘဲ ပွင့်ပွင့်လင်းလင်းဘဲ ပြောပါရစေ ။

“တို့တိုင်းပြည်”
ဆရာဇော်ဂျီ


ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။

ကျနော်တို့ တိုင်းပြည် တိုင်းတပါးနယ်ချဲ့ လက်အောက် ကို ကျရောက်ခဲ့စဉ် ကာလက ဆရာဇော်ဂျီက နယ်ချဲ့လက်အောက်ကမလွတ်မြောက်ရင် ဒီကဗျာလေးထဲကလို မြန်မာနိုင်ငံသားတွေ ဒုက္ခခံစားရမှာကို စိုးကြောက်ပြီး သတိပေးကာ ရေးသားခဲ့တာကို မှတ်သားနာယူ ကြကာ အားလုံးဝိုင်းဝန်း ကြိုးစားခဲ့ကြလို့နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့ကြတယ်…။


ဒါပေမယ့် ကံခေလှတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် အာဇာည်တွေ သွေးမြေခဲ့ရတဲ့ နေ့က စလို့ ကိုယ့်လူမျိုးအချင်းချင်းက လက်နက်အားကိုးပြီးဖက်ဆစ်ဘီလူးတွေလို ပြန်လည်အုပ်ချုပ် အနိုင်ကျင့်တာကို ခံနေခဲ့ရတာ ယနေ့ထက်တိုင် မလွတ်မြောက်နိုင်သေးပါဘူး။
ကိုယ့်တိုင်းပြည်က သယံဇာတ များနဲ့တိုင်းတပါး နိုင်ငံများက မီးတွေ ထိန်ထိန်လင်းနေတာကို အမှောင်ထဲက
ထိုင်ကြည့်နေကြရတုန်းပါဘဲ…..။

ကိုယ့်ပိုင်တဲ့ သယံဇတများနဲ့ တိုင်းတပါးက၀င့်ကြွားနေကြချိန်မှာ ကျနော်တို့ တိုင်းပြည်က လူအများကတော့ နေစရာ အိမ်လေးတလုံးတောင်ဖြစ်မြောက်အောင် မပိုင်ဆိုင်ကြတော့ဘဲစားဝတ်နေရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရင်းက အနာဂတ်အတွက် မျှော်မှန်းချက်ဆိုတာ တောင် မတွေးနိုင်ကြတော့ပါဘူး။ အဖိနှိပ်ခံဘ၀တွေနဲ့ကြာတော့ နင်းပြားဘ၀တွေဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရတယ်။ ဆရာဇော်ဂျီ တွေးကြောက်ခဲ့ရတဲ့ ကိစ္စကြီးကတိုင်းတပါးနယ်ချဲ့လက်အောက်မှာ မကြုံတွေ့ရဘဲ ကိုယ့်လူမျိုးတွေ ပြန်အုပ်ချုပ်တဲ့ ညစ်ထေးယုတ်မာတဲ့အာဏာရှင် စနစ်ဆိုးအောက်မှာ ကြုံတွေ့ရတာ အသဲနာစရာ ကောင်းလှပါတယ်..။

ကမ္ဘာမကြေ မြန်မာပြည် ဆိုတဲ့နိုင်ငံတော် သီချင်းလေး ဘယ်အချိန်ထိ သက်ဝင် လုပ်ရှားနေမှာလည်း ဆိုတာ ယနေ့ မြန်မာနိုင်ငံသားတွေရဲ့ ရပ်တည်မှု သဘောထားပေါ်မှာဘဲ မူတည်နေပါတယ် ။
ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပါလို့ငယ်စဉ်ကတည်းက ကြားဖူးခဲ့ကြသလို ယုံလည်း ယုံကြည်ခဲ့ကြတာပါဘဲ…။ ဒါဆိုရင် ကိုယ့်အသက်သွေးကြောကိုကိုယ်ပြန်ဖြတ်တဲ့ လုပ်ရပ်တခုဟာ လုပ်သူတွေဟာ ဒီကဗျာထဲက ဦးနှောက်မရှိတဲ့ တောင်သူကြီးလိုဘဲကိုယ့်ရဲ့ အသိုက်အမြုံကို ပြန်ဖျက်စီးတဲ့ လုပ်ရပ်ကြီးပါ.။
ဒါပေမယ့် ဒီကိစ္စက ကဗျာထဲကလိုတဲတခု မဟုတ်ဘဲ တမျိုးသားလုံး ဒုက္ခဆိုးကြီး ကို ခါးသည်းစွာ ခံစားရတော့မယ့် အရေးကိစ္စကြီး ဖြစ်နေတာတောင် ပေါ့ပေါ့လေး တွေးပြီး ဖြေရှင်းချင်တဲ့ အတွေးပိုင်ရှင်များက ပိုမို မိုက်မဲလွန်းလှပါတယ်။ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ဖို့ အတွက် အမျိုးသားရေး သစ္စာဖောက်တဲ့ လုပ်ရပ်ကြီးတခုပါလို့ အတန်တန် သတိပေးနေကြပါလျှက် အာဏာကလွဲလို့ ဘယ်အရာကိုမှ မစဉ်းစားနိုင်တဲ့ လူအများက မြန်မာနိုင်ငံကို စနစ်တကျ ဖျက်စီးလိုက်ဖို့ အရေး ဧရာဝတီ မြစ်ဆုံမှာဆည်ကြီး တည်ဆောက်ကာ တရုတ်ကို ထောက်ပံ့ပေးကြတော့မယ်….။

မြန်မာတမျိုးသားလုံးသားလုံး ဒုက္ခနွံထဲကို အတင်းဆွဲချနေတဲ့ ဒင်းတို့ လုပ်ရပ်ကို မတားဆီးနိုင်ခဲ့ရင် နောင်အခါ ကမ္ဘာမှာမြန်မာလူမျိုးဆိုတာ ကွယ်ပျောက်သွားနိုင်ပါတယ်။



ယခင်က အင်းလေးကန်အလှ နဲ့ ယခု ရေခမ်းခြောက်ြ့ပီး တိမ်ကောနေပြီဖြစ်တဲ့ အင်းလေးကန်
အင်းလေးအိုင်ကြီး ရေခန်းမယ်ဆို ပုံပြင်လို့ထင်ထားခဲ့ကြပေမယ့် တကယ်တန်း ရေတစက်မှ မရှိအောင် ခြောက်ခမ်းသွားခဲ့တာ လက်တွေ့ပါ ။ စည်းမရှိကမ်းမရှိ တွေ့သမျှ သစ်ပင် အကုန်ခုတ်ကာ တိုင်းတပါးကို ရောင်းချခြင်းရဲ့ အကျိုးဆက် မြန်မာတနိုင်ငံနေရာ အနှံ့အပြားမှာ မိုးခေါင်ရေရှားပြီး သောက်စရာ ရေတောင် မရှိတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရသလို
အခုလည်း အားလုံးရဲ့ အားထားရာ သဘာဝအလှတရားတွေနဲ့မြန်မာပြည်ဆိုတာကို ပနံ့ရအောင် စွဲဆောင်မူပေးခဲ့တဲ့ မြစ်ဧရာဝတီ၊ နက်ရှိုင်းမူတွေနဲ့သမိုင်းခေတ်အဆက်ဆက်ကို ထိမ်းသိမ်းစောင့်ရှောက်လာတဲ့ ဧရာဝတီကို တိုင်းတစ်ပါးသားလက်ထဲဝကွက်အပ်လို့ ပျက်သုန်းရတော့မယ့်အဖြစ်ကို ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ကြီးပြင်းလာကြတဲ့ကျွန်တော်တို့အားလုံး ဘယ်လိုမှ မျက်စီစုံမှိတ်ပြီး ကြည့်မနေနိုင်တော့ပါဘူး။ ဧရာဝတီကို မှီခိုအားထား အသက်ရှင်နေကြရတဲ့ ဘ၀တွေ၊ပြည်နယ်နဲ့ ပြည်မဆိုတာကို တစ်သွေးတည်း တစ်သားတည်း တစ်ထပ်တည်း ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာတွေအဲဒီကျေးဇူးတရားက ကြီးမားလှပါတယ်။
သေချာတာ တခုကတော့ မြန်မာနိုင်ငံရဲ့အသက်သွေးကြောကြီး ဧရာဝတီ ကွယ်ပျောက်သွားရင်တော့ မြန်မာလူမျိုးဆိုတာလည်း မကြာခင် ကွယ်ပျောက်သွားမှာအမှန်ပါဘဲ ဆိုတာ ပညာရှင်များက တကယ့်ကို လေးလေးနက်နက် သတိပေးနေတာကို ကျနော်တို့အားလုံးပေါ့ပေါ့ဆဆလေး တွေးပြီး လက်ခံလိုက်ရင် သမိုင်းမှာ ကျနော်တို့အားလုံး တရားခံတွေ ဖြစ်သွားကြမှာဖြစ်သလို နောင်မျိုးဆက်သစ်တွေရဲ့ လက်ညိုးထိုးရှုံ့ချကဲ့ရဲ့တာကိုခံကြရမှာ မလွဲပါဘဲ....။
ဧရာဝတီမြစ် ကို မှီခိုအားထားပြီး ဘ၀၀မ်းစာရေးအတွက် အသက်ဆက်နေရသူတွေ
အခုလက်ရှိ အနေအထားအတိုင်း ဆက်သွားရင်တော့မြန်မာနိုင်ငံသားတွေဟာ သောက်စရာ ရေတောင် မရှိတဲ့ ဘ၀နဲ့ ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားရင် အသက်ဆုံးရှုံးကာ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးဆိုတာ ပျောက်ကွယ်သွားမှာ အမှန်ပါဘဲ ဆိုတာကိုသေချာတွေးပြီး အမျိုးသားရေး လုပ်ရှားမှု အသွင်သဏ္ဍန် နဲ့ ဧရာဝတီကို ကာကွယ်ဖို့ ကြိုးစားပေးကြပါလို့ပြည်တွင်း ၊ ပြည်ပက ပညာရှင်များနှင့် တကွ မြန်မာနိုင်ငံသားအာားလုံးကို လေးစားစွာ မေတ္တာရပ်ခံရင်း ဆရာမောင်စိန်ဝင်း ရွတ်ဆိုခဲ့တဲ့ ကဗျာလေးနဲ့ ဘဲ နိဂုံးချုပ်လိုက်ပြစေ…..။

မြစ်ကော မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်
ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့
မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည် သမျှ မြန်မာသွေးရှိ
တတောလုံးပြောင် တတောင်လုံး
လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့
နောင်အရှည် မမျှော်မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပျက်သဘောနဲ့
မြစ်ကောမယ်လေး...။


ဗမာ့သွေး

ဒီဆောင်းပါးကို ညီငယ် " ဗမာ့သွေး " က " တဒင်္ဂစာ အတွက်ဘ၀များစွာ ဖျက်ကြသူများ " အမည်ဖြင့် ရေးသားခဲ့တာပါ။ ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန်မှာ ဧရာဝတီ မြစ်နဒီရဲ့ လှိုင်းပုတ်သံတွေ က နားစည်မှာ ခပ်တိုးတိုးလေး ကြားနေရတယ်။ လှိုင်းပုတ်သံတွေကို သေချာနားထောင်ကြည့်လိုက်တော့ ဧရာဝတီက ငိုရှိုက်နေတယ်၊ သူမရဲ့ ကျေးဇူးတရားတွေက ကျွန်တော်တို့ မြန်မာပြည်မှာ မွေးပြီး ကြီးပြင်းလာကြတဲ့ လူတွေအားလုံးအပေါ် အသားအရောင်၊ အဆင့်အတန်း၊ လူမျိုးဘာသာ လုံးဝမရွေး အားလုံးအပေါ်မှာ တင်ရှိနေတယ်။ ဧရာဝတီဟာ ကျွန်တော်တို့အားလုံးရဲ့ မိခင်ပါ။ မိခင်နဲ့ နှလုံးသားချင်းနီးစပ်သူတိုင်း သူမရဲ့ ငိုရှိုက်သံတွေကို ကျွန်တော်ကြားသလို စာဖတ်သူ မြန်မာနိုင်ငံသား ညီအကိုမောင်နှမတွေ အားလုံးလည်း ကြားကြ ပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို " မျက်ရည်မြစ် " လို့ အမည်ပေးလိုက်တာပါ။

အမိုက်မှောင်ကင်းကာ ကမ္ဘာကြီးကို ကျန်းမာစေချင် ' ကမာနီလာ `

  သြဂက်(စ်)လ ဟာ ဒီမြေကို အပြောင်းအလဲတွေ ဝမ်းနည်းခြင်း နိမိတ်ပုံတွေကို ဖော်ဆောင်တဲ့လလို့ ပြောရင် မှားမယ် မထင်ဘူး။ ၈ ဂဏန်းကြီးစိုးတဲ့ သြဂက်စ်လ၊ ဂျပန်နိုင်ငံမှာ ဒီလရောက်ပြီဆို ဂျပန်ပြည်သူ၊ ပြည်သားတွေ အတွက် ဘယ်တော့မှ မေ့လို့မရနိုင် ဖျောက်ဖျက်လို့ မရနိုင်ခဲ့တဲ့ အတိတ်ကြမ္မာ ဆိုးကြီးတခုက အရိပ်လို ကပ်လိုက်ခြင်း ခံနေရတယ်လို့ ဂျပန်တွေ ယုံကြည်နေကြတုန်းပဲ။ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့၊ အရက်စက်ဆုံး၊ အဏုမြူဗုံး ပေါက်ကွဲမူဒဏ်ကို ခံခဲ့ရလို့ ဟီရိုရှိမားမြို့နဲ့ နဂစကီ မြို့နှစ်မြို့ ပြာပုံဘဝ ရောက်ခဲ့ရတဲ့ သမိုင်းဝင်လ ဖြစ်နေသလို။ ရက်စက်မှု ကမ်းကုန်ပြီး၊ စစ်သွေးကြွနေတဲ့ ဂျပန် ဖက်ဆစ်စနစ်ကို အမြစ်ဖြတ် ချေမှုန်းခံခဲ့ရတဲ့ အချိန်အခါ ဖြစ်နေလို့ပါဘဲ။
     


 
Enola Gayလေယဉ်မှူး Paul Tibbetsနှင့်          Boat's carလေယာဉ်မှူး Charles Donald Albury

         ၁၉၄၅ခုနှစ် သြဂတ်စ်လ (၆)ရက် ၊ဖက်ဆစ်ဝင်ရိုးတန်း မဟာမိတ်နိုင်ငံတွေ လက်နက်ချ အညံ့ခံပြီးသော်လည်း၊ အမျိုးသားရေး စိတ်ဓာတ် မာန်တက်ကြွကာ စစ်သွေးကြွနေတဲ့၊ နေမင်းသူရိယ အမျိုးအနွယ်ရယ်လို့ ဂုဏ်ယူဝံ့ကြွားပြီး စစ်အဆိပ် မာန်တက်နေတဲ့ ဂျပန်နိုင်ငံဆီကို အမေရိကန် လေယာဉ်မှူး ပေါလ်တိဘက် Paul Tibbets မောင်းနှင်လာတဲ့ ဘီ၂၉ အမျိုးအစား တိုက်လေယာဉ် အန်နိုလာဂေးလ် (Enola Gay) အမည်ရ လေယာဉ်ဟာ ဦးတည် မောင်းနှင်လာနေတယ်။ အထူးတာဝန် ပေးချက်အရ ၊ သူလေယာဉ်နဲ့အတူ သယ်ဆောင်လာတာ ကတော့ ပေါက်ကွဲအား ပြင်းထန်ပြီး ဘီလူးတစ်ကောင်ကဲ့သို့ ကြမ်းကျုပ် ရက်စက်မှုတွေနဲ့ မြို့ကိုဝါးမြိုမယ့် လစ်တဲလ်ဘွိုင်း Little Boy အမည်ရတဲ့ အဏုမြူဗုံး တလုံးပါဘဲ။ သြဂတ်စ်လ (၆)ရက်၊ နံနက် ၈နာရီ၁၅မိနစ် အချိန်မှာ ဟီရိုရှိမားမြို့ အပေါ်ကို တီအင်တီ ယမ်းအား တန်ခြေ ၂၀၀၀၀ ရှိတဲ့ ဗုံးကိုကြဲချလိုက်တယ်။ ပစ်လွှတ်ချလိုက်တဲ့ ဗုံးဟာ အမြင့်ပေ ၆၀၂ ပေ အမြင့်မှာတင် ပေါက်ကွဲသွားခဲ့ပြီး ။အရှိန်အဟုန် ပြင်းထန်စွာနဲ့ မြို့တစ်မြို့လုံးကို စက္ကန့်၊ မိနစ်ပိုင်း အတွင်းမှာကို ဝါးမြို ဖျက်ဆီး ပစ်လိုက်တော့တယ်၊ မှိုပွင့်သဏ္ဍာန် မီးခုံးလုံးကြီး တက်လာပြီးတဲ့နောက်။ ကောင်းကင်တစ်ခုလုံး မဲမှောင်ကျသွား တော့တယ်။ ဗုံးဒဏ်ကြောင့် တိမ်တွေပြိုကွဲပြီး ရွာသွန်းလာတဲ့ မိုးရေစက်တွေတောင် မိုးမည်းတွေ ဖြစ်သွားတဲ့အထိ အဆောက်အဦးတွေ ပြာပုံဘဝ ရောက်သွားခဲ့သလို ဂျပန်ပြည်သူ တစ်သိန်း လေးသောင်းကျော် (၁၄၀၀၀) သေဆုံးသွားခဲ့ ရတယ်။ အဏုမြူဗုံး ဒဏ်ကြောင့် မသေမရှင် ဖြစ်နေသူတွေ၊ အဏုမြု ဓါတ်ရောင်ခြည် သင့်ပြီး ဝေဒနာတွေ ခံစားနေရ သူတွေရဲ့ ငိုညည်းသံတွေ၊ သွေးပျက်နေတဲ့ မြို့ရဲ့ အနိဋ္ဌာန်ရုံတွေက ကြောက်မက်ဖွယ်ရာ အတိနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒဏ်ရာအနာတရ ဖြစ်နေသူတွေ အတွက် ဆေးကုသပေးဖို့ အရေးပေါ် အခြေအနေ ဖြစ်နေချိန်မျိုးမှာ၊ အဲဒီမြို့မှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန် ၉၀ ရာခိုင်းနှုန်းနဲ့ ၊သူနာပြု ၉၃ ရာခိုင်နှုန်းလောက်ဟာ ဗုံးဒဏ်ကြောင့် သေကြေ ပျက်စီးခဲ့ရတာမို့ ၊ ပြိုပျက်နေတဲ့ ဆေးရုံအဆောက်အဦး တွေဟာ သုသာန် တစပြင်လို့ ဖြစ်နေခဲ့ရတယ်။ အဲဒီနှစ် အတွင်းမှာဘဲ ဒဏ်ရာကြောင့် သေဆုံး သွားသူတွေပါ ရေတွက်လိုက်ရင် ဂျပန်ပြည်သူ ၂၀၀၀၀၀ (နှစ်သိန်းကျော်) သေဆုံးသွားခဲ့တယ်။ 

ဗုံးဒဏ်ကြောင့်  ပြိုပျက်နေတဲ့ နဂစကီက ဘုရားကျောင်း




          နောက် သုံးရက်အကြာမှာ ၊ လက်နက်ချ အညံ့ခံဖို့ ဝန်လေး ခေါင်းမာနေနေတဲ့ ဂျပန်အတွက် ဘီ၂၉ အကြီးစား ဗုံးတင်လေယဉ် (Boat's car)ကို တွဲဘက် လေယာဉ်မှူးဖြစ်တဲ့ Charles Donald Albury ကို အထူးတာဝန် ပေးလို့ ၊ လွန်ခဲ့တဲ့ သုံးရက်ကြာ ကမှ ဟီရိုရှိမားကို ဗုံးကြဲချခဲ့တဲ့ Paul က လိုအပ်တာတွေ ကူညီ လမ်းညွန်ပေးခဲ့ပြီး။ ၁၉၄၅ခုနှစ်၊ သြဂတ်စ်လ၊ ၉ရက်နေ့ မှာ ဂျပန်ရဲ့ ဒုတိယအကြီးဆုံး ကျွန်းစုထဲက မြောက်ဘက် ကျုးရှုးကျွန်း ဘက်မှာ ရှိတဲ့ ခိုခုရ (Kokuya) မြို့ဆီကို ဦးတည်ပျံသန်းခဲ့ပြီး Fat man အမည်ရတဲ့ အဏုမြုဗုံးကို ကျဲဖို့ ဝေဟင်ကနေ ပျံသန်း လာခဲ့ပေမယ့် ဗုံးကြဲတာကို ဗွီဒီယို မှတ်တမ်းတင်ဖို့ တိမ်ထူထပ်နေတာမို့ မကြဲဖြစ်ဘဲ ဦးတည်ရာ ရွေ့ပြောင်းလို့ နဂစကီမြို့ ဆီကို ပျံသန်းလို့နေတယ်။ အဲဒီနေရာဒေသမှာ၊ တိမ်ကင်းစင်နေပြီး ရာသီဥတု အခြေအနေ ကောင်းတာကြောင့်၊  အဏုမြူဗုံးးကို နံနက် ၁၁နာရီ ၂ မိနစ်အချိန် ကြဲချခဲ့ရာမှာ၊ ဗုံးဒဏ်ကြောင့် ချက်ခြင်း သေဆုံးသွားခဲ့သူ လေးသောင်းခန့် (၄,၀၀၀၀) ရှိခဲ့သလို။ ဗုံးဒဏ်ကြောင့် ဝေဒနာ ခံစားရပြီးမှ သေဆုံးခဲ့ရသူ သုံးသောင်း၊ ငါးထောင်(၃,၅၀၀၀) ခန့်ရှိပြီး။ စုစုပေါင်း ရှစ်သောင်း(၈,၀၀၀၀)ခန့် သေကျေ ပျက်စီးခဲ့ကြရ ပြန်တယ်။ အဏုမြူ ရောင်ခြည်သင့်ပြီး မီးလောင်ခံရကာ မသေမရှင် ဖြစ်နေသူတွေ၊ ခန္ဓာကိုယ်အတွင်း ပိုင်းအထိ ဓါတ်ရောင်ခြည် လှိုက်လောင်စားပြီး ကင်ဆာရောဂါ ဖြစ်သူတွေ၊ မျက်စိ ကွယ်သွားသူတွေ၊ မသန်မစွမ်း ဖြစ်သွားသူတွေ၊ ကိုယ်အရေပြား မကောင်းတဲ့ ရောဂါသည်တွေ အမြောက်အများ ပေါ်ထွက်လာခဲ့ပြီး ၊ယနေ့အချိန် အထိ အဏုမြူ ဓါတ်သင့်လို့ မျိုးဆက်အလိုက် ခံစားနေရတဲ့ ဝေဒနာသည်တွေ အများအပြား ရှိနေသေးတာကို စိတ်မကောင်းစွာ တွေ့မြင်နေရမှာ ဖြစ်သလို ၊ အဲဒီ ဝေဒနာရှင်တွေကို ဟိဘကုရှ (hibakusha) လို့ ခေါ်ပြီး၊ ဂျပန်နိုင်ငံ မြို့သစ် ပြန်လည် တည်ဆောက်တဲ့ အခါမှာ ဒီဝေဒနာရှင်တွေ အတွက် အဓိက ထည့်စဉ်းစားခဲ့တာမို့ ယနေ့ ဂျပန်နိုင်ငံရဲ့ ရထားဘူတာရုံတွေ၊ ကားဂိတ်တွေ၊ လူကူး မျဉ်းကျားတွေမှာ မျက်မမြင်တွေနဲ့ ဒုက္ခသည်တွေ အတွက် ထားပေးထားတဲ့ သင်္ကေတ လှမ်းလျှောက် အဝါရောင်တုံးလေးတွေ၊ မီးပွိုင့် ခလုပ်လေးတွေ၊ စက်လှေကား တွေနဲ့ အများသုံးအိမ်သာတွေမှာ ဒုက္ခိတတွေအတွက် သီးသန့် နေရာတွေထားရှိပေးထားတာကို ဂျပန်နိုင်ငံ တနိုင်ငံလုံးမှာ နေရာ အနှံအပြားမှာ သတိထားကြည့်ရင် တွေ့မြင်ကြရမှာပါ။

 အဏုမြုဗုံးဒဏ်ကြောင့် သူတို့ အနာဂတ်တွေ ပျောက်ကွယ်ခဲ့ရတဲ့ ဒုက္ခသည်တွေ(Hibakusha)
        စစ်သွေး စစ်မာန်တက်နေတဲ့ ဂျပန် ဖက်ဆစ်တွေဟာ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ၁၉၄၁ခုနှစ် ဒီဇင်ဘာလ၊ ၇ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ အမေရိကန် ရေတပ်အခြေစိုက် စခန်းတစ်ခုဖြစ်တဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်ဇီးရိုး တိုက်လေယာဉ်တွေက ဘုရားသခင်ရဲ့လေ (ခမိခဇေး) အမည်နဲ့ စတင် တိုက်ခိုက်ရာမှာ ပုလဲဆိပ်ကမ်း တခုလုံး ပျက်စီးသွားခဲ့ ရသလို ၊ လူ နှစ်ထောင်လေးရာနှစ်ဦး (၂၄၀၂)ဦး သေဆုံးပြီး၊ တစ်ထောင်နှစ်ရာ ရှစ်ဆယ့်နှစ်ဦး(၁၂၈၂) ဒဏ်ရာရရှိခဲ့ပြီး။ ရန်စမိတဲ့ ဂျပန်ဖက်ဆစ်ကို ၁၉၄၂ခုနှစ်၊ ဧပြီလ၊ ၁၈ရက်မှာ အမေရိကန်က ပြန်လည် လက်တုံ့ပြန်ခဲ့ရာမှာ ၊ဂျပန်နိုင်ငံရဲ့ နေရာ အနှံ့အပြားဟာ စစ်တလင်းပြင် ဖြစ်ခဲ့ရပြီး။ ဘုရင်နန်းစိုက်ရာ တိုကျိုကို မြို့ဖျက် ဗုံးဖြင့် တိုက်ခိုက်ရာမှာဘဲ ကိုးသောင်းခုနှစ်ထောင် (၉,၇၀၀၀)သော ဂျပန်ပြည်သူတွေ သေကြေ ပျက်စီးခဲ့ရပြီး ၊ တစ်သိန်း နှစ်သောင်းငါးထောင် (၁၂၅,၀၀၀)ကျော် ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ၊ အဆောက်အဦး နှစ်သိန်းရှစ်သောင်း ခြောက်ထောင်သုံးရာ ငါးဆယ်ရှစ် (၂၈၆,၃၅၈) ပျက်ဆီးခဲ့ရသလို၊ သန်းပေါင်း များစွာသော ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြရတယ်၊ စစ်သွေး စစ်မာန်ကြွနေတဲ့ ဂျပန် ဖက်ဆစ်စနစ်တွေက လက်နက်ချ အညံ့မခံခဲ့လို့ နောက်ဆုံးမှာ ဟီရိုရှိမားနဲ့ နဂစကီမြို့ နှစ်မြို့စလုံး ပြာပုံဘဝ ရောက်ခဲ့ရပြီး ဂျပန်ဘုရင် ဟိရိုဟိတို (Hirohito) က ၁၉၄၅ခုနှစ် သြဂက်စ်လ ၁၅ ရက်နေ့မှာ တရားဝင် လက်နက်ချ အညံ့ခဲ့ပြီး။ ဖက်ဆစ်စနစ်ဆိုး ဤဂျပန့်မြေမှာ အမြစ်ပြတ် သေဆုံးခဲ့ရသည်။ ၁၉၃၉ခုနှစ်၊ စက်တင်ဘာလမှ စတင်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ဟာ ၁၉၄၅ခုနှစ် စက်တင်ဘာလမှာ အဆုံးသတ်ခဲ့ပြီး။ ခြောက်နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ၊ဒုတိယ ကမ္ဘာစစ်ကြောင့် နိုင်ငံ အနှံအပြားမှာ ရှိတဲ့ ပြည်သူတွေ သေကြေ ပျက်စီးခဲ့ရတယ်၊ မိကွဲ ဖကွဲ ဘဝတွေနဲ့ အိုးမဲ့အိမ်မဲ့ ဘဝတွေ ၊ အဖြစ်ဆိုး စနစ်ဆိုးတွေရဲ့ လက်အောက်မှာ ဒုက္ခသည် ပင်လယ်ဝေလို့ အရင်းစစ်တော့လည်း ကောင်းကျိုး မရှိတာတွေကို လက်တွေ့ သင်ခန်းစာတွေ အဖြစ် သမိုင်းက ပြောနေတာကို ကြည့်ခြင်းအားဖြင့် သိမြင်ကြရမှာမို့ ယနေ့ခေတ် ယဉ်ကျေးတဲ့ လူ့ဝန်းကျင်မှာ စစ်လိုလားသူတွေ စစ်သွေးကြွ နေသူတွေအတွက် အမိုက်မှောင်တွေ ကင်းစင်လို့ အမြင်တွေမှာ အလင်းရရှိ ကြစေချင်တယ်။

ဂျပန်ဘုရင် ဟိရိုဟိတို
          ဒုတိယ ကမ္ဘာစစ်အပြီး၊ ပြာပုံဘဝ ရောက်ခဲ့တဲ ဂျပန်ဟာ ယနေ့ တိုးတက်ထွန်းကား လာတာနဲ့အမျှ၊ အတိတ်က အမှားတွေကို နောင်တရလို့ နောက် တကြိမ်မမှားဖို့ ဟီရိုရှိမားနဲ့ နဂစကီက သက်သေပြနေတာမို့၊ ဂျပန် လူမျိုးတွေဟာ စစ်ကို တော်တော်ရွံ့မုန်း ကြောက်ရွံ့သွားခဲ့ ကြသလို၊ စစ်နဲ့ပတ်သက်လို့ မေးမိရင်လည်း ယနေ့ခေတ် လူငယ်တွေက ခါးခါးသီးသီး ဖြစ်နေကြတာဟာ စစ်ရဲ့ဆိုးကျိုးကို ခံစားသိမြင်ခဲ့ ကြတာမို့လို့ ဘဲပြောရမှာ ဖြစ်ပါတယ်။ ငါတို့ အဘိုးအဖွားတွေ၊  လက်ထက်က ယောကျာင်္းမှန်ရင် စစ်ထဲဝင်ရတယ်။ ပြည်ပ ထွက်တိုက်ကြရတယ်။ ကျန်ခဲ့တဲ့ ဇနီးမယားတွေက လက်နက်ထုတ်ရာတွေမှာ ပါဝင် လုပ်ကိုင်ပေးရတယ်။ သားသမီးတွေက ပညာမသင် နိုင်ခဲ့ကြဘူ။၊ နောက်ဆုံး မိကွဲဖကွဲတွေ ဘဝနဲ့ သေကွဲ၊ ရှင်ကွဲကွဲခဲ့ရတယ်။ စစ်ဆိုတာ ဘယ်မှာလည်း ကောင်းတာ?၊ အရင်က ဂျပန်ဟာ မှားခဲ့တယ်။ အဲဒီအမှားမျိုးတွေ နောက်တကြိမ် မမှားမိစေဖို့ ငါတို့ ကျိုးစားရမယ်။ ငါတို့ အေးချမ်းမူနဲ့ နိုင်ငံတိုးတက်ရေးကိုဘဲ စိတ်ဝင်စားတယ်လို့ မိတ်ဆွေဖြစ်သူ ဂျပန်တစ်ယောက်က စကားစပ်မိလို့ ပြောပြခဲ့ဖူးတယ်။

၃နှစ်သားကလေးငယ်လေးက ပျော်ရွှင်စွာ စက်ဘီးစီးဆော့လို့ အဏုမြုဗုံးပေါက်ကွဲခံရအပြီးမှတော့ ကလေးငယ်လေးမရှိတော့ဘူး သူ့စက်ဘီးကလေးသာ(အဏုမြုဗုံးပြတိုက်တွင်ပြသထား)
        ၂၀၁၁ခုနှစ်၊ သြဂက်(စ်)လ၊ ဆိုရင် ဟီရိုရှိမား နဲ့ နဂစကီမြို့ အဏုမြုဗုံး ပေါက်ကွဲခံရတာ ၆၆  နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သြဂက်(စ်)လ ၆ရက်နေ့မှာ ဟီရိုရှိမား နဲ့ နဂစကီမြို့ အဏုမြုဗုံး ပေါက်ကွဲခံရတာ ၆၄နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်ကို ဟီရိုရှိမား ငြိမ်းချမ်းရေး အမှတ်တရပန်းခြံ လို့ခေါ်တဲ့ (heiwa kinen kōen) မှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပကြအုံးမယ်။ နှစ်စဉ် အစဉ်အလာဖြစ်တဲ့ စစ်နဲ့ နျူကလီးယား (အဏုမြု) ဆန့်ကျင်ရေး လှုပ်ရှားမူတွေကို လုပ်ဆောင်ပြီး အဏုမြုဗုံး ဒဏ်ကြောင့် သေဆုံးသွားသူတွေ အတွက် ဆုတောင်း ဝတ်ပြုမူတွေကိုလုပ်ဆောင်ရင်း ညနေဖက်မှာတော့ ဟီရိုရှိမားမြစ် အတွင်း စက္ကူ မီးပုံးလေးတွေကို မျှောလွှတ်ရင်း သေဆုံးသွားတဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းအေးစေဖို့ ဆုတောင်းမူတွေ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ပန်းခြံအတွင်းက အဏုမြုဗုံး ပြတိုက်အတွင်းမှာတော့ အဏုမြုဗုံး ကျဲချခံရစဉ်က ပုံတွေ ဗုံးကျဲခံရပြီး ကျန်ရစ်ခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ မြင်တွေ့ရမှာဖြစ်သလို ဆက်မကြည့်ဝံ့ ရဲတော့ လောက်အောင်ကို ရင်ထဲမှာ ဆို့နင့်နေတဲ့ ခံစားမူတွေကို ပြတိုက်လာသူတိုင်း ခံစားကြရမှာပါ ။

ဒီတမင်းဗူး ပိုင်ရှင်လေး ဘယ်ရောက်သွားလည်း( ပြတိုက်အတွင်းပြသထားသည်)
             စာရေးသူ လွန်ခဲ့တဲ့ နှစ်တွေက ရောက်ရှိခဲ့စဉ်က ပြတိုက်အတွင်း တွေ့ဆုံခဲ့ရတဲ့ အသက်၈၀ကျော် အဘိုးအိုရဲ့ ပုံရိပ်ကို ပြန်မြင်ယောင်ရင်း သူပြောခဲ့တဲ့ စကားတွေကို အမှတ်ရနေမိတယ်။” စစ်အတွင်းက ဂျပန်စစ်တပ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အဖိုးအို ကဟီရိုရှိးမား ကို အဏုမြုဗုံး ကြဲချလိုက်တဲ့ အချိန်မှာ အဲဒီမြို့အနီးမှာ ငါတို့ စစ်သင်တန်း တက်နေတဲ့အချိန် ကောင်းကင်က မီးခိုးလုံးကြီးတွေ လိပ်တက် လာနေတာ မြင်နေရတယ်၊ အားလုံး သေကြေ ပျက်စီးခဲ့ရတယ် သုံးရက်လောက် မျက်စီက ဘာမှမမြင်ရဘူး၊ အကန်းလိုဘဲ ဖြစ်ခဲ့ရတယ်၊ ငါ့ အမျိုးသမီးနဲ့ ၅နှစ်အရွယ် လူမမယ်သမီးလေးတို့ စစ်အတွင်းမှာ သေဆုံးခဲ့ရတယ်၊ စစ်ဆိုတာကို မုန်းသွားခဲ့တယ် ဒါကြောင့် စစ်ပြီးတော့ လယ်ယာဘဲ လုပ်စားပြီး ဘဝကိုအေးချမ်းစွာ တည်ဆောက်ချင်ခဲ့တယ်၊ အဘိုးအိုရဲ့ မျက်ဝန်းတွေက ဟိုး အဝေးဆီကို မျော်ငေးကြည့်ရင်း မျက်ဝန်းအိမ်က မျက်ရည်စတွေနဲ့ စိုစွတ်နေတယ် လေ။

အဏုမြုဗုံးဒဏ်ကြောင့် သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲနှစ်ပတ်လည် အခမ်းအနား(heiwa kinenပန်းခြံ ) အဲဒီပန်းခြံအတွင်းမှာ သေဆုံးသူတွေရဲ့ အရိုးတွေက မြောက်များစွာရှိနေသေးတယ်
           ယနေ့ ဂျပန်ဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်နေရတာကို ခံနေရတာနဲ့ ပတ်သက်လို့ ဂျပန်ဟာ စိုးရိမ်ထိတ်လန့်မှု ကြီးနေတာတွေဟာ တခါသေဖူး ပျဉ်းဖိုး နားလည်ဆိုသလို စစ်ကို မလိုလားဘဲ နိုင်ငံ တိုးတက်ရေးကိုဘဲ လုပ်ဆောင်ချင်တာ အားလုံးရဲ့ ဆန္ဒဖြစ်နေတာမို့ ညူကလီယာ လက်နက် ပိုင်ဆိုင်နေကြတဲ့ နိုင်ငံတွေ ညူကလီယာ လက်နက်ကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေရဲ့ ကျိုးစားနေမူတွေဟာ မိမိအတ္တ အကျိုးတွေအတွက် ပြည်သူတွေရဲ့ အသက်စည်းစိမ်ဥစ္စာ မြောက်များစွာ ဆုံးရှုံးရမယ့်အရေး မျှော်ကိုးလို့သာ တွေးတော ကြစေချင်သလို သာယာလှပ ငြိမ်းချမ်းစိမ်းလန်းနေတဲ့ ကမ္ဘာမြေ ငြိမ်းချမ်းရေး အတွက် ညူကလီယာနဲ့ အဏုမြူလက်နက်ထုတ်လုပ်နေကြတာကို ဒီကမ္ဘာမြေက ပပျောက်စေဖို့ စစ်ဝါဒီစနစ်ဆိုး အမြစ်ပျက် ပျက်သုန်းစေဖို့ ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ လူအယောက်စီတိုင်းက ဆန့်ကျင် ကန့်ကွက်ကြပါလို့သာ တိုက်တွန်း လိုက်ပါရစေ.....။

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ကမာနီလာ

      ယခု ဆောင်းပါးဟာ ၂၀၀၉ခုနှစ်သြဂတ်စ်လ၊ ၆ရက်နေ့ထုတ် Popular NEWS ဂျာနယ်No 27 Vol 1 မှာ " ကမ္ဘာမြေငြိမ်းချမ်းပါစေ" ဆောင်းပါးခေါင်းစဉ်ဖြင့် ဖော်ပြခံရ ပြီးဖြစ်ပါသည်။ 
ဝန်ခံချက်။ ၊ ဓာတ်ပုံတချို့ဟာ အင်တာနက်က ရယူထားတာဖြစ်ပါတယ်။
ကိုးကား။ ။ ja.wikipedia.org , BBC NEWS, NHK JapanNEWESနှင့် "ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် " ,စာအုပ်တချို့မှ ထုတ်နှုတ်ကိုးကားသည်။


အကြင်နာမဲ့ ရပ်ဝန်းများမှာ `' ဇာမဏီရိုင်း `'


ဆေးရုံ၊ တရားရုံး၊ တစပြင်တို့ ဆိုတာ မစည်ကားအပ်တဲ့ အရပ်တွေဆိုပေမဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ကျော် အချိန်ကာလ က ရန်ကုန် ဆေးရုံကြီးလို့ ခေါ်ကြတဲ့ R.G.H ( Rangoon General Hospital ) မှာ လပေါင်းများစွာ ရန်ကုန်က လူတွေ ဒုနဲ့ဒေး စုရုံးပြီးစနစ်တခုကို တိုက်ဖျက် ပစ်ဖို့၊ ဒါမှ မဟုတ် နိုင်ငံတခုရဲ့ သမိုင်းတခုကို လှုပ်ယမ်း ပစ်လိုက်ဖို့ဒီနေရာလေး တဝိုက်မှာ လပေါင်း အတန်ကြာ နည်းပေါင်းစုံနဲ့ စည်ကား နေခဲ့ဖူးတယ်။..

ဒီအချိန်တွေကို ပြန်ပြောင်း ပြောရင် ဒေါသ အတောင့်လိုက် ထွက်တယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကို နောက်ပြန်ဆုတ်ပြီး ရန်ကုန်ဆေးရုံကြီး လူသတ်ကွင်း အတွေ့အကြုံတွေကို ဆေးရုံကြီးသွေးလှူဘဏ် က ဓါတ်ခွဲခန်းမှူး တဦးက ပြန်ပြောင်း ပြောပြနေတယ်၊ အရင် နေ့တွေက မြိုတော်ခမ်းမရှေ့မှာ ပစ်တယ် ခတ်တယ် ကြားရတယ်၊ မနေ့က ကတည်းက ဆေးရုံကို ကျောင်းသား အရွယ်လေးတွေ ဒါဏ်ရာရပြီးရောက်လာတာတော့ ရှိနေပါပြီ၊ မျက်မြင် ဒိဋ္ဌကြုံတာ ကတော့ နောက်တနေ့ပေါ့၊ သုဝဏ္ဏမှာ နေတော့နံပါတ် ၃၈ကားစီး ပုဇွန်တောင်ဈေးမှာဆင်း ပြီးတော့ နံပါတ် ၃ကားလေး ပြောင်းစီးရင်ပဲ အချိန်ကအတော်လေး လင့်နေပြီ၊ ပြီးတော့ ဆေးရုံကြီးရှေ့ ကားဆိုက်တော့ အလုပ်ရှိရာ ခပ်သုတ်သုတ်လျှောက်လာခဲ့တယ်။

ရန်ကုန်သားတွေ “ငါး၊ ခြောက်၊ ငါး၊ ခြောက်” လို့ အခေါ်များတဲ့ ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဋ္ဌာနအနောက်ဖက်က ရုံးခန်း ရှိရာကို ထမင်းချိုင့်လေး ဆွဲလို့ လာတယ် ဆိုရင်ပဲ ပင်မအဆောင်(၁)/ (၂) လောက် အဖြတ်မှာ လမ်းတလျှောက် လူတွေ ရုံးစုရုံးစု တွေ့လို့ ငေးကြည့် လိုက်တော့ဆေးရုံကြီး အပြင်ဖက် ဗိုလ်ချုပ်လမ်းမ တလျှောက် ပလက်ဖေါင်းပေါ်မှာ ဆေးရုံဝန်ထမ်းတွေ၊သူနာပြုတွေ၊ ဆိုင်းဘုတ်တွေ ပိုစတာကိုင်လို့ အပြစ်မဲ့ အရပ်သားတွေ၊ ကျောင်းသူ/ကျောင်းသားတွေကို ပစ်ခတ် သတ်ဖြတ်ခြင်း မလုပ်ဖို့ စစ်တပ်ကို ကန့်ကွက် ဆန္ဒပြ မေတ္တာရပ်ခံနေကြတာ တွေ့ရတယ်။ဒါနဲ့ အလုပ်များ နောက်ကျနေမလား စိုးစိတ်နဲ့ လက်ထဲက နာရီလေးကို ငုံကြည့် မိတယ် ဆိုရင်ပဲ၁၀-၈-၁၉၈၈ လို့ အမှတ်မထင် ရက်စွဲကိုပါ ဖတ်မိလိုက်တယ်၊ ရောဂါရှာဖွေ လေ့လာရေးဋ္ဌာန ရုံးခန်းရောက်လို့ထမင်းချိုင့် စားပွဲပေါ်တင်တယ် ဆိုရုံပဲ ဋ္ဌာနစိတ်မှူးက ဘုန်းတော်ကြီး ၃ပါး သွေးလှူချင်လို့၊“ ကဲ .... ဆရာမောင် ...ရေ ဒီမှာ... သွေးလှူဘဏ် လိုက်ပို့ လိုက်ပါဦး” ဆိုတော့ ဘုန်းကြီး၃ပါး ပင့်ပြီး ထွက်လာခဲ့တယ်၊ သွေးလှူဘဏ် ရောက်လို့ ဘုန်းကြီး ၃ပါး ထားခဲ့တယ် ဆိုရင်ပဲသွေးဖေါက်တဲ့ အခန်းက အကူညီတောင်းလို့ အကူညီ ပေးနေရသေးတယ်၊ အဲဒီ ဋ္ဌာနဆီမှာပဲ အချိန်ကအတော်လေးနှောင်း သွားပြီး သတိထားမိတဲ့ အချိန်မှာတော့ မွန်းလွှဲလောက်ရှိပြီ ထင်ပါရဲ့။

ရုံးခန်း ပြန်မယ် အလုပ်မှာ ဗိုလ်ချုပ်လမ်းဆီ ပြန်ကြည့်မိတော့ သူနာပြုတွေ ဆရာဝန် ဆရာမတွေပါစစ်တပ်ကို မပစ်ခတ်ကြဖို့ မေတ္တာ ရပ်နေတာ လမ်းမပေါ် တွေ့နေရသေးတယ်၊ အောင်မယ် ... သေခြာကြည့်တော့အလံတွေ ဘာတွေလား မသိ ထပ်တွေ့ နေရသေး၊ ဒီတင်ပဲ လမ်းမတော် အနောက်ဖက် အရပ်ကနေ အရှေ့ဖက်အရပ်ဆီသို့ ဗိုလ်ချုပ်လမ်းအတိုင်း စစ်ကား တီအီ ၁၁ အမျိုးအစားကားနဲ့ လက်နက် အင်အားအပြည့်ထရပ်ကား ၇စင်း မောင်းချ လာပါလေရော၊ ဆေးရုံရှေ့က ဆရာဝန်တွေ ဆရာဝန်မတွေ ကတော့ နေမြဲအတိုင်းစစ်တပ်ကို မပစ်ခတ်ဖို့ တိုက်တွန်းတဲ့ ဆိုင်းဘုတ်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ မေတ္တာရပ်ခံနေကြတယ်၊ ဒီတင် စစ်ကားတွေလဲ မြင်ရော ဒေါသထွက်နေကြတဲ့ လူတွေထဲက ဆဲဆိုကြတယ်၊ ခဲ(ဂဲ)နဲ့ပေါက်တယ်လို့ နောက် ပြန်ကြားရတာပဲ ဒီတော့ စစ်ကားတန်းကြီးက ဆေးရုံကြီး မျက်နှာစာတန်းအဆောင် ၁/၂ ရှေ့လောက်လဲ ရောက်ရော သေနတ်နဲ့ တွေ့သမျှ လက်နက်မဲ့ ဆေးရုံဝန်ထမ်း၊ ဆရာဝန်တွေ၊သူနာပြု၊ အရပ်သူ အရပ်သားတွေဆီ ပစ်ခတ်တော့တယ်၊ ထိတဲ့လူ ထိ၊ သွေးအိုင်ထဲ လဲကျတဲ့လူ လဲကျ၊ကြောက်အား လန့်အားနဲ့ ပြေးတဲ့လူ ပြေးနေကြချိန်မှာ၊ ဦးမောင်မောင်က မြန်မာပြည်အနှံ့ဝန်ထမ်းလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ အရ အော်တိုမစ်တစ် စက်သေနတ်သံ ကြားလို့ နီးစပ်ရာ အုတ်တိုင်နံရံကျည်ကွယ်ရာမှာ ကပ်နေလိုက်ပြီး ကျည်လာမဲ့ လမ်းကြောင်းရှာကာ ဝရုန်းသုန်းကား ဆေးရုံကြီးထဲပြေးဝင်လာတဲ့ လူအုပ်ကြီးကို ကျည်ကွယ်ရာ လမ်းညွှန် ပေးလို့နေမိတယ်။

သူ့ မြင်ကွင်းထဲ ယနေ့ထိ တကယ်မထွက်ပဲ နေတာကတော့ သူနာပြု ဆရာမတယောက် ရင်ဘတ်စည်တီးပြီး"အောင်မလေး တကယ် ပစ်ရက်ကြ တယ်လို့" ဆို .. ဆိုပြီး သူလဲ ပြေးလာတဲ့ သူတွေကိုသူလည်း ကျည်လွတ်ရာ လမ်းညွှန်နေတယ်လို့ ဆိုတယ်၊ ဦးမောင်မောင် မြင်ခဲ့ရတဲ့ ဒီမြင်ကွင်းကိုပြန်ပြောင်း ပြောပြရာမှ သူရောက်နေတဲ့ အဆောင် ၁/၂ နံဘေးက ဆေးရုံအုပ်ကြီး ရုံခန်း နားကနေကြည့်လိုက်ရတဲ့ မြင်ကွင်းက ဗိုလ်ချုပ်လမ်းမကြီးဟာ ဆေးရုံကြီး ထက် အနည်း ငယ် မြှင့်တဲ့အနေထားမှာ ရှိနေပြီး၊ ဆေးရုံကြီးဟာ အနည်းငယ် နိမ့်တဲ့ နေရာမှာ ရှိနေကာ သတ်ကွင်းပမာ စစ်ကားပေါ်ကနေ ဆေးရုံကြီးကို "ဒါ ဟော်တယ်ကြီးပဲ ဗ.က.ပ တွေ ခိုအောင်းနေတယ်"ပြောပြီး ပစ်မိန့်ပေးခဲ့တဲ့ စစ်ဗိုလ်မှူးကြီးတွေ ဘယ်လို အသည်းနှလုံးမျိုး ပိုင်ရှင်တွေပါလည်း မေးမြန်းချင်မိပါ သတဲ့၊ ဆက်ပြီး သူပြောပြနေတာ ရှိသေးတယ်၊ ရန်ကုန် ဆေးရုံကြီးအရှေ့ ဗိုလ်ချုပ်လမ်းမ ဆိုတာ လူနာ/သူနာတွေကို ငဲ့ညာတဲ့ အနေနဲ့ ခေတ် အဆက်ဆက်က ကားဟွန်းမတီးရတဲ့ ဇုံနေရာမျိုးမှာ အဲဒီနေ့ သူမြင်ခဲ့ရတဲ့ မြင်ကွင်းဟာ T.E - 11 စစ်ကားကြီးတွေပေါ်ကနေ မိုးကြိုး ၁၀စင်း တပြိုင်ထဲ ပစ်သလို ငရဲပွက် အမျှ ဒလစပ် စက်သေနတ်တွေနဲ့ အပြစ်မဲ့သူတွေကိုပစ်ခတ်နေတာကို ကာဘိုက် ယမ်းငွေ့တွေကြားမှာ စာနာမဲ့ တရား နဲ့ လုပ်ရက်လေခြင်း ဆိုပြီး"ငါလေ... ဒီအချိန် ယောက်ျားကြီး တန်မဲ့ မျက်ရည်စက်လက် ကျခဲ့ရတယ်" လို့ သူကဆိုတယ်။

ဒီလို တော်လဲသံလို ရန်ကုန်ဆေးရုံကြီးကို အသိမဲ့ ပစ်ခတ်မှုဖြစ်တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ကဖြစ်ရပ်ဟာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကို ပြိုလဲစေပြီး၊ စစ်အာဏာရှင် မျက်နှာဖုံး ခွာချဖို့လူထုနဲ့ စစ်တပ် လမ်းခွဲ အစပျိုးတဲ့ တွန်းအားတွေလို့ ဆိုပါတယ်၊ ဒီနေ့ ဒီရက်က စပြီး ရန်ကုန်ဆေးရုံကြီးကနေ ၃ရက် တိုင်တိုင် အိမ်မပြန်နိုင်တော့ပဲ အလုပ်ထဲမှာပဲ အိပ်ရကောင်း၊ ပင်ပမ်းရကောင်းမသိပဲ၊ နေနေခဲ့စဉ် တကယ် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် တွေကို စီကာပတ်ကုံး ပြောပြနေတော့ပြန်တယ်၊ နောက်ရက် ကျပြန်တော့ မစည်ကားအပ်တဲ့ အရပ်မှာ အရေးပေါ် ဒဏ်ရာရတဲ့ သူတွေ ပျားပန်းခပ်အမျှ တဖွဲဖွဲရောက်လို့ လာပြန်တယ်၊ လုပ်သင့်တဲ့ အလုပ်လို့ မိမိ အသိစိတ် တွန်းအား တခုထဲနဲ့ပဲအလုပ်လုပ်နေကြတဲ့ Blood Issue Section က ဓါတ်ခွဲခန်းမှူး ( Technician ) ၁၈ဦးနှင့်အတူ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ဝင်း တို့ဟာ ဆေးရုံကြီးရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ သွေးပေးဋ္ဌာနမှ ဒဏ်ရာရ အပြစ်မဲ့ သူတွေ အသက်ဆက်နိုင်ကြဖို့ လိုအပ်ချက် သွေးတွေကိုမပြတ်လပ်စေဖို့ နေ့မှန်းမသိ၊ ညမှန်း မသိ စွမ်းဆောင်နေကြတယ်။ အဲဒီ နေ့တွင်းချင်းပဲ ဆေးရုံရှေ့ဒါဏ်ရာရ သေဆုံးသူများ အတွက် ပန်းခွေ၊ ပန်းခြင်း၊ ဘုန်ကြီးထီးတွေနဲ့ လွမ်းသူ့ ပန်းခွေတွေထားကာ ကျောက်တိုင်လိုလို ဘုန်းကြီးထီးတွေ ထောင်ပြီး လွမ်းသူ့ ဗိမာန် လုပ်လိုက်ကြတယ်။

နောက်တနေ့ မနက် ရောက်ပြန်တော့ သစ်တောဦးစီးက အစိမ်းရောင် TE-11 ကား ၁၁စင်း ဝင်လာပြီးဗိုလ်မှူးတယောက်က ဦးဆောင်ကာ ဆေးရုံ အရေးပေါ်ဋ္ဌာန တာဝန်ရှိသူကို ကားပေါ်မှာ ပါတဲ့ မသေသေးတဲ့သူကားတစင်းကို ၂ဦးကျစီ ယူခွင့်ပေးတယ်၊ လူနာ သယ်ရာမှာလည်း အမျိုးသား သူနာပြုတယောက်နဲ့အမျိုးသမီး တာဝန်ခံ ဆရာဝန် တယောက်သာ ကားပေါ်တက် ယူဆောင်ခွင့် ပြုတယ်လို့ ဆိုတယ်၊ ရန်ကုန်မြို့အနှံ့ပစ်ခတ်လာတဲ့ သူတွေ ကို သေသူ ရှင်သူ မခွဲပဲ စုပုံတင်လာတာ ဖြစ်ပြီး မသေသေးတဲ့ လူ၂ဦးသာယူဆောင်ခွင့် ပေးတဲ့ စစ်တပ်ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ပါတယ် ဆိုတာအသင် ယုံကြည်ပါရဲ့လား? လို့ ဦးမောင်မောင်က စာရေးသူကို မျက်လုံးတွေ ထဲကနေ မေးချင် နေပုံရတယ်။သူ ဆက်ပြော နေတာကတော့ အဲဒီ သစ်တောဋ္ဌာနက တီအီး ၁၁ ကား အနောက်ဖက်ကို ကြည့်လိုက်တော့ လူနာငြီးသံတွေအပြင် ကားအနောက်ဖက် တံခါးအဖွင့် ပတ္တာကြားကနေ သွေးတွေ ယိုစီး ကျနေတာဟာ ကြွက်မြီးကိုတန်းနေတယ်လို့ ဆိုတယ်။ ဒီအချိန် လုံထိန်းတွေကို လက်မောင်း တံဆိပ်တွေခွာကာ တပ်မတော်ဘက်တံဆိပ်တွေ ကပ်ခိုင်း ထားတာလဲ ရည်ရွယ်ချက် ရှိစွာ လုပ်ဆောင်တာလို့ ဦးမောင်မောင်ကတခုတ်တရ ပြောပြနေတယ်၊ အဲဒီနေ့ပဲ မနေ့ကမှ ဆေးရုံကြီးရှေ့မှာ လုပ်ထားတဲ့ လွမ်းသူ့ဗိမာန်ကိုစစ်ကားတွေနဲ့ လာပြီး ကန်ရိုက်ချိုး ဖျက်ဆီးသွားပြန်တယ် လို့ ဆိုပါတယ်။

ဒီ ၁၉၈၈ ကာလမှာ ကျောက်မဲဖက်က ခြေမြန်တပ်ရင်း တခုမှ တာဝန် ထမ်းဆောင်နေတဲ့ ( ယခု နယူးဇီလန်ရောက် ) စာရေးသူရဲ့ မိတ်ဆွေ ထွန်းလင်းထိန် က တခါသားမှာ စာရေးသူကို ပြောပြဖူးတယ်၊ ၁၉၈၈အရေးတော်ပုံ ကာလမှာ သူတို့ ကို ရှေ့တန်းကနေ ရန်ကုန်ခေါ်လာပြီး အောင်ဆန်း အားကစားကွင်းထဲအရက် ကိုးမောင်းတိုက်ပြီး ထားသတဲ့၊ နောက်ရက်များ ကျတော့ ရန်ကုန်မြို့ထဲ ဗ.က.ပ ဝင်တယ်လို့ဆိုပြီး၊ ဆေးပြားတွေ တိုက်ကာ ဗ.က.ပ တွေဟာ နဖူးစည်း အနီတွေ ပတ်ပြီး အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းတွေဝတ်ထားတယ်လို့ ပြောပြီး စစ်ကားတွေနဲ့ လိုက်ပစ်ခိုင်းတယ်လို့ ဆိုပြန်တယ်၊ သူ့စိတ်ထဲပထမကတော့ မူးနေတော့ မသိဖူးပေါ့လေ နောက်တော့ အသိစိတ် ဝင်လာချိန်မှာ ဗ.က.ပ တွေဟာ လက်နက်လဲမပါ၊ ငယ်လှချေလား စဉ်းစားမိပြီး၊ နောင် … ဘက်ပြောင်းကာ ကျောင်းသားတပ်မတော်(A.B.S.D.F ) မှာ ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်ခဲ့တဲ့ သူငယ်ချင်း ဖြစ်သူ ပြောစကားတွေကို ဓါတ်ခွဲခမ်းမှူးကြီး ပြောပြတဲ့ အရာတွေနဲ့ ချိန်ထိုးကြည့်လို့ နေမိတယ်။

ဆေးမှူးကြီးက ဆက်ပြောပြန်တယ်၊ နောက် သြဂုတ်လ (၁၇)ရက်နေ့ မှာလည်း တို့ .. ရန်ကုန်ဆေးရုံကြီးကဆရာဝန်တွေ သူနာပြုတွေ ကတော့ အာဂပဲဟေ့ ... ဒီလောက် ပစ်ခတ်နေတာကို ပြည်သူတွေရဲ့ ဘက်မှာရပ်တဲ့ ဘက်တော်သားတွေ အဖြစ်ကနေ ကိုယ်စားပြုပြီး၊ အစိုးရဟာ နောက်ထပ် သတ်ဖြတ်မှုတွေ မလုပ်ဖို့နောက်တကြိမ် မေတ္တာရပ်ခံ ကန့်ကွက် ကြသေးတယ်၊ အဲဒီမှာ ဗိုလ်ချုပ်လမ်းနဲ့ လမ်းမတော်လမ်းဒေါင့်ဖြတ်မောင်းလာတဲ့ စစ်သုံး ဘရင်းကယ်ရီယာ တစင်းကို လူတွေ သောင်းဂဏန်းလောက် ရှိမလားပဲ လူစုလူဝေးတွေနဲ့ ဝိုင်းထား ခဲ့ဖူးသေးတယ်၊ စစ်အစိုးရဟာ အာဏာတည်မြဲဖို့ ဆို လူသတ်ဖို့ လက်ယဉ်နေတာကြာပြီလို့ ဆိုပြန်တယ်၊ ဒီလို ကာလတွေမှာပဲ အလုံမြို့နယ်က ရန်ကုန် ကလေးဆေးရုံက ရေတိုင်ကီထဲကိုအဆိပ်ခပ်ဖို့ ကြိုးစားနေတာကိုလဲ ဝန်ထမ်းတွေ မြင်လို့ လက်ရ ဖမ်းဆီး ရခဲ့ဖူးတယ်။ ဒီရက်ပိုင်းတွေမှာနိုင်ငံနဲ့ အဝှမ်း အစိုးရဋ္ဌာန ယန္တယားတွေ အားလုံး ရပ်ဆိုင်းသွားပေမဲ့ မရှိမဖြစ် အရေးကြီးတဲ့ဋ္ဌာနတွေက ဝန်ထမ်းတွေ က မိမိတို့ အသိတရားနဲ့ ဆက်ပြီး တာဝန်ကို လုပ်ဆောင်နေတာ မျိုးတွေတော့ဆက်ပြီး ရှိနေကြတယ်လို့ ဆိုတယ်၊ သွေးလှူဘဏ်မှာ သွေးမပြတ်အောင် ရန်ကုန်နဲ့ ရွာနီးခြောက်စပ်အရပ်က သွေးတွေကို မှာယူခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းကရိယာတွေ သွေးသွင်းပိုက်တွေ ပြတ်လပ်လာတာမျိုးတွေ ရှိခဲ့တော့ ဆေးရုံကြီး အနောက်ဖက် တရုတ်တန်း၊ လမ်းမတော် အရပ်ဆီမှာ လှည့်လည်အလှူခံ ရဖူးတယ်လို့ ဆိုတယ်။

ပြောရရင် သြချလောက်တဲ့ တို့ နိုင်ငံက စစ်အစိုးရ ... သတ္တဝါတွေရဲ့ အသက်ဆက်တဲ့ နေရာ မေတ္တာ၊ဂရုဏာ ထားရမဲ့ ရပ်ဝန်းမှာ သနား အကြင်နာမဲ့စွာ လက်ရဲ ဇက်ရဲလွန်းလို့ စာဖွဲ့လို့ ပြောပြမတတ်အောင်ရင်နဲ့မချိ ဖြစ်နေရတယ်၊ သူတို့ကြောင့် တို့ပြည်သူတွေ နိစ္စဓူဝ အရာရာ နိမ့်ပါးမှု များစွာနဲ့ယဉ်ပါးပြီး ကမ္ဘာ့အလည် မျက်နှာငယ် ရတယ်လို့ ... သူ့အိမ် ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံဖက်လှည့်ပြီး တစုံတခုကို အားမလို အားမရ ဖြစ်နေသလိုလို တိုင်တည် နေသလိုလိုပုံနဲ့ စာရေးသူကို ကျောခိုင်းကာ ပြောပြ နေပါတော့တယ်။

ဇာမဏီရိုင်း

လက်စွဲကျော်နှစ်ဦး စကားပြောခန်း " ကြည်အောင် "



      အဘွားရဲ့  ရှေးစကား မှတ်သားမိတယ် ။
      ဇာတ်ထဲက လက်စွဲပျော် ကျော်ရွဲ့ မျက်နှာက
      ရွဲ့ တဲ့တဲ့ မဲ့တဲ့တဲ့ ရှိခဲ့ဘူးသတဲ့
      သူ့ ပြက်လုံးက ပြောမဆုံး ၊ ပြုံးမဝ ရှိခဲ့သပ ။ 
      ကျော်ရွဲ့ ။  ။ မှန်လှမှန်ကောင်း ရောင်းတဲ့ဆိုင်များ
                 မရှိဘူးလားကွာ
      စန္ဒရော် ။   ။ ရှိတာပေါ့ဟ
      ကျော်ရွဲ့ ။   ။ "အေးကွ ၊ တနေ့ က မဟာမုနိ
                  ဘုရားဈေး ပြေးတယ်လို့ မှန်တစ်ချပ်
                  ဝယ်တယ် တစ်ချပ်ကြည့်လိုက်
                  ရွဲ့ တဲ့တဲ့ နောက်တစ်ချပ်ကြည့်လိုက်
                  မဲ့တဲ့တဲ့ ကောင်းတဲ့မှန်ကို မရှိပါဘူးကွာ"
      စန္ဒရော် ။    ။ "ဟကောင် ကျော်ရွဲ့  မင်းမျက်နှာကရွဲ့ တာ
                    မှန်တွေက မရွဲ့ ဘူး"
      သြော် အဘွား အဘွား ရှေးစကားနဲ့ မြေးသားတွေကို
      ဆုံးမခဲ့။ 
            "အကျည့်တန်ရင် မှန်အပြစ်မတင်နဲ့ "
            "မျက်နှာရွဲ့ ရင် မှန်တဲ့ မရှိဘူး " 

                        ကြည်အောင်   

ရွှေမော်ကွန်း အမှတ်၂၁၊ ၁၉၉၉၊ မတ်လထုတ်

photo: google

ငွေအကြွေ


ဒီနေ့ မြန်မာမှာ လခထုတ်ရက် ဖြစ်တဲ့အတိုင်း လခငွေတွေ ထုတ်ယူကြရပါတယ်။ လခပေးရာမှာ လခငွေတွေထဲမှာ ငွေအကြွေ ကိုပါ ထည့်ပေးလာပါတယ်။ (ငွေအကြွေဆိုလို့ အကြွေစေ့တွေ မထင်နဲ့ဦး။ ၂၀၀တန်၊ ၁၀၀ တန်၊ ၅၀ တန်ကို ဆိုလိုတာ)။ ၂၀၀တန်၊ ၁၀၀ တန်၊၅၀ တန် တအုပ်စီ လခငွေပေးတဲ့ထဲ ထည့်ပေးလာတာကို တွေ့မြင်ရပါတယ်။ မြန်မာပိုက်ဆံဆိုတာလည်း သိတဲ့အတိုင်း ပလပ်စတစ်အိတ်တွေနဲ့ထည့် ဆေးလိပ်မီးနဲ့ ပိတ်ပြီး သုံးနေရတဲ့ မသတီစရာ ငွေစက္ကူတွေအစား အခုလို အသစ်လေးတွေ ထုတ်ပေးတာတော့ ကောင်းတယ်လို့ ဆိုရမှာပေါ့လေ။ သကြားလုံး၊ တစ်သျှူးစက္ကူထုပ်တွေ အစားထိုး ပေးတဲ့စနစ်လည်း လျော့ပါး သွားမယ် ထင်ရဲ့။ တလတည်း ပေးမှာလား၊ လိုသလောက်ဘဏ်မှာ သွားလဲလှယ်လို့ရသလားဆိုတာတော့ မသိရသေးဘူး။ မေးလ်ထဲဝင်လာတဲ့ သတင်းတစ်ပုဒ်မို့ မျှဝေပေးလိုက်တာပါ။

ဝမ်းနှင့်လွယ်သည် သားမမည် “ ကိုကြည်နိုင် (ကျုံတိုင်းရွာ ) ”


                                                  ( ၁ )
အိပ်ပျက်ညတာကား ရှည်လျားလွန်းပေစွ။ အဝေးဆီမှ မီးကင်းသံချောင်းခေါက်သံ တစ်ချက်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ မိန်းမတစ်ယောက်အဖို့၊ အထူးသဖြင့် မိခင်တစ်ယောက်အဖို့၊ ထို့ထက် ..လသားအရွယ် သားသည်မိခင်တစ်ယောက်အဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်သည့် အချိန်ကို အတော်ကျော်လာခဲ့ပြီ။
သားရယ်…သားလေးရယ် … ဒီအခြေအနေမျိုးနဲ့ မဟုတ်ပဲ အမေတို့ဆုံခဲ့ကြရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ အခုတော့ အမေ့ဝမ်းနဲ့လွယ်မွေးရတဲ့ အမေ့သားအရင်းဖြစ်ပေမယ့် သားကို အမေ….
``မွန်..မအိပ်သေးဘူးလား။ ´´
နှစ်နှစ်ခြိုက်ခြိုက် အပူအပင်ကင်းစွာ အိပ်ပျော်နေတဲ့ သားလေးနိုးသွားမှာစိုးသဖြင့် တိုးသဲ့သဲ့ မေးလာသော ခင်ပွန်းသည်၏ အမေး။
``မွန် တစ်ရေးနိုးလာတာ ကိုဦးရဲ့ …သားလေးအိပ်ပျော်နေတာလေးကို ကြည့်နေတာ အဟင်း …´´
ခင်ပွန်းသည်မမြင်အောင် မျက်ရည်ကို အသာသုတ်ပြီး ဖြေလိုက်သည့် မုသားစကား။ တာမသွားမှန်းသိသိ။
``မွန်ရယ် .. ဒီလိုအခြေအနေတွေကို အစကတည်းက ကိုယ်တို့ကြိုတွေးထားပြီးသားလေ။ ကိုယ်တို့ရင်ဆိုင်ရဲရမှာပေါ့။ သားလေးအတွက် မွန်အားရှိနေမှ ဖြစ်မှာနော် …အိပ်တော့ အိပ်တော့ …´´
အားပေးလာလေသည့် ခင်ပွန်းသည်၏ အသံတို့ကလည်း တုန်တုန်ခိုက်ခိုက်။
သားလေးရယ် …ဘယ်လိုဘ၀က ၀ဋ်ကြွေးတွေကများ ….  ….  ….
                                               ( ၂ )
မွန့်ဘ၀မှာ အလွန်အမင်း ၀မ်းသာခဲ့ဖူးသည်ဆိုလျှင်၊ ခုဘ၀အဖို့ ဒီထက်ပိုပြီး ပျော်ရွှင်ဝမ်းသာစရာ မရှိနိုင်တော့ဘူးဟု တစ်ကြိမ်တစ်ခါက ထင်ခဲ့မိသည်ဆိုလျှင် ထိုအထင် တက်တက်စင်လွဲကြောင်း မွန်ကောင်းကောင်းသိခဲ့ပြီ။
ချစ်သူပြန်ရောက်သည့်နေ့။ လေဆိပ်တွင် သွားကြိုရင်း မည်သည့်စကားတစ်ခွန်းသော်မှ မပြောနိုင်လောက်အောင်၊ ကတုန်ကယင်ဖြင့် ဆွံ့အသွားရလောက်အောင် ၀မ်းသာဖူးခဲ့။ ဘ၀၏ အပျော်ဆုံးအချိန်ဟုပင်ထင်မှတ်မှားခဲ့ရသည်။
နှစ်ဖက်မိဘအစုံအလင်ဖြင့် မင်္ဂလာပွဲကျင်းပခဲ့သည့် ပုဆိုးတန်းတင်နေ့။ ဘ၀တစ်ခုလုံး နောက်ထပ် ဘယ်အရာကိုမျှ ထပ်မလိုအပ်တော့ဟု လုံခြုံနွေးထွေးသွားခဲ့ရဖူးသည်။ ပကတိ ၀မ်းသာပျော်ရွှင်စရာဖြင့် အတိပြီးခဲ့ရသည့် ထိုနေ့သည်လည်း မွန့်ဘ၀၏ အမှတ်တရနေ့များထဲမှ အရေးပါဆုံးနေ့တစ်နေ့ဟု ထင်မှတ်မှားခဲ့ရ။
 မွန့်ဘ၀တစ်ခုလုံး၊ ထို့ထက် မွန်တို့နှစ်ယောက်၏ ဘ၀တစ်ခုလုံးအတွက် မည်သည့်အရာမျိုးနှင့်မှ တုနှိုင်းမရနိုင်သော ၀မ်းသာပျော်ရွှင်မှုမျိုးကို ခုရခဲ့ပါပြီ။ အရင့်အရင် ပျော်ရွှင်ဝမ်းသာ ကြည်နူးမှုများအားလုံးထက် သာလွန်သော၊ ထိုမျှမက မည်သည့် ကြည်နူးမှုမျိုးနှင့်မှ နှိုင်းဆချိန်စက် မရနိုင်သော ၊ မွန့်ဘ၀တစ်ခုလုံး၏ အခြားအရာအားလုံး မှေးမှိန်ပါးလျသွားစေသော ခံစားမှုမျိုးကို  အခု ရခဲ့ပါပြီ။ တိတိကျကျ..သားသားနှစ်လပြည့်သည့်နေ့ဖြစ်သည်။ ``ကလေးက အားလုံးအိုကေပဲဗျ´´ ဆိုသည့် ဆရာဝန်ကြီး၏ စကားတစ်ခွန်းက ခွန်အား၊ သတ္တိ၊ မျှော်လင့်ချက်၊ …..   ….  အားလုံးကို တမဟုတ်ချင်း ပြည့်စုံခိုင်မာသွားစေခဲ့ရပါပြီ
မွန့်တစ်သက်တာတွင် တစ်ပါးသူ၏ စကားတစ်ခွန်းကြောင့် ကြုံခဲ့ဖူးလေသမျှ အမှတ်တရနေ့ရက်များထက်ပို၍ ၀မ်းသာကြည်နူးခဲ့ရမည်ဟု ဟိုအရင်က ရေးရေးမှ တွေးထင်မထားခဲ့။ မွန်တို့ရည်ရွယ်ခဲ့လေသမျှ အနာဂတ် မျှော်လင့်ချက်များအားလုံးကို ထိုစကားတစ်ခွန်းဖြင့် ပြည့်စုံသွားမယောင် ခွန်အားတွေမွေးဖွားပေးခဲ့သည်။
သို့သော် ….
စကားတစ်ခွန်းကြောင့်ပင် `သား၏မိခင်´တစ်ယောက်အဖြစ် အပြည့်အ၀ မေတ္တာပေးခွင့်မရခဲ့ပါဟု ဆိုလျှင် ….   …..။
                                             ( ၃ )
`ကလေးက အားလုံးအိုကေပဲဗျ။ လုံးဝကျန်းမာတယ်။´
သားသားအသက် နှစ်လတင်းတင်းပြည့်သည့်နေ့။ သားသား၏ ကျန်းမာရေးကို စစ်ဆေးပေးသော ဆရာဝန်းကြီး၏ စကား။ ပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်၊ လောကအလုံးကို မေ့သွားရစေလောက်သောစကား။ မွန့်ဘ၀ နောက်ထပ် မည်သည့် လောကဓံအထုအထောင်းကိုမျှ တုန်လှုပ်စရာမရှိတော့။ အရာအားလုံးပြည့်စုံပြီ။ ကိုဦးရော မွန်ပါ နှစ်ယောက်စလုံး စိုးရိမ်ခဲ့ရသည့် အခြေအနေဆိုးမှ သားသားလွတ်မြောက်ခဲ့ပြီ။ အရာအားလုံးအတွက် မွန်ရင်ဆိုင်နိုင်ပါပြီ။ မွန်တို့နှစ်ဦးဘ၀ ဘယ်သို့ရှိစေတော့။
``အဲ ..ဒါပေမယ့် ခင်ဗျားတို့ကို ဒီကလေးလေး မွေးမွေးချင်းတုန်းက ကျနော်ပြောခဲ့တဲ့အတိုင်း ကလေးကို ….´´
ဆရာဝန်းကြီးရဲ့ နောက်ဆက်တွဲစကား။ မွန့်ရင်ကို အထပ်ထပ်မွှန်းမည့်စကား။
``မပြောပါနဲ့တော့ဒေါက်တာ .. မွန် … မွန်မခံစားနိုင်လို့ပါ။ …. စိတ်ချပါ မွန် လုံးဝလိုက်နာပါ့မယ်။သားလေးမွေးတဲ့ အချိန်ကစလို့ ခုထိလည်း အတိအကျ လိုက်နာနေဆဲပါ။ မွန်က ပိုစိုးရိမ်ပါတယ်ဒေါက်တာ။ မွန်တို့ရဲ့သားလေး မွန့်ကြောင့် အနစ်မွန်းမခံပါဘူး´´
                                                ( ၄ )
အိပ်ပျက်ညတာကား ရှည်လျားလွန်းပေစွ။ အဝေးဆီမှ မီးကင်းသံချောင်းခေါက်သံ တစ်ချက်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ မိန်းမတစ်ယောက်အဖို့၊ အထူးသဖြင့် မိခင်တစ်ယောက်အဖို့၊ ထို့ထက် ..လသားအရွယ် သားသည်မိခင်တစ်ယောက်အဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်သည့် အချိန်ကို အတော်ကျော်လာခဲ့ပြီ။
``ကျနော်တကယ်စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ နှစ်ယောက်လုံးမှာ HIV Positive ရှိနေတယ်´´ သားသားကို ကိုယ်ဝန်လွယ်ထားစဉ်အချိန်ကြမှ သိလာရသည့် ဆရာဝန်ကြီး၏ စကား။ မိုးကြိုးသွားအစင်းစင်းဖြင့် ရင်ကို ခွင်းသကဲ့သို့။ ဒီကမ္ဘာမြေကြီးပေါ်မှ မွန် ပျောက်ကွယ်။ အရာအားလုံး တစ်စစီပျက်သုဉ်းသွားခဲ့။ မွန့်ရည်ရွယ်မျှော်လင့်ချက်တို့ အခိုးအငွေ့အဖြစ် မြေကြီးထဲ တိုးဝင်နစ်မြုပ် …သွား …ခဲ့ …ရ … ပါ … ပြီ…။
``ကဲ ..မငိုနဲ့တော့မွန်ရယ် နော်။ ကိုယ်ပြောတာ သေချာနားထောင်။ ကိုယ်အခု အလုပ်သွားလုပ်မယ်။ နှစ်နှစ်ပြည့်တာနဲ့ ချက်ချင်းပြန်လာမယ်။ မွန်နဲ့လက်ထပ်မယ်။ သားသားလေးတွေ မီးမီးလေးတွေမွေးမယ်။ နော်…ကိုယ်တို့ဘ၀တွေ၊ ကိုယ်တို့မျိုးဆက်လေးတွေရဲ့ အနာဂတ်တွေလှပဖို့ အတွက်သာ ပြင်ဆင်ထားပါမွန်။´´
ရေခြားမြေခြားမှာ အလုပ်သွားလုပ်မည့်ဆဲဆဲချစ်သူကို လေဆိပ် လိုက်ပို့စဉ်အချိန်က ပြောခဲ့လေသော ချစ်သူ့စကား။ HIV နတ်ဆိုးကို သယ်လာခဲ့မည်ဟုတော့ တစ်စွန်းတစ်စမျှ တွေးထင်မထားခဲ့။
``ဟား  …မွန်ရယ် ..ကိုယ့်ကို နောင်ဘ၀ထိ ခွင့်မလွှတ်ပါနဲ့တော့ … ကိုယ့်ကြောင့် မွန့်ဘ၀၊ မွန့်အနာဂတ်၊ ကိုယ်တို့မျှော်လင့်ချက် အားလုံး တစ်စစီ ကြေမွသွားခဲ့ရပြီကွာ … တကယ့်ကို တစ်ကြိမ်ထဲပါမွန်ရယ်..ကိုယ် နိုင်ငံခြားမှာ နေတုန်းကလေ မူးရစ်ဆေး ဆိုတာကြီးကို …..´
မွန့်ကမ္ဘာပျက်ကြွေခဲ့ရသည့် ချစ်သူ့နောင်တစကား။ ဘာကိုများ ပြင်ဆင်နိုင်ဦးတော့မှာလဲ ကိုဦးရယ်။ အခုအချိန်မှာဖြင့် မွန့်အဖို့ ဘယ်သူ့ကြောင့်ရယ်ဟု ပြောနေမည့်အစား ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့နိုင်ပါတော့သည်။
                                                     ( ၅ )
သားသားဆီက ငိုသံသဲ့သဲ့ ကြားရတိုင်း ရင်မှာတစ်စစ်စစ်။ သားအတွက် နို့ဗူးဖျော်နေရင်း ``မငိုပါနဲ့ သားရယ်´´ ဟု ချော့မြူနေသည့် အမေကိုယ်တိုင်က မျက်ရည်တို့ တားမနိုင်။
သားသည်မိခင်တစ်ဦးအဖို့ သားကို နို့တိုက်ခွင့်မရသည့် ဒုက္ခက ပြင်းထန်လွန်း၊ ဆင်းရဲလွန်းလှ၏။ အချိန်တန်လာပြီဆိုလျှင်ဖြင့် နို့ချိုပြည့် သားမြတ်အစုံက တောင့်တင်းမာခဲကာ မခံမရပ်နိုင် ကိုက်ခဲနာကျင်နေပေတော့သည်။ အခံရခက်လွန်းစွ။ ထို့ထက်ပို၍…… မိခင်မေတ္တာရည်တို့ကား ရင်မှဖြစ်သည့်သားကို တိုက်ကြွေးခွင့်မရ။ အလဟဿ ဆုံးရှုံးရတော့မည်။ နှုတ်ခမ်းအစုံကို ပြတ်ထွက်မတတ် ကိုက်ထားရင်းက မျက်ရည်တို့ကို ဆည်ကျိုးတာပေါက်သို့။ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်ခံခက် ဝေဒနာမှာ နှလုံးသားထဲမှ ဝေဒနာနှင့် နှိုင်းယှဉ်သော် အမှုန်အမွှားလေးတစ်ခုရယ်သာ။ သားရယ် … အမေ့နို့ဖိုးတစ်ပြားသားမှမပါတဲ့ သားဘ၀မှာ မေတ္တာတရားကိုတော့ မယုတ်မလျော့ရစေရပါမယ်။
``တကယ်ဆို ခင်ဗျားတို့ ကလေးမယူသင့်ဘူးဗျာ … ဒါပေမယ့် ခုမှတော့ ဘာပြောနိုင်ဦးမှလဲ။ ဖြစ်လာသမျှကို ရင်ဆိုင်ကြရုံပေါ့။ မွေးလာမယ့် ကလေးအဖို့ကတော့ ရောဂါပါမလာဖို့ မျှော်လင့်နိုင်ပါတယ်။ အင်း … ဘုရားကယ်မပါစေပဲ ဆုတောင်းကြရတော့မှာပေါ့´´
ဟုတ်ပါတယ်သားလေးရယ်။ ဆရာဝန်ကြီးပြောခဲ့သလိုပဲ အမေ့သားလေး ဘုရားတရားဂုဏ်ကျေးဇူးကြောင့် ဒီရောဂါဆိုးကြီးပါမလာခဲ့ဘူးတဲ့။ အမေ့ရဲ့ နောက်ဆုံးထွက်သက်ထိ ၀မ်းသာကြည်နူးနေရတော့မယ့်စကားပါပဲ။
ဒါပေမယ့် … သားရယ်…သားလေးရယ် … ဒီအခြေအနေမျိုးနဲ့ မဟုတ်ပဲ အမေတို့ဆုံခဲ့ကြရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ အခုတော့ အမေ့ဝမ်းနဲ့လွယ်မွေးရတဲ့ အမေ့သားအရင်းဖြစ်ပေမယ့် သားကို အမေ….နို့တိုက်ခွင့်မရနိုင်တော့ဘူး သားရယ်။
``ကလေးက အားလုံးအိုကေပဲဗျ။ လုံးဝကျန်းမာတယ်။ အဲ ..ဒါပေမယ့် မိခင်နို့တော့ လုံးဝမတိုက်ပါနဲ့´´တဲ့ သားရယ်။ ရင်မှာဖြစ်တဲ့ အမေ့သားအရင်းကို နို့တိုက်ခွင့်လေးသော်မျှ မရခဲ့တဲ့ အမေ့ရင်တွင်းက ဝေဒနာကို ဘယ်စကားလုံးတွေနဲ့များ စာဖွဲ့နိုင်မှာလဲ သားရယ်။ ငါ့သားလေးက မေမေရေ ချိုချိုစို့မယ် ဆိုတဲ့စကားတစ်ခွန်းကိုတောင် ပြောရကောင်းမှန်းမှ သိပါလေတော့မလား။ ၀မ်းနဲ့မလွယ် သားမမည် တဲ့။ ၀မ်းနဲ့လွယ်ခဲ့ရဲ့သားနဲ့ သားမမည်တာကိုရော တကယ်ရှိပါတယ်ဆိုရင် ယုံနိုင်ကြပါ့မလား။
အရှင်ဘုရား ..နောင်ဘ၀မှာများ ဘုရားတပည့်တော်တို့ သားအမိ ပြန်ဆုံကြရဦးမယ်ဆိုရင် မေမေ ..ချိုချိုစို့မယ် ဆိုတဲ့စကားကို သားလေးရဲ့ ပထမဆုံး နှုတ်ထွက်စကားအဖြစ် ကြားခွင့်ပြုတော်မူပါ။ သားလေးရဲ့ အဲဒီ စကားသံကြားတိုင်း တပည့်တော်မရဲ့ ရင်မှဖြစ်သော မေတ္တာနို့ချိုကို တိုက်ကြွေးနိုင်သူအမှန် ဖြစ်ရပါလို၏ဘုရား။ ဘုရားတပည့်တော်မကို
``၀မ်းနဲ့ လွယ်မွေးပြီး ရင်နဲ့ ကျွေးမွေးခွင့်ရသူ အမေ´´ဖြစ်ခွင့်ပြုတော်မူပါဘုရား။                     ။

ကိုကြည်နိုင် (ကျုံတိုင်းရွာ)

စာ ပဒေသာ ကောက်နှုတ်ချက်များ

ပရိယာယ်
(နန္ဒသိန်းဇံ)
နောင်တကင်းရာသို့ စာအုပ်မှ...

(၁)
“ သူ တစ်ပါး၏ များစွာသော အကျိုးစီးပွားကြောင့် မိမိ၏ အကျိုးစီးပွားကို (အနည်းငယ်မျှ)
မဆုတ်ယုတ်စေရာ၊ မိမိ အကျိုးစီးပွားကိုသိ၍ မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင်
လေ့ကျက်အားထုတ်ရာ၏” ၊ (၁၆၆၊ ဓမ္မပဒ) ဆိုတဲ့စကားရှိတယ်။ သူများ အတွက်ကြောင့်
ကိုယ့်ရဲ့အကျိုးစီးပွားကို မပျက်စီးစေရဘူးလို့ဆိုလိုတာဖြစ်ပါလိမ့်မယ်။
ဟုတ်တယ်။ ကိုယ့်ဘ၀မှာ တခြားတန်ဖိုးရှိတဲ့အလုပ်တွေ
အများကြီးလုပ်စရာရှိသေးတယ်။ ကုသိုလ်ကောင်းမှု ဆိုင်ရာတွေကိုလည်း လုပ်ဆောင်စရာတွေ
ရှိနေသေးတယ်။ ဒါကြောင့် သူတစ်ပါးရဲ့အကျိုးစီးပွားအတွက်ကြောင့် ကိုယ့်ဘ၀ကို ထိခိုက်ပျက်
စီးသွားစေတာမျိုးကိုတော့ ရှောင်ဖို့လိုမှာပဲ။
ကိုယ့်ကို ဒုက္ခပေးမည့်၊ ကိုယ့်ဘ၀ကို ဖျက်ဆီးမည့်သူတွေနဲ့ တွေ့ကြုံရတဲ့အခါမှာလည်း
ကိုယ့်ဘ၀ကို အချည်းနှီး ထိခိုက်ပျက်စီးမသွားရအောင် အဲဒီလူမျိုးတွေလက်က လွတ်အောင်
စွမ်းဆောင်ရတော့မှာပဲ။ တချို့သော အခြေအနေမျိုးတွေမှာ ကိုယ့်ဘ၀ကို ပျက်စီးအောင် ဖန်တီးမ
ည့်သူမျိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ ရုတ်တရက် တိုက်ရိုက်ရင်ဆိုင် အံတုပြီး ခြေမှုန်းမပစ်နိုင်တာမျိုး
ရှိတတ်တယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ပရိယာယ်သုံးပြီး ကျော်လွှားလွန်မြောက်အောင်
လုပ်ရတာမျိုးလည်း ရှိမှာပဲ။
ကိုယ့်ဘ၀ကို ပျက်စီးစေမည့်သူမျိုးတွေရဲ့အန္တရာယ်က လွတ်နိုင်တဲ့ပရိယာယ်အကြောင်း
ပြောတဲ့အခါမှာ ဇာတ်တော် မှာလာတဲ့ ’၀ါနရိန္ဒ’ ဆိုတဲ့ဇာတ်ကို ရှေးရှေးလူကြီးသူမတွေက
အကိုးအကားပြုပြီး ပြောလေ့ရှိတယ်။ အဲဒီဇာတ်ထဲက ဇာတ်ကောင်တွေ က လူသတ္တ၀ါတွေတော့
မဟုတ်ကြပါဘူး၊ တိရစ္ဆာန်ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဘုရားလောင်း မျောက်မင်းရယ်၊
ဒေ၀ဒတ် အလောင်း အလျာ မိကျောင်းဖိုနဲ့စိဉ္စမာနအလောင်းဖြစ်တဲ့မိကျောင်းမ … အားလုံး
ဇာတ်ဆောင်သုံးဦးပဲ ပါပါတယ်။
ဘုရားလောင်းမျောက်မင်းက မြစ်ကမ်းနားမှာနေတယ်။ အဲဒီမြစ်ရဲ့အလယ်မှာ
ကျွန်းတစ်ခုရှိနေတယ်၊ အဲဒီကျွန်းမှာ သရက်ပိန္နဲ အစရှိတဲ့ထူးထူးခြားခြား
စားသောက်ချင်ဖွယ်ကောင်းတဲ့ သစ်သီးဝလံတွေရှိတယ်။ ဘုရားလောင်းမျောက်ဟာ နေ့တိုင်းပဲ
အဲဒီကျွန်းကို သွားပြီး နှစ်သက်ရာရာ သစ်သီးဝလံတွေကို စားလေ့ရှိတယ်။ ကျွန်းပေါ်ကို
ဘုရားလောင်း သွားပုံသွားနည်းကို ပြောရဦးမယ်။ ဘုရားလောင်းမျောက်နေတဲ့ ဒီမှာဘက်မြ
စ်ကမ်းနဲ့ပြောခဲ့တဲ့ကျွန်းကြားမှာ မြစ်ရေထဲက ပေါ်ထွက်နေတဲ့ကျောက်ဆောင်တစ်ခု ရှိတယ်။
ဘုရားလောင်းမျောက် သွားပုံက … ဒီမှာဘက်မြစ်ကမ်းမှနေပြီး ကျောက်ဆောင်ပေါ်ရောက်အောင်
ခုန်တယ်၊ တစ်ခါ… ကျောက်ဆောင်ပေါ်ကနေပြီး ကျွန်းပေါ်ကို ရောက်အောင်ခုန်တယ်။ အဲဒီလို
နှစ်ဆင့်ခုန်ပြီး ကျွန်းပေါ်ရောက်အောင်သွားသလို အပြန်မှာလည်း ကျွန်းမှ ကျောက်ဆောင်၊

ကျောက်ဆောင်မှ ဒီဘက်ကမ်းရောက်အောင် နှစ်ဆင့်ခုန်ပြီး ပြန်လာလေ့ရှိတယ်။
အဲဒီလို ဘုရားလောင်းမျောက် အသွားအပြန် လုပ်တာကို အဲဒီမြစ်မှာနေတဲ့မိကျောင်းမက
မြင်တယ်။ မြင်ပြီးတော့ ဘုရားလောင်းမျောက်ရဲ့နှလုံးသားကို စားချင်တဲ့စိတ်တွေဖြစ်တယ်။
ဒီလို စားချင်တဲ့စိတ်တွေ ဖြစ်နေကြောင်းကို သူ့လင်မိကျောင်းဖိုကို ပြောပြတယ်။ မိကျောင်းဖိုက
သူ့မယား မိကျောင်းမရဲ့စားချင်ဆန္ဒကို ဖြည့်ဆီးပေးမည့်အကြောင်း ပြောတယ်။
ဒါနဲ့တစ်ခုသော ညနေမှာ ဘုရားလောင်းမျောက် ကျွန်းကနေပြီး ပြန်ခုန်အလာမှာ
အဆင်သင့်ဖမ်းမယ်ဆိုတဲ့အကြံနဲ့ မိကျောင်းဖိုဟာ ကျောက်ဆောင်ပေါ်မှာ သွားပြီးဝပ်နေတယ်။
ဘုရားလောင်းမျောက်ဟာ အရင်ရက်တွေကလိုပဲ သစ်သီးဝလံတွေကို လိုသလောက်
စားသောက်ပြီးလို့ ညနေချမ်း ရောက်တဲ့အခါမှာ ဒီမှာဘက်ကမ်းကို ပြန်ဖို့အတွက် ကျွန်းမှနေပြီး
ကျောက်ဆောင်ဆီကို ခုန်မယ်ဆိုပြီး ကျောက်ဆောင်ဆီကို လှမ်းမျှော် ကြည့်လိုက်တယ်။
ကျောက်ဆောင်မှာ ထူးခြားချက်ရှိနေတာကို ဘုရားလောင်းမျောက် သတိထားမိနေတယ်။
ကျောက်ဆောင်ဟာ ခါတိုင်းနဲ့မတူဘဲ ပိုပြီးမြင့်မောက်နေတယ်ဆိုတဲ့အချက်ကို တွေ့နေတယ်။
မြစ်ရေဟာ လျော့လဲမလျော့ တိုးလည်းမတိုးဘဲ ရှိပါလျက်နဲ့ ဘာကြောင့် ဒီကျောက်ဆောင်ဟာ
ခါတိုင်းထက်ပိုပြီး ကြီးနေမြင့်နေသလို ဖြစ်နေတာလဲလို့စူးစမ်းတယ်။ ငါခုန်လာရင် ဖမ်းဖို့အတွက်
မိကျောင်းဟာ ၀ပ်နေလေသလားလို့လည်း စူးစမ်းကြည့်တယ်။ မှန် မမှန်သိရအောင်ဆိုပြိး
ဘုရားလောင်းမျောက်ဟာ ကျွန်းပေါ်ကနေ ပြီး “အို အချင်းကျောက်ဆောင်”
လို့လှမ်းပြီးခေါ်ကြည့်တယ်၊ ကျောက်ဆောင်က ဘယ်ထူးလိမ့်မတုန်း၊ ဘုရားလောင်းမျောက်က
ကျောက် ဆောင်ကို သုံးကြိမ်တိုင်တိုင် လှမ်းခေါ်လို့ပြန်မထူးတဲ့အခါမှာ ဘုရားလောင်းမျောက်က
“ဒီနေ့ငါ့ကို သင်ကျောက်ဆောင် ဘာဖြစ်လို့ ပြန်ပြီး စကားမတုံ့လှယ်တာလဲ”
လို့ကျောက်ဆောင်နဲ့အရင်ကလည်း စကားလက်ဆုံကျတဲ့သဘောနဲ့ပြောနေတယ်။ ဒါကို
ဝပ်နေတဲ့ မိကျောင်းက … အရင်ရက်တွေက ကျောက်ဆောင်ဟာ မျောက်နဲ့စကားတုံ့ ပြန်
ပြောဆိုပုံပေါ်တယ်၊ ဒီတော့ ငါ့ကိုလည်း ကျောက်ဆောင် အမှတ်အနေနဲ့မှတ်ယူအောင်
စကားတုံ့ပြန်မှပဲ ဆိုပြီး …
“ အို … အရှင်မျောက်၊ ဘာပြောမှာလဲ” လို့တုံ့ပြန်လိုက်တယ်။ ဘုရားလောင်းမျောက်ဟာ
ကျောက်ဆောင်ပေါ်မှာ ၀ပ်နေတာဟာ မိကျောင်းပဲလို့အသေအချာ သိသွားပြီပေါ့။ ဒါနဲ့”
ဘာကြောင့် ကျောက်ဆောင်ပေါ်မှာ အခုလိုလာပြီး ၀ပ်နေတာလဲ” လို့မေးတယ်။ မိကျောင်းက
“ငါ့မယား မိကျောင်းက သင့်နှလုံးသားကို စားလိုတယ်ဆိုလို့သင့်ကို ဖမ်းဖို့ဝပ်နေတာ”
ဖြစ်တဲ့အကြောင်း ပြောတယ်။
ဘုရားလောင်းမျောက်ရဲ့အဖြစ်ကိုကြည့်ရင် ... နေကလည်း မှောင်စပြုလာပြီ၊
ဒီကျွန်းကနေပြီး မိကျောင်းရန်ကလွတ်အောင် တခြားလမ်းလည်းမရှိဘူး၊ ဒါကြောင့်
ဘုရားလောင်းမျောက်က ပရိယာယ်နဲ့မိကျောင်းကို “ အဆွေမိကျောင်း၊ သင့်မယားရဲ့
အလိုဆန္ဒပြည့်အောင် ငါဟာ ငါ့ခန္ဓာကိုယ်ကို စွန့်ပါမယ်၊ ကဲ ... သင့်ခံတွင်းကို ဟထားပါ၊ ငါ
ခုန်လာတဲ့အခါ ငါ့ကို ဖမ်းလိုက်ပေတော့” လို့ပြောတော့ သူ့ပါးစပ်ထဲ ခုန်ဝင်မည့်မျောက်ကို
အသင့်ဖမ်းဖို့ပါးစပ်ကို ဟထားတယ်။ ဘုရားလောင်းမျောက်ဟာ မိကျောင်းရဲ့ဦးခေါင်း
ပေါ်တည့်တည့်ကျအောင် ခုန်တယ်။ မိကျောင်းရဲ့ဦးခေါင်းပေါ်ကို ထောက်စရာရပြီးတဲ့နောက်
လျှပ်ပြက်သလို လျင်မြန်မှုနဲ့မြစ်ကမ်းဆီ ကို ဆက်ပြီးခုန်သွားတယ်။
ဒီနည်းအားဖြင့် ဘုရားလောင်းဟာ မိကျောင်းရဲ့အန္တရာယ်ကနေပြီး
လွတ်မြောက်လာခဲ့တယ်။
ဆိုခဲ့တဲ့အတိုင်း လူကြီးသူမတွေဟာ ဒီအဖြစ်အပျက်ကို ကိုးကားပြီး
ဘေးရန်အန္တရာယ်တွေ ပြုလာမည့်သူတွေကို အောင်နိုင်လွှမ်းမိုးနိုင်ဖို့အတွက် ပရိယာယ်ကို
သုံးအပ်တဲ့အကြောင်း သြ၀ါဒပေးလေ့ရှိတယ်။ ဒီမှာ ဘုရားလောင်းမျောက် မိကျောင်းရဲ့
အန္တရာယ်က လွတ်ခဲ့တာဟာ ပရိယာယ်လေးမျိုးကြောင့် ဖြစ်တယ်တဲ့။
ပရိယာယ်ဆိုတာကို ‘ ဥပါယ် ’ လို့လည်း သုံးနှုန်းကြသေးတယ်။ ပရိယာယ်ဆိုတာ ‘
ရန်အောင်ကြောင်းနည်း’ ရန်သူကို အောင်နိုင်စေတဲ့နည်းလို့အနက်ဖွင့်ကြတယ်။ လတ်တလော
ဉာဏ်သုံးပြီး အန္တရာယ်ပြုသူကို လွှမ်းမိုးအောင်နိုင်ခြင်း နည်းလမ်းလို့လည်း ဆိုတတ်ကြတယ်။
ပြောခဲ့တဲ့ ၀ါနရိန္ဒဇာတ်ကိုကြည့်ရင် ဘုရားလောင်းမျောက်ဟာ ပရိယာယ် ၄ မျိုးကို သုံးခဲ့ရာ
ရောက်တယ်တဲ့။ ဘယ်လိုလေးမျိုးလဲဆိုတော့ (၁) သစ္စာ၊ (၂) ဓမ္မ၊ (၃) ၀ီရိယ၊ (၄) စာဂ
ဆိုတာတွေပဲတဲ့။
(၁) သစ္စာဆိုတာကို ဒီဇာတ်မှာတော့ သူတစ်ပါး ယုံကြည်လာအောင် ကျသွားအောင်
ပြောနိုင်တာကို ဆိုလိုတယ်။ မိကျောင်းယုံသွားအောင် ပြောနိုင်တဲ့အတွက် မိကျောင်းဟာ
ယုံယုံကြည်ကြည်နဲ့ပါးစပ်ဟပြီး စောင့်နေတာ...
(၂) ဓမ္မဆိုတာက ဘယ်လိုလုပ်ရင်တော့ လွတ်မြောက်နိုင်မယ်ဆိုတာကို သိတဲ့ဉာဏ်ကို
ဆိုလိုတာ၊ အကြံကောင်း ဉာဏ်ကောင်းရှိတာ၊ အမြော်အမြင်ရှိတာ၊ ကြံရည်ဖန်ရည်ရှိတာ
ဖြစ်ပါလိမ့်မယ်။ ဘုရားလောင်းမျောက်ဟာ မိကျောင်း ပါးစပ်ဟ နေတဲ့ အခါ
သူ့ဦးခေါင်းပေါ်ကျအောင် ခုန်ရမယ်၊ ဒါမှ ထောက်တည်ရာရပြီး မြစ်ကမ်းဆီကို ဆက်ခုန်နိုင်မယ်...
စသဖြင့် မြော်မြင်တတ်တာ ဖြစ်လိမ့်မယ်။
(၃) ၀ီရိယကတော့ မလျော့တဲ့စိတ်၊ မကြောက်မရွံ့ မတွန့်ဆုတ်တဲ့စိတ်နဲ့
ကြိုးစားလုပ်ဆောင်တာဖြစ်မယ်၊ ဘုရားလောင်းဟာ စိတ်ခိုင်ကြည် ရဲရင့်စွာနဲ့မိကျောင်းရဲ့ဦးခေါ
င်းပေါ်ကျအောင် ခုန်ခဲ့တာပဲ။ ခေါင်းပေါ်ကျပါမှ ထောက်ပြီး တစ်ဖက်မြစ်ကမ်းကို ဆက်ခုန်နိုင်မှာ
မဟုတ်လား။
(၄) စာဂ ဆိုတာကို ဒီဇာတ်မှာတော့ စွန့်လွှတ်စွန့်စားခြင်းကို ဆိုလိုတယ်လို့ပညာရှင်အချို့က
ဆိုကြတယ်။ တခြား နေရာ တခြားအခြေအနေတွေမှာတော့ ပေးကမ်းခြင်းအားဖြင့် လူတွေအပေါ်
အနိုင်ယူခြင်း သဘောရှိတယ်။ ဘုရားလောင်းမျောက်ဟာ တကယ်တော့ မိကျောင်းရဲ့ဦးေ
ခါင်းပေါ်ရောက်အောင် ခုန်ရတယ်ဆိုတာဟာ တကယ့် စွန့်စားချက်ပါပဲ။ လွဲချော်သွားရင်
ဒုက္ခတွေ အများကြီးရောက်စရာရှိတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ရန်သူတွေကပေးလာတဲ့
အန္တရာယ်တွေကို ကျော်လွှားရာမှာ စွန့်စားဖို့က လိုတာပဲ။
ဘုရားလောင်းဟာ မိကျောင်းရဲ့အန္တရာယ်ကနေ လွတ်ခဲ့တာဟာ ဆိုခဲ့တဲ့ပရိယာယ်လေးခု
ကြောင့်ဖြစ်တယ်။ ဒီမှာ ... တချို့က ပရိယာယ်သုံးတာဟာ လိမ်ညာလှည့်စားခြင်း မဟုတ်ဘူးလား။
လိမ်ညာခြင်းဟာ အပြစ်ဖြစ်စေတယ်၊ အကသိုလ်ဖြစ်စေတယ်မဟုတ်ပါလားလို့မေးတတ်ြကတယ။်
တက်သားကို သေကြေလောက်အောင်၊ ဘ၀ပျက်လောက်အောင် မထိခိုက်စေဘဲ
ဒီတက် သားရဲ့ရက်စက်ယုတ်မာမှုကနေပြီး လွန်မြောက်အောင် ပရိယာယ်သုံးခြင်းဟာ
အပြစ်ကြီးလေးမှု မရှိနိုင်ဘူးလို့ထင်ပါတယ်။ ပရိယာယ် သုံးတဲ့အခါမှာ စေတနာက
တစ်ဖက်သားကို သေစေ၊ ပျက်စီးစေရယ်လို့ သဘောမထားရင် ကြီးလေးတဲ့အကုသိုလ်မဖြ
စ်နိုင်ဘူး။ ကိုယ့်ကို သူကသေအောင်၊ ဘ၀ပျက်အောင် ဖျက်ဆီးမည့်အဖြစ်က လွတ်အောင်
ကိုယ်ကစွမ်းဆောင်နိုင်တဲ့အတွက် သူ့အတွက် အကျိုးပြုရာ တောင်ရောက်တယ်လို့ဆိုရမယ်။
ကိုယ့်ကြောင့် သူ့မှာ ပါဏာတိပါတ စတဲ့ကြီးလေးတဲ့အကုသိုလ်ပြုခြင်းမှ သူ့ကို လွတ်သွားစေခဲ့
တယ်မဟုတ်လား။
စေတနာအလိုဆိုးနဲ့ ပရိယာယ်သုံးရင်တော့ အပြစ်ရှိတယ်လို့ပဲ ဆိုနိုင်ပါတယ်။
လူ့လောကမှာ လူမှုပြဿနာတွေက အရှုပ်သားလား။ နီတိဆရာတွေ
ပြောတတ်တာရှိတယ်။ ဘာလဲဆိုတော့ တောကြိုတောင်ကြားမှာ မြက်ကိုစားရင်းနဲ့အေးချမ်းစွာနေ
နေတဲ့သားသမင်ကို သတ်ဖြတ်မည့် မုဆိုးက ရှိနေတတ်တယ်တဲ့၊ ဟုတ်မှာပဲ။
ဘာရန်ညှိုးမှ မုဆိုးအပေါ်မှာ မရှိရှာတဲ့သားသမင်ကို မုဆိုးကလာပြီး ရန်ရှာတာ၊
အသေသတ်ဖို့ရောက်လာတတ်တာလိုပဲတဲ့ လူ့လောကမှာလည်း ကိုယ့်လမ်းကိုယ်သွား၊
ကိုယ့်အလုပ်ကိုယ်လုပ်နေပေမဲ့ကိုယ့်ကို ရန်ရှာလာသူတွေ ပေါ်လာတတ်တာပဲ။
လူ့အဖွဲ့အစည်းတွေမှာလည်း ဒီအတိုင်းပဲ။ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ သူတို့နည်း သူတို့ဟန်နဲ့
အေးချမ်းစွာ နေနေပေမဲ့အဲဒီအဖွဲ့အစည်း ကို အနိုင်ယူချင်တဲ့သူတွေ၊ အဲဒီအဖွဲ့အစည်းရဲ့
နေရာဒေသကို ပိုင်ဆိုင်ချင်သူတွေ ပေါ်လာတတ်တာပဲ။ ဒီလိုပေါ်လာပြီး မိမိအဖွဲ့အစည်းကို
ဖြိုခွဲအနိုင်ယူချင်သူတွေဟာ ဖြိုခွဲနည်း ပရိယာယ်တွေကို သုံးကြတာပဲ။ ရှေးခေတ်က
...အဖွဲ့အစည်းတစ်ခုက အခြားအဖွဲ့အစည်းတစ်ခု ကို အနိုင်ယူချင်ရင် ‘ ဘေဒဥပါယ်’ ဆိုတာကို
သုံးကြတယ်တဲ့။ ဘေဒဥပါယ်ဆိုတာက .. အနိုင်ယူလိုတဲ့အဖွဲ့အစည်းရဲ့စည်းလုံးညီညွတ်မှုကို
ပြိုကွဲအောင် ဖြိုခွဲတဲ့နည်းကို ဆိုလိုတာ။ ‘ ဘေဒဥပါယ်’ ကလည်း အမျိုးအစား ၃ မျိုးရှိတယ်။
ပထမအမျိုးအစားကတော့ အချစ်ပျက်ပြယ်အောင်လုပ်တဲ့ ပရိယာယ်ကို ဆိုလိုတယ်။
အဖွဲ့အစည်းထဲမှာ အချင်းချင်း သင့်တင့် ညီညွတ်နေရင် စည်းလုံးနေရင် အဲဒီအဖွဲ့အစည်းကို
အနိုင်ယူဖို့မလွယ်ဘူး။ ဒါကြောင့် အဲဒီအဖွဲ့အစည်း အင်အားဆုတ်ယုတ်သွားအောင် တစ်ဦးနဲ့တစ်ဦး
အထင်အမြင်တွေလွဲအောင်၊ သဘောထားတွေ ကွဲလွဲအောင် ကုန်းတိုက်စကားတွေနဲ့
သွေးခွဲတဲ့နည်းဖြစ်တယ်။ ဗုဒ္ဓစာပေတွေမှာ တွေ့ဖူးမှာပဲ။ ဘာလဲဆိုတော့ မင်းဖြစ်သူက
ဝဿကာရပုဏ္ဏားကို စေလွှတ်ပြီး ဝေသာလီမင်းသားတွေကို အချင်းချင်း၊ အချစ်ပျက်အောင်၊
ညီညွတ်ခြင်းပျက်စီးအောင် ပြုလုပ်ခဲ့ဖူးတယ်။
ဒုတိယနည်းကတော့ ဗိုလ်ပါအင်အား၊ လက်နက်အင်အား၊ ဓနအင်အား စသည်တို့ကို
ပြပြီး အရှိန်နဲ့တစ်ဖက်အဖွဲ့အစည်းက လူတွေကို ကြောက်လန့်စေတာ၊ ဒီလိုကြောက်လန့်ပြီး
သူတို့ဘက်ကို ၀င်ရောက်လာစေခြင်းဖြင့် တစ်ဖက်အဖွဲ့အစည်းရဲ့ စည်းလုံးမှုကို ပျက်စေတဲ့
နည်းဖြစ်တယ်။ တတိယနည်းကတော့ ကြိမ်းဝါးခြင်း၊ ခြိမ်းခြောက်ခြင်းမျိုးစုံနဲ့တစ်ဖက်အဖွဲ့အစည်း
ရဲ့ညီညွတ်မှုကို ပျက်စေတဲ့နည်းဖြစ်တယ်။
ရှေးခေတ်က နီတိစာပေတွေမှာ ပရိယာယ်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာတွေ
အများကြီးရှိတယ်။ ပရိယာယ် တွေကလည်း အမျိုးကို စုံနေတာပဲ။
ဒီခေတ်ကြီးမှာလည်း တစ်ဦးက တစ်ဦးကို အဖွဲ့အစည်းတစ်ရပ်က
အခြားအဖွဲ့အစည်းတစ်ရပ်ကို ပရိယာယ်တွေသုံးပြီး လွှမ်းမိုးအနိုင်ယူတာမျိုးတွေ ရှိနေမှာပါပဲ။
ကိုယ့်ကို ထိပါးလာတဲ့အခါ၊ ကိုယ့်အဖွဲ့အစည်းကို ထိပါးလာတဲ့အခါမှာ တုံ့ပြန်ရတာမျိုးတွေ
ရှိတာပါပဲ။ ကိုယ့်ကို အနိုင်မယူနိုင်ဖို့အတွက်၊ ကိုယ့်အဖွဲ့အစည်းကို အနိုင်မယူနိုင်ဖို့အတွက်
ထိပါးလာသူတွေထက်သာတဲ့ ပရိယာယ်တွေ၊ အသိသတိတွေ ရှိနေဖို့လည်း လိုမှာပါပဲ။
ကိုယ်ကျင့်တရားရှုထောင့်ကနေ ကြည့်ရင်တော့ စေတနာအလိုဆိုးနဲ့တစ်ဖက်သူတွေ
ပျက်စီးအောင် အသုံးပြုလာတဲ့ နည်းတွေကတော့ အလွန်အကုသိုလ်များတယ်လိုယူ
ဆရမှာပဲ။ မိမိဘက်ကလည်း စေတနာအလိုဆိုး မဖြစ်ဖို့၊ နောင်တရလို့မဆုံးနိုင်အောင်
မှားယွင်းတဲ့နည်းပရိယာယ်တွေကို မသုံးမိဖို့ကိုတော့ သတိထားရမှာ ဖြစ်တယ်။
(၂)
အထက်ပါအကြောင်းအရာတို့ကို ပြောပြသူ၏ စကားဆုံးသောအခါ
အခြားမိတ်ဆွေတစ်ဦးက “ ၀ဓဒဏ္ဍဥပါယ်” အကြောင်း စကားဆက်ပါသည်။ ၀ဓဒဏ္ဍဥပါယ်
၏ အနက်အဓိပ္ပါယ်ကို သူက အကျယ်တ၀င့် ရှင်းပြသည်။ ထို့ နောက် ဤ ၀ဓဒဏ္ဍဥပါယ်
ကို စေတနာအလိုဆိုးဖြင့် မှားယွင်းစွာ အသုံးပြုမိပါက အသုံးပြုမိသူ၌ အကုသိုလ်အပြစ်
ကြီးလေးစွာကျရောက်နို်င်ကြောင်း၊ နောင်အခါ၌ လည်း မိမိမှားယွင်းစွာပြုခဲ့မိခြင်းကို
ဖြေဆည်လို့မရလောက်အောင် နောင်တတရားတို့ရနေနိုင်ကြောင်း ရှင်းပြနေပါသည်။
ကျွန်တော်က ပရိယာယ်တွေအကြောင်း ပြန်ပြောင်းစဉ်းစားရင်း ... ကိစ္စများမြောင် လူတို့ဘောင်
ဆိုသည့်စကား၊ ပြဿနာရှုပ်လှ လူ့ဘ၀ ဆိုသည့်စကားများအကြောင်းကို တစ်မျှော်တစ်ခေါ်
ထိုနေ့က တွေးတောမိနေပါသည်။

ရွှေမော်ကွန်း

Twitter Delicious Facebook Digg Stumbleupon Favorites More