အလွမ်းပွင့်နေ့ရက်များ “ရဲရင့်သက်ဇွဲ”

Photobucket
ရက်ရက်စက်စက်
တိတ်ဆိတ်နေတဲ့
အခန်းငယ်လေးထဲကနေ
ကြေကွဲမှု အစုစုကို
ထမ်းပိုးပွေ့ ပိုက် ခေါင်းငိုက်ဆိုက်နဲ့
လူတယောက် လမ်းလျှောက်လာတယ် ။

အဲဒီသူဟာ
မဟာပထ၀ီမြေပြင် ပြိုကွဲမတတ်
အလွမ်းပွင့်တွေ
တပွင့်ပြီး တပွင့် ခြွေလို့ ၊

အဲဒီသူဟာ
အထီးကျန် လွမ်းဆွတ်မှုတွေကို
ရင်ဘတ်နဲ့ ကျောမှာကပ်
ကျောင်းအပြန်လမ်းမှာ ရပ်တန့် လို့  ၊

အဲဒီသူဟာ
ဦးနှောက်ထက်ကြီးတဲ့
နှလုံးသားနဲ့ စိတ်အာရုံကို
မြေမှာချနင်းလို့  ၊

အဲဒီသူဟာ
အောင်ဝေးရဲ့
“ဘယ်သူပြောလဲ
တတောလုံးကြွေ ”ကဗျာတပိုင်းတစကို
အဖန်ဖန် အခါခါ
တတွတ်တွတ် ရေရွတ်လို့  ၊

အဲဒီသူဟာ
သူ့စိတ်သူမနိုင်တဲ့အခါ
တယ်လီဖုန်းတွေကို
ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲလို့  ၊

အဲဒီသူဟာ
မိသားစုတကွဲတပြား ဖြစ်စဉ်ကို
ပြန်လှည့်ကြည့်တဲ့အခါ
ကုန်းပေါ်ပြစ်တင်ခံရတဲ့ ငါးဟာ
သူကိုယ်တိုင်ဖြစ်နေတာကို
တွေ့ ရှိလို့ သွားလေရဲ့ ၊

အဲဒီနေ့ မှာပဲ
သူ့ရဲ့ မွေးနေ့ ကို
သားသမီးတွေမပါပဲနဲ့ 
တိတ်တိတ်ဆိတ်ဆိတ်နဲ့ 
ဖြတ်ကျော်လိုက်ကြတယ် ။

(သမီး နဲ့  သား ခွဲခွါ ထားခဲ့ရ နှစ်ကာလများ)

ရဲရင့်သက်ဇွဲ


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More