ဂျပန်ကဘရောင်(သို့) နိဗ္ဗာန်အတု

ဒီရက်ပိုင်းအတွင်း လူကတော်တော်လေး နေမကောင်းဖြစ်နေတာနဲ့ နှစ်ကူးအပြီး ၁၀ရက်လောက် ခွင့်ယူလိုက် ရပါတယ်၊ နှစ်သစ်ကူး သူများတွေ အတွက် အလုပ်ပိတ်ရက်မှာ အလုပ် ဆင်းပေးနေရတော့ အလုပ်ပိတ်ရက်မှာ မြန်မာပြည်က ရောက်တာ တနှစ်လောက် ရှိပြီဖြစ်တဲ့ သူငယ်ချင်းရဲ့ ညီတယောက်က ဂျပန်ရောက်နေတာ ဖုန်းနဲ့ဘဲ စကားပြောကြပြီး လူချင်း မတွေ့သေးတာမို့ အကိုရေ တွေ့ရအောင်လို့ ပြောလာပေမယ့် နှစ်ကူးမှာ ဘယ်လိုမှ မတွေ့နိုင်တာမို့ ကိုယ်လည်း နေမကောင်းဖြစ်နေတဲ့ အချိန်အိမ်မှာ ရှိနေတာမို့ နှစ်ယောက်သား တွေ့ဖို့ချိန်းလိုက်ကြပါတယ်။ ကိုယ်နေတဲ့ နေ၇ာကို သူမလာတတ်မှာ စိုးရိမ်တာနဲ့ သူနေထိုင်ရာ ရှင်ဂျူးကု၊ တကဒါနို ဘာဘာဘူတာ မှာဘဲ ချိန်းလိုက်ပါတယ်။ ဘူတာရောက်တော့ သူနဲ့တွေ့ပြီး ကော်ဖီဆိုင်တဆိုင် ထိုင်စကားပြောမယ် လုပ်ပေမယ့် သူ့အိမ် ရောက်ဘူးအောင် လိုက်ခဲ့ပါ အကို ဆိုတာနဲ့ လိုက်သွားဖြစ်တယ်၊ ဘူတာကနေ ၁၀မိနစ်လောက် လမ်းလျှောက်ရတဲ့ခရီး နေသိပ်မကောင်းတဲ့ ကိုယ့်အတွက် တော်တော်လေး မောဟိုက်သလိုကို ခံစားနေ၇တယ်၊ လမ်းလျှောက်ရင်း ဆေးဆိုင်တဆိုင် ရှေ့ရောက်တော့ ညီငယ်က ဆိုင်ထဲခဏ ၀င်ရအောင် အကို ၀ယ်စရာရှိလို့ ဆိုတာနဲ့ ကိုယ်လည်းရောပြီး လိုက်ဝင်ပေးလိုက်ပါတယ်၊ ဆေးရောင်းတဲ့သူကို ချာတိတ်က ရှင်းတိုနစ်(Shin Tonic) နှစ်ပုလင်း ပေးပါလို့ ပြောကာယူပြီး ကျသင့်ငွေကို ရှင်းပေးပြီး၊ ဆိုင်အပြင် ထွက်လာခဲ့တော့တယ်။ ဆိုင်အပြင်ရောက်တာနဲ့ စက္ကူအိပ်လေးထဲက ပုလင်းကိုထုတ်ပြီး ကိုယ့်ကိုတလုံး ပေးပြီး သူကတလုံးကို ခပ်တည်တည်ဘဲ အဖုံးဖွင့် ခပ်တည်တည် မော့ချနေတာမို့ ပထမတော့ ကိုယ်လည်း “ကြောင်”သွားပေမယ့် ဂျပန်မှာနေလာတဲ့ နှစ်ကကြာပြီမို့ အထာတော့ သိလိုက်ပါတယ်၊ သူသောက်တဲ့ဆေးက ဂျပန်ကထုတ်တဲ့ ချောင်းဆိုးပျောက်ရည် တမျိုးပါ၊ သူက အကို ကစ်(သောက်)လေဗျာလို့ ပြောလာလို့ သြော်...အေး အကို မသောက်တတ်ပါဘူး ညီရာ…ရော့ … မင်းဟာမင်းပဲ သောက်ပါကွာလို့ ဆိုပြီး ရော့…ရော့…ရော့ ….. မင်းပုလင်းဆိုပြီး ပြန်ပေးလိုက်တော့ သူက ကိုယ့်ကိုယ် သိပ်အံသြတဲ့ အမူအရာနဲ့ ဟာ … အကိုပုံကြည့်ရတာ သောက်တဲ့ပုံ ဖြစ်နေလို့ ကျနော်ဝယ်လိုက်တာ၊ ဆိုတော့ သူနားလည်အောင် လှည့်ပတ်ပြီး ဆင်ခြေ ပေးနေမိတော့တာက ကိုယ်လည်း နေမကောင်း ဖြစ်နေလို့ ဆေးရုံက ပေးတဲ့ဆေးတွေ သောက်ထားရတဲ့ အကြောင်း၊ ဖျားနေလို့ လူက ညောင်နာနာဖြစ်နေရတဲ့ အကြောင်းတွေ ရှင်းပြလိုက်၇ ပါတော့တယ်။ သူသောက်တဲ့ ဆေးအမည်က ကမာ မသိတဲ့ဆေးအမည် ဖြစ်နေတာနဲ့ သူ့ကို ငြင်းမိတာ အားနာစိတ်နဲ့ရော စကားရော ဖေါရော မေးမိလိုက်ပါတယ်၊ မင်းစောစောက သောက်တဲ့ဆေးက ဘရောင်(ချောင်းဆိုး ပျောက်ဆေးရည်) တမျိုး မဟုတ်ဘူးလား? မေးတော့ သူက မဟုတ်ဘူး ဘရောင်က သောက်တဲ့ လူများလို့ သူ့ဆေးကို အာနိသင် ပြောင်းထုတ်ထားလို့ သိပ်မမိုက်တော့ဘူး ဒီကောင်က ဘရောင်ထက် ပုလင်းသေးပြီး ထိတယ်၊ ရော့ … သောက်ကြည့်ပါ တခါတလေဘဲလို့ ဆိုလာပြန်ပြီး အတင်း ထပ်တိုက်နေတာနဲ့ ကမာလည်း ထပ်ငြင်းလိုက်ရပြန်တယ်။
ထိုင်းနိုင်ငံက ချောင်းဆိုးပျောက်ဆေးတွင် ဘိန်းပါသည်ကို ပြသောပုံ
သူ့ အိမ်ရောက်လို့ သူနေတဲ့ အခန်းကိုဝင်လိုက်ရင်ဘဲ မီးဖိုချောင်ဧည့်ခန်း (ဂျပန်က အိမ်တွေတော်တော်များများက အ၀င်ပေါက်က လှမ်းဝင်တာနဲ့ မီးဖိုချောင်ဖြစ်နေလို့ပါ ) ၀င်လိုက်ရင်ဘဲ အမှိုက်ပုံးဘေးမှာ စောစောက ညီလေး ၀ယ်သောက်တဲ့ ပုလင်းခွံတွေ၊ ဘီယာဗူးခွံနဲ့ အရက်ပုလင်း အလွတ်တွေ တော်တော်များများ တွေ့လိုက်ရတော့ သူတို့အစား ရင်မောမိပြန်တယ်၊ စောစောက ကမာ မသောက်တဲ့ ပုလင်းကို သူ့ အိမ်မှာနေတဲ့ တစ်ယောက်ကို ပေးလိုက်တော့ ဟိုတယောက်လည်း ဖိုးကြိုင်းတုတ် ဖြစ်သွားလေရော့ သလားပဲ တကျိုက်တည်းကို ကုန်အောင်သောက်လိုက်တာ တွေ့တော့မှ အတူနေသူတွေပါ ငြိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတို့ဖျော်တိုက်တဲ့ ကော်ဖီတစ်ခွက်သောက် စကားမည်ပြောဆိုပြီး ထပြန်လာခဲ့တော့တယ်၊ အပြန်လမ်း တလျှောက် ညီငယ်သောက်တဲ့ ဆေးကိုတွေးမိပြီး လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က အဖြစ်လေးကို သွားသတိရ နေမိသေးတယ်၊ အဲဒီတုန်းက ကိုယ်လည်း ဒီဂျပန်ကို ရောက်စဖြစ်နေတာရယ်၊ အလုပ်ကလည်း သိပ်အဆင်မပြေသေးတာမို့ အများနဲ့စုနေတဲ့ အခန်းမှာ သွားနေဖြစ်ပါတယ်၊ အားလုံးငါးယောက် စုနေကြတာပါ၊ လေးယောက်က ရောက်တာ သိပ်မကြာသေးတာမို့ ကိုယ့်ထက်အရင် စောရောက်နေတဲ့ စီနီယာတွေဆီက ဂျပန်နဲ့ ပါတ်သက်တာတွေ လေ့လာဆည်းပူး နေရတဲ့ အချိန်၊ အဲဒီမှာ အိမ်မှာနေတဲ့ တယောက်ရဲ့ အလုပ်က ဂျပန်အရောက်စောတဲ့ မြန်မာ စီနီယာသမားကြီးများက ပိတ်ရက်ဆို အိမ်ကို လာလည်တတ်ပါတယ်၊ အစပိုင်း ဘီယာ သယ်လာပေမယ့် နောက်ပိုင်း ဘရောင် (ချောင်းဆိုးပျောက် ဆေးရည်) ကိုဝယ်လာပြီး ပေးလာပါတယ်။ အတူနေတဲ့ အထဲက ၃ယောက်က သောက်ကြတယ်၊ ဒီလိုနဲ့ အဲဒီ သုံးယောက်စလုံး ဆေးစွဲတဲ့ဘ၀ ရောက်မှန်းမသိ ရောက်သွားတယ်၊ အလုပ်တွေက အဲဒီတုန်းက အဆင်မပြေကြတော့ စိတ်ထွက်ပေါက်အဖြစ် သောက်ရာကနေ စွဲတဲ့အဆင့်ကို ရောက်တော့တာပါပဲ။ ဒီဆေးက သောက်ရင် အလုပ်အရမ်းလုပ်လို့ ကောင်းတယ်၊ ဒါကြောင့် သောက်တာပါလို့ ဆင်ခြေပေးပြီး သောက်နေကြတော့ မသောက်ရရင် အလုပ် လုပ်မရဖြစ်သလို ခံစားရတော့ ၀ယ်သောက်ကြနဲ့ ဒီလိုနဲ့ပဲ သောက်သက်ကြာတော့ စွဲကြ ငြိကြတော့ တာပါဘဲ။ ညဖက်ဆို ဘီယာ အရက်သောက်၊ ဆေးတင်ထားတဲ့အရှိန်နဲ့ ရောလိုက်တော့ အငြိမ်နဲ့ အကြွနှစ်မျိုးရောပြီး နတ်ပြည်ရောက် ပေါက်ကြပြီး ရန်တွေဖြစ်ကြ၊ ထိုးကြနှက်ကြနဲ့ စိတ်ပျက်လာတာမို့ ကမာလည်း ပိုက်ဆံလေးစု တစ်ယောက်တည်း အိမ်ဋ္ဌားနေဖြစ်တော့တယ်၊ မကြာပါဘူး သူတို့ထဲက တယောက်သောသူက ဆေးရော အရက်ပါ အလွန်အကျွံတွေဖြစ်ပြီး အလုပ်ကပြုတ်သွားကာ အိမ်ရှင်ကလည်း ရန်ခဏ ခဏဖြစ်လို့ အိမ်ပေါ်က နှင်ချခံလိုက်ရတော့ ဟိုအသိ ဒီအသိတွေအိမ် လိုက်အိပ်ပေါ့၊ ညဉ့်သန်းခေါင်ကြီး သူများအိမ် တံခါးခေါက်ပြီးမှ မူးပြီးလာလို့ ကြာတော့ ဘယ်သူမှ လက်မခံနိုင်ဖြစ်ကြပြီး စိတ်ညစ်ညစ်နဲ့ ဆေးချလိုက်၊ အရက်သောက်လိုက်နဲ့ နောက်ဆုံး ပေါက်ပြီး ရှင်ဂျုးကုက ညလုံးပေါက်ဖွင့်တဲ့ Family Mart ကုန်စုံဆိုင်ကို သွားထိုင် ကန်တော့နေလို့ ဆိုင်ဝန်ထမ်းက ရဲကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်လို့ ရဲကဖမ်းပြီး အရူးထောင်ပို့ပြီးမှ မြန်မာပြည် ပြန်ပို့ခံလိုက်ရ ပါရောလား…ဗျာ။ တိုကျိုက မြန်မာ ကာရာအိုကေဆိုင်တွေဟာ မိုးလင်းပေါက် ဖွင့်ကြတာမို့ အမှန်တကယ် မြန်မာပြည် အလွမ်းပြေ သီချင်းလေးတွေ ဆိုဖို့ သွားရောက်နေသူတွေ ရှိသလို ဆေးမူးသူ၊ အရက်မူးသူနဲ့ နှစ်ပင်လိမ် နေကြသူတွေရဲ့ ရန်ပွဲတွေဟာလည်း ဟိုး အရင်ကလိုဘဲ မပျက်မပြယ်ပဲ အခုထိ မပြောင်းလဲနိုင်ဘဲ ဆော်ကြနှက်ကြ ထိုးကြကြိတ်ကြ တာတွေ ရှိနေစမြဲမို့ အသည်းကောင်းလို့ ပွဲတောင်းချင်ရင် မြန်မာကာရာအိုကေ သွားလို့ကို တိုကျိုက မြန်မာတွေကြားမှာ ကျီစယ်စရာ စကားအဖြစ် ပြောစမှတ် ဖြစ်နေပါရောလား!... ဆေးသောက်တဲ့ လူကို ဆေးသမားမှန်း မသိလို့ အိမ်ပေါ် ခေါ်တင်ထားမိတာမျိုးလဲ ရှိလား! ရှိရဲ့၊ အလုပ်ပါ ရှာပေးတဲ့ အိမ်ရှင်ကို ဆေးပေါက်ပြီး ဓါးနဲ့ထိုးမှုတွေလည်း အမြောက်အများ အဖြစ်သနှစ်တွေ ရှိခဲ့ပါတယ်။
ဂျပန်က Shin Tonic ချောင်းဆိုးပျောက်ဆေး
ဘရောင်တို့ ရှင်တိုနစ်တို့လို ချောင်းဆိုးပျောက်ဆေးတွေဟာ တကယ် ရောဂါဖြစ်နေသူတွေ အတွက် အစွမ်းထက်တဲ့ ဂျပန်ဆေး ဖြစ်နေပေမယ့် မူးယစ်ချင်လို့ ကောင်းချင်လို့ သောက်သုံးလိုသူတွေ အတွက်တော့ ဘေးဆိုးဖြစ်နေပါတယ်၊ ဂျပန်ဟာ မူးယစ်ဆေးဝါးနဲ့ ပါတ်သက်လို့ တည်းကျပ်ထားမှုတွေ ရှိနေပေမယ့် ဒီ ချောင်းဆိုး ပျောက်ဆေးရည်တွေက တရားဝင် ဆေးတွေဖြစ်နေတာမို့ လက်ဝယ်မိလည်း ဖမ်းလို့မရပါဘူး၊ ဒါကြောင့်လည်း ဂျပန်က မြန်မာတွေတင်မက တခြားနိုင်ငံခြားသားတွေပါ အားပေးစဲ သောက်သုံးနေကြစဲပါ၊ နောက်တခုက အဲဒီဆေးနှစ်မျိုးစလုံးရဲ့အရသာက ချိုရဲရဲနိုင်တယ်၊ သောက်ပြီးရင် လူစိတ်ကို ငြိမ်စေတယ်၊ ရေနွေး၊ ကော်ဖီနဲ့ စီးကရက် တွဲသောက်နေရယင် အရမ်းလိုက်ဖက်တယ်၊ ဆေးကျသွားရင်လူက ၁ရက်လောက် မထဘဲ ကောင်းကောင်းနှစ်ခြိုက်စွာ အိပ်ပေမယ့် ဆေးရှိန် ရှိနေသမျှ ကာလပါတ်လုံး မအိပ်ဘူး ဒါကြောင့် သောက်ပြီးယင် ဆေးရှိန်ကျခါနီး အဲဒီ အရှိန်ပြန်လိုချင်လို့ တခါပြန်တင် ပြန်သောက်နဲ့ ဒီလိုနဲ့ စွဲတာနေကြတာ၊ ဂျပန်ရောက် မြန်မာအမျိုးသမီး တချို့လည်း စွဲနေတာရှိနေတယ်၊ တယောက်ဆို ဆေးပေါက်ပြီး သူ့စိတ်ထဲမယ် သူ့မျက်နှာမှာ ရွစိရွစိဖြစ်နေတယ် ပိုးတွေရှိနေတယ်ဆိုပြီး မျက်နှာခဏခဏသစ် နောက်ဆုံး မနေနိုင်တော့ပဲ ထင်မိထင်ရာ ဆေးယင်းထနေတဲ့ အချိန်ကလဲ ဖြစ်လို့ စိတ်တွေ ချောက်ခြားပြီး မျက်နှာကို အက်ဆစ်နဲ့သစ် လိုက်တာ မျက်နှာတခုလုံး အရေပြားတွေ စုတ်ပြတ်သတ်သွားပြီး ဆေးရုံ တင်လိုက်ရပါတော့တယ် ဆေးရုံကနေဘဲ အရူးထောင်ပို့ပြီး ပြန်ဆင်းလာတော့ အရူးလက်မှတ်ပါ ရလာတယ်၊ အဲဒီ အမျိုးသမီးက လက်ရှိတရားဝင်ကို ဒီဂျပန်မှာ ရှိနေပါသေးတယ်ဗျား။ အမှန်တော့ ဒီလို တရားဝင်ရောင်းချတဲ့ ချောင်းဆိုးပျောက်ဆေးရည် ပြဿနာဟာ ၁၉၈၀ ခုနှစ်ဝန်းကျင် ကတည်းက မြန်မာပြည်က ကိုမီသာဇင် ချောင်းဆိုးပျောက်ဆေးတွေ သောက်တဲ့ အလေ့ရှိနေခဲ့ပါတယ်၊ ချောင်းဆိုးပျောက်ဆေးရည်မှာ ပါတဲ့ ဓါတုဗေဒ အခေါ်အဝေါ် ကိုဒင်း ဟာ ဘိန်းကနေ ဓါတ်ခွဲယူတာမို့ ဒီလိုဆေးတွေဟာ စွဲလန်းတတ်ခြင်း၊ လူစိတ်ကို ထင်ယောင်ထင်မှား ပြောင်းလဲစေခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်း၊ စသဖြင့် စသဖြင့် ရှိနေပါတယ်၊ ဒီပြဿနာဟာ မြန်မာနိုင်ငံ မှာလဲ ယခင်ကပင်ရှိခဲ့ပြီး မြန်မာ့ဆေးဝါးထုတ်လုပ်ရေး ဘီပီအိုင်က ထုတ်တဲ့ ကိုမီသာဇင်၊ အင်္ဂလန်ကုမ္မဏီ အိန္ဒိယ ကလာတဲ့ ဖန်စီဒိုင်း ( မြန်မာ လူငယ်တွေ ကုလားလို့လဲ ခေါ်ကြပါတယ်) တို့ဟာ ရှားပါးမှုကြောင့် ဈေးကြီးလာပြီ လူတိုင်း မသောက်သုံးနိုင်လို့ ဈေးကွက် ပျောက်သွားရတာပါ။ ဒီအကြောင်းကို ကွယ်လွန်သူ စောဘွဲ့မှူးက “ဖန်င်စီဒိုင်း”လို့ သီချင်းရေးဖွဲ့ဖူးပြီး အယင်က စတိတ်ရှိုးတွေမှာ အဆိုတော် နီနီလေး သီဆိုနေပြီး အခုတော့ ဖြူဖြူကျော်သိန်း ထင်ပါတယ် သီဆိုတာတွေ့ရပါတယ် ။
L.A က မန်ဒရင်း ဟော်တယ်တွင် ချောင်းဆိုး ပျောက်ဆေးရည်သောက်ပြီး အိပ်ပျော်ကာ အသက်ရှုရပ်၍ သေဆုံးသွားသော ရက်ပ်ပါ ပင့်စီ
မူးယစ်ဆေးဝါးဟာ နိုင်ငံတကာ လူငယ်တွေကြားမှာ ရှိနေတဲ့ ပြဿနာပါ၊ ထိုင်းနိုင်ငံမှ ဆိုလဲ ဖန်စီဒိုင်း၊ နီကိုဒင်း၊ နော်တ၊ တာရာဒိုင်း အမည်မျိုးစုံနဲ့ ရောင်းချသလို ယခင်က လမ်းဘေးဆေးဆိုင်တွေမှာ ထိုင်းငွေ ဘတ် ၁၀၀ ဝန်းကျင်နဲ့ အလွယ်တကူ ဝယ်ယူ၍ရသလို သွားလေသူ တက်ဆင် ရှင်နာဝပ်ရဲ့ ၂၀၀၂ ခုနှစ်လောက်က မူးယစ်ဆေး စစ်ဆင်ရေးကြောင့် ၁၀၀ cc ပုလင်းသေးလေးကို ဘတ် ၂၀၀၀ ကျော်အထိဈေးကွက် ရှိနေပါတယ်၊ ၂၀၀၈ ခုနှစ်မှာလဲ အမေရိကားက ဆေးဆိုင်တွေ မှာ လူငယ်တွေ ထိုနည်းတူစွာ ချောင်းဆိုးပျောက်ဆေးတွေ တွေကို ကုန်တိုက်တွေက ဆေးတင်တဲ့ စင်မှာ တရက်ထဲ အကုန်နီးပါး ဝယ်ယူခဲ့မှ လူငယ်တွေ အချိုရည်များဖြင့် ရောနှောကာ သုံးစွဲမှန်း သိရှိခဲ့ရတယ်လို့ နယူယောက်တိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်၊ တရားဝင်ရောင်းချတဲ့ ဆေးဝါးများမှာ မူးယစ်ထုံထိုင်းဆေးဝါး ရောနှောနေတဲ့ ဒီပြဿနာကို အစိုးရများ အဖြေရှာရာမှာ ချောင်းဆိုးပျောက်ဆေးရည်မှာ ဒီ ကိုဒင်းပါတဲ့ အစိတ်အပိုင်းကို ခွဲထုတ်မရဖြစ်နေပြီး ခွဲထုတ်ပြန်ယင်လဲ ချောင်းဆိုးပျောက်ဆေးရည် ဆေးအစွမ်း အာနိသင်မရှိဖြစ်ကာ အနည်းငယ်လျှော့ချ နိုင်တာကလွဲပြီး ကျန်တာ မစွမ်းဆောင်နိုင်ပဲ တရားဝင် မူးယစ်ဆေးပျော့စား အဖြစ်တည် ရှိနေတာပါ။ ဒီတော့ နိုင်ငံတကာရောက်ပဲ ဖြစ်ဖြစ် ဂျပန်ရောက်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲ ဖြစ်ဖြစ် လူငယ်ပဲ ဖြစ်ဖြစ် အမိမြန်မာပြည်ကနေ ခွဲခွာလာကတည်းက အရင်းနှီးကြီးကြီး ပေးဆပ်ထားရတာ အထွာအတိုအရှည်တာ ကွာမယ် ကျန်တာကတူတူ ပါပဲ၊ ဒီတော့ ဘရောင်၊ ရှင်တိုနစ် ချပြီး နိဗ္ဗာန်အတု အစစ်မထင်ပါနဲ့ ခဏတာ သာယာမှုဟာ ထာဝရ မဟုတ်ပါဖူး ဒီတော့ ဒုက္ခနဲ့လဲယူတဲ့ အတုတွေ၊ သာယာမှုတွေထဲက ရုန်းကန်ဖေါက်ထွက် ဆန်တက်ခဲ့တော့……… ညီလေးရေ ….။ 

ကမာနီလာ


ဓါတ်ပုံတချို့ဟာ google ကနေယူသုံးထားတာဖြစ်ပါတယ်။

ဝန်ခံချက်။ ။ ဤဆောင်းပါးမှာ တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်သော် လည်းကောင်း ကာယကံရှင်များအား နစ်နာစေလိုသော၊ လူမူရေးရိုင်းပြစော်ကားသော ဆန္ဒမရှိဘဲ ပညာပေးအနေဖြင့်သာ ရေးသားခြင်း ဖြစ်ပါသည်။
ဂျပန်ဘရောင် (သို့မဟုတ် )နိဗ္ဗာန်အတု ဆောင်းပါး ကို ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ Populer News ဂျာနယ် အတွဲ(၁၃)အမှတ်(၁)
၂၀၀၉၊ ဧပြီလ၊ ၃၀ရက် နေ့ထုတ်မှာ ကလောင်အမည် ကိုနိုင်(ခေတ္တတိုကျို) အမည်ဖြင့် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မဖတ်ရသေးတဲ့ စာဖတ်သူတွေအတွက် ပြန်လည်တင်ပေးလိုက်တာပါ။
Photobucket

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More