ပညာရေးရင်းနှီးမြှုပ်နှံမှု


Photo by stock photos


ယနေ့ခေတ်အခါမှာ ကျောင်းပြီးလို့ အလုပ်ရှာရ ခက်တယ်ဆိုတဲ့သူတွေရော၊ အလုပ်တွေပေါပါတယ် ဆိုတဲ့သူတွေကိုရော တွေ့နေရပါတယ်။ အချို့က ပြည်ပကိုထွက်ကာ အလုပ်လုပ်ကြပါတယ်။ အချို့က ပြည်တွင်းမှာပဲ အလုပ်လုပ်ကြပါတယ်။ ကိုယ့်အတွက် အဆင်ပြေတယ်၊ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခု ရတယ်ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် နေသင့်လှပါတယ်။ အရေးကြီးတာက နေ့တစ်နေ့ကုန်လို့ ကိုယ့်အတွက် ကုသိုလ် (သို့မဟုတ်) ပညာ (သို့မဟုတ်) ဥစ္စာ တစ်ခုခုကို ရရှိဖို့ မဟုတ်ပါလား။ အချို့ အဆင်ပြေသူများကျတော့လည်း တစ်နေ့တည်းမှာပဲ အကုန်လုံးကို ရရှိသွားပါတယ်။ တရားမျှတတဲ့ အသက်မွေးဝမ်းကျောင်းမှန်ရင် ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် နေထိုင်လုပ်ကိုင်ရတာ အလုပ်လုပ်ရကျိုးနပ်မှာပါ။

ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် Canada နိုင်ငံကနေ Ph.Dဘွဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စုကိုသွားရောက်အလုပ်ရှာတာ အလုပ်မရတဲ့အတွက် ကနေဒါကိုပြန်ပါတယ်။ ကနေဒါမှာလည်း အလုပ်မရတဲ့အတွက်ခုချိန်ထိ အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။ တစ်နေ့ သူနဲ့ ကျွန်မ စကားပြောဖြစ်တော့ သူက ကျွန်မကို နင် PhD ဆက်တက်မယ်လား ... useless ပဲ လို့ပြောပါတယ်။  သူကတော့ သူ့ ခံစားချက်နဲ့သူ ဘွဲ့လွန်ဆက်တက်တယ်ဆိုတာ ဘွဲ့လွန်တက်ပြီး အသုံးဝင်ခြင်းမရှိဘူးလို့ ဆိုလိုက်ပါတယ်။

 အချိန်၊ ပိုက်ဆံတွေနဲ့ နုပျိုမှုတွေကို ရင်းနှီးဆုံးရှုံးပြီး ရရှိလာတဲ့ ဘွဲ့ဟာ အလုပ်အကိုင်တစ်ခု ကောင်းကောင်း မရနိုင်ဖြစ်ရတာ သူ ဘာဘွဲ့ကို ဒေါက်တာဘွဲ့ယူထားသလဲလို့ ကြည့်လိုက်ရင် pure Physics ဖြစ်နေပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ကာလနဲ့ ပြောင်းလဲလာတဲ့ နည်းပညာတိုးတက်မှုတွေအလယ်မှာ  တစ်ချိန်တုန်းက စာတော်တဲ့သူတွေမှသာ ရွေးချယ် သင်ယူကြတဲ့ pure Physics ၊  pure Mathematics ဆိုတာ အခုခေတ်ကာလမှာတော့ အင်မတန် အလုပ်ရှားသွားပါပြီ။ ဒါက ကျွန်မ လက်လှမ်းမီသလောက်သာ သိတာပါ။ တခြား ပညာရပ်တွေ၊ တခြားဘွဲ့တွေမှာလည်း ဒီခေတ်ကာလမှာ အလုပ်ရှာဖွေရ ခက်တာတွေ ရှိနေမှာပါ။
  ကျွန်မတို့ဟာ ၀ါသနာပါတာကိုပဲ သင်ယူလို့ မရနိုင်တော့တဲ့ အခြေအနေနဲ့ အချိန်အခါကိုရောက်နေပါတယ်။ အသက်မွေးဝမ်းကျောင်းအတွက် တက္ကသိုလ် တက်ဖို့ ဘယ်လိုင်းကို လိုက်ရမလဲ ရွေးချယ်တဲ့အခါမှာ ကိုယ်ဝါသနာပါရာကိုပဲ လုပ်ဖို့ ဆိုတာက မိဘက အမွေများထားရှိလို့ မိဘပိုက်ဆံပုံပေါ် ထိုင်နေရလို့ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့အခြေအနေမျိုးမှ မဟုတ်ဘဲ ကျွန်မတို့ မိဘတွေက ပညာသင်ပေးတဲ့ ပညာနဲ့ရင်းနှီးစားဖို့ ပညာအမွေသာ ပေးနိုင်တဲ့အတွက် ကျွန်မတို့ရဲ့ ဘ၀နောင်ရေးမှာ ကျောင်းပြီးရင် အလုပ် ရ၊ မရဆိုတာက အရေးအကြီးဆုံးဖြစ်ပါတယ်။

 ဘယ်လိုင်းကိုယူရမယ် ...ဘာကိုရွေးချယ်တက်ရမယ်ဆိုတာ ကိုယ့်စိတ်တစ်ခုတည်းနဲ့ ကိုယ်ကြိုက်တာတစ်ခုတည်းနဲ့ မဆုံးဖြတ်ဘဲ ယနေ့ခေတ်ကာလမှာ ဘယ်လို လုပ်ငန်းတွေက တာစားနေသလဲ၊ ဘယ်လို အလုပ်တွေက အလုပ်သမားများ လိုနေသလဲ ၊ ဘယ်လိုအလုပ်မျိုးက အလုပ်ရဖို့ လွယ်ကူမလဲဆိုတာက တွေးတောပြီး အတွေ့အကြုံရှိသူများထံမှာ မေးမြန်းပြီး အကြံယူသင့်ပါတယ်။ ကမ္ဘာကြီးရဲ့ လက်ရှိလိုအပ်ချက်များအရ အလုပ်အကိုင်တွေဟာလည်း အလုပ်သမားများလိုအပ်ချက်များရှိလာတာတွေ မတူညီတော့ပါဘူး။ အချိန်ကာလတစ်ခုနဲ့ တစ်ခု မတူညီဘဲ နေရာဒေသကိုလိုက်ပြီး ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေများအပေါ်မှာ မူတည်ပြီး လုပ်ငန်းကိုင်ငန်းတွေဟာလည်း ပြောင်းလဲနေပါတယ်။

ကိုယ်ဝါသနာပါတာက တခြား၊ ကိုယ် ယူလိုက်တဲ့ အထူးပြုဘာသာကတခြားဖြစ်နေရင်လည်း စာထဲမှာ စိတ်မပါနိုင်ဘဲ ပညာသင်ကာလမှာ ပျော်ရွှင်မှာ မဟုတ်တဲ့အတွက် ကိုယ်စိတ်ဝင်စားနိုင်၊ ၀ါသနာပါတာနဲ့ နီးစပ်မှုရှိတာကို ရွေးချယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တစ်ခါခါမှာ ကိုယ်ဝါသနာပါတာက ရည်းစားဦး အချစ်ဦးနဲ့တူပြီး မတတ်သာလို့ လမ်းခွဲလိုက်ရပြီးနောက် ကိုယ်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် အချစ်သစ်ကို ရှာရသလိုပါပဲ။ အချစ်သစ်ဟာ ကိုယ့်ဘ၀တစ်လျှောက်လုံး ဆက်လက် လက်တွဲရမယ့်သူဖြစ်နေပြန်ပါတယ်။  အားလုံးအခြေတကျဖြစ်ရင်တော့ ရွေးချယ်လိုက်တဲ့အလုပ်ကိုလည်းလုပ်နိုင်သလို၊ အားလပ်ချိန်မှာ ၀ါသနာပါရာကိုလည်း လုပ်နိုင်ပါတယ်။

ဒီလိုဆိုရင် ပျော်ရွှင်တဲ့ ဘ၀ကိုရရှိမှာပါ။ အလုပ် အဆင်ပြေတဲ့အတွက် ပျော်ရွှင်ရပြီး ကိုယ် ၀ါသနာပါရာကိုလည်း အားလပ်ချိန်မှာ လုပ်နိုင်တဲ့အတွက် ပျော်ရွှင်ရမှာပါ။ အလုပ်အကိုင်တစ်ခုခုကို လုပ်ကိုင်နေမှသာလျှင် မိမိစိတ်မှာ မိမိဟာ အသုံးဝင်တယ် ၊ အသုံးကျတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မိမိကိုယ်မိမိ ယုံကြည်မှု တိုးပွားလာပါတယ်။ လူ့စိတ်ဆိုတာက ကိုယ် လုပ်နေတဲ့အလုပ်ဟာ အများအတွက် အကျိုးရှိတယ်၊ အများကောင်းကျိုး ဖြစ်လာတယ်လို့ ကိုယ့်စိတ်မှာ ကိုယ်သိရင် ဒီလူဟာ အလုပ်လုပ်ဖို့အတွက် အလိုလို တက်ကြွနေမှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုနဲ့အတူ ကောင်းကျိုးများကို အကျိုးဆက်ရလဒ် ရရှိလာပါတယ်။
 ကိုယ် ဝါသနာပါရာကိုပဲ ရွေးချယ်ပြီးနောက် အချိန်ကုန်၊ ငွေကုန်ဖြစ်ပြီးမှ သင့်တော်တဲ့အလုပ်အကိုင်မရရှိတဲ့အခါမှာ စိတ်ဓာတ်ကျလာတတ်ပါတယ်။ ထို စိတ်ဓာတ်ကျလာမှု အချိန်ကာလာ ကြာရှည်လာတယ်ဆိုရင် ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် မကောင်းလှပါဘူး။ လူဆိုတာ အလုပ်မရှိတဲ့အခါမှာ မိမိကိုယ်မိမိ အသုံးမကျသူရယ်လို့ စိတ်ဓာတ်ကျတတ်တာ ဓမ္မတာပါပဲ။
 အချိန်၊ ငွေ ၊ ခွန်အား ၊ စိတ်စွမ်းအားများကို တက္ကသိုလ်မှာ အနည်းဆုံး ၄နှစ်တာ အကုန်ခံပြီးမှ ဘွဲ့ရပြီး ကိုက်ညီတဲ့အလုပ်မရလို့ အလုပ်မလုပ်ဘဲ ထိုင်နေရတဲ့လူတစ်ယောက်ဟာ အချိန်နဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာတတ်ပါတယ်။ ဒီစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကနေ ကိုယ့်ဘ၀ရော၊ အနားပတ်ဝန်းကျင်က လူတွေကိုရော ထိခိုက်စေတော့တာပဲ။


ဘယ်ပညာရပ်မဆိုဟာ အသုံးမဝင် အသုံးမကျဘူးဆိုတာ မရှိသော်လည်း အချိန်၊ နုပျိုမှု နဲ့ ကုန်ဆုံးသွားတဲ့ ပိုက်ဆံတွေကို ပြန်မရနိုင်တော့တဲ့အတွက် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အခြေအနေအကြောင်းများနဲ့ လက်ရှိကာလ အခြေအနေများရဲ့ လိုအပ်ချက်များကို လေ့လာပြီးမှ ဘယ်ပညာရပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် ဆည်းပူးမယ်ဆိုတာ ရွေးချယ်မှု မှန်ကန်မှသာ ကျွန်မတို့ရဲ့ အနာဂတ်၊ အပေါ်ယံကြည့်ရင်တော့ တစ်ဦးချင်းရဲ့ ကောင်းကျိုးဖြစ်သလို သေချာတွေးကြည့်ရင် လူတစ်ဦးချင်းစီ စုပေါင်းထားတဲ့ လူသားအစုအဝေး ကျွန်မတို့ရဲ့ ပတ်ဝန်းကျင် အနာဂတ်ကောင်းကျိုးပဲ ဖြစ်ပါတယ်။
(ဟနစံ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More