သားငယ္စကာၤပူမွ
တစ်ခေါက်ပြန်လာစဉ်က Gilletteမုတ်ဆိတ်ရိတ် ကိရိယာတစ်ခုကို ပေးသွားခဲ့သည်။ ကိုယ့်မှာလည်း
အိန္ဒိယ လုပ်ပဲလားမသိ ဓါးသွားနှစ်ချောင်းပါ မုတ်ဆိတ်ရိပ်”ဂျုတ်”တစ်ခု ရှိနေသေးသည်နှင့်
သူ့ပစ္စည်းကို မသုံးဖြစ်ခဲ့ ဟိုတစ်လောကတော့ ကိုယ့်ကိရိယာ ဓားသွားအသင့် မရှိသည်နှင့်
သူပေးခဲ့သည့် ဂျုတ်ကိုပင်ထုတ်ပြီး သုံးနေမိသည်။ အတော်လေးတော့ အသုံးခံပါသည်။ နှစ်လလောက်ဘဲ
ကြာလေမည်လား မသိတော့ပါ။ အတန်ငယ်တုံးသလိုလို ရှိလာသည်နှင့် ဓားသွားအသစ်တစ်ကပ်လောက် ၀ယ်ဦးမှပါလေဟု
အောက်မေ့ပြီး စတိုးဆိုင်ကြီးတစ်ခုတွင် ၀င်ပြီးမေးကြည့်လိုက်တော့ ဓားသွားငါးခုပါ တစ်ကဒ်ကို
၆၂၅ ကျပ်ဆိုဘဲ။ ကိုယ်သုံးနေကျ ဓားသွားကို လမ်းဘေးဆိုင်တစ်ဆိုင်မှာ မေးကြည့်တော့ ဓားသွား
ငါးခုရော ဂျုတ်ပါ တစ်စုံ ၁၅၀ ကျပ်။ အပေါဆုံးလို့ဘဲပြောပြော အဲသည် အပေါစားဓားသွားကလည်း
တစ်ချောင်းဆိုလျှင် နှစ်လလောက်တော့ သုံးရသည်ပင်။ မုတ်ဆိတ် ပြောင်ပြောင်စင်စင် ရိတ်လို့ရလျှင်ပြီးတာဘဲဟု
အောက်မေ့ပြီး အပေါစား ဓါးသွားကိုပင်ဝယ်ပြီး သုံးလိုက်ပါသည်။
” ဘာအရေးကြီးသလဲ”
ဘယ်ဟာကပဓါနကျသလဲ” ဆိုသည်ကို ချင့်ချိန်လိုက်ခြင်းမျှသာ ဖြစ်ပါသည်။ သို့သော် သာမန်အားဖြင့်
ကြည့်လိုက်မည်ဆိုပါလျှင် သားငယ်ပေးခဲ့သော Gilletteက စတိုင်ကျရိုး လှရိုးအမှန်ဖြစ်သည်။
အသုံးပြုရာတွင်တော့ဖြင့် ကျွန်တော့်အဖို့ ဘာမှထူးထူးခြားခြား ပိုမိုကောင်းမွန်သည်မထင်မိပါ။
အတူတူပါဘဲ အသုံးခံသည့် ကာလအပိုင်းအခြားလည်း အတူတူပါဘဲ။ မထူးလှပါ။ သို့သော်သားငယ်ပေးလိုက်သည့်
ပစ္စည်းကတော့ ပို၍ နာမည်ကြီးပါပေသည်။ ပုံစံကလည်း ဆန်းသစ်ပါသည်။ အဲဒီ ၆၂၅ ကျပ် ထဲတွင်
ကျွန်တော်သိအောင် ကျွန်တော်မျက်စိကျအောင် လုပ်ပေးနေသည့် ကြော်ငြာခ ဘယ်လောက်များ ပါနေသေးသည်ကိုလည်း
ဝိုးတိုးဝါးတား လှမ်းပြီး တွေးလိုက်မိသေးသည်။
တစ်ခါက(ကျွန်တော်
ခပ်ငယ်ငယ်က) ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ခဲ့မိဖူးသည်။ သွားတိုက်ဆေးတစ်ဘူးကို ငွေ ၁၀
ကျပ် ပေးပြီး သုံးလိုက်မည်ဆိုကြပါစို့ သူ၏ တကယ့်တန်ဖိုးမှာ ၁ ကျပ်သာလျှင် ဖြစ်သည်။
၉ ကျပ်မှာ သင်ဝယ်သုံးနိုင်အောင် ကြော်ငြာရသော စရိတ်ဖြစ်သည်ဆိုပဲ။ ထို့ကြောင့် အထက်ပါအတိုင်း
တွေးလိုက်မိခြင်းဖြစ်သည်။
” ဘာအရေးကြီးသလဲ
” ဘယ်ဟာပဓါန ကြသလဲ” ဆိုသည်ကို တွေးမိဖို့ မလွယ်ပါ။ တွေးမိသည့်အတိုင်း လိုက်နာကျင့်သုံးဖို့ဆိုသည်ကတော့
မလွယ်ရုံသာမဟုတ် အတော်ကြီးကို ခက်သည်ဟု ထင်မိပါသည်။
ထိုအခါကျတော့မှ
ဗုဒ္ဓမြတ်စွာ ဘုရားသခင်ကို အံ့သြကြည်ညိုခြင်း အသစ်ဖြစ်ရပြန်ပါသည်။
ဘု၇ားရှင်ကျင်လင်ခဲ့ရာ
အိန္ဒိယဒေသဆိုသည်မှာ ဇတ်နိမ့် ဇတ်မြင့် အလွန်ခွဲခြားသော၊ အလွန်လည်း အစွဲအလန်းကြီးသော
ပတ်ဝန်းကျင်ကြီးဖြစ်ကြောင်း အထူးပြောစရာမလိုပါ။ ထိုသို့ အစွဲကြီးသော လူတွေကို သူ၏(သံဃာ)
အဖွဲ့အစည်းကြီးအတွင်းသို့ တစ်ပြေးညီ ၀င်ရောက်နေထိုင်ကြအောင် သိမ်းသွင်းလိုက်ခြင်းဖြစ်သည်ပင်
အံတပါးဖြစ်နေကြောင်း ကျွန်တော်က အထူး ”ဂုဏ်ဖော်” ပြောမနေသင့်တော့ပါ။ ကျွန်တော်တို့တတွေ
စဉ်းစားပုံစဉ်းစားနည်းနှင့် ပတ်သတ်ပြီး သွန်သင်နေသော ကိစ္စတစ်ခုကိုသာ တင်ပြလိုက်ရပါတော့မည်။
ပရိက္ခရာ ရှစ်ပါးအကြောင်းကို ကျွန်တော် စဉ်းစားမိသလို တင်ပြလိုက်ပါရစေ။
ဘုရားရှင်က …….
မင်းတို့ကွယ်
မဂ်ဖို ရရာရကြောင်းကိုသာ ပဓါန ထားကြကွဲ့၊ ကျန်တဲ့ မဂ်တရားပြင်ပ( ဗာဟီရ)ကိစ္စတွေကို တစ်စမကျန်အောင်
တတ်နိုင်သမျှ လျှော့ချပစ်လိုက်ကြစမ်း၊ ကုန်ကုန်ပြောလိုက်မယ် မင်းတို့ တသသ လုပ်နေကြတဲ့
ဆံပင်တွေ၊ မုတ်ဆိတ်တွေကို ရိတ်ပစ်လိုက်ကြစမ်း။ ကိစ္စတစ်ခု ပြုတ်သွားတာပေါ့ကွယ်၊ ခေါင်း
လျှော်ရတာတွေ၊ ခေါင်းဖြီးရတာတွေ၊ ဆီလိမ်းရတာတွေ ငြိမ်းသွားတာပေါ့၊ အဲဒါအတွက် သင်တုန်းဓါးလေး
တစ်ချောင်းတော့ ဆောင်ထားကြကွဲ့။
နောက်ပြီး အ၀တ်အစားဆိုတာကလည်း
တယ်ပြီး အလုပ်ရှုပ်တာကလား၊ ဒါတွေနဲ့ ပတ်သတ်ပြီး အလုပ်ရှုပ်ရုံမကဘူး၊ မာန်တတ်ရတာနဲ့
ပြိုင်ရဆိုင်ရနဲ့ ဘယ်လိုမှ ကောင်းတာမဟုတ်ပါဘူး၊ အ၀တ်အစားဆိုတာမျိုးက အချမ်းအအေးလုံရင်၊
အရှက်အကြောက်ကို ဖုံးလွှမ်းနိုင်ရင် တော်ရောပေါ့၊ အဲဒီတော့ ခါးဝတ်တစ်ထည် ကိုယ်ရုံတစ်ထည်၊
အဲ…အေးတဲ့အခါမှာ ချုံဖို့၊ ခင်းဖို့ထိုင်ဖို့ အ၀တ်ထူကြီးတစ်ထည်လောက်ပါဆိုရင် လုံလောက်ပြီ။
အဲဒီ အ၀တ်မျိုးတွေကိုလဲ ရှည်ရှည်ဝေးဝေး ကြံဖန်ပြီး ရှာမနေကြပါနဲ့။ သင်္ချိုင်းကုန်းမှာ စွန့်ကြပစ်ကြတဲ့ အ၀တ်တွေ ရှိသား၊
သွားပြီးကောက်ယူပေါ့၊ အစတွေက အပိုင်းပိုင်းအထွာထွာတွေ ဖြစ်နေပြန်ရင်တော့လဲ စပ်ပြုပြီး
ချုပ်တန်ချုပ်ရမှာပေါ့၊ ဒီတော့ အပ်ကလေးတစ်ချောင်းလောက်ကို ဆောင်ထားကြပေါ့။ အဲဒီအ၀တ်တွေကလည်း
အရောင်အသွေး အမျိုးမျိုးဖြစ်ချင်ဖြစ်နေမှာကိုး၊ ဒီတော့ တစ်ရောင်တည်း ဖြစ်သွာေးအာင်
သစ်ခေါက်အရောင်ရင့်ရင့် ကြီး ဆိုးပစ်လိုက်ကြကွယ်။
စားတာသောက်တာအတွက်လည်း
အရသာတွေ ဘာတွေကို ဘာမှအာရုံထားမနေကြနဲ့တော့၊ အသက်မသေရုံ မဂ်တရားကို ပွားများနိုင်ရုံသာ
အာရုံပြုပြီး စားကြ၊ အဲဒီလို စားဖို့ကတော့ လွယ်ပါတယ်၊ တောင်းစားကြတာပေါ့ကွယ်။ တောင်းဖို့ကတော့
ခွက်တစ်လုံးလောက်ကိုတော့ ဆောင်ထားကြ၊ ဘာကိုပဲပေးပေး မသေရုံလို့ သဘောထားပြီး စားကြ။
ကိုယ်ကတောထဲမှာ
သွားနေရမှာမဟုတ်လား ဒီတော့ ရေကောင်းရေသန့်ကလေး အလွယ်တကူ ရဖို့တော့ လိုတယ်။ တွေ့ရာချောင်း၊
မြောင်း၊ ရေကန်မှာ အလွယ်တကူရယူနိုင်အောင် ရေစစ်ကလေးတစ်ခုတော့ ဆောင်ထားကြ။
သစ်တစ်ပင်ရင်း၊
ဝါးတစ်ပင်အောက်မှာ ထိုင်ပြီးတော့သာ မဂ်ကိစ္စပြီးအောင်လုပ်ကြ၊ အောက်က မြေပြင် မညီညွတ်ဖြစ်နေရင်
အလွယ်တကူ ခင်းထိုင်လို့ရအောင် သားရေနယ်ကလေး တစ်ချပ်လောက်တော့ ဆောင်ထားကြ။ အဲဒီ ရှစ်မျိုးရှိရင်
လုံလောက်ပါပြီ။ ဘာမှအပိုချဲ့မနေကြနဲ့တော့၊ ကြားကြလား….
ဤသို့အားဖြင့်
သင်းပိုင်၊ ဧကသိ၊ ဒုကဋ္ဋ်၊ အပ်၊ သပိတ်၊ သင်ဓုန်းဓါး၊ ရေစစ်၊ သားရေနယ် တည်းဟူသော ပရိက္ခရာရှစ်ပါးကို
သတ်မှတ်ပေးထားခဲ့သည်ဟု ကျွန်တော် စိတ်ကူးမြင်ယောင်ကြည့်မိပါသည်။ ရဟန်းတော်တို့၏ တစ်ခုတည်းသောအလုပ်မှာ
မဂ်ကိစ္စပြီးရန်သာ ဖြစ်လေရာ ထိုကိစ္စမှာ တစ်ပါးသောကိစ္စဆိုလျှင် ပြင်ပ(ဗာဟီရ) ကိစ္စများသာလျှင်
ဖြစ်နေပါတော့သည်။ ကျွန်တော်တို့က လူဝတ်ကြောင်များသာဖြစ်သည်။ မဂ်ဖိုလ် ကိစ္စကိုလည်း ကျင့်ကြံနေကြသည်မဟုတ်ပါ။
ကျွန်တော်တို့နှင့် ပရိက္ခရာ ရှစ်ပါး ဘာများပတ်သတ်နေပါသနည်း ဟု မေးစရာရှိပါသည်။
ကျွန်တော်ပြောပါမည်။
ကျွန်တော်က ကျောင်းဆရာတစ်ယောက်ပါ။
ကျောင်းသားငယ်လေးများနှင့် မပြတ်ထိတွေ့နေရပါသည်။ ကျောင်းသားများ၊ အထူးသဖြင့် ကျောင်းသူများ၏
ခဲတန်ဘူးကလေးများကို ကောက်ပြီး ဖွင့်ကြည့်လိုက်လျှင် ဘောလ်ပင်လေး ငါးချောင်းလောက်ပါသည်။
ခဲဖျက်က နှစ်တုံးလောက်ပါတတ်သည်။ မင်ပိတ်ဆေးဘူးက နှစ်ချောင်းလောက်ပါတတ်သည်။ အားလုံးမှာ
လှလို့ဆန်းလို့ ၀ယ်ထားတာတွေချည်း ဖြစ်သည်။ အသုံးလိုလို့( မရှိမဖြစ်လို့) ၀ယ်ထားတာမဟုတ်။
ပေါ်လာလိုက်ရင်း ၀ယ်လိုက်မိသည်ကိုပင် ပြန်ပြီး စဉ်းစားချိန်မရလောက်အောင် ဖြစ်လာကြသည်ဟု
ကျွန်တော်ထင်မိသည်။
ကလေးတွေတင်ပဲလားဟု
စဉ်းစားကြည့်လိုက်တော့ လူကြီးတွေလည်း တယ်ပြီး မထူးလှဟု အောက်မေ့မိသည်။ မော်တော်ကား”
မိုဒယ်” ဆန်းဆန်းကို အငန်းမရ လိုချင်သူတွေ၊ နာရီပုံဆန်း ပုံသစ်ကို ပတ်ပြီး ဟန်ရေးတပြပြ
လုပ်ချင်သူတွေလည်း ပဓါနအချက်ကို မြတ်ခြည်ပြတ်ကုန်ကြသည် ဟု ထင်နေမိသည်။
ကျွန်တော်တို့
နိုင်ငံတွင် တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလိုက်တော့ လူသုံးကုန် ဆန်းဆန်းပြားပြားတွေကလည်း
ဒလဟော ၀င်လာလိုက်သည်မှာ မြင်မကောင်း ရှုမကောင်းဟု ပြောရလောက်အောင်ပင် ဖြစ်နေလေတော့သည်။
သည်တော့ ကျွန်တော်တို့ လူစုကလည်း ၀ိုင်းလိုက် ငမ်းလိုက်ကြသည်မှာ မြင်မကောင်း ရှုမကောင်းလို့ပဲ
ပြောလိုက်ပါရစေတော့။
ထိုထိုသော ကုန်စည်များကြောင့်
သက်ရောက်လာလိုက်သော အကျိုးဆက်များအကြောင်းကို ကျွန်တော်မရေးလိုသေးပါ။ ကျွန်တော် ဆောင်းပါးဦးတည်ချက်ကိုပဲ
ပြန်ပြီး ကောက်ပါရစေ။ ဘုရားရှင်ကျင့်သုံးတော်မူပုံကို ပြန်ပြီးကြည့်လိုက်မည်ဆိုလျှင်
မဂ်ကိစ္စဆိုသည်ကို မပြတ်ကြစေရန် သတိပေးထားသည်။ မရှိမဖြစ် အလိုအပ်ဆုံးကိုသာလျှင် ဆောင်ထားစေသည်။
ပြင်ပကိစ္စ နည်းနိုင်သမျှ နည်းသွားစေရန် ချုံ့ပစ်လိုက်သည်။
ကျွန်တော်တို့
ဘ၀ပန်းတိုင်သို့ သွားကြရာတွင်ကော သည်လိုလုပ်လို့ မဖြစ်နိုင်ဘူးလား၊ ဖြစ်နိုင်သည်ဟု
ကျွန်တော်ယုံကြည်သည်။ အရေးကြီးသည်က ပစ္စည်းတစ်ခုကို ၀ယ်မည် ကြံလိုက်တိုင်း ”ငါ့မှာ တကယ်လိုအပ်တာလား”
ဆိုတာလေးကို သတိတရဖြစ်ပြီး မေးကြည့်မိဖို့ပဲ ဖြစ်သည်။
တိုင်းတစ်ပါးရောက်
ငွေရှာနေကြသည့် လူငယ်လေးများကို အလွန်သနားမိသည်။ လူတွေက သူတို့တစ်တွေ ငွေထုပ်ပိုက်လာသည်ကိုသာ
မြင်ကြသည်။ အခါကြီးရက်ကြီးကို ရောက်လာလိုက်တိုင်း အသည်းအူ ပြောင်းပြန်လန်ခမန်း ကိုယ့်မွေးရပ်ဋ္ဌာနီဆီမှန်းပြီး
လွမ်းမျက်ရည်ဝေ့ကြရရှာသည့် ခမျာများ၏ နှလုံးသားကို မှန်းကြည့်နိုင်သူ အလွန်နည်းသည်။
အလုပ်ရှင်(ဘောစ်)၏ ပြောပေါက်ဆိုပေါက်ကို ခံပြင်းလှသောကြောင့် ပါးပိတ်ရိုက်ပစ်ချင်ပါလျှက်
အမျက်နှင့် မာနကို မျိုချလိုက်ရသည့် သူတို့လေးတွေ အသွင်ကို မှန်းမြင်နိုင်သူ အလွန်နည်းသည်။
ကျွန်တော်ကတော့ သူတို့ကို သနားသည်။
”မျက်နှာအောက်ချ၊
မျက်ရည်စ”နှင့် ရှာထားရ ဖွေထားရသည့် ငွေကြေးစကို ကြားထဲက နှမြောသည်။ ထို့ကြောင့် ဘုရားရှင်၏
”ပရိက္ခရာ အတွေး”ကို ရေးလိုက်ရသည်။
အောင်သင်း
ရွှေမော်ကွန်း
မဂ္ဂဇင်း( အမှတ်-၁၁ )
ဧပြီလ၊ မေလ
0 comments:
Post a Comment