အလုပ်နှင့် လူဝါးဝလျှင်

thardu

 သိပြီးဖြစ်ကြသည့်အတိုင်းပင် ပျော့ညံ့ညံ့ ခပ်အေးအေး လေပြေကလေးထိုးကာ ရာထူးသည်သာ အဓိကထားနေကြသော သူ့ကျွန်ဘဝ နိုင်ငံရေးခေတ်တွင် ဝုန်းခနဲ ဒိုင်းခနဲ ရဲရဲတောက် ကြွေးကြော်သံဖြင့် 'တို့ဗမာ အစည်းအရုံး' ဟူ၍ ပေါ်ပေါက်လာသောအခါ နိုင်ငံရေးလောကသာမက ပုဒုမ္မာအင်္ကျီတစ်ထည်၊ လင် မနစ် ထဘီတစ်ကွင်း၊ ပဝါတစ်ပိုင်း၊ ပေါ်ပလင် တိုက်ပုံတစ်ဝတ်စာ၊ ခရုပလေ ကပ်လုံချည်တစ်ထည်နှင့် ရှပ်အင်္ကျီရလျှင် ရွေးကောက်ပွဲ မဲထည့်ရန် လိုက်တတ် ကြသော အရပ်သားလောကတွင်ပင် အပြင်းအထန် လှုပ်ရှားသွားခဲ့၏။

လေပြေကလေး တဖြည်းဖြည်း တိုက်နေရာမှ မသိမသာ တအီအီပြင်းလာ မည်၊ ကောင်းကင်အနေအထား၊ အသွေးအရောင်ပါ ပြောင်းလဲလာမည် ဆိုပါက ကမ္ဘာ့နည်းအရ လည်းကောင်း၊ ဗမာ့နည်းအရ လည်းကောင်း လေမုန်တိုင်းကျမည်လော၊ လေသင်ဓုန်းလော၊ လေဝဲကတော့လော စသည်ဖြင့် ကြိုတင်အကဲ ခတ်နိုင်ကြသည်။ နောက် လေရောမိုးပါ အပြင်းအထန် တိုက်ခတ်လာသည့်တိုင် အောင် ထိတ်လန့် စိုးရွံ့မှုသည်လည်း သူ့အရှိန်နှင့်သူ ဖြစ်ခဲ့၍ အတော်အတန် ခံသာမည်။

တို့ဗမာ အစည်းအရုံး ဟူ၍ ပေါ်လာသည်မှာကား လေမဆင်အသွင်သော်မှ မပြဘဲ ဒိုင်းခနဲ့ပေါ်လာသော မိုင်တစ်ရာနှုန်းမက ပြင်းထန်လှသည့် မုန်တိုင်း သဖွယ် ကြောက်ခမန်းလိလိ ရှိလှချေ၏။

မမြင် မသိ မကြားမိသေးသူတို့ သဘောပေါက် ခေါက်မိစေရန် ထပ်မံ ဖော်ပြရသော် ထိုစဉ်အခိုက်က အုပ်စိုးကြသူ အင်္ဂလိပ်တို့အား 'အရှင် သခင်' ဟု ခေါ်ဝေါ်သမုတ် လက်အုပ်ချီနေကြချိန်၊ တို့ဗမာအစည်းအရုံးဝင်များက နာမည် ထိပ်တွင် 'သခင်' တပ်လိုက်သောအခါ အရှင်သခင်ဟု အခေါ်ခံရသည်ကို အရသာတွေ့နေကြသော အင်္ဂလိပ်များသည် လည်းကောင်း၊ သူတို့၏ လက်ပါး စေ ဗမာအရာရှိများသည် လည်းကောင်း အောင့်သက်သက်နှင့် ပျာယာခတ်ကုန် ကြတော့၏။ သူတို့ တစ်တွေအား 'သခင်' ဟု ဆက်ဆံခေါ်ဝေါ်ခြင်းကိုပင် တားမြစ်လာကြ၏။ သခင်အမည်ကြောင့် ပွဲဦးထွက် အမြတ်ထွက်လာ၏။

'ကိုယ့်ပစ္စည်းကို ဓားပြတိုက်ခံရတဲ့အခါ မျက်နှာချိုသွေးပြီး လက်ဖြန့် တောင်းလို့ ဘယ်တော့မှ ပြန်မရဘူး၊ တိုက်ယူရမယ်။ ခု မြန်မာပြည်ကို အင်္ဂလိပ် က ဓားပြတိုက်ယူထားတယ်၊ အဲဒါ ဘာလုပ်ကြမလဲ' ဟူသော တရားဟောသံ သည်လည်း ကြောက်ဖွယ်အတိ ဖြစ်သွားခဲ့၏။

'နေမဝင်သော အင်ပါယာနိုင်ငံကြီး' ဟု ကမ္ဘာတစ်ဝက်ကျော်ကို စိုးမိုးအုပ် ချုပ် မင်းလုပ်နေသော ဂျော့ဘုရင်ပုံ တံဆိပ်ခေါင်းကိုသာ စာအိတ်တွင် ဇောက် ထိုးကပ်ကာ 'ခွေးခေါင်း ပြောင်းပြန်ကပ်လိုက်သည်' ဟု စာတန်းထိုး၍ စာတိုက် မှ ထည့်လိုက်သောကြောင့် သခင်လှမောင် အဖမ်းခံရ၏။

ထိုမျှ ပြင်းထန်စွာ နိုင်ငံရေးအားဖြင့် လှုပ်ရှားပုတ်ခတ်လိုက်သောကြောင့် သခင်လှမောင် တစ်ယောက် သက်သာတော့မည်မဟုတ်၊ 'ဂျပန်သူလျှို' ဟူသော စာအုပ်ကို ဖတ်ထားဖူးသည်ဖြစ်၍ ဂျပန်များက တရုတ်ပြည်၊ ကိုရီးယား စသည့် နိုင်ငံတို့တွင် နိုင်ငံရေးအကျဉ်းသားများအား မည်သို့နှိပ်စက်ပုံကို သာဓု သဘော ပေါက်ထား၍ ထိုအတိုင်းပင် သခင်လှမောင် ခံရချေတော့မည်ဟု တွေးပူ စိုးရိမ်မိ ခဲ့သော်လည်း အင်္ဂလိပ်တို့သည် ထိုမျှ မရက်စက်ဘဲ ထောင်ချရုံသာ အပြစ်ပေး လိုက်၏။

'သခင်ပေါက်စ ထောင်ခြောက်လ၊ အမေကမွေး ထောင်ကကျွေး'

သို့အလျောက်လည်း သာဓုသည် ရန်ကုန်မြို့လယ် ကုန်ဈေးတန်းလမ်းတွင် 'ရန်ကုန်အလယ်ပိုင်း တို့ဗမာ အစည်းအရုံး' ဟူ၍ စတင်တည်ထောင်စဉ်က အတော်လေး အခက်အခဲတွေ့ခဲ့ရ၏။ ထိုလမ်းသည် လည်းကောင်း၊ ထိုလမ်း တစ်ဝိုက်သည် လည်းကောင်း လက်လီလက်ကား ကုန်သည်ပွဲစား၊ သူဌေးများ၏ ရပ်ကွက်ဖြစ်သောကြောင့် သာဓုအိမ်တွင် ဆိုင်းဘုတ် တင်လိုက်သည်နှင့် ထိုနေ့ မှစ၍ သာဓု စားပေါက်ပိတ်လေတော့၏။

အဖြစ်သည်ကား ထိုစဉ်က သာဓုမှာ ဆရာဝန်ကိုမြဆေးတိုက်တွင် လခစား အလုပ်ကလေးဖြင့် ကသီလင်တ တစ်လနှင့်တစ်လ အလျဉ်မီအောင် စားနေရ၏။

ကြားပေါက်အနေဖြင့် ထိုထိုဤဤ ကုန်သည်များ၊ သူဌေးများက ရုံးကိစ္စ၊ စာတိုက်ကိစ္စ၊ သင်္ဘောဆိပ်၊ မီးရထား စသည်များကိစ္စ ခေါ်ခိုင်းလျှင် အပိုဝင်ငွေ ကလေးဖြင့် သုံးရ၏။ အင်း တို့ဗမာအစည်းအရုံးထောင်၍ သခင်လုပ်သောအခါ သူတို့တစ်တွေက မခိုင်းချင်ကြ။ သာဓုကို ခိုင်းလျှင်၊ ခေါ်ပြောဝင်ထွက် လုပ် လျှင် သခင်တွေကို အားပေးသည်ဟု အထင်လွဲခံရမည် ကြောက်ကြ၏။ သာဓု လည်း မူလကပင် တွက်ပြီးသားဖြစ်၏။ သခင်လုပ်လျှင် အလုပ်သော်လည်း ပြုတ်ချင်ပြုတ်မည်။ အရပ်ကလည်း ဆေးဖော်ကြောဖက် လုပ်သော်မှ လုပ်မည်။ မည်သို့ဖြစ်စေ ဤနစ်နာမည့်အချက်များကို သာဓု၏ ယုံကြည့်ချက်နှင့် မလဲနိုင်။ အလုပ်မှာမူ မပြုတ်ရုံသာမက ဆရာဝန် ကိုမြဆေးတိုက်ပိုင်ရှင် ဦးအေးကျော်က လခပင် တိုးပေးလိုက်သေးသည်။ ရန်ပုံငွေလည်း ကျိတ်၍ပေးသည်။ အခြား သော ကုန်သည် သူဌေးတို့ကသော် ရွံ့ရွံ့အယ်အယ် ဖြစ်ကုန်ကြသည်။

စင်စစ် မလွယ်လှ။ သခင်အစည်းအရုံး စတင်ထူထောင်စက ကျောင်းသား သူငယ်ချင်းအချို့နှင့် သေတ္တာလုပ်သော လက်သမား၊ စက်ချုပ်သူ စသည်ဖြင့် လက်တစ်ဆုပ်စာမျှသာ ပါသည်။ သို့တိုင်အောင်လည်း ဝင်ကြေး တစ်မတ် မပေးနိုင်ကြသဖြင့် သာဓုက စိုက်ရသည်။ စာအုပ်စာတမ်း စသည့် လိုအပ်သော ပစ္စည်းများ ဝယ်ရန် ငွေမရှိ။ ရာဘာတံဆိပ်တုံးပင် မလုပ်နိုင်သေး။

သာဓု ငှားနေသော အိမ်မှာ တစ်လ ၂၂ ကျပ်ခွဲ ပေးရပြီး ရပ်ကွက် ဘာသာ ရေးအသင်းတစ်ခုမှ ပစ္စည်းအချို့ထားခအဖြစ် တစ်လ ၁ဝ ကျပ် ပေးသည်။ တို့ဗမာ အစည်းအရုံး ဆိုင်းဘုတ်တင်သောအခါ ထိုဘာသာရေးအသင်းက 'အစိုးရ အထင်လွဲမည် စိုးသည်' ဟု အကြောင်းပြကာ အခြားသို့ ပစ္စည်းများ ရွေ့သွားသဖြင့် သာဓုတွင် ပြဿနာ တက်ရပြန်၏။

ရံပုံငွေ ရှာရပေတော့မည်။ အလှူလိုက်ခံပြန်လည်း သခင်ဆိုလျှင် ချစ်သော် လည်း တစ်ဖက်မှ ငြိုငြင်မည်ကို ကြောက်၍ ရဲရဲဝံ့ဝံ့ ပေးလှူကြမည်မဟုတ်။ သဘောပေါက်အောင် ပြောဟော အလှူခံလျှင် အနည်းအကျဉ်း အားနာပါးနာ ပေးကြမည်။ သို့သော် အချိန်ကုန်မည်၊ အာပေါက်အောင် ပြောရမည်။

သာဓု အကြံတစ်ခုရလာသည်။ သာဓုနှင့်ခင်သော သာဓုကိုချစ်သော သိမ် ကြီးဈေးသူဌေး၏ တူတော်သူ၏ အကူအညီဖြင့် အမှိုက်ကျုံးသောလှည်း၊ တံမြက်စည်း၊ ခြင်းတောင်းများ သိမ်ကြီးဈေးမှ ခေတ္တငှားပြီး တစ်နေ့သော အား လပ်ရက်၌ လမ်းထဲရှိ အမြင်မတော်သော အမှိုက်များ တောင်းစုတ် သေတ္တာပျက် များကို ရှင်းလင်းလှည်းကျင်းကြ၏။ ရေဝပ်နေသော ချိုင့်များမှ ရေများ ခပ်ထုတ် ခြင်းများ ပြုလုပ်ကြ၏။ မြူအဖွဲ့မှ နေ့စဉ် တံမြက်စည်းလှည်းသော်လည်း လမ်း မှာ ကုန်သည်ရပ်ကွက်ဖြစ်သောကြောင့် အချိန်ရှိသရွေ့ စက္ကူ၊ ကောက်ရိုး၊ ဖက်၊ လွှစာ စသည်တို့ဖြင့် အမြဲလိုလို ပွနေတတ်၏။

ထိုနေ့က သာဓုတို့ သခင် သခင်မတစ်စု အမှိုက်လှည်းကြသည်ကို ရပ်ကွက်က အလွန်ကျေနပ်သွားကြကာ ကြံရည်ဝယ်တိုက်ကြသည်။ အချို့က နို့ထမင်း ကျို၍ကျွေးသည်။ အချို့ကလည်း မုန့်ဝယ်စားကြ၊ လက်ဖက်ရည် သောက်ကြဟုဆိုကာ ငါးမူး တစ်ကျပ် ပေးကြသည်။ ထိုငွေများကို အားလုံး သဘောတူ သခင်ရန်ပုံငွေအဖြစ် သိမ်းထားကြသည်။

သာဓုတို့ နယ်ချဲ့ကြလေပြီ။ နောက် အားလပ်ရပ်များတွင် ကုန်ဈေးတန်း သာ မကတော့ဘဲ အခြားသော ၂၅ လမ်း၊ ၂၆ လမ်း၊ ၂၇ လမ်း အပြင် သိမ်ကြီး ဈေးသို့ပါသွားကြပြီး တံမြက်စည်းလှည်းကြသည်။ အမှိုက်ကျုံးကြသည်။ ပေရေ နေသော ဆိုင်းဘုတ်တွေ့သမျှ ဆေးကြောပေးခြင်း ဖုန်ခါခြင်းများ ပြုလုပ်ပေးကြ သည်။ သို့သော် ယောင်၍မျှ အလှူမခံကြ၊ စေတနာနှင့် ကျွေးသည်ကိုသာ စား၍ မေတ္တာဖြင့် ပေးသောငွေကိုသာ လက်ခံပြီး ရန်ပုံငွေစုကြရာမှ ကြာသော် ဆင်းရဲ သော သခင်သခင်မများကိုပင် ပင်နီအင်္ကျီများ ချုပ်ပေးနိုင်သည်အထိ ငွေတောင့် လာရုံသာမကသေး။ သာဓုတို့လုပ်ဆောင်ချက်ကို အားကျလာကြသည့်အတိုင်း လူတန်းစားတိုင်း ကြည်နူးလက်ခံလာသည့် လုပ်ငန်းဖြစ်၍ တစ်ကြောင်း စိတ်ပါ ဝင်စားလာကြကာ သခင်ဟူစိန် (ယခု မောင်ထော်လေးလမ်းထိပ်၊ ဟိုတယ် ဒီစီး တီး ပိုင်ရှင်)၊ သခင်အလီ (သိမ်ကြီးဈေး သတင်းစာကိုယ်စာလှယ်)၊ သခင် အကျုတ် (ယခု လူဝင်မှုကြီးကြပ်ရေး)၊ သခင်ရဖစ် (သိမ်ကြီးဈေးထိပ် သစ်သီးဆိုင် သူဌေးသား) စသည်ဖြင့် အတော်များများပင် သခင် အစည်းအရုံး ဝင်များ ဖြစ်လာကြသည်။

သခင်အစည်းအရုံး စတင်ကတည်းက ပါဝင်ခဲ့သော ကုန်ဈေးတန်းဦးညို၊ ဒေါ်မိုး ပိုးထည်ဆိုင်ပိုင်ရှင် သားများဖြစ်သည့် သခင်ကိုကိုကြီး (ယခု ရန်ကုန် မီးရထားရုံး ငွေစာရင်းဌာန၊ ဦးကိုကိုကြီး)၊ သခင်တင်မောင် (ယခု ကုန်သွယ် ရေး ၁၈) ဦးသန်းထွန်းတို့ကလည်း ထီး၊ ဆပ်ပြာသူဌေး အီးစီမဒါးသားများ သခင် အက်စ်စီမဒါး၊ သခင်အက်စ်အီးမဒါး စသည်ဖြင့် အစည်းအရုံးဝင်ဖြစ် အောင် စည်းရုံးနိုင်ခဲ့ကြ၏။ တံမြက်စည်းလှည်းရာတွင်လည်း သူတို့အားလုံး ပါကြသည်။

လမ်းထဲတွင် အရင်းရှင်အဆန်ဆုံး၊ ဘုရင်ခံ နန်းရင်းဝန်အသစ်လဲတိုင်း၊ နေရပ်ပြန်ကြတိုင်း ထူးထူးခြားခြား လက်ဆောင်ပေးရသည်ကို အလုပ်တစ်ခု အဖြစ် ဂုဏ်ယူလေ့ရှိသော ကုန်သည်ကြီးတစ်ဦးသည်ကား သခင်ဆိုလျှင် အလွန် မုန်းချေ၏။ တစ်နေ့သော် သာဓုတို့သခင်တစ်စု အမှိုက်လှဲရင်းက ပေရေညစ်ပတ် နေသော သူ၏ မော်တော်ကားကို ဝိုင်းဝန်းရေဆေး သုတ်သင်နေကြခိုက် သူ တိုက်ပေါ်မှ ဆင်းအလာနှင့် ကြုံသွားကာ အလွန်ကြည်နူးအားရသော အပြုံးဖြင့် သာဓုကိုခေါ်ကာ ငွေနှစ်ကျပ် ထုတ်ပေး၏။ ထိုစဉ်က နှစ်ကျပ်သည် စွပ်ကျယ် အင်္ကျီရှစ်ထည်နှင့် ညီမျှ၏။

နောက်ပိုင်းတွင် သခင်များအပေါ် စေတနာပြင်းပြလာသူများ၌ ဦးဆင် ဒေါ်ဌေး၏သား ဦးမောင်မောင်၊ စိန်ဘရားသား ဦးထွန်းစိန်တို့လည်း ပါဝင်၏။ အထက်ပါ ကုန်သည်ကြီးများ ငွေနှစ်ကျပ်လှူသည့်ကိစ္စ ဦးမောင်မောင်တို့အား ပြောပြလိုက်ဖူးရာ တစ်ညနေတွင် သာဓုတို့သခင်များ အခါအားလျော်စွာ လိုအပ် လျှင် လိုအပ်သလောက် ကူညီတတ်သူ ဦးဘိုးငြိမ်းကုမ္ပဏီပိုင်ရှင် ဦးသံဒိုင်၏ ဆိုင်အတွင်းဝယ် ဦးမောင်မောင်နှင့်အတူ စောစောက ရေးခဲ့သည့် သခင်မုန်းသူ ငွေနှစ်ကျပ်အလှူရှင် သူဌေးတို့ မြူရွေးကောက်ပွဲကိစ္စ တိုင်ပင်ဆွေးနွေး နေကြရာ မှ စကားစပ်မိသွားကြကာ ဦးမောင်မောင်က

'ဘယ့်နှယ်လဲဗျ၊ ခင်ဗျား သခင်တွေ မုန်းတယ်၊ အမြင်ကတ်တယ်နဲ့ ငွေ နှစ်ကျပ်တော့ အလှူပါသွားပြီ မဟုတ်လား' ဟု မေးလိုက်ရာ

'အေးဗျာ၊ ဟိုခွေးကောင် သခင်ဖေသန်းလေး၊ ကျုပ်စိတ်ဓာတ်ကို အလုပ်နဲ့ အနိုင်ယူသွားတယ်'

သူ၏ နောက်ကျောဘက် ခပ်လှမ်းလှမ်းတွင် သူမုန်းသော သခင်ဖေသန်း လေး (သာဓု) တစ်ယောက် ရေဝင်သောက်နေသည်ကိုကား သူမမြင်။

(သာဓုလူဝါးဝတယ် စာအုပ်မှ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More