အိပ်မက်မက်နေတာမှန်း သိသိခြင်း အပြင်မှာမိုးရွာနေတာကိုလည်း
သတိထားလိုက်မိသည်။ ပြီးတော့ပြုံးမိ၏။ မြမြနှင်းက အကြီးအကျယ် အိပ်မက်မက်တတ်သူတယောက်ပင်။
အိပ်မက်မမက်ခဲ့ဘူးသော ညဆိုတာ မရှိဘူးထင်သည်။ တခါတရံမှာတော့ အိပ်မက်တွေမက်နေတာကို သဘောကျသလိုလို။
အိပ်မက်ဆိုတော့လည်း အစီအစဉ်မကျ ရောက်ချင်သည့်နေရာတွေ ရောက်၍ မြင်ချင်ရာမြင်၊ ဖြစ်ချင်ရာဖြစ်သွားသည်။
တခါတလေ လက်တွေ့ဘ၀မှာစဉ်းတောင် မစဉ်းစားမိသည့်အရာတွေ အိပ်မက်ထဲရောက်လာတတ်တော့ ထူးဆန်းပြီး
သဘောကျသလို လိုပင်။ ဒါပေမယ့် ညစဉ်ရက်ဆက်အိပ်မက်များနှင့် နပန်းလုံးရသည့် ရက်ရှည်လာတော့အပြင်မှာ
ပါမောပန်းလာသည်။ အိပ်ရာထဲဝင်ဖို့ အရေး အိပ်မက်မက်မှာကို တွေးကြောက်လာသည်။
ပြီးခဲ့သည့်ငါးရက်လောက်က မက်သည့်အိပ်မက်ထဲမှာ
ဖေဖေ့ကိုတွေ့ သည်။ ဖေဖေ့ကို အိပ်မက်ထဲမှာ တွေ့ ရတိုင်း မြမြနှင်းဆီမှာရှိသည့် တစ်ပုံထဲသော ဓါတ်ပုံထဲကအရွယ်အတိုင်း
နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် အရွယ်ချည်းပင်။ မျက်ခုန်းထူထူ၊ ဆံပင်ပွပွ၊ မျက်နှာသွယ်
သွယ်။ ပင်ကိုယ်မျက်နှာထားတည်ပေမယ့် ပြုံးရယ် လိုက်လျှင်တော့ ပကတိပွင့်လင်းသွားသော
နှစ်လိုဖွယ်မျက်နှာကိုမြင်ရမြဲပင်။ ရှိုက်သံလေးစွက်၍ အဆုံးသတ်တတ်သော ဖေဖေ့ရယ်သံတွေကလည်း အိပ်မက်တိုင်း၌မပြောင်းလဲ။
လွန်ခဲ့သောငါးနှစ် ဖေဖေမဆုံးခင်တစ်လအလိုတွင်
ဖေဖေနှင့် တစ်ပါတ်လောက်အတူ နေလိုက်ရသေးသည်။ အဲဒီအချိန်မှာဖေဖေက လေးဆယ်နှင့်ငါးဆယ်ကြား
လူရွယ်ရင့်ရင့် တယောက်ပေါ့။ ပြည့်စုံအောင်မြင်သူ တွေအတွက် အရွယ်ကောင်းပေမယ့် ဆင်းရဲမှုနှင့်အနာ
ရောဂါဖိစီးထားသော ဖေဖေ့အတွက်တော့ နေပျော်စရာရက်များ ဟုတ်ခဲ့ပါမည်လား။ အရိုးပေါ် တွင်တင်ကျန်နေသည့်
ဖေဖေ့အရည်ပြားက ခြောက်သွေ့နေပေမယ့် ဖေဖေ့ရယ်သံကတော့ စိုပြည်နေခဲ့သည်ပင်။
“နှင်းရယ်တဲ့အသံက ဖေဖေနဲ့ တူတုန်းပဲနော်။“
ဖေဖေ့ခမျာ ကျေနပ်စရာကို
ကြံဖန်ရှာတွေးနေခဲ့ပုံရသည်။ ဒီလိုပြောပြီး ဖေဖေကရှိုက်သံ စွက်၍ရယ်တော့ မြမြနှင်းကအသံမထွက်အောင် ကြိုးစား၍လိုက်ရယ်မိသည်။
'မြမြနှင်းဆိုတဲ့နံ မည်ကိုဖေဖေပေးခဲ့တာပေါ့' ဟုဖေဖေကဆက်ပြောသည်။
လူမှန်းသိတတ်စကတည်းက
မြမြနှင်းဘ၀ထဲမှပျောက်သွားသောဖေဖေ့ကို နာကျည်း သလိုလိုရှိရင်းကပင် ပတ်သက်ခဲ့သော အဆက်အစပ်ကလေးများအား
ကျားကုတ်ကျားခဲရှာဖွေ ဖော်ထုတ်နေလေသော ဖေဖေ့ကိုကြည့်ရင်း မြမြနှင်းရင်နာခဲ့ရသည်။
"သီတင်းကျွတ်ပွဲတော်ရောက်ပြီဆို နှင်းကဖေဖေ့ပခုံးပေါ်ခွထိုင်ပြီး
ဇါတ်ကားတွေနောက် လျှောက်လိုက် ကြည့်ကြတာမှတ်မိသေးလား။
"
ဖေဖေကထုံးစံအတိုင်း ရှိုက်သံစွက်ရယ်မောကာမေးတော့ မြမြနှင်းက
နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခေါင်းကိုတွင်တွင်ညိတ်၍ဖြေမိသည်။ ခဏခြင်းမှာပဲ လည်ချောင်းထဲမှာ
တခုခု တစ်ဆို့ လာသလိုခံစားရသေးသည်။ နောက်ဆက်တွဲ ဖေဖေ့ရယ်သံနှင့်အတူ မြမြနှင်းက
အတိတ်ဆီလည်း အလည်သွားလိုက်သေးသည်။
ကုန်တင်ကားကြီးများ၏ နောက်ဖက်ပိုင်းတွေကိုဇါတ်ခုံသဖွယ်ပြင်ဆင်၍
ရပ်ကွက်သူ ရပ်ကွက်သားများ ပူးပေါင်းပါဝင်တင်ဆက်ကြသော ဇါတ်လမ်းများကို လမ်းထိပ်တစ်ခုစီမှာ
အခန်းဆက်လိုက်၍ကပြသော ဇါတ်ကားကြီးများက မြမြနှင်း ကြီးပြင်းခဲ့ရာ ဖေဖေ့ဇာတိမြို့ ကလေးမှာပင် ရှိလိမ့်မည်ထင်သည်။ သီတင်းကျွတ်ပွဲတော်မှာသုံးည၊ တန်ဆောင်တိုင်ပွဲတော်မှာ သုံးညဖျော်ဖြေကြသည်။ လော်စပီကာနှင့် နောက်ခံဖွင့်ထားသော တိတ်ခွေဇါတ်လမ်းအတိုင်း
နှုတ်ခမ်းလိုက်လှုပ်ကာ သရုပ်ဖော်ကပြရခြင်းဖြစ်သည်။ လမ်းထိပ်တစ်ထိပ်ရောက်တိုင်း ၀ိုင်းအုံ
ကြည့်ရှုနေသည့် လူအုပ်ကြားထဲမှာ မြုတ်နေသည့် နှင်းကို ဖေဖေကပခုံးပေါ်မှာ ခွထိုင်စေသည်။
ဖေဖေ့အရပ်မားမားကြီးပေါ်ရောက်တော့ မြမြနှင်းက အတားအဆီးမရှိ အနုပညာကို ခံစားနိုင်
သည်။
"အဲဒီတုန်းက နှင်းကကလေးပေမယ့် ရာဇ၀င်ဇာတ်လမ်းတွေကိုကြိုက်တယ်။"
ဖေဖေ့ပါးစပ်မှထွက်လာသမျှ နှင်းကခေါင်းတွင်တွင်ညိတ်၍သာတုန်
့ပြန်ခဲ့သည်ကများ သည်။
"ဖေဖေ အဲဒီဇာတ်လမ်းကိုနှင်းဆက်ကြည့်ချင်တယ်။ အဲဒီကားနောက်ကလိုက်မယ်။"
ခြောက်နှစ် ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်၏ရွေးချယ်မှုကို
ဖေဖေက အလေး အနက်ထားခဲ့သည်။ ဇါတ်ကားကြီးက လမ်းထိပ်တခုမှာ ၁၅ မိနစ်သာကသည်။ ဇါတ်လမ်းတစ်
ပုဒ်က ပုံမှန်နှစ်နာရီကျော်ကျော်၊ တခါလေသုံးနာရီခန့် ကြာတတ်လေတော့ ဖေဖေနှင့် နှင်းက
ဇါတ်ကားသွားရာမြို့ တစ်ပါတ်ကားနောက်မှ လိုက်ကြည့်ကြသည်။ ဒီဖက်လမ်းထိပ်မှဟိုဖက် လမ်းထိပ်ဆီ
မြမြနှင်းကဖေဖေ့လက်ကိုဆွဲပြီး လမ်းလျှောက်၊ ဇာတ်စပြပြီဆိုတာနဲ့ နှင်းကဖေဖေ့
ပခုံးပေါ်ရောက်ပြီ။ ဖေဖေ့လက်ကိုဆွဲရင်း ဇာတ်ကားနောက်လျှောက်လိုက် နေစဉ်အတွင်း မြမြနှင်း၏
ဇါတ်လမ်းဝေဖန်ရေးကိုလည်း ဖေဖေကဆွေးနွေးဖြေကြားပေးသေးသည်။
"ကိန္နရီမလေးက ဆုတောင်းလိုက်တာနဲ့ ကိန္နရာဖိုကြီး အသက်ပြန်ရှင်လာတယ်ဆိုတာ
တော်တော်ထူးဆန်းတယ်နော်။"
“ အဲဒါကို သစ္စာဆိုတယ်လို့ ခေါ်တယ်နှင်းရဲ့ “
ဖေဖေက သစ္စာဆိုခြင်းဆိုသောအကြောင်းအရာကို ရှင်းပြခဲ့ပေမယ့်
နှင်းကတော့ဖေဖေ ရှင်းပြခဲ့သည်ဆိုတာနှင့် ဖေဖေ့ပခုံးပေါ်တငြိမ့်ငြိမ့်ထိုင်ရသောအရသာကိုသာမှတ်မိနေသည်။
အဲဒါတွေကိုကျတော့ မှတ်မိလိုက်သမှ အိပ်မက်ထဲမှာတငြိမ့်ငြိမ့်ခံစားရတိုင်း ဖေဖေ့ပခုံးပေါ်
ရောက်နေတာပဲဟု ထင်မှတ်ခဲ့ဖူးသည်။
“သူငယ်တန်းကလေးကကြိုက်လို့ဆိုပြီး သားအဖနှစ်ယောက် မြို့ပတ်ပြီး ဇာတ်ကားလိုက်ကြည့်သတဲ့။ အလိုလိုက်စရာမဟုတ်တာကို အလိုလိုက်တယ်။“
“ကလေးလဲလူပဲကွ။ သူလဲခံစားတတ်တာပေါ့။ သူ့ လိုအင်ဆန္ဒပြည့်တော့
ကလေးစိတ် ပျော်တာပေါ့။“
ကလေးတစ်ယောက်ဖြစ်ပြီး သစ္စာတရား၏စွမ်းအင်အကြောင်းကို
တရှိုက်မက်မက်ဖြစ်ခဲ့ သောမြမြနှင်းနှင့် ကလေးတစ်ယောက်၏လိုအင်ဆန္ဒကို လိုလိုချင်ချင်ဖြည့်ပေးသောဖေဖေ့ကို
မေမေကတော့နားမလည်ခဲ့ ပေ။
အချို့ ညတွေမှာ မြမြနှင်းက ဘယ်အချိန်ဖေဖေ့ပခုံးပေါ်၌
အိပ်ပျော်သွားမှန်းမမှတ်မိ တော့။ တရေးနိုး တော့ အိပ်ရာထဲရောက်နေတာတွေ့ ရပြီး ကမန်းကတန်းထထိုင်ကာ
ဖေဖေ့ကို ရှာတော့ ဖေဖေ့ဖက်အခြမ်း လွတ်နေသောခြင်ထောင်ထဲမှာနှင်းတစ်ယောက်ထဲပင်။ ကပ်လျှက်
ယှဉ်ထောင်ထားသော မေမေတို့ ခြင်ထောင်ထဲများ ရောက်နေသလားဟု တဖက်ကမိသားစု ခြင်ထောင်ကြီးကို
လှပ်ကြည့်တော့ အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်နေသောမေမေနှင့် တစ် ယောက်ကခေါင်းရင်းဖက်
ခြေထောက်ပေးလျှက် မှောက်ရက်ကြီးအိပ်နေ ပြီးတစ်ယောက်က ခြင်ထောင်အပြင်ဖက် ထွက်လုလု မောင်လေးနှစ်ယောက်ကိုသာ မြင်ရသည်။
“ ဖေဖေ...။ ဖေဖေ....“
မြမြနှင်းက ကိုယ့်ဘာသာသတိမထားမိပဲ ညကြီးသန်းကောင်မှာ
အသံကုန်အော်မိခဲ့ သည်။ ကလေးနှစ်ယောက်မှလွဲ၍ ဘိုးဘိုး၊ ဘွားဘွားနှင့်မေမေပါ နိုးလာသည်။
မှောက်လျှက် အိပ်ပျော်နေသော မောင်အကြီးက အိပ်ချင်မူးတူး ခေါင်းထောင်ကြည့်သေးသည်။
“ မြမြ၊ မြမြ။ ဘာဖြစ်တာလဲ။“
“ ဖေဖေ၊ ဖေဖေကနှင်းကိုထားခဲ့ပြီး ဇာတ်ကားတွေလိုက်ကြည့်နေပြီ။
ဖေဖေ့နောက် လိုက်မယ်။“
မေမေက အိပ်ရေးပျက်သွားတာရော၊တမြို့ လုံးအနှံ့ တခြိမ်းခြိမ်းကနေသော
ဘယ်ပွဲခင်း ဆီသို့ လိုက်၍ဖေဖေ့ကိုရှာရမှန်းမသိတာရောကြောင့် စိတ်တိုသွားကာ မြမြနှင်းကို
ဖိဆူသည်။
“ တော်ရုံပဲကောင်းတယ်နော်မြမြ။ ညည်းကြည့်ချင်တဲ့ဇာတ်ကားနောက်တမြို
့လုံးလိုက် ပတ်ကြည့်ပြီးပြီ။တော်ပြီပေါ့။ ဟို ဖအေလုပ်တဲ့သူကလည်း မိုးလင်းမှပြန်လာမယ်ထင်ပါရဲ
့။
ပြီးတော့တနေကုန် ကုလားသေ ကုလားမောအိပ်ပြပါလိမ့်မယ်။ သူ့ကိုယ်သူ
လူပျိုလူလွတ်များ အောက်မေ့နေလားမသိဘူး။“
မေမေ့ကိုကြောက်သဖြင့် ရှိုက်သံတ၀က်နှင့် ပြန်အိပ်ရသည်။
အိပ်မက်ထဲမှာ ဖေဖေ့ပခုံး ပေါ်ထိုင်၍ပွဲကြည့်နေသည်။ ပွဲကြည့်ရင်းရှိုက်နေသည်။ မေမေဆူလို
့လား။ ကိန္နရာ ဖိုကြီးသေ သွားလို့ လားမသိ။ ရှိုက်ရ လွန်းတော့ရင်ဘတ်တွေနာလာသည်။
နောက်တနေ့ မနက်မှာ အိပ်ရာထဲဖေဖေမရှိသဖြင့် ငိုရသည့်အကြောင်း
မျက်ရည်လည်ရွဲ နှင့် ဖေဖေ့ကိုပြောတော့ ဖေဖေက ' နှင်းကတော့ကွာ' ဟုရေရွတ်၍ ကြေးစည်လိုအသံလွင်
အောင်ရယ်ပြန်သည်။
ထိုညတွေက ဘယ်လောက်များခဲ့သလဲ မမှတ်မိတော့ပေမယ့် ထိုညများအကြောင်းနှင့်
ထိုညများမှခံစား မှုများအကြောင်း အိပ်မက်တွေကတော့ ဒီနေ့ အထိမဆုံးပေ။ အိပ်မက်ထဲမှာ
လေထဲဝဲပျံနေရတာတောင်မှ ဖေဖေ့ပခုံးပေါ်မှာထိုင်စီးနေရသလိုပဲဟု ယှဉ်တွေးမိသေးသည်။
ရယ်သံလွင်လွင်ကြားရသော အိပ်မက်မက်တိုင်း မှာလည်း ' အင့် 'ကနဲရှိုက်သံဖြင့် အဆုံးသတ်
တတ်သော ဖေဖေ့ရယ်သံအကြောင်းစဉ်းစားမိသည်။ သည်လို အိပ်မက်များ၏သက်တန်းက ဘယ်လောက်ကြာခဲ့ပြီလဲဆို
အိပ်မက်မက်တတ်သူမြမြနှင်းက အိပ်မက်ထဲမှာ မြင်ရလေ့ရှိသော နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည်
ဖေဖေ့ထက်အသက်ကြီးခဲ့ပြီ။ မကြာခဏအိပ်မက်ထဲမှာ မြင်နေရသည့် နှာခေါင်းထင်းထင်း၊ ဆံပင်ပွပွ၊
မျက်နှာသွယ်သွယ်နှင့် ကိုယ့်ထက်ငယ်သူလူရွယ် လေးကို ဖေဖေဟု သိနေရတာကလည်းတမျိုးထူးသော ခံစားမှုပင်။
မြမြနှင်းဆိုတဲ့နံမည်ကို ဖေဖေပေးခဲ့တာပေါ့ ဟုဖေဖေကပြောပေမယ့်
မေမေ့မူနှင့်တော့ ကွဲနေပြန်သည်။
“ နှင်းတွေကျတဲ့မနက်မှာမွေးတယ်။ ကြာသပတေးသမီးမို
့လို့ ရှေ့ ကမြမြလို့ ထည့် လိုက်တယ်။ ဒါနဲ့  မြမြနှင်းဖြစ်သွားရော။“
မေမေကတော့ အနုပညာနှင့်ဝေးသူပီပီ ဤသို့ဒိုးဒိုးဒေါက်ဒေါက်ပင်
ပြောတတ်သည်။ ဘ၀မှာပိုင်ဆိုင်ခဲ့သမျှ ရှားရှားပါးပါးကျေနပ်မိသော မြမြနှင်းဆိုသည့်နံမည်လေးအကြောင်း
သတိရတိုင်း ထိုနံမည်လေးဖြစ်တည်လာပုံအကြောင်း မေမေ့ကိုမေးမိသည်။ မေးမိတိုင်းလည်း
မေမေက စိတ်ကူးယဉ်မဆန်စွာ ဒဲ့တိုးဖြေနေကျ။ ဘာကြောင့်မှန်းမသိ 'မေမေကလည်း'ဟု ရေ ရွတ်မိတာကလည်း
မေမေ့အဖြေဆုံးတိုင်းပင်။ တည်ငြိမ်အေးချမ်းသော မြမြနှင်းဟူသည့် နံမည် ကိုပိုင်ဆိုင်ရမှုအတွက်
ကျေနပ်ခြင်းနှင့် မေမေ့အဖြေ၏ ပေါ့တန်တန်နိုင်မှုအပေါ် မကျေနပ်ခြင်းက အမြဲလိုဒွန်တွဲဖြစ်ပေါ်လေ့ရှိသည်။
ထိုအခါမျိုးမှာ မေမေက မြမြဟုခေါ်တိုင်း ' ရှန် 'ဟုခပ်ဆောင့် ဆောင့်ထူးမိခဲ့သည်။
' နှင်းလို့ခေါ်ပါလားမေမေ 'ဟုတော့ ထပ်ပြီးမတောင်းဆိုမိတော့ပေ။ မြမြနှင်းဆယ်ကျော်သက်ဝင်ကာစမှာ
မေမေ့ကို တခါအမှတ်မထင်ပြောဖူးသည်။
“ နှင်းကို နှင်းလို့ ခေါ်ပါလားမေမေ။“
“ နှုတ်ကျိုးနေပါပြီအေ။ မြမြဆိုတာလဲ မြမြနှင်းပဲ။
နှင်းဆိုတာလဲ မြမြနှင်းပဲ။ ဘာထူးလို့  လဲ။“
မေမေ၏သာမန်ကာလျှံကာဖြေသံက မေမေချုပ်နေသော အပ်ချုပ်စက်သံတဂျောင်း
ဂျောင်းနှင့် ရောထွေးသွားသည်။ ရင်နာတတ်သောမြမြနှင်းက မေမေ့အဖြေကြောင့် ရင်နာချင် သလိုလိုဖြစ်ခဲ့ပေမယ့်
စကား ပြောသည့်အချိန်မှာတောင် အပ်ချုပ်စက်ပေါ်က မျက်လုံးမခွာ အားသောမေမေ့ကို သနားစိတ်ကလည်းပြင်းထန်လာတာမို
့ဆက်လက်ရင်နာဖို့  မကြိုးစား တော့ပေ။
မြမြနှင်းတို့ ဘ၀ထဲမှာဖေဖေမရှိတော့ထဲက
အဲဒီအပ်ချုပ်စက်ကလေးက မြမြနှင်းတို့  မိသားစုအတွက် အရေးပါအရာရောက်လှသော ပစ္စည်းတခုဖြစ်လာခဲ့သည်။
ဖေဖေရှိစဉ်ကတော့ အခန်းထောင့်တထောင့်မှာ ဖုန်တက်၍ မြမြနှင်းဂါဝန်တွေ ချုပ်ရိုးပြုတ်ကာ
မောင်လေးတို့ ဘောင်း ဘီတွေခွပြဲမှပဲ အသုံးတည့်ခဲ့သည်။
“ဒီစက်ကလေးဝယ်ဖြစ်ခဲ့တာတော့ မြမြတို့ အဖေကိုကျေးဇူးတင်ရမယ်။“
မေမေကထိုသို့ နှစ်ခါသုံးခါရည်ညွှန်းဖူးသည်။ ခွန်းကြီးခွန်းငယ်စကားများရန်မဖြစ်ပဲ
ညင်ညင်သာသာလမ်းခွဲခဲ့သော ခင်ပွန်းသည်ကို မေမေကဘယ်တော့မှ နာနာကျည်းကျည်း မစွပ်စွဲပါ။
“ညည်းအဖေကသိပ်ပျင်းတာမြမြရဲ့ “
ဒါကမေမေ့ရဲ့ အပြင်းထန်ဆုံးအပြစ်တင်စကားပင်။
“မေမေကအလုပ်တခုလုပ်ဖို့ စကားစလိုက်ပြီဆိုတာနဲ့ သူ့မှာအလုပ်မဖြစ်မြောက်ရေးအတွက်
ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ အပြည့်ပဲလေ။ သူ့လိုအပျက်ကိုချည်းပဲမျှော် ကြည့်နေလို့
ကတော့ဘာအလုပ် စလုပ်ဖြစ်တော့မှာလဲ။ လူဖြစ်လာတဲ့ဘ၀မှာ ရပ်တည်ဖို့ အလုပ်တခုတော့လုပ်ရမှာပဲ။
ပြသနာအခက်အခဲတွေ ရင်ဆိုင်ရကာမှရင်ဆိုင်ရ၊ လုပ်ရမှာပဲ။“
မေမေကတော့ သူ့လက်သုံးစကားအတိုင်း လုပ်စရာရှိတာကို
မဆိုင်းမတွလုပ်တတ်သူပင်။ အခက်အခဲ ကြုံလာတော့လည်း ရင်ဆိုင်လိုက်သည်ပင်။ ဖေဖေအိမ်ကို
ခွဲခွာသွားပြီးနောက် တနေ့ မှာ အခန်းထောင့်မှ ဖုန်တက်နေသောအပ်ချုပ်စက်ကို သာမန်မျက်နှာပေးနှင့်ပင်
ဖုန်သုတ်သန့် ရှင်းကာ အလင်းရောင်ကောင်းကောင်းရသော ပြတင်းပေါက်ဆီ တွန်းရွှေ့လာခဲ့သည်။
အဲဒီ နေ့ ကတည်းက မြည်ခဲ့သော စက်ချုပ်သံဂျောင်းဂျောင်းက မြမြနှင်းတို့ အိမ်မှာ ဒီနေ
့အထိမပြတ် တော့ပေ။
“ ဒီနေ့ က ရယ်ဒီမိတ်ခေတ်ဆိုတော့ အင်္ကျီအ၀တ်အစားကို
အပ်ချုပ်ဆိုင်မှာ ချုပ်မ၀တ် ကြတော့ဘူး။ ချုပ်ဖို့ လာအပ်ရင်လည်း မချုပ်တတ်တော့ပါဘူး။
ဒီနေ့ခေတ်အ၀တ်အစားတွေက ဆန်းတယ်။“
မေမေကမကြာခဏဤသို့ ညည်းတွားပေမယ့် စက်ပေါ်မထိုင်သောနေ့တော့
မရှိဘူး ထင်သည်။ သက်တူရွယ်တူတွေ အပ်သောရင်ဖုံးကတော့ အပိုင်ဆုံးမို့  ဘယ်တော့မှမငြင်းပဲ
လက်ခံချုပ်ပေးသည်။ အပ်ထည်မရှိတော့လျှင် တအိမ်လုံးက ချုပ်ရိုးပြုတ်အကွဲအပြဲတွေ ရှာချုပ်သည်။
တသက်လုံးစုဆောင်းလာသော ကပ်ကျေးစာထွက်သည့် ပိတ်တိုပိတ်စများ ဖြင့် စပ်စောင်ချုပ်သည်။
“ အမလေး၊ မြန်မာမတွေထမီဝတ်နေသေးတာပဲ ကြံဖန်ကျေးဇူးတင်နေရတယ်။
မြန်မာ့ယဉ်ကျေးမှု ထမီဝတ်တာကို ထိမ်းသိမ်းခြင်းက ကျမစီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင်
တယ်။“
နှစ်ရှည်လများ ဖောက်သည်တွေကို မေမေကထိုသို့ ပြောတတ်ပေမယ့်
တကယ်တော့ မေမေက ဒီစက်ချုပ်လုပ်ငန်းကိုသာ မှီခိုနေရသော အခြေအနေမဟုတ်တော့ပါ။ မြမြနှင်းက
ဝင်ငွေရှိပြီ။ မောင်အငယ်ကစောပြီး အိမ်ထောင်ကျ၍ မေမေ့ကိုဟုတ်တိပတ်တိ မထောက်ပံ့နိုင်
ပေမယ့် အင်ဂျင်နီယာမောင်အကြီး၏ လစာနှင့်ပေါင်း၍ ချိုးခြံရသော်လည်း မပူမပင်စားနိုင်ပြီ။
ဒီလိုမပူမပင်ဘ၀ဆီ မေမေ့စက်ချုပ်သံနှင့် ခရီးရှည်ချီတက်ခဲ့ရတာကိုတော့မမေ့ပြီ။
မဖွဲ့မနွဲ့ဒဲ့တိုးနိုင်သောအနုပညာနှင့် မေမေစက်ချုပ်ရင်းရပ်တည်ခဲ့တာ
အံ့သြစရာတော့ ကောင်းသည်။ ဈေးက၀ယ်လာသော ပန်းကိုကြိုးဖြည်၊ ရေစင်စင်ဆေး၍ ကြေးအိုးထဲအစည်း
လိုက်ထည့်ကာ ဘုရားစင်ပေါ် တင်တိုင်းမေမေက သူ့ ဘာသာထောပနာပြုလေ့ရှိသည်။
“ငါကတော့ အနုပညာဆန်သဟေ့။“
မြမြနှင်းက အစိမ်းကျော်ကျော်ဖို့ မုန်ညင်းဖြူတကန်
့၊ ဘရိုကိုလီပန်းမုန်လာစိမ်းစိမ်း တကန့် ၊ လိမ္မော်နီရောင်မုန်လာဥတွေကို ပန်းပွင့်ပုံလေးဖော်၍လှီးထည့်နေလျှင်
မီးသွေးမီးဖို ဘေးမှာ ဆီအိုးတည်၍စောင့်နေ သောမေမေက စိတ်မရှည်တတ်ပေ။
“ မြမြတို့များ အိမ်သာကျင်းထဲ ရောက်သွားမယ့်ဟာကိုတောင်
တန်ဆာဆင်ချင်သေး တယ်။“
ပြီးတော့ အသီးအရွက်တွေကို ဒယ်အိုးတဲမှာမညှာမတာမွှေကာ
' ငါကတော့ အနုပညာဆန်သဟေ့'ဟု ရေရွတ်ပြန်သည်။
မေမေ့မောင်၏သား မေမေ့တူအရင်းခေါက်ခေါက် ဆုံးတုန်းကလည်း
သားကိုဆုံးရှုံးရ သဖြင့် ဖြေမဆည် နိုင်ဖြစ်နေသော မေမေ့ယောက်မကို နှစ်သိမ့်ဖို့
မြမြနှင်းကမေမေ့ကိုပြောသည်။ မေမေကယောက်မဖြစ်သူ အနားသွားကာ မျက်ရည်တွေတွေကျသော မျက်လုံးပြူးကြီးများဖြင့်သာ
ဒေါ်ဒေါ်လေးကို ထိုင်ကြည့်နေခဲ့သည်။
“ သားတယောက်လုံး
ဆုံးရှုံးရတဲ့သောကကို မေမေနားလည်ပါတယ်။ မေမေလည်း တူတယောက်ဆုံးရတာပဲ။ ဒါပေမယ့် ဘယ်လိုနှစ်သိမ့်ရမှန်းမသိဘူး။“
မေမေ၏မနွဲ့ ပြောင်းမှုများကို မြမြနှင်းက မကျေနပ်သလိုလို၊
ဟာသတခုလို နှုတ်ခန်း ထောင့်တွန့်ကွေး ပြုံးခဲ့ရင်း ညရောက်လျှင်တော့ ဖေဖေ့ပခုံးပေါ်
တငြိမ့်ငြိမ့်စီးရသော အရသာကို အိပ်မက်မက်ပြန်သည်။ ဒီလို အိပ်မက်မျိုးကို စွဲလန်းမြဲဖြစ်သော်လည်း
အိပ်မက်ဆိုးမှလန့်နိုး၍ ကယောင်ချောက်ချား ဖြစ်လျှင်တော့ တဖက်ခန်းမှ မေမေ့ဟောက်သံကြားရတာနှင့်ပင်အားရှိကာ
နောက်တကျော့  ပြန်အိပ်ဖို့ မစိုးရိမ်တော့ပေ။
ကမ်းနားသစ်ပင်ပုထုဇဉ်ဘ၀နှင့် မေမေ့ဟောက်သံမကြားရသော
နေရာဆီရောက်လာတော့လည်း လူငယ်ကလေးဖေဖေ့ကို အိပ်မက်ထဲတွင်မြင်ရမြဲဖြစ်၍ အိပ်မက်မှနိုးလျှင်တော့
မေမေ့ဟောက်သံကို ကယောင်ကတန်းရှာမိပြန်သည်။ မေမေငါ့အနားမှာမရှိဘူးပဲဟု ဆင်ခြင်မိလျှင်
ဟိုတုန်းက မေမေ့ဟောက်သံကြောင့် အားရှိပြီး စိတ်ချလက်ချ ပြန်အိပ်ပျော်ခဲ့သည့် ညတွေအား
တမ်းတသည့်အလွမ်းနှင့်ပင် မိုးစင်စင်လင်းပြန်သည်။ ညကအိပ်မက်ထဲတွင် ဖေဖေ့ အကြောင်းမက်သော်လည်း
မနက်မိုးလင်းလျှင်တော့ မေမေ့အိမ်နီးချင်းအိမ်က တယ်လီဖုန်း နံပါတ်ကိုကောက်လှည့်ကာ
' မေမေနေကောင်းရဲ့ လားဟု' အလောတကြီးမေးမိမြဲပင်။
“ မေမေဘာမှမဖြစ်ဘူး။ မြမြသာနေကောင်းအောင်နေ။ တနယ်တကျေးမှာနေမကောင်း
ရင် မေမေဘာမှလုပ်မပေးနိုင်ဘူး“
အဖြတ်အတောက်တိုတိုတုတ်တုတ်နှင့် စကားတန်ဆာမပါသော
မေမေ့အသံကိုကြားရလျှင် ဟိုတုန်းကလို နှုတ်ခန်းထောင့်တွန့်ကွေးတာမျိုးမဟုတ်ပဲ အားရပါးရပြုံးရသည်။
ဘယ် လောက် အခက်အခဲနှင့်ရင်ဆိုင်ရရင်ဆိုင်ရ ပျာယာခပ်ပူဆွေးမနေခဲ့သော၊ စိတ်ချမ်းသာဖွယ်
ဝမ်းမြောက်စရာအကွေ့ အချိုးနှင့်ကြုံလျှင်လည်း ထူးပြီးလှုပ်ခပ်မနေခဲ့သော မေမေ၏ ဒိုးဒိုးဒေါက်ဒေါက်
စကားသံများ၊ တဂျောင်းဂျောင်း စက်ချုပ်သံများသာမရှိခဲ့လျှင် မြမြနှင်းတယောက် ဘယ်လိုဘ၀ကိုရောက်ခဲ့မည်လဲ
မကြာခဏစဉ်းစားမိသည်။
*
*
*
ဒီကနေ့ ညအိပ်မက်ထဲမှာတော့ ဖေဖေ့ကိုဖြတ်ကနဲသာတွေ့ လိုက်ရသည်။
“ဖေဖေက နှင်းကိုချစ်သလိုလိုနဲ့  တကယ်တန်းကျတော့ထားခဲ့တာပဲ။
နှင်းကိုအိပ်ရာထဲ မှာတစ်ယောက်ထဲထား သွားပြီး ပွဲခင်းထဲကိုပြန်သွားတာပဲ။ ဟိုတုန်းကတော့
နှင်းငယ်သေးလို့ ၊ ခုတော့ဖေဖေထားသွားရင် နှင်းကပွဲခင်းထဲလျှောက်ရှာမှာ။“
အိပ်မက်မဆန်စွာ မြမြနှင်းက ရှည်ရှည်လျှားလျှားစကားဆိုတော့
ဖေဖေကဟိုအရင်ကာလ များကလို ရယ်သံနှင့်မတုန့် ပြန်ပါ။
“ မြမြ တော်ရုံပဲကောင်းတယ်နော်။“ ဟုသည့် မေမေ့ဟန်
့သံကြားရတော့ အံ့သြတကြီး ဖြစ်ရသေးသည်။
“နှင်းလို့ ခေါ်ပါမေမေရဲ့ “
ရှားရှားပါးပါး မေမေ့ကိုအိပ်မက်ထဲတွင်တွေ
့ရချိန်မှာ နှင်းက ပျော့ပျော့ပျောင်းပျောင်း စကားဆိုဖို့ ကောင်းသည်ဆိုသောအတွေးက
အိပ်မက်ထဲမှမြမြနှင်းတွေးနေတာလား၊ အိပ်မက်မှနိုးသောမြမြနှင်းကတွေး နေတာလားေ၀၀ါးနေပြန်သည်။
“ ဖေဖေကတော့ ပြန်သွားရဦးမှာပဲနှင်းရေ..“
ဖေဖေထွက်ခွာဖို့ ပြင်သည်။ မြမြနှင်းကပွဲခင်းလူအုပ်ထဲ
ဖေဖေ့လက်ကိုတွဲ၍လျှောက် ရသောအရသာကို လွမ်းမက်စွာ ခဏပဲဖြစ်ဖြစ်ဖေဖေနှင့်လက်တွဲလျှောက်ဖို
့ ဖေဖေ့လက်ကို လှမ်းဆွဲ၏။ အိပ်မက်ထဲမှ နှစ်ဆယ် ကျော်လူငယ်လေး ဖေဖေ့လက်ကိုလှမ်းဆွဲဖို
့တွေဝေနေဆဲ မှာပင် အိပ်မက်ကရက်စက်စွာပျောက်ဆုံးသွား တော့သည်။ အိပ်မက်ဆုံးတော့ ထုံးစံအတိုင်း
ရင်နာ၍ကျန်ရစ်ကာ ထုံးစံအတိုင်းမေမေ့ဟောက်သံကိုနားစွင့်မိသည်။ အိပ်မက်မှနိုးစမှာပဲ
ဖေဖေ့ကိုဘယ်နေ့ အိပ်မက်ထပ်မက်ဦးမလဲမသိဘူးဟုတွေးမိသည်။ ဒီလိုအိပ်မက်တွေထပ် မမက်တော့ဘူးဆိုလျှင်
လူဖြစ်ရခြင်းအရသာက အလွန်ပေါ့ပျက်သွားလိမ့်မည်။
မနက်ဖန်မိုးလင်းလင်းချင်း မေမေ့ကိုဖုန်းဆက်ဖို
့မမေ့အောင် သတိထားရမည်။ လူသားဘ၀ကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းရင်ဆိုင်နိုင်ရန် မနက်ဖန်မနက်ခင်း၌
အနုပညာမဆန် သော တိုတိုတုတ်တုတ်၊ ဒိုးဒိုးဒေါက်ဒေါက် စကားသံတွေ ကြားရဖို့ ကလည်း
အရေးကြီးသည်။
ခက်မာ
ခက်မာ
မြန်မာသစ်မဂ္ဂဇင်း
သြဂုတ်လ၊ ၂၀၁၀
”ရွှေမော်ကွန်းမှာ အသုံးပြုခွင့်ပေးခဲ့တဲ့ ဆရာမခက်မာကို ကျေးဇူးတင်ရှိပါတယ်
”
0 comments:
Post a Comment