ဖတ်ပါ လေ့လာပါ အတုခိုးမချပါနဲ့

u sein win

သတင်းစာ သင်တန်း တက်နေတဲ့ လူငယ်တွေက လက်တွေ့ဆောင်ရွက်မှု အနေနဲ့ အဖွဲ့လေးဖွဲ့ခွဲပြီး သတင်းစာလေးစောင် ထုတ်ကြပါတယ်။ အဲဒီသတင်းစာ လေးစောင်ကို လက်ဆောင် ရပြီးကတည်းက လူငယ်လုံမငယ် လေးတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပြီး ကျွန်တော်တို့ ကျွန်မတို့ လုပ်ထားတာ ကြည့်ပေးပါဦး၊ အကြံပေးပါဦး၊ ထင်မြင်ချက် ပေးပါဦးလို့ တစ်မေးတည်း မေးကြတယ်။ လျှပ်တစ်ပြက် ကလည်း လာမေးတဲ့အတွက် လိုတိုရှင်း ဖြေပေးလိုက်ပါတယ်။ ကိုယ်တိုင် လုပ်ကြကိုင်ကြတဲ့ လူငယ်လေးများက မျှော်လင့် အားထားစွာနဲ့ လာလာပြီး မေးကြတာကို ဝတ်ကျေတမ်းကျေ ဖြေရုံလောက်တော့ မသင့်ဘူးထင်လို့ ခုလို စာတစ်စောင် ပေတစ်ဖွဲ့ ရေးလိုက်ရတာ ဖြစ်ပါတယ်။ 

တကယ်တော်ကြတယ်
လူငယ်တွေရဲ့လက်ရာ သတင်းစာ လေးစောင်ကို မြင်မြင်ချင်း ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင်ကို တအံ့တသြ ဖြစ်သွားရပါတယ်။ သင်တန်းသားတွေရဲ့ သင်တန်းဆင်း လက်တွေ့ဆောင်ရွက်ချက် လက်ရာဆိုတော့ အမှန်ဆိုရရင် သိပ်မျှော်လင့်မထားမိတာ အမှန်ပါ။ အဖြစ်သဘောလောက် လုပ်ကြမှာပဲလို့ ထင်ထားပါတယ်။ ဒါပေမယ့် တကယ် တွေ့လိုက်ရတဲ့ အခါကျတော့ ''တကယ်ကို အပီအပြင် လုပ်ထားကြပါလား'' ဆိုပြီး မအံ့သြဘဲကို မနေနိုင်အောင် ဖြစ်သွားပါတယ်။ တစ်စောင်ပြီးတစ်စောင် ဖတ်ကြည့်လိုက်တော့လည်း ဒီနေ့ ထွက်နေတဲ့ ဂျာနယ်တွေနဲ့ တစ်သဝေမတိမ်းတူအောင်ကို လုပ်နိုင်ကြတာ တွေ့ရပါတယ်။ သတင်းတွေပါသလို ဆောင်းပါးတွေလည်း ပါတယ်။ အယ်ဒီတာစကား ဆိုတာမျိုးပါသလို စာအုပ်အညွှန်းတွေလည်း ပါတယ်။ ကြော်ငြာတွေလည်း ပါတယ်။ ဂျာနယ်တွေနဲ့ တစ်ထပ်တည်းကို တူပါတယ်။ လူငယ်တွေက တကယ် တော်ကြပါပေတယ်လို့ ချီးမွမ်း လိုက်ရတယ်။ 


တူအောင်တုကြတယ်
ပုဂ္ဂလိက သတင်းစာတွေ မရှိတာ နှစ်ပေါင်းလေးဆယ် ကျော်ခဲ့ပြီ ဆိုတော့ သတင်းထောက်၊ အယ်ဒီတာတွေ မျိုးဆက်ပြတ်သွားပြီး သတင်းစာတွေ ထုတ်ခွင့်ရတဲ့ အချိန်ရောက်ရင်တောင် လုပ်တတ်တဲ့သူ မကျန်တော့မှာ စိုးရိမ်တာကြောင့် စာနယ်ဇင်းလုပ်ငန်း အတတ်ပညာဆိုင်ရာတွေ၊ စာနယ်ဇင်းကျင့်ဝတ်တွေ၊ စာနယ်ဇင်းမူပိုင်ခွင့်တွေလို အမျိုးစုံကို အဓိကထားပြီး ဆယ်စုနှစ်ပေါင်းများစွာ ရေးလာခဲ့သူမို့ ဒီခေတ်လူငယ်တွေရဲ့ အစွမ်းကိုမြင်ရတာ အင်မတန် ဝမ်းသာအားရ ဖြစ်သွားပါတယ်။ အနာဂတ်အတွက်လည်း အားတက်သွားရပါတယ်။ လူငယ်တွေဟာ သူတို့ ဆရာသမားများနဲ့ ဘယ်လောက်ထိများ တူအောင်လုပ်ကြသလဲ ဆိုရင် စောင်ရေတို့၊ ဈေးနှုန်းတို့ကို အမှန်အတိုင်း မဖော်ပြကြတာမျိုး ထိတောင် တူအောင် တုကြတာကို တွေ့ရသဗျ။ 


တစ်ခုခုပေးမှတာဝန်ကျေ
ဂျာနယ်ထဲမှာ စာတစ်စောင်ပေတစ်ဖွဲ့ ပေးပြီး အများဖတ်ဖို့ ပုံနှိပ်ဖော်ပြမှာဆိုတော့ ဒါလောက်နဲ့တင် ပြီးလို့မဖြစ်သေးဘူး။ စာဖတ် ပရိသတ်ကို သတင်းစကား (message) တစ်ခုခု ဒါမှမဟုတ် ရသတစ်ခုခု ပေးနိုင်မှ စာရေးဆရာရဲ့ တာဝန်ကျေတာ မဟုတ်လား။ စာဖတ်ပရိသတ် အားလုံးအတွက် မကျေနိုင်ရင်တောင် သတ်မှတ်ထားတဲ့ ပရိသတ်တစ်ခု (Target audience) အတွက်တော့ တာဝန်ကျေရမယ်လေ။ ဒီလောကထဲ ဝင်ကတည်းက လူကြီးသူမများက ဒီလိုပဲ ဆုံးမခဲ့ကြတာ ဖြစ်တယ်။ အခုလည်း စာနယ်ဇင်းသမား လူငယ်လုံမ ငယ်လေးများအတွက် အကြံပေးချက်လေး တစ်ချက်လောက် ဖြစ်ဖြစ်တော့ ပြောမှဖြစ်မှာပေါ့။ တော်ပါတယ်၊ ကောင်းပါတယ် ဆိုတဲ့ စကားလောက်ကတော့ လူကိုယ်တိုင် တွေ့စဉ်က ပြောခဲ့ပြီးသားပဲ။ ဆောင်းပါးတစ်ပုဒ် ထပ်ရေးဖို့ မလိုပါဘူး။ 


အတုမခိုးနဲ့
လူငယ်တွေကို ပြောချင်တဲ့ စကားတစ်ခွန်းတည်း ရှိပါတယ်။ ရှေ့ကလူကြီးတွေ လုပ်တာကိုကြည့်ပါ၊ လေ့လာပါ၊ နာနာဖတ်ပါ၊ ဒါပေမယ့် အတုမခိုးပါနဲ့ဆိုတဲ့ စကားဖြစ်တယ်။ အတုခိုးရင် အတုပဲဖြစ်မှာ။ အစစ်မဖြစ်နိုင်ဘူး။ လက်တွေ့လုပ်ထားတဲ့ သတင်းစာ လေးစောင်စလုံးဟာ လက်ရှိထွက်နေတဲ့ ဂျာနယ်တွေနဲ့ ထပ်တူထပ်မျှ တူနေတယ်။ ''ဆရာထက် တပည့်လက်စောင်းထက်''ဆိုတဲ့ စကားကို ကျော်ဖြတ်ပြီး တိုးထွက်လာတာမျိုး မတွေ့ရဘူး။ ဒါသိပ်မကောင်းဘူး။ အင်တာနက်ခေတ် လူငယ်တွေက ပိုကောင်းအောင် လုပ်ပြရမှာမဟုတ်လား။ လက်ရှိထွက်နေတဲ့ ဂျာနယ်အများစုဟာ ရှေးကနာမည်ကြီးခဲ့တဲ့ သတင်းစာကြီးတွေနဲ့ ဂျာနယ်တွေကို အတုခိုးထားကြတာ ဖြစ်လေတော့ လူငယ်တွေက အခုဂျာနယ်တွေကို ထပ်တူပုံတူ ကူးတာဟာ ရှေးရှေးက အဟောင်းတွေကို တုထားသလို ဖြစ်နေတယ်။ ရှေးလူကြီးတွေက နှစ်ဆယ်ရာစု နည်းပညာတွေ၊ အတွေးအခေါ်တွေနဲ့ လုပ်ခဲ့ကြတာလေ။ ဒီခေတ်လူငယ်တွေက နှစ်ဆယ့်တစ်ရာစု နည်းပညာတွေ၊ အတွေးအခေါ်တွေနဲ့ လုပ်ကြမှ သဘာဝကျမှာပေါ့။ ခေတ်မီိတိုးတက်တယ်လို့ ခေါ်နိုင်မှာပေါ့။ 


သူရိယရဲ့ နိဂုံးသတင်းစာ
ရှေးလူကြီးတွေက သူတို့ခေတ်မှာ သူတို့တာဝန်ကျေအောင် လုပ်ခဲ့ကြတယ်။ ဒီခေတ်လူငယ်တွေက ဒီခေတ်ရဲ့ တာဝန်ကို ကျေအောင်လုပ်ကြရမယ်။ အတုယူတယ် ဆိုတာလည်း ယူထိုက်တာကိုသာ ယူရတယ်။ မယူထိုက်တာကို မယူရဘူး။ နောက်ပြီး အတိတ်ကနေ သင်ခန်းစာယူစရာ ကိုလည်း ယူတတ်ရတယ်။ အတိတ်ကို လေ့လာတာ သင်ခန်းစာယူဖို့ပဲ ဖြစ်ရမယ်။ အတိုခိုးဖို့ မဖြစ်စေရဘူး။ ရှေးက သူရိယသတင်းစာ ဆိုတာ မြန်မာပြည်မှာ အရှိန်အဝါ အကြီးမားဆုံး သတင်းစာကြီး ဖြစ်ခဲ့ရတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီးပီမိုးနင်းတို့တတွေ လုပ်ခဲ့ကြတယ်။ ဆရာတော် ဦးဥတ္တမလည်း ရန်ကုန်မှာရှိနေချိန် အများစုကို သူရိယတိုက်မှာပဲ အချိန်ကုန်လွန်စေခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူရိယက ဘကြီးဘဖေက (၂၁)ဂိုဏ်းထောင်ပြီး ငါးထောင်းစားကြီး လုပ်ပြီး နယ်ချဲ့အစိုးရနဲ့ ပေါင်းသွားလိုက်၊ နောက်ပိုင်ရှင်သစ် ဂဠုန်ဦးစောကလည်း သူ့နိုင်ငံရေးသြဇာ ထူထောင်ဖို့ သတင်းစာကို ခုတုံးလုပ်ပြီး ပြည်သူလူထုကို ကျောခိုင်းခဲ့လေတော့ သမိုင်းကောင်းခဲ့တဲ့ သူရိယသတင်းစာကြီး အဖတ်ဆယ်လို့ မရတော့လောက်အောင် ဂုဏ်သိက္ခာ ကျဆင်းပြီး ရပ်ခဲ့သွားရတော့တယ်။ 


ခုတုံးလုပ်မခံနဲ့
မြန်မာအလင်းသတင်းစာကျတော့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ပါတီအဖွဲ့အစည်းတစ်ခုရဲ့ လက်ကိုင်တုတ်အဖြစ် မခံခဲ့ဖူး။ ဒါပေမယ့် မြန်မာ အမျိုးသားအားလုံးရဲ့ လွတ်လပ်ရေး တိုက်ပွဲမှန်သမျှ ထောက်ခံအားပေးခဲ့တယ်။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ စတဲ့လူငယ်များကို အမြဲ ကူညီပံ့ပိုးပေးခဲ့တယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းတွေကို အမြဲထောက်ခံခဲ့တယ်။ ဒါပေမယ့် ဘယ်ခေတ်မှာမှ လူတစ်စု၊ ပါတီတစ်ခုရဲ့ အသုံးချခံဘဝကို အရောက်မခံခဲ့ဘူး။ ဒါကြောင့်လည်း မြန်မာ့အလင်း သတင်းစာကြီးဟာ သက်တမ်းရှည်ခဲ့တာ ဖြစ်တယ်။ နောက်ထင်ရှားတာ တစ်ခုက ဦးအုန်းခင်ရဲ့ ဗမာ့ခေတ် ဖြစ်တယ်။ ဦးအုန်းခင်က ကလိတဲ့ရိတဲ့ အရေးအသားတွေ ''ပြည့်တန်ဆာဘုံ ကျင်လည်ခဲ့စဉ်က''ဆိုတဲ့ ဆောင်းပါးမျိုးတွေ၊ နာမည်ကြီး သူဌေးကတော်ကြီးတစ်ဦးနဲ့ ဘိုးတော်တစ်ယောက်ရဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်းမျိုးနဲ့ နာမည်ကျော် မြန်မာတိုင်းရင်းဆေးဆရာကြီး တစ်ယောက်ရဲ့ ''မာယာကြာချည်'' ဇာတ်လမ်းမျိုးတွေနဲ့ သူ့သတင်းစာကို မြန်မာပြည်မှာ စောင်ရေအများဆုံး သတင်းစာကြီး တစ်စောင်ဖြစ်အောင် လုပ်ခဲ့တာဖြစ်တယ်။ ဗမာ့ခေတ် သြဇာကြီးက အလွန်ကြီးမားတော့ ဘယ်တော့မှပြိုလဲမယ် မထင်ရပါဘူး။ ဒါပေမယ့် သန့်ရှင်းတည်မြဲအကွဲမှာ ဦးအုန်းခင်က ဗမာ့ခေတ်လို သူ့လက်ကိုင်တုတ်အဖြစ်နဲ့ နိုင်ငံရေးနယ်မှာ အသုံးချခဲ့လေတော့ ဗမာ့ခေတ်ကြီးဟာ အရိပ်ကလေးတောင် မကျန်အောင် ကွယ်ပျောက်သွားခဲ့ရတယ်။ 


ပါးနပ်တဲ့ လူမျိုး
ဒီအဖြစ်တွေကိုရေးပြတာ အတိတ်ကို လေ့လာပြီး လူငယ်တွေ သင်ခန်းစာ ယူတတ်စေချင်လို့ ဖြစ်ပါတယ်။ မြန်မာ့အလင်း၊ သူရိယနဲ့ ဗမာ့ခေတ်တို့ကို လေ့လာခြင်းအားဖြင့် မြန်မာလူမျိုးများဟာ နိုင်ငံရေးနဲ့ ပတ်သက်လာရင် အင်မတန် ပါးနပ်ကြတယ်။ ဘယ်သူက လိမ်နေတာ၊ ဘယ်ဟာက ညာထားတာ ဆိုတာမျိုးကို ကောင်းကောင်း ခွဲခြားသိမြင်တယ်။ နောက်ပြီးတော့ တခြား ဘယ်နေရာမဆို မြန်မာလူမျိုးများဟာ ခွင့်လွှတ်နိုင်ပေမယ့် နိုင်ငံရေး ကလိမ်ကကျစ် လုပ်တာမျိုးကိုတော့ ဘယ်တော့မှ ခွင့်လွှတ်လေ့မရှိဘူး ဆိုတာ သိသာထင်ရှားစေတယ်။ အင်မတန် သြဇာကြီးမားတဲ့ သူရိယ သတင်းစာကြီးကို ဘကြီးဘဖေတို့၊ ဦးစောတို့ကြောင့် စာဖတ်ပရိသတ်က ဒဏ်ခတ်လိုက်တဲ့ အတွက် စုပ်စုပ် မြုပ်သွားခဲ့ရတာလည်း အင်မတန် သင်ခန်းစာယူဖို့ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ထပ်ပြီးလူငယ်တွေကို သတိပေး ချင်တာကတော့ ရှေးလူကြီးတွေ လုပ်ခဲ့တာတွေကို လေ့လာပါ၊ သင်ယူပါ၊ နာနာဖတ်ပါ၊ ညက်အောင်ဝါးပြီး အစာကြေအောင်လုပ်ပါ၊ ဒါပေမယ့် အတုမခိုးပါနဲ့ ဆိုတာပဲ ဖြစ်ပါတယ်။

လူထုစိန်ဝင်း
လျှပ်တစ်ပြတ်သတင်းဂျာနယ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More