ခေါင်းဆောင်အလိုရှိသည်



ကမ္ဘာဦး သူတို့ နေနှင့် လကို တ ကြဘိ သကဲ့သို့ မြန်မာ ပြည်သူ တို့သည် ခေါင်းဆောင်ကို တ ၍ နေ ကြသညိ။ ဤကား မျက်မှောက် ခေတ်၏ တောင့်တ ချက်တည်း။ အသို့နည်း။ ကျွန်ုပ်တို့ နိုင်ငံ၌ ခေါင်းဆောင် မရှိ၍လော။ မဟုတ်ပါ။ ခေါင်းဆောင် သူတို့ ဒုနှင့်ဒေး ရှိကြပေ၏။ 

သို့ဖြစ်လျှင် အဘယ့်ကြောင့် ခေါင်းဆောင်ကို တ ၍ နေကြ ပါသနည်း။ ခေါင်းဆောင် ဒုနှင့် ဒေး ရှိသည့်နောက် ကိစ္စ ပြီးပြီ မဟုတ်လော။ အလို ဆန္ဒ ပြည့်ဝပြီ မဟုတ်လော။ မြန်မာ နိုင်ငံတွင် ခေါင်းဆောင် ပေါများသည်၊ မှန်ပါ၏။ စင်စစ် နိုင်ငံရေး ရောဂါ၏ အခြေ အနေကို အကဲခတ် ကြည့်လျှင် ခေါင်းဆောင် ပေါများသော ရောဂါ ဖြစ်နေ သည်ဟု ဆိုနိုင် ပါ၏။ သို့သော် ပြည်သူတို့ လိုချင်သော ခေါင်းဆောင်မှာ ထို ထို သော ပေါများသည့် ခေါင်းဆောင် တို့ကို မလို ချင်ပါ။ အရည်အချင်း ပြည့်ဝသော ရှားပါး လှသည့် ခေါင်းဆောင် ကိုသာ လိုချင် နေပါသည်။ 

ဗြိတိသျှ ခေတ် လွတ်လပ်ရေး ကြိုးပမ်း ခဲ့ကြ စဉ်က ကျွန် ဘဝမှ လွတ်မြောက် လိုစိတ် ပြင်းထန်၍ နယ်ချဲ့ သမားကို အလွန်အမင်း ထော်လော် ကန့်လန့် လုပ်နိုင်သော သူဟူ သမျှသည် ခေါင်းဆောင် အရာကို အလွယ်ပင် ရရှိ နိုင်ကြ သည်။ မြန်မာတို့ ဗြိတိသျှကို တော်လှန်၍ လွတ်လပ်ရေး ရအောင် ကြိုးပမ်း ခဲ့ကြ သည်မှာ ဒုတိယ ကမ္ဘာ စစ်ကြီး ခေတ်ကျမှ မဟုတ်၊ ပထမ အင်္ဂလိပ် မြန်မာ စစ်ဖြစ်၍ မြန်မာ တို့က ရခိုင်နှင့် တနင်္သာရီကို အင်္ဂလိပ် တို့အား ပေးအပ် ခဲ့ရသည့် အချိန်မှ စ၍ တော်လှန်ရေးကို သူ့ခေတ်နှင့် သူ ပြုလုပ် ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ကဲ့သို့ လူထု တရပ်လုံး၏ ညီညွတ်စွာ ထောက်ခံမှုကို မရခဲ့၍ သာလျှင် ထိုထိုသော တော်လှန်ရေးနှင့် လွတ်မြောက်ရေး တိုက်ပွဲ ကြီးငယ် အပေါင်းတို့ အရေးနိမ့် ခဲ့ကြ ရသည်။

စင်စစ်ကား လွတ်မြောက်ရေး ကြိုပမ်းမှု ရာဇဝင်မှာ ထိုစဉ် ကပင် စတင်ခဲ့သည်။ ထို့ကြောင့်လည်း ခရစ် ၁၈၈၆ ခုနှစ်၌ သီပေါမင်း ပါတော် မူပြီဟု သိရ သည်နှင့် တပြိုင်နက် အထက် မြန်မာ နိုင်ငံ လူထု တရပ် လုံးသည် အုံကြွ၍ တော်လှန် ခဲ့ကြသည်။ လွတ်မြောက် ရေးကို ကြိုပမ်း ခဲ့ကြသည်။ ထို့ကြောင့် အင်္ဂလိပ် တို့သည် မြန်မာ တို့၏ ပုန်ကန် ထကြွမှုကို ၁၁ နှစ်မျှ နည်း အမျိုးမျိုးဖြင့် နိုမ်နင်း ခဲ့ကြ ရသည်။ သို့သော် အမျိုးသား စိတ် ပြင်းထန်သော ခေတ် ရောက်တိုင်း ရောက်တိုင်း မြန်မာ နိုင်ငံတွင် အရေးတော် ပုံကြီးများ၊ အရေးတော် ပုံကလေးများ သူ့ခေတ်နှင့် သူ ပေါ် ပေါက်သည်။ ဤ ရာဇဝင်ကို ကျွန်တော်သည် ပြန်ပြောင်း မရေး လိုပါ။ ကျွန်တော် ဆိုလို ချင်သော အချက်မှာ ယင်းကဲ့သို့ လွတ်မြောက်ရေး ကြိုးပမ်းမှု ခေတ်တွင် ကျွန်ုပ် တို့သည် အင်္ဂလိပ်ကို ဆန့်ကျင် သည်ဟု အမူအရာ တခုခုကို ပြလိုက်ရုံ မျှဖြင့် ထို ဆန့်ကျင် သူကို ဆိုးဆိုး ကောင်းကောင်း ခေါင်းပေါ်တင် မြှောက်စား ခဲ့သည်ကို ကျွန်တော် ပြောလို ပါသည်။ ဥပမာ ခရစ် ၁၈၈၆ ခုနှစ်မှ စ၍ ပေါ်ပေါက် ခဲ့သော မြန်မာ တို့၏ ကနဦး တော်လှန်ရေးတွင် မင်းညီ မင်းသား ထဲက ဆိုလျှင် “ မြင်းကွန်း မြင်းခုန်တိုင် ” ၏ အဆက် အနွယ်များ အပြင် မင်းတုန်းမင်း တရားကြီး၏ နောက်လိုက် ဗိုလ်ပါ အဆက်များနှင့် သီပေါမင်း တရား၏ အဆက် အနွယ် များလည်း ပါဝင်ကြသည်။ ထို့ပြင် ရှမ်းစော်ဘွား များထဲမှ “ ဝန်းသို စော်ဘွားကြီး ” သည် ခေါင်းဆောင်ကြီး တဦး ဖြစ်သည်။ အခြား ကချင်၊ ချင်း၊ ကယား၊ ကရင် စသော လူမျိုးစု ထဲမှ ခေါင်းဆောင် များလည်း ပါသည်။ ထို့ပြင် မြို့စား ရွာစားတို့ သာမက သာမည ရွာသူကြီးပင် လွတ်မြောက်ရေး ကြိုးပမ်းမှု ခေါင်းဆောင် အဖြစ် ပါဝင် ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အဖိုး ဖြစ်သူ ဗိုလ်မင်းရောင် တို့ ကဲ့သို့သော မြန်မာ့ စစ်သည်တော် အင်အားစု ထဲမှ သာမက သာမန် အရပ်သား တို့ပင် ပါဝင် ကြသည်။ ထိုထိုသော ခေါင်းဆောင် တို့တွင် အမျိုး အမည် ထင်ရှား သူလည်း ရှိ၏။ မထင်ရှား သူလည်း ရှိ၏။ မင်းညီ မင်းသားလည်း ပါ၏။ အရပ်သားလည်း ပါ၏။ ခေါင်းဆောင် အရာနှင့် တော်သော သမာဓိ ဂုဏ်နှင့် ပြည့်စုံ သူတို့လည်း ပါ၏။ အခြေအနေ ကြည့်၍ စွန့်စားသော သူတို့လည်း ပါ၏။ ထို့ကြောင့် အချို့မှာ တိုင်းပြည် ခေါင်းဆောင် အမည်ဖြင့် သမိုင်း တွင်ကျန် ရစ်ခဲ့၏။ အချို့မှာ မူကား သာမန် ဓားပြ ဗိုလ်များ အနေဖြင့် သမိုင်း စာရင်း မဝင်ဘဲ “ အညတြ ” ဖြစ်ကြ ကုန်သည်။ သို့ရာတွင် ခေါင်းဆောင် တို့တွင် မင်းညီ မင်းသားကို မဆိုထားဘိ ဓားပြ ဗိုလ်ပင် ဖြစ်စေ ကာမူ အင်္ဂလိပ်ကို ခံတိုက်သော သတ္တိကြောင့် မြန်မာ လူထုက ၄င်းတို့ကို အဆင့် အတန်း မခွဲဘဲ ခေါင်းဆောင် အရာ၌ ထားခဲ့ ကြသည်။ 

ထိုထိုသော ခေါင်းဆောင် တို့တွင် အရည်အချင်း ပြည့်ဝ၍ ဥာဏ်ပညာ ထက်မြက် ပြီးလျှင် အနာဂတ် အတွက် အမြှော်အမြင် ရှိသူ တို့လည်း ပါ၏။ အရည်အချင်း ဘာမျှ မရှိ ဓားကို စွဲကိုင်၍ ရန်သူကို ချေမှုန်း နိုင်သော သတ္တိသာ ရှိသူ တို့လည်း ပါ၏။ မည်သို့ပင် ဆိုဆို ထိုခေတ် မြန်မာ လူထုက ထိုခေါင်းဆောင် အမျိုးမျိုး တို့ကို လေးစား ကြ၏။ “ အာဇာနည် ” ဟု မှတ်ယူ ကြ၏။ သို့သော် သမိုင်းက လူကို စစ်၍ ချလိုက်သော အခါ လူထု၏ ပူဇော် ခြင်းကို ခံထိုက်သော သူတို့ သည်လျှင် အမည် ထင်ရှား ကျန်ရစ် ကြလေသည်။ 

ကျွန်တော် ငယ်စဉ်က ကျွန်တော်၏ ဇာတိ ချက်ကြွေ ဖြစ်သော အရပ်တွင် နာမည် ကြီးခဲ့သော လွတ်မြောက်ရေး ကြိုးပမ်းသူ “ ကျားဗိုလ် ” ဟူသော ခေါင်းဆောင် အကြောင်းကို ကြားခဲ့ ဖူးသည်။ ကျားဗိုလ်သည် ဗြိတိသျှ အုပ်ချုပ်ရေး အမြစ်တွယ် နေပြီ ဖြစ်သော မြစ်ဝ ကျွန်းပေါ် အနောက်ဘက် ဒေသတွင် ပင်လျှင် အင်္ဂလိပ် တော်လှန်ရေးကို လုပ်နေ ခဲ့သည်။ ကျွန်တော် လူမှန်း သိသည့် အရွယ်တွင် မိဘ ဘိုးဘွား တို့က ကျားဗိုလ်သည် တော်လှန်ရေး တိုက်ပွဲ၌ ဆင်ဘား သခင်ဟု အမည် တွင်သော မျက်နှာဖြူ ရဲဘက် ခရိုင် အရာရှိ စိန်ဗာ့ဗ် ( St. Barbe ) ကို ပုသိမ် ခရိုင် အတွင်းတွင် သုတ်သင် လိုက်ကြောင်း အားပါး တရ ပြောကြားသည့် အချက် တို့ကို ဗဟုသုတ အဖြစ်ဖြင့် မှတ်ယူ ခဲ့ဖူး ပါ၏။

ကျွန်တော်၏ ဘွားအေ ကမူ ကျွန်တော် တို့၏ ရွာကလေးကို ကျားဗိုလ် လာ၍ စီးစဉ်က ၄င်း၏ ညီမ အထွေးဆုံးကို ပုခက်တွင် သိပ်ထားဆဲ လက်လွတ် ထွက်ပြေး ခဲ့ရာ ပုခက်တွင်း ကလေးကို ကျားဗိုလ်တို့ လူသိုက် ဆုတ်ခွာ သွားကာမှ သတိရ၍ ပြန်လည် ရှာဖွေ ခဲ့ရ ကြောင်းကို ပြောပြ သဖြင့် မှတ်သား ရပါ၏။ သို့သော် ကျားဗိုလ်၏ ကြိုးပမ်းချက် တို့ကို တွက်စစ် ကြည့်သော အခါ ၄င်းသည် မြစ်ဝ ကျွန်းပေါ် ချောင်းမြောင်း ထဲတွင် လောင်းကြီး တစင်းနှင့် စုန်ချည် ဆန်ချည် သွားလာ လှည့်ပတ်ကာ လူထုထံမှ ရိက္ခာ တို့ကို လုယူ တိုက်ခိုက် နေသူ တဦး၏ အခြေသို့ ဆိုက်ခဲ့ သည်ကို သိရ ပြန်သည်။ ကျားဗိုလ်သည် နောက်ဆုံးတွင် ၄င်း၏ ဇာတ်လမ်းကို တကျွန်း၌ စခန်း သိမ်းခဲ့ ရသည်။

ဒုတိယ ကမ္ဘာစစ် မဖြစ်မီ အတော အတွင်း ၄င်း ကျားဗိုလ်သည် တကျွန်းမှ လွတ်လာ သည်ကို သိလိုက် ရ၏။ သို့သော် ယခင်က ခေါင်းဆောင်ဟု ဆိုခဲ့ ရသော်လည်း ထိုစဉ် ကမူ ကျားဗိုလ်သည် ဒဏ္ဍာရီ ပုံပြင် ထဲက လူတယောက် မျှသာ ဖြစ်ခဲ့သည်။ ယနေ့ အဖို့၌ မူကား ၄င်းကို သုတေသီ ပုဂ္ဂိုလ် အချို့၏ စိတ်ဝင် စားစရာ လူတယောက် မျှသာ အသိ အမှတ် ပြုကြသည်။ မည်သူမျှ ၄င်းအား မြန်မာ့ သမိုင်းနှင့် ဆက်စပ်၍ မကြည့်ကြ တော့ချေ။ ထိုနည်း တူစွာ ကျွန်တော် ကျောင်းနေစဉ် အရွယ်က အမျိုးသားရေး ခေါင်းဆောင် ပုဂ္ဂိုလ် ဆိုသူ တဦးကို တွေ့ခဲ့ ဖူး၏။ ထိုပုဂ္ဂိုလ်မှာ အသက် ၂၀ မျှပင် မပြည့် သေးပါ။ ထို ပုဂ္ဂိုလ်သည် ဆရာတော် ဦးဥတ္တမနှင့် ဆွေမျိုး နီးစပ် တော်သည် ဟူသော အရည် အချင်းဖြင့် နိုင်ငံရေး ဓမ္မ ကထိက ခေါင်းဆောင် အရာ၌ တည်သည်ဟု သိရ ပါသည်။ ထိုပုဂ္ဂိုလ်မှာ ကိုရင်ဝတ်နှင့် ရှိသည်။ တနေ့သော် ထို ကိုရင် ကလေးသည် မြောင်းမြမြို့ ခါတော်မီ ကျောင်းတွင် နိုင်ငံရေး အဘိဓမ္မာ ဒေသနာ ယပ်လှဲ တရားကြီးကို ဟောကြား ပါသည်။ ထို အဘိဓမ္မာ ဒေသနာ အရ အင်္ဂလိပ် ဟူသည် “ အင်းထဲက လိပ်နှင့် မျောက်ဖြူ တကောင်တို့ စပ်၍ ကျသော သား အဆက်အနွယ် ” ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့သည် မျိုးရိုး ဇာတိ မပျက် စေရန် မျောက်၏ အတုကို ယူ၍ ခေါင်းပေါ်၌ ဗိုလ်ကေ ခွဲကြ သည်ဟု ဆိုပါသည်။ သူ့ခေတ်က သူသည် အင်္ဂလိပ် ဆန့်ကျင်ရေး ခေါင်းဆောင် တဦး ဖြစ်၍ လူထုက လက်ခုပ် သြဘာ တီးပေး ခဲ့ကြ ပါ၏။ သို့သော် ပညာ အနှစ် ကင်းမဲ့သော အဘိဓမ္မာပျက် တရား တို့ကို မျိုးချစ်စိတ်နှင့် ယှဉ်၍ တည်ထောင် ခဲ့သော အမျိုးသား ကျောင်းရှိ ၁၂ နှစ်၊ ၁၃ နှစ် အရွယ် လူငယ်များ ကပင်လျှင် လက်မခံ ခဲ့ချေ။ ၄င်းနောက် ထို ကိုရင်သည် ခေတ်ကလေး တခေတ် သမိုင်း ထဲ၌ ဒဏ္ဍာရီ ပုံပြင်၏ ပမာ တမျှ ပင်လျှင် နာမည် ကျန်ရစ် ခဲ့ခြင်း မရှိချေ။ ဆရာတော် ဦးဥတ္တမ ပင်လျှင် ထို အကြောင်းကို သိရှိ ခဲ့လျှင် သူ၏ နာမည်ကို အလွဲသုံးစား လုပ်သည်ဟု ရေရွတ် မိမည်မှာ အမှန် ဖြစ်၏။ နောင် အခါတွင် ကျွန်တော်သည် အလုပ်နှင့် အကိုင်နှင့် တာဝန် ရှိသူ လူကြီး ဘောင်ထဲသို့ ရောက်ခဲ့ ပြန်သည်။

ထိုအခါ ၌လည်း ခေါင်းဆောင် ဆိုသူ လူ အမျိုးမျိုးနှင့် ဆက်ဆံ ပေါင်းသင်း ခဲ့ရသည်။ အလုပ် လုပ်စ၌ ရပ်ကွက် ခေါင်းဆောင် ဆိုသူ တဦးနှင့် တွေ့ခဲ့ ရ၏။ ၄င်းသည် မြူနီစီပယ် ရွေးကောက်ပွဲ၌ အရွေးခံရန် ကြိုးပမ်း နေသူ ဖြစ်၏။ သူ၏ ဇာစ်မြစ်မှာ နိုင်ငံခြားသား ကလယ် ကုလား၊ ကျူလယာ ကုလား၊ ကာကာ ကုလား များနှင့် ပေါင်းသင်း၍ ၄င်းတို့က မြန်မာ လယ်သမား များ၏ လယ်မြေ များကို မတရား ကျူးလွန် သိမ်းပိုက်သည့် အမှု တို့တွင် ရုံးတော်က မသိ စေရဘဲ တောရှေ့နေ အဖြစ်ဖြင့် ဆောင်ရွက် ပေးနေသူ ဖြစ်၏။ ဤသို့ ဆောင်ရွက် ပေးရင်း တရားရုံး တို့တွင် သွားလာ ဆက်ဆံ ပေါင်းသင်းမှု များလာသော အခါ လျှောက်လွှာ စာရေး လိုင်စင်ကို ယူပြီးလျှင် ရုံးများ၌ ခြေရှုပ် နေသူ တဦး ဖြစ်၏။ သို့သော် ၄င်းသည် သူ၏ ဝမ်းရေး အကွက်ကို မြင်တတ်သူ ဖြစ်သည့် အလျောက် နိုင်ငံရေး၌ အာဏာရဆဲ ပါတီ၊ သို့တည်း မဟုတ် လူထု အများက မျက်စိ ကျထားသော ပါတီ အစ ရှိသည် တို့ကို ကပ်၍ ပါတီ ခေါင်းဆောင် ရာထူးကို မိမိ ဘာသာ မိမိ တီထွင် ရယူ ထားသူ ဖြစ်လေသည်။ သို့သော် သူယူ ထားသော ရာထူးသည် တခုတည်း မဟုတ်၊ ၂၁ ဦး အတွက် သူသည် ကိုယ်စားလှယ် ဖြစ်၏။ မျိုးချစ် အတွက်လည်း သူ သာလျှင် လူထုအား ကိုယ်စား ပြု၏။ တို့ ဗမာ အစည်း အရုံး အဖို့လည်း သူပင်လျှင် ဦးစီး ဦးဆောင် ဖြစ်၏။ ကျွန်တော် သူနှင့် တွေ့စက သူသည် ဓားမ ပါတီ အတွက် နောက်လိုက် စုနေသည်။ သို့သော် ထိုစဉ်က နိုင်ငံရေး သဘောမှာ ဗြိတိသျှ တို့ကို နဖူးတွေ့ ဒူးတွေ့ တိုက်ကြ ရမည့် သဘော ဖြစ်၍ ဗြိတိသျှ အုပ်ချုပ်ရေးကို ဝင်ရောက် ရှုပ်ပွေ နှေက်ရှက် နိုင်သူသည် “ အာဇာနည် ပုဂ္ဂိုလ် ” ဖြစ်နေ လေသည်။ ထို့ကြောင့် တရား ရုံးတိုင်းက သော်လည်းကောင်း၊ အရပ်က သော်လည်းကောင်း လူရှုပ် လူပွေဟု ယူဆ ထားကြ သော်လည်း တောမှ တက်လာသော ကလယ် ကုလား၊ ကျူလယာ ကုလား၊ ကာကာ ကုလား၏ နောက်လိုက် တောသူ တောင်သား တို၏ မျက်စိ ထဲတွင် သူသည် ခေါင်းဆောင် အရာ၌ တည်ခဲ့သည်။ ကျွန်တော် သည်လည်း အလုပ် သဘောကို ကြည့်၍ လူထု၏ အစိတ် အပိုင်း ခေါင်းဆောင် တဦးအား နေရာ ထား၍ ဆက်ဆံ ခဲ့ရ၏။ သို့သော် ထိုသူသည် “ ဗလောင်း ဗလဲ ” ခေါင်းဆောင် ဖြစ်သည် ဟူသော အချက်ကို မူကား သိရှိ ရ၍ သတိ များစွာ ထားပြီး ပေါင်းသင်း ဆက်ဆံ ရသည်။

တနေ့သော် တို့ဗမာ အစည်း အရုံး၏ ခေါင်းဆောင် မှုဖြင့် ဗြိတိသျှ အုပ်ချုပ်ရေးကို မောင်းထုတ် ပြီးလျှင် ဂျပန် တို့၏ အုပ်ချုပ်ရေးကို တည်ဆောက် ရသော အခါ ကျွန်တော့် စိတ် အထင်၌ အဆိုပါ လျှောက်လွှာ စာရေး ဗလောင်း ဗလဲ ခေါင်းဆောင်ကြီးသည် မြို့ပြ အုပ်ချုပ်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်လာလေ မလောဟု တထိတ်ထိတ်နှင့် စောင့်မျှော် ကြည့်မိသည်။ သို့သော် ကျွန်တော့် မိတ်ဆွေ ဗလောင်းဗလဲ လျှောက်လွှာ စာရေးကြီးသည် ထို အချိန်မှ စ၍ စုံးစုံး မြုပ်လေ၏။ သမိုင်းရေ အလျှင် ထဲတွင်ကျွန်ုပ်၏ “ ခေါင်းပုံဖြတ် ခေါင်းဆောင်ကြီး ” သည် အမှိုက် သရိုက် ပမာ တမျှ မျောပါ၍ ပျောက်ပျက် သွားချေပြီ။

ယနေ့ အဖို့ သူသည် အသက် ထင်ရှားရှိမှ ရှိပါ သေး၏ လောဟု ကျွန်တော် တွေးမိ၏။ အကယ်၍ ရှိခဲ့သော် ကျန်းမာပါစေ၊ မြန်မြန် ချမ်းသာ ပါစေဟု ကျွန်တော် ဆုတောင်း လို၏။ အကြောင်းကို ဆိုသော် သူ မြန်မြန် ချမ်းသာ၍ သူ့ လိုဘ မြန်မြန် ပြည့်ဝမှ ကျွန်ုပ်တို့ လူထုသည် သူ၏ စက်ကွင်းမှ လွတ်မြောက်မည် ဖြစ်၏။ သို့ရာတွင် လက်တွေ့ ၌ကား ထို လူမျိုးသည် သေသည့် အချိန် တန်အောင် လိုဘ ပြည့်လိမ့်မည် မထင်။ ရလေ လိုလေ အို တစ္ဆေ ဆိုသည်မှာ ထို လူစား မျိုးတည်း။ ယခု ခေတ်ကား လွတ်လပ်ရေး ခေတ် ဖြစ်၏။ ကျွန်တော်သည် နိုင်ငံခြားသား လက်အောက်ခံ မင်းမှုထမ်း ဘဝ၌ ထို လွတ်လပ်ရေး ခေတ်ကို မျှော်မှန်း ခဲ့၏။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရ ဘဝသို့ ရောက်သော အခါ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရ အတွက် အကျိုးစီးပွား ဖြစ်ထွန်းအောင် လွတ်လွတ် ကျွတ်ကျွတ် စိတ်ရှိတိုင်း ဆောင်ရွက် ရမည့် အခြေကို မျှော်မှန်း မိ၏။ ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်း များနှင့် စကား လက်ဆုံ ကျသည့် အခါ မြန်မာ နိုင်ငံ၏ အုပ်ချုပ်ရေး တိုးတက် လာလျှင် ကျေးရွာ သူကြီး အဖွဲ့ကို မည်သို့ မည်ပုံ ကောင်းမွန် လာအောင် ဆောင်ရွက် ရမည့် လုပ်ငန်း တို့ကို ဆွေးနွေး ခဲ့၏။ ကျွန်တော်တို့ ခေတ်က အုပ်ချုပ်ရေး လုပ်ငန်း ထဲသို့ ရောက်ရှိ လာကြသော နိုင်ငံ ဝန်ထမ်း အပေါင်း တို့သည် ရန်ကုန် တက္ကသိုလ်မှ ရအပ်သော ပညာ အသ်ဥာဏ် တို့ဖြင့် တိုင်းပြည် ကြီးကို တိုးတက် ကောင်းမွန်အောင် အဘယ်ပုံ လုပ်လိုက် မည်ဟု ကြုံးဝါး ခဲ့ကြ၏။ တခုသော ည လကလေး ခပ်သာသာတွင် တောင်ကုပ် မြို့နယ်ရှိ တန်းလွှဲ မြစ်၏ ရေ အလျှင်ကို ကြည့်ကာ ခရိုင် ရဲဝန် တဦး၊ ခရိုင် လယ်ဝန် တဦး၊ ခရိုင် ယစ်မျိုး ဝန်ထောက် တဦးနှင့် ကျွန်တော်သည် ကျွန်တော်တို့ လေးဦးသား ရာထူး ဌာနန္တရ တိုးတက်၍ နိုင်ငံ့ တာဝန် ကြီးကြီး တို့ကို ဆောင်ရွက် နိုင်သော အခြေသို့ ရောက်သော အခါ ရဲ အဖွဲ့ကို လန်ဒန် မြို့တော် ရဲအဖွဲ့ နီးနီး တိုးတက်အောင် မည်သို့ ပြုပြင် ကြရမည် ဟူသော အချက်ကို ဗဟုသုတ နှီးနှော ဖလှယ်ပွဲ ပြုလုပ် ခဲ့ကြ၏။ စိတ်ကူး ယဉ်သည် နှင့်ကမျှ ကျွန်တော်တို့ လေးဦးသား ပျော်ရွှင် ကြ၏။ လွတ်လပ်သော ခေတ်တွင် ရှုပ်ပွေသော လောကကြီးနှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ရသော အခါ ကျွန်တော်တို့ တတွေသည် ကျားဗိုလ် ကဲ့သို့သော ခေါင်းဆောင်၊ ဦးဥတ္တမ၏ အဆက်အနွယ် ဖြစ်သော ကိုရင် ကဲ့သို့သော ခေါင်းဆောင်၊ လျှောက်လွှာ စာရေး ကဲ့သို့သော ခေါင်းဆောင်၊ ထို ခေါင်းဆောင် တို့၏ အဆင့်အတန်း ကိုမျှပင် မမီသော ခေါင်းဆောင် စသည့် ခေါင်းဆောင် တို့နှင့် ပြေးမလွတ် ရှိခဲ့ ရသည်။

ကျွန်တော်၏ မိတ်ဆွေ များသည် ကျွန်တော့်ထက် တော်ကြသည်။ ၄င်းတို့သည် မိမိကိုယ်ကို မိမိ ပါတ်ဝန်းကျင်နှင့် ဟပ်မိအောင် ကြိုးစား ခဲ့ကြသည်။ ထို့ကြောင့် ယခင်က ခရိုင် ရဲဝန်၊ လယ်ဝန်၊ ယစ်မျိုးဝန် ဆိုသူ တို့သည် ယနေ့ အဖို့၌ အထက် လူကြီးများ အပြစ် မဆို သာအောင် မိမိတို့၏ အလုပ်ခွင်တွင် ဣနြေ္ဒမပျက် လုပ်ကိုင် နေကြသည်။ အသက် ၅၅ နှစ် ပြည့်မည့် နှစ်တွင် အနား ယူရန် ရည်သန်၍ အပြစ် ကင်းအောင် ပတ်ဝန်းကျင်နှင့် ရေလိုက် ငါးလိုက် ပြုလုပ် နေကြသည်။ သို့သော် ကျွန်တော့် မှာမူ စိတ် အမောခံ၍ ပတ်ဝန်းကျင်ကို သုံးသပ် နေမိသည်။ ထို့ကြောင့်လည်း ယနေ့ အဖို့၌ မြန်မာ နိုင်ငံသူ နိုင်ငံသား တို့သည် ခေါင်းဆောင် ပီသ သူတို့ကို မျှော်လင့် တောင့်တ နေကြောင်း စဉ်းစား မိခြင်း ဖြစ်၏။ လက်ရှိ အခြေ အနေ၌ ကျွန်ုပ်တို့အား ရှေ့ဆောင် လမ်းပြ ပြုနေ ကြသော ခေါင်းဆောင် တို့သည် အမှားကို ပြုလုပ် မိခဲ့ သည်လည်း ရှိပါ၏။ သို့သော် သူတို့ ပြုခဲ့ သမျှသော အလုပ် တို့သည် တိုင်းပြည် အပေါ်၌ စေတနာ ထား၍ ပြုလုပ် ခဲ့ကြ သည်ကို ကျွန်တော် နားလည် ပါ၏။ သို့သော် ထို ခေါင်းဆောင်ကြီး တို့သည်လည်း ပတ်ဝန်းကျင်၌ “ ကျားဗိုလ် ခေါင်းဆောင် ”၊ “ ဓမ္မကထိက ကိုရင် ခေါင်းဆောင် ”၊ “ လျှောက်လွှာ စာရေး ခေါင်းဆောင် ” တို့နှင့် ပြေးမလွတ် ရှိနေ ကြသည် ကိုလည်း ကျွန်တော် ရိပ်မိ၏။ ယခု အခါ တတိုင်းလုံး တပြည်လုံးက ခေါင်းဆောင်များ အကွဲကွဲ အပြားပြား ဖြစ်သည်ကို နှာခေါင်း ရှုံ့ကြ သည်။ သို့သော် ကျားဗိုလ်၊ ကိုရင်နှင့် လျှောက်လွှာ စာရေးတို့ ပေါင်းမိ မည်ကိုလည်း ကြောက်ဒူး တုန်ကြသည်။ ဤ အဖြစ် သနစ်ကြောင့် လူထုသည် သူ့ကို အပြစ်တင်၊ ငါ့ကို အပြစ်တင်နှင့် အပြစ် တို့ကိုသာ မြင်နေ ကြသည်။

ကျွန်တော်ကား လူကို အပြစ် မတင် လိုပြီ။ သဘော တရား၊ စနစ်၊ လုပ်ရပ် စသော အကြောင်း တရား တို့၌သာ အပြစ်ကို မြင်နေ မိသည်။ လူသည် လူပင် ဖြစ်၏။ လူသည် လောဘသား၊ ဒေါသသား၊ မောဟသား ဖြစ်သည်။ လူ၌ လူ့အပြစ် ရှိစမြဲတည်း။ လူသား မှန်ပါလျှက်နှင့် နတ်ကဲ့သို့ ဟန်ဆောင် နေခြင်းသည် လူတို့၏ လွတ်မြောက်ရေး လမ်းစဉ် မဟုတ်။ လူကို ကောင်းသော စည်းဝိုင်း၊ ကောင်းသော ကျင့်စဉ်၊ ကောင်းသော လုပ်ငန်း ထဲသို့ ပို့ပေး နိုင်မှသာ လူသည် လူ့အဖြစ်နှင့် ပင်လျှင် တိုးတက် လာဖို့ ရှိသည်။ ရှေးခေတ်က နိုင်ငံရေးကို ဆောင်ရွက်သည် ဆိုသည်မှာ လက်အောက်ခံ ဘဝမှ လွတ်မြောက်ရေးကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ ယခု လွတ်မြောက်သော ဘဝ၌ မူကား နိုင်ငံရေး လုပ်ငန်း ဟူသည်မှာ လူသည် လူ့အဖြစ် နှင့်ပင် တိုးတက် လာအောင် ပြုလုပ် ပေးဖို့ ဖြစ်သည်။ လူကို နတ်ဖြစ်အောင် ပြုပြင် လိုလျှင် လူကို လူ့ဘဝမှ လျှောကျအောင် လုပ်ရ ဦးမည် ဖြစ်သည်။

စာဖတ်သူ မိတ်ဆွေ၏ စိတ်ကို ကျွန်တော် မသိပါ။ ကျွန်တော့် စိတ်ဆန္ဒကို အရိုးခံဖြင့် ပြောပြ ရလျှင် အလကား နေရင်း လူ့ဘဝ အဆုံး မခံ လိုပါ။ ထို့ကြောင့် လူကို လူအဖြစ် ဖြင့်ပင်လျှင် တိုးတက်အောင် ဆောင်ကြဉ်း ကြစို့ဟု ဆိုလျှင် လူ့ အကြောင်းကို တတ်သိ လိမ္မာ ကျွမ်းကျင် မှသာ ဆောင်ကြဉ်း နိုင်လိမ့်မည်။ ကျားဗိုလ်သည် တော်လှန်ရေး ခေါင်းဆောင် ဖြစ်ခဲ့သည်။ မှန်၏။ သို့သော် တိုက်နည်းကို မသိ။ သူနှင့် ဘဝတူ မြန်မာ လူထု အကြောင်းကို မသိ။ ထို့ကြောင့် ရွာစဉ် လျှောက်ပြီး တိုက်ခိုက် ခဲ့၏။ အိုးမဲ့ အိမ်မဲ့ သားတကွဲ မယား တကွဲ ဖြစ်ခဲ့ကြ သူတို့မှာ မြန်မာ တို့သာ ဖြစ်သည်။ ဗြိတိသျှ တို့ကား ကျားဗိုလ် ထလေလေ ၄င်းတို့၏ ဘုန်းတန်ခိုး ကြီးမား လေလေ ဖြစ်သည်။ ဓမ္မကထိက ကိုရင်သည် အမျိုးသား ခေါင်းဆောင် ဖြစ်ခဲ့သည်။ မှန်၏။ သို့သော် ၄င်းသည် သဘောတရား မသိ။ သူနှင့် ဘဝတူ မြန်မာ တို့၏ အကြောင်းကို မသိ။ တောင်စဉ် ရေမရ ဝါဒ တို့ကို သွတ်သွင်း လေလေ ဗြိတိသျှတို့ ဘုန်းတန်ခိုး ကြီးမား လာလေလေ ဖြစ်သည်။ လျှောက်လွှာ စာရေးသည် တောသူ တောင်သား တို့၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။ မှန်၏။ သို့သော် လုပ်ငန်းကို နားမလည်ရှာ။ ထို့ကြောင့် ဗြိတိသျှ၊ တရုတ်၊ အိန္ဒိယသား တို့သည် ၄င်း၏ ကြိုပမ်း မှုကြောင့် စည်းစိမ် ဥစ္စာ တိုးတက် လာခဲ့သည်။ စင်စစ် ၄င်းတို့ ကြိုးပမ်း လာခဲ့ကြ သည်မှာ သဘော တရားလည်း မမှန်၊ စနစ်လည်း မကျ၊ လုပ်ရပ်လည်း မဟုတ်၊ လွတ်မြောက် လိုသော ဆန္ဒ တခုတည်းသာ ရှိသည်။ မျိုးချစ်စိတ် ပြင်းထန်မှု တခု တည်းသာ ရှိသည်။ တော်လှန် လိုသော စိတ်လှုပ်ရှားမှု တခု တည်းသာ ရှိသည်။ တိုင်းပြု ပြည်ပြု လုပ်ငန်း တို့တွင် ထိုစိတ် တို့ကို မည်မျှပင် အခြေခံ ကြရမည်ဟု ဆိုစေ ကာမူ လုပ်နည်း မသိသော ခေါင်းဆောင်သည် ဖွဲနှင့် ဆန်ကွဲသာ ဖြစ်ချေအံ့။


ဤခေတ်၌ ခေါင်းဆောင် အမည် ခံယူ သူတို့ ပေါများ ပါ၏။ တောင်သူ လယ်သမား ခေါင်းဆောင်ဟု ရှိ၏။ သို့သော် ကျွန်ုပ်တို့၏ တောင်သူ လယ်သမား ခေါင်းဆောင်သည် စပါးနက်နှင့် ငစိန်ကို ခွဲခြား၍ မသိ။ အလုပ် သမား ခေါင်းဆောင်ဟု ဆိုပါ၏။ သို့သော် ခေါင်းဆောင်ကြီးသည် တူကိုမျှပင် မထု တတ်ပါ။ အုပ်ချုပ်ရေး သမား ခေါင်းဆောင်၊ စီးပွားရေး သမား ခေါင်းဆောင်၊ လူမှုရေး သမား ခေါင်းဆောင် ဟူ၍လည်း ရှိကြ ပါ၏။ သို့သော် ထို သူတို့သည် ဥပဒေကို မသိ၊ အရောင်း အဝယ်ကို နားမလည်၊ မနုဿ ဗေဒ ဟူသည် ကိုလည်း မကြားဖူး။ “ သင်တို့သည်၊ ငါတို့သည်၊ တော်လှန်ရေး အရင်းရှင် စနစ်၊ ဒီမိုကရေစီ၊ ပြည်သူပိုင်၊ ပြည်တော်သာ ” ဟူသော ကြွေးကြော်သံ တို့ကို အလွတ် ကျက်၍ လူရှေ့ သူရှေ့ မရှောင် ဟစ်အော် တတ်လျှင်ပင် ခေါင်းဆောင်ဟု ဆိုကြရ မည်လော။ မဟုတ် … … မဟုတ် … … မဟုတ်။ ကျွန်ုပ်တို့ အားလုံး သွက်ချာတော လိုက်အောင် မှားကုန် ကြပါပြီ။ ခေါင်းဆောင်မှု ဆိုရာ၌ အရည်အချင်း ရှိရမည် မဟုတ် ပါလော။ အရည်အချင်း ဆိုသည် မှာလည်း ပထမပြန် စာမေးပွဲကို အောင်ခြင်း မဟုတ်၊ ဘီအေ အောင်ခြင်း မဟုတ်၊ မိမိ လုပ်ငန်း၌ တတ်ကျွမ်း ခြင်းကို ဆိုလိုသည်။ တနည်း အားဖြင့် တတ်ကျွမ်းမှု ရှိသော ခေါင်းဆောင်ကို တိုင်းပြည်က ယနေ့ အလို ရှိနေသည်။ ယနေ့ အဖို့၌ ကျဆင်း နေသော ခေါင်းဆောင်မှု နေရာတွင် “ လဟာပြင်ကြီး ” ကျန်ရစ် နေသည်။ သို့သော် ကံကောင်း ထောက်မ၍ ထို လဟာပြင်၌ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ခေါင်းဆောင်မှုတို့ နေရာ ယူထားသည်။ စင်စစ် ၄င်း ခေါင်းဆောင်မှုသည် နိုင်ငံကို ထိန်းပေး ရသော ခေါင်းဆောင်မှု ဖြစ်သည်။ တနည်း အားဖြင့် နိုင်ငံရေး ခေါင်းဆောင်မှု တရပ် အတွက် မဏာမ ခေါင်းဆောင်မှု၌ နေရာ ယူလျှက် ရှိကြသည်။ အို - အချင်းတို့ … …။ ကျွန်ုပ်တို့၏ နောင်တော့် နောင်တော်များ ကျဆင်း ခဲ့သော လမ်းကြောင်း ကြီးကို မြင်ကြ ကုန်လော။ စိတ်တက်ကြွမှု တခု တည်းနှင့် အရင်း တည်သော ခေါင်းဆောင်မှုသည် ကျဆုံး ခဲ့ပြီ။ မိမိ လုပ်ငန်းကို မိမိ တတ်ကျွမ်း နားလည်မှု ရှိသော ခေါင်းဆောင်မှု သည်သာလျှင် အောင်မြင် လိမ့်မည်။ 

နောင်လာ နောက်သား တို့သည် နောင်တော့် နောင်တော်တို့ ကျဆင်းရာ ချောက်ထဲသို့ မကျကြ စေနှင့်။ နိုင်ငံရေး သမား ခေါင်းဆောင်၌ နိုင်ငံရေး အရည်အချင်း ရှိစေ။ အုပ်ချုပ်ရေး သမား ခေါင်းဆောင်၌ အုပ်ချုပ်ရေး အရည်အချင်း ရှိစေ။ စီးပွာရေး ခေါင်းဆောင်၌ စီးပွားရေး အရည်အချင်း ရှိစေ။ လူမှုရေး ခေါင်းဆောင်၌ လူမှုရေး အရည်အချင်းရှိစေ။ သို့မှ သာလျှင် မြန်မာ့ သားကောင်း သမီးကောင်း ရတနာ တို့သည် မြန်မာ့ လွတ်လပ်ရေးကို အသက်ဆက် နိုင်ကြမည် ဖြစ်၏။

မောင်ထင်
၁၉၅၉ မှာ ဆရာ မောင်ထင် ရေးသား ခဲ့တဲ့ ပြည်သူ့ ကိုယ်ကျင့် တရား အမြင် “ ခေါင်းဆောင် အလိုရှိသည် ” ဆောင်းပါးမှ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More