ရွှေမော်ကွန်းရဲ့ လွမ်းစရာ “အောင်သင်း”

Photobucket

ေ၇ွှမော်ကွန်း အမှတ် ၂ မှ အမှတ် ၁၁ ထိအောင် ဖတ်ကြည့်မိပါသည်။ စိပ်ပြေနပြေ အေးအေးဆေးဆေးကို ဖတ်ကြည့်နေမိသည်။ အလုပ်ရှိလျှင် ချထားလိုက်၊ အလုပ်အားလျှင် ကောက်ဖတ်လိုက်ဆိုတာမျိုး ဖတ်မိသည်။ အထူးသဖြင့် အဝေးရောက်လူငယ်လေးများ ရေးသောစာကို ပို၍အာရုံပြုဖတ်သည်။ 

သူတို့ဘ၀မျိုးကို ကျွန်တော်ကြုံဖူးသည်မဟုတ်၊ သူတို့အတွေ့အကြုံမျိုးကို ကျွန်တော်ခံစားဖူးသူမဟုတ်။ ထို့ကြောင့် ဖတ်ရသမျှမှာ သစ်လွင်လန်းဆန်းနေသည်ချည်း ဖြစ်နေသည်။ သူတို့စွန့်စားခန်းများကိုသာ သိနေသည်မဟုတ်၊ ကျွန်တော်ကိုယ်တိုင်လည်း စွန့်စားနေရသည်။ ဆိုကြပါစို့ ” အို” ဟုဆိုလိုက်လျှင် သူတို့လောကမှာတော့ နေ့စဉ်သုံးဖြစ်နေပြီ။ ကျွန်တော်နားမယဉ်သေး၊ ပြန်စဉ်းစားလိုက်ပြီးမှ ” အို” ဟုဆိုလိုက်လျှင် သူတို့လောကမှာတော့ နေ့စဉ်သုံးဖြစ်နေပြီ။ ကျွန်တော်က နားမယဉ်သေး၊ ပြန်စဉ်းစားလိုက်ပြီးမှ အော် - အိုဗာစတေးထင်ရဲ့ ရှေ့နောက်ဆက်စပ်ပြီး နားလည်လိုက်ရသည်။

သူတို့ သင်္ကြန်ပွဲဓါတ်ပုံတွေကို မြင်လိုက်ရတော့ ဟယ် ဗမာတွေမနည်းပါလားဟ ဟု တအံတသြ ဖြစ်သွားမိသည်။ သူတို့စာစောင်လေးကို ဖတ်နေရင်း ကျွန်တော်သွားလေသူ မောင်သော်က ပြောတာလေးကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ပြီးသတိရနေမိသည်။

၁၉၅၀လွန်နှစ်လောက်က ယူဂိုစလပ်သမ္မတကြီး မာရှယ်တီတိုး မြန်မာပြည်သို့ ရောက်လာခဲ့ဖူးသည်။ မြန်မာပြည်ရယ်မဟုတ်၊ အိန္နိယ၊ သီဟိုဠ်မှစ၍ အရှေ့တောင်အာရှိနိုင်ငံများသို့ ချစ်ကြည်ရေးခရီးလှည့်ခြင်း ဖြစ်သောကြောင့် သူ့ရုံးအဖွဲ့ မှူထမ်းရာထမ်း အားလုံးပါလာသည်။ ဧရာမသဘောင်္ကြီးပေါ်တွင် ပုံနှိပ်စက်ပင် ပါလာသည်။

 မြန်မာပြည်ကလည်း ချစ်ကြည်ရေးလက်ဆောင်အဖြစ် ဆင်ငယ်လေးတစ်ကောင်ကို တိရစ္ဆာန်ရုံအတွက် ပေးလိုက်သည်။ သည်တော့ သည်ဆင်ကလေးကို လမ်းတွင်အစာရေစာ ကျွေမွေးစောင့်ရှောက် သွားရန်အတွက် တိရစ္ဆာန်ရုံက လူတစ်ယောက်ထည့်ပေးလိုက်ရသည်။ သူ့နာမည်က မောင်စိန်တဲ့ ။ မြန်မာနိုင်ငံနည်းတူ အိန္နိယကလည်း စပါးကြီးမြွေကြီး တစ်ကောင်ကို လက်ဆောင်အဖြစ် ပေးလိုက်သည်။
သိဟိုဠ်ကလည်းအားကျမခံ ကျားပေါက်စလေး တစ်ကောင် လက်ဆောင်ပေးလိုက်ပြန်သည်။

လက်ဆောင်တွေပေးလိုက်ကြတာက အရေးမကြီး၊ ပင်လယ်ပြင်ထဲ အတော်လေးထွက်မိတော့ အိန္နိယလက်ဆောင် စပါးကြီးမြွေ ခြင်းထဲက အပြင်ထွက်ပြီး ကုန်းပတ်ပေါ်တွင် လမ်းသလား ပါလေတော့သည်။ သဘောင်္တစ်စီးလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ လက်ဆောင်ပေးလိုက်သည့် မြွေဖြစ်လေတော့ အန္တရယ်ရှိသည်ဆိုပြီး သေနတ်နဲ့ ပစ်သတ်လို့ကလည်း ဖြစ်သည်မဟုတ်။ သည်တော့ ”မောင်စိန်ရေ လုပ်စမ်းပါဦးဟ” ပေါ့။ မောင်စိန်ကသွားပြီး စူးစမ်းကြည့်လိုက်သည်။ မြွေပခြုပ်က အင်ဂျင်ဘွိုင်လာနီးနေလေတော့ ပူလှသည်နှင့် မြွေကထွက်လာခြင်းဖြစ်သည်။ မောင်စိန်က တိရစ္ဆာန်ရုံ အလုပ်သမားဖြစ်နေတော့ မြွေတွေအကြောင်းကိုလည်း သိနေသည်။ စပါးကြီးမြွေဆိုတာမျိုးက ကိုက်တတ်သည်မှ မဟုတ်ဘဲ။ မောင်စိန်က မြွေကို ဇတ်ကအသာဖမ်းပြီး ပခြုပ်ထဲ ပြန်ထည့် အင်ဂျင်နှင့် ဝေးသည့်နေရာသို့ ပို့ထားလိုက်သည်။
သဘောင်္တစ်စီးလုံးရှေ့မှာ မောင်စိန်က သူရဲကောင်းကြီးဖြစ်သွားသည်။ မာရှယ်တီးတိုးကြီးကလည်း အတိုင်းထက်အလွန် သဘောကျသွားသည်။ တိုက်ပွဲအလီလီကို အောင်မြင်ခဲ့သော မာရှယ်ကြီးအား လက်ဆောင်စပါးကြီးမြွေ၏ အန္တရယ်ဘေးမှ ကာကွယ်ပေးလိုက်သည် မဟုတ်လား။ သည်တော့ ထိုက်တန်သော ဂုဏ်ထူးဘွဲ့ထူး ချီးမြှင့်ရပေမည်။ ချက်ခြင်းဂုဏ်ပြုလွှာကိုရိုက်စေပြီး ချီးမြှင့်လိုက်သည်။ သာမန်မဟုတ် ကိုယ်ရံတော်စစ်တပ်၊ အမှူထမ်းအရာထမ်းအားလုံး တန်းစီနေရသော အခမ်းအနားဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။ ပေးလိုက်တဲ့ဘွဲ့ထူးအမည်က ယူဂိုစလားဗီယားနိုင်ငံတွင် တစ်ခါမှမရှိခဲ့ဖူးသော (Master of Snake) တဲ့။

သည်လိုနှင့် မြေထဲပင်လယ်ထဲ အတော်လေးရောက်လာတော့  သိရီလင်္ကာကျားကလေးက အစာမစား ဘာမစာဖြစ်လာပြန်လေတော့သည်။ လမ်းခရီးမှာတင် ကျားကလေး သေသွားလျှင်ဒုက္ခ လက်ဆောင်ပစ္စည်းမို့ နိုင်ငံအချင်းချင်း အားနာစရာဖြစ်ရုံမျှမဟုတ်သေး သမ္မတကြီးနှင့်အတူ ဆင်၊ ကျား၊ မြွေ၊ တွေပါလာမည်ဆိုသည်က နိုင်ငံတော်သတင်းစာတွေထဲမှာ အုတ်အော်သောင်းနင်းလဲ ပါနေပြီးဖြစ်သည်။ ပြည်သူလူထုက ဒီလက်ဆောင်တွေကို မျှော်လင့်တကြီး စောင့်နေကြသည်။
အထူးသဖြင့် မြန်မာပြည်ကဆင်ကလေးကို ဓါတ်ပုံနှင့်ပင် လွမ်းနေကြသည်။ အခုလို သီရိလင်္ကာကျားကလေး နာမကျန်းဖြစ်လာပြန်တော့ ” မောင်စိန်ရေ လုပ်ပါဦးဟ ” ။ မောင်စိန်ကစမ်းကြည့်လိုက်သည်။ ကျားကလေး အအေးပတ်နေခြင်းဖြစ်သည်။ မြေထဲပင်လယ် မြောက်ပိုင်းရောလာပြီဆိုတော့ အအေးပိုင်းဖက်ဝင်လာပြီ ကျားကလေး ဘယ်မှာခံနိုင်တော့မည်နည်း။ မောင်စိန်လဲ တတ်သမျှ မှတ်သမျှနှင့် ကုရပေတော့မည်။ သူ့မှာ လိုရမယ်ရဆောင်လာခဲ့သော ” ကျားဘမ်းပရုပ်ဆီ” ဗူးကြီးတဗူးပါလာလေတော့ ”ကျားဘမ်းကိုဘဲ အားကိုးရမည်။ ကျားကလေးလည်ပင်း၊ ရင်ဘတ်စတာတွေမှာ ပရုပ်ဆီလိမ်းပေးပြီး စောင်နှင့်ပတ်ကာ နွေးနွေးထွေးထွေးထားလိုက်သည်။ ဘေးကကြည့်သော ပရိတ်သတ်ကတော့ ပရုတ်ဆီဗူးတွင် ကျားရုပ်ပါသောကြောင့် ” ကျားဖျားနာပျောက်ဆေး” ဟုထင်ကြလေမည်လားမသိ ဘာပဲဖြစ်ဖြစ် သုံးလေးရက်ရှိတော့ ကျားလေးနလန်ထလာပြီး  အစာပြန်စားလာသည်။ သမ္မတကြီးလဲ ခုမှ သက်ပြင်းချနိုင်တော့သည်။
နောက်တစ်ကြိမ် ဘွဲ့နှင်းသဘင်!!!!ဘာဖြစ်မလဲ ?( Master of Tiger)ပေါ့။

သည်လိုနှင့် ယူဂိုစလားဗီးယားနေပြည်တော်သို့ ရောက်သွားပြီ။ ဆိပ်ကမ်းတွင်ကြိုဆိုနေသည်က ဒုနဲ့ဒေး။ သမ္မတကြီးနှင့်အဖွဲ့က ဘာမှအေ၇းမကြီး သူတို့ကြိုနေသည်က မြန်မာပြည်က ဆင်ကလေး၊ ကြိုနေပါသည်ဆိုမှ ဆင်ကလေးသဘောင်္ပေါ်မှ မောင်းချလို့ကိုမရတော့ ဘယ်မှာရပါမည်နည်း ကုန်းဘောင်ဘေးမှာ ရေပြင်ကြီးကို မြင်နေ၇သည်ကိုး သည်တော့မှ ဆင်အကြောင်းကို နားလည်နေသည့် မောင်စိန်က ဘေးပတ်ဝန်းကျင်ကို လုံအောင်ကာရံစေပြီး ဆင်ကလေးကို ချော့မော့ဆင်းစေသည်။ စောင့်ကြည့်နေကြသော ပရိသတ်က ” ဟေး” ဟု ၀ိုင်းဝန်းကောင်းချီးပေးကြသည်။ သမ္မတကြီး အလွန်ဝမ်းသာသွားသည်။ နောက်ထပ်ဂုဏ်ထူးဆောင်ဘွဲ့ကြီးတစ်ခု ဘွဲ့အမည်ကိုတော့ စာဖတ်ပရိသတ်ကြီး သိနေပြီ ( Master of Elephant) ။

မောင်စိန်ကိုကြယ်ငါးပွင့်အဆင့်ရှိ ဟော်တယ်ကြီးတွင် ကျကျနနထားပေးသည်။ ကြိုက်ရာ အရက်ကို မှာသောက်နိုင်သည်။ ကြိုက်ရာစားစရာကို မှာစား၊ နိုင်ငံတော်က စာရင်းရှင်းပေးသည်။ မောင်စိန့်အလုပ်က နံနက်လင်းလျှင် ဟော်တယ်သို့ရောက်လာသော မာစီဒီးကားကြီးပေါ်တက်လိုက်သွား တိရစ္ဆာန်ရုံကိုရောက် ဆင်ချေးကျုးံကစပြီး သန့်ရှင်းကိုလုပ်၊ အစာရေစာကျွေး၊ ဆင်ကလေးကိုပွတ်သတ်ယုယလုပ်ပြီး ဟော်တယ်ကိုပြန်၊ စားသောက်နေရုံပါဘဲ။ တခြားဘာအလုပ်မှမရှိ မောင်စိန်လည်း တစ်နေ့ပြန်ရနိုး၊ တစ်နေ့ပြန်ရနိုးနှင့် သုံးလလောက်ကြာသွားပြီ။ အိမ်ကိုလည်း လွမ်းလှပြီ ဤအချိန်တွင် မောင်သော်ကတို့နှင့် ဆုံကြခြင်းဖြစ်သည်။ မောင်သော်ကတို့အုပ်စုက စစ်ဖက်ဆိုင်ရာ သင်တန်းတစ်ခုကို သွားတက်ကြရခြင်းဖြစ်သည်။ သည်တော့ ရောက်သည့်နေ့တွင် ထိုဟော်တယ်ကြီး၌ တစ်ညမျှ စတိုင်နှင့်ထားပေးသည်။ တစ်ညဆိုတစ်ညပဲ နောက်တနေ့ဆိုလျှင် ဆိုင်ရာစခန်းသို့ မြန်းကြရတော့မည်။ မောင်စိန်က မြန်မာပြည်က စစ်ဗိုလ်များ သင်တန်းတက်ရန် ရောက်လာသည် ဆိုတာကို ကြားလိုက်တော့ ကမန်းကတန်းသူတို့ဆီရောက်သွားသည်။ သူမြန်မာပြည်ကို ပြန်ချင်ကြောင်း အိမ်ကို သတိရသည့်အကြောင်း မိန်းမကိုလွမ်းကြောင်း သူ့မှာ ဒုက္ခကြီးစွာရောက်နေ၍ ဗိုလ်ကြီးများက မြန်မာပြည် ပြန်ရအောင် ကူညီပါမည့်အကြောင်း မျက်ရည်လည်ရွှဲနှင့် ငိုပြီး ရှိခိုးဦးတင်တောင်းပန် ပါလေတော့သည်။
” နေပါဦး မောင်စိန်ရဲ့ မင်းက မြန်မာပြည်မှာ ဘာလုပ်တာလဲ”
”တိရစ္ဆာန်ရုံမှာပါဆရာ၊ ဆင်ချေးကျုးံသန်းရှင်းရေး အလုပ်သမားပါ”
”နေပါဦး မင့်မိန်းမကကော ဘာလုပ်သလဲ”
”သူကလဲ အဲဒီဆင်ရုံနားမှာဘဲ ကြံရောင်းပါတယ်ဆရာ”
” ဟ…မောင်စိန်ရ၊ ဒီလိုဆိုရင်လည်း ဒီမှာပျော်ပျော်ကြီးနေလိုက်ပေါ့ကွ၊ မင်းနေရတာ ဘယ်လောက်ကောင်းလဲ၊ ဒီလိုဟော်တယ်မျိုးဆိုတာ ငါတို့လိုကောင်တွေတောင် မကပ်နိုင်ဘူး။ အခုဟာတောင် နိုင်ငံချင်းချစ်ကြည်ရေးမို့ မျက်နှာသာပေးပြီး တစ်ညထားပေးတာ နက်ဖြန်ဆို တို့သွားရတော့မှာ မင့်မှာလုပ်ရတဲ့အလုပ်ကလည်း ဘာမှမပြောပလောက်ဘူး ကြိုက်တဲ့အရက်ကို မှာသောက်ပြီး ကြိုက်တာမှာစားနေရုံပဲ၊ သမ္မတကြီး မာရှယ်တီးတောင် မင်းလောက် ဇိမ်မကျနိုင်ဘူး၊ ဒီမှာနေရသလောက် ကပ်ရပ်ပြီး နေရမှာဟ မောင်စိန်ရ”
သည်တော့ မောင်စိန်က ထပ်ငိုပြီး
” အမလေး မလုပ်လိုက်ပါနဲ့ ဗိုလ်ကြီးတို့ရယ် ဘယ်လောက်ကောင်းကောင်းနေနေ ကျွန်တော်မနေနိုင်တော့ဘူး။ ကျွန်တော့်မှာ ဒီကသမ္မတကြီးကိုလည်း ပြောခွင့်မရ၊ ဟော်တယ်အမှူထမ်းတွေကလည်း ကျွန်တော်ပြောတာ နားမလည်၊ အခုမှ ဗမာလိုပြောရတာပါ၊ ဗိုလ်ကြီးတို့က အထက်ကို ပေါက်ပေါက်ရောက်ရောက် ပြောနိုင်တဲ့သူတွေပါ။ ကျွန်တော် ဗမာပြည် ပြန်ရအောင် ပြောပေးကြစမ်းပါ၊  ဗိုလ်ကြီးတို့ ကျေးဇူးကို တစ်သက်လုံးမမေ့ပါဘူး။ ဗိုလ်ကြီးတို့က မကြုံဘူးလို့နော်၊ ကျွန်တော့်မှာ စကားကလည်းမပေါက်နဲ့ နေ့စဉ်နဲ့အမျှ ဗမာပြည်ကိုလွမ်းနေရတာပါ၊ ကယ်ပါဦး ဗိုလ်ကြီးတို့ရာ”

” အဲဒါဘဲ ဦးအောင်သင်းရေ၊ ခင်ဗျားတို့ ကျုပ်တို့မှ တိုင်းပြည်ကို ချစ်တယ်လို့ မထင်လေနဲ့ တိရစ္ဆာန်ရုံမှာ ဆင်ချေးကျုးံရတဲ့ မောင်စိန်လည်း တိုင်းပြည်ကို ချစ်တာပါဘဲ။ နတ်ပြည်ခြောက်ထပ် ရောက်နေသလို စည်းစိမ်ခံစားနေရတဲ့ မောင်စိန်ဟာလဲ အဲဒီစည်းစိမ်ကိုစွန့်ပြီး  ကိုယ့်တိုင်းပြည်ကိုချစ်တာကြောင့် ပြန်လာတာပါဘဲ၊ ကိုယ်မှသာ တိုင်းပြည်ကိုချစ်တယ်လို့ မထင်ကောင်း၊ မပြောကောင်းဘူး ဦးအောင်သင်းရေ ”

ရွှေမော်ကွန်းတွေကိုဖတ်နေရင်း ကျွန်တော်မမြင်ဘူးသော မောင်စိန်ကိုလည်း သတိရမိသည်။ သွားလေသူ မောင်သော်က ကြီးကိုလည်း လွမ်းမိသည်။ စာစောင်ထဲမှာ သူတို့တတွေ သင်္ကြန်ပွဲ လုပ်ကြတာတွေ၊ ဆရာတော်ကြီးတွေကိုပင့်ဖိတ်ပြီး  တရားပွဲတွေ၊ အလှူအတန်းလုပ်ကြတာတွေ၊ သိမ်သမုတ်တာတွေ၊ ဒုလ္လဘတက်ကြတာတွေကို တွေ့လိုက်ရတော့ မမြင်ဖူးသေးသော သူတို့လေးတွေရဲ့ ပုံပန်းကိုမြင်ယောင်လျှက် ကိုယ့်သား ကိုယ့်သမီး၊ ကိုယ့်တူငယ် တူမငယ်တို့ကို လွမ်းသလို လွမ်းနေမိပါသည်။
ထို့ကြောင့် ” ရွှေမော်ကွန်းရဲ့ အလွမ်း ”ကို မဏာမရေးလိုက်ရခြင်းဖြစ်သည်။

အောင်သင်း
ရွှေမော်ကွန်းအမှတ်( ၁၇)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More