ခိုင်းတော့ သက်ဝေ “ မောင်ကိုယု ”


ကိုရင်မောင်သည် အသက် (၄ဝ ) ကျော်ပြီးကတည်းက သူနှင့် သက်တူရွယ်တူ လူလတ်ပိုင်းတို့ ပြုလုပ်လာတတ်သောအလုပ်နှစ်မျိုးကို အများနည်းတူလုပ်ကိုင်လာခဲ့သည်မှာ ကြာပြီဖြစ်၏။

နံနက်အရုဏ်ဦးတွင် အိပ်ရာမှထ၊ အနွေးထည်ဝတ်၊ ခေါင်းကိုစွပ်ပြီး မည်သည့်အကြောင်းကြောင့် ကိုင်မှန်းမသိသော တုတ်ကောက်ကိုကိုင်ကာ ရန်ကင်းတပတ်ကို မှန်မှန်လျှောက်ခဲ့သူဖြစ်၏။ ဤသို့ ပြုနေကျအလုပ်ကို မလုပ်ရလျှင် မနေတတ်၊မထိုင်တတ် ဖြစ်သည်အထိ လေ့ကျင့်ခဲ့ရသည်။ ညနေကျောင်းအဆင်း အိမ်သို့ တည့်တည့်မတ်မတ် မပြန်သေးဘဲ ရွှေတိဂုံဘုရားပေါ် တက်၍ ချောင်ကျကျတနေရာတွင် အကျအန ထိုင်ပြီးလျှင် ပုတီးကို ကိုးပတ်ပြည့်အောင် မရမကစိပ်ရသည်မှာ ကိုရင်မောင့်အဖို့ အများနည်းတူ ခေတ်မီသော အလုပ်တစ်ခုကိုနောက်မကျတမ်းလုပ်ကိုင်သော လုပ်ငန်းတခု ဖြစ်လာတော့သည်။

''ဘယ့်နှယ့်လဲဗျ ဦးရင်မောင်၊အလုပ်စခန်းက တော်တော်ခရီးရောက်နေပြီလား'' ဟု သက်တူရွယ်တူ ဓမ္မမိတ်ဆွေများက တွေ့တုန်းဆုံတုန်းမေးလာလျှင်

''''အဟင်း ဟင်း သမာဓိလောက်တော့ ထိန်းနိုင်ပါပြီ၊ ဥာဏ်စဉ်ကို ရောက်ဖို့အထိတော့ တော်တော်လေး လုပ်ရဦးမယ်ဗျာ'' ဟု မိမိကိုယ့်ကိုနှိမ့်ချ၍ ပြောသလိုလိုဖြင့် ကြွားဝါမိလိုက်သည်။

အမှန်စင်စစ် ကိုရင်မောင်သည် မည်သည့်နေ့ မည်သည့်ရက်ကမျှ အဓိဌာန်ပုတီးပတ် ကုန်သည်အထိ စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း မရှိကြောင်းကို သူသာလျှင်သိ၏။ ပုတီးလုံးများကိုသာ လက်ညှိုးနှင့်လက်မကြားမှ တလုံးချင်း ဖြုတ်၍ချနေသည်။ စိတ်အစဉ်ကမူ ကျောင်းကဆရာမကြီးနှင့် ရန်ဖြစ်လိုက်၊ ဆရာမအသစ်ကလေး မခင်မူကို မျက်စိထဲမြင်လိုက်၊ မနေ့က ဇနီးချောမမယ်မ အိတ်စွပ်ပါတိတ်ဝယ်လာသည်ကို မကျေနပ်သောစိတ်ဖြစ်လိုက်၊ဤသို့ဖြင့် စိတ်ကူးသံသရာလည်ကာ ပုတီးပတ်များသာ ပြည့်ခဲ့ရသည်။ ကိုရင်မောင်၏ စိတ်မှာမူကား အာနာပါန ထွက်သက်၊ ဝင်သက်၌လည်းမတည်၊ နှာသီးဖျား၌လည်း မကိန်းအောင်း၊ ရင်၌လည်းထား၍မရ၊ ပတ်ချာလည်၍သာနေသည်ကို သူသာလျှင် အသိဆုံးဖြစ်ပေမည်။

သို့သော် ဤအသက်၊ဤအရွယ်ရောက်လျှင် ဤသို့ပြုလုပ်ရမည်ဟု ပတ်ဝန်းကျင်က စေ့ဆော်နေပြီဖြစ်ရာ ကိုရင်မောင့်အဖို့ ဘုရားရင်ပြင်ပေါ် မရောက်ရလျှင်ပင် ခေတ်မမီမှာစိုးသလိုလို၊ မရမနေ ညနေတိုင်းရောက်မြဲပင်။ စိတ်ပုတီးကိုတော့ အဓိဌာန်ပြည့်အောင် စိတ်မြဲပင်။ နံနက်စောစော ကြိုးစားပမ်းစား ရန်ကင်းတစ်ပတ်တော့ လျှောက်မြဲပါပေ။

ဤနှစ်နွေရာသီကျောင်းပိတ်ရက်တွင် ကိုရင်မောင်သည် ဇနီးသည် မမယ်မ၏ သွေးဆောင်ဖျားယောင်းချက်အရ ယောက္ခမရှိရာ မော်လမြိုင်မောင်ငံရပ်သို့ အလည်အပတ် သွားရောက်ရလေသည်။

ကိုရင်မောင်၏ဆန္ဒအတိုင်းဆိုပါမူ ဤကျောင်းပိတ်ရက်၌ ရိပ်သာတခုခုသို့ဝင်၍ လောကုတ္တရာ အလုပ်စခန်းလေး စလိုက်ချင်သည်။ အကြောင်းမှာ ကိုရင်မောင့်အဖို့ တရားဘက်လိုက်ရန် ဆုံးဖြတ်ချက်ချထားပြီးသည်မှာ ကြာပြီဖြစ်သောကြောင့်ပင်။

''ကိုယ့်ရပ်ကိုယ့်ရွာ မရောက်တာကြာပြီဆိုတော့ ဒီနွေကျောင်းပိတ်ရက်မှာ မော်လမြိုင်သွားကြရအောင်နော် မောင်'' ဟု မမယ်မက တစ်ခွန်းပြောလိုက်သည်ဆိုလျှင်ပင် ကိုရင်မောင်သည် သူ၏နိဗ္ဗာန်ရောက်ကြောင်း အလုပ်စခန်းကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသည်။

''နိဗ္ဗာန်ကနောက်မှ၊ မိန်းမအလိုက ရှေ့က'' ဟူသော ကြွေးကြော်သံဖြင့် ကိုရင်မောင်သည် အထုပ်ကိုထမ်းကာ မမယ်မ၏နောက်မှ ကောက်ကောက်ပါအောင်လိုက်ရင်း မော်လမြိုင်သို့ ရောက်ခဲ့ပါတော့သည်။

မမယ်မတို့ ဇာတိဖြစ်သော မောင်ငံအရပ်သည် သူတို့ဒေသအခေါ် 'ဘုံပြတ်'၊ ရန်ကုန်အခေါ် 'မြင်းလှည်း' ဆရာတို့ အများအပြားနေထိုင်ရာ အရပ်ဖြစ်၏။ မမယ်မတို့၏အိမ်ဘေးတွင်ပင် ကိုဘထွန်းသည် ဘုံပြတ်တစ်စီးတည်ထောင်ကာ အသက်မွေးနေသူဖြစ်၏။

ကိုရင်မောင်အဖို့ မော်လမြိုင်သို့ ခေတ္တရောက်နေသော်လည်း ရန်ကုန်တွင်ပြုနေကျ ဝတ္တရားကို ဆက်လက်ပြုကျင့်မြဲ ဖြစ်သည့်အတိုင်း နံနက်စောစောထ၍ လမ်းလျှောက်ရ၏။

ဤသို့မနက်စောစောထွက်၍ လမ်းလျှောက်တိုင်း အိမ်ဘေးက ကိုဘထွန်းတစ်ယောက် သူ့မြင်းမကို ပြုစုကျွေးမွေးသော အချိန်နှင့် အမြဲတမ်း တိုက်ဆိုင်နေတတ်၏။

ကိုဘထွန်းသည် နံနက်အရုဏ်ဦးအချိန်ကပင် သူ့မြင်းမကို အကျအနရေချိုးပေးသည်။ အာပါးစပ်ကို ဖြဲ၍ သွားတိုက်ပေးသည်။ မြင်းတစ်ကိုယ်လုံးကို နှိပ်နယ်ပေးသည်။ နှမ်းဖတ်နှင့်ပဲကို ရေနှင့်သမအောင် ရောထားသောအစာကို အသေအချာမွှေနှောက်နယ်ဖတ်၍ အကျအနကျွေးမွေးသည်။

ဤသို့ကျွေးမွေးပြုစုနေစဉ်အတွင်းလည်း သူ့မြင်းမကို တယုတယ ပြောဆိုချော့မော့နေလိုက်သေး၏။

''ကဲ ကဲ သမီးကြီး၊စားလိုက်ပါဦး''

''ငါ့သမီးကြီးက ညောင်းတယ်၊ ဟောဒီလိုနှိပ်ပေးမှ''

စသည်ဖြင့် တတွတ်တွတ်ပြောဆိုနေသံကို ကိုရင်မောင်သည် စိတ်ဝင်တစားဖြစ်မိသည်။

''ဘယ့်နှယ့်လဲ ဦးဘထွန်း၊ ကိုယ့်မြင်းမကို တယ်ချစ်ပါလား၊ ပြုစုလှချည့်လားဗျ''

ဤသို့ ကိုရင်မောင်က စကားလှမ်း၍ကြောင်းလိုက်လျှင် ကိုဘထွန်းက တဟဲဟဲရယ်ရင်း

''ပြုစုရတယ် ဆရာဦးရင်မောင်ရေ့၊ သူက ဝမ်းစာသခင် ကျေးဇူးရှင်မဟုတ်လား၊ တိရိစ္ဆာန်ဆိုပေမယ့် သူလုပ်ကျွေးနေတာလေ၊ ဟောဒီသွားကလေးတွေကို ဟောဒီဆားနဲ့ ပွတ်ပေးမှ ပိုးမစားမှာ၊ သွားခိုင်မှ သူစားနိုင်မယ်၊ သူစားနိုင်မှ အလုပ်လုပ်နိုင်မယ် မဟုတ်လားဗျာ၊ သူလည်း ကျွန်တော်တို့ လူလိုပါပဲ၊ ကျွန်တော့်သမီးက အပြုအစုကြိုက်တယ်ဗျ၊ ဟား ဟား ဟား''ဟု လှမ်း၍ပြောလိုက်သည်။

ကိုရင်မောင် လမ်းတစ်ပတ်လျှောက်၍ ပြန်လာချိန်တွင်မူ ကိုဘထွန်းသည် သူ့မြင်းမကို မြင်းလှည်း၌ တပ်ဆင်ပြီးဖြစ်နေပြီ။ လမ်းမပေါ် သို့ဆွဲယူကာ မြင်းလှည်းပေါ် သို့တက်လိုက်၏။ ထို့နောက် မြင်းလှည်းတိုင်၌ ချိတ်ထားသော မြင်းကြာပွတ်ကလေးကိုဆွဲယူ၍ ကိုရင်မောင်အား တစ်ချက်ဝှေ့ယမ်းနှုတ်ဆက်ပြီးလျှင် ကိုဘထွန်းသည် မြင်းမ၏ကျောပေါ် သို့ ''ရွှမ်း'' ကနဲ တစ်ချက်ရိုက်လိုက်ရင်း မြို့ဘက်ဆီသို့ မောင်း၍ထွက်သွားလေတာ့သည်။

ဤသည်မှာ ကိုရင်မောင် မော်လမြိုင်၌ရှိနေစဉ် တစ်နွေလုံး နံနက်တိုင်းမြင်တွေ့နေကျရှုခင်းဖြစ်၏။


''မောင် မောင် ထတော့လေ၊ လမ်းလျှောက်ဖို့ အချိန်ရောက်ပြီ''

နားထဲမှ မမယ်မ၏အသံကို သဲ့သဲ့ကြားလိုက်သလိုရှိသဖြင့် ကိုရင်မောင်သည် မျက်လုံးကိုဖွင့်ကြည့်လိုက်မိရာ ပြုံးပြုံးကလေး ခုတင်ဘေးမှ မိမိအားငုံ့ကြည့်နေသော ဇနီးသည်ကိုတွေ့လိုက်ရသဖြင့်

''အော် မ က လမ်းလျှောက်ဖို့နှိုးနေတာကိုး'' ဟု သတိရလိုက်မိသည်။

ညက ဝတ္ထုတစ်အုပ်ကို စွဲစွဲလမ်းလမ်းဖတ်လိုက်မိသောကြောင့် ကိုရင်မောင်သည် သန်းခေါင်ကျော်မှ အိပ်ရာထဲဝင်မိသည်။ ထို့ကြောင့်ယနေ့နံနက် လမ်းထလျှောက်ရမည်ကို စိတ်မပါချေ။

''မောင် ဒီမနက်လမ်းမလျှောက်တော့ဘူး မရယ်၊ ညက အိပ်ရာဝင်နောက်ကျလို့''ဟု ညည်းညူဖြေကြားရင်း တစ်ဘက်သို့လှည့်၍ ပြန်မှိန်းလိုက်သည်။

''အလေ့အကျင့်ဆိုတာ မဖျက်ကောင်းဘူးမောင်ရဲ့၊ လျှောက်လက်စ ထ လျှောက်လိုက်ပါကွယ်၊ ညကျမှ စောစော အိပ်ရာဝင်ပေါ့၊ ဟုတ်ဖူးလား၊ ထပါမောင်ရယ်''

မမယ်မ၏ ချော့ချော့မော့မော့ စည်းရုံးလှုံ့ဆော်မှုကြောင့် ကိုရင်မောင်သည် စိတ်မပါသော်လည်း တအင်းအင်း တအဲအဲဖြင့် ညည်းညူကာ ကုန်းရုန်းထပြီးလျှင် ဝတ်နေကျအနွေးထည်နှင့် ခေါင်းစွပ်တို့ကို ဝတ်ကာ စွပ်ကာ တုတ်ကောက်ကိုဆွဲ၍ တိုက်ခန်းမှ ဆင်းလာခဲ့လေသည်။

''ဟော ဒုက္ခဘဲ''

ဂွတ္တလစ်လမ်းမကြီးပေါ် ရောက်မှပင် ကိုရင်မောင်သည် ပြုနေကျ အရေးကြီးသော ဝတ္တရားတစ်ခုကို မပြုမိခဲ့ကြောင်း သတိရလာသည်။ လမ်းလျှောက်မထွက်မီ အိမ်သာဝင်ရမည်မှာ ကိုရင်မောင်၏ ပြုမြဲဓ္မတာဖြစ်၏။ ယခုတော့မူ မမယ်မ၏စေ့ဆော်တွန်းလွှတ်မှုကြောင့် စိတ်မပါ့တပါ ထွက်လာခဲ့ရသဖြင့် ထိုဝတ္တရားကို မေ့လျော့ခဲ့သည်။ ဤသို့မေ့လျော့ခဲ့သည်ကိုလည်း ဗိုက်ကဆန္ဒပြမှ သတိရလာသည်။ ဝမ်းကနာလာပြီဖြစ်၏။ အနီးဆုံးအိမ်သာတခုခုသို့ ရောက်မှဖြစ်မည်။

''ရှေ့ဆက်သွားရမလား၊ နောက်ပြန်ဆုတ်ရမလား''

ကိုရင်မောင် မဝေခွဲနိုင်ပြီ။

''အနီးဆုံးအိမ်သာက ဘယ်မှာလဲ၊ ရှေ့မှာလား နောက်မှာလား''

ကိုရင်မောင် အမြန်စဉ်းစားရပြီ။

''မနက်စောစောဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ကို အရောက်ပြေးတာ အကောင်းဆုံးပဲ၊ အခုအတိုင်းဆိုရင် ဂွတ္တလစ်ဈေးရှေ့ 'ခြင်္သေ့မင်း' လက်ဖက်ရည်ဆိုင်ဟာ အနီးဆုံးလည်းဖြစ်တယ်၊ အစောဆုံးလည်းဖွင့်တယ်''

ကိုရင်မောင် အခိုင်အမာဆုံးဖြတ်၍ နောက်ပြန်ကျော့တော့သည်။ လက်ဖက်ရည်ဆိုင်ရောက်လျှင် လက်ဖက်ရည်တစ်ခွက်မှာမည်။ ပြီးတော့ အိမ်သာမေး၍ အမြန်ဆုံးဝင်ရမည်ဟု စိတ်ကူးရင်း မပြေးရုံတမယ် ခပ်သွက်သွက်ကလေး လျှောက်၍လာခဲ့ရ၏။ စိတ်တွင်းမှလည်း မမယ်မကို ကြိမ်းမောင်းမိ၏။

''ဒီမိန်းမလောဆော်လို့ ဒီလိုဖြစ်ရတာ'' မကျေမနပ်ရေရွတ်မိ၏။ ခြင်္သေ့မင်းလက်ဖက်ရည်ဆိုင်ရှေ့သို့ ရောက်သောအခါ ကိုရင်မောင့်ဒုက္ခသည် မဟာဒုက္ခအဆင့်သို့ ရောက်သွားလေတာ့၏။ လက်ဖက်ရည်ဆိုင်က တံခါးတောင်မဖွင့်သေး။ ခုမှခက်ပြီ၊ အိမ်အရောက်ပြန်ပြေးတာ အကောင်းဆုံးပဲ။ ကိုရင်မောင်သည် ဒုတိယအကြိမ် အမြန်ဆုံး ဆုံးဖြတ်ချက်ချ၍ ရန်ကင်းတိုက်များဆီသို့ သုတ်ခြေတင်တော့၏။

သို့သော် လျှောက်ပုံလျှောက်နည်းအတွက် နည်းဗျူဟာအရ အခက်တွေ့နေပြန်၏။ မြန်မြန်လျှောက်ပြန်တော့လည်း ဝမ်းကိုမထိန်းနိုင်ဘဲ လမ်းမှာဒုက္ခရောက်မည်ကို စိုးရိမ်ရ၏။ နှေးနှေးလျှောက်ပြန်တော့လည်း အိမ်ကိုအရောက်နောက်ကျကာ လမ်းတစ်ဝက်တွင် မထိန်းနိုင် မသိမ်းနိုင်ဖြစ်မည်ကို ကြောက်ရသေးသည်။ ဤသို့ဖြင့် နှေးနှေးလျှောက်လိုက်၊မြန်မြန်လျှောက်လိုက် နည်းပရိယာယ်အမျိုးအမျိုးကျင့်သုံးကာ စောစောစီးစိး နဖူးမှချွေးများပြန်လာသည်အထိ ဝေဒနာကို ခံစားလာရ၏။

''ဒုက္ခတကာတို့တွင် ဤဒုက္ခသည် အကြီးဆုံးပါတကား''ဟု မှတ်ချက်ပင်ချလိုက်မိသေး၏။

မိမိတိုက်ခန်းကိုမြင်မှ စိတ်ပင်ပန်းမှုတစ်ဝက် လျော့သွားသည်။ လှေကားပေါ် မြန်မြန်တက်၊ အခန်းတံခါးကို အလောတကောဖွင့်ခိုင်းပြီး အိမ်သာရှိရာသို့ ကမျောသောပါးဝင်သွားသော ကိုရင်မောင့်ကိုကြည့်ကာ မမယ်မသည် ဟင်းခပ်ဇွန်းကြီးကိုကိုင်လျက် ပါးစပ်ဟောင်းလောင်းဖြင့် တအံ့တသြဖြစ်နေသည်။ နောက်တော့မှ မိမိလင်တော်မောင်၏အဖြစ်ကို သဘောပေါက်လာပြီး အိမ်သာအပြင်ဘက်တွင် တခစ်ခစ်ရယ်နေသော မမယ်မ၏ အသံကို ကိုရင်မောင်အတိုင်းသား ကြားနေရ၏။ ကိုရင်မောင်အဖို့ ဘာကိုမှ မစဉ်းစားနိုင်။

''စည်းစိမ်တကာတို့တွင် ဤစည်စိမ်သည် အကြီးဆုံးပါဘုရား''ဟု ဦးပေါ် ဦး၏လျှောက်ထုံးကိုတွေးမိရင်း ပြုံးပြုံးကလေး ဇိမ်ယစ်၍ နေတော့သည်။

အိမ်သာမှထွက်လာသော ကိုရင်မောင်သည် ဧည့်ခန်းတွင် ပေါ့ပါးလွပ်လပ်စွာထိုင်လျက် ဆေးလိပ်ကို အားရပါးရ ဖွာနေသည်။

''မောင် ရေချိုးတော့လေ''

မျက်နှာသုတ်ပဝါနှင့် ရေခံလုံချည်ကိုကိုင်၍ မိမိရှေ့တွင်လာရပ်နေသော မမယ်မကို မော့ကြည့်ကာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဆေးလိပ်တိုကို ချလိုက်၏။ ပြီးနောက် ရေခံလုံချည်နှင့် မျက်နှာသုတ်ပဝါကို ဆွဲယူကာ ရေချိုးခန်းသို့ ဝင်သွားတော့သည်။

ရေချိုးခန်းမှ ထွက်လာသောအခါ မမယ်မသည် တစ်နေ့တာအတွက် ဝတ်စားဆင်ယင်မည့် ကိုရင်မောင်၏ အဝတ်တန်ဆာအားလုံးတို့ကို ဗီရိုမှအသင့်ထုတ်ပြီးဖြစ်နေသည်။

''ဟောဒီလုံလျည်အကွက်ကလေး မဝတ်တာကြာပြီမောင်၊ အပေါ် အင်္ကျီကတော့ မနေ့က မောင်ဘာတွေပေလာသလဲ မသိဘူး၊ ဟောဒီ ပင်နီတိုက်ပုံကလေးပဲ ဝတ်သွားတော့''

ကိုရင်မောင်အဖို့ ဘာမှပြောရန်မရှိ၊ ဇနီးချောက အဆင်ပြေသလိုဆင်ယင်ခိုင်းသော အင်္ကျီလုံချည်တို့ကိုသာ ကောက်ယူဝတ်ဆင်မြဲဖြစ်သဖြင့် ထုတ်ပေးလာသမျှကိုသာ မငြင်းဆန်ဘဲ ကောက်ယူလဲလှယ်လိုက်သည်။ မမယ်မက ဘီးကိုလှမ်းပေးသောအခါ

''တယ်အလိုက်သိတဲ့ မိန်းမပဲ''ဟု ပြုံး၍ ပါးကလေးကိုပင် လိမ်ဆွဲလိုက်သေးသည်။ ဝတ်စားဆင်ယင်လိုက်သည်နှင့်တစ်ပြိုင်တည်း ဇနီးလုပ်သူက အသင့်ပြင်ထားသည့် ထမင်းပွဲဆီသို့ ခေါ် သွားတော့သည်။

''ထမင်းကြော်လေးတော့ အဆာပြေစားသွားအုံး မောင်၊ ထမင်းဗူးတော့ပြင်ထားတယ်၊ ဟောဒီ နို့ကလေးတော့ ကုန်အောင်သောက်ရမယ်၊ ဒီ ကြက်ဥပြုတ်ပါ စားလိုက်ပါမောင်ရယ်၊ ချန်မထားပါနဲ့၊ ရော့ ဘားပလက်စ်လေ မေ့သွားပြီလား'' စသည်ဖြင့်၊ စသည်ဖြင့် ပေးလာသမျှ၊ ကျွေးလာသမျှကို ကိုရင်မောင်သည် အကျအနထိုင်ကာ တမြုံ့မြုံ့စားရင်း ဝါးရင်း

''သြော် ဇနီးမယားဆိုတာ လင်သားအပေါ် ဒီလိုပြုစုတတ်လို့သာချစ်ရတာပဲ''ဟုလည်းကောင်း၊

''သူ့ခမျာ ငါ့အတွက် စားဖို့သောက်ဖို့ စောစောထပြီးပြင်ရတာ ပင်ပန်းမှာပဲနော်''ဟုလည်းကောင်း ကရုဏာတရား တို့ဖြင့် တွေးမိကာ အနား၌ ကျုံ့ကျုံ့ကလေးထိုင်၍ ချော့ မော့ ကျွေးမွေးနေသော မမယ်မကို ကိုရင်မောင်သည် ချစ်ရည်လဲ့သော မျက်လုံးတို့ဖြင့်ကြည့်ရင်း မေတ္တာမိုးစွေမိတော့သည်။

စားသောက်ပြီးနောက် ဧည့်ခန်းသို့ထွက်ကာ ကိုရင်မောင်သည် စောစောကချထားသော ဆေးလိပ်တိုကို ခံတွင်းချဉ်ပြေကလေး ကောက်၍ဖွာနေလိုက်သည်။ ဤသို့ ဆေးလိပ်သောက်၍ တစ်ဖွာ၊ နှစ်ဖွာရှိုက်မပြီးခင်မှာပင် မိမိရှေ့၌ ကျောင်းသွားကိုင်နေကျ ရှမ်းလွယ်အိတ်ကို ထိုးပေးရင်း

''ခြောက်နာရီခွဲပြီ မောင်၊ ဘတ်စကားစောင့်ရမှာနဲ့ ကျောင်းနောက်ကျနေဦးမယ်''ဟု သတိပေးလာသော မမယ်မကို မော်ကြည့်ကာ''အေးပါကွာ''ဟု တစ်ချက်ဆိုရင်း လွယ်အိတ်ကိုဆွဲယူလိုက်ရသည်။

တိုက်အောက်ရောက်၍ ဝရံတာကိုမော့ကြည့်လိုက်သောအခါ ဇနီးချောက လှမ်း၍ လက်ပြလိုက်သေးသည်။

ဤတော့မှ ကိုရင်မောင်သည် လွယ်အိတ်ကိုလွယ်လျက် ၁၂ လုံးတန်း ဘတ်စကားဂိတ်ဆီသို့ တစိုက်စိုက်သွားရင်း မော်လမြိုင် မောင်ငံရပ်က မြင်းလှည်းဆရာ ကိုဘထွန်း၏ သူ့မြင်းမကျောပေါ် သို့ ကြာပွတ်တစ်ချက် ''ရွှမ်း'' ကနဲ ရိုက်လိုက်သည့်အသံကို ကြားယောင်မိကာ သူ့ကျောကိုပင် ယောင်ယောင်ကန်းကန်း တစ်ချက်တွန့်၍ ကော့လိုက်မိလေသည်။

မောင်ကိုယု

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More