ခရေ……သခင် (မအိ)

” ဆရာထက်တော်တဲ့ တပည့်များ
ပေါက်ဖွား…ထွန်းကား…ကျော်ကြားရမယ်”
သူလိုလားမျှော်လင့်
ဟောဟိုမှာတပွင့် တဖူး
ခူးရင်း…ကောက်ရင်း….
နှင်းတောထဲ ကျောက်မီးသွေးပို့။     ။
 ဇရာချဉ်း ဆရာအို
သူ့စာ ပျိုမျစ်
သစ်..သစ်…နိုင်လွန်း
တောင်ကျွန်းဇမ္မူတစ်ခွင်
” မင်းသူဝဏ် ” တဲ့ ။             ။

” လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး…..”

နှင်းဆီဆူး…မခ
ခရေဦးပန်ပါရစေကြောင်း
ရေလောင်းပေါင်းသင်
ကဗျာဥယျဉ် မြေဆီနှိုး
ဆရာပျိုးတဲ့ ခရေပင်အောက်
တစ်ယောက်….
ပန်းကောက်…..
ပြီး….တစ်ယောက်…..။
ပန်းကောက်…..
နှင်းတောထဲလျှောက်
ကျောက်မီးသွေးပို့
ကျမတို့လေ……။

တကယ်တမ်းမှာတော့
ခရေပန်းဆိုတာ
နွမ်းသော်မှ မွှေးမြဆဲပါလား….ဆရာ ။        ။
တို့ ဆရာ….
ဇရာချဉ်းသော်လည်း……..။           ။

မအိ
ကဗျာဆရာမအိ
”၁၉၇၈ခုနှစ်မှစ၍ စာရေးသည်ဟုဆိုသည်။ ၁၉၈၂ခုနှစ်တွင် ” အသံအက်သွားသော ခေါင်းလောင်းလေး” ကဗျာမှစ၍ ကဗျာလောကသားတို့ ဂရုပြုမိလာသည်။ ၁၉၉၃ခုနှစ်တွင် ပြုစုလိုက်သော ” ရင်ကွဲတောင်  အလွမ်း” ” ပန်းခွေကျမ” တို့မှာ အလွန်ထင်ရှား၏။ ကဗျာဆရာမ ဖြစ်သည်သာမက ၀တ္တူတိုဆရာမ အဖြစ်လည်း လူသိများသည်၊ ”(ရွှေမော်ကွန်း၊ ၁၉၉၇ခုနှစ်၊ အမှတ်-၅)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More