ဟံသာဝတီသတင်းစာ သာဓု တရားစွဲမည်


 စာရေးဆရာ သာဓု
    လွန်ခဲ့သော နှစ် ၃ဝ ခန့်လောက်က သာဓုတစ်ယောက် စာရေးဆရာ ဖြစ် မှန်းမသိ ဖြစ်နေချိန်ကာလ၊ သာဓု ပင်ကိုယ်စိတ်ရင်းအတိုင်း မဟုတ်မခံ မှန်ရာ ကို အားမနာတမ်း ပြောတတ်ရေးတတ်သော စိတ်ဓာတ်က ပြင်းထန်နေသည့် သမယ။

    တစ်နေ့သော် နံနက်စောစော သတင်းစာ ရောက်လာလာချင်း ကြော်ငြာပိုင်း ကို ကသုတ်ကသက် လှန်လိုက်၏။ သတင်းစာမှာ ဟံသာဝတီ သတင်းစာဖြစ် လျက် ထိုနေ့က ထုတ်ဝေသော အဆိုပါ သတင်းစာတွင် သာဓု၏ စာအုပ်တစ် အုပ် ကြော်ငြာပါရမည့်နေ့ ဖြစ်၍ ကြော်ငြာပိုင်းကို အာရုံစိုက်ကာ လှန်လိုက်ခြင်း ဖြစ်၏။

    သာဓု ကြော်ငြာကို တွေ့၏။ တွေ့တွေ့ချင်းလည်း အသားများတုန်လာ သည်အထိ ဒေါသဖြစ်နေမိ၏။ အကြောင်းရင်းကား သာဓုကြော်ငြာတွင် 'စာမျက် နှာ ၃ဝဝ ကျော် နှစ်ကျပ်' ဟု ထင်ရှားသော နှစ်လိုင်းစာလုံးမဲဖြင့် ဖော်ပြရန် ဖြစ် ရာ၌ သတင်းစာက 'စာမျက်နှာ ၃ဝ ကျော် နှစ်ကျပ်' ဟူ၍ ရုပ်ပျက်ဆင်းပျက် မှား၍ ဖော်ပြထားသောကြောင့် သာဓု အလွန်စိတ်ဆိုးသွား၏။ ရုတ်ခြည်းဆို သလိုပင် အနီးရှိအိမ်မှ တယ်လီဖုန်းကောက်ဆက်ကာ ဟံသာဝတီသတင်းစာ ကြော်ငြာဌာနသို့ ထိုကြော်ငြာအမှားကိစ္စကို အပြစ်ဆို ပြောပြလိုက်ရာ၌

    'ဒါတော့ ဘယ်တတ်နိုင်မလဲ၊ စာစီဌာနက မှားတာ' ဟု မချေမငံ ပြန်ပြော သောကြောင့် သာဓု ပို၍ ဒေါပွလာ၏။

    မှားသည်မှာလည်း ခွင့်လွှတ်နိုင်ဖွယ်ရာသော အသေးအဖွဲအမှားမျိုး မဟုတ်၊ ထိုစဉ်က ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းများသာမက သတင်းစာများပင် စာမျက်နှာများ များ ပေးနိုင်ခြင်းကို ရောင်းပန်းအဖြစ် အသားယူ ဖော်ပြနေချိန် ဖြစ်သည်နှင့် အညီ သာဓု၏ စာအုပ်ကြော်ငြာ အမှားကြောင့် အဘယ်မျှ အရုပ်ဆိုး၍ အဘယ် သို့ ထိုခိုက်နိုင်သည်ကို ဖော်ပြရှင်းလင်းရန်ပင် မလိုတော့သည်ကို ယခု စာရှုသူ သိပြီး ဖြစ်ပါချိမ့်မည်။

    'ကဲ မိတ်ဆွေ၊ သာဓု တိုတိုပဲ ပြောမယ်၊ အဲဒီကြော်ငြာအမှားကို ပြန်ထည့် ပေးမလား၊ ဒါမှမဟုတ်'

    'ကြော်ငြာခ ထပ်ပေးရင် ထည့်ပေးမယ်'

    သာဓုစကား မဆုံးမီမှာပင် သူက အထက်ပါအတိုင်း ပြောပြီး ဖုန်းချသွား သောကြောင့် သာဓုက တိုက်အုပ်ထံ ဖုန်းခေါ်လိုက်၏။ အကျိုးအကြောင်း ရှင်းပြ ၏။ တိုက်အုပ်ကလည်း ခပ်တင်းတင်းပင် လေသံပြင်းနေပြန်၏။

    'ကျွန်တော်တို့မှာ သတင်းစာအလုပ် ဖြစ်လို့မို့ အချိန်လုပြီး လုပ်နေရတယ်၊ အမှားဆိုတာကတော့ ပါမှာပဲ' ဟု သူက ဆိုချေ၏။

    'သတင်းစာတိုက်တစ်ခုရဲ့ စီးပွားရေး တိုးတက်မှု ဆုတ်ယုတ်မှု စည်းကမ်း တကျရှိမှုတွေမှာ ထိပ်ဆုံးက တာဝန်ယူထားရတဲ့ တိုက်အုပ်အနေနဲ့ ဒီစကားမျိုး မပြောသင့်ဘူးထင်တယ်၊ ခုလိုသာ ငွေကုန်ကြေးကျခံပြီး ကြော်ငြာနေတဲ့ ကြော် ငြာရှင်တွေ စိတ်ပျက်လောက်အောင် မကြာခဏ မှားနေမယ်၊ အဲဒီအမှားမျိုးကို လည်း တာဝန်မယူဘူးဆိုရင် ကြော်ငြာရှင်တွေဆီက ဝင်ငွေနည်းပါးသွားမှာ မစိုး ရိမ်ဘူးလား'

    ဟု သာဓုက မေးလိုက်သည်တွင် တိုက်အုပ်ထံတွင် ရုတ်တရက် စကားသံ ပေါ်မလာသေးဘဲ အတန်ကြာမှ

    'ကဲပါဗျာ၊ အမှားပြင်ဆင်ချက် ဆိုတာလောက်တော့ ပြန်ထည့်ပေးမယ်'

    သူဆိုလိုသည့် ပြင်ဆင်ချက်ကို သာဓုနားလည်သည်။ သတင်းစာ၏ ချောင် ကြိုချောင်ကြားတွင် မထင်မရှား အသေးဆုံး စာလုံးကလေးများဖြင့် 'မည်သည့် နေ့ထုတ် မည်သည့်ကြော်ငြာတွင် စာမျက်နှာ ၃ဝ ကျော်အစား ၃ဝဝ ကျော်ဟု ပြင်ဆင် ဖတ်ရှုပါရန်' ထိုမျှသာ ဖြစ်မည်။ ယင်းပြင်ဆင်ချက်ကို တွေ့သူ ပရိသတ်က မည်သည့်နေ့ထုတ် သတင်းစာ ဟူသည်ကို ပြန်လည် လှန်လှော ရှာဖွေ တိုက်ဆိုင် ဖတ်ရှုမည်လော။ လုံးဝ အရာရောက်မည်မဟုတ်သော ပြင်ဆင် ချက်ကို သာဓု လက်မခံနိုင်။

    'ပြင်ဆင်ချက်ဆိုတာကို မူလကြော်ငြာအတိုင်း စာလုံးမဲနဲ့ ထည့်ပေးမလား' ဟု သာဓုက မေးရာ

    'ဒါတော့ မဖြစ်နိုင်ဘူး' ဟူသော အဖြေနှင့်အတူ ဖုန်းချသွားသည်။

    သာဓု မကျေနပ်။ အယ်ဒီတာချုပ်ထံသို့ ဖုန်းဆက်ပြီး အကြောင်းစုံ တိုင် ကြား၏။ သူကာ ဟံသာဝတီ ဦးထွန်းဖေဖြစ်၏။ သူ့ထံမှလည်း လေသံတစ်သံ တည်း ထွက်လာပြန်၏။

    'ကိုသာဓု ခင်ဗျားလည်း သိသားနဲ့၊ မှားတဲ့အပိုင်းလောက် ပြင်ဆင်ချက် ထည့်ပေးရင် ကျေနပ်လောက်ရောပေါ့'

    'ဒီမှာဗျ အစ်ကိုကြီး၊ ကျွန်တော်က ရှစ်လက်မအတွက် ကြော်ငြာခပေးပြီး ထည့်ခဲ့တာ မဟုတ်လား၊ အဲဒါကို လက်မဝက်လောက် ပြန်ထည့်ပေးရုံနဲ့ ကျေ နပ်ရမယ်ဆိုတာတော့ ကြော်ငြာရှင်တွေကို ဒါ သက်သက် အနိုင်ကျင့်တာပဲ' ဟု အစချီကာ ကြော်ငြာရှင်များအနေဖြင့် အဘယ်မျှ နစ်နာရသည်များကို အသေး စိတ် ရှင်းပြ၏။ တစ်ခါက ရုပ်ရှင်ကြော်ငြာတစ်ခုတွင် လတ်လတ်ဆတ်ဆတ် ပြ သနေဆဲ ကြော်ငြာ၌ 'ပြပြီ' အစား 'ပြီးပြီ' ဟု မှားထည့်သဖြင့် ကြော်ငြာရှင်၌ အဘယ်မျှ ထိခိုက်သွားရသည်များကိုပါ ပြောပြသော်လည်း နောင်တော်သတင်း စာဆရာကြီးမှာ သတင်းစာဘက်မှသာလျှင် မြင်နေပြီး ထုံးစံအတိုင်း သတင်းစာ ဘက်မှပင် အကြောက်အကန် ကာကွယ်ပြောဆိုနေ၏။ သာဓုကလည်း ကြော်ငြာ ရှင်ဘက်မှ ကြံ့ကြံ့ခံကာ


    'ကဲ အစ်ကိုကြီး၊ ကျွန်တော့်ကြော်ငြာကို မူလအတိုင်း အပြည့်အဝ ထည့် ပေးရင် ထည့်ပေးပါ၊ ပြင်ဆင်ချက်ကတော့ မလိုချင်ဘူး၊ အဲ မူလကြော်ငြာ အတိုင်း အပြည့်ထည့်မပေးရင် ကျွန်တော် ဆိုင်ရာက တရားစွဲမယ်၊ ကျွန်တော့် စာအုပ် ကိုယ်စားလှယ်တွေ အချို့ကလည်း 'စာမျက်နှာ ၃ဝ ကျော်နဲ့ နှစ်ကျပ် ဆိုရင် မပို့ပါနဲ့တော့လို့ ခုဘဲ သံကြိုးစားတွေ ရောက်နေပြီ၊ အဲဒီ နစ်နာကြေး ပေးပါ တရားစွဲမယ်၊ ဒါပါပဲ အစ်ကိုကြီး၊ ဝမ်းတော့နည်းပါတယ်' ဟု ပြောပြီး သာဓုက အရင် ဖုန်းချလိုက်၏။

    ထို့နောက် တစ်နာရီလောက် အတွင်းမှာပင် မိတ်ဆွေဖြစ်သူ ဝတ်လုံတော်ရ သခင်ဘဦးထံ သွားရောက်ကာ ကိစ္စအဝဝ ရှင်းပြလိုက်ရာ သခင်ဘဦးက

    'အင်း တရားစွဲလို့ကတော့ ရပါတယ်၊ ဗမာပြည်မှာတော့ အဆန်းဖြစ်သွား မှာပဲ၊ ဒါပေမယ့် ကြော်ငြာခက အစိတ်လောက်နဲ့ တရားစရိတ် ကုန်မှာက နှစ်ရာ ကျော်နေလိမ့်မယ်၊ စဉ်းစားပါဦးဗျာ'

    'ကိစ္စမရှိဘူး၊ ငွေတစ်ထောင် ကုန်ချင် ကုန်ပစေ၊ ဒါမျိုး တရားစွဲလို့ရတယ် ဆိုတာ ကြော်ငြာရှင်တွေ သိသွားရင်၊ ပြီးတော့ သတင်းစာ တိုက်တွေကပါ ဒီလို အနိုင်ကျင့်တာမျိုး တရားဥပဒေက ခွင့်မပြုဘူးဆိုတာ သဘောပေါက်သွားရင် တော်ပြီဗျာ၊ လူတိုင်း လူတိုင်းမှာ အကြောင်းအရာတိုင်းနဲ့ ပတ်သတ်လို့ အားလုံး သိစေချင်တယ်၊ တရားစွဲဖို့သာ စီစဉ်ပါတော့ဗျာ၊ ကျွန်တော် မနက်ဖြန် လာခဲ့ မယ်'

    ထိုသို့ ပြောဆိုထွက်လာပြီး အိမ်ပြန်ရောက်သည်နှင့် တပည့်ဖြစ်သူက စာ တစ်စောင် လာပေးသဖြင့် ဖောက်ဖတ်ကြည့်သည်တွင် ဟံသာဝတီ သတင်းစာ တိုက်မှ ပို့လိုက်သော စာဖြစ်နေ၏။ 'သာဓု၏ မူလကြော်ငြာအတိုင်း အပြည့်အဝ အခမဲ့ပင် ထည့်ပေးပါမည်၊ စိတ်မရှိပါရန်' ဟူသတည်း။

သာဓု(လူဝါးဝတယ်) စာအုပ်မှ ကူးယူဖေါ်ပြပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More