အမှတ်တရ ဗန်းဗော်တင်အောင်( ၁၉၂၀- ၁၉၇၈)

Photobucket

မှတ်မှတ်ရရ ယခုလ အောက်တိုဘာလ၊ ၂၃ ရက် နေ့ဆိုလျှင် ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၂ နှစ်မြောက် ပြည့်ခဲ့ပြီဖြစ်သည်။  ဆရာဗန်းမော်တင်အောင်အတွက် အမှတ်တရကို ဆရာ ဒဂုန်တာရာမှ ”နရသိမ်ထောင်မှ အကျဉ်းသား” ဆောင်းပါးဖြင့် ဂုဏ်ပြုခဲ့ဖူးသည်၊ ဆရာမြသန်းတင့်က ”မုန်တိုင်းထဲက လူ” အဖြစ်နှင့်လည်းဂုဏ်ပြုခဲ့ဘူးသည်။ ဆရာကြီး ဒေါင်းနွယ်ဆွယ် မှလည်း ”မဆန်းသော သေခြင်းမှ ထာဝရ မပျောက်ဆုံးသူ” ဟူသော ခေါင်းစဉ်ဖြင့် ကဗျာရှည်ကြီးဖြင့် ဂုဏ်ပြုခဲ့ဖူးသလို၊ ကျနော်တို့ စာပေချစ်မြတ်နိုးကြတဲ့ လူငယ်စာပေသမားတွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ခဲ့ကြတဲ့ ဆရာဂျမ်း ( ကဗျာဆရာကြီး ဦးတင်မိုး) ကလည်း ”ကြယ်နီရောင်ကဗျာ”ဆိုတဲ့ ကဗျာလေးဖြင့် ဂုဏ်ပြုခဲ့ဖူး ကြသလို တခြားသော စာရေးဆရာကြီးများ လူငယ်မျိုးဆက်သစ် စာပေသမားများကလည်း ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ဖူးကြသည်။
ဆရာဗန်းမော်တင်အောင်သည် ၁၉၃၈ခုနှစ်တွင် အလုပ်သင်သတင်းထောက်၊ ၁၉၃၉-၄၀ စတီးဘရားသား သစ်ကိုယ်စားလှယ်၊ ၁၉၄၆-၄၉ သစ်ကိုယ်စားလှယ်၊ သစ်အ၀ယ်တော် လုပ်ငန်းများကိုလုပ်ကိုင်ခဲ့ပြီးနောက် သတင်းစာ၊ စာရေးဆရာဘ၀ဖြင့် ကွယ်လွန်သည်အထိ စာပေတာဝန်ကို ကျေပွန်ခဲ့သူဖြစ်ပါသည်။
ဆ၇ာသည် ၁၉၃၈ တွင် မောင်တင်အောင်ကလောင်အမည်ဖြင့် ”ဘုန်းမေ့နိုင်ဘူး” ၀တ္ထူဖြင့် စာပေလောက သို့ စတင်ဝင်ရောက်ခဲ့ပြီး  မြန်မာ့ရုပ်ရှင်၊ ဘားမားဂျာနယ်၊ မြန်မာ့တာဝန် မဂ္ဂဇင်းများတွင် ၀တ္ထူ များရေးသားခဲ့ရာ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ဂျာနယ်ကျော်တွင်ပါသော ”နောမူဝေး” ၀တ္ထူတိုမှစတင်၍ ဗန်းမော်မြို့တွင် ၇ တန်းအထိ ပညာသင်ကြားခဲ့သည်ကို စိတ်စွဲကာ ”ဗန်းမော်တင်အောင်” ဟူသော ကလောင်ကို ယူခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ တာရာမဂ္ဂဇင်းတွင် တွဲဖက်အယ်ဒီတာ၊ ၁၉၅၀ လင်းယုန် ဂျာနယ် အယ်ဒီတာနှင့် ထုတ်ဝေသူ၊ ထိုမှ ၁၉၅၁ တွင် လင်းယုန်သတင်းစာကိုပါ ပူးတွဲထုတ်ဝေခဲပသည်။ ၁၉၄၇ တွင် ရေးသားခဲ့သော ”ဘုန်းမောင့် တစ်ယောက်တည်းရယ်” ၀တ္ထူသည် စစ်ပြီးခေတ်စာပေလောက၌ ဗန်းမော်တင်အောင်ကို အထူးထင်ရှားအောင်မြင်စေခဲ့သော မှတ်တိုင်ဖြစ်ခဲ့သည်။ လုံးချင်းဝတ္ထူပေါင်း ၄၅ အုပ်နှင့် ၀တ္ထူတိုပေါင်းများစွာ၊ ဆောင်းပါးများစွာ၊ ၀တ္ထူတိုပေါင်းချုပ်၊ မဂ္ဂဇင်းအခန်းဆက်ဝတ္ထူရှည်၊ သိပ္ပံကျမ်း၊ နိုင်ငံရေးသဘောတရားကျမ်း၊ စသည့်စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်။ ဆရာသည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးချိန်မှစတင်၍  ခေတ်ပေါ်မြန်မာစာလောက၌  အထူးထင်ရှားခဲ့ပါသည်။ ၁၉၇၈ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၇း ၁၀ မိနစ်တွင် အဆုတ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ခင်ဦးနှင့် သားသမီးခြောက်ယောက်တို့ ကျန်ရစ်ခဲ့သည်။

စာရေးဆရာ ဗန်းမော်တင်အောင်သည် စီးပွားရေးသမား အနေနှင့် ချမ်းချမ်းသာသာပြည့်စုံစွာ  နေနိုင်ခဲ့သော်လည်း ပြည်သူလူထုကောင်းစားရေးအတွက် သူယုံကြည်သည့်စာပေနှင့် လူထုဘက်က ရပ်တည်ခဲ့ပြီး ခေတ်ကာလနိုင်ငံရေးအခြေအနေ တွေကို အမှန်တိုင်းဝေဖန်ရေးသားသည့်အတွက် ထောင်အကြိမ်ကြိမ် ကျရောက်ခဲ့ပြီး ဆင်းရဲဒုက္ခခံခဲ့ရသည်။ ဆရာ ဗန်းမော်တင်အောင် မကွယ်လွန်မီ ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပေါ်တွင် “လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံး ပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဟု နောက်ဆုံးပြောကြားခဲ့သည်။
ဆရာကဲ့သို့ တိုင်းပြုပြည်ပြုစာရေးဆရာ တစ်ယောက်အား မျိုးဆက်သစ် လူငယ်များအနေဖြင့်  မမေ့မလျှော့ အစဉ်ထာဝရ သတိရဂါဝရ ပြုလျှက်ရှိနေသင့်ကြောင်းပါ။
ရွေမော်ကွန်း
ကိုးကား( ရှုမ၀မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း နိုဝင်ဘာ၊၁၉၇၈)နှင့် ဗန်းမော်တင်အောင်အမှတ်တရစာစုများ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More