အသံအက်သွားတဲ့ ခေါင်းလောင်းလေး

ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်းကျောင်းသား/သူများ ကောင်းမှု ။
အဖူးအငုံ
ပွင့်ရုံပွင့်ချပ် ၊ ပွင့်ဖတ်ညိုးရော်
သော်ကဇီဇ၀ါ ၊ စကြာပုဏ္ဏရိတ်
သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ .....။



ဖိနပ်မဲ့ခြေဖ၀ါး
မေးခိုင်ပိုးစားခြင်း
ထင်းရှုးသားသေတ္တာ
လဲလျောင်းစရာ ။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအို တစ်ပါးထံ
ဝတ္တုငွေ ငါးကျပ်အပ်နှံ
သရဏဂုံ ဆည်းကပ်လေ
ကောင်းရာဘုံဘ၀ ရောက်ပါစေ....။
အမိကိုကူ ၊ အဖကိုကူ
အပူမျှယူ
ခဲတံမဲ့သူ ၊ စာအုပ်မဲ့သူ  ၊ မုန့်ဖိုးမဲ့သူ
အလှုငွေမထည့်နိုင်သူ
အပူအားလုံးငြိမ်းပေါ့ ။
သေတ္တဖုံးရိုက်ပိတ်
လျှာအဆိပ်သင့် ၊ ရင်နင့်နေခိုက်
ရှိုက်သံတစ်ချက် ..တစ်ချက်
“ သံစူးသတဲ့....တော်တို့ရေ.....”

အကြော်သည်အမေ
မြေလူးလေရဲ့ ။
စာသင်ခန်းမ
နောက်ဆုံးက ခုံနေရာ
လစ်ဟာနေမှာ ။
ကျောင်းခေါ်ချိန်စာရင်း
မင်းနာမည်ကျော်ဖတ်ရတော့မှာ။
လေ့ကျင့်ခန်းစာအုပ် ၊ တစ်အုပ်လျော့သွားမှာ ။
ခုံပေါ်မတ်တပ်
ရပ်ရမယ့်အပြစ်ဒဏ်
မင်းဝိညာဉ်မခံစားစေတော့ ။
“မင်း....သွားလိုရာ သွားနိုင်သည်....” 

မကြားဝံ့ဝံ့ ၊ နှုတ်ဆွံ့ရှိုက်ငင်
တစပြင်အထွက်
နှောင့်ယှက်ဆဲအသံတွေ ......
မနက်ဖြန်နံနက်
ကျောင်းအတက်မှာ
ဆရာမလက် ....
ခေါင်းလောင်းအထိုး ခက်ပေလိမ့် ။          ။

မအိ
 ရှုမ၀မဂ္ဂဇင်း ၊ 1982၊ ဇူလိုင် ၊

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More