ဘယ်သူက ပညာပေးခံသင့်သလဲ

စာရေးဆရာ  လူထုဦးစိန်ဝင်း
     ဂျာနယ်တစ်စောင်ရဲ့ အယ်ဒီတာတစ်ယောက်က သူတို့ဂျာနယ်မှာ နိုင်ငံရေးတို့ ဒီမိုကရေစီတို့ ရွေးကောက်ပွဲတို့နဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ပညာပေးတဲ့ စာတွေကို အထူးဆောင်းပါးများအဖြစ် ထည့်သွင်း ဖော်ပြ နေတာ ကြောင့် ဆောင်းပါးရေးပေးဖို့ တောင်းခံလာပါတယ်။ ဒါလည်း ခုတလောမှာ ဖက်ရှင်ဖြစ်နေတဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးစကား ဒီမိုကရေစီစကားဆိုတာ နှစ်ကိုယ်ကြား လေသံလေးနဲ့ တိုးတိုးပြောရတဲ့ အခြေအနေ ကနေ ခုလိုဂျာနယ် မဂ္ဂဇင်းတွေထဲမှာ လူသိရှင်ကြား ပြောဆိုရေးသား လာကြတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်လို့ ၀မ်းသာပါတယ်။
အပေးမတော်ရင် အဆိပ်ဖြစ်
        စာဖတ်ပရိသတ် ပြည်သူလူထုကို နိုင်ငံရေး ဗဟုသုတ၊ ရွေးကောက်ပွဲ ဗဟုသုတဖြန့်ဝေပေးတာ ကောင်းပေမယ့် ပေးပုံပေးနည်း မမှန်ကန်ရင်၊ ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ဖြစ်စေနိုင်တာမို့ အထူးသတိထားဖို့တော့ လိုပါတယ်။ ခုတလော စာနယ်ဇင်းတွေမှာ ပညာပေးဆိုပြီး ဖော်ပြနေတာတွေ တော်တော်များများက နိုင်ငံရေးကို ပြည်သူတစ်ရပ်လုံး စိတ်ဝင်တစား ပါဝင်ဆောင်ရွက်ကြဖို့ ဆော်သြတဲ့ သဘော မသက်ရောက်ဘဲ၊ နိုင်ငံရေးဆိုတာ စက်ဆုပ်ဖွယ်ရာ ကိစ္စလို့ ထင်မြင်ယူဆ သွားစေနိုင်တဲ့ ဖော်ပြချက်တွေကို မြင်တွေ့နေရပါတယ်။ မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်က လွတ်မြောက်လာခဲ့တာ နှစ်ခြောက်ဆယ်ကျော်ခဲ့ပြီ ဖြစ်သလို၊ နိုင်ငံရေး အစိုးရများရဲ့ သြဇာရိပ်က ကင်းဝေးခဲ့တာလည်း နှစ်ပေါင်း ငါးဆယ်နီးပါးတောင် ရှိပါပြီ။ ဒီခေတ်နဲ့ အဲဒီ ခေတ်တွေကြားမှာ ပြောင်းခဲတိုးတက်မှုတွေဟာ နိုင်ငံရေးမျက်နှာစာမှာသာမက၊ စီးပွားရေး မျက်နှာစာ၊ လူမှုရေး မျက်နှာစာ၊ နည်းပညာ မျက်နှာစာ၊ စစ်ရေးမဟာဗျူဟာ မျက်နှာစာတွေမှာပါ လိုက်မမီနိုင်အောင်ကို ရှိနေပါတယ်။ ဘယ်မျက်နှာစာမှာမှ ရှေးခေတ်နဲ့ နှိုင်းနှိုင်းပြီး ပြောလို့ မရတော့ပါဘူး။

အတိတ်ဆိုတာ ရှေးလူကြီးတွေအတွက်
       အဲဒီတော့ ဘာ့ကြောင့် ရှေးပဝေသဏီက အကြောင်းတွေကို ပြန်ပြီး ဖော်နေကြတာလဲ။ ခုချိန်မှာ ပြောသင့်တာက အနာဂတ်အကြောင်း မဟုတ်လား။ ကြည့်သင့်တာကလည်း အတိတ် မဟုတ်ပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ် ဖြစ်ပါတယ်။ နောက်ကိုချည့် မမြဲတမ်း ပြန်ပြန်ကြည့်နေရင် ဘယ်တော့မှ ရှေးကို ရောက်မှာ မဟုတ်တော့ပါဘူး။ အတိတ်ကို ပြန်တမ်းတတယ်ဆိုတာက ရှေးလူကြီးတွေရဲ့ အလုပ်ပါ။ လူကြီးတွေအတွက်ပဲ ထားလိုက်ပါ။ ဒီခေတ်လူတွေနဲ့ ဒီခေတ်စာနယ်ဇင်းတွေကတော့ အနာဂတ်ကို မျှော်ပြီး ရှေ့ကိုသာ တိုးသထက် တိုးသွား နေရမှာဖြစ်တယ်။ ဒီနေ့ ဂျာနယ် တချို့မှာ ဖော်ပြနေကြာတာတွေကို ကြည့်ပြီး လူငယ်တွေ အမြင်မှာ ရှေးခေတ်နိုင်ငံရေးသမားတွေ ဘယ်သူမှ မကောင်းဘူးဆိုတဲ့ အမြင်မျိုး ရောက်ရှိသွားနိုင်ပါတယ်။ ဒါဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်သုံးကျိတ်ဝင်တွေနဲ့ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ အသက်စွန့် ခဲ့ကြရတဲ့ အာဇာနည်အပေါင်းကို စော်ကားရာ ရောက်သွားပါလိမ့်မယ်။ လူငယ်တွေ ခေါင်းထဲမှာ အဲဒီအမြင့် မျိုးတွေ ရောက်မသွားစေသင့်ပါဘူး။

ဘယ်သူတွေ ပညာပေးမှာလဲ
       နောက်တစ်ခုပြောချင်တာက ဂျာနယ် မဂဇင်းတွေမှာ ပြည်သူလူထုကို နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ ပညာပေးဆိုတဲ့ စာတွေကို ဘယ်သူတွေက ရေးကြမှာလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ အရှင်မွေး နေ့ချင်းကြီးဆိုသလို နတ်ရေကန်ထဲက တက်လာတဲ့ ခါတော်မှီ ဒီမိုကရေစီ ဂုရုတွေနဲ့တော့ မဖြစ်ပါဘူး။ ပြည်သူလူထုကို ပညာပေးမဲ့ လူတွေဆိုတာ သူများတကာ ရေးထားတဲ့ စာအုပ်တွေထဲက စာတွေကို ဟိုက နှုတ်ယူ ဒီက နှုတ်ယူပြီး ရေးတတ်ရုံနဲ့ မပြီးပါဘူး။ သူ ပညာပေးချင်တဲ့ စာဖတ်ပရိသတ်တွေထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွေ့အကြုံတွေ ကြွယ်ဝဖို့လိုသလို ပညာရေး အရလည်း ပညာပေးနိုင်မယ့် အခြေခံ အရည်အချင်းရှိဖို့ လိုပါတယ်။ သံရုံးတွေက လက်ပူတိုက်ပေးတဲ့ သင်တန်းလေး တက်ဖူးရုံ၊ သံရုံးတွေက စင်တော်ကောက်ပြီး လွှတ်လိုက်လို့ သူတို့နိုင်ငံတွေမှာ ခဏတဖြုတ် သွားလေ့လာရုံနဲ့တော့ နိုင်ငံရေး သုခမိန် လုပ်လို့ မရနိုင်ပါဘူး။


ကွက်ကျော်မြင်တဲ့ လူမျိုး
         နောက်ပြီးတော့ မြန်မာလူထုက ရေဂန်လို ကောင်းဘွိုင်မင်းသားကို အာနိုးလို စတန့်မင်းသားကို သမ္မတရွေး၊ ဘုရင်ခံရွေးပေးတဲ့အထိ နိုင်ငံရေး ဗဟုသုတ နုံချာတဲ့ လူမျိုးမဟုတ်ပါဘူး။ အင်မတန် အင်အားကြီးမားတဲ့ နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို သေနတ်ချင်းယျဉ်ပစ်ပြီး တိုက်ခိုက်ခဲ့တဲ့ လူမျိုးပါ။ နယ်ချဲ့တွေ ဖက်ဆစ်တွေရဲ့ ဒိုမီနီယံ အုပ်ချုပ်ရေးတို့ အာရှတိုက် သာတူညီမျှ ကောင်းစားရေးတို့ဆိုတဲ့ လှမ့်လုံးညာလုံးတွေကိုတောင် အမိမခံပဲ သူတို့ထက် ကွက်ကျော်မြင်နိုင်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်။ ဖက်ဆစ်တွေ သင်ပေးတဲ့ စစ်ပညာနဲ့ ဖက်ဆစ်တွေရဲ့ လက်နက်ကို ကိုင်စွဲပြီး ဖက်ဆစ်တွေကို တော်လှန်တိုက်ထုတ် အောင်ပွဲခံခဲ့တဲ့ လူမျိုးပါ။ ဒီလိုလူမျိုးတွေကို အထင်မသေးပါနဲ့ မစော်ကားပါနဲ့။ စီးပွားရေးကို လွတ်လွတ်လပ်လပ်လုပ်တဲ့ အတွေ့အကြုံ နည်းပါးတာကြောင့်၊ စီးပွားရေးအပိုင်းမျာ ကမ္ဘာနဲ့ ရင်ဘောင်မတန်းနိုင်ပေမယ့်လို့၊ နိုင်ငံရေးမှာတော့ ကြိုက်တဲ့နိုင်ငံက လူတွေနဲ့ ယှဉ်ပါ။ မြန်မာလူမျိုးလောက် အတွေ့အကြုံ ကြွယ်ဝတာ ဘယ်နိုင်ငံ ဘယ်လူမျိုးမှ မရှိဘူးလို့ ရဲရဲကြီး ပြောဝံ့ပါတယ်။

ပညာပေးခံရမှာ ဘယ်သူလဲ
        ဒီလိုနိုင်ငံရေး သံသရာမှာ ရှင်ကြီးဝမ်းလည်း ၀င်ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ဖူးခဲ့လို့ နိုင်ငံရေး ပညာမှာ နောကျေနေတဲ့ လူမျိုးကို၊ ဘာနိုင်ငံရေး အတွေ့အကြုံမှ မရှိခဲ့ဘဲနဲ့ အခုမှ ခါတော်မှီ နိုင်ငံရေး စာအုပ်တွေ ရှာဖွေဖတ်ရှုနေတဲ့သူတွေက ပညာပေးနေကြတာ တော်တော်တော့ ရယ်စရာကောင်းတယ်။ တယ်တော့ ပညာပေးခံရမှာက သူတို့ပါ။ ပြည်သူတွေ မဟုတ်ပါဘူး။ ပြည်သူတွေက နယ်ချဲ့လက်အောက်မှာ ဖက်ဆစ်လက်အောက်မှာ ကျောကော့အောင် ခံလာရတဲ့ အတွေ့အကြုံတွေ မနည်းပါဘူး။ သုမနကျောမှာလေ ဒဏ်ရာတွေနဲ့ဆိုတဲ့ ပဂိုးမြရဲ့ ငိုချင်းအတိုင်းပါပဲ။ မလွတ်လပ်ခြင်းရဲ့ အတွေ့အကြုံကို ခံစားဖူးမှ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကို သိပါတယ်။ လက်သည်းခွံ အခွာခံရဖူးမှ ဖက်ဆစ် ၀ါဒရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သိပါတယ်။ ခေတ်တိုင်း ခေတ်တိုင်းမှာ အခွင့်ထူးခံ ရေပေါ်ဆီနေရာက နေလာခဲ့သူတွေက ဒီမိုကရေစီကို တန်ဖိုးထားတယ်ဆိုတာ ဘယ်လိုမှ ယုံနိုင်စရာ မရှိပါဘူး။

မိုးကြိုပစ်မှာ မကြောက်ဘူးလား
        ခါတော်မှီ ဒီမိုကရေစီ ယိမ်းကနေကြတဲ့ထဲမှာ အစကတည်းက ၀င်မပါခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာလူထုက နိုင်ငံရေးမှာ ကိုယ့်ထက်အတွေ့အကြုံ ကြွယ်ဝပြီး စွန့်လွတ်မှုတွေလည်း ပိုပြီး ကြီးမားတယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ တကယ်က ပြည်သူတွေဆီကသာ ကျနော်တို့က သင်ယူရမှာ မဟုတ်လား။ အခုတော့ ဘာမှမသိ ဘာမှနားမလည်တဲ့သူတွေက နိုင်ငံရေးအသိ အံ့သြစရာ ကောင်းလောက်အောင် မြင့်မားတဲ့ ပြည်သူတွေကို ပညာပေးနေတာ မြင်ရတာ “ဘုရားကားအောက် မျောက်ကားအထက်” ဆိုသလို ရယ်စရာကြီး ဖြစ်နေပါတော့တယ်။ မိုးကြိုးပစ်မှာ မကြောက်ကြဘူးလားလို့လည်း သူတို့ကို မေးလိုက်ချင်ပါတယ်။ ။
 လူထုဦးစိန်ဝင်း
(၂၄၊ ၆၊ ၂၀၀၉၊ လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More