ဝတ်မှုန်သင်းမည့်နေ့
" The Day When Pollens' Fragrance Come "
     By   Khet Mar
khat mar
(က)
ဒီနေ့မနက် အိပ်ရာအထမှာ ညီမတစ်ယောက် ဘာအိပ်မက် အကြောင်းများ ပြော လာဦးမည်လဲဟု မြ၀ါးရုံက စိတ်ဝင်စားစွာ၊ ပြီးတော့ ရယ်ချင်စွာ တွေးနေမိသည်။ တကယ်တမ်းကျတော့ ညီမအိပ်မက် အကြောင်းတွေ ပြောလာတိုင်း မရယ်ရက်တော့တာ တော်ကြာနေခဲ့ပြီပဲ။ ညီမအိပ်မက် အကြောင်း မြိန်ရေ ရှက်ရေ ပြောနေသည့် အချိန်မှာ ပေါ်လာတတ်သော ရယ်ချင်စိတ်တွေက သနားကရုဏာအဖြစ် အသွင် ပြောင်းလဲ၍ ထုထည်ခဲဖွဲ. ကြီးထွားခဲ့ရသည်။ ‘ညီမ’ကို အလျင်အမြန်ပြောရင်း ‘ညကလေ’ ‘ညပြောပြမယ် သိလား’ ဟူ၍ ဖြစ်သွားတတ်သော ညီမ၏ ညအိပ်မက် တွေအကြောင်း နားထောင်ဖို့အတွက် ညီမကို စူးစုးကြည့်ရင်း “ကဲပါညရယ် ညရဲ့တစ်ထောင့်တစ်ည အိပ်မက်ပုံပြင်တွေကို ရပ်တန်းက ရပ်ပါတော့“ ဟု ရယ်ကာမောကာပင် မပြောဖြစ်တော့ပါ။ မနက်မိုးလင်း ပြီဆိုလျှင် မျက်နှာသစ်ရင်း ထမင်းဟင်းချက်ရင်း၊ ရေချိုးရင်းနှင့် ညီမပြန်ပြောပြမည့် ညကအိပ်မက် အကြောင်း နားထောင်ဖို့ ပင် စိတ်စောနေတတ်ပြီ။
    ညီမသည် အလွန်ထူးဆန်းသော မိန်းမငယ်ဖြစ်၏။ ညီမက ငါးမိနစ်ခန့် အိပ်ပျော်သွားလျှင် ထိုငါးမိနစ်အတွင်း အိပ်မက်ကို မက်ဖြစ်အောင် မက်လိုက်တတ်သူဖြစ်၏။ ညဘက် အိပ်ပြီဆိုလျှင်လည်း တစ်ညကို ခြောက်နာရီအိပ်လျှင် ညီမပြန်ပြောတတ်သည့် အိပ်မက်တွေက ခြောက်နာရီစာလောက် ကြာနေတတ် ပြန်သည်။ ညီမအိပ်မက်တွေက အစီစဉ်တကျ ဇာတ်လမ်းဇာတ်ကွက် အဆင်ပြေပြေတော့ မရှိဘူးပေါ့။ ဟိုရောက်၊ သည်ရောက်၊ ဘာမှမဆိုင်သည့် မြင်ကွင်းတွေ၊ လူတွေ၊ စကားသံတွေပဲဖြစ်သည်။ တစ်ခါတစ်ရံမှာတော့ ဆက်စပ်တွေးယူလျှင် အစီအစဉ်တကျလိုလို ဖြစ်နေတတ်သော အိပ်မက်ရှည်ကြီးတွေ ပါနေတတ်သေးသည်။ သည်လိုအိပ်မက်ရှည်ကြီးတွေ မက်သည့်ည၏ မနက်ပိုင်းဆိုလျှင် ညီမမှာ အိပ်မက်အကြောင်း ပြောပြလိုဇောနှင့် တက်ကြွနေတတ်သည်။
    သည်နေ့မနက်တော့ ညီမငြိမ်ချက်သား ကောင်းနေသည်။ အိပ်ရာထ၊ မျက်နှာအတူတူ သစ်ကြတော့လည်း ငြိမ်ငြိမ်သက်သက်။ ထမင်းအိုးတည်ဖို့ တစ်ယောက်ကမီးမွှေး၊ တစ်ယောက်က ဆန်ဆေး နေချိန်မှာလည်း စကားမစ။ ရေအတူချိုးကြတော့လည်း မသိလိုက် မသိဖာသာ။ ကျောင်းကလေး မှာ မနက်ပိုင်း စာသင်ချိန်ကုန်သွားပြီး နေ့ခင်းအားလပ်ချိန် ရောက်တော့လည်း တပည့်လေးတွေကြားမှာ စကားများ အလုပ်ရှုပ်ရင်း မပြောဖြစ်ပေ။ သည်လို ငြိမ်ချက်သားကောင်းနေ ပြန်တော့ ပြောကိုပြောစရာရှိပြီး ပြောပြခြင်း မခံရသေးသော သူတို့ ၏ ထုံးစံအတိုင်း အသည်းယားယားနှင့် မေးချင်လာသည်။
 တကယ်တမ်း ညီမတစ်ယောက် အိပ်မက်အကြောင်း ပြောလာသည့် အချိန်ကတော့ ညနေကျောင်းဆင်း အပြီးမှာ ဖြစ်သည်။ ခြေတံရှည် ကျောင်းကလေး ပေါ်မှ ဆင်းပြီး ကျောင်း ဝင်း၏ ညာဘက်ထောင့် ခြံစပ်မှာ ရှိသည့် ဆရာမများအတွက် ဆောက်ထားပေးသော ၀ါးအိမ် ကလေးဆီသို့  ခြေသလုံးဝက်ခန့် နက်သည့် ရေပြင်ကို ထမီတစ်ဝက်မရင်း၊ ကြိမ်ဆွဲခြင်း ကလေးကို တစ်ဖက်ကဆွဲရင်း၊ ရေပြင်ကို ဒရွတ်တိုက် လှမ်းဖြတ် ရင်း သွားနေသော ညီမ၏ ကျောပြင် ကိုကြည့်ပြီး အိပ်မက်အကြောင်း တွေးနေမိလေသည်။
 “ညက အိပ်မက်အကြောင်း မမမြ၀ါးရုံကို ပြောပြရဦးမယ်”
 “လုပ်စမ်းပါဦး”
 ညီမက အ၀တ်အစားလဲပြီးပြီးချင်း ၀ါးကြမ်းပေါ်မှ အဆင်သင့် ခင်းထားသည့် သင်ဖြူး ဖျာအိပ်ရာပေါ်မှာ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ မနက်စာ ညစာ ထမင်းနှင့် ဟင်းကို မနက် ကတည်းက ချက်ထားပြီးသားမို့ စိတ်အေးလက်အေး အနားယူနိုင်သည့် သည်အချိန်ကို ညီမ တမင်ရွေးထားမှန်း သဘောပေါက်လိုက်မှ ညီမ အိပ်မက်ကတော့ မက်ရိုးမက်စဉ်ထက် ဆန်းပြန်ပြီလားဟု ကမန်းကတန်း စဉ်းစားမိသည်။
   “ညက အိပ်မက်ထဲမှာလေ ညီမ ပန်းလေးတစ်ပွင့်ကို တွေ.တယ်၊ ပန်းပွင့်မဟုတ် ပါဘူးလေ၊ ပန်းဖူးကလေးပါ၊ ပန်းဖူးအဖြူလေး၊ သိလား မမမြ၀ါးရုံ”
       “ပန်းဖူးအဖြူကလေး”
  ညီမစကားကို သံယောင်လိုက်မိတော့ ညီမက လက်မောင်းပေါ်တွင် အုံးထားသည့် ခေါင်းကို ဆတ်ခနဲ ညိတ်ပြသည်။
  “ဟုတ်တယ်၊ အဲဒီပန်းဖူးကလေးရဲ့ ရိုးတံတွေမှာ ဆူးတွေလည်း ရှိတယ်၊ အရွက်ကလေးလည်း စိမ်းပြီး ဖားဖားကိုဝေနေတာပဲ၊ ပွင့်ဖို့ ပဲလိုတော့တာ၊ အိပ်မက်ထဲမှာမို့လို့လား မသိဘူး၊ ပန်းဖူးကလေးရှိတဲ့ နေရာ မှာ နေရောင်မရပဲ အုံ့အုံ့မှိုင်းမှိုင်းကြီး ဖြစ်နေတယ်”
 ပြောရင်းနှင့် ညီမက အားမလိုအားမရ ဖြစ်လာကာ လှဲနေရာမှ ထထိုင်သည်။ တင်ပျဉ်ခွေပေါ်မှာ ခေါင်းအုံးတင်ပြီး ခေါင်းအုံးပေါ်ကို တစ်တောင်နှစ်ဖက် အားရပါးရ ထောက်၏။
 “အဲဒီပန်းကလေးက ညီမကို စကားပြောတယ်”
  “ဟင်”
  အလန့် တကြား အာမေဍိတ်သံကို ကြားတော့ ညီမက အားရပါးရ ရယ်သည်။
 “တစ်ထောင့်တစ်ညပုံပြင်လို့ ပြောဦးမလို့ လား၊ ညီမ တကယ်ပြောနေတာ မမမြ၀ါးရုံရဲ့၊ ပန်းဖူးကလေးက ပြောတယ်၊ ကျွန်မ ပန်းတစ်ပွင့်အဖြစ် ပွင့်ချင်ပြီတဲ့”
 ညီမက စကားကို တုံးတိတိရပ်သည်။
    “ဆက်ပြောလေ ညီမ၊ ပြီးတော့ ဘာဖြစ်လဲ”
  “ဒါပဲ၊ အိပ်မက်က အဲဒီမှာတင် လန့် နိုးသွားတာ၊ ညီမလေ ပန်းဖူးကလေးကို ဘာပြောရမှန်းလည်း မသိ လိုက်ဘူး၊ ဘာမှလည်း မပြောဖြစ်လိုက်ဘူး၊ အိပ်မက်က လန့် နိုးတော့မှ စိတ်မကောင်းဖြစ်နေရတယ်”
  ညီမကို စိုးရိမ်တကြီးနှင့် ကြည့်မိသည်။ ဒါဟာ တကယ်ပဲလား။ အိပ်မက်ဆိုတာမျိုးက သက်သေပြခိုင်းလို့  ရတာ မဟုတ်တော့လည်း အခက်သားပင်။ ညီမကတော့ တကယ့်ကို ထိခိုက်တ, သနေသောဟန်ဖြင့် မက်ခဲ့ပြီးသော အိပ်မက်ကို လိုက်လံဖမ်းဆုပ်၍ ငေးမောနေသည်။
 ဘာပဲဖြစ်ဖြစ် ညီမကို တစ်နည်းတစ်ဖုံတော့ ပြုပြင်ပေးရတော့မည်။ ဘယ့်နှယ်… အိပ်မက်တွေ တစ်သီတစ်တန်းကြီး မက်ပြီးတော့ အိပ်မက်ကိုပဲ စိတ်မကောင်း ဖြစ်နေသတဲ့၊ ညီမအတွက် စိုးရိမ်တွေးက ညီမစကားကြောင့် အလန့်တကြား ရပ်တန့် ရ၏။
 “ဒီညတော့ အိပ်မက်ထဲမှာ ပန်းကလေးပွင့်လာမလားမသိဘူး”
 (ခ)
 အိပ်ရာကနိုးပြီဟု အသိဝင်ဝင်ချင်းမှာပဲ ဆယ်ပေကျော်ရုံပတ်လည်ဝါးအိမ်ကလေးနှင့် ဆက်လျက် နောက်ဖေးချောင်ပုပုလေးဆီမှ ညီမ၏ ဆန်ဆေးသံကို ကြားရသည်။ နို့ဆီဘူးနှစ်လုံးစာ ဆန်ကလေးကို ဆေးနေတာမို့  ဆန်ဆေးသံက စည်စည်ဝေေ၀ မရှိပဲ တဖြောက်ဖြောက်ဖြစ်နေသည်။ ဆန်ဆေးရေကို သွန်ချတော့ အိမ်ကလေးအောက်မှာ ရေတွေအပြည့် လွှမ်းနေတာမို့  ရေသံ ဗလုံဗလုံကို ကြားရသည်။ ညီမအစောကြီး အိပ်ရာနိုးနေတာပဲ။ ထမင်းအိုးတည်ပြီး သွားလျှင် ညီမက နို့ဆီဘူးနှစ်လုံးစာ ထမင်းကို တစ်ဝက်တိတိ ခွဲလိမ့်မည်။ ကျန်သော တစ်ဝက်ကို သံပန်းကန်ပြား နှစ်ပန်းကန်ထဲ အညီအမျှ ခွဲဝေပြီးသား ဖြစ်နေလိမ့်မည်။ သည်အပြုအမူကို မြင်စက အလန့်  တကြား ပြောခဲ့မိဖူးတာ သတိရသည်။
 “ဟင်… ထမင်းကို ခွဲတမ်းနဲ့  စားရမှာလား ညီမရဲ့၊ ကြည့်လည်းလုပ်ပါဦး၊ စားကောင်းခြင်းမစားရဆိုသလို ဖြစ်နေပါရောလား”
 အားရပါးရရယ်လိမ့်မည်ဟု ထင်ထားပေမယ့် ညီမက မရယ်ပါ။ မျက်သားဖြူဖြူကလေးတွေပေါ်အောင် မျက်လုံးပင့်မော့ကြည့်ရင်း အသံချိုချိုနှင့် တိုးတိုးပြောသည်။
 “မမ-မ၀ရင် ညနေစာ တစ်ဝက်ခွဲထားတဲ့ အထဲက ယူစားလေ၊ ညီမက မစားနိုင်လို့ ပါ”
 နောက်ပိုင်းမှာတော့ သည်လို စနစ်တကျခွဲတမ်းချခြင်းမှာ ညီမ မစားနိုင်ခြင်း တစ်ခုတည်းကြောင့် မဟုတ်မှန်း သိလာရသည်။ အင်းလေ မစားနိုင်တာပါပဲ။ ၀မ်းပြည့်သွားလို့  မစားနိုင်တော့တာမျိုး မဟုတ်ပဲ၊ အ၀အပြဲ စားဖို့ မနိုင်သော ဘ၀တာဝန်တွေကြောင့်ဆိုတာ ရင်နင့်ဖွယ် သိရှိခဲ့ရလေသည်။
 ထမင်းကို စနစ်တကျ ခွဲဝေချက်ပြုတ်စားရခြင်း၏ အကြောင်းတွေကို ညီမ လေအေးအေးနှင့် ပြောပြ သည့်နေ့ က ကျောင်းပိတ်ရက် တစ်နေ့ ဖြစ်သည်။ ထိုနေ့ သည် ကျောင်း ကလေးမှ ဆရာမတွေအတွက် ရွာက ဆောက်ပေးထားသော ၀ါးအိမ်ကလေး၏ တံခါးဝမှာ ညီမနှင့် အတူထိုင်ရင်း စကားဝို်င်းဖွဲ့ ဖြစ်ခဲ့တာ ဖြစ်သည်။ ကျောင်းကလေး၏ အောက်မှာရော၊ ဆရာမတွေအတွက် ဆောက်ပေးထားသည့် ၀ါးအိမ်လေး၏အောက်မှာရော ရေတွေ ပြည့်လျှံ ၀ိုင်းနေသည်။ ရွာထဲမှာလည်း ရေတွေ ၀ိုင်းနေတာပါပဲလေ။ ညီမက သည်လိုဝန်းကျင်အနှံ့  ပြန့်ဝိုင်း နေသည့် မိုးတွင်းမြစ်ရေ ညိုနောက်နောက်တွေကို ကြည့်ရင်း စကားစခဲ့တာ ဖြစ်သည်။
 “ဟောဒီ ရေတွေက ဘယ်တော့ကျမလဲ မသိဘူး၊ ညီမတော့ ရေကျမှ အိမ်ပြန်တော့မယ်၊ မမမြ၀ါးရုံရော ဒီလအိမ်မပြန်ဘူးလား”
 “လခထုတ်ရင်းနဲ့ ပြန်ကြမယ်လေ၊ ညီမက လခထုတ်ရက်မပြန်ဘူးလား”
 ညီမသည် ခေါင်းကိုခပ်မြန်မြန်ပဲ ခါပြခဲ့သည်။ အိမ်ပြန်ဖို့ အခွင့်အလမ်းပေါ်တာတောင် မပြန်သည့် ညီမအပေါ် အံ့သြတကြီးနှင့် စကားမစခင်မှာ ညီမအသံကြားရသည်။
 “မပြန်တော့ဘူး၊ လစာကို မမမြ၀ါးရုံပဲ ထုတ်ပြီး အိမ်ကိုပို့ ပေးပါ၊ ဒီမှာ ညီမတို့ အတွက် တစ်လစာဝယ်ရမယ့် အသုံးစရိတ်အတွက် ညီမစိုက်ရမယ့် ငွေတစ်ဝက်ကိုတော့ မမ နုတ်ယူထားလိုက်ပေါ့”
 သည်ရွာက မူလတန်းကျောင်းကလေးမှာ တာဝန်ကျသည့် ဆရာမချင်း အတူတူ ညီမက ဘယ်လိုဖြစ်ရတာလဲ။ ပြီးတော့ လစာထုတ်ရက် ညီမ မလိုက်ဘူးဆိုလျှင် သည်အိမ် ပိစိကလေးမှာ ညီမတစ်ယောက်တည်း ကျန်ခဲ့မှာ။
    “ညီမကို စိတ်မပူပါနဲ့၊ ကလေးတွေ ခေါ်အိပ်မှာပေါ့”
  ညီမက စိုးရိမ်တွေးကို ရိပ်မိစွာ ကာကွယ်စကားပြော၏။
 ‘ဘာဖြစ်လို့ မလိုက်တာလဲ ညီမရယ်’ ဟူသောစကား ဆုံးဆုံးချင်း ညီမက စကားကို ဖြည်းဖြည်းစပြောသည်။
 “လခထုတ်လိုက်ရင် ပိုက်ဆံကုန်ဦးမှာ၊ ဒီချောင်းအတွင်းကနေ မြို့ကိုသွားမယ့် မော်တော်သွားစီးဖို့  သမ္ဗန်ခက ငါးကျပ်၊ မြစ်ဝက မြို့ရောက်တဲ့ အထိ သင်္ဘောခက ရှစ်ကျပ် ဆိုတော့ ဆယ့်သုံးကျပ်၊ အသွားအပြန်ဆို နှစ်ဆယ့်ခြောက်ကျပ်၊ မြို့ရောက်ရင် စားမှာသောက်မှာနဲ့၊ ဆိုက်ကားခဘာညာနဲ့ဆို အနည်းဆုံး ငါးဆယ်လောက်ကုန်မှာ။
ညီမဒီမှာစားဖို့ တစ်လစာဖယ်ထားရမှာနဲ့ဆိုရင် အမေတို့ကိုပေးဖို့ ဘယ်လောက်မှကျန်တော့ မှာမဟုတ်ဘူး။“
 “အိမ်မှာကညီမရဲ့လစာလေးကိုပဲ မှီခိုစားနေရသလိုမျိုး ဖြစ်နေတာလေ။ ဖေဖေ့ပင်စင်လစာ လေးကလည်း ဘာမှဖြစ်လောက်တာမဟုတ်ဘူး၊ အမေ့ အိမ်ဆိုင်ကလေး ကလည်း ဆိုင်ဆိုရုံ ဖျစ်ဖျစ်မြည်၊ မီးဖိုချောင် တစ်ခုစလုံး ဆိုင်ထဲက ယူစားရတာဆိုတော့ ဆိုင်ရဲ့ငွေက အိမ်သုံးစားစရိတ်ထဲဝင်ပြီး ဆိုင်တောင် ပြုတ်လုလုဖြစ်နေပြီ၊ မောင်လေးနဲ့ ညီမလေးနဲ့ကလည်း ကျောင်းသားတွေ၊ တစ်အိမ်လုံးစာအတွက် ညီမကို မှီခိုနေရတဲ့အချိန်မှာ ညီမက မချွေတာလို့ဘယ်ဖြစ်မလဲ မမရယ်။ လစာထုတ်မလိုက်ပဲနေရင် ငွေ(၅၀) လောက် အလိုလို သက်သာသွားမှာ”
 ညီမစကားဆုံးတော့ သက်ပြင်းတစ်လုံးသာ အလိုအလျောက် ပွင့်အံထွက်ကျလာ တော့သည်။ ဘာပဲဖြစ်ဖြစ် ညီမဟာ မိသားစုအတွက် အားထားရာကျေးဇူးရှင်ပဲ။ ညီမဘ၀က ကျဉ်းမြောင်းကျပ်တည်းပေမယ့် နေချင်စရာတော့ ကောင်းပါသည်။ နေချင်စရာ မကောင်းဘူး ဆိုရင်လည်း မနေချင်လို့မှ မရတာလေ။ ထမင်းနှစ်လုံးချက်ကို နှစ်ယောက်စာအတွက် တစ်ဝက်စီ အညီအမျှခွဲ၊ တစ်စိတ်အညီအမျှ စိတ်ပြီးမှ စားတာတွေ၊ တပည့်လေးတွေ ခူးလာပေးသည့် ပွပွဖောင်းဖောင်း လယ်ကန်စွန်းပင်ကြီးတွေကို နေ့တိုင်းလို ကြော်စားပြီး ဟင်းစားဖိုးချွေတာတာတွေ၊ စနေ၊ တနင်္ဂနွေရောက်တိုင်း မြို့ပြန်ဖို့ အဖော်စပ်သည့်အခါ ငြင်းဆန်တာတွေကို ပီပီပြင်ပြင် နားလည်ခဲ့ပြီ။
 “ညီမရယ် ကြည့်လည်း လုပ်ပါဦး၊ အာဟာရချို.တဲ့ပြီး ရောဂါတွေ ၀င်နေပါဦးမယ်”
 ညီမက ပြုံးပြီး ကြည့်နေခဲ့သည်။ ပြီးတော့မှ ‘ရပါတယ်’ တဲ့၊ ညီမ၏ တသီတတန်း အိပ်မက်တွေက ညီမအခြေအနေနဲ့ များ ဆက်စပ်နေမလားဟု အတွေးလွန်စွာနှင့် ဟုတ်မှန်း မဟုတ်မှန်း မရေရာစွာ အတွေးဆန့် မိသည်။ ကျောင်းပိတ်ရက် အိမ်အပြန်မှာ ပုလင်းနှင့် ထည့်ကြော်ယူလာတတ်သော ငါးပိကြော်၊ ငါးခြောက်ကြော်၊ ငံပြာရည်ချက်တွေ၊ မြေပဲကြော် တွေ ထည့်ပေးလျှင်လည်း ညီမက ဘယ်တော့မှ အသာတကြည် မစားတတ်သူလေ။ အာဟာရတွေ ချို့တဲ့တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့မပျော်ပဲ တောင်စဉ်ရေမရ အိပ်မက်တွေ လျှောက်မက်နေတာများလား။
“ညီမက ကြွေကျလာတဲ့ သစ်ရွက်ကလေး တစ်ရွက်ကို လိုက်ကောက်တာ မမမြ၀ါးရုံရဲ့၊ သစ်ရွက်ကလေးက ချောင်းထဲကျသွားတယ်။ ညီမက သစ်ရွက်ကလေးကို လိုချင်ဇောနဲ့ ချောင်းရေရဲ့ အတိမ်အနက်ကို မတွက်မိပဲ အတင်းဆင်းဖမ်းလိုက်တော့ ရေထဲကို ၀ုန်းခနဲကျပြီး ရေအောက်မြုပ်သွားတာ၊ အသက်ရှူတွေ ကျပ်လာပြီး လန့် နိုးတော့ တစ်ကိုယ်လုံးစောင်တွေနဲ့ လုံးထွေးနေတာပဲ”
 ညီမ၏ အိပ်မက်ပေါင်းများစွာထဲက တစ်ခုဖြစ်သည်။ ညီမမြင်ခဲ့သော သစ်ရွက်ကလေးက ဘာသစ်ရွက်လဲ ဆိုတာ ညီမ သိနိုင်လိမ့်မည်လား။
 “တောင်ပေါ်တက်နေတဲ့ လမ်းတစ်လျှောက် မီးခိုးတွေဖုံးနေလိုက်တာ ဘာမှမမြင်ရဘူး၊ တောင်ကြီးကလည်း မတ်စောက်၊ မီးခိုးတွေဖုံးပြီး မမြင်မကန်း ဖြစ်နေတော့ အလဲလဲအပြိုပြိုနဲ့ ညီမတစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ၊ ဒါပေမဲ့ ညီမက ဆက်တက်နေတာပဲ၊ လန့် နိုးတော့ မောလိုက်တာ။ အိပ်မက်ထဲမှာတောင် တောင်ထိပ် နား မရောက်ခဲ့ဘူး” သည်လို သည်းထိတ်ရင်ဖိုတွေလည်း ပါသေးသည်။ ညီမရောက်လိုသော တောင်ထိပ်နှင့် ဘယ်လောက်ဝေးကွာသေးသလဲ။ ညီမကိုယ်တိုင်ပင် မှတ်သားနိုင်ခဲ့ ဟန် မတူပေ။
 “ညတုန်းက အိပ်မက်ကတော့ ဆန်းတယ် မမရေ၊ ညီမတို့ မိသားစုက ဘုရားဖူးသွားတာတဲ့။ ပင်လယ်ကြီးကို ဖြတ်ပြီးတော့သွားရတာတဲ့။ သွားရတဲ့ယာဉ် ကိုလည်းကြည့်ဦး၊ ဖောင်နဲ့ သွားတာတဲ့လေ၊ ဖောင်ပေါ်က လူတွေက သက်စွန့်ဆံဖျား အသည်းတထိတ်ထိတ်နဲ့ပေါ့၊ ဒါပေမဲ့ ဘုရားဆီရောက်ဖို့ စိတ်ထဲမှာစောပြီး စိတ်အားလည်း ထက်သန်နေကြတယ်၊ တကယ်တမ်း ဘုရားဟာ ရှိကိုရှိရမှာပဲဆိုပြီး ဖောင်နဲ့ ဆက်တက်ဖို့  ပြင်တုန်းမှာပဲ လန့် နိုး သွားတာ”
 ညီမ၏ အိပ်မက်ပုံပြင်တွေကို ပြောရမည်ဆိုလျှင်တော့ ဆုံးနိုင်မည်မထင်ပေ။ ညီမကတော့ အိပ်မက်အကြောင်းဆိုလျှင် မြိန်ရေရှက်ရေ ပြောတတ်သည်။ တစ်ခါတုန်းကတော့ အိပ်မက်အကြောင်း ပြောရင်း တစ်စုံတစ်ခုကို သတိရသွားဟန် နှင့် အိပ်မက်အကြောင်းကို တိခနဲဖြတ်ရင်း ပြောဖူးသည်။
 “ကြည့်စမ်း ညီမအိပ်မက်တွေထဲမှာ ဘယ်တော့မှ အလွယ်တကူ ဖြစ်သွားတာ၊ လိုတာရသွားတာ မရှိဘူးနော်၊ ခက်ခက်ခဲခဲ တွေကြုံရပြီး ဆန္ဒမပြည့်ခင် လန့်နိုးသွားတာချည်းပဲ၊ ကံကြမ္မာကလေ အိပ်မက်ကို တောင် ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် အနှောင် အဖွဲ.ကင်းကင်းနဲ့ အိပ်မက်မျိုး မက်ခွင့်မပေးဘူး”
 သည်လို ညီမစကား ကြားရတော့လည်း ကရုဏာသက်စွာ ဖြေသိမ့်ရပြန်သည်။
 “အိပ်မက်ဆိုတာ လက်တွေ.မှ မဟုတ်တာပဲ ညီမရယ်၊ သိပ်မစွဲလမ်းပါနဲ့  နေ့ခင်းဘက်မှာလည်း တစ်နေ ကုန်စာသင်၊ ညကျတော့လည်း တောင်စဉ်မရေရာ အိပ်မက်တွေကြောင့် အိပ်မရနဲ့ တော်တော်ကြာ နေမ ကောင်းဖြစ်နေဦးမယ်”
 ညီမက သက်ပြင်းကို အလျင်ချသည်။ အိမ်ကလေးအောက်က ရေညိုနောက်နောက် တွေကို စူးစိုက်ကြည့်ရင်း လက်ချောင်းတွေကို တဖြောက်ဖြောက်ချိုးကာ ပြောသည်။
“ညီမက မစွဲလမ်းလည်း အိပ်မက်ကတော့ ဆက်မက်နေဦးမှာပဲ”
(ဂ)
 ညီမတစ်ယောက် အိပ်မက်တွေအကြောင်းမပြောတာ နှစ်ရက်သုံးရက်ရှိပြီ။ ကလေးတွေကို သချာင်္တွက်ခိုင်း ထားသည့် အချိန်မျိုး၊ လက်ရေးလှရေးခိုင်းထားသည့် အချိန်မျိုးတွေမှာ သူ့စားပွဲမှာထိုင်ရင်း ငေးမော နေတတ်သည်။ ညနေကျောင်းအဆင်း တွေမှာလည်း သင်ဖြူးဖျာခင်းအိပ်ရာပေါ် ငြိမ်ငြိမ်လေးလဲ လျောင်းနေတတ်သည်။ အိပ်လို့ ပျော်မပျော်တော့မသိဘူးပေါ့။
     ညီမကစကားမစတော့ ညီမငြိမ်ငြိမ်သက်သက်နေတာကို မနှောက်ယှက်လိုသဖြင့် စကားမစ ဖြစ်ပြန်ပေ။ ထိုရက်တွေအတွင်းမှာ ထိုရက်တွေအတွင်းမှာ ညီမအမြဲလို အစောကြီးနိုးနေတတ်သည်။ အိပ်ရာနိုးပြီဆို ညီမကထမင်းချက်ထားတာကြောင့် ထမင်းကျက်နေတာဖြစ်ဖြစ်၊ ငှဲ့ ကာနီးဆူပွက်နေတာပဲ ဖြစ်ဖြစ်ရှိနေပြီ။ ညီမက အိပ်မက်အကြောင်း မပြောတော့ပေမယ့် ဆန်နှစ်လုံးချက်ထမင်းကို တစ်ဝက်ခွဲကာ ညနေစာချန် ထားမြဲ၊ ကျန်တစ်ဝက်ကိုတစ်စိတ်ခွဲပြီး ညီတူမျှတူစားမြဲ၊ တပည့်လေးတွေ ခူးပေးသည့် ကန်စွန်းရွက်ကို အတွင် သာကြော်စားမြဲပင်။
    “ညီမရယ်ကြည့်လဲလုပ်ပါဦး၊ မသေထမင်း မသေဟင်းဖြစ်နေပြီ။“
     သည်လိုပြောတော့ ညီမက ‘အဟဲ’ ကနဲတချက်ရယ်ကာ “ညီမစားနိုင်ပါတယ် မမ မြ၀ါးရုံရဲ့“ဟု ရယ်ကျဲကျဲပြောသည်။
 ညီမအိပ်မက်အကြောင်းမပြောတာ သုံးရက်မြောက်သည့်နေ့ မှာတော့ မနေနိုင်စွာ စကားစမိတော့သည်။
  “ဘယ်လိုလဲညီမ၊ အိပ်မက်တွေမမက်တော့ဘူးလား“
 ညီမက ‘ မက်ပါတယ် ‘ ဟုခပ်ဆိုင်းဆိင်းပဲဖြေသည်။ နောက်ထပ်စကားဆက်ဖို့ ညီမ မျက်နှာကို သေသေ ချာချာကြည့်မိ၏။ ဟုတ်လောက်ပါရဲ့ ၊ ညီမမျက်နှာတွေ ချောင်ကျနေသည်။
 အိပ်မက်ဆိုတာ နှစ်နှစ်ချိုက်ချိုက်အိပ်နေတုန်း မက်တာမှမဟုတ်တာ။ သည်လောက် အိပ်မက်တွေ မက်နေမှတော့ ဘယ်မှာနှစ်နှစ်ချိုက်ချိုက် အိပ်လို့ ရတော့မှာလဲ။ စား တော့လည်း ထမင်း ဟင်းဖြစ်ရုံ၊ ညီမနဲ့ တော့ ဒုက္ခပါပဲ။
 “ အိပ်မက်အကြောင်းဘာလို့ မပြောတာလဲ ညီမရဲ့ “
 “မပြောချင်တော့ပါဘူး မမမြ၀ါးရုံရယ်၊ ပြောစရာ ကြည်နူးစရာ ပေါ့ပေါ့ပါးပါး အိပ်မက်မျိုး ဆိုရင်တော့ ပြောချင်မှာပေါ့။ အခုတော့…“
 ညီမစကားမဆုံးခင်မှာဘဲ ၀ါးကနဲသမ်းသည်။ ညီမအိပ်ရေးပျက်လှပြီ။ ညီမ၏ အိပ်မက်ဇာတ်လမ်းတွေကို တစ်ခန်းရပ်မှဖြစ်တော့မည်။ ငွေကြေးကိုမီးကုန်ရမ်းကုန် တိုင်းတာသုံးစွဲနေ သည့်ကြားထဲ အိပ်ရေးပျက်ပြီး ရောဂါဝင်လျှင် ပိုလို့ဒုက္ခရောက်တော့မည်။ မဖြစ်ပါဘူးကြာလျှင် အိပ်မက်တွေအပေါ် စွဲလမ်းပြီး စိတ်ရောဂါပါ ရလာနိုင်သည်။ လိုရမယ်ရဆောင်ထားသော ဆေးပုလင်းထဲမှာ ဆေးလုံးကလေးတွေ အဆင်သင့်ရှိနေ သည်။ ဆေးလုံးတစ်လုံးကိုထုတ်ပြီး ညီမကိုလက်ကမ်းပေးတော့ ညီမကလက်မလှမ်းပဲ မျက်လုံးဝိုင်းကြောင် တောင်တောင်နှင့် ကြည့်နေသည်။
 “ရော့လေ ညီမ“
 “ဘာလဲ“
 “အိပ်ဆေးတစ်လုံးသောက်ပြီးအိပ်လိုက်၊ ဒါမှနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်မှာ။ နှစ်နှစ်ချိုက် ချိုက်အိပ်ပျော်ရင် ညီမရဲ့  တောင်စဉ်ရေမရ အိပ်မက်တွေလည်း မက်တော့မှာမဟုတ်ဘူး။ ဒါမှ အိပ်ရေးပျက်သက်သာမှာ။“
ညီမ၏လှမ်းလုလုလက်ကတွန့် ကနဲဖြစ်သွား၏။ ပြီးတော့မှစကားမဲ့စွာ ငေးရီရီကြည့် သည်။
 “ရော့ - ယူလေ“
 ညီမကခေါင်းကို ငြင်ငြင်သာသာယမ်းခါ၏။ ဖြည်းဖြည်းချင်းခေါင်းငုံ့သွားပြီး နှစ်ယောက်သားကြားရရုံ လေသံနှင့်ပြောသည်။
 “ပန်းအဖူးလေး ပွင့်လာပြီဆိုတဲ့  အိပ်မက် မက်ပြီးတော့မှပဲ သောက်မယ်နော် မမမြ၀ါးရုံ“
 မျက်လုံးတွေဆတ်ကနဲဝိုင်းသွားတာ၊ တစ်စုံတရာ အာမေဍိတ်ထွက်ဖို့မေ့သွားတာ၊ လက်ထဲရှိ ဆေးလုံး ကလေးက ၀ါးခင်းကြမ်းပြင်မှတဆင့် အိမ်အောက်က ရေညို နောက်နောက်တွေထဲ ခုန်ဆင်းသွားတာ၊ ဒါတွေအားလုံးကို ညီမသတိထားမိရဲ့ လားတော့ မပြောတတ်ပါ။
ခက်မာ ( Khet Mar)
 ထွန်းတိမ်လွှာမဂ္ဂဇင်း
 နိုဝင်ဘာလ၊ ၁၉၉၂
0 comments:
Twitter Delicious Facebook Digg Stumbleupon Favorites More