ဝန်ကြီး တမတ် “ သာဓု ”


အောက်ပါ ၀တ္တုမှာစာရေးဆရာကြီး သာဓု၏ ၀တ္တုဖြစ်ပါသည်။ သာဓုသည် 'ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးကာစ ဒေါသဖြစ်စရာ က မောက်ကမ မြင်ကွင်းများကို မကျေမနပ် ဖြစ်ခဲ့ရာမှ စာတစ်ပုဒ် ကောက်ရေးရင်း စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါသည်” ဟု မကြာခဏ ၀န်ခံပြောဆိုလေ့ရှိပါသည်။
ယင်း ၀တ္တုက အောက်ဖေါ်ပြပါ “၀န်ကြီးတမတ် “ ဆိုသော ၀တ္တုဖြစ်ပါကြောင်း...။

ဝန်ကြီး တမတ်
(သာဓု)

ဂျစ်ကားကလေး တစင်းသည် ဆူးလေဘုရားဘက်မှ ဒါလဟို ဇီလမ်းအတိုင်း အနောက်ဘက်သို့ မောင်းလာပြီး သိမ်ကြီးဈေး ထိပ် ဘုရားလမ်းသို့ ရောက်သည်နှင့် လက်ယာဘက်သို့ ချိုး ကွေ့ကာ သိမ်ကြီးဈေးဆင်ဝင်အောက် အထည်ဆိုင်များ အနီး တွင် ရုတ်တရက် ထိုးရပ်လိုက်၏။

'အိုင်ဆေး ရင်ရေ ဆိုင်တွေ အားလုံး ပိတ်ထားပါကလား၊ ဘာဖြစ်လို့များပါလိမ့်'

ဂျစ်ကားကို ကိုယ်တိုင်မောင်းလာသူ မိန်းမပျိုသည် ကား ပေါ်မှမဆင်းဘဲ အထည်တန်းဆီသို့ လှည့်ကြည့်ရင်း အနီးရှိ အဖော်အား ပြောလိုက်ရာ'

'ဟင် ဟုတ်ပါရဲ့'

ဟု အဖော် မိန်းမပျိုက ပြန်ပြောပြီး ဆက်လက်၍

'နေဦး နေဦး တစ်ယောက်ယောက် မေးကြည့်ရအောင်'

ဟု ပြောပြောဆိုဆို ကားအနီးမှ ဖြတ်လျှောက်သွားသူ သတင်းစာရောင်း သော သူငယ်တစ်ယောက်အား'

'ဟေ့ သူငယ် ဈေးဘာဖြစ်လို့ ပိတ်တာလဲ'

'ဒီနေ့ ဈေးတိုက်ပွဲ ရှိတယ်လေ၊ ခု အစည်းအဝေးပြီးလို့ ဗိုလ်ချုပ်တို့ကို အလေးပြုဖို့ သွားကြပြီ၊ ဟိုရှေ့မှာ'

မိန်းမပျို နှစ်ယောက်သည် သူငယ် လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်မှပင် ဂျူဗလီဟောဆီသို့ ဦးခိုက် ချီတက်သွားကြ သော လူထုကြီးကို တွေ့ရလေ၏။

ခက်တာပဲ ရင်ရယ်၊ ကိုယ့်ကို နက်ဖြန် ဆွမ်းကျွေးတစ်ခုက ဖိတ်ထားတာနဲ့ အဲ့ဒီကို ဝတ်သွားဖို့ ပိတ်ဆန်းလာဝယ်တာ၊ ခုတော့ အကြီးအကျယ်ဆောရီးဖြစ်တာဘဲ'

'အို တင်ကလဲ တင့်မှာ အဝတ်အစားတွေ ဒီလောက် ပေါ ရက်သားနဲ့၊ ရှိတာ တစ်ခုခု ဝတ်သွားလဲ ပြီးတာပဲဟာ'

'နိုး နိုး ကိုယ့်အကြောင်း ရင်သိတယ်မဟုတ်လား၊ ကိုယ်က ဒါဆို ဒါမှ'

ဟု ပြောပြောဆိုဆို တင်သည် မော်တော်ကား လက်ကိုင် ကို လက်ဝဲဘက် တစ်ဖက်တည်းဖြင့် ထိန်းကိုင်ကာ လျင်မြန် သော အဟုန်ဖြင့် မောင်းထွက်သွားလေ၏။

ကားကလေးမှာ နှေးချီတစ်ခါ မြန်ချီတစ်မူ မြောက်တူရှုသို့ လိမ့်နေ၏။

တင်ဆိုသည်မှာ အသက်အားဖြင့် နှစ်ဆယ်ကျော် အစိတ် ကြားတွင်ြ<ွကာြး<ွကားရွရွနှင့် လှချင်တိုင်း လှနေသူဖြစ်၏။

သူသည် ရှေ့တွင်ချီတက်နေသော လူထုကို လည်းကောင်း၊ သူ့အား မျက်နှာပေး အမျိုးမျိုးဖြင့် ကြည့်နေကြသော ဘေးလူ အပေါင်းကို လည်းကောင်း သူသည် ဂရုစိုက်ဟန်မတူ။

'ဆွမ်းကျွေးမှာ ဝတ်ဖို့ ပိတ်ဆန်းမရတာ ဂွကျတာဘဲ'

ဟု တစ်ခါတစ်ခါ ရေရွတ်လိုက်သည်။ ထိုအချက်ကို ထောက်သော် သူသည် ပိတ်ဆန်းကလွဲ၍ ဘာမျှ စိတ်မဝင်စား သည်မှာ ထင်ရှားနေတော့၏။

'ဟေ့ တင် ဘယ်သွားမှာလဲ'

ဟူသော ရင်၏အသံကြားမှ ရုတ်တရက် သတိရသလို လှုပ်ရှားလာပြီး

'ဟင် ကိုယ်ဖြင့် ပိတ်ဆန်းမရလို့ စိတ်အိုက်လာတာနဲ့ ဘယ်ရောက် လာမှန်းတောင် သတိမထားမိဘူး၊ ဟိုဟာ ကျား ကူးကျောင်း မဟုတ်လား ပြန်ကွေ့မှဘဲ'

ဟု ပြောရင်း တင်သည် ကားကွေ့ရန် ဟန်ပြင်လိုက်သော် လည်း ထိုအချိန်၌ သူတို့ရောက်နေသော နေရာမှာ မောတော် ကားကွေ့ရန် မဆိုထားဘိ၊ ဆိုက်ကားကလေး တစ်စင်းပင် ပြန်ကွေ့ရန် ခဲယဉ်းလောက်အောင် လူရော ယာဉ်ရထားတွေပါ ရှုပ်ရှက်ခတ်နေသည့် အဖြစ်ကိုတွေ့ရမှ

'ကဲ လူရှင်းမှပဲ ပြန်ကွေ့တော့မယ်၊ ကားကို ဘေးကပ်ရပ် ထားမှပဲ'

ဟုပြောကာ တင်သည် ကားကလေးကို ဂျူဗလီဝင်းအဝ မရောက်တရောက် ပလက်ဖောင်းဘေးတွင် ရပ်ထားလိုက်လေ ၏။

'ကဲ မထူးပါဘူး၊ ကားရပ်ထားရမယ့်အတူတူ ဂျူဗလီဟော ထဲ ခဏဝင် ကြည့်ရအောင်'

တင်သည် ပြောပြောဆိုဆို ကားပေါ်မှ ဆင်းလိုက်၏။

ဘုရားဘုရား သူမို့လို့ ဤစကား ပြောထွက်ပုံ ရမ်းကားလှ တော့၏။ ရိုင်းလေစွ၊ရိုင်းလေစွ။

ဤမျှသော လူထု အုပ်ကြီးသည် ဗိုလ်ချုပ်ရဲ့ အဖြစ်ကို အသည်းနင့်အောင် ပူဆွေးပြီး ရိုသေသမှု အလေးပြု လာကြ ချိန်ဝယ် သူမို့သာ ဤစကားမျိုး ပြောရက်တော့သည်။ မတော် တဆ သူ့စကားကိုသာ လူထုကြားရလျှင် ခဲတစ်လုံးစီနှင့်သာ ဝိုင်းပေါက်တော့ သူ့ဂျစ်ကား ပျောက်ပြားသွားစရာ ရှိ၏။

နိုင်ငံရေးကို သူနားလည်ပုံ မပေါ်၊ စီးပွားရေးလည်း သူ သိဟန်မရှိ၊ စီးပွားရေးသိလျှင် ဈေးတိုက်ပွဲအကြောင်းကို သိရ မည်။ ဈေးတိုက်ပွဲသိလျှင် နိုင်ငံရေးလည်း သိရမည်။

သို့သော် တင်ကား၊ ဘာကိုမျှမသိဟု ဆိုရန်မသင့်။ တစ်ခု တော့ သူသိသည်။ ထိုအသိမှာ ဝတ်မှု၊ စားမှု၊ြ<ွကားမှု သာ လျှင် ဖြစ်တန်ရာ၏။

ဤ၍ ဤမျှ မသိသား ဆိုးဝါး၍ အလိမ္မာ ခေါင်းပါးလှ သော တင်လို အထက်တန်းစား မိန်းမပျိုတစ်ယောက် ဗမာ ပြည်တွင် ရှိနေသေးသည်ဆိုလျှင် တိုင်းပြည်လူထုသည် ပူမှု တွေကြားထဲမှာ အံ့အားသော်လည်း သင့်ရာ၏၊ ဒေါသသော် လည်း ဖြစ်ရာ၏။

သို့သော် တင်လို မိန်းမမျိုးထက် အဆပေါင်းများစွာ မိုက် သော ယောက်ျားများလည်း ရှိသေး၏။ ရှည်ရှည်ဝေးဝေး တွေး နေ ရှာနေစရာမလို ထိုယောက်ျားများကား ဗိုလ်ချုပ်တို့အား လုပ်ကြံကြသူ၊ လူသတ်ကောင်းများပင် ဖြစ်တော့သည်။


x

မကြာမီ တင်နှင့်ရင်သည် ဧရာမ လူအုပ်ကြီးအား တိုးကာ ဝှေ့ ကာဖြင့် ဗိုလ်ချုပ်တို့၏ အလောင်းများထားရာ ဂျူဗလီဟောထဲ သို့ ရောက်ခဲ့ကြလေသည်။

'သူနာပြု သူနာပြု'

ဟူသော အသံများနှင့်အတူ လူထုကြီးသည် ရုတ်ရုတ်ရက် ရက် ဖြစ်သွားလေ၏။

'ဘာမှမဖြစ်ပါဘူး၊ စည်းကမ်းသေဝပ်ကြပါ၊ အလေးပြုမြဲ ပြုကြပါ၊ အဒေါ်ကြီးတစ်ယောက် ဝမ်းနည်းလုံးဆို့ပြီး တက် သွားတာပါ၊ ကိစ္စမရှိပါဘူး'

ထိုအသံ ပေါ်လာမှ လူထုလည်း ငြိမ်သွားသည်။

'လာဟေ့ ရင်ရေ ထွက်ကြစို့'

ဟု တင်ဆိုသူက ပြောကာ တင်နှင့်ရင်သည် လူအုပ်ကြီး အား ဝှေ့ကာ တိုးကာဖြင့်ပင် ထွက်လာခဲ့ကြလေ၏။

ပတ်ဝန်းကျင် ဘေးပရိသတ် လူထုသည် သူတို့နှစ်ယောက် အား အများနည်းတူ ဗိုလ်ချုပ်တို့ကို အလေးပြုရန်လာသည်ဟု ထင်လျှင် ထင်ပေမည်။ သို့သော် ထိုသို့သော ထင်ခြင်းကား တက်တက်စင် လွဲတော့၏။

အမှန်စင်စစ် သူတို့နှစ်ယောက်သည် ဗိုလ်ချုပ်အလောင်း များကို အလေးပြုခဲ့သူများ မဟုတ်။ အထူးအဆန်းလို ပြပွဲ တစ်ပွဲလိုမျိုး သဘောထား၍လားမသိ၊ ဝင်ကြည့်ရုံသာ ကြည့် ပြီး ပြန်ထွက်ခဲ့သူများသာ ဖြစ်၏။

ထိုအမိုက်မ နှစ်ယောက်သည် သူတို့ဂျစ်ကား ထားခဲ့သော မူလနေရာသို့ ရောက်သော် မိမိတို့ ဂျစ်ကားကို မတွေ့ရတော့ပဲ မလှမ်းမကမ်းတွင်သာ အခြား ဂျစ်ကားတစင်းကို တွေ့သဖြင့် ဟိုမေးရနိုး ဒီမေးရနိုးနှင့် အမျိုးမျိုး တွေးနေကြ၏။

'ကိုယ်တို့ဂျစ်ကားတော့ လူခိုးသွားပြီထင်တယ်'

တင်သည် ဤသို့ပြောရင်း မျက်လုံးများကလည်း တောင် မြောက်လေးထွေသို့ ရှာဖွေသလို ကြည့်နေပြန်၏။

၁၅ မိနစ်ခန့်ကြာသော် ကျွီခနဲ ဘရိတ်ဖမ်း၍ ရပ်လိုက် သော ကားသံတစ်ခုကို ကြားရသဖြင့် လှည့်ကြည့်လိုက်ကြလေ ၏။

ထိုးရပ်လိုက်သော ကားမှာ မိမိတို့ဂျစ်ကား ဖြစ်နေပြီး မောင်းလာသူမှာ အသက် ၃၅ နှစ် အတွင်းလောက်တွင် ရှိမည် ဟု ခန့်မှန်းရသော ယောက်ျားပျို တစ်ယောက် ဖြစ်နေသည်ကို တွေ့ရလေ၏။

'ဒါ ခင်ဗျားတို့ကားထင်တယ်၊ စိတ်မရှိပါနဲ့ဗျာ၊ ကျုပ် အမေကြီး ခုန ဂျူဗလီဟောထဲမှာ ဗိုလ်ချုပ်ကို အလေးပြုရင်း ဆို့ပြီး တက်သွားလို့ ကိစ္စတုံးပြီ အောက်မေ့တာ ဆေးရုံ အရောက် စောလို့သာပေါ့'

ထိုသူသည် တင်နှင့်ရင် ရပ်နေရာသို့ လျှောက်လာပြီး မျက် နှာချင်းဆိုင် ရပ်ကာ ပြောဆို တောင်းပန်နေလေ၏။ တင်နှင့် ရင်တို့မှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်နေကြ၏။ ဘာမျှပြန်မပြောသဖြင့် ထိုလူက ဆက်လက် ၍

'ခင်ဗျားတို့ ကားနောက်က ဂျစ်ဟာ ကျုပ်ကားပေါ့၊ ကျုပ် အမေကို ဆေးရုံသွားပို့ဖို့ဟာ ရုတ်တရက်စက်နှိုးမရတာနဲ့ တွေ့ ရာကားကို ဆွဲယူသွားရတာပဲ၊ ဒီနားက ဈေးသည်တွေတောင် မှာထားခဲ့သေးတယ်၊ မပြောကြဘူးလား'

ထိုလူလည်း ရုတ်တရက် စကားဖြတ်ပြီး ရှပ်အင်္ကျီအိတ်ကို နှိုက်နေလေ၏။

'ဒီမှာရှင့်၊ ကျွန်မကားကို ကျွန်မ မသိဘဲ ယူသွားနိုင်သ လား'

တင်သည် မျက်နှာထားနှင့် မေးလိုက်၏။

'အင်း ခင်ဗျားမေးတာ လမ်းကျတယ်၊ သူတစ်ထူးရဲ့ ပစ္စည်း ကို ပိုင်ရှင်ခွင့်မပြုရင် ယူမသွားနိုင်ဘူး၊ မှန်တယ်၊ ဒါပေမယ့် ကျုပ်အမေကြီး ဗိုလ်ချုပ်တို့ကို အလေးပြုရင်း တက်သွားတာနဲ့'

'ဒါ ကျွန်မ နားမလည်ဘူး၊ ပိုင်ရှင်မသိဘဲ ယူတာဟာ ခိုး တာပဲ'

တင်သည် ငေါက်ဆတ်ဆတ် ရန်တွေ့နေ၏။

'စိတ်မဆိုးပါနဲ့လေ၊ ကျုပ် တောင်းပန်နေတာပါ၊ ခင်ဗျား ကားမကလို့ ဘုရင်ခံကားဖြစ်ရင်လည်း အတင်း ယူရလိမ့်မယ်၊ ကျုပ်အမေတော့ အသေမခံနိုင်ဘူး'

ထိုလူသည် စကားကိုဖြတ်၍ အိတ်နှိုက်ကာ

'စိတ်မရှိနဲ့ ရော့ ရော့၊ ဓါတ်ဆီဖိုးငွေ နှစ်ကျပ်'

တင်သည် ထိုလူ လှမ်းပေးနေသော ငွေကိုမယူဘဲ ထိုလူ့ မျက်နှာကို မော်ကြည့်လိုက်၏။ ထိုလူ၏ မျက်နှာထားမှာ ပြောင်ချော်ချော် မဟုတ်၊ ခပ်တည်တည်နှင့် ရှိနေ၏။

'ဒါဘာလဲ လူကို ပြောင်စရာ လှောင်စရာ မှတ်နေသလား၊ ရှင် ကျွန်မကားကို ဘာလို့ ခိုးသွားရသလဲ၊ ရှင် မော်တော်ကား သူခိုး'

တင်သည် လက်ညှိုး ငေါက်ငေါက်ထိုး၍ ရန်တွေ့လိုက်သ ဖြင့်

'မဟုတ်ရပါဘူးဗျာ၊ ခင်ဗျားကားကြောင့် လူတစ်ယောက် အသက်ချမ်းသာရာ ရသွားတယ် ဆိုတော့၊ ခင်ဗျားတောင် ကုသိုလ်'

'ဒါတွေ ကျွန်မ နားမလည်ဘူး၊ ရှင် ကားသူခိုး ကားသူခိုး'

'ဘာ နားမလည်ဘူး ဟုတ်စ၊ ဒါတွေ နားမလည်ရင် လော ကကြီး အပြင်ဘက်မှာ သွားနေချည်၊ လူလောကကြီးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရတယ် နားလည် လား'

ထိုလူ ဤသို့ပြောလိုက်သဖြင့် တင်မှာ ကြောင်သွား၏။

'အပျိုချောတိုင်း အပြောမချိုဘူးဆိုတာ ဒါမျိုးထင်ပါရဲ့၊ ကျုပ် ကောင်းကောင်း တောင်းပန်နေတာ'

တင်သည် အံကလေး ကြိတ်လိုက်၏။

'မတောင်းပန်လို့ ဘာများလုပ်ချင်သေးသလဲ၊ ကားသူခိုးက'

'တော်တော့ ကျုပ်ကို သူခိုး သူခိုးနဲ့ စော်ကားတာ သုံးလေး ခါရှိပြီ၊ နောက်ထပ် မပြောရင် ကောင်းမယ်'

ထိုလူ၏ မျက်နှာထား တည်သလောက် အသားတွေက လည်း နီလာ၏။

တင်ကလည်း အတော်မာ၏။ လာမည့်ဘေး ပြေးတွေ့ရန် ရှေ့တစ်လှမ်း တိုးတဲ့ကာ

'ပြောတယ်၊ ရှင်ဘာလုပ်မလဲ'

'ပါးချလိုက်မှာပေါ့'

ထိုလူ၏ အမူအရာမှာ ကလီကမာ မဟုတ်၊ ပြောသလို လုပ်မည့်အသွင်ကို ဆောင်နေသောကြောင့် တင်သည် ကြောက် သလို ရွံ့ကာ နောက်ကို တွန့်သွား၏။ ဘာပြော၍ ဘာလုပ်ရ မည် မသိတော့ဘဲ စစ်ကူခေါ်သလို မျက်နှာထားဖြင့် ရင်အား လှမ်းကြည့်လိုက်သည့် ခဏတွင်

'ဘာလဲ ဘာလို့ဝိုင်းကြည့်နေကြတာလဲ၊ ဒါ လင်မယား ရန် ဖြစ်နေတာ မဟုတ်ဘူး၊ မျောက်ပွဲလည်း မဟုတ်ဘူး'

ဟူသော ထိုလူ၏ အသံကိုကြားမှ တင်ရော ရင်ပါ ဘေး တွင် ရပ်၍ ဝိုင်းအုံကြည့်နေသော လူများကို သတိထားမိတော့ ကာ၊ ရှက်သွေးတွေဖြာပြီး ဘာလုပ်၍ ဘာကိုင်ရမည် မသိရှိနေ စဉ်

'ကားပေါ်တက်ကြ'

ဟု ထိုလူကဆိုမှ သတိရတော့ကာ တင်တို့သည် ကားပေါ် တက်၍ စက်နှိုးကွေ့မောင်း ထွက်ခွာသွားလေ၏။

မောင်းမည့်သာ မောင်းသွားရသည်။ သတိမှ ရှိလေရဲ့လား မပြောတတ်။ ကားကလေး ရမ်းခါနေသလောက် တင့်စိတ် လည်း ပရမ်းပတာ ဖြစ်နေလေ၏။

'ဟေ့ သတိထားပြီး ဖြေးဖြေးမောင်းမှပေါ့'

ထိုအသံကြားမှပင် စောစောက 'လူ့ဂွစာ' သည် မိမိတို့ကား နောက်ပိုင်းတွင် ပါလာကြောင်း သိရသဖြင့် တင်သည် ရုတ်တ ရက် ကားကို ထိုးရပ်လိုက်လေ၏။

'ရှင် ရှင် ဘာလို့ လိုက်လာရသလဲ'

တင်သည် နောက်ပြန်လှည့်ကြည့်ရင်း မေးလိုက်၏။

'ကျုပ်တောင်းပန်တာ ခင်ဗျား မကျေနပ်ဘူး၊ ဒါကြောင့် နောက်ထပ်တောင်းပန်ဖို့ လိုက်လာတာပဲ၊ ဒါမှမဟုတ်လို့ ကား ခိုးမှုနဲ့ ဂါတ်ကိုတိုင်ချင်ရင်လည်း ဂါတ်ကိုမောင်း ကျုပ်ပါလိုက် မယ်'

တင်၏ ညိုမည်းနေသော မျက်နှာမှာ အလင်းရောင် ဖြာ လာ၏။ ပထမကမူ ပုလိပ်ကိုလည်း သတိမရ၊ ဂါတ်တိုင်ရန် လည်း သတိမရဘဲ၊ ယခု ထိုလူပြောမှသတိရကာ ဂါတ်ရောက် မှ အကြောင်းပြလိုက်မည် ဟူသော အငြိုးကလေးဖြင့်

'မကျေနပ်ဘူး၊ ဂါတ်သွားမယ်'

တင်က ငေါက်ဆတ်ဆတ် ပြောလိုက်သည်တွင်

'ဒါဖြင့် ကောင်းပြီ၊ ဂါတ်ကိုမောင်း၊ နို့နေပါဦး၊ ခင်ဗျားမှာ ကားမောင်းလိုင်စင် ရှိသလား၊ ဂါတ်ရောက်ရင် ပုလိပ်တွေက မေးလိမ့်မယ်'

ထိုလူ ဤသို့မေးလိုက်သည်နှင့် တစ်ပြိုင်နက် တင့်မျက်နှာ မှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားကာ ရင်အား လှမ်းကြည့် လိုက်၏။

'ဟဲ ဟဲ ခင်ဗျားမှာ ကားမောင်းလိုင်စင် မရှိဘူး၊ ကျပ်သိ တယ်၊ ပုလိပ်တွေ ဝတ္တရားပေါ့သလောက် ခင်ဗျားတို့ (မိန်းမ ကားမောင်းသူတွေ) အားကြီး အတင့်ရဲနေကြတာပဲ၊ ကဲလေ၊ မောင်း မောင်း ဂါတ်တဲကို'

'ဟင့်အင်း၊ ဂါတ်ကို မသွားတော့ဘူး၊ ရှင့်ကိုလည်း အမှု မလုပ်တော့ဘူး'

တင်သည် ပြာပြာသလဲ လက်လျော့လိုက်၏။

'ဒါဖြင့် ခင်ဗျားနဲ့ကျုပ် ရန်သူလား မိတ်ဆွေလား'

'မိတ်ဆွေ ဆိုပါတော့'

'ဒါနဲ့ နေပါဦး ခင်ဗျားတို့ ဂျူဗလီဟောကို ဘာကိစ္စ လာ ကြသလဲ'

တင်သည် ရင်အား လှမ်းကြည့်လိုက်၏။

'သူများနည်းတူ ဗိုလ်ချုပ်တို့ကို အလေးပြုဖို့ လာတယ်ဆို ရင် ဒီလိုပဲ ဝတ်စားလာရသလား'

တင်နှင့်ရင်တို့သည် သူတို့ဝတ်လာသော အဖိုးတန် အဝတ် အစားများကို ငုံ့ကြည့်နေကြ၏။

'ခင်ဗျားတို့ ဝတ်စားလာတာဟာ တန်ဖိုး မနည်းလှဘူး၊ မျက်နှာကြီး မင်္ဂလာဆောင်ကို လာသလိုပဲ ဝတ်စားလာတယ်'

တင်နှင့် ရင်မှာ ထိုလူအား မော်မကြည့်ရဲဘဲ ရှိနေကြ၏။

'တချို့ မိန်းမတွေလည်း ရှိသေးတယ်၊ ဗိုလ်ချုပ်တို့ကို အလေးပြုဖို့လာတာ အဝတ်အစား အကောင်းဆုံး အဖိုးအတန် ဆုံးကိုမှ ဝတ်ပြီး စိန်တွဲလဲ ရွှေတွဲလဲနဲ့ နှုတ်ခမ်းနီ ပါးနီ ဆိုး လာတယ်၊ ပေါင်ဒါ အဖွေးသား လိမ်းလာတယ်၊ ဒါ ဝမ်းနည်း ခြင်း အထိမ်းအမှတ်တဲ့လား၊ အတော်ရိုင်းတဲ့ ဟာမတွေ၊ ထွီ ခင်ဗျားတို့နှစ်ယောက်လည်း အတူတူပဲ၊ ဘယ်လောက် ရှက်စ ရာကောင်းသလဲ ဟင်'

တင်နှင့်ရင်သည် မိမိတို့ အဝတ်အစားကို လည်းကောင်း၊ ဘေးတွင်ချထားသော ခေတ်သစ် ဖက်ရှင် (ပလတ်စတစ် မိုး ကာအင်္ကျီ) ဆင်တူနှစ်ထည်ကိုလည်းကောင်း ကြည့်ကာ ရှက် ကိုးရှက်ကန်း ဖြစ်နေကြ၏။

'ခင်ဗျားတို့ မိဘတွေ သေရင် ဒီလိုပဲ ဝတ်စားလာမလား၊ ပေါင်ဒါအဖွေးသား ရိုက်လာမလား၊ နှုတ်ခမ်းနီ ပါးနီ ဆိုးလာ မလား'

ထိုလူ၏ အသံမှာ တဖြည်းဖြည်း တုန်လာ၏။

'အခု လူထုရဲ့ အလေးပြုခံနေတဲ့ ဗိုလ်ချုပ်ဟာ ကျုပ်တို့ရဲ ခေါင်းဆောင်၊ ကျုပ်တို့ရဲ့ မိဘဆိုရင်လည်း မမှားဘူး၊ အဲဒီ တော့ ဗိုလ်ချုပ်ကို အလေးပြုဖို့လာရင် ကိုယ့်မိဘ မသာကို လာသလိုပဲ ဝတ်စားလာပါ၊ ခုလို အပြုအမူတွေကို ရှောင်'

ထိုလူကားထိုစကားမျှဖြင့်မရပ်သေးဘဲ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ၊ နိုင်ငံရေး၊ ဈေးတိုက်ပွဲ၊ ဖဆပလ ပါမကျန် အဖြေအမေး ရော ထွေးပွေလုံးကာ နောက်ဆုံး မည်သည့်အခြေ ရောက်သွားကြ သည်မသိ။

'ကောင်းတယ်၊ ကျုပ်သိပ်ဝမ်းသာတယ်၊ ခင်ဗျား ကျုပ်ထင် သလောက် နားမဝေးသေးဘူး၊ ကဲ၊ ပြန်တော့ ကျုပ်လည်း သွားမယ်'

ဟု ပြောပြောဆိုဆို ကားပေါ်မှဆင်းသွားသဖြင့် တင်နှင့်ရင် သည် ထူးဆန်းသော ထိုလူအား တစ်ချက် လှည့်ကြည့်ပြီးမှ ကားစက်နှိုး၍ မောင်းထွက်သွားလေ၏။

ထိုလူလည်း မိမိကား ဆိုက်ထားရာ ဂျူဗလီဟော အနီးသို့ ပြန်ရောက်လာပြီး သူ့ကားကို စက်နှိုးကြည့်၏၊ မရ။ ပြုပြင်၏၊ စက်ကား မနိုး၊ ချွေးအထွက်သာ တိုးလာသဖြင့် နီးရာ လက် ဖက်ရည်ဆိုင်တွင် ဝင်ထိုင်ရင်း လက်ဖက်ရည် မှာသောက်နေ လေ၏။

ထိုအချိန်၌ လက်ဖက်ရည်ဆိုင်ထဲတွင် လူ လေးငါးယောက် ဝိုင်းဖွဲ့ ထိုင်နေကြ၏။ တစ်ယောက်က စတင်၍

'တနင်္ဂနွေနေ့မှာ ကျွန်တော် အဖွဲ့က ဗိုလ်ချုပ်ကို အလေးပြု ဖို့ အလှူငွေ ကောက်ခံတာ ၅ဝဝ ကျော် ရတယ်၊ အထွေထွေ စရိတ် နှုတ်လိုက်တာတောင် ၃ဝဝ လောက် ပိုမယ်၊ အဲဒါ ဘာ လုပ်ရင် ကောင်းမလဲ'

ပထမလူက မေးသည်ကို ဒုတိယလူက

'၃ဝဝ တန် ပန်းခွေ လှလှကြီးလုပ်ပြီး အလေးပြုရင် မ ကောင်းဘူးလား'

ဟု အကြံပေးသည်တွင် တတိယလူက

'အဲဒါပဲ ကောင်းတယ်'

ဟု အားရဝမ်းသာ ထောက်ခံလိုက်လေ၏။

ထိုစကား ကြားလိုက်ရသော 'လူ့ဂွစာ' သည် လက်ဖက် ရည် သောက်နေရာမှ ထလာပြီး

'ခင်ဗျားတို့ပြောတာထက် ကောင်းတဲ့နည်းကတော့ အဲဒီ ပိုတဲ့ငွေ ၃ဝဝ ကို ဗိုလ်ချုပ်တို့ရန်ပုံငွေထဲ ထည့်လိုက်တာ အကောင်းဆုံးပဲ၊ ၃ဝဝ တန် ပန်းခွေလုပ်လုပ် သုံးထောင်တန် ပန်းခွေ လုပ်လုပ် နောက်ဆုံး အမှိုက်ပုံထဲ ရောက်မှာပဲ'

ဟု ခပ်တည်တည် ဝင်ပြောလိုက်သဖြင့် မူလ ဆွေးနွေးနေ သော လူများလည်း ထိုလူအား ပြူးကျယ်သော မျက်လုံးများ ဖြင့် ကြည့်နေရာမှ

'မင်းနဲ့ ဘာဆိုင်သလဲ'

ဟု တစ်ယောက်က မျက်နှာထားဖြင့် မေးလိုက်သော ကြောင့်

'မဆိုင်လဲ ပြီးရောပေါ့'

ဟု ပြောရင်း မိမိနေရာတွင် ပြန်ထိုင်လိုက်သည်တွင် ထိုလူ များလည်း မကြာမီ ထွက်သွားကြလေ၏။

ထိုအချိန်၌ မိန်းမတစ်သိုက်မှာလည်းလက်ဖက်ရည်သောက် နေကြသည်။ ထိုအထဲမှ ခပ်ကြီးကြီး မိန်းမတစ်ယောက်က

'ဟိုသူငယ်ပြောတာ မှန်တာပေါ့၊ ပန်းခွေလုပ်ပြီး အလေးပြု လည်း အမှိုက်ဖြစ်မှာပဲဥစ္စာ၊ ရန်ပုံငွေထဲ ထည့်လိုက်တာက ကောင်းဦးမယ်'

မိန်းမ ခပ်ငယ်ငယ်တစ်ယောက်က ထောက်ခံလိုက်၏။

ခပ်ရွယ်ရွယ် မိန်းမတစ်ယောက်ကမူ

'ဗိုလ်ချုပ်တို့မှ မရှိတော့တာ၊ ဒီရန်ပုံငွေ ဘယ်မှာသုံးမှာလဲ'

ထိုအသံ ကြားသည်နှင့် စောစောကလူ ထလာပြန်ကာ အဆိုပါ မိန်းမများ ထိုင်နေသော စားပွဲတွင် ဝင်ထိုင်လိုက်၏။

'ခုဖွင့်ထားတဲ့ ရန်ပုံငွေဟာ ဗိုလ်ချုပ်တို့ မရှိတော့ပေမယ့် ဗိုလ်ချုပ်တို့အပါအဝင် ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ သားသမီး ဇနီးတွေကို ထောက်ပံ့ဖို့ ဖွင့်ထားတဲ့ ရန်ပုံငွေပေါ့၊ ဝန်ကြီးတွေ မရှိတော့ဘူးဆိုပြီး၊ သူတို့ရဲ့ သားမယားတွေကို လျစ်လျူရှုထားလို့ ကောင်းပါ့မလား ဒေါ်ဒေါ်၊ ခုနေအခါမှာ အဲဒီ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ သားသမီး ဇနီး တွေကို အရင်ကထက်ပိုပြီး ဂရုစိုက်ရမယ်၊ ဒါကြောင့် သူတို့ အတွက် ဖွင့်ထားတဲ့ ရန်ပုံငွေ ဖြစ်ပါတယ်'

မိန်းမအားလုံး ထိုလူစကားကို နားစွင့်နေကြသည်။

'ဒါနဲ့ စကားမစပ်၊ ဝန်ကြီးတစ်မတ် ဝန်ကတော် တစ်ကျပ် ဆိုတာ ကြားဖူးကြပါသလားခင်ဗျာ'

ထိုလူသည် မိန်းမတစ်သိုက်လုံးကို သိမ်းကျုံး မေးလိုက် သဖြင့် အားလုံး ခေါင်းခါပြကြ၏။

'မကြားဖူးဘူး၊ ဘယ်လိုပါလိမ့်'

'ရှေးမြန်မာဘုရင် လက်ထက်တော်က ဝန်ကြီးဆိုရင် သြဇာ တန်ခိုး အင်မတန်လွှမ်းမိုးကြီးကျယ်တယ်ခင်ဗျ၊ ခုရှိတဲ့ ဝန်ကြီး တွေလိုပေါ့ ခင်ဗျာ'

မိန်းမတစ်သိုက်ကား ထိုလူ့စကားတွင် နားစွင့်နေကြ၏။

'အဲ့ဒီရှေးတုန်းက ဝန်ကြီးတစ်ဦးရဲ့ သားသမီး ဖြစ်စေ၊ ဝန်ကြီးကတော်ဖြစ်စေ သေဆုံးတဲ့အခါ ရိုင်းပင်းတဲ့အနေနဲ့ ကူ ငွေထည့်ကြတယ်၊ ၅ဝဝ၊ ၁ဝဝဝ စသည်ြ့ဖင့်ပေါ့ခင်ဗျ၊ ပြီးတော့ အဲဒီ အသုဘဟာလည်း ဝန်ကြီးမျက်နှာနဲ့ အင်မတန် စည်ကား တယ်၊ ဒါပေမယ့် ဝန်ကြီးသာ အရင်သေရင်တော့ ဝန်ကတော် သေသလောက်လည်း ကူငွေမရဘူး၊ စည်လည်း သိပ်မစည် ကားတော့ဘူး၊ ဝန်ကတော်သေလို့ ကူငွေ ၁ဝဝဝ ထည့်မယ်ဆို ရင် ဝန်ကြီးသေတဲ့အခါ ၅ဝဝ၊ ၃ဝဝ စသည်ဖြင့် လျော့သွား တယ်၊ ဒါ ဘာဖြစ်လဲ ဆိုတော့ ဝန်ကြီးသေတဲ့အခါမှာ ဝန်က တော်ဟာ ဝန်ကြီးရာထူးမှ မရှိတော့ဘဲကိုး'

'အဲ အဲ ပြောစမ်းပါဦးကွယ်'

'ခုခေတ်မှာလည်း ဒီအတိုင်းပေါ့၊ ရာရှင် ကိုယ်စားလည် ရဖို့ကိစ္စ၊ ရာထူးရဖို့ကိစ္စ၊ နယ်မပြောင်းဖို့ ကိစ္စနဲ့ အခြား ကိုယ် ကျိုးကိစ္စအတွက် ဝန်ကြီးတွေကို ဖော်လံဖားနေကြသလောက် ဝန်ကြီးကတော်တွေကိုလည်း မြှောက်စားကြတယ်၊ အရေးပေး ကြတယ်'

'ဟေ့ ဝန်ကြီးတစ်မတ် ဝန်ကတော် တစ်ကျပ်ဆိုတာက ဘာ ကိုပြောတာလဲ မောင်ရင်ရဲ့'

မိန်းမကြီးတစ်ယောက်က မေးလိုက်သည်။

'ဒီလိုလေ ဒေါ်ဒေါ်ရဲ့၊ ခုန ကျွန်တော်ပြောသလို ရှေးဗမာ ဘုရင်လက်ထက်က ဝန်ကတော်သေရင် ဝန်ကြီးမျက်နှာနဲ့ ကူ ငွေ ၁ဝဝဝ ထည့်တဲ့လူဟာ ဝန်ကြီးသေတော့ တစ်ရာ နှစ်ရာ လောက်ပဲ ထည့်ကြတော့တယ်။ ဝန်ကြီးဆိုတဲ့ မျက်နှာ မရှိကြ တော့ပဲကိုး၊ ဒါကြောင့် ရှေးပညာရှိတွေက ဝန်ကြီးသေရင် တစ် မတ်၊ ဝန်ကတော်သေရင် တစ်ကျပ်ရယ်လို့ ဆိုစမှတ် ပြုခဲ့ကြ တယ်'

'သြော် သြော်'

'ခုခေတ်လဲ ဒီလိုပေါ့၊ ဝန်ကတော် သေသွားတဲ့ ဝန်ကြီးဆို ရင် သိပ်မျက်နှာရှိတယ်၊ သမက်တော်ချင်တဲ့ လူတွေကရော ကိုယ်ကျိုးရှာသမားတွေကရော ဟိုက ဘာကူပါရစေ၊ ဒီက ဘာ တာဝန်ယူပါရစေနဲ့၊ ဝန်ကြီးမျက်နှာက ရှိသေးသကိုး၊ အဲဒီ တော့ ဗိုလ်ချုပ်အစရှိတဲ့ ဝန်ကြီးတွေ ကျဆုံးသွားတဲ့အတွက် ခုနပြောသလို ဝန်ကြီးသေရင် တစ်မတ် မဖြစ်ရအောင် ကူငွေ လည်း လျော့မသွားအောင် ကိုကြီးနုတို့က သိပ်ဂရုစိုက်ပြီး ရန်ပုံငွေတွေဖွင့်၊ အစီအစဉ်တွေလုပ်နဲ့ အတော် ခေါင်းရှုပ် နေ ကြရတယ်'

'ဒီမှာ ဒီမှာ'

ထိုလူ စကားပြောနေခိုက် အထက်ပါအတိုင်း ခေါ်သံကြား သဖြင့် လှည့်ကြည့်လိုက်ရာ အနက်ရောင်လုံချည် ဆင်တူဝတ် ၍ လက်ဝဲလက်တွင်လည်း လက်ပတ်အနက် စည်းထားသော တင်နှင့်ရင်ကို တွေ့ရသောကြောင့် ထိုလူမှာ အံ့အားသင့်စွာ ထ သွားရင်း

'ဟင် ခင်ဗျားတို့ ပန်းခွေတွေနဲ့ ပါလား'

ဟုမေးပြီး ငေးကြည့်နေလေ၏။

'ဟုတ်တယ်၊ ကျွန်မတို့ လွန်သမျှ ဝန်ချရင်း အလေးပြုဖို့ ချက်ချင်း ပြန်လာကြတယ်၊ ရှင်နဲ့ တွေ့မယ်တောင် မထင်ဘူး၊ ကျွန်မတို့ကို လိုက်ပို့မလား'

'အေး ကောင်းတယ်၊ ကောင်းတယ်၊ ဒီလိုမှပေါ့'

ဟုပြောပြီး ထိုလူသည် တင်နှင့်ရင်ကိုခေါ် ဂျူဗလီဟောသို့ လျှောက်သွားကြလေ၏။

ကျားကူးကျောင်းနှင့် ကပ်လျက် ဂျူဗလီတံခါးဝသို့ ရောက် သော် တယောသံလိုလို ကြားရသဖြင့် ထိုလူသည် တယောသံ ကြားရာဆီသို့ လှမ်းကြည့်လိုက်၏။

တံခါးပေါက်နှင့် မလှမ်းမကမ်းတွင် လူတစ်ယောက်သည် တယောကို ချွဲချွဲပျစ်ပျစ် ထိုးနေလျက် အခြားနှစ်ယောက် သုံး ယောက်က သီချင်းဆိုနေကြသည်ကို တွေ့ရသည်နှင့် ထိုလူ သည် တယောသမားထံ လျှောက်သွားလေ၏။

'ဒါ ဘာသီချင်းလဲ'

ထိုလူက မေးလိုက်၏။

'ဒါ ဗိုလ်ချုပ်နှင့်တကွ ကျဆုံးသူ ခေါင်းဆောင်ကြီးများရဲ့ အတ္ထုပ္ပတ္တိ သီချင်းစာလေ ဝယ်ပါလားဗျာ၊ တစ်ရွက်မှ တစ် မတ်ပါ'

လူတစ်ယောက်က အာဝဇ္ဇန်းရွှင်ရွှင်နှင့် ပြန်ပြော၏။ ထိုလူ ၏ မျက်နှာသည် ချက်ချင်း နီလာ၏။

'ခင်ဗျားတို့ စီးပွားရှာစရာ ဒီလောက်ပဲ ရှားသလား၊ ဒီ့ပြင် နည်း မရှိတော့ဘူးလား။ ခေါင်းဆောင်ကြီးတွေရဲ့ ဓါတ်ပုံတို့၊ စာအုပ်တို့ ရောင်းတာက ဖြေနိုင်စရာ ရှိသေးတယ်၊ တော်သေး တယ်၊ ခုတော့ တစ်တိုင်းပြည်လုံး ပူဆွေနေရတဲ့ ဈာပနကို ခေါင်းတပ်ပြီး သီချင်းစပ်ရောင်းတာများ အံ့ပါရဲ့ဗျာ၊ ခု ကျဆုံး တဲ့ ခေါင်းဆောင်တွေဟာ ကျုပ်တို့ရဲ့ ခေါင်းဆောင်၊ မိဘဆို လည်း ဟုတ်တယ်၊ တကယ်လို့များ ခင်ဗျားမိဘတွေသေရင် ဒီလိုပဲ တယောကလေးနဲ့'

ထိုလူစကားမဆုံးမီ 'ခွပ်' ခနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုလူမှာ ပုံရက်သား လဲကျသွားလေ၏။ လူတွေလည်း ရုတ်ရုတ်ရက်ရက် ဖြစ်သွားတော့၏။ ထိုလူ စကားစပြောစဉ် က တည်းက လူအုပ်မှာ တဖြည်းဖြည်း များလာပြီး ထိုလူအုပ်ထဲမှ မည်သူ ဝင်ရိုက်သွားသည် မသိလိုက်ရဘဲ ထိုလူသာလျှင် ခေါင်းကွဲ လဲကျသွားတော့ကာ နောက်ဆုံး၌ အမြင်မတော် သည်ကိုတွေ့တိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သော ထိုလူ အား တင်နှင့်ရင်တို့ ဂျစ်ကားနှင့်ပင် ဆေးရုံသို့ ပို့လိုက်ရလေ တော့သတည်း။


သာဓု

၂၀၁၁ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့တွင် ကျရောက်သော ( ၆၄)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဖော်ပြခြင်းဖြစ်သည်။

ရွှေမော်ကွန်း


0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More