ခြံစည်းရိုးလေးကို ကျေးဇူးတင်ပါတယ် “ သူရိန်ထက် ”


ကြာတော့ ကြာခဲ့ပါပြီ။ ၁၉၉၃ ခုလောက်ကပေါ့။ ဂျပန်နိုင်ငံ ကာဝါစကီ ဖက်က ထမင်းဗူးတွေ ထုတ်လုပ်တဲ့ စက်ရုံတခုကို နှင်းတွေဝေနေတဲ့ မနက်စောစောမှာ ရဲနဲ့ လ၀က အရာရှိတွေ အများအပြားဟာ ၀ိုင်းဝန်း ပိတ်ဆို့ ဖမ်းဆီးလိုက်တယ်။  ရက်ကျော်နေထိုင်တဲ့ တရားမ၀င် နိုင်ငံခြားသားအလုပ်သမား တော်တော်များများကို ဖမ်းမိလိုက်တယ်။ နိုင်ငံခြားသား အားလုံးဟာ မြန်မာနိုင်ငံသား တွေပေါ့။ အဲဒီခေတ်ကာလအခြေအနေအရ ဒီလို တရားမ၀င် နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ စက်ရုံတွေကိုဖမ်းဆီးတာ အတော်လေးရှားတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံသားတွေ ကြားထဲ အတော်လေး ဂယက် ရိုက် သွားတယ်။
အားလုံးကို ဖမ်းဆီးစစ်ဆေးပြီး ရက်ကျော်နေထိုင်မှုနဲ့ အရေးယူပြီး မိခင်နိုင်ငံကို ပြန်ပို့လိုက်တယ်ပေါ့။ အားလုံးကို ပြန်ပို့ လိုက်တယ်ဆိုပေမယ့် တယောက်ကိုတော့ ပြန်မပို့ပဲ မကြာခင်မှာ ပြန်လွှတ်ပေးလိုက်တယ်။ သူ့ကို ဖမ်းဆီး စစ်ဆေးတဲ့ အခါ သူ့ဆီမှာ ဓါတ်ပုံတပုံကို တွေ့လို့ပါ။ ဓါတ်ပုံထဲမှာ တခြားတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့ ဓါတ်ပုံလေးပါ။ သူ့ကို ဖမ်းဆီးပြန်ပို့မယ်ဆိုရင် မြန်မာနိုင်ငံပြန်တဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးနှိပ်စက် ထောင်ချ အရေးယူမှာကို စိုးရိမ်တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးလိုက်တယ် ဆိုပါစို့။့ အားလုံးထဲမှာ သူတယောက်တည်း ပြန်လွတ်လာတာမို့ ဒေါ်စုပုံလေး ကယ်လိုက်တာဆိုပြီး ကာယကံရှင်က တဖွဖွ ပြောဆို ကျေးဇူးတင်ခဲ့ပါသတဲ့။
ဒီတော့ အဲဒီခေတ်အခါက ဂျပန်က မြန်မာတွေကြားထဲမှာ ဒေါ်စုကြောင့် လူတယောက် အဖမ်းခံဘ၀က လွတ်မြောက်ခွင့် ရခဲ့တယ်။ ဒေါ်စုသာမက ဒေါ်စုရဲ့ ဓါတ်ပုံလေးက အစွမ်းထက်တယ်လို့တောင် ပြောစမှတ်ပြုခဲ့ကြပါတယ်။
xxxxxxxxxxxxxxxxxxxxxx
နောက်တယောက်က ကိုအောင်တဲ့။ သူက ပထမ ကိုးရီးယားမှာ နေတာ။ ကိုးရီးယားမှာ နေခဲ့စဉ်ကတည်းက နိုင်ငံရေး လုပ်ခဲ့တဲ့သူပေါ့။ ကိုးရီးယားက တက်ကြွလူငယ်ထဲက တဦးဆိုပါတော့။ နောက်တော့ သူက ဂျပန်ကို ရောက်လာတယ်။ ကိုးရီးယားမှာ ရက်ကျော်နေထိုင်တဲ့သူတယောက်က ဂျပန်ကို ရောက်လာတယ်ဆိုတာ အောက်လမ်းနည်းနဲ့ ရောက်လာတယ် ဆိုတာတော့ ဂျပန်က မြန်မာတွေ သိကြတယ်။ အောက်လမ်းဆိုပေမယ့် တကယ်က ရေလမ်းပေါ့လေ။ ကိုးရီးယားက သင်္ဘောထဲ သိုသိုသိပ်သိပ် လိုက်ပါခဲ့ပြီး ဂျပန်ကမ်းရောက်တော့ ဆင်းနေခဲ့တယ်ဆိုပါတော့။ သိတဲ့အတိုင်း ကိုးရီးယားနဲ့ ဂျပန်က  ပိဖိဖိတ်ရဲ့ ဟိုဖက်ကမ်း ဒီဖက်ကမ်းကိုး။
အဲဒီအချိန်က ၂၀၀၄-၂၀၀၅ ၀န်းကျင်ဖြစ်မယ်ထင်တယ်။ ကိုအောင်တို့ဂျပန်ကို ၀င်လာတဲ့အချိန်ကာလဟာ သိပ်ခေတ်ကောင်းတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဒီလို တရားမ၀င် ခိုးဝင်တာကို ဂျပန်ဖက်က သိထားလို့ အရေးယူ ဖေါ်ထုတ်ဖမ်းဆီး ပြန်ပို့တာတွေ လုပ်နေတယ်။ ဂျပန်အနေနဲ့ ဒါဟာ ပြစ်မှုတခုလို သဘောထား ကိုင်တွယ်နေတဲ့ အချိန်ပေါ့။
ဂျပန်အာဏာပိုင်တွေက ဘယ်လိုသဘောထားထားပေါ့လေ။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အသိုင်းအ၀ိုင်းကတော့ အလွန်နွေးထွေးပါတယ်။ ကိုးရီးယားမှာ မကလို့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးကို ဆောင်ရွက်နေတဲ့သူဆို နိုင်ငံရေး လုပ်ဖေါ်ကိုင်ဖက်ပဲ မဟုတ်လား။ ဆိုတော့ ဂျပန်က နိုင်ငံရေးအင်အားစုတွေက ကိုအောင်ကြီးကို ကြိုဆိုကြ ဧည့်ခံကြနဲ့ပေါ့။ ကိုးရီးယားရဲ့ အအေးဒဏ်ကို ကိုးရီးယား ဆိုးဂျူးနဲ့ ကာကွယ်ခဲ့ဖူးတဲ့ကိုအောင်တယောက် ဂျပန်ရောက်တော့ ဂျပန် ဆာကေး နဲ့ မိတ်ဆွေဖြစ်ရတယ်ပေါ့။ ဟိုလူက “၀မ်းသာတယ်ဗျာ.. ရော့တခွက်”.. ဒီလူက “ကြိုဆိုတယ်ဗျာ.. ရော့တခွက်.. ” နောက်တယောက်က “ကွန်ကယက်ကျူးလေးရှင်းဗျာ.. ရော့တခွက်..” မူးလာရင် ဂျပန်လိုပြောလိုက်ရမှ အာတွေ့တဲ့ နောက်တယောက်ကလည်း “အိုမဲ့တဲ့တိုး.. ကိုအောင်” ဆိုပြီး ရော့တခွက်နဲ့ပေါ့။
ပြောရရင် ကိုအောင်က အရက်သိပ်သောက်လေ့သောက်ထ ရှိတဲ့သူမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးရှင် ဂျပန်က ကိုယ်တော်တွေကို အားနာတာ၊ ၀မ်းသာတာ၊ ဂုဏ်ယူတာတွေအပြင် ဂျပန်ဆာကေးလေးကလည်း အ၀င်ကောင်းလေတော့ အတော်လေး မူးသွားတယ်။ ဒီတော့ ပြန်မယ်ပေါ့။ အဖေါ်တွေက လိုက်ပို့မယ်ဆိုပေမယ့် ကိုအောင်ခင် အိမ်နီးလေးပါ။ ရပါတယ် ဆိုပြီး အားနာတာနဲ့ လိုက်မပို့ခိုင်းဘူး။
 အဲ.. တချို့အရက်ကောင်းတွေက ထိုင်သောက်တုန်းက အရသာလေး ရှိသလောက် ထသွားတော့ အစွမ်းပြတော့ တာကိုး။ ဆိုင်ပြင်ခပ်လှမ်းလှမ်းရောက်တော့ မိုးက အတော်ချုပ်ပြီ။ ကိုအောင်လည်း အတော်လေး ပေါက်မြောက်နေပြီ။ တွေ့တဲ့တက္ကစီကို တားဆီးမယ်ဆိုပြီး ကားမိုးပေါ် မီးလင်းနေတဲ့ကား လာထား ဆိုပြီး ဖမ်းတားလိုက်တာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်နေပါလေရော။ ဒယိမ်းဒယိုင်နဲ့ ကိုအောင်ကို ရဲ့ ဘာကူညီရမလဲ ခင်ဗျ.. ကူညီပါရစေ လုပ်မယ်ကြည့်တော့ အမူးလွန် နေတဲ့ ကိုအောင်၊ ဂျပန်လိုလည်း “ဟိုက်” ဆိုတဲ့တလုံးလောက် တတ်တဲ့ကိုအောင်။ တွေ့ပါလေရော။ ဒါနဲ့ ဂျပန်စေတနာရှင် ရဲတွေက ကိုအောင်နေတဲ့အိမ် ပြန်ပို့ပေးဖို့ ကိုအောင့်လိပ်စာပါမယ့် နိုင်ငံခြားသားကဒ် တောင်းပါလေရော။ ခိုးဝင်လာပါတယ် ဆိုမှာ ဘယ့်နှယ့်အိုင်ဒီကဒ် ရှိမလဲ။ ဘယ်ပို့ပေးလို့ ဘယ်လိုကူညီရမှန်းမသိလေတော့ မထူးဘူး။ ရဲကင်းစခန်း  ခေါ်သွားပါလေ ရော။ သာမန်ဆို အမူးလွန်နေရင် အမူးသမားတွေထားတဲ့ ဆေးရုံပို့ပေး။ မနက်အမူးပြေရင် ကိုယ့်ဘာသာပြန် ရတာမျိုးဖြစ်ပေမယ့် အခု ကိုအောင်က ဘာစာရွက်စာတမ်း ဘာကဒ်မှမရှိ။ ဘယ်နိုင်ငံကမှန်းလည်းမသိ။ ဆိုတော့ ရဲကင်းက တာဝန်ခံကတဆင့် မြို့နယ် ရဲစခန်းပေါ့။
မူးနေတဲ့ ကိုအောင် သူ့စီးလာတာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်ပြီး ပြသနာတော့ တက်နေပြီဆိုတော့ ဖြေရှင်းဖို့နည်းလမ်း လည်းမသိ။ ဖမ်းခံရရင် နိုင်ငံပြန်ပို့တော့မှာပဲ ဆိုပြီး စိုးရိမ်ချက်ကလေးကလည်း ရှိနေတော့ တတ်သမျှ အင်္ဂလိပ်စကားတွေနဲ့ စခန်းတာဝန်ခံကို ရှင်းပြပါလေရော။ ဂျပန်နိုင်ငံကလည်း အင်္ဂလိပ်စကားကို တကယ်တတ်တဲ့သူတွေက မွှတ်နေအောင် တတ်ပေ မယ့် မတတ်တဲ့သူကလည်း အလွန်ညံ့တာကလား။ ဆိုတော့ ကိုအောင်ပြောတဲ့ အင်္ဂလိပ်စကားကို ရဲအရာရှိကလည်း နားမလည် ဘူး။ ပြီးတော့ မူးနေတဲ့ အာရှသံပီသတဲ့ အင်္ဂလိပ်စကားဆိုတော့.. စဉ်းစားသာကြည့်ပေတော့။
အဲ.. ဒါပေမယ့် ကိုအောင်ပြောတဲ့ထဲမှာ သူတို့ နားလည်တဲ့စကားတခွန်းတော့ ပါတယ်။ အဲဒါက “အောင်ဆန်းစုကြည်” ဆိုတဲ့ နာမည်ပဲ။ သတင်းတွေမှာ အထပ်ထပ်အခါခါ ကြားနေရတဲ့နာမည်။ သတင်းစာမှာ မကြာခဏတွေ့နေရတဲ့ နာမည်။ ဆိုတော့ “အောင်ဆန်းစုကြည်တို့ တိုင်းပြည်ကဖြစ်မယ်ကွ” “ဒီလူဒီနာမည်ပဲ အထပ်ထပ်ရွတ်နေပုံထောက်တော့ အောင်ဆန်းစုကြည်တို့ အဖွဲ့က လူဖြစ်မယ်ကွ“ ဆိုပြီး နောက်ဆုံး ၀ိုင်းဝန်းစဉ်းစားတိုင်ပင်ပြီး “သနားပါတယ်ကွာ.. သူတို့ တိုင်း ပြည်ပြန်ပို့ရင် ဒုက္ခရောက်မယ့်သူဖြစ်မယ်။ တညသိပ်ပြီး မနက်ပြန်ပို့ပေးလိုက်ပါကွာ” တဲ့။
ဒီလိုနဲ့ ကိုအောင်တယောက် အခုထိ ဂျပန်မှာ သောင်တင်တုန်း။ ဘာပဲဖြစ်ဖြစ် ပြောစမှတ်လည်း ကျန်ခဲ့တယ်။ “ဒေါ် အောင်ဆန်းစုကြည်ကကွာ… အတော်အစွမ်းအစ ရှိတဲ့ ခေါင်းဆောင်ဆိုတာ ငြင်းစရာမရှိဘူး။ ကြည့်လေ.. လူသာမက ဓါတ်ပုံ တောင် မဟုတ်ဘူး.. ဒေါ်အောင်ဆန်းစုကြည် .. ဒေါ်အောင်ဆန်းစုကြည်နဲ့ နှုတ်ငုံဆောင်တာနဲ့တောင် အဖမ်းအဆီးက လွတ်တယ်” တဲ့။
xxxxxxxxxxxxxxxx
ပြောရရင် ဂျပန်က သတင်းမီဒီယာ အလွန်အားကောင်းတဲ့နိုင်ငံပါ။ သတင်းစာတွေ ပလူပျံနေသလို တီဗွီတွေမှာလည်း အပ်ကျတာက အစ ကြေညာပေးနေတဲ့ နိုင်ငံလို့တောင် ဆိုနိုင်တယ်။ ဒီတော့ သာမန်လူတွေတောင် အနည်းဆုံး သတင်း မီဒီယာတွေကျေးဇူးကြောင့် ဗဟုသုတတော့ အတော်လေး ရှိတယ်ပြောရမယ်။
ဒါပေမယ့် “ဘယ်နိုင်ငံကလဲ..  မျက်နှာက ဂျပန်လူမျိုးနဲ့ အတော်တူတယ်နော်” ဆိုပြီး မေးလာခဲ့ရင် “ကျမက မြန်မာ ပြည်ကပါ” ဆိုရင် သူတို့ အတော်လေး အူကြောင်ကြောင် ဖြစ်ကြတယ်။ မြန်မာဆိုတာကို နောက်ပိုင်းမှ ပြောင်းလိုက်တာ ကြောင့်လည်းဖြစ်မှာပေါ့လေ။ မြန်မာဆိုရင်  ဟိုး ဥရောပဖက်ကလား.. အာရပ်ဖက်ကလား.. တောင်အမေရိကားဖက်ကလား နဲ့  သိတဲ့လူက အလွန်ရှားပါတယ်။ မေးတဲ့သူက လူကြီးပိုင်း ဆိုရင်တော့…. “သြော်.. ကျမ ဘိရုမာကပါ” ဆိုရင်တော့ မရောက်ဖူးတဲ့ သူတောင် “သြော်.. သိပြီ.. အလွန်ကြင်နာတဲ့လူမျိုး.. ဘိရုမနော့ တာတဲဂိုတို (ဗမာ့စောင်း) ရုပ်ရှင်ထဲ ကြည့်ဖူးတယ်..။ သိပ်ချစ် စရာကောင်းတာ.. သိပ်ကြင်နာတာ.. ” ဆိုတာနဲ့ ချက်ခြင်းရင်းနှီးသွားနိုင်ပါတယ်။ ဘိရုမာကို ရောက်ဖူးတဲ့ စစ်ပြန်ကြီးတွေဆိုရင် တော့ ဘိရုမာလူမျိုးဆိုတာနဲ့ “ဟာ.. ဘာကူညီရမလဲ.. အသက်သခင် ကျေးဇူးရှင်တွေ.. ၀မ်းသာလိုက်တာ” ဆိုတာမျိုးဖြစ်ကြတာပါ။ စကားအလွန်ပြောချင်တဲ့ စစ်ပြန်တချို့ဆို..
“မြန်မာ့တပ်မတော်က.. တို့ နိပွန်းဘုရင်တပ်မတော်ရဲ့ မျိုးဆက်သစ်ကွ။ တို့ဘုရင့်တပ်မတော်က မွေးထုတ်ပေးခဲ့ကြ တာမို့ ငါတို့ တပ်မတော်ပါပဲ။ ဂျပန်တပ်မတော်က ဖျက်သိမ်းခံရပြီး မရှိတော့ပေမယ့် မြန်မာတပ်မတော်ရှိသေးလို့ ဒါ တို့မျိုးဆက် သွေးသားတပ်မတော်ကွ.. သိပ်ဂုဏ်ယူဖို့ကောင်းတာ..အဲ.. ဒါပေမယ့်.. အခု တပ်မတော်က.. ” ဆိုတာမျိုး လည်း ကြားရမှာ ဖြစ်ပါတယ်။
လူငယ်ပိုင်းတွေကတော့ မြန်မာဆိုလည်း မသိ ဘိရုမာဆိုလည်း ကြားဖူးသလိုလို ဖြစ်နေတယ်ဆိုရင် “ဒေါ်အောင်ဆန်းစု ကြည်တို့ တိုင်းပြည်ကလေ” ဆိုတာနဲ့ တန်းသိပါတယ်။ သိတာမှ ဆွေးမျိုးရင်းချာတယောက်လို လေးစားစရာကောင်းတဲ့သူ တယောက်အဖြစ်နဲ့ကို သိကြတာပါ။ “ဟာ.. သတင်းမှာ ကြည့်ရတယ်။ သိပ်သတ္တိရှိတယ်နော်။ သိပ်တော်တယ်..၊ သိပ်ပြီးတော့..” ဆိုတာတွေနဲ့ ကိုယ့်ခေါင်းဆောင်ကို ကိုယ့်ထက်တောင် သူတို့က လေးစားနေကြတာကလား။
ဒါကြောင့်လည်း ကျိုတိုဖက်က ဟာမမတ်ဆု ဆိုတဲ့မြို့က တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် လေ့လာသင်ယူခဲ့တဲ့ အခန်းလေးမှာ ဒေါ်စုပုံတွေ ချိတ်ဆွဲပြီး ပြတိုက်လုပ်ထားပါတယ်။ ဧည့်သည်တော်တွေ၊ လေ့လာသူတွေလာရင်တော့ အခန်းဖွင့်ပေးပြီး ပြသ ဂုဏ်ယူသလို ကျန်အချိန်တွေမှာ သီးသန့်ပြတိုက်အဖြစ်ထားပြီး ဂုဏ်ယူ ထိန်းသိမ်းထားပါတယ်။
ဂျပန်က မြန်မာတွေထဲမှာ ခိုးမှု၊ ခါးပိုက်နှိုက်၊ လုယက်၊ အကြမ်းဖက် ဆိုတာမျိုးလည်း သတင်းမှာ မကြားဖူးသလို ယုတ်စွအဆုံး နိုင်ငံတကာက ပြည့်တန်ဆာအစုံ ရှာလို့ရကောင်းရမယ်။ မြန်မာထဲမှာ ဒါမျိုးလုပ်စားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် သတင်းတွေမှာ မြန်မာလို့ မထင်ရှားတာလည်းဖြစ်နိုင်ပါတယ်။ မြန်မာနဲ့ ပတ်သက်တဲ့သတင်းဆိုရင် တနှစ်မှာ ၃၆၅ ရက်လောက် ဆန္ဒပြခံနေရတဲ့ တိုကျိုက မြန်မာသံရုံးအကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအကြောင်းတွေလောက်ပဲ တွေ့မြင်ရတတ်ပါတယ်။ (အခုဆို ဆူနာမီဖြစ်တော့ မြန်မာတွေ သွားရောက်ကူညီကြ ရိုင်းပင်းကြနဲ့ ပိုလို့တောင် ဂုဏ်ယူစရာ ဖြစ်ကြရပါတယ်။ တချို့မြန်မာဆို ငိုတောင် ငိုပြလိုက်သေး)
xxxxxxxxxxxxxxxxxxxxxxxxxxxx
ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကြောင့် ဂျပန်ရောက် မြန်မာတွေထဲမှာ အတော်လေး မျက်နှာပွင့်ရတာ အမှန်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျေးဇူးအကြောင်းပြောရင် ချန်ထားလို့မရတဲ့သူတယောက်အကြောင်းလည်း ရှိသေး တယ်။ သူက ဂျပန်ကို ဟိုး အတော်စောစောပိုင်း လောက်ထဲက ရောက်ခဲ့တဲ့သူပေါ့။ ဒါပေမယ့် ဂျပန်ကိုရောက်ပြီး နှစ်အတန်ကြာ တော့ အကြောင်းကြောင်းကြောင့် မြန်မာပြည်ကို ပြန်ပို့ခံထားတဲ့အထဲ ပါသွားပါတယ်။
မြန်မာပြည်ပြန်သွားပေမယ့် ဂျပန်ပြန်တို့ထုံးစံအတိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ယောင်ချာချာဖြစ်နေတာ ကြာတော့ မထူးဘူးဆိုပြီး ဂျပန်ကိုပဲ နောက်တခေါက် ပြန်ဝင်ဖို့ ကြိုးစားပါတယ်။ ဂျပန်ကို ရောက်ဖူးပြီးသားသူတယောက် အနေနဲ့ အဆက်အသွယ်က မရှားဘူးကိုး။ အဲ.. တခုရှိတာက သူ ဂျပန်ကို ပြန်ရောက်တယ်ပဲထား..။ ဂျပန်မှာ ဗီဇာနဲ့ နေရဖို့ က မလွယ်ဘူးဖြစ်နေတယ်။ အလည်အပတ်နဲ့ ရောက်လို့ အဆင်ပြေတယ်ဆိုရင်တောင် အလွန်ဆုံး သုံးလပဲကိုး။ သုံးလအလည် အပတ် ဗီဇာနဲ့ အလုပ်ရဖို့ကလည်း မလွယ်ဘူးလေ။
ဆိုတော့ သူက စဉ်းစားတယ်။ ဂျပန်ကို ပြန်ဝင်မယ်။ ဟိုရောက်ရင် ခိုလှုံခွင့်လျှောက်မယ်ပေါ့။ ခရုမှာလည်း အဆံနဲ့ လူမှာလည်း အကြံနဲ့ ဆိုတဲ့စကားအတိုင်းပေါ့လေ..။ အဲ… တခုခက်တာက ခိုလှုံခွင့်ဆိုတာကလည်း နိုင်ငံရေးခိုလှုံခွင့်ပဲရှိတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ဘာတွေလုပ်ခဲ့တာကြောင့်ပြန်ရင် အဆင်မပြေလို့ ကူညီဖို့ တင်ပြရမှာကိုး။ သူ့မှာက နိုင်ငံရေးနဲ့ ပတ်သက်ပြီး သွားလုပ်ဖို့ဆိုတာက မလွယ်ဘူး။
တော်ကြာ ဂျပန်မသွားရပဲ အင်းစိန်တောရ ရောက်နေရင် အခက်ကိုး။ နောက်.. နိုင်ငံရေးအသိုင်းအ၀ိုင်းထဲက လူကြီးတွေ နဲ့ ဓါတ်ပုံလေးဘာလေး တွဲရိုက်ပြဖို့လည်း စိတ်ကူးတယ်။ ဒါကလည်း ထင်သလောက်မလွယ်ဘူး။ နိုင်ငံရေးသမားကြီးတွေ နားမှာ ထောက်လှမ်းရေးတွေက ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားနေကြတာကိုး။
နောက်ဆုံး အကြံတခုရတာနဲ့ တက္ကစီသမားကို ဒေါ်စုခြံဖက်ကို လိုက်ပို့ခိုင်းတယ်။ ကင်မရာလေးလည်း ယူသွားတယ်။ ဒေါ်စုနဲ့ သွားတွေ့ပြီး ဓါတ်ပုံရိုက်ဖို့ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဒေါ်စုက အကျယ်ချုပ် ခံနေရတဲ့ကာလ။ သွားတွေ့ဖို့ နေနေ သာသာ အနားတောင် ကပ်ဖို့ လွယ်တာမှ မဟုတ်တားကိုး။ ဒါနဲ့ တက္ကစီသမားကို အကူအညီတောင်းပြီး ဒေါ်စုခြံနဲ့ နီးနိုင်သမျှ နီးအောင် မောင်းခိုင်းတယ်။
“ဟေ့လူ.. ဒီထက် ဆက်သွားဖို့ မလွယ်တော့ဘူး.. တင်းကြပ်လာနိုင်တယ်ဗျ.. သွားချင်ရင် ခင်ဗျားပဲ ဆက်သွား” လို့ ကားဆရာက ပြောတော့ ဆက်သွားဖို့ကလည်း အတော်စွန့်စားရမှာမို့.. “ဒေါ်စုခြံက ဘယ်ဟာလဲဗျ”
“ဟောဟိုခပ်လှမ်းလှမ်းက လှမ်းမြင်နေရတဲ့ခြံပဲ“
“ဟား.. အတော်ဝေးတာပဲ.. အေးဗျာ.. မထူးဘူး.. ” ဆိုပြီး ကားဆရာကို ကားခပိုပေးပါ့မယ်လို့ညှိပြီး ခပ်သေးသေး ခပ်ဝါးဝါးမြင်နေရတဲ့ ဒေါ်စုခြံစည်းရိုးလေးကို နောက်ခံထားပြီး ဓါတ်ပုံအရိုက်ခံလိုက်တယ်။
ဒီလိုနဲ့ ဂျပန်ရောက်တဲ့အခါ သူ့မှာ မဟာစွန့်စားခန်းလုပ်ပြီး ရိုက်ခဲ့ရတဲ့ ဒေါ်စုခြံစည်းရိုးပုံ ခပ်ဝါးဝါးပါ ဓါတ်ပုံလေးကို တင်ပြပြီး.. ဘယ်လို ဘယ်သို့ အကြောင်းပြပြီး ခိုလှုံခွင့် လျှောက်လိုက်ပါလေရော။ ဒီလိုနဲ့ ခေါ်ယူတွေ့ဆုံ စစ်ဆေး သမှုတွေ ပြုပြီး .. နောက်ဆုံး အဲဒီခြံစည်းရိုးကိုယ်တော်လည်း ခိုလှုံခွင့်ရပြီး ယခုတိုင် အဆင်ပြေနေပါရောခင်ဗျား။
ဒီတော့ ဂျပန်မှာ ပြောစမှတ် နောက်တခု တိုးပြန်ရော..။ ဒေါ်စုပါဝါကြီးပုံများကွာ.. ဓါတ်ပုံလည်း အိုကေ.. နှုတ်ငုံလည်း အိုကေ.. ဟော.. ခြံစည်းရိုးလေးတောင် အိုကေ ပါသတဲ့ဗျား။

သူရိန်ထက်
ေ၇ွှမော်ကွန်း
အသုံးပြုသည့်နေ့  ၂၀၁၁၊ ဇူလှိုင်၊ ၁၄

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More