စာ ပဒေသာ ကောက်နှုတ်ချက်များ

ပရိယာယ်
(နန္ဒသိန်းဇံ)
နောင်တကင်းရာသို့ စာအုပ်မှ...

(၁)
“ သူ တစ်ပါး၏ များစွာသော အကျိုးစီးပွားကြောင့် မိမိ၏ အကျိုးစီးပွားကို (အနည်းငယ်မျှ)
မဆုတ်ယုတ်စေရာ၊ မိမိ အကျိုးစီးပွားကိုသိ၍ မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင်
လေ့ကျက်အားထုတ်ရာ၏” ၊ (၁၆၆၊ ဓမ္မပဒ) ဆိုတဲ့စကားရှိတယ်။ သူများ အတွက်ကြောင့်
ကိုယ့်ရဲ့အကျိုးစီးပွားကို မပျက်စီးစေရဘူးလို့ဆိုလိုတာဖြစ်ပါလိမ့်မယ်။
ဟုတ်တယ်။ ကိုယ့်ဘ၀မှာ တခြားတန်ဖိုးရှိတဲ့အလုပ်တွေ
အများကြီးလုပ်စရာရှိသေးတယ်။ ကုသိုလ်ကောင်းမှု ဆိုင်ရာတွေကိုလည်း လုပ်ဆောင်စရာတွေ
ရှိနေသေးတယ်။ ဒါကြောင့် သူတစ်ပါးရဲ့အကျိုးစီးပွားအတွက်ကြောင့် ကိုယ့်ဘ၀ကို ထိခိုက်ပျက်
စီးသွားစေတာမျိုးကိုတော့ ရှောင်ဖို့လိုမှာပဲ။
ကိုယ့်ကို ဒုက္ခပေးမည့်၊ ကိုယ့်ဘ၀ကို ဖျက်ဆီးမည့်သူတွေနဲ့ တွေ့ကြုံရတဲ့အခါမှာလည်း
ကိုယ့်ဘ၀ကို အချည်းနှီး ထိခိုက်ပျက်စီးမသွားရအောင် အဲဒီလူမျိုးတွေလက်က လွတ်အောင်
စွမ်းဆောင်ရတော့မှာပဲ။ တချို့သော အခြေအနေမျိုးတွေမှာ ကိုယ့်ဘ၀ကို ပျက်စီးအောင် ဖန်တီးမ
ည့်သူမျိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ ရုတ်တရက် တိုက်ရိုက်ရင်ဆိုင် အံတုပြီး ခြေမှုန်းမပစ်နိုင်တာမျိုး
ရှိတတ်တယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ပရိယာယ်သုံးပြီး ကျော်လွှားလွန်မြောက်အောင်
လုပ်ရတာမျိုးလည်း ရှိမှာပဲ။
ကိုယ့်ဘ၀ကို ပျက်စီးစေမည့်သူမျိုးတွေရဲ့အန္တရာယ်က လွတ်နိုင်တဲ့ပရိယာယ်အကြောင်း
ပြောတဲ့အခါမှာ ဇာတ်တော် မှာလာတဲ့ ’၀ါနရိန္ဒ’ ဆိုတဲ့ဇာတ်ကို ရှေးရှေးလူကြီးသူမတွေက
အကိုးအကားပြုပြီး ပြောလေ့ရှိတယ်။ အဲဒီဇာတ်ထဲက ဇာတ်ကောင်တွေ က လူသတ္တ၀ါတွေတော့
မဟုတ်ကြပါဘူး၊ တိရစ္ဆာန်ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဘုရားလောင်း မျောက်မင်းရယ်၊
ဒေ၀ဒတ် အလောင်း အလျာ မိကျောင်းဖိုနဲ့စိဉ္စမာနအလောင်းဖြစ်တဲ့မိကျောင်းမ … အားလုံး
ဇာတ်ဆောင်သုံးဦးပဲ ပါပါတယ်။
ဘုရားလောင်းမျောက်မင်းက မြစ်ကမ်းနားမှာနေတယ်။ အဲဒီမြစ်ရဲ့အလယ်မှာ
ကျွန်းတစ်ခုရှိနေတယ်၊ အဲဒီကျွန်းမှာ သရက်ပိန္နဲ အစရှိတဲ့ထူးထူးခြားခြား
စားသောက်ချင်ဖွယ်ကောင်းတဲ့ သစ်သီးဝလံတွေရှိတယ်။ ဘုရားလောင်းမျောက်ဟာ နေ့တိုင်းပဲ
အဲဒီကျွန်းကို သွားပြီး နှစ်သက်ရာရာ သစ်သီးဝလံတွေကို စားလေ့ရှိတယ်။ ကျွန်းပေါ်ကို
ဘုရားလောင်း သွားပုံသွားနည်းကို ပြောရဦးမယ်။ ဘုရားလောင်းမျောက်နေတဲ့ ဒီမှာဘက်မြ
စ်ကမ်းနဲ့ပြောခဲ့တဲ့ကျွန်းကြားမှာ မြစ်ရေထဲက ပေါ်ထွက်နေတဲ့ကျောက်ဆောင်တစ်ခု ရှိတယ်။
ဘုရားလောင်းမျောက် သွားပုံက … ဒီမှာဘက်မြစ်ကမ်းမှနေပြီး ကျောက်ဆောင်ပေါ်ရောက်အောင်
ခုန်တယ်၊ တစ်ခါ… ကျောက်ဆောင်ပေါ်ကနေပြီး ကျွန်းပေါ်ကို ရောက်အောင်ခုန်တယ်။ အဲဒီလို
နှစ်ဆင့်ခုန်ပြီး ကျွန်းပေါ်ရောက်အောင်သွားသလို အပြန်မှာလည်း ကျွန်းမှ ကျောက်ဆောင်၊

ကျောက်ဆောင်မှ ဒီဘက်ကမ်းရောက်အောင် နှစ်ဆင့်ခုန်ပြီး ပြန်လာလေ့ရှိတယ်။
အဲဒီလို ဘုရားလောင်းမျောက် အသွားအပြန် လုပ်တာကို အဲဒီမြစ်မှာနေတဲ့မိကျောင်းမက
မြင်တယ်။ မြင်ပြီးတော့ ဘုရားလောင်းမျောက်ရဲ့နှလုံးသားကို စားချင်တဲ့စိတ်တွေဖြစ်တယ်။
ဒီလို စားချင်တဲ့စိတ်တွေ ဖြစ်နေကြောင်းကို သူ့လင်မိကျောင်းဖိုကို ပြောပြတယ်။ မိကျောင်းဖိုက
သူ့မယား မိကျောင်းမရဲ့စားချင်ဆန္ဒကို ဖြည့်ဆီးပေးမည့်အကြောင်း ပြောတယ်။
ဒါနဲ့တစ်ခုသော ညနေမှာ ဘုရားလောင်းမျောက် ကျွန်းကနေပြီး ပြန်ခုန်အလာမှာ
အဆင်သင့်ဖမ်းမယ်ဆိုတဲ့အကြံနဲ့ မိကျောင်းဖိုဟာ ကျောက်ဆောင်ပေါ်မှာ သွားပြီးဝပ်နေတယ်။
ဘုရားလောင်းမျောက်ဟာ အရင်ရက်တွေကလိုပဲ သစ်သီးဝလံတွေကို လိုသလောက်
စားသောက်ပြီးလို့ ညနေချမ်း ရောက်တဲ့အခါမှာ ဒီမှာဘက်ကမ်းကို ပြန်ဖို့အတွက် ကျွန်းမှနေပြီး
ကျောက်ဆောင်ဆီကို ခုန်မယ်ဆိုပြီး ကျောက်ဆောင်ဆီကို လှမ်းမျှော် ကြည့်လိုက်တယ်။
ကျောက်ဆောင်မှာ ထူးခြားချက်ရှိနေတာကို ဘုရားလောင်းမျောက် သတိထားမိနေတယ်။
ကျောက်ဆောင်ဟာ ခါတိုင်းနဲ့မတူဘဲ ပိုပြီးမြင့်မောက်နေတယ်ဆိုတဲ့အချက်ကို တွေ့နေတယ်။
မြစ်ရေဟာ လျော့လဲမလျော့ တိုးလည်းမတိုးဘဲ ရှိပါလျက်နဲ့ ဘာကြောင့် ဒီကျောက်ဆောင်ဟာ
ခါတိုင်းထက်ပိုပြီး ကြီးနေမြင့်နေသလို ဖြစ်နေတာလဲလို့စူးစမ်းတယ်။ ငါခုန်လာရင် ဖမ်းဖို့အတွက်
မိကျောင်းဟာ ၀ပ်နေလေသလားလို့လည်း စူးစမ်းကြည့်တယ်။ မှန် မမှန်သိရအောင်ဆိုပြိး
ဘုရားလောင်းမျောက်ဟာ ကျွန်းပေါ်ကနေ ပြီး “အို အချင်းကျောက်ဆောင်”
လို့လှမ်းပြီးခေါ်ကြည့်တယ်၊ ကျောက်ဆောင်က ဘယ်ထူးလိမ့်မတုန်း၊ ဘုရားလောင်းမျောက်က
ကျောက် ဆောင်ကို သုံးကြိမ်တိုင်တိုင် လှမ်းခေါ်လို့ပြန်မထူးတဲ့အခါမှာ ဘုရားလောင်းမျောက်က
“ဒီနေ့ငါ့ကို သင်ကျောက်ဆောင် ဘာဖြစ်လို့ ပြန်ပြီး စကားမတုံ့လှယ်တာလဲ”
လို့ကျောက်ဆောင်နဲ့အရင်ကလည်း စကားလက်ဆုံကျတဲ့သဘောနဲ့ပြောနေတယ်။ ဒါကို
ဝပ်နေတဲ့ မိကျောင်းက … အရင်ရက်တွေက ကျောက်ဆောင်ဟာ မျောက်နဲ့စကားတုံ့ ပြန်
ပြောဆိုပုံပေါ်တယ်၊ ဒီတော့ ငါ့ကိုလည်း ကျောက်ဆောင် အမှတ်အနေနဲ့မှတ်ယူအောင်
စကားတုံ့ပြန်မှပဲ ဆိုပြီး …
“ အို … အရှင်မျောက်၊ ဘာပြောမှာလဲ” လို့တုံ့ပြန်လိုက်တယ်။ ဘုရားလောင်းမျောက်ဟာ
ကျောက်ဆောင်ပေါ်မှာ ၀ပ်နေတာဟာ မိကျောင်းပဲလို့အသေအချာ သိသွားပြီပေါ့။ ဒါနဲ့”
ဘာကြောင့် ကျောက်ဆောင်ပေါ်မှာ အခုလိုလာပြီး ၀ပ်နေတာလဲ” လို့မေးတယ်။ မိကျောင်းက
“ငါ့မယား မိကျောင်းက သင့်နှလုံးသားကို စားလိုတယ်ဆိုလို့သင့်ကို ဖမ်းဖို့ဝပ်နေတာ”
ဖြစ်တဲ့အကြောင်း ပြောတယ်။
ဘုရားလောင်းမျောက်ရဲ့အဖြစ်ကိုကြည့်ရင် ... နေကလည်း မှောင်စပြုလာပြီ၊
ဒီကျွန်းကနေပြီး မိကျောင်းရန်ကလွတ်အောင် တခြားလမ်းလည်းမရှိဘူး၊ ဒါကြောင့်
ဘုရားလောင်းမျောက်က ပရိယာယ်နဲ့မိကျောင်းကို “ အဆွေမိကျောင်း၊ သင့်မယားရဲ့
အလိုဆန္ဒပြည့်အောင် ငါဟာ ငါ့ခန္ဓာကိုယ်ကို စွန့်ပါမယ်၊ ကဲ ... သင့်ခံတွင်းကို ဟထားပါ၊ ငါ
ခုန်လာတဲ့အခါ ငါ့ကို ဖမ်းလိုက်ပေတော့” လို့ပြောတော့ သူ့ပါးစပ်ထဲ ခုန်ဝင်မည့်မျောက်ကို
အသင့်ဖမ်းဖို့ပါးစပ်ကို ဟထားတယ်။ ဘုရားလောင်းမျောက်ဟာ မိကျောင်းရဲ့ဦးခေါင်း
ပေါ်တည့်တည့်ကျအောင် ခုန်တယ်။ မိကျောင်းရဲ့ဦးခေါင်းပေါ်ကို ထောက်စရာရပြီးတဲ့နောက်
လျှပ်ပြက်သလို လျင်မြန်မှုနဲ့မြစ်ကမ်းဆီ ကို ဆက်ပြီးခုန်သွားတယ်။
ဒီနည်းအားဖြင့် ဘုရားလောင်းဟာ မိကျောင်းရဲ့အန္တရာယ်ကနေပြီး
လွတ်မြောက်လာခဲ့တယ်။
ဆိုခဲ့တဲ့အတိုင်း လူကြီးသူမတွေဟာ ဒီအဖြစ်အပျက်ကို ကိုးကားပြီး
ဘေးရန်အန္တရာယ်တွေ ပြုလာမည့်သူတွေကို အောင်နိုင်လွှမ်းမိုးနိုင်ဖို့အတွက် ပရိယာယ်ကို
သုံးအပ်တဲ့အကြောင်း သြ၀ါဒပေးလေ့ရှိတယ်။ ဒီမှာ ဘုရားလောင်းမျောက် မိကျောင်းရဲ့
အန္တရာယ်က လွတ်ခဲ့တာဟာ ပရိယာယ်လေးမျိုးကြောင့် ဖြစ်တယ်တဲ့။
ပရိယာယ်ဆိုတာကို ‘ ဥပါယ် ’ လို့လည်း သုံးနှုန်းကြသေးတယ်။ ပရိယာယ်ဆိုတာ ‘
ရန်အောင်ကြောင်းနည်း’ ရန်သူကို အောင်နိုင်စေတဲ့နည်းလို့အနက်ဖွင့်ကြတယ်။ လတ်တလော
ဉာဏ်သုံးပြီး အန္တရာယ်ပြုသူကို လွှမ်းမိုးအောင်နိုင်ခြင်း နည်းလမ်းလို့လည်း ဆိုတတ်ကြတယ်။
ပြောခဲ့တဲ့ ၀ါနရိန္ဒဇာတ်ကိုကြည့်ရင် ဘုရားလောင်းမျောက်ဟာ ပရိယာယ် ၄ မျိုးကို သုံးခဲ့ရာ
ရောက်တယ်တဲ့။ ဘယ်လိုလေးမျိုးလဲဆိုတော့ (၁) သစ္စာ၊ (၂) ဓမ္မ၊ (၃) ၀ီရိယ၊ (၄) စာဂ
ဆိုတာတွေပဲတဲ့။
(၁) သစ္စာဆိုတာကို ဒီဇာတ်မှာတော့ သူတစ်ပါး ယုံကြည်လာအောင် ကျသွားအောင်
ပြောနိုင်တာကို ဆိုလိုတယ်။ မိကျောင်းယုံသွားအောင် ပြောနိုင်တဲ့အတွက် မိကျောင်းဟာ
ယုံယုံကြည်ကြည်နဲ့ပါးစပ်ဟပြီး စောင့်နေတာ...
(၂) ဓမ္မဆိုတာက ဘယ်လိုလုပ်ရင်တော့ လွတ်မြောက်နိုင်မယ်ဆိုတာကို သိတဲ့ဉာဏ်ကို
ဆိုလိုတာ၊ အကြံကောင်း ဉာဏ်ကောင်းရှိတာ၊ အမြော်အမြင်ရှိတာ၊ ကြံရည်ဖန်ရည်ရှိတာ
ဖြစ်ပါလိမ့်မယ်။ ဘုရားလောင်းမျောက်ဟာ မိကျောင်း ပါးစပ်ဟ နေတဲ့ အခါ
သူ့ဦးခေါင်းပေါ်ကျအောင် ခုန်ရမယ်၊ ဒါမှ ထောက်တည်ရာရပြီး မြစ်ကမ်းဆီကို ဆက်ခုန်နိုင်မယ်...
စသဖြင့် မြော်မြင်တတ်တာ ဖြစ်လိမ့်မယ်။
(၃) ၀ီရိယကတော့ မလျော့တဲ့စိတ်၊ မကြောက်မရွံ့ မတွန့်ဆုတ်တဲ့စိတ်နဲ့
ကြိုးစားလုပ်ဆောင်တာဖြစ်မယ်၊ ဘုရားလောင်းဟာ စိတ်ခိုင်ကြည် ရဲရင့်စွာနဲ့မိကျောင်းရဲ့ဦးခေါ
င်းပေါ်ကျအောင် ခုန်ခဲ့တာပဲ။ ခေါင်းပေါ်ကျပါမှ ထောက်ပြီး တစ်ဖက်မြစ်ကမ်းကို ဆက်ခုန်နိုင်မှာ
မဟုတ်လား။
(၄) စာဂ ဆိုတာကို ဒီဇာတ်မှာတော့ စွန့်လွှတ်စွန့်စားခြင်းကို ဆိုလိုတယ်လို့ပညာရှင်အချို့က
ဆိုကြတယ်။ တခြား နေရာ တခြားအခြေအနေတွေမှာတော့ ပေးကမ်းခြင်းအားဖြင့် လူတွေအပေါ်
အနိုင်ယူခြင်း သဘောရှိတယ်။ ဘုရားလောင်းမျောက်ဟာ တကယ်တော့ မိကျောင်းရဲ့ဦးေ
ခါင်းပေါ်ရောက်အောင် ခုန်ရတယ်ဆိုတာဟာ တကယ့် စွန့်စားချက်ပါပဲ။ လွဲချော်သွားရင်
ဒုက္ခတွေ အများကြီးရောက်စရာရှိတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ရန်သူတွေကပေးလာတဲ့
အန္တရာယ်တွေကို ကျော်လွှားရာမှာ စွန့်စားဖို့က လိုတာပဲ။
ဘုရားလောင်းဟာ မိကျောင်းရဲ့အန္တရာယ်ကနေ လွတ်ခဲ့တာဟာ ဆိုခဲ့တဲ့ပရိယာယ်လေးခု
ကြောင့်ဖြစ်တယ်။ ဒီမှာ ... တချို့က ပရိယာယ်သုံးတာဟာ လိမ်ညာလှည့်စားခြင်း မဟုတ်ဘူးလား။
လိမ်ညာခြင်းဟာ အပြစ်ဖြစ်စေတယ်၊ အကသိုလ်ဖြစ်စေတယ်မဟုတ်ပါလားလို့မေးတတ်ြကတယ။်
တက်သားကို သေကြေလောက်အောင်၊ ဘ၀ပျက်လောက်အောင် မထိခိုက်စေဘဲ
ဒီတက် သားရဲ့ရက်စက်ယုတ်မာမှုကနေပြီး လွန်မြောက်အောင် ပရိယာယ်သုံးခြင်းဟာ
အပြစ်ကြီးလေးမှု မရှိနိုင်ဘူးလို့ထင်ပါတယ်။ ပရိယာယ် သုံးတဲ့အခါမှာ စေတနာက
တစ်ဖက်သားကို သေစေ၊ ပျက်စီးစေရယ်လို့ သဘောမထားရင် ကြီးလေးတဲ့အကုသိုလ်မဖြ
စ်နိုင်ဘူး။ ကိုယ့်ကို သူကသေအောင်၊ ဘ၀ပျက်အောင် ဖျက်ဆီးမည့်အဖြစ်က လွတ်အောင်
ကိုယ်ကစွမ်းဆောင်နိုင်တဲ့အတွက် သူ့အတွက် အကျိုးပြုရာ တောင်ရောက်တယ်လို့ဆိုရမယ်။
ကိုယ့်ကြောင့် သူ့မှာ ပါဏာတိပါတ စတဲ့ကြီးလေးတဲ့အကုသိုလ်ပြုခြင်းမှ သူ့ကို လွတ်သွားစေခဲ့
တယ်မဟုတ်လား။
စေတနာအလိုဆိုးနဲ့ ပရိယာယ်သုံးရင်တော့ အပြစ်ရှိတယ်လို့ပဲ ဆိုနိုင်ပါတယ်။
လူ့လောကမှာ လူမှုပြဿနာတွေက အရှုပ်သားလား။ နီတိဆရာတွေ
ပြောတတ်တာရှိတယ်။ ဘာလဲဆိုတော့ တောကြိုတောင်ကြားမှာ မြက်ကိုစားရင်းနဲ့အေးချမ်းစွာနေ
နေတဲ့သားသမင်ကို သတ်ဖြတ်မည့် မုဆိုးက ရှိနေတတ်တယ်တဲ့၊ ဟုတ်မှာပဲ။
ဘာရန်ညှိုးမှ မုဆိုးအပေါ်မှာ မရှိရှာတဲ့သားသမင်ကို မုဆိုးကလာပြီး ရန်ရှာတာ၊
အသေသတ်ဖို့ရောက်လာတတ်တာလိုပဲတဲ့ လူ့လောကမှာလည်း ကိုယ့်လမ်းကိုယ်သွား၊
ကိုယ့်အလုပ်ကိုယ်လုပ်နေပေမဲ့ကိုယ့်ကို ရန်ရှာလာသူတွေ ပေါ်လာတတ်တာပဲ။
လူ့အဖွဲ့အစည်းတွေမှာလည်း ဒီအတိုင်းပဲ။ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ သူတို့နည်း သူတို့ဟန်နဲ့
အေးချမ်းစွာ နေနေပေမဲ့အဲဒီအဖွဲ့အစည်း ကို အနိုင်ယူချင်တဲ့သူတွေ၊ အဲဒီအဖွဲ့အစည်းရဲ့
နေရာဒေသကို ပိုင်ဆိုင်ချင်သူတွေ ပေါ်လာတတ်တာပဲ။ ဒီလိုပေါ်လာပြီး မိမိအဖွဲ့အစည်းကို
ဖြိုခွဲအနိုင်ယူချင်သူတွေဟာ ဖြိုခွဲနည်း ပရိယာယ်တွေကို သုံးကြတာပဲ။ ရှေးခေတ်က
...အဖွဲ့အစည်းတစ်ခုက အခြားအဖွဲ့အစည်းတစ်ခု ကို အနိုင်ယူချင်ရင် ‘ ဘေဒဥပါယ်’ ဆိုတာကို
သုံးကြတယ်တဲ့။ ဘေဒဥပါယ်ဆိုတာက .. အနိုင်ယူလိုတဲ့အဖွဲ့အစည်းရဲ့စည်းလုံးညီညွတ်မှုကို
ပြိုကွဲအောင် ဖြိုခွဲတဲ့နည်းကို ဆိုလိုတာ။ ‘ ဘေဒဥပါယ်’ ကလည်း အမျိုးအစား ၃ မျိုးရှိတယ်။
ပထမအမျိုးအစားကတော့ အချစ်ပျက်ပြယ်အောင်လုပ်တဲ့ ပရိယာယ်ကို ဆိုလိုတယ်။
အဖွဲ့အစည်းထဲမှာ အချင်းချင်း သင့်တင့် ညီညွတ်နေရင် စည်းလုံးနေရင် အဲဒီအဖွဲ့အစည်းကို
အနိုင်ယူဖို့မလွယ်ဘူး။ ဒါကြောင့် အဲဒီအဖွဲ့အစည်း အင်အားဆုတ်ယုတ်သွားအောင် တစ်ဦးနဲ့တစ်ဦး
အထင်အမြင်တွေလွဲအောင်၊ သဘောထားတွေ ကွဲလွဲအောင် ကုန်းတိုက်စကားတွေနဲ့
သွေးခွဲတဲ့နည်းဖြစ်တယ်။ ဗုဒ္ဓစာပေတွေမှာ တွေ့ဖူးမှာပဲ။ ဘာလဲဆိုတော့ မင်းဖြစ်သူက
ဝဿကာရပုဏ္ဏားကို စေလွှတ်ပြီး ဝေသာလီမင်းသားတွေကို အချင်းချင်း၊ အချစ်ပျက်အောင်၊
ညီညွတ်ခြင်းပျက်စီးအောင် ပြုလုပ်ခဲ့ဖူးတယ်။
ဒုတိယနည်းကတော့ ဗိုလ်ပါအင်အား၊ လက်နက်အင်အား၊ ဓနအင်အား စသည်တို့ကို
ပြပြီး အရှိန်နဲ့တစ်ဖက်အဖွဲ့အစည်းက လူတွေကို ကြောက်လန့်စေတာ၊ ဒီလိုကြောက်လန့်ပြီး
သူတို့ဘက်ကို ၀င်ရောက်လာစေခြင်းဖြင့် တစ်ဖက်အဖွဲ့အစည်းရဲ့ စည်းလုံးမှုကို ပျက်စေတဲ့
နည်းဖြစ်တယ်။ တတိယနည်းကတော့ ကြိမ်းဝါးခြင်း၊ ခြိမ်းခြောက်ခြင်းမျိုးစုံနဲ့တစ်ဖက်အဖွဲ့အစည်း
ရဲ့ညီညွတ်မှုကို ပျက်စေတဲ့နည်းဖြစ်တယ်။
ရှေးခေတ်က နီတိစာပေတွေမှာ ပရိယာယ်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာတွေ
အများကြီးရှိတယ်။ ပရိယာယ် တွေကလည်း အမျိုးကို စုံနေတာပဲ။
ဒီခေတ်ကြီးမှာလည်း တစ်ဦးက တစ်ဦးကို အဖွဲ့အစည်းတစ်ရပ်က
အခြားအဖွဲ့အစည်းတစ်ရပ်ကို ပရိယာယ်တွေသုံးပြီး လွှမ်းမိုးအနိုင်ယူတာမျိုးတွေ ရှိနေမှာပါပဲ။
ကိုယ့်ကို ထိပါးလာတဲ့အခါ၊ ကိုယ့်အဖွဲ့အစည်းကို ထိပါးလာတဲ့အခါမှာ တုံ့ပြန်ရတာမျိုးတွေ
ရှိတာပါပဲ။ ကိုယ့်ကို အနိုင်မယူနိုင်ဖို့အတွက်၊ ကိုယ့်အဖွဲ့အစည်းကို အနိုင်မယူနိုင်ဖို့အတွက်
ထိပါးလာသူတွေထက်သာတဲ့ ပရိယာယ်တွေ၊ အသိသတိတွေ ရှိနေဖို့လည်း လိုမှာပါပဲ။
ကိုယ်ကျင့်တရားရှုထောင့်ကနေ ကြည့်ရင်တော့ စေတနာအလိုဆိုးနဲ့တစ်ဖက်သူတွေ
ပျက်စီးအောင် အသုံးပြုလာတဲ့ နည်းတွေကတော့ အလွန်အကုသိုလ်များတယ်လိုယူ
ဆရမှာပဲ။ မိမိဘက်ကလည်း စေတနာအလိုဆိုး မဖြစ်ဖို့၊ နောင်တရလို့မဆုံးနိုင်အောင်
မှားယွင်းတဲ့နည်းပရိယာယ်တွေကို မသုံးမိဖို့ကိုတော့ သတိထားရမှာ ဖြစ်တယ်။
(၂)
အထက်ပါအကြောင်းအရာတို့ကို ပြောပြသူ၏ စကားဆုံးသောအခါ
အခြားမိတ်ဆွေတစ်ဦးက “ ၀ဓဒဏ္ဍဥပါယ်” အကြောင်း စကားဆက်ပါသည်။ ၀ဓဒဏ္ဍဥပါယ်
၏ အနက်အဓိပ္ပါယ်ကို သူက အကျယ်တ၀င့် ရှင်းပြသည်။ ထို့ နောက် ဤ ၀ဓဒဏ္ဍဥပါယ်
ကို စေတနာအလိုဆိုးဖြင့် မှားယွင်းစွာ အသုံးပြုမိပါက အသုံးပြုမိသူ၌ အကုသိုလ်အပြစ်
ကြီးလေးစွာကျရောက်နို်င်ကြောင်း၊ နောင်အခါ၌ လည်း မိမိမှားယွင်းစွာပြုခဲ့မိခြင်းကို
ဖြေဆည်လို့မရလောက်အောင် နောင်တတရားတို့ရနေနိုင်ကြောင်း ရှင်းပြနေပါသည်။
ကျွန်တော်က ပရိယာယ်တွေအကြောင်း ပြန်ပြောင်းစဉ်းစားရင်း ... ကိစ္စများမြောင် လူတို့ဘောင်
ဆိုသည့်စကား၊ ပြဿနာရှုပ်လှ လူ့ဘ၀ ဆိုသည့်စကားများအကြောင်းကို တစ်မျှော်တစ်ခေါ်
ထိုနေ့က တွေးတောမိနေပါသည်။

ရွှေမော်ကွန်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More