နေရစ်ခဲ့ လွမ်းဖွဲ့ ဒဏာရီ

နေရောင်ခြည်ရဲ့ အလင်းစက်တချို့က ခုန်ပေါက်ကာ မှန်ပြတင်းတံခါးဆီမှ သူ့မျက်နှာကို ခပ်နွေးနွေးလေး နမ်းရှုံ့လာသည့်အတွက် လေးအိနေတဲ့ မျက်လုံးများကို အားတင်းကာ ခပ်ဖြည်းဖြည်းလေး သူ ဖွင့်လိုက်သည်။ တစ်ဆက်တည်းမှာပဲ သူရဲ့ ထမ်းဆောင်နေကျဖြစ်တဲ့ နံနက်ခင်းလေနုလေးတွေကို ရှုရှိုက်ဖို့ ပြတင်းတံခါးကိုလှစ်ဟကာ နံနက်ခင်း အလှကို နှုတ်ဆက်လိုက်သည် ။ 

သူ၏အိပ်ယာအခန်းက ၂ထပ်မှာရှိနေပြီး အိပ်ယာပြတင်းတံခါးလေးက ကြည့်လျှင် အိမ်ဘေးရှိ မြေနီလမ်းကလေး၏ မရိုးနိုင်သော မြင်ကွင်းအစုံကိုသူနေ့စဉ်နှင့်အမျှ တွေ့မြင်ခွင့်ရနေသည်။ အိပ်ယာနိုးတိုင်းလည်း လတ်ဆတ်တဲ့ လေနုသွေးလေးတွေကို ရှုရှိုက်ရင်း မြေနီလမ်းကလေးကို သူငေးမောနေကြ။ ထိုပုံရိပ်တွေထဲကမှ ၊ လွယ်အိတ်လေးကိုယ်စီလွယ်လို့ ကျောင်းသွားဖို့ လျှောက်လာနေတဲ့ ကောင်မလေး ၃ ယောက် ၊ ဒီအချိန်၊ ဒီလမ်းက သူတို့အမြဲလျှောက်သွားနေကြမို့ သူသတိထားမိနေသည်။ အထူးသဖြင့် သူတို့ထဲက အရပ်ခပ်မြင့်မြင့်၊ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးရဲ့ လမ်းလျှောက်ပုံလေးက ဆောင့်ကြွားကြွားနိုင်တာမို့ ကြည့်ရတာ တမျိုးလေးထူးဆန်းနေသည်၊ သူမဆံနွယ်တွေက မဟူရာလိုနက်မှောင်ကာ ရှည်လျားစွာ ဖြောင့်စင်းလို့.....။ တွေးနေဆဲမှာပင်ကောင်မလေးက သူ့ပြတင်းတံခါးဆီ အမှတ်မထင်မော့ကြည့်လာသည်။ အင်အားပြင်းထန်တဲ့ ငလျင်တခုက သူရင်တွင်းဝင်ရောက်ကာလှုပ်ခတ်သွားခဲ့သည်။ ဒီအကြောင်းတွေကို ကောင်မလေးကတော့ သိမည်မထင်၊  
ဒီနေ့ သူအတန်းပြီးလို့ RC 2 ကနေ အိမ်ကို တန်းမပြန်သေးဘဲ ၆မိုင်ခွဲ ရွှေဟသာင်္လမ်းမှာနေတဲ့ သူငယ်ချင်း ရှိရာဝင်ဖြစ်ရင်း သူငယ်ချင်းဆီမှေ၇ွှဥဒေါင်းရဲ့စာအုပ်တအုပ်ကို ငှားလာခဲ့မိသည်။ သူငယ်ချင်းနဲ့ စကားပြောဆိုပြီးလမ်းခွဲတော့ နေက အတော်စောင်းနေသည်။ နေအေးချိန်မို့ ကန်ဘောင် က လူစည်သည်။ ညနေခင်းအလှနဲ့ ပနာတင့်နေတဲ့ အင်းလျားကန်ဘောင်အလှကို ငေးရင်း လှည်းတန်းဆီသို့ လမ်းလျှောက်လာခဲ့သည်။ လှည်းတန်း မှာဘတ်စကားစောင့်ရင်း စာအုပ်ကို မြည်းနေတာမို့ ပတ်ဝန်းကျင်ကို ဂရုမထားမိလိုက်၊ ဘတ်စကား တစ်စီးထိုးဆိုက်လာသည်။ ထိုးစိုက်လာသောဘစ်စကားပေါ်သူ့ထက်ငါ တိုးဝှေ့တက်နေသည့် လူအုပ်ကြားထဲ တိုးဝှေ့ဝင်လိုက်ရင်း ကားပေါ်တက်လိုက်မိသည်၊ ဟော ... တက်နင်းမိသွားပြီ။ ကိုယ့်ရှေ့ကတက်နေတဲ့အမျိုးသမီးတစ်ဦး၏ ဖိနပ်။ အနောက်ကတိုး ဘေးက တိုက်နဲ့မို့ အလျင်လိုမိတာခြင်းရဲ့ ရလဒ်။ "ရှင်ဘယ်လိုလူလည်း ဒီမှာဖိနပ် ပြတ်သွားပြီ၊" အသံစွာစွာနဲ့ သူ့ဘက်လှည့်ပြောလာသည့် အမျိုးသမီးကို ကြည့်ရင်း သူအံ့သြသွားခဲ့သည်၊ သူ့အိမ်ဘေး မြေနီလမ်းကလေးကို နေ့စဉ်ဖြတ်လျှောက်သွားနေတဲ့ ကောင်မလေး"ကျနော်တောင်းပန်ပါတယ်" "ဘိနပ်အသစ်ဝယ်ပေးပါ့မယ်"၊ တောင်းပန်ရင်း သူမမျက်နှာကို ကြည့်လိုက် မိသည်၊ သူမမျက်နှာ ညိုညိုလေးမှာပန်းနုရောင်တွေ ဖြတ်သန်းစီးဆင်းနေတာတွေ့နေရသည်။၊ ဒီလိုနဲ့ ဘတ်စကားစီးရင်း ဈေးကွေ့မှတ်တိုင်မှာဆင်းပြီး သူမအတွက် ဖိနပ်တရံကို ၀ယ်ပေးဖြစ်ခဲ့သည်။ ကောင်မလေးရဲ့အပေါင်းအသင်းတွေက ပြုံးစိစိနဲ့လုပ်ရင်း ခေတ်သစ် စင်ဒရဲလားလို့ တိုးတိုးလေး စနေတာမို့  သူမစိတ်ဆိုးဒေါသတွေက ပြယ်လွင့်သွားပြီအထင်နဲ့ စကားပြောကြည့်မိရင်း မိတ်ဆက် လိုက်သည်၊ မြေနီလမ်းကလေး၊ ပြတင်းပေါက်လေးအကြောင်းပြောပြတော့ သူမမှတ်မိသွားပုံ ရသည်၊ ဒီလိုနဲ့ ဆံပင်ရှည်ရှည်နဲ့ကောင်မလေး၏အမည်ကို သိခွင့်ရလိုက်သည်။ ခိုင်လေးငယ်တဲ့။
ဲဒီည ကောင်းကင်ကမခို့တရို့နဲ့
လှနေလိုက်ပုံများ ကြယ်စင်အလင်းတွေနဲ့
လေညှင်းလေးတွေ တေးသွားကြူးတဲ့ည
ငါ့ဂီတဘဲပေါ့ ခိုင်လေးရေ...........
 


အဲဒီညက သူအိပ်လို့မရခဲ့။ ပြတင်းတံခါးကိုဖွင့်ရင်း ကောင်းကင်အားမော့ကြည့်လိုက်သည်၊။လ တစ်ခြမ်းပဲ့လေး ဘေးမှာ ကြယ်စင်အလင်းတွေပိုးပိုးပေါက်ပေါက်နဲ့ လှချင်တိုင်းလှနေသည်။ ကာင်းကင်မှာ သူမမျက်နှာကိုပုံဖော်ကာ ငေးမောရင်း စိတ်ကူးတွေရွက်လွှင့်နေမိခဲ့သည်။ ဘယ်အချိန် အိပ်ပျော်သွားသည် မသိ၊ မမ လာနှိုးမှ နိုးလာရသည်မို့ ကျောင်းနောက်ကျနေမှန်း သိလိုက်ပြီ။ အမြန်ထပြီး အပြေးတစ်ပိုင်းဖြင့် ကျောင်းကို သူလစ်ခဲ့ရသည်။ အတန်းထဲ မှာ တစ်နေကုန် အိပ်ငိုက်နေသည့်သူ့ကို သူငယ်ချင်းတွေက အစာမကြေ၊ အတန်းပြီးရင် ကန်ဘောင်မှာဗူးသီးကြော်သွားစားရင်း လေကန်ကြမည်။ မလိုက်မနေရ အမိန့် ထုတ်လာသည်မို့ သူလိုက်ခဲ့ရသည်။
ကန်ဘောင်ကစားပွဲပုလေးတွေရှိရာ လျှောက်ရင်း သူမတို့သူငယ်ချင်းတွေထိုင်နေတာ သူမြင်လိုက်ရတော့ သူ့မျက်လုံးတွေ ကျယ်သွားပြီး လန်းဆန်းလာသလိုပင်၊ သူမသူငယ်ချင်းက သူ့ကိုဘာလှမ်းပြောလိုက်သည်မသိ၊ သူမက လှည့်ကြည့်၇င်း ပြုံးပြသည်၊ သူနဲ့အတူပါလာတဲ့ သူငယ်ချင်းကိုလည်း လှမ်းနှုတ်ဆက်တော့ သူအံ့သြမိသွားသည်၊ သူ့သူငယ်ချင်း ကိုကိုမြင့်က ဒါငါတို့အိမ်ဘေးကလေလို့ ပြောမှ အပျော်စိတ်နဲ့ရှက်စိတ်ရောပြီး သူငယ်ချင်း လက်မောင်းကို လှမ်းထိုးမိတဲ့ အခါ သူငယ်ချင်းက နားမလည်သလို သူ့ကိုလှမ်းကြည့်လိုက်တာသိတော့မှ အရှိန်ရပ်လိုက်မိသည်။ သူမနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သူငယ်ချင်းဆီမှ တစ်ဆင့်သူသိခွင့်ရလိုက်ချိန်မှ စပြီး ကိုကိုမြင့်အိမ်သို့ ချောင်းပေါက်မတတ်ေ၇ာက်ဖြစ်ခဲ့ရင်း ခိုင်လေးငယ်နဲ့ရင်းရင်းနှီးနှီး ဖြစ်လာခဲ့သည်၊ ဒီလိုနဲ့ ညဘက်တွေမှာ လက်ဖက်သုပ်ဆိုင်ထိုင်ရင်း လေပေါတတ်တဲ့ သူမတို့အုပ်စုထဲ သူပါနေတတ်ပြီး၊ လက်ဖက်ရည်ဆိုင် မထိုင်တော့တဲ့ သူ့သူငယ်ချင်းတွေက သူ့ကို သစ္စာဖောက် အဖြစ်စွပ်စွဲလာကြသည်၊ သူကတော့ ခိုင်လေးငယ်ဘေးမှာနေနေရလျှင် အရာရာအားလုံးကို မေ့ပျောက်နေသူအဖြစ် ပျော်စံနေခဲ့ပြီလေ။ 
သနပ်ခါးရေကျဲ ပါးကွက်ကြားနဲ့
ရိုးသားစွာလှတဲ့
ခိုင်လေးရေ
မင်းရဲ့အလှကိုမှ တန်ဘိုးထား
မြတ်နိုးတတ်သူဟာ ကိုယ်ပါဘဲကွယ်၊
 


ခိုင်လေးငယ်နဲ့ လက်ဖက်သုပ်ဆိုင်ကအပြန် အသီးသီးလမ်းခွဲကြတော့ ဂွတ္တလစ်ထဲက သူမနေအိမ်ရှိရာကို သူလိုက်ပို့ဖြစ်သည်။ လေညှင်းလေးတွေကြောင့်ထုံးသင်းမွှေးပျံ့နေတဲ့ သနပ်ခါးနံ့ သင်းသင်းတွေဟာ သူ့ နှလုံးခုန်သံကို ထိန်းချုပ်မဲ့အောင် ဖြစ်စေခဲ့တယ်လေ။ သူမကို ချစ်တယ်ဆိုတဲ့စကားကို ရူးသွပ်မိုက်မဲမူစွာ ပြောလိုက်မိတာ မှားတယ် ဆိုရင် အဲဒီမှားယွင်းမူတွေအတွက် ကျေနပ်စွာခံယူလိုက်ချင်ပါသည်။ သူမရဲ့ ဆွံ့အနေတဲ့ တိတ်ဆိတ်လမ်းခွဲမူကို ကြည့်ရင်း လူကအင်အားမဲ့သွားစေခဲ့တာတော့ အမှန်ပါဘဲ၊ အဲဒီညက သူမနဲ့ပတ်သက်လို့ ကဗျာတပုဒ်ေ၇းဖြစ်ခဲ့မိသည်။ နောက်တစ်နေ့ သူမနဲ့ ပြန်တွေ့တဲ့ အခါ နဲနဲခပ်စိမ်းစိမ်းလေးဖြစ်နေသလိုခံစားရသည်၊ သူမပုံက ရှက်နေသည့် ပုံပါပဲ၊ တစ်လလောက်ြကာတဲ့ အခါ သူမဆီက စာလေးတစောင် သူငယ်ချင်းဆီမှတစ်ဆင့်ပေးလာသည်၊ သူမ နေမကောင်း ဖြစ်နေသည်တဲ့ အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မထိုင်နဲ့၊ ဆေးလိပ်အများကြီး မသောက်နဲ့ နေကောင်းမှတွေ့ကြမယ်နော်ဆိုတဲ့ သူမရဲ့ စာဖတ်ရင်း ရင်ထဲမှာ ပီတိဖြစ်မိသည်၊ ပီတိနဲ့ အတူ သူမ အပေါ် စိုးရိမ်စိတ်များကလည်း တဖွားဖွား ပေါ်လာမိသည်။ နေကောင်းလာစ ကျောင်းတက်မယ့်နေ့မှာဘဲ သူမကိုလိုက်ပို့ဘို့ သူမသူငယ်ချင်းနဲ့ မှာလိုက်တာမို့ သူမကိုကားဂိတ်က စောင့်နေလိုက်မိသည်၊ တလှမ်းခြင်းလျှောက်လာတဲ့ သူမခြေလှမ်းတွေက သွက်လက်မူ မရှိသေး၊ ဖျော့တော့တော့အသားရောင်အောက်မှာ သူမမျက်လုံးတွေကတော့ တောက်ပရွှန်းလဲ့နေတာ အမှန်ဘဲ၊ အဲဒီနေ့က ကန်ဘောင်မှာ သူမလက်ကို ပထမဦးဆုံး ကိုင်ပြီး ချစ်သူဖြစ်ခဲ့တဲ့နေ့တနေ့မို့ တသက်မေ့ရက်စ၇ာရှိမှာ မဟုတ်တော့ပါဘူးလေ၊ ချစ်သူတွေဖြစ်ကြပြီဆိုတော့ သူမအနားမှာ သူကအရိပ်တခုလို ကပ်ညှိလိုက်ပါလျှက် သူမလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရတာကို ကျေနပ်နေမိခဲ့တယ်၊ အရာရာအားလုံး သူမအလိုကျဖြစ်စေခဲ့ရတာကြီးဘဲလေ၊ သူမထက်အသက်တစ်နှစ်ကြီးတဲ့ သူကိုကလေးတယောက်လို နွဲ့ဆိုးဆိုးတတ်တဲ့ သူမကို သူမျက်စီ အောက်က အပျောက်မခံချင်၊ သူမနှင့်မတွေ့သည့်အချိန်တွေမှာ သူ့မှာမနေတတ်မထိုင်တတ်၊ သူကအဖြစ်သည်းနေသလောက် သူမကတော့ သူ့အပေါ်တခါတရံ ခပ်စိမ်းစိမ်း ဆက်ဆံတတ် သလိုပါဘဲ၊ ဒီလိုနဲ့ချစ်သက်တမ်းတွေက ရက်မှ လ၊ လ မှ နှစ် ဆီ ပြောင်းလဲလာခဲ့သည်။ ချစ်သူသက်တမ်း၂နှစ်ပြည့် နေ့ရက်မှာတော့ သူမနဲ့ အတူ ရွှေတိဂုံဘုရားသွား ဖြစ်ကြသည်။ ဘုရားမှာ ဆုတောင်းအပြီး သူမထံမှ လက်ဆောင်တစ်ခု ပေးလာသည်။ ဂျင်းဘောင်းဘီအမြဲဝတ်တတ်တဲ့ သူ့ကို ပုဆိုးဝတ်တာမြင်ချင်လို့ ပေးတဲ့အမှတ်တရတဲ့၊ သူမဆီက လေးနက်တဲ့ စကားသံတချို့လည်းကြားနာခဲ့ရတယ်၊ "ကိုအခုတလော မူမမှန်ဘူးနော်"၊ "အန္တရယ်ရှိတဲ့အလုပ်တွေ မလုပ်တာကောင်းမယ်"၊ "ရှေ့ရေးအတွက်စဉ်းစားပြီး ကြိုးစားစေချင်တယ်"၊ သူဆွံ့အနေခဲ့သည် ။သူမစကားသံတွေအောက်မှာ သူဘာမှပြန်မပြောမိ၊ သူဘာလုပ်နေလဲ ဆိုတာ သူမသိနေပြီပေါ့၊ ၁၉၉၁ခုနှစ် သြဂုတ်လ ။ အဲဒီနေ့ည လမ်းထိပ်ကအုတ်ခုံမှာထိုင်ရင်း သူငယ်ချင်းတွေနဲ့ အတူထိုင်ရင်း သူ့ စိတ်တွေကလေးလံနေသည်၊ နေမကောင်းဖြစ်ချင်သလို လူကအိပ်ချင်နေတာမို့ ည၁၀နာရီခွဲလောက် အိမ်ပြန်ခဲ့လိုက်သည်။ လူက အိပ်ပျော်သွားသည်။ ဘာဆိုဘာမှမသိ ။ တစုံတဦးက လာလှုပ်နိုးလိုက်သလိုခံစားလိုက်မိသည်။ မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတောသူ့ ခြင်ထောင်တခုလုံးကိုမတင်ထားပြီး သေနတ်နဲ့ ချိန်ထားတဲ့ အစိမ်းရောင်ယူနီဖောင်းဝတ် လူတစ်စုကို သူတွေ့လိုက်ရတယ်၊ ဘာမှပြင်ဆင်ချိန်မရလိုက်တော့ ၊ အိမ်အောက်ရောက်တော့ ကား၂စီးကအသင့်စောင့်နေသည်။ ကားတစ်စီးပေါ်မှ လူတစ်ယောက်ကိုခေါ်ချလာပြီး သူ့ကိုပြသည် ၊ဒီကောင်မဟုတ်လား မေးတော့ သူ့သူငယ်ချင်းက ဘာမှပြန်မပြောနိုင်ဘဲ ခေါင်းဘဲ ညိတ်ပြလိုက်သည်၊ လက်ထိပ်နောက်ပြန်ခတ်၊ မျက်နှာအ၀တ်မည်းအုပ်စည်းခံလိုက်ရပြီး အိမ်ပြင်အထွက်မှာ အမေနဲ့အမရဲ့ ရှိုက်သံသဲ့သဲ့က နောက်ကျောဘက်ဆီမှာ ဝေးလွင့်ကျန်ခဲ့သည်။ သူမက သူ့ကိုထောင်ဝင်စာလာမတွေ့သလို သူကိုယ်တိုင်ကလည်း လာမတွေ့စေချင်၊ ဘယ်သူ့ကိုမှ သူကြောင့်ဒုက္ခမပိုစေချင်တာအမှန်၊ အထဲမှာဖြတ်သန်းနေ၇သည့်ဘ၀က ခါးသီးလှသည်၊ လွတ်လပ်ခြင်းနဲ့ အမှန်တရားဆိုတဲ့ အလင်းေ၇ာင်ကိုထွန်းညှိဘို့ ကြိုးစားနေသူတယောက်အတွက် ရလိုက်တဲ့ ရလဒ်က အမှောင်တိုက် အဆုံးစွန်ထိရက်စက်မူတွေနဲ့ ပြည့်နှက်နေတဲ့ ငရဲခန်းတခုထဲ .......... ၁၉၉၄ ခုနှစ် သူအမှောင်တိုက်ထဲကလွတ်လာတယ်၊ ဒါပေမယ့် အထဲမှာ ကျမ်းမာရေး ဆိုးဝါးနေမူတွေအပြင် သွေးဝမ်းတွေသွားနေခဲ့တဲ့သူ့အတွက်အင်အားက ဆုတ်လျှော့နေတာတော့အမှန် ။ လမ်းကောင်းကောင်း မလျှောက်နိုင်ပေမယ့် သူက သူမကိုအရမ်းတွေ့ချင်နေမိသည့် စိတ်ရဲ့ ခိုင်းစေချက်အတိုင်း သူမတို့လမ်းထဲက သူ့သူငယ်ချင်းရှိရာကို သူသွားခဲ့သည်။ ဆံပင်ရှည်ရှည်တွေနဲ့ ပိန်လှီလှီအားဖျော့နေတဲ့ သူ့ကို သူငယ်ချင်းက အံ့သြမူတွေနဲ့ ကြိုဆိုသည်။ သူမကိုသူတွေ့ချင်တယ် လို့ ပြောတော့ သူငယ်ချင်းက ဆိတ်ငြိမ်မှုတွေနဲ့ ၀မ်းနည်းမူကို ဖော်ပြလာသည်။ စိုးရိမ်စိတ်တွေ အပြည့် နဲ့ သူငယ်ချင်းကိုမေးခွန်းများစွာမေးမိခဲ့သည်။ သူမဘာဖြစ်လို့လဲ စသည့် မေးခွန်းများဖြစ်သည်။ သူမအကြောင်းကို အရမ်းသိချင်သည်။ သူမ ဘာတွေလုပ်နေလဲ....... ခေါင်းကိုလေးဖင့်စွာခါကာ ပြောလာသော သူ့သူငယ်ချင်းရဲ့ ပြောစကားတွေက သူ့အတွက် ဒိးုင်းနမိုက်တလုံး နားအနီးမှာ ကပ်ပေါက်ကွဲသွားသလို........သူမလက်ထပ်တော့မယ်...သူမအိမ်ထောင်ပြုတော့မယ် ဒီစကားတွေက  သူ့ရဲ့ ချိနဲ့နဲ့ အင်အားတွေကို ဟိုးအဝေးတောင်ကုန်းတွေဆီကို လွှင့်ပစ်ခံလိုက်ရသလို၊  
ငါ နေထိုင်နေတဲ့ ဟောဒီကမ္ဘာမြေကို ချစ်တယ်၊ 
ပြီးတော့ စမ်းချောင်းလေးနဲ့ ငါးကလေးတွေကိုချစ်တယ်။ 
ပန်းကလေးတွေကိုချစ်တယ် ၊ လေညှင်းလေးတွေကိုလည်းချစ်တတ်ခဲ့သူပါကွယ်။ 
ရင်ထဲက စကားတွေထက် အပိုစကားတွေမပြောတတ်ခဲ့သူ 
အဲဒီလူဟာ မင်းကိုချစ်တယ်ဆိုတဲ့ စကားထက် 
တန်ဘိုးကြိးတဲ့လက်ဆောင် မပေးဆပ်နိုင်ခဲ့သူပါ ဘာပဲဖြစ်ဖြစ် ခိုင်လေးငယ်ကို သူတွေ့ချင်တယ်၊ နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ်ပေါ့ ၊ သူငယ်ချင်းရဲ့ အကူအညီနဲ့ သူမ ကို တွေ့ခွင့်ရခဲ့သည်။ အဲဒီည။ သူနဲ့ သူမ နောက်ဆုံးဆုံခဲ့သည့် ည။ သူမ က အနက်ရောင် ၀မ်းဆက်ကို ၀တ်ပြီး သူမရဲ့ ညီအမတွေနဲ့အတူထွက်လာပြီး သူ့ကိုလာတွေ့သည် ၊ သူမကိုတွေ့လိုက်ရတဲ့ အချိန် မှာ တုန်ရီမူတွေပြည့်နေတဲ့ နှုတ်ခမ်းက ဘာစကားမှထွက်မလာဘဲ ငေးကြည့်မိနေလိုက်မိသည်။ သူမက တိတ်ဆိတ်မူ တွေ ကို စဖြိုခွင်းလာ သည်။၊ “နေမကောင်းတဲ့ပုံဘဲနော်၊ အထဲမှာ တော်တော်ဒုက္ခခံစားရမှာပ”ဲ ဆိုတဲ့စကားကို သူဘာမှမဖြစ်ဘူးလို့ခေါင်းခါပြလိုက်မိသည်၊ “အားလုံးသိပြီးလောက်ေ၇ာပေါ့၊ ကိုမြင့်ပြောပြတယ်မဟုတ်လားဆိုတဲ့စကားသံနဲ့ သူမလက်ထဲက သူ့အမည်ရေးထိုးထားတဲ့ ပန်းေ၇ာင်ဖိတ်စာစာအိတ်လေး လက်ထဲကိုပေးလာသည်၊ မသေချာတဲ့ ခရီးလမ်းကိုလျှောက်လှမ်းဘို့ ကျမသတ္တိမရှိဘူး၊ သေချာတဲ့ဘ၀တစ်ခုကိုဘဲ ရွေးချယ်မိလိုက်တယ်၊ အဲဒီအတွက်နားလည်ခွင့်လွှတ်ပေးပါ၊ နောက်တခုက သူငယ်ချင်းတွေမင်္ဂလာဆောင်တိုင်း ဓါတ်ပုံရိုက်ပေးနေတဲ့ နင့်ကို အဲဒီပွဲကို ဓာတ်ပုံလာရိုက်ပေးဘို့ ငှားပါရစေ”။ စာအိတ်လေးနဲ့ထည့်ပေးလာတဲ့ သူမရဲ့ပိုက်ဆံကို သူငြင်းပယ်လိုက်ရင်း ဘာမှမဖြစ်သလို သူရယ်မောပစ်လိုက်သည်။ ရယ်သံတွေက ခြောက်ကပ်ကပ်နဲ့ပေါ့...... ဘာမှမဖြစ်ပါဘူး။ လာနှုတ်ဆက်တာတခုတည်းရှိတယ်။ ဓါတ်ပုံရိုက်ပေးပါ့မယ်၊ လက်ဖွဲ့လို့သဘောထားပေါ့ ။ ဒီစကားတွေထက် သူအပိုမပြောတတ်တော့.... သူ့မှာ အင်အားတွေ မရှိတော့ဘူးလေ။ ခန်းမဆောင်တခုလုံး လူတွေက အပြုံးမျက်နှာတွေနဲ့ မင်္ဂလာယူနေကြသည်။၊ အခါတော်ပေး မင်္ဂလာတေးသံတွေက ကန်တော်ကြီးရေပြင်ရဲ့ဘေးဆီကိုပါ ဖိတ်စင်ကျကုန်ပြီး လွှင့်ပျံနေသည်။ သူကင်မရာကိုလွယ်ရင်း သူမတို့ မင်္ဂလာဆောင်ခန်းမဆောင်ထဲ ၀င်လာမယ့်အချိန်ကို နေရာယူရင်း စောင့်နေလိုက်သည်။ သူနဲ့သူမအကြောင်းတွေကို သိနေတဲ့သူငယ်ချင်းတွေက သူ့ကိုမြင်တော့ စိတ်မကောင်းဟန်နဲ့ လာနှုတ်ဆက်ကြသည်။ ပြုံးပြယုံကလွှဲလို့ သူဘာစကားမှ ပြန်မပြောမိ။

သတို့သားနဲ့သတို့သမီးတို့က ခန်းမဆောင်ထဲ တစ်လှမ်းချင်းဝင်လာနေတယ်။ သူမမျက်လုံးတွေက သူ့ဆီဝှေ့ဝဲရောက်လာတဲ့အချိန်၊ သူကင်မရာကို အသင့်ချိန်ပြီး မှန်ဘီလူးပေါက်ကနေ သူမကို ချိန်ရွယ်လိုက်တယ်။ တုန်ရီနေတဲ့ လက်အစုံကိုထိမ်းထားရင်းက ရိုက်ဘို့ ဖို့ကဒ်ချိန်နေရင်း အမြင်တွေက ၀ိုးတ၀ါးနဲ့ သူ့မျက်လုံးအိမ်တွေက မျက်ရည်တွေ ရစ်သိုင်းဝေသီလာသည်။ ဘာကိုမှ သဲကွဲစွာမမြင်ရတော့ ၊ ကင်မရာခလုတ်တချက် "ဂျောက်"ကနဲ တချက်နှိပ်လိုက်တိုင်း ကြွေလွင့်သွားတဲ့ နှလုံးသားတွေက တစ်စစီ .....တစစီကို ပဲ့ကြွေလွင့်စဉ်ကျသွားခဲ့ပြီလေ..................။
 
လောကမှာချစ်သူတိုင်းပိုင်ဆိုင်ချင်ကြပေမယ့် ၊ ပိုင်ဆိုင်ခွင့်မရှိတော့တဲ့အခါ၊ ပိုင်ဆိုင်ခွင့်မရတော့တဲ့အခါ၊ စွန့်လွှတ်ခြင်းတွေနဲ့ ချစ်နေလို့ရပါတယ်၊ သူကသူမကိုချစ်တာ ချစ်တာတခုတည်းနဲ့ကို ရင်ထဲမှာ မြတ်မြတ်နိုးနိုး ချစ်နေမိခဲ့တာ၊ သူမပျော်ရွှင်မူတွေက သူ့ပျော်ရွှင်မူတွေပါဘဲ၊သူမကို သူချစ်တယ်လေ၊ မပိုင်ဆိုင်ရပေမယ့် ချစ်နေလို့ရတာဘဲ၊ သူချစ်နေဆဲ....... သူချစ်နေဆဲ.... ပြီးတော့ ...သူမနဲ့ပတ်သက်တဲ့ အတိတ်ဟောင်းလေးတွေကိုလည်း သူအမှတ်ရနေဆဲပါ၊ အဲဒီအမှတ်တ၇တွေက သူ့ဘ၀မှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်တော့တဲ့ပန်းချီကားလေးတချပ်အဖြစ် ရင်တွင်းပြခန်းမှာ ထာဝရနေရာယူ နေတော့မှာပါ..............။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More