မြန်မာ့ နိုင်ငံရေး သမိုင်း လေ့လာချက် ကိုလိုနီခေတ် သမိုင်း ၀င် မဂ္ဂဇင်း တစ်စောင်


၁၉၃၆ ခုနှစ် ဇန်န၀ါရီလတွင် သမိုင်း မှတ်တမ်း တင်ရမည့် မဂ္ဂဇင်း တစ်စောင် ပေါ်ထွက် လာခဲ့သည်။ ယင်း မဂ္ဂဇင်းမှာ အိုးဝေ မဂ္ဂဇင်းပင် ဖြစ်ပါသည်။ အိုးဝေ မဂ္ဂဇင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ မှ ထုတ်ဝေ ခဲ့ခြင်း ဖြစ်သည်။ ၁၉၃၆ခု ဇန်န၀ါရီလတွင် မဂ္ဂဇင်းအ တွဲ ၅၊ အမှတ် ၁ ကို ထုတ်ဝေ ပါသည်။ ဤ မဂ္ဂဇင်းကို ထုံးစံ အတိုင်း မြန်မာပိုင်း နှင့် အင်္ဂလိပ်ပိုင်း ဟူ၍ နှစ်ပိုင်း ခွဲခြား ထုတ်ဝေ ခဲ့၏။ မဂ္ဂဇင်း၏ တာဝန်ခံ အယ်ဒီတာမှာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဖြစ်သည်။

မြန်မာပိုင်းကဏ္ဍ

မြန်မာပိုင်းကဏ္ဍတွင် တက္ကသိုလ်ကျောင်းသားများအပြင် ပြင်ပမှ စာရေးဆရာကြီးများလည်း ၀င်ရောက် ရေးသားခဲ့ကြ၏။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မြန်မာ့အလင်းဦးစိန်း၊ အမျိုးသားပညာဝန်ဦးဖိုးကျား၊ ဒီးဒုတ်ဦးဘချို၊ သိန်းနေနွယ်(ဦး သိန်းဖေမြင့်)တို့မှာ ပင်တိုင်ပါဝင်နေကျ ဖြစ်ပါသည်။ ၁၉၃၆ ခုဇန်န၀ါရီ လအတွဲ(၅)၊ အမှတ်(၁)တွင် သခင်ကိုယ်တော်မှိုင်း၏ ''သမဂ္ဂအကြောင်း''၊ မြန်မာ့အလင်းဦးစိန်း၏ ''ပမာပမည်းအကိုးအကားပြခြင်း''၊ ပညာဝန်ဦးဖိုးကျား၏ ''ကျွန်ုပ်၏ လက်ဆောင်''၊ ဒီးဒုတ် ဦးဘချို၏ ''မြန်မာပြည်နိုင်ငံရေး ရာဇ၀င်နှင့် လက်ရှိအခြေအနေ'' ဆောင်းပါးများပါရှိ၏။

ဝတ္ထု၊ ကဗျာများအဖြစ် သိန်းနေနွယ်၏ ''၅၂၈'' ၀တ္ထုတို၊ မင်းသုဝဏ်၏ ''အတိတ်ဘီလူး''၊ ဇော်ဂျီ၏ ''အိုမြန်မာတို့၊ တက်လူတေးသံ၊ ယခုအခါ၊သင်သေသွားသော်'' ကဗျာများ၊ မြဒေါင်းညို၏ ''အိုးဝေ'' ကဗျာ၊ သီတာဧ၏ ''လွတ်လပ်ရေးနတ်ပြည်'' ကဗျာ (ရာဘင်ဒြာနတ်တဂိုး၏ Heaven of Freedom ကို မြန်မာပြန်)တို့ ပါရှိပါသည်။ ထို့ပြင် မောင်ထင်နှင့်ညိုမြတို့၏ ''မိချောပြဇာတ်)၊ ခြင်းကြား၏ ''ခြင်းကြားမှတ်စု''၊ မောင်မျိုးညွန့်၏ ''တိုက်ရိုက်ပေးစာ'' နှင့်ရေးသူဖော်ပြမထားသော ''အလားအလာ'' ဆောင်းပါးများလည်း ပါရှိ၏။

အင်္ဂလိပ်ပိုင်းကဏ္ဍ

အင်္ဂလိပ်ပိုင်းကဏ္ဍတွင် Dumb Shows and Noise ခေါင်းစဉ်ဖြင့် အယ်ဒီတာအာဘော်နှင့်ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ၏ သ၀ဏ်လွှာများကို တွေ့ရှိရသည်။ သ၀ဏ်လွှာ ရေးသူများမှာ အိန္ဒိယမြန်မာရေးရာ ဗြိတိသျကော်မတီ ဒုဥက္ကဋ္ဌဗိုလ်မှူး ဒီ ဂရေဟန်ဖိုး၊ဥပဒေပြုကောင်စီဥက္ကဋ္ဌ ဦးချစ်လှိုင်၊ သစ်တောရေးရာဝန်ကြီး ဦးဘဘေ၊ပညာရေးရာဝန်ကြီး ဒေါက်တာဘမော်၊ နယူးဘားမားသတင်းစာ အုပ်ချုပ်မှုအယ်ဒီတာ ဒေါက်တာသိန်းမောင်တို့ ဖြစ်ကြပါသည်။

ဆောင်းပါးများ

အင်္ဂလိပ်ဆောင်းပါးများမှာ များပြားလှပါသည်။ Noblesse Obilige (မြင့်မြတ်သူတို့ ပြုကျင့်အပ်သော ၀တ္တရားများ-ဂျေအက်စ်ဖာနီဗယ်)၊ University Students and Journalism (ကျောင်းသားများနှင့် ဂျာနယ်လစ်ဇင်-ရန်ကုန်တိုင်းသတင်း စာအယ်ဒီတာဂရန့်)၊ Inspiration (ဥာဏ်ကွန့်မြူးခြင်း - မောင်ညိုမြ)၊ Thoughts of Democracy (ဒီမိုကရေစီအတွေးအခေါ်များ-ပန်းတနော် ဦးသန့်)၊ Western Students in a Changing World (ပြောင်းလဲနေသောကမ္ဘာမှ အနောက်တိုင်း ကျောင်းသားများ)၊ A Fadeless Picture (ဆေးရောင်မပြယ်သော ပန်း ချီကား- NN)၊ The Boy-cott of 1920 (၁၉၂၀ ကျောင်းသားသပိတ်-ဦးဘဦး)၊ A Sketch of the Principal Characters of the Burmese (Myanmar)၊ Court in the Reign of Bagyidaw (ပါမောက္ခဒေဆိုင်း)၊ Civilization (ယဉ်ကျေးမှု-ဂျော့အိုဝဲ)တို့ ဖြစ်ကြပါသည်။

ပေးစာကဏ္ဍ

Points From the Letter ဟု အမည်ပေးထားသည့် ပေးစာကဏ္ဍ တွင် The Hell Hound At Large (ငရဲခွေးကြီးလွတ်နေသည်)ဟူသည့် စာတိုကလေး ပါဝင်လာပါသည်။အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ယင်းစာတိုကလေးတွင် နယ်ချဲ့ လက်ကိုင်တုတ်အဖြစ် အ၀ီစိသို့ ကျရောက်လာသော ခွေးနက်ကြီးတစ်ကောင် ငရဲပြည်မှ ထွက်ပြေးသွားသည်။ ယင်းကို သတိပြုကြပါ။ အထူးသဖြင့် တက္ကသိုလ်နယ်မြေတွင် သောင်းကျန်းနေသည်။ သူ့ကိုတွေ့လျင် ငရဲပြည်ပြန်ပို့လိုက်ကြပါဟူ၍ ရေးသားဖော်ပြထားပါသည်။

ရေးသူအမည်

ဤစာတိုကလေးကို ရေးသားသူမှာ Yamamin (ယမမင်း) ဟူသော အမည်ဝှက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ပေးစာပါ ခွေးနက်ကြီး ဆိုသည်မှာ တက္ကသိုလ်အာဏာပိုင် တစ်ဦးကို ရည်ညွှန်းထားသည် ဆိုပါသည်။ဤတွင် ကျောင်းအုပ်ဆရာ ကြီးစလော့( Mr. D.J. Sloss)က ယမမင်းမှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်ပေးရမည်ဟု အိုးဝေ မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်းကို တောင်းဆိုသည်။ ကိုအောင်ဆန်းက စာနယ်ဇင်းတို့၏ ထုံးစံအတိုင်း ယမမင်းကို ထုတ်ဖော် မပြောနိုင်ဟု အကြောင်းပြန်ကြားခဲ့၏။

ယမမင်းသို့မဟုတ်ညိုမြ

The Hell Hound At Large ပေးစာကိုရေးခဲ့သူမှာ ယမမင်းအမည်ခံညိုမြ ဖြစ်ပါသည်။ ညိုမြ၏အမည်ရင်းမှာ ဦးသိန်းတင်ဖြစ်သည်။ ညိုမြ ကို ၁၆ ဧပြီ ၁၉၁၆ တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်မြို့ သောတပန်ရွာတွင် ရှေ့နေဦးသာဇံ ဒေါ်ရွှေအံ့ တို့က ဖွားမြင်ခဲ့သည်။ ၁၉၃၂ ခုနှစ် တွင် မုံရွာဗုဒ္ဓဘာသာအထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ၁၉၃၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသို့ ၀င်ရောက်ခဲ့၏။

၁၉၃၈ ခုနှစ်တွင် ညိုမြ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဂုဏ်ထူးတန်းအောင်သည်။ ထို့နောက် အင်္ဂလန်နှင့် အမေရိကန်နိုင်ငံများတွင် စာနယ်ဇင်းပညာများ ဆည်းပူးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှ သတင်းစာပညာ မဟာ ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

အနှိုင်းခံရသူ

The Hell Hound at Large ပေးစာတွင် ငရဲခွေးအဖြစ် အနှိုင်းခံရသူမှာ ဘာဆာ(Bur Sar)ခေါ် တက္ကသိုလ်ကျောင်းငွေထိန်း ဦးတင် ဖြစ်သည်ဆိုပါသည်။ ဘာဆာဦးတင်မှာ မျက်နှာဖြူကျောင်းအုပ်ကြီးအပေါ် အမြဲမျက်နှာလုပ်တတ်ပြီး ကျောင်း သားများအား ဖိနှိပ်လေ့ရှိသူဖြစ်သည် ဆို၏။ ယင်းဘာဆာဦးတင်မှာ နောင် ဖဆပလအစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီး မြန်အောင်ဦးတင် အဖြစ်ထင်ရှားခဲ့သည်။

ကျောင်းထုတ်ခံရခြင်း

၂၁ ဖေဖော်ဝါရီ ၁၉၃၆ တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုနုကို တက္ကသိုလ်မှထုတ်ပယ်သော စာလက်ခံရရှိခဲ့ပါသည်။ တစ်ဆက်တည်း၌ပင် ကိုအောင်ဆန်း အားလည်း တက္ကသိုလ်မှဖယ်ရှားပစ်မည်ဟု သတင်းများ ပေါ်ထွက်နေပါသည်။ ကိုအောင်ဆန်းကို တက္ကသိုလ် မှ သုံးနှစ်ထုတ်ပယ်ရန်ဆုံးဖြတ်ချက်မှာ အမှန်ပင်ဖြစ်ကြောင်း နောက်ပိုင်း သိရှိရပါသည်။ဤသို့ဖြင့် ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင် အစည်းအဝေးကို ကျင်းပခဲ့ကြ၏။ သို့ဖြင့် ဒုတိယအကြိမ်မြောက် တက္ကသိုလ်ကျောင်းသား သပိတ်ပေါ်ပေါက်လာခဲ့ရသည်။

The Hell-Hound at Large

Escaped from Awizi, a devil in form of a black dog. Had been during his brief span on earth, Theft, Presumption, Intrigue, Pettifogging, Sadism, Churishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations etc., menacing the public places with his wanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. uclers on his neck and buboes due to copulation with his own wife. Will finder please kick him back to Hell?

Yamamin


မော်လမြိုင်ဇရပ်

၂၆ ဖေဖော်ဝါရီ ၁၉၃၆ တွင် ရွှေတိဂုံစေတီတော် တောင်ဘက်စောင်းတန်းရှိ မော်လမြိုင်ဇရပ်၌ အဖွဲ့ဝင် ၃၁ ဦးပါ သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ယင်းကောင်စီတွင် ကိုနု၊ ကိုရာရှစ်၊ ကိုအုန်း၊ ကိုသီဟန်၊ ကိုကျော်ငြိမ်း၊ ကိုထွန်းတင်၊ ကိုထွန်း အုံ၊ ကိုလှဖေ၊ ကိုဘဆက်၊ ကိုထွန်းဖေ၊ ကိုအောင်ဆန်း၊ မအုန်း၊ မခင်မြ၊ မအမာစသူတို့ ပါဝင်ခဲ့ကြ၏။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကောင်စီက ရှင်းလင်းချက်စာတမ်းတစ်စောင်ကို တက္ကသိုလ်အုပ်ချုပ်ရေးရုံး သို့ ပေးပို့ခဲ့ပါသည်။

စုံစမ်းရေးအဖွဲ့

သပိတ်မှောက်ကောင်စီက တက္ကသိုလ်ဥပဒေအချို့နှင့် တက္ကသိုလ်ပညာရေး၏ ချို့ယွင်းချက် ၁၂ ချက် ကို တက္ကသိုလ်အာဏာပိုင်တို့ထံ တင်ပြတောင်းဆိုခဲ့ကြသည်။ သို့ဖြင့် အင်္ဂလိပ်အစိုးရက ၂ မတ် ၁၉၃၆ တွင် စုံစမ်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့၏။ယင်းကော်မတီတွင် တက္ကသိုလ်ဒုတိယအဓိပတိဦးဆက်၊ ဒေါက်တာဘဟန်၊ ဦးဘလွင်၊ ဦးဘသိန်း၊ ဆာဒါဗဟာဒူး၊ဒေါက်တာ ဒူးဂဲ၊ မစ္စတာပရိုင်ယာ၊ ဦးသိန်းမောင် စသူတို့ပါဝင်ခဲ့ကြသည်။ ထို့ပြင် ဆာမြဘူးဥက္ကဋ္ဌအဖြစ်ပါဝင်သော တက္ကသိုလ် ဥပဒေပြင်ဆင်ရေး အကြံပေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့၏။ ဤသို့ဖြင့် ၁၀ မေ ၁၉၃၆ တွင် ဒုတိယကျောင်းသားသပိတ် ပြီးဆုံးသွားတော့သည်။

အိုးဝေဟူသည်

ယခင်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအသင်းမဂ္ဂဇင်း ဟူ၍ ရှည်လျားစွာ အမည်တပ်ခဲ့ရသည်။ မဂ္ဂဇင်းကို တာဝန်ခံအယ်ဒီတာ ကိုအောင်ဆန်းက အမည်ပြောင်းလိုသည်။ သို့ဖြင့် ၀ိုင်းဝန်းစဉ်းစားကြရာ ရောင်နီ၊ ရောင်ဖြူ၊ ရောင်ခြည်သစ် စသည်ဖြင့် အကြံပြုခဲ့ကြသည်။ ကိုသိန်းတင်(ညိုမြ)က သူ မန္တလေးကယ်လီကျောင်းတွင် နေစဉ်က အငြိမ့်မင်းသမီးဒေါင်းယဉ်ပျံသီ ဆိုသည့် အိုးဝေသီချင်းကို စွဲနေသဖြင့် အိုးဝေဟုအမည်ပေးရန် အကြံပြုခဲ့ရာ ကိုအောင်ဆန်းက သဘော တူသောကြောင့် အတည်ဖြစ်သွားသည်။

အိုးဝေ၏စွမ်းဆောင်ချက်

အိုးဝေမဂ္ဂဇင်းပါ ပေးစာတိုကလေးကြောင့်ပင် ဒုတိယကျောင်းသားသပိတ်သို့တိုင် ကျယ်ပြန့်သွားပေရာ အိုးဝေမဂ္ဂဇင်းကို ကိုလိုနီခေတ် သမိုင်းဝင် မဂ္ဂဇင်းတစ်စောင်ဟု ဆိုနိုင်ပါသည်။

ယမမင်းအမည်ခံညိုမြ (ဦးသိန်းတင်)သည် နောက်ပိုင်းအိုးဝေ အမည်ဖြင့်ပင် စာစောင်ဆက်လက် ထုတ်ဝေခဲ့ရာတစ်နေ့တွင် မြန်အောင် ဦးတင်အား အိုးဝေတိုက်သို့ ပင့်ဖိတ်ကာ ရှိခိုးကန်တော့ခဲ့သည်။ နှစ်ဦးစလုံး မျက်ရည်မဆည်နိုင် ရှိကြသည်ဆို၏။ ညိုမြက မြေနီကုန်းမှ ဓာတ်ပုံဆရာတစ်ဦးကိုခေါ်ထားပြီး မြန် အောင်ဦးတင်၏ ခြေကိုဦးခိုက်လျက် ၀န်ချတောင်းပန်နေပုံကိုလည်း ဓာတ်ပုံရိုက်ကူးထားခဲ့သည်။ ယင်းဓာတ်ပုံကိုလည်း မြန်အောင်ဦးတင်အား အမှတ်တရပေးအပ်ခဲ့သည် ဆိုပါသည်။

Written by တင်နိုင်တိုး
ကျမ်းကိုး
၁။ သမိုင်းဝင်မဂ္ဂဇင်းတစ်စောင် မိတ်ဆက်(မောင်ဇေယျာ) အတွေးအမြင် (၂၀၁) ၂၀၀၈ ဒီဇင်ဘာ
၂။ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်(မြဟန်)
၃။ သတင်းစာဆရာကြီးများ၏ သူတို့ဘ၀အတွေ့အကြုံ(ချစ်ကြည်ရေး ကြည်ညွန့်)
၎။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း (ဖိုးအောင်လေး)

၂၂ . ၃ . ၂၀၁၀ l Eleven Media

3 comments:

I just added your blog site to my blogroll, I pray you would give some thought to doing the same.

Nice site, nice and easy on the eyes and great content too.

Useful blog website, keep me personally through searching it, I am seriously interested to find out another recommendation of it.

Twitter Delicious Facebook Digg Stumbleupon Favorites More