This is default featured post 1 title
Shwemawkunn Magazine's
This is default featured post 2 title
ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။
This is default featured post 3 title
blank
This is default featured post 4 title
blank
This is default featured post 5 title
blank
ဝန်ကြီးချုပ်
ရေးသားသူ (ဇဝန)
''ဘာလဲကွ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ လူတွေပြောပြောနေတာ'' ဟု မောင်မောင်က သာဒွန်းဦးဖက်သို့ လှည့်၍မေးလိုက်လေ၏။
ရဲဘော်အားလုံးထဲတွင် သာဒွန်းဦးတစ်ယောက်သာလျှင် အသိအကြားများသူဖြစ်၍ သူ့အားမေးလိုက်ခြင်းဖြစ်ပေ၏။ သို့သော် သာဒွန်းဦးကား ထိုကိစ္စ္စကို စိတ်ဝင်စားခြင်းမရှိ။ ထိုကိစ္စမှာ ရွာထဲ၌ သာမှု နာမှုများတွင် ဘုရားစကား၊ တရားစကား မပြောတတ်သူတို့ ပါးစပ်အငြိမ်မနေနိုင်၍ ပြောနေကြသည့် အကြောင်းအရာတစ်ရပ်ဟူ၍ ယူဆခဲ့၏။ သို့ဖြစ်လင့်ကစား ထိုအကြောင်းအရာကိုသာလျှင် လူတကာ အပြောများနေကြသည်ကို တွေ့ရသဖြင့် အဓိပ္ပါယ်ကိုသိအောင် စုံစမ်းထားမိလေသည်။
သာဒွန်းဦးက ''ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ လူရွေးတာကို ခေါ်တာ'' ဟု ရှင်းလင်းပြလေ၏။
ဆိုးပေသည် သူတို့၏စကားကို နားထောင်နေရာက ''တိုင်းပြည်ကို သမ္မတအုပ်ချုပ်ရတာပဲ မဟုတ်လားလို့၊ သူ့ကိုဘယ်သူက လာရွေးပေးရလို့လဲ'' ဟု ဝင်၍ပြောလေ၏။
''သမ္မတအုပ်ချုပ်ရတာလည်း ဟုတ်တာပဲ၊ မအုပ်ချုပ်ရတာလည်း ဟုတ်တာပဲ''
''မင်းစကားကဘာလဲကွ။ အုပ်ချုပ်ရတယ်ဆိုတဲ့နောက် မအုပ်ချုပ်ရဘူးဆိုလို့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားကြည့်စမ်းပါဦး'' ဟု ဆိုးပေက မကျေနပ်သည့်အမူအယာဖြင့် ပြောလေ၏။
''တိုင်းပြည်ကို ရှင်ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ
လည်းရှိတယ်။ သမ္ဓတအုပ်ချုပ်တဲ့နိုင်ငံလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီ ရှင်ဘုရင်တို့ သမ္မတတို့အောက်မှာ လူတစ်ယောက်ရှိသေးတယ်။ သူ့ကို ရှင်ဘုရင်အုပ်ချုပ်တဲ့နိုင်ငံမှာ နန်းရင်းဝန်၊ သမ္မတအုပ်ချုပ်တဲ့နိုင်ငံမှာ ဝန်ကြီးချုပ်လို့ခေါ်တယ်။ သူက အုပ်ချုပ်တဲ့နေရာမှာ အကူအညီပေးရမယ်''
''အာနာရှင်ဆိုတဲ့ ဟာမျိုးလား'' ဟု မောင်မောင်က မေး၏။
''အာနာရှင်ဆိုတာက မိန့်ခွန်းစကားတွေ ပြောရလွန်းလို့ အာတွေနာနေတာ။ ဝန်ကြီးချုပ်နဲ့မဆိုင်ဘူး'' ဟု အဝိန်က ဝင်၍ရှင်းလေ၏။
''ငါသာ တိုင်းပြည်ကို အုပ်စိုးရရင် ငါ့ကိုငါ အာနာရှင်လည်းမခေါ်ဘူး။ ဝံဂျီးဂျုပ်လည်း မခေါ်ဘူး။အာဏာရှင်ဆိုတာ အာနာခွာနာရောဂါရတဲ့လေသံပါပြီး ဝံဂျီးဆိုတာလည်း မကောင်းဘူး။ ကေသရာဇာလို့ ငါ့ကိုငါ ခေါ်မယ်။ ဒီနာမည်မျိုးမှ ရှင်ဘုရင်သံလည်းပါတယ်။ ခံ့လည်းခံ့ညားတယ်'' ဟု ဆိုးပေက ပြောလေသည်။
''မင်းဥစ္စာမင်း လျှောက်ပြောမနေပါနဲ့ဦး။ ငါပြောတာလည်း နားထောင်စမ်းပါဦး။ ရွေးကောက်ပွဲဆိုတာ မြို့တိုင်း ရွာတိုင်းမှာ လုပ်ပြီး တစ်နေရာက တစ်ယောက်စီရွေးပြီးတင်ရတယ်''
''ဒီလိုဆိုရင် ဝန်ကြီးချုပ်တွေ ပြည့်နေမှာပေါ့'' ဟုမောင်မောင်က စောဒကဝင်လေ၏။
''လူတွေ အများကြီး ရွေးတင်လိုက်ပေမယ့် ဝန်ကြီးချုပ်ဆိုတာ တစ်ယောက်ထဲပဲရှိတယ်''
''အရွေးခံရတာချင်းအတူတူ ကျန်တဲ့လူတွေတော့ ဝန်ကြီးချုပ်မလုပ်ရဘူးဆိုရင် သူတို့က နွားတွေမို့လို့လား''
''မင်းတို့ နားလည်အောင် ငါပြောပြမယ်။ တိုင်းပြည် ကို အုပ်ချုပ်ချင်တဲ့ လူလေးမျိုးရှိတယ်။ ဒီလေးမျိုးစလုံးဟာ တိုင်းပြည်မှာ အားလုံးကောင်းအောင် လုပ်ချင်ကြတယ်။ ဒါပေမဲ့ တစ်ယောက်လုပ်တာနဲ့ တစ်ယောက်လုပ်တာ မတူဘူး။ ပထမဦးဆုံး တစ်သီးပုဂ္ဂလဆိုတာရှိတယ်။ သူတို့ဟာ လူတွေကို ဒီအတိုင်းပဲထားရင် တိုင်းပြည်ကြီး ပိုပြီးကောင်းလာမှာပဲဆိုပြီး ဒီအတိုင်းပဲ ကြည့်နေကြတယ်။ ဒုတိယကတော့ ဒီမိုကရက်တစ် လို့ခေါ်တယ်။ သူတို့က တစ်သီးပုဂ္ဂလထက် ပိုပြီးကောင်းအောင်လုပ်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဘာလုပ်တယ်ဆိုတာ ဘယ်သူမှ သေသေချာချာမတွေ့ရဘူး။ နောက်တစ်မျိုးကတော့ ဆိုရှယ်လစ်လို. ခေါ်တယ်။ သူတို့က လူတွေကောင်းစားအောင်လို့ လူတွေရဲ့ အိတ်ထဲက ပိုက်ဆံ အပိုင်ယူကြတယ်။ စတုတ္ထကတော့ ကွန်မြူနစ်လို့ခေါ်တယ်။ သူတို့က တိုင်းပြည်ကောင်းစားအောင် သူတို့ကလွဲပြီး ကျန်တဲ့လူတွေကို အကုန်သတ်ပစ်ကြတယ်''
''မင်း ဘယ်သူ ပြောသလဲ'' ဟု မောင်မောင်က မေးလိုက်၏။
''မင်းမသိတာကို ငါပြောနေရင် နားထောင်ရုံပဲ ရှိတယ်'' ဟု သာဒွန်းဦးက ဟန့်တားလိုက်ဲပြီးလျှင် ''အဲဒီ လူလေးမျိုးဟာ သူတို့ကို တိုင်းပြည်အုပ်ချုပ်ဖို့ မဲပေးမယ့်လူတွေကို လိုက်ပြီးရှာလို့ မဲအများဆုံးရတဲ့ လူစုထဲက ဂေါင်သူကြီးလုပ်တဲ့လူကို ဝန်ကြီးချုပ်လို့ ခေါ်ရတယ်။ သူက သူ့အထက်က ရှင်ဘုရင်တို့၊ သမ္မတတို့ကို ဘာလုပ် ညာလုပ်နဲ့ သြဇာပေးတဲ့အလုပ်ကို လုပ်ရတယ်''
''အောင်မာ ငါသာ ရှင်ဘုရင်ဖြစ်ဖြစ်၊ သမ္မတဖြစ်ဖြစ် ဖြစ်ကြည်ံ့စမ်းပါလား။ ဒီလို လာပြီးတော့များ သြဇာပေးရင် နရင်းပရင်းတီးလိုက်လို့ သွားချီးယိုးဒယား က သွားမယ် ဟင်း'' ဟု ဆိုးပေက ဆိုလေ၏။
''ဟေ့ အခု တို့လေးယောက်ပဲ ရှိတယ်။ အီစွတ်တစ်ယောက်တော့ သူ့ဦးလေးဆီ အလည်သွားနေတာ တော်တော်နဲ့ ပြန်လာမှာမဟုတ်သေးဘူး။ အဲဒီတော့ တို့လေးယောက်ဟာ တစ်ယောက်ကို တစ်ပါတီလုပ်ပြီး အရွေးခံရင် မကောင်းဘူးလား'' ဟု မောင်မောင်ကအကြံပေး၏။
''ကောင်းသားပဲကွ။ ရွေးကောက်ပွဲ ဘယ်လိုလုပ်ရသလဲ'' ဟု အဝိန်က မေးလေ၏။
------------------------------------
''ကောင်းသားပဲကွ။ ရွေးကောက်ပွဲ ဘယ်လိုလုပ်ရသလဲ'' ဟု အဝိန်က မေးလေ၏။
''လူတွေကို ခေါ်ပြီးတော့ တရားဟောရတယ်။ နောက်ပြီးတော့ သူတို့ကို မဲထဲ့ဖို့ စာရွက်ကလေးတွေ ပေးရတယ်။ မဲအများဆုံးရတဲ့လူ နိုင်တာပဲ'' ဟု သာဒွန်းဦးက ရှင်းပြလေ၏။
''ဒါဖြစ်ရင် ဘယ်သူက ဘာလုပ်မလဲ၊ ငါတော့ လူတွေ သတ်ရတဲ့ ပါတီကို ကြိုက်တယ်'' ဟု အဝိန်က ပြောပြလေ၏။
''ဒီလိုဆိုရင် မင်းက ကွန်မြူနစ်လုပ်။ ငါက ဒီမိုကရက်တစ်လုပ်မယ်'' ဟု သာဒွန်းဦးက ပြောလေ၏။
ဆိုးပေကား မည်သည့်ပါတီအဖြစ်ဖြင့် အရွေးခံရမည်ကို မဆုံးဖြတ်တတ်သဖြင့် မောင်မောင်အား ''မင်းကကော'' ဟု မေးလိုက်၏။
''ငါက သူများ အိတ်ထဲကပိုက်ဆံကို မောင်ပိုင်စီးရတယ်ဆိုတဲ့ ပါတီကို သဘောကျတယ်''
''ဒါဆိုရင် မင်းက ဆိုရှယ်လစ်ဖြစ်နေပြီ'' ဟု သာဒွန်းဦးက ပြောပြလေ၏။
''အေး ကောင်းတယ်။ ကျန်တဲ့ တစ်သီးပုဂ္ဂလကို ငါလုပ်မယ်။ ဒါမှ ငါလည်းကြိုက်တာ၊ တစ်သီးပုဂ္ဂလဆိုတာ သူများထက်ထူးတာကို ခေါ်တာ၊ ကိုယ်လုပ်ချင်ရာ လုပ်နိုင်တယ်''
''ကောင်းပြီ၊ မနက်ဖြန်ကျရင် ကျောင်းသားတွေကို ကြော်ငြာပြီးတော့ ကျောင်းဆင်းတဲ့အချိန် ဂိုဒေါင်ထဲမှာ အစည်းအဝေးလုပ်ပြီး တရားဟောကြမယ်။ မနက်ဖြန် တို့များ ပြောဖို့စကားတွေကို အခုစဉ်းစားထားကြ'' ဟု သာဒွန်းဦးက အကြံပေးသည်ကို အားလုံးသဘောတူလိုက်ကြလေ၏။
နောက်နေ့ညနေတွင် ဂိုဒေါင်၌ကျင်းပသည့် အစည်းအဝေးမှာ မျှော်လင့်သည်ထက်ပို၍ စည်ကားလှပေ၏။ ထိုသို့ စည်ကားရခြင်းမှာ ဆိုးပေတို့နှင့် ရွယ်တူကျောင်းသားကလေးများသည် နိုင်ငံရေး၌ စိတ်ဝင်စားကြခြင်းကြောင့် မဟုတ်ဘဲ ဤသို့စုစုဝေးဝေးလုပ်တိုင်း ပျော်စရာ ဖြစ်ကြရသဖြင့် အလွတ်မခံချင်ကြ၍ဖြစ်ပေ၏။
ဆိုးပေနှင့် ရဲဘော်များသည် မှောက်ထားသော ထင်းရှူးသေတ္တာများပေါ်၌ ထိုင်လျက် ပရိတ်သတ်တို့ကား မြေပေါ်တွင် ထိုင်၍ အာရုံစိုက်နေကြလေ၏။
ဆိုးပေကား ယှဉ်ပြိုင်အရွေးခံသူချင်းအတူတူဖြစ်သော်လည်း မိမိကိုယ်မိမိ သဘာပတိတင်မြှောက်ကာ အစည်းအဝေး ဖွင့်ရန်ထလိုက်လေ၏။
''မြို့မိ မြို့ဖ အပေါင်းတို့ခင်ဗျား၊ မင်းတို့ကို အစည်းအဝေးခေါ်တာ ငါတို့ကို မဲပေးရလိမ့်မယ်။ ပထမဦးဆုံး ငါတို့ တစ်ယောက်စီ စကားပြောမယ်။ သာဒွန်းဦးက ဒီမိုကရေစီပါတီ၊ မောင်မောင်က ဆိုရှယ်လစ်၊ အဝိန်က ကွန်မြူနစ်၊ ငါက တစ်သီးပုဂ္ဂလ။ ငါတို့ ပြောပြီးတဲ့အခါ မင်းတို့က မေးခွန်းထုတ်နိုင်တယ်။လေးယောက်စလုံး ပြောပြပြီးတဲ့နောက် ကြိုက်တဲ့လူကို မင်းတို့ကမဲပေးပါ'' ဟု ဆိုးပေက ရှင်းပြပြီးလျှင် မိမိအနေဖြင့် နောက်ဆုံးမှ စကားပြောရန် ဆုံးဖြတ်ကာ ''မြို့မိမြို့ဖများ ခင်ဗျား၊ ယခု တရားပွဲစပါတော့မယ်။ ဒါကြောင့် ငြိမ်ငြိမ်မနေတဲ့အကောင်ကို ငါဆွဲထိုးရပါလိမ့်မယ်။ ကဲ အခု သာဒွန်းဦးက ဒီမိုကရေစီအကြာင်း ဟောပါလိမ့်မယ်'' ဟု ကြေငြာလိုက်ပြီးနောက် သာဒွန်းဦးကိုထရန် အင်္ကျီဂုတ်ကိုဆွဲ၍ မလိုက်လေ၏။
ပရိတ်သတ်၏ စိတ်မပါ့တပါတီးလိုက်သော လက်ခုတ်သံများ ကြားရပြီးနောက် သာဒွန်းဦးသည် စကားပြောရန် ဟန်ပြင်လိုက်လေ၏။
''မြို့မိ မြို့ဖများခင်ဗျား၊ အခု ငါဟောမှာ ဒီမိုကရေစီအကြောင်း ဖြစ်ပါတယ်။ ငါဟောတဲ့အတိုင်း မင်းတို့ငါလို ဒီမိုကရေစီ ဖြစ်ကြပါ။ ငါ့ကိုမဲပေးကြပါ။ ငါ့ကို မဲမပေးရင် မင်းတို့နဲ့ ငါနဲ့ မခေါ်ဘူး။ တပို့တွဲလပြည့်နေ့ကျရင် တို့အိမ်မှာ ထမနဲထိုးတဲ့အခါ ငါ့ကိုမဲမပေးတဲ့လူတွေ ခေါ်ပြီးမကျွေးဘူး။ ငါ့ကိုမဲပေးတဲ့အကောင်တွေ စားရမယ်။ ပြီးတော့ တို့အိမ်မှာ ကြက်တူရွေးလေးတစ်ကောင်နဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ အဲဒါတွေလည်း ကြည့်ရမယ်။ အဲဒါကြောင့် ဒီမိုကရေစီကို မဲပေးကြပါ''
သာဒွန်းဦးသည် ပရိတ်သတ်အား ကိုယ်ကိုကိုင်းညွတ်၍ အရိုအသေပေးပြီး ထိုင်လိုက်လေ၏။
ဆိုးပေက ''ကဲ မင်းတို့ မေးချင်တာ မေးနိုင်တယ်'' ဟု ဆိုလေ၏။
ရှေ့တန်းရှိ ကလေးတစ်ယောက်က ''မင်းတို့ အိမ်က ကြက်တူရွေးဟာ နှုတ်သီးအနီလား၊ အမဲလား'' ဟု မေးခွန်းထုတ်လေ၏။
သာဒွန်းဦးမှာ စင်စစ် သူ့အိမ်၌ ကြက်တူရွေးမရှိ။ သူရှိစေချင်သောအရာကို စိတ်မှန်းနှင့်ပြောလိုက်ခြင်းဖြစ်ရာ ထိုမေးခွန်းကို အဖြေပေးရန် စဉ်းစားနေပြီးနောက် ''နှုတ်သီးအပေါ်ကနီပြီး အောက်ကမဲတယ်'' ဟု မလွတ်အောင်ဖြေလိုက်လေ၏။
''ဒီလိုဆိုရင် မင့်ကြက်တူရွေးဟာ စကားမပြောတတ်ဘူး''
''ပြောတတ်တယ်။ ဘာကြေးလောင်းမလဲ။ မေရှင်ဆိုတဲ့ သီချင်းတောင် ဆိုတတ်သေးတယ်''
''မင်းလိမ်နေတာ မယုံဘူး။ ဒီမိုကရေစီကို မဲပေးရင် တို့ပါ လူလိမ်ဖြစ်သွားမယ်''
''ငါမလိမ္ဘူး''
''လိမ်တယ်''
''မလိမ္ဘူး''
''လိမ်တယ်''
ဤတွင် သဘာပတိဆိုးပေက ''ကဲ မင်းတို့ မေးခွန်း မေးဖို့အချိန်ကုန်ပြီ။ နောက်တစ်ယောက် ပြောလိမ့်ဦးမယ်။ အခု ပြောမှာက ဆိုရှယ်လစ်ဟာ ဘာလဲဆိုတာ မောင်မောင်က ပြောလိမ့်မယ်'' ဟု ကြေငြာပြန်လေ၏။
မောင်မောင်သည် ရှေ့သို့ ထွက်လာလေ၏။
''မြို့မိမြို့ဖ အပေါင်းတို့ခင်ဗျား၊ အခု မင်းတို့ကို ဆိုရှယ်လစ်အကြောင်း ငါပြောချင်တာဟာ ဆိုရှယ်လစ်ကို မဲပေးကြဖို့ဖြစ်တယ်။ ဆိုရှယ်လစ်ဆိုတာ သူများပိုက်ဆံကို ယူရတယ်။ ဒီလိုယူရင် ပိုက်ဆံတွေ အများကြီးရပြီး လူတိုင်းလူတိုင်း တစ်နေ့ကို ရေခဲချောင်း ငါးမူးဖိုး၊ ပီကေတစ်မူးဖိုး အနည်းဆုံး စားနိုင်မယ်''
''ဟေ့ လူများပိုက်ဆံကိုယူရင် အဲဒါ အဒါနဒါနိန်ဖြစ်ပြီး ငရဲကြီးတတ်တယ်'' ဟု မင်္ဂလသုတ်သင်တန်းတက်နေသော ကျောင်းသားတစ်ဦးက ထ၍ပြောလေ၏။
''သူများ ပိုက်ဆံကို အတင်းလုတာသာ ခိုးတာ။ ဥပဒေနဲ့ယူရင် ခိုးတာမဟုတ်ဘူး။ ငါက ဥပဒေနဲ့ ယူမှာ''
အခြားတစ်ယောက်က ဖြတ်၍ ''ဘယ်သူ့ပိုက်ဆံကို ယူမှာလဲ'' ဟု မေးလေ၏။
''ဆိုရှယ်လစ်မဟုတ်တဲ့လူတိုင်းဆီက ယူမှာပေါ့''
''လူတိုင်း လူတိုင်းဟာ ဆိုရှယ်လစ်ဖြစ်နေကြရင် ဘယ်သူ့ဆီက ယူလို့ရဦးမှာလဲ''
''လူတိုင်း လူတိုင်း ဆိုရှယ်လစ်ကြီးပဲ မဟုတ်ဘူး။ လူတိုင်း ဆိုရှယ်လစ်ဖြစ်နေရင် နိုင်ငံရေးလေးမျိုး ရှိပါတော့မလား။ စဥိးစားကြည့်စမ်းပါဦး။ မင်းဥာဏ်ရှိရင် သိမှာပေါ့''
''အောင်မာ မင်းထက်ငါက ဥာဏ်ရှိတယ်''
''ဘာ မင်းက ငါ့ထက် ဥာဏ်ရှိသလား''
''မင်းထက် ဆယ်ဆမကဘူး ရှိတယ်''
''လာလေ၊ ဘယ်သူက ဥာဏ်ရှိတယ်ဆိုတာ အကြောင်းသိရအောင် သတ္တိရှိရင် ထွက်ခဲ့''
သဘာပတိ ဆိုးပေမှာ ဝင်၍ ဖြန်ဖြေရလေတော့၏။
''ဟေ့ တရားပွဲ ဆိုတာ စကားသာ ပြောရတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ မချရဘူး'' ဟု ဆိုးပေက ပြောကာ လက်သီး လက်မောင်းတန်းနေသော မောင်မောင်ကို ဆွဲ၍ ထိုင်ခိုင်းရလေ၏။ ထို့နောက်မှ ''မင်းတို့ အခုဒီမိုကရေစီနဲ့ ဆိုရှယ်လစ်တရားကို ကြားပြီးပြီ။ အခု အဝိန်က ကွန်မြူနစ်အကြောင်းကို ပြောလိမ့်မယ်'' ဟု ကြေငြာလေ၏။
''မြို့မိမြို့ဖ ရဲဘော်အပေါင်းတို့ခင်ဗျား၊ ကွန်မြူနစ်ဆိုတာ ကွန်မြူနစ်မဟုတ်တဲ့လူတွေကို စစ်တိုက်ပြီးတော့ အနိုင်ရပြီး အားလုံးသတ်ပစ်တာမို့ လူများအပေါ်မှာ ဗိုလ်ကျရတာ အကောင်းဆုံးပါပဲ''
''လူကိုသတ်တာ အပြစ်ကြီးတယ်။ ကြိုးပေးခံရမယ်။ ပါတာနိပါနာကံ ထိုက်တယ်'' ဟု မင်္ဂလသုတ် စာမေးပွဲအတွက် အားခဲနေသော ကျောင်းသားက ကြားဖြတ်၍ ပြောပြန်လေ၏။
''စစ်တိုက်ပြီး လူကို သတ်တာ အပြစ်မရှိဘူး။ ရာဇဝင်ထဲမှာ စစ်တိုက်ပြီး လူတွေအများကြီးသတ်နေကြတာပဲမဟုတ်လား''
''မင်း စစ်တိုက်လို့ မနိုင်ဘဲရှုံးတော့ကော'' ဟု အခြား တစ်ယောက်က မေးလေ၏။
''ဘာပြောတယ်''
''မင်း စစ်တိုက်လို့ မနိုင်ရင် ဘယ့်နှယ်လဲ''
''ဘာလို့ မနိုင်ရမှာလဲ နိုင်မှာပေါ့''
''အောင်မယ်၊ ဦးဘိုးဝခြံထဲ ဝင်တုန်းက အဘိုးကြီး ထွက်လိုက်တော့ ဖင်နသီတန်းနေအောင် ထွက်ပြေးတဲ့ဂန်ကြောက်က စစ်တိုက်ရဲမတဲ့လား ဟား ဟား''
''ငါ တစ်ယောက်ထဲပြေးတာလား။ မင်းလဲပါတာပဲ''
''ဒါပေမဲ့ ငါက ကမ္ဘာကို စစ်တိုက်ပြီး အနိုင်ယူမယ် ပြောလို့လား''
''ငါက ဦးဘိုးဝကို ကြောက်လို့ ပြေးတယ်မှတ်လို့လား''
''ကြောက်လို့ပေါ့၊ မင်းပြေးတာ''
''မင်းက ငါ့သတ္တိ သိချင်လား။ လာလေ ဟင်း ကွန်မြူနစ်ထိရင် မီးပွင့်သွားမယ်''
''ဟေ့ တော်ကြတော့'' ဟု ဆိုးပေက ဟန့်တားလိုက်ရပြန်ကာ ''အခု နောက်ဆုံး ငါ့အလှည့်မှာ တစ်သီးပုဂ္ဂလ အကြောင်းကို ငါ ဟောတော့မယ်'' ဟု ကြေငြာလိုက်ရာ ပရိတ်သတ်အားလုံး ငြိမ်သက်စွာ နားထောင်နေကြလေ၏။
ဆိုးပေသည် အခြားနိုင်ငံရေးသမားသုံးဦးထက် ပို၍ မိမိကိုယ်ကိုထင်ရှားစေရန် ထင်းရှူးသေတ္တာပေါ် သို့ တက်၍ ရပ်လိုက်ရာ ဆွေးနေသည့်အတွက် သေတ္တာကျွံ၍ကျသွားလေ၏။ ပရိတ်သတ်ကြီးသည် လက်ခုပ်လက်ဝါးတီးကာ ရယ်ကြ လေတော့၏။ ဆိုးပေသည် ရှုံ့မဲ့ခြင်းမပြုပဲ ထလိုက်ပြီးလျှင် သေတ္တာထဲမှထွက်၍ ရှေ့၌ရပ်ကာ ''မြို့မိမြို့ဖများခင်ဗျာ'' ဟု စကားစလိုက်မှ ပရိတ်သတ် ငြိမ်သွားလေ၏။
''ရှေးတုန်းက ပုဂံပြည်မှာ ပျူစောထီးဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ လောက်လေးပစ် အင်မတန် လက်တည့်တယ်။ အားလည်း ရှိတယ်။ သတ္တိလည်း သိပ်ကောင်းတယ်။ အဲဒီအချိန်တုန်းက ဧရာမ ငှက်ကြီးတစ်ကောင် ပုဂံပြည်ရောက်လာပြီး တစ်နေ့ကို မိန်းမ ခုနစ်ယောက် စားစားပစ်တဲ့အတွက် လူတွေ အကုန်လုံးက ကြောက်နေရတဲ့ အခါမှာ ပျူစောထီးက အဲဒီငှက်ကြီးကို လောက်လေးနဲ့ ပစ်သတ်လိုက်တော့မှ လူတွေဟာ ချမ်းသာရာ ရသွားတယ်။ နောက်ပြီးတော့ တစ်ခါ ကျားကြီးတစ်ကောင် မြို့ထဲဝင်ပြီး လူတွေ စားပြန်တဲ့အတွက် ပျူစောထီးက တာဇံလို ပါးစပ်ကအော်ပြီး ကျားကြီးနဲ့ နဘန်းချတာ ကျားကြီးစန့်ပါလေရော။ ဒီနောက် ရှုးပျံကြီးတွေ၊ ဝက်ကြီးတွေ သောင်းကျန်းတာ သူတစ်ယောက်တည်းနဲ့ နိုင်အောင်သတ်ပစ်လိုက်တယ်။ အဲဒါကြောင့် ပုဂံပြည်မှာ သူရှင်ဘုရင် လုပ်ရတယ်။ နောက်ပြီးတော့ တောင်ငူမှာ တပင်ရွှေထီးဆိုတာ ရှိတယ်။ သူဟာ ရန်သူတွေ ကြားထဲမှာ တစ်ယောက်ထဲ မြင်းစီးပြီး ဝင်ပြတယ်။ အခု ငါပြောတဲ့ လူတွေဟာ အားလုံး တစ်သီးပုဂ္ဂလချည်းပဲ။ ဘယ်သူမှ အားမကိုးဘဲ ကိုယ်တစ်ယောက်တည်းနဲ့ သူများအကျိုးကို ဆောင်ရွက်တယ်။ သူများပိုက်ဆံလည်း မလုဘူး။ လူလည်း မသတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ တစ်သီးပုဂ္ဂလ ဖြစ်လို့''
ဆိုးပေ၏ တရားကို ပရိသတ်က အာရုံစိုက်၍ နေကြရာက စကားအဆုံးတွင် ပင့်ထားသည့် သက်ပြင်းကို ချလိုက်ကြလေ၏။ ဆိုးပေသည် မေးခွန်းထုတ်ဖို့ အခွင့်မပေးရစေရန် ''ကဲ မဲခွဲမယ်။ မင်းတို့ကြိုက်ရာလူကို မဲပေးရမယ်'' ဟု ကြေညာလေ၏။
''ဒီမိုကရေစီကြိုက်ရင် လက်ထောင်''
အားလုံး ငြိမ်သက်နေကြလေ၏။
''ဆိုရှယ်လစ် ကြိုက်ရင် လက်ထောင်''
မည်သူတစ်ယောက်မျှ မလှုပ်ရှား။
''ကွန်မြူနစ်ကြိုက်ရင် လက်ထောင်''
တစ်ယောက်မျှ လက်ထောင်သည်ကို မတွေ့ရ။
''တစ်သီးပုဂ္ဂလ ကြိုက်ရင် လက်ထောင်''
ပရိသတ် တစ်ဦးမကျန် လက်ထောင်လိုက်ကြလေ၏။
''အဲဒါ ငါ့ကို ရွေးကောက်ကြတာပဲ။ ဒီအချိန်က စပြီး ငါဝန်ကြီးချုပ် ဖြစ်ပြီ။ တိုင်းပြည်ကို ငါအုပ်စိုးမယ်။''
''ဒီလိုဆိုရင် တို့အတွက် ပထမဦးဆုံး မင်းဘာလုပ်ပေးမလဲ'' ဟု သျှောင်ထုံးနှင့် သူငယ်လေးတစ်ယောက်က မေးလေ၏။
''ဘာလုပ်ပေးရမှာလဲ။ ငါ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အလုပ်ပဲ ရှိတာ။''
''တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာ တို့အတွက် အလုပ်လုပ်ပေးရတာလို့ တို့အဖေက ပြောတယ်။ မင်းကို မဲပေးတာ ငါလိုချင်တာ လုပ်ပေးဖို့''
''မင်းက ဘာလိုချင်လို့လဲ''
''ရွာလယ်က ရေကန်ကို တို့ကျောင်းသားပိုင် ဖြစ်အောင် လုပ်ပေးဖို့ မင်းကို မဲပေးတာ''
ရွာလယ်ရှိ ရေကန်ကလေးမှာ ဒေါ်အေးမြ၏ အိမ်ရှေ့တွင် ရှိ၍ လမ်းနှင့်ကပ်နေသဖြင့် ယခင်က ကလေးများ ခရုဖမ်းစရာ၊ ငါးမျှားစရာ ဖြစ်ခဲ့သော်လည်း မကြာမီကပင် ဒေါ်အေးမြက ထိုရေကန်မှာ သူ၏ မြေကွက်ထဲတွင် ပါဝင်သည်ဆိုကာ ခြံခတ်၍ ထားလိုက်သည့်အတွက် ကလေးများ အသုံးမချရဘဲ ရှိခဲ့လေသည်။ သို့အတွက် ထိုရေကန်ကို ကျောင်းသားပိုင် ပြုလုပ်ရေးကို အားလုံးက သဘောကျကြ လေ၏။
''မင်းတို့ ခိုင်းတာ ငါက လုပ်ရမှာလား။ ငါ ဝန်ကြီးချုပ်ပဲ။ ငါက မင်းတို့ကို ခိုင်းရမယ်။ အစိုးရကို အပူမကပ်နဲ့။ မင်းတို့ဟာ မင်းတို့ လုပ်ရမယ်ဆိုတာ မကြားဘူးလား''
''အဲဒါ တစ်သီးပုဂ္ဂလ အစိုးရ မဟုတ်လို့ပေါ့။ တစ်သီးပုဂ္ဂလဆိုတာ လူအများအတွက် လုပ်ပေးရမယ်လို့ မင်းပြောတာပဲမဟုတ်လား''
''ဒါပေမဲ့ လုပ်ချင်တာမှ လုပ်မှာပေါ့''
''ဘာမဆို လုပ်ပေးရမှာပဲ။ မင်းမလုပ်ချင်တာ ဒေါ်အေးမြကို မင်းကြောက်လို့''
''ငါလား ကြောက်မှာ''
''မကြောက်ရင် လုပ်ပြပါလား''
''ငါမလုပ်ဘူး''
''ရအောင် မလုပ်နိုင်လို့ မင်းမလုပ်တာပေါ့''
''လုပ်နိုင်တယ်''
''မင်းမလုပ်နိုင်ပါဘူး''
''လုပ်နိုင်တယ်''
''ဒါဖြင့် လုပ်ပါလား''
''ကြည့်နေ လုပ်ပြမယ်''
ဤသို့ လွှတ်ခနဲ ပြောလိုက်သည့် စကားသည် ပရိတ်သတ်အားလုံးကို ကျေနပ်သွားစေလေရာ သြဘာသံများ ဆူညံသွားလေ၏။
''ဘယ်လောက် အကြာမှာ ရအောင်လုပ်ပေးမှာလဲ'' ဟု တစ်ယောက်က ထ၍မေးပြန်လေ၏။
''စနေနေ့မတိုင်ခင် ရစေ့မယ်''
သြဘာသံများဖြင့် အစည်းအဝေး ရုတ်သိမ်းလိုက်ကြလေ၏။
------------------------------
ဆိုးပေသည် လွှတ်ခနဲ အလွယ်တကူ ပြောလိုက်နိုင်သလောက် အလုပ်မှာ မလွယ်ကူလှသည်ကို တွေ့လေ၏။ အဝိန်၊ မောင်မောင်၊ သာဒွန်းဦးတို့က သူတို့ပါ ကူညီပါမည်ဟု ဆိုကြသော်လည်း ဆိုးပေက လက်မခံချေ။
''မင်းတို့က ငါနဲ့ တစ်ဖက်စီဖြစ်နေတယ်။ ဂိုဏ်းချင်းမတူဘူး။ ဒါကြောင့် ငါနဲ့ အတူတူလုပ်လို့မဖြစ်ဘူး''
''ဒါပေမဲ့ ရေကန်ပြန်ရဖို့ဟာ ရည်ရွယ်ချက်ချင်း အတူတူပဲ။ တို့လဲပါမှာပေါ့''
''မင်းတို့က ဂိုဏ်းမတူတဲ့ အကောင်တွေ။ ငါလုပ်တာ မအောင်မြင်အောင် နှောင့်ယှက်ရမယ်။ မင်းတို့ အလုပ်ဟာ ငါဘာဘဲလုပ်လုပ် အတိုက်အခံ လုပ်ရမယ်။ အဲဒီအတိုင်း ဥပဒေရှိတယ်''
''မင်း လုပ်မရအောင် တို့က ဖျက်ဆီးနေရင် ရေကန်ပြန်မရဘဲရှိမှာပေါ့''
''မင်းတို့ နှောင့်ယှက်ပေမယ့် ငါက ရအောင်လုပ်မယ်။ ငါလုပ်မရရင် ငါ့ကိုဖြုတ်ချပြီး မင်းတို့က တက်လုပ်ရမယ်။ အခုနေတော့ ငါနဲ့ တစ်ဖက်တစ်လမ်းချည်းပဲ မင်းတို့ လုပ်ရမယ်''
''ဒါဖြင့် မင်း ဘယ်လို လုပ်မလဲ''
''ဒေါ်အေးမြဆီ ငါတစ်ယောက်တည်းသွားပြီး တောင်းကြည့်ဦးမှာပဲ။ ဒါ ပထမအလုပ်''
''အင်း ဒုက္ခတစ်ခုခုတွေ့ရင် တို့အကူအညီ မပေးရဘူးလား''
''ဒုက္ခတွေ့နေရင်တော့ ညွန့်ပေါင်းအစိုးရဖွဲ့ရမှာပေါ့'' ဟု သာဒွန်းဦးက ဆိုလေ၏။
''ဒီလိုဆိုရင် မင်းတို့ အကူအညီလိုတဲ့အခါ ငါလေချွန်လိုက်မယ်။ လေချွန်ရင် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အထိမ်းအမှတ်ပဲ''
ဆိုးပေသည် သူများအား မခိုင်းရဘဲ သူများ ခိုင်းသမျှ လုပ်ရသည့် ဝန်ကြီးချုပ်ဘဝကို အထင်မကြီးတော့သော်လည်း မိမိထားသည့် ကတိကို ဘယ်အခါမျှ ဖျက်ချင်သူ မဟုတ်သည့်အလျောက် ဒေါ်အေးမြအိမ်သို့ အရဲစွန့်၍ သွားရောက်လေ၏။
ဒေါ်အေးမြကား အသက် ငါးဆယ်ခန့်ရှိ အပျိုကြီးဖြစ်ကာ ကျက်သရေရှိသောမျက်နှာနှင့် ပြည့်စုံသူတစ်ဦးဖြစ်ပေ၏။
''ဘာကိစ္စလဲသူငယ်၊ ဘာပြောစရာရှိလို့လဲ''
ဆိုးပေသည် ဝန်ကြီးချုပ်တို့၏ ဣနြေ္ဒဖြင့် ''ကျွန်တော်တို့ ရေကန်ကိစ္စပါပဲ'' ဟု ဆိုလေ၏။
''ဘာကွဲ့၊ မင်းတို့ရဲ့ ရေကန် ဟုတ်လား''
''ဟုတ်ကဲ့၊ ဒီရေကန်ဟာ အရင်က ကျွန်တော်တို့ ကစားတဲ့ ရေကန်ပါ။ အခု ခြံခတ်ထားတာကို ဖျက်ပြီး ကျွန်တော်တို့ကို ပြန်ပေးပါ''
''ဟဲ့ ကလေးရဲ့၊ ဒီရေကန်ဟာ အဒေါ့် မြေကွက်ထဲရောက်အောင် ခိုးပြီး ခြံခတ်ထားတာမှမဟုတ်ဘဲ။
အစကတည်းက ဒီမြေကွက်ထဲမှာပါနေတာ။ တို့အဖေများ လက်ထက်တုန်းက ခြံမခတ်ထားပေမဲ့ အခု အမွေခွဲလိုက်ကြလို့ မြေတိုင်းရုံးက မြေပုံ ကြည့်လိုက်တော့ တို့မြေကွက်ထဲပါနေတာသိရလို့ ခြံခတ်ထားရတာ''
''ဒေါ်ဒေါ်တို့အဖေလက်ထက်တုန်းက ခြံမခတ်ထားတာ အစိုးရ လက်ထဲရောက်နေလို့ပေါ့''
''အစိုးရလက်ထဲရောက်နေရင် မြေပုံထဲမှာ ပါနိုင်ပါ့မလား လူကလေးရဲ့''
''မြေပုံ မှားနေရင် မှားနေမှာပေါ့။ ကျွန်တော် မြေပုံ အမှန်ကိုပြနိုင်ရင် ကျွန်တော်တို့ကို ပြန်ပြီးပေးမလား''
ဒေါ်အေးမြက ပြုံးလျက် ''အဲဒီ မြေပုံအမှန်ကို ရှာခဲ့ပါကွယ်။ ဟုတ်ရင် ပြန်ပေးရတာပေါ့။ ကဲ ကဲ မင်းပြန်ပေတော့၊ အဒေါ့်မှာ အလုပ်လုပ်စရာတွေ ရှိသေးတယ်'' ဟု ပြောလေ၏။
''ဟုတ်ကဲ့'' ဟု ဆို၍ ဆိုးပေလည်း ပြန်ခဲ့လေ၏။
ဆိုးပေသည် ဒေါ်အေးမြ၏ မြေကွက်ပုံစံကို တစ်ညလုံးရေးဆွဲလေ၏။ ထိုပုံစံထဲတွင် ရေကန်ကို ခြံစည်းရိုးအပြင်တွင် ထုတ်ထားကာ ကြက်ခြေ အမှတ်အသားပြ၍ မြေပုံအောက်နားတွင် ကြက်ခြေတစ်ခုနှင့်အတူ 'အီရေဂန်မှာ ချံစီးယိုး အပြင်ဘက်မှာရှိသီ' ဟု ဖေါ်ပြထားလေ၏။ ထို့နောက် ဒေါ်အေးမြ၏ ဖခင်အား အစိုးရကပေးသည့် အနေဖြင့် စာတစ်စောင်ဖြစ်အောင် အတော်ကြိုးစားရေးသားရလေ၏။
    ဒေါ်အေးမြ၏ ဖခင်သိစေရမြီမှာ ခင်ဗျား၏ အိမ်အပြင်ဖက်ကရေဂန်ကို ရောင်းချသိအတွက် ကြေးဇူးတင်ပါသီ။ အီရေဂန်ကို ခလေးမြားအတွက် အစိုးရက အသုံးချလိမ့်မြီ။ မည်သူမဆို ရေဂန်ကို လွတ်လပ်စွာ သုံးနိုင်သီ။ ရေဂန်ကို ချံစီးယိုး အပြင်ဘက်ထုတ်ပေးသဖြင့် ကြေးဇူးတင်ပါသီ။ ဒေါ်အေးမြလည်း ကျန်းမာစေရန် ဆုတောင်းပါသည်။
    သစ်စာရှိလှစွာသော
    (ပုံ) အစိုးရ
ဆိုးပေ၏ မြေပုံနှင့်စာမှာ ထိုနာမည်နှစ်လုံးဖြင့် သုံးစွဲခေါ်ဝေါ်ခြင်းငှာ မထိုက်တန်လှသော်လည်း ဆိုးပေမူကား မိမိ၏လက်ရာကို များစွာကျေနပ်ပေ၏။ ထိုသို့ကျေနပ်နေရုံနှင့် မပြီးသေးချေ။ ထိုစာကို ဒေါ်အေးမြလက်သို့ ရောက်အောင်လုပ်ရန် ရှိနေပေသေးသည်။ ထိုစာမှာ ဒေါ်အေးမြ၏ ဖခင်ထံသို့ အစိုးရက ယခင်ပေးထားသည့်စာအဖြစ်ဖြင့် ဒေါ်အေးမြသိရှိအောင် လုပ်ရမည်ဖြစ်ရာ ယခုမှမိမိက သွားရောက်ပေးပို့၍ မဖြစ်နိုင်။
ဒေါ်အေးမြအိမ်ထဲတွင် တစ်နေရာရာ၌ ချထားရမည်မှာလည်း တိတ်တိတ်ဝင်ရောက်နိုင်ရန် ခဲယဉ်းလှပေသည်။ သို့ဖြစ်၍ အမျိုးမျိုးစိတ်ကူးထုတ်ရာ ရေကန်ကို တွေးမိလေ၏။ ဒေါ်အေးမြသည် ထိုရေကန်ကို အုတ်ရေကန်ကလေးလုပ်ရန် ပန်းရန်သမားများနှင့် စီစဉ်လျှက်ရှိရာ ထိုစာကို ရေကန်စပ်တွင် ပစ်ချထားလျှင် အလုပ်သမားများ တူးရင်းဆွရင်းတွေ့ရှိပြီး ဒေါ်အေးမြ လက်ထဲသို့ရောက်မည်ကို စဉ်းစားမိလေ၏။
နောက်တစ်နေ့ ညဖက်တွင် ဆိုးပေသည် ပန်းရန်သမားများ အလုပ်ပြန်ချိန်တွင် ရေကန်ဆီသို့ ရောက်လာလေ၏။ သူရေးထားသည့် မြေပုံနှင့်စာကို ပုလင်းအလွတ်တစ်လုံးထဲတွင် ထည့်၍ ဘူးဆို့ပိတ်ထားကာ ခါးကြားတွင်ထိုး၍ ယူလာခဲ့၏။ ထိုပုလင်းကို ဒေါ်အေးမြ၏အိမ်ဖက်ရှိ ရေကန်စပ်တွင် ပစ်ချထားရန်ဖြစ်လေရာ၊ ခြံထဲသို့ဝင်ရောက်၍ ပစ်ချထားရန်သော်လည်းကောင်း၊ လမ်းပေါ်မှ လှမ်း၍ပစ်ရန်သော်လည်းကောင်း မဖြစ်နိုင်ချေ။ ထိုသို့ပြုလုပ်လျှင် မိမိကို လူမြင်သွားမည်ဖြစ်ရာ မိမိ၏လုပ်ငန်းကြီးပါ ပျက်ပြားသွားမည်ကို စိုးရိမ်ရပေ၏။ဆိုးပေသည် မှောင်ရိပ်ခို၍လျှောက်လာရင်း ရေကန်နှင့်ကပ်နေသည့် လမ်းဘေးရှိ စိန်ပန်းပင်အကိုင်းကြီးတစ်ကိုင်းသည် ရေကန်ပေါ်၌ မိုး၍နေသည်ကို တွေ့ရလေရာ ထိုစိန်ပန်းပင်တက်၍ ထိုအကိုင်းပေါ်မှနေပြီး ရေကန်ထဲ စာပစ်ချရန် အကြံပေါ်၍လာလေ၏။
ကံအားလျော်စွာ လမ်းပေါ်တွင် လူရှင်းလျက်ရှိသဖြင့် ဆိုးပေသည် ရဲရဲတင်းတင်း သစ်ပင်ပေါ် သို့ တက်ပြီး ရေကန်ဖက်သို့ထွက်နေသည့် သစ်ကိုင်းဖျားသို့ရောက်အောင် တဖြည်းဖြည်းတွား၍ လာခဲ့လေ၏။ ဆိုးပေသည် ရေကန်အလယ်တည့်တည့်သို့ ရောက်သည်တွင် ခါးကြားမှပုလင်းကိုဆွဲထုတ်ကာ ရေကန်စပ်သို့ရောက်အောင် ပစ်ချရန် လက်လွှဲလိုက်လေ၏။ ထိုတစ်ခဏအတွင်းမှာပင် ဆိုးပေသည် မိမိကိုယ်ကို ဘာဖြစ်၍ဖြစ်သွားမှန်း မသိလေသောကြောင့်လော၊ သစ်ကိုင်းလှုပ်၍လော၊ ရေညှိကြောင့်လော၊ သစ်ပင်တက်စဉ်က ရှိမခိုးခဲ့မိ၍လော၊ အားလွန်၍လောမသိ။ ရေကန်အလယ်တည့်တည့်သို့ လိမ့်၍ကျလေတော့၏။
ရေကန်မှာ စိမ်းဝါဝါအဆီဝေ့ပြီး ညစ်ပတ်လျက်ရှိလေရာ ဆိုးပေ၏ တစ်ကိုယ်လုံး သရဲရုပ်ပေါက်သွားလေ၏။ သို့သော် ဆိုးပေသည် မိမိကိုယ်ကို ပြန်၍ကြည့်မနေအားပေ။ ရေကန်ထဲသို့ကျသည့်အသံမှာ အတော်ပင်ကျယ်လောင်လေရာ လူထွက်မကြည့်မီ ပြေးမှပဲဟု သတိရကာ ပုလင်းကို ရေကန်စပ်သို့ လွှင့်ပစ်ထားခဲ့ပြီး လမ်းပေါ် သို့ လျင်မြန်စွာတက်ရောက်ထွက်ပြေးလေတော့၏။
နောက်တစ်နေ့တွင် ဆိုးပေသည် ရေကန်ဆီသို့ မယောင်မလည်လျှောက်၍လာပြီး ရေကန်ကိုကြည့်လိုက်ရာ မိမိမြင်ရသည်ကိုပင် မယုံနိုင်အောင် ဖြစ်နေပေ၏။ ရေကန်မှာ ယခင်ကအတိုင်း လမ်းဘေးတွင်ပင် ရှိသော်လည်း ခြံစည်းရိုးများခတ်၍မထားသည့်အပြင် ဒေါ်အေးမြ၏ ခြံစည်းရိုးအပြင်ဖက်သို့ ထုတ်၍ထားသည်ကို တွေ့နေရပေ၏။ ဆိုးပေသည် မျက်စိကိုမှိတ်ပြီး ပြန်၍ဖွင့်ကြည့်လေ၏။ မိမိမြင်နေရသည်မှာ အမှန်အတိုင်းပင်ဖြစ်နေသည်ကို တွေ့ရလေ၏။ ဤတွင် ဆိုးပေသည် ဝမ်းသာအားရနှင့် ဂိုဒေါင်ဆီသို့ လျင်မြန်စွာပြေးသွားပြီးလျှင် မိမိ၏ မဲဆန္ဒရှင်များအား ''ဟေ့ ငါလုပ်လို့ ရပြီကွ။ အောင်ပြီ။ ရေကန်ကို ခြံအပြင် ထုတ်ပေးလိုက်ပြီး တို့ကျောင်းသားပိုင်ဖြစ်ပြီ'' ဟု ကြေငြာလိုက်လေ၏။
မဲဆန္ဒရှင်များကား ဆိုးပေ၏ စကားကို မယုံ့တယုံနှင့် ဆိုးပေကို စိုက်၍ကြည့်နေကြလေ၏။
''အလကားပါ။ မင်း လုပ်လို့မရပါဘူး''
''ရတယ် လာခဲ့။ မယုံရင် မင်းတို့ပါ လိုက်ကြည့်လှည့်''
ဆိုးပေ၏ မဲဆန္ဒရှင်များသည် ဆိုးပေ၏နောက်က လိုက်ပါလာကြကာ ရေကန်ဆီသို့ ရောက်လာကြရာတွင် ဆိုးပေပြောသည့်အတိုင်း မှန်၍နေသည်ကို အံ့သြောစွာတွေ့နေကြရလေ၏။
Ä Ä Ä
ဒေါ်အေးမြ၏ အိမ်တွင်း၌ကား ဘုန်းကြီးငါးပါး ပင့်၍ ပရိတ်ရွတ်လျက်ရှိလေ၏။ အပြီးတွင် ဘုန်းကြီးတစ်ပါးက ''ဒကာမကြီး ဖြစ်ရပုံကို ပြောပြပါဦး'' ဟု မေးလေ၏။
''အိမ်ရှေ့က ရေကန်ဟာ တပည့်တော်မတို့ အဘိုးလက်ထက်က ခြံအပြင်ကို ထုတ်ထားတယ် ဘုရား။ ဒီလိုထုတ်ရခြင်းဟာ ဒီရေကန်ထဲ လူဆင်းပြီးသေတဲ့အတွက် ခဏခဏ သရဲခြောက်လို့တဲ့ ဘုရား''
''အေး ဘုန်းကြီးများလည်း ဒီအကြောင်းကို နည်းနည်းပါးပါး ကြားဖူးတယ်''
''တပည့်တော်မလည်း အဲဒီအကြောင်းကိုမေ့နေပြီး ရေကန်လုပ်မယ်လို့ စိတ်ကူးနေတာ မနေ့ညက ဘုရားရှိခိုးနေတုန်း ရေကန်ဆီက ဗြုံးဆိုတဲ့ အသံကြီးကြားရလို့ ထွက်ကြည့်လိုက်တဲ့အခါ ရေကန်အလယ်ကောင်က မည်းမည်း မည်းမည်းနဲ့ ကုန်းထလာတဲ့သဏ္ဌာန်တစ်ခုတွေ့ရတယ် ဘုရား။ လူလည်းမဟုတ်၊ တိရစ္ဆာန်လည်းမဟုတ်ဘူး ဘုရား။ တစ်ကိုယ်လုံး အဆီတွေလည်း ရွှဲလို့။ တပည့်တော်မလည်း ဆက်ပြီးမကြည့်ရဲတာနဲ့ တံခါးပိတ်ထားလိုက်ရတယ်။ မကြာခင်ကလည်း လူယောင်ဖန်ဆင်းပြီး တပည့်တော်မထံ ဒီရေကန်ကိုလာပြီး တောင်းဖူးသေးလေတော့ တပည့်တော်မလည်း ဒီရေကန်ကို ဒီမနက်ချက်ချင်း ခြံအပြင်ပြန်ပြီးထုတ်လိုက်တော့တာပါပဲ။ ခြံထဲမှာ အဲဒီတစ္ဆေရှိနေဦးမှာစိုးလို့ အရှင်ဘုရားတို့ကိုပင့်ပြီး ပရိတ်နာရတာပါဘုရား''
''အခု ကျုပ်တို့ ပရိတ်ရွတ်လိုက်လို့ ဒကာမကြီးစိတ်ထဲမှာ ရှင်းသွားပြီမဟုတ်လား။ ကဲ ကဲ ဘုန်းကြီးများလည်း ပြန်လိုက်ဦးမယ်'' ဟု ဆိုကာ လှူဖွယ်ဝတ္ထုများကို ဘုန်းကြီးကျောင်းသားကလေးများအား အသယ်ခိုင်းပြီး ပြန်၍ကြွကြလေ၏။
---------------------------------------------
''ဟေ့ ဆိုးပေ မင်းသိပ်ဟုတ်ပါလား။ ဘယ်လိုရအောင် လုပ်တာလဲ''
ဆိုးပေသည် မိမိအား အံ့သြောချီးကျူးနေကြသူတို့၏ အလယ်တွင် ခါးထောက်၍ ''ငါ ဒီမိန်းမကြီးဆီသွားပြီး ငါ ဝန်ကြီးချုပ်ဖြစ်တာကို ပြောပြပြီးတော့ ရေကန်ကို ပြန်ပေးဖို့တောင်းတာပေါ့။ မပေးရင် ဥပဒေအရ သူနေတဲ့အိမ်ပါ ပြည်သူပိုင်လုပ်မယ် ပြောလိုက်တာနဲ့ အပြင်ဘက် ထုတ်ပေးတာပေါ့'' ဟု ပြောလိုက်လေ၏။
''ဒါမှ တို့ဝန်ကြီးချုပ် ဆိုးပေကွ။ အခု ရေကန်ကို ပြန်ရပြီ။ နောက်ထပ် တို့လိုချင်တာက''
''ဟေ့ကွာ တော်ပြီ။ ငါဘာမှ မလုပ်ချင်တော့ဘူး။ ဝန်ကြီးချုပ်လည်း မလုပ်ချင်တော့ဘူး။ မင်းတို့ ဝန်ကြီးချုပ်လုပ်ချင်တဲ့လူ လုပ်ကြတော့။ ငါလွှဲပေးလိုက်ပြီ။ ငါတော့ တောပုန်းလုပ်တမ်းပဲ ကစားတော့မယ်'' ဟု ဆိုကာ မောင်မောင်၊ အဝိန်တို့ ရှိရာသို့ ထွက်၍သွားလေတော့သတည်း။
ပြီးပါပြီ
ရွှေမော်ကွန်းရဲ့ လွမ်းစရာ “အောင်သင်း”
Photobucket
ေ၇ွှမော်ကွန်း အမှတ် ၂ မှ အမှတ် ၁၁ ထိအောင် ဖတ်ကြည့်မိပါသည်။ စိပ်ပြေနပြေ အေးအေးဆေးဆေးကို ဖတ်ကြည့်နေမိသည်။ အလုပ်ရှိလျှင် ချထားလိုက်၊ အလုပ်အားလျှင် ကောက်ဖတ်လိုက်ဆိုတာမျိုး ဖတ်မိသည်။ အထူးသဖြင့် အဝေးရောက်လူငယ်လေးများ ရေးသောစာကို ပို၍အာရုံပြုဖတ်သည်။ 
သူတို့ဘ၀မျိုးကို ကျွန်တော်ကြုံဖူးသည်မဟုတ်၊ သူတို့အတွေ့အကြုံမျိုးကို ကျွန်တော်ခံစားဖူးသူမဟုတ်။ ထို့ကြောင့် ဖတ်ရသမျှမှာ သစ်လွင်လန်းဆန်းနေသည်ချည်း ဖြစ်နေသည်။ သူတို့စွန့်စားခန်းများကိုသာ သိနေသည်မဟုတ်၊ ကျွန်တော်ကိုယ်တိုင်လည်း စွန့်စားနေရသည်။ ဆိုကြပါစို့ ” အို” ဟုဆိုလိုက်လျှင် သူတို့လောကမှာတော့ နေ့စဉ်သုံးဖြစ်နေပြီ။ ကျွန်တော်နားမယဉ်သေး၊ ပြန်စဉ်းစားလိုက်ပြီးမှ ” အို” ဟုဆိုလိုက်လျှင် သူတို့လောကမှာတော့ နေ့စဉ်သုံးဖြစ်နေပြီ။ ကျွန်တော်က နားမယဉ်သေး၊ ပြန်စဉ်းစားလိုက်ပြီးမှ အော် - အိုဗာစတေးထင်ရဲ့ ရှေ့နောက်ဆက်စပ်ပြီး နားလည်လိုက်ရသည်။
သူတို့ သင်္ကြန်ပွဲဓါတ်ပုံတွေကို မြင်လိုက်ရတော့ ဟယ် ဗမာတွေမနည်းပါလားဟ ဟု တအံတသြ ဖြစ်သွားမိသည်။ သူတို့စာစောင်လေးကို ဖတ်နေရင်း ကျွန်တော်သွားလေသူ မောင်သော်က ပြောတာလေးကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ပြီးသတိရနေမိသည်။
၁၉၅၀လွန်နှစ်လောက်က ယူဂိုစလပ်သမ္မတကြီး မာရှယ်တီတိုး မြန်မာပြည်သို့ ရောက်လာခဲ့ဖူးသည်။ မြန်မာပြည်ရယ်မဟုတ်၊ အိန္နိယ၊ သီဟိုဠ်မှစ၍ အရှေ့တောင်အာရှိနိုင်ငံများသို့ ချစ်ကြည်ရေးခရီးလှည့်ခြင်း ဖြစ်သောကြောင့် သူ့ရုံးအဖွဲ့ မှူထမ်းရာထမ်း အားလုံးပါလာသည်။ ဧရာမသဘောင်္ကြီးပေါ်တွင် ပုံနှိပ်စက်ပင် ပါလာသည်။
 မြန်မာပြည်ကလည်း ချစ်ကြည်ရေးလက်ဆောင်အဖြစ် ဆင်ငယ်လေးတစ်ကောင်ကို တိရစ္ဆာန်ရုံအတွက် ပေးလိုက်သည်။ သည်တော့ သည်ဆင်ကလေးကို လမ်းတွင်အစာရေစာ ကျွေမွေးစောင့်ရှောက် သွားရန်အတွက် တိရစ္ဆာန်ရုံက လူတစ်ယောက်ထည့်ပေးလိုက်ရသည်။ သူ့နာမည်က မောင်စိန်တဲ့ ။ မြန်မာနိုင်ငံနည်းတူ အိန္နိယကလည်း စပါးကြီးမြွေကြီး တစ်ကောင်ကို လက်ဆောင်အဖြစ် ပေးလိုက်သည်။
သိဟိုဠ်ကလည်းအားကျမခံ ကျားပေါက်စလေး တစ်ကောင် လက်ဆောင်ပေးလိုက်ပြန်သည်။
လက်ဆောင်တွေပေးလိုက်ကြတာက အရေးမကြီး၊ ပင်လယ်ပြင်ထဲ အတော်လေးထွက်မိတော့ အိန္နိယလက်ဆောင် စပါးကြီးမြွေ ခြင်းထဲက အပြင်ထွက်ပြီး ကုန်းပတ်ပေါ်တွင် လမ်းသလား ပါလေတော့သည်။ သဘောင်္တစ်စီးလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ လက်ဆောင်ပေးလိုက်သည့် မြွေဖြစ်လေတော့ အန္တရယ်ရှိသည်ဆိုပြီး သေနတ်နဲ့ ပစ်သတ်လို့ကလည်း ဖြစ်သည်မဟုတ်။ သည်တော့ ”မောင်စိန်ရေ လုပ်စမ်းပါဦးဟ” ပေါ့။ မောင်စိန်ကသွားပြီး စူးစမ်းကြည့်လိုက်သည်။ မြွေပခြုပ်က အင်ဂျင်ဘွိုင်လာနီးနေလေတော့ ပူလှသည်နှင့် မြွေကထွက်လာခြင်းဖြစ်သည်။ မောင်စိန်က တိရစ္ဆာန်ရုံ အလုပ်သမားဖြစ်နေတော့ မြွေတွေအကြောင်းကိုလည်း သိနေသည်။ စပါးကြီးမြွေဆိုတာမျိုးက ကိုက်တတ်သည်မှ မဟုတ်ဘဲ။ မောင်စိန်က မြွေကို ဇတ်ကအသာဖမ်းပြီး ပခြုပ်ထဲ ပြန်ထည့် အင်ဂျင်နှင့် ဝေးသည့်နေရာသို့ ပို့ထားလိုက်သည်။
သဘောင်္တစ်စီးလုံးရှေ့မှာ မောင်စိန်က သူရဲကောင်းကြီးဖြစ်သွားသည်။ မာရှယ်တီးတိုးကြီးကလည်း အတိုင်းထက်အလွန် သဘောကျသွားသည်။ တိုက်ပွဲအလီလီကို အောင်မြင်ခဲ့သော မာရှယ်ကြီးအား လက်ဆောင်စပါးကြီးမြွေ၏ အန္တရယ်ဘေးမှ ကာကွယ်ပေးလိုက်သည် မဟုတ်လား။ သည်တော့ ထိုက်တန်သော ဂုဏ်ထူးဘွဲ့ထူး ချီးမြှင့်ရပေမည်။ ချက်ခြင်းဂုဏ်ပြုလွှာကိုရိုက်စေပြီး ချီးမြှင့်လိုက်သည်။ သာမန်မဟုတ် ကိုယ်ရံတော်စစ်တပ်၊ အမှူထမ်းအရာထမ်းအားလုံး တန်းစီနေရသော အခမ်းအနားဖြင့် ချီးမြှင့်ခြင်းဖြစ်သည်။ ပေးလိုက်တဲ့ဘွဲ့ထူးအမည်က ယူဂိုစလားဗီယားနိုင်ငံတွင် တစ်ခါမှမရှိခဲ့ဖူးသော (Master of Snake) တဲ့။
သည်လိုနှင့် မြေထဲပင်လယ်ထဲ အတော်လေးရောက်လာတော့  သိရီလင်္ကာကျားကလေးက အစာမစား ဘာမစာဖြစ်လာပြန်လေတော့သည်။ လမ်းခရီးမှာတင် ကျားကလေး သေသွားလျှင်ဒုက္ခ လက်ဆောင်ပစ္စည်းမို့ နိုင်ငံအချင်းချင်း အားနာစရာဖြစ်ရုံမျှမဟုတ်သေး သမ္မတကြီးနှင့်အတူ ဆင်၊ ကျား၊ မြွေ၊ တွေပါလာမည်ဆိုသည်က နိုင်ငံတော်သတင်းစာတွေထဲမှာ အုတ်အော်သောင်းနင်းလဲ ပါနေပြီးဖြစ်သည်။ ပြည်သူလူထုက ဒီလက်ဆောင်တွေကို မျှော်လင့်တကြီး စောင့်နေကြသည်။
အထူးသဖြင့် မြန်မာပြည်ကဆင်ကလေးကို ဓါတ်ပုံနှင့်ပင် လွမ်းနေကြသည်။ အခုလို သီရိလင်္ကာကျားကလေး နာမကျန်းဖြစ်လာပြန်တော့ ” မောင်စိန်ရေ လုပ်ပါဦးဟ ” ။ မောင်စိန်ကစမ်းကြည့်လိုက်သည်။ ကျားကလေး အအေးပတ်နေခြင်းဖြစ်သည်။ မြေထဲပင်လယ် မြောက်ပိုင်းရောလာပြီဆိုတော့ အအေးပိုင်းဖက်ဝင်လာပြီ ကျားကလေး ဘယ်မှာခံနိုင်တော့မည်နည်း။ မောင်စိန်လဲ တတ်သမျှ မှတ်သမျှနှင့် ကုရပေတော့မည်။ သူ့မှာ လိုရမယ်ရဆောင်လာခဲ့သော ” ကျားဘမ်းပရုပ်ဆီ” ဗူးကြီးတဗူးပါလာလေတော့ ”ကျားဘမ်းကိုဘဲ အားကိုးရမည်။ ကျားကလေးလည်ပင်း၊ ရင်ဘတ်စတာတွေမှာ ပရုပ်ဆီလိမ်းပေးပြီး စောင်နှင့်ပတ်ကာ နွေးနွေးထွေးထွေးထားလိုက်သည်။ ဘေးကကြည့်သော ပရိတ်သတ်ကတော့ ပရုတ်ဆီဗူးတွင် ကျားရုပ်ပါသောကြောင့် ” ကျားဖျားနာပျောက်ဆေး” ဟုထင်ကြလေမည်လားမသိ ဘာပဲဖြစ်ဖြစ် သုံးလေးရက်ရှိတော့ ကျားလေးနလန်ထလာပြီး  အစာပြန်စားလာသည်။ သမ္မတကြီးလဲ ခုမှ သက်ပြင်းချနိုင်တော့သည်။
နောက်တစ်ကြိမ် ဘွဲ့နှင်းသဘင်!!!!ဘာဖြစ်မလဲ ?( Master of Tiger)ပေါ့။
သည်လိုနှင့် ယူဂိုစလားဗီးယားနေပြည်တော်သို့ ရောက်သွားပြီ။ ဆိပ်ကမ်းတွင်ကြိုဆိုနေသည်က ဒုနဲ့ဒေး။ သမ္မတကြီးနှင့်အဖွဲ့က ဘာမှအေ၇းမကြီး သူတို့ကြိုနေသည်က မြန်မာပြည်က ဆင်ကလေး၊ ကြိုနေပါသည်ဆိုမှ ဆင်ကလေးသဘောင်္ပေါ်မှ မောင်းချလို့ကိုမရတော့ ဘယ်မှာရပါမည်နည်း ကုန်းဘောင်ဘေးမှာ ရေပြင်ကြီးကို မြင်နေ၇သည်ကိုး သည်တော့မှ ဆင်အကြောင်းကို နားလည်နေသည့် မောင်စိန်က ဘေးပတ်ဝန်းကျင်ကို လုံအောင်ကာရံစေပြီး ဆင်ကလေးကို ချော့မော့ဆင်းစေသည်။ စောင့်ကြည့်နေကြသော ပရိသတ်က ” ဟေး” ဟု ၀ိုင်းဝန်းကောင်းချီးပေးကြသည်။ သမ္မတကြီး အလွန်ဝမ်းသာသွားသည်။ နောက်ထပ်ဂုဏ်ထူးဆောင်ဘွဲ့ကြီးတစ်ခု ဘွဲ့အမည်ကိုတော့ စာဖတ်ပရိသတ်ကြီး သိနေပြီ ( Master of Elephant) ။
မောင်စိန်ကိုကြယ်ငါးပွင့်အဆင့်ရှိ ဟော်တယ်ကြီးတွင် ကျကျနနထားပေးသည်။ ကြိုက်ရာ အရက်ကို မှာသောက်နိုင်သည်။ ကြိုက်ရာစားစရာကို မှာစား၊ နိုင်ငံတော်က စာရင်းရှင်းပေးသည်။ မောင်စိန့်အလုပ်က နံနက်လင်းလျှင် ဟော်တယ်သို့ရောက်လာသော မာစီဒီးကားကြီးပေါ်တက်လိုက်သွား တိရစ္ဆာန်ရုံကိုရောက် ဆင်ချေးကျုးံကစပြီး သန့်ရှင်းကိုလုပ်၊ အစာရေစာကျွေး၊ ဆင်ကလေးကိုပွတ်သတ်ယုယလုပ်ပြီး ဟော်တယ်ကိုပြန်၊ စားသောက်နေရုံပါဘဲ။ တခြားဘာအလုပ်မှမရှိ မောင်စိန်လည်း တစ်နေ့ပြန်ရနိုး၊ တစ်နေ့ပြန်ရနိုးနှင့် သုံးလလောက်ကြာသွားပြီ။ အိမ်ကိုလည်း လွမ်းလှပြီ ဤအချိန်တွင် မောင်သော်ကတို့နှင့် ဆုံကြခြင်းဖြစ်သည်။ မောင်သော်ကတို့အုပ်စုက စစ်ဖက်ဆိုင်ရာ သင်တန်းတစ်ခုကို သွားတက်ကြရခြင်းဖြစ်သည်။ သည်တော့ ရောက်သည့်နေ့တွင် ထိုဟော်တယ်ကြီး၌ တစ်ညမျှ စတိုင်နှင့်ထားပေးသည်။ တစ်ညဆိုတစ်ညပဲ နောက်တနေ့ဆိုလျှင် ဆိုင်ရာစခန်းသို့ မြန်းကြရတော့မည်။ မောင်စိန်က မြန်မာပြည်က စစ်ဗိုလ်များ သင်တန်းတက်ရန် ရောက်လာသည် ဆိုတာကို ကြားလိုက်တော့ ကမန်းကတန်းသူတို့ဆီရောက်သွားသည်။ သူမြန်မာပြည်ကို ပြန်ချင်ကြောင်း အိမ်ကို သတိရသည့်အကြောင်း မိန်းမကိုလွမ်းကြောင်း သူ့မှာ ဒုက္ခကြီးစွာရောက်နေ၍ ဗိုလ်ကြီးများက မြန်မာပြည် ပြန်ရအောင် ကူညီပါမည့်အကြောင်း မျက်ရည်လည်ရွှဲနှင့် ငိုပြီး ရှိခိုးဦးတင်တောင်းပန် ပါလေတော့သည်။
” နေပါဦး မောင်စိန်ရဲ့ မင်းက မြန်မာပြည်မှာ ဘာလုပ်တာလဲ”
”တိရစ္ဆာန်ရုံမှာပါဆရာ၊ ဆင်ချေးကျုးံသန်းရှင်းရေး အလုပ်သမားပါ”
”နေပါဦး မင့်မိန်းမကကော ဘာလုပ်သလဲ”
”သူကလဲ အဲဒီဆင်ရုံနားမှာဘဲ ကြံရောင်းပါတယ်ဆရာ”
” ဟ…မောင်စိန်ရ၊ ဒီလိုဆိုရင်လည်း ဒီမှာပျော်ပျော်ကြီးနေလိုက်ပေါ့ကွ၊ မင်းနေရတာ ဘယ်လောက်ကောင်းလဲ၊ ဒီလိုဟော်တယ်မျိုးဆိုတာ ငါတို့လိုကောင်တွေတောင် မကပ်နိုင်ဘူး။ အခုဟာတောင် နိုင်ငံချင်းချစ်ကြည်ရေးမို့ မျက်နှာသာပေးပြီး တစ်ညထားပေးတာ နက်ဖြန်ဆို တို့သွားရတော့မှာ မင့်မှာလုပ်ရတဲ့အလုပ်ကလည်း ဘာမှမပြောပလောက်ဘူး ကြိုက်တဲ့အရက်ကို မှာသောက်ပြီး ကြိုက်တာမှာစားနေရုံပဲ၊ သမ္မတကြီး မာရှယ်တီးတောင် မင်းလောက် ဇိမ်မကျနိုင်ဘူး၊ ဒီမှာနေရသလောက် ကပ်ရပ်ပြီး နေရမှာဟ မောင်စိန်ရ”
သည်တော့ မောင်စိန်က ထပ်ငိုပြီး
” အမလေး မလုပ်လိုက်ပါနဲ့ ဗိုလ်ကြီးတို့ရယ် ဘယ်လောက်ကောင်းကောင်းနေနေ ကျွန်တော်မနေနိုင်တော့ဘူး။ ကျွန်တော့်မှာ ဒီကသမ္မတကြီးကိုလည်း ပြောခွင့်မရ၊ ဟော်တယ်အမှူထမ်းတွေကလည်း ကျွန်တော်ပြောတာ နားမလည်၊ အခုမှ ဗမာလိုပြောရတာပါ၊ ဗိုလ်ကြီးတို့က အထက်ကို ပေါက်ပေါက်ရောက်ရောက် ပြောနိုင်တဲ့သူတွေပါ။ ကျွန်တော် ဗမာပြည် ပြန်ရအောင် ပြောပေးကြစမ်းပါ၊  ဗိုလ်ကြီးတို့ ကျေးဇူးကို တစ်သက်လုံးမမေ့ပါဘူး။ ဗိုလ်ကြီးတို့က မကြုံဘူးလို့နော်၊ ကျွန်တော့်မှာ စကားကလည်းမပေါက်နဲ့ နေ့စဉ်နဲ့အမျှ ဗမာပြည်ကိုလွမ်းနေရတာပါ၊ ကယ်ပါဦး ဗိုလ်ကြီးတို့ရာ”
” အဲဒါဘဲ ဦးအောင်သင်းရေ၊ ခင်ဗျားတို့ ကျုပ်တို့မှ တိုင်းပြည်ကို ချစ်တယ်လို့ မထင်လေနဲ့ တိရစ္ဆာန်ရုံမှာ ဆင်ချေးကျုးံရတဲ့ မောင်စိန်လည်း တိုင်းပြည်ကို ချစ်တာပါဘဲ။ နတ်ပြည်ခြောက်ထပ် ရောက်နေသလို စည်းစိမ်ခံစားနေရတဲ့ မောင်စိန်ဟာလဲ အဲဒီစည်းစိမ်ကိုစွန့်ပြီး  ကိုယ့်တိုင်းပြည်ကိုချစ်တာကြောင့် ပြန်လာတာပါဘဲ၊ ကိုယ်မှသာ တိုင်းပြည်ကိုချစ်တယ်လို့ မထင်ကောင်း၊ မပြောကောင်းဘူး ဦးအောင်သင်းရေ ”
ရွှေမော်ကွန်းတွေကိုဖတ်နေရင်း ကျွန်တော်မမြင်ဘူးသော မောင်စိန်ကိုလည်း သတိရမိသည်။ သွားလေသူ မောင်သော်က ကြီးကိုလည်း လွမ်းမိသည်။ စာစောင်ထဲမှာ သူတို့တတွေ သင်္ကြန်ပွဲ လုပ်ကြတာတွေ၊ ဆရာတော်ကြီးတွေကိုပင့်ဖိတ်ပြီး  တရားပွဲတွေ၊ အလှူအတန်းလုပ်ကြတာတွေ၊ သိမ်သမုတ်တာတွေ၊ ဒုလ္လဘတက်ကြတာတွေကို တွေ့လိုက်ရတော့ မမြင်ဖူးသေးသော သူတို့လေးတွေရဲ့ ပုံပန်းကိုမြင်ယောင်လျှက် ကိုယ့်သား ကိုယ့်သမီး၊ ကိုယ့်တူငယ် တူမငယ်တို့ကို လွမ်းသလို လွမ်းနေမိပါသည်။
ထို့ကြောင့် ” ရွှေမော်ကွန်းရဲ့ အလွမ်း ”ကို မဏာမရေးလိုက်ရခြင်းဖြစ်သည်။
အောင်သင်း
ရွှေမော်ကွန်းအမှတ်( ၁၇)
ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် စာအုပ်ပြပွဲ
Photobucket
ဒေါက်တာဂျော်နီ
Photobucket
ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။
မက်(စ်) ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တဲ့။
မောနင်းကျူရှင်၊ နိုင်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနဲ့ ပို့ခဲ့တယ်။
ရီဇာတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။
အမ်စီတက်တော့
ဆိမ်းဗက်ခ်ျက၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး၊ အသွေးဖြူဖြူ
နှတ်ခမ်းထူသနဲ့။
အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။
မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။
ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။
နောက်တော့....
'ကျမနာမည်၊ မော်လီတဲ့လေ
ဒက်ဒီတို့က၊ အမ်စီသွားပါ
ဆိုလို့သာဘဲ၊
ဝါသနာဆို၊ မပါလိုက်တာ
စိတ်ကုန်ပါရော'
ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ
ဟန်မူရာနှင့်။
'ဟိုလေ... အန်-အန်၊ ကာလ်တန်မှာ
အီတာလျံကား၊ လဲသွားပြီနော်
အော်- အော် ဟုတ်သား၊ မေ့များနေသေး
ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့
ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ်
လာရမယ်နော်၊ ယူ့အဖော်တွေ
ခေါ်ချင်ခေါ်ခဲ့'။
ဘာတဲ့ညာတဲ့၊ မဲ့ချည်နွဲ့ချည်
ဟိုသည်ကြောင်းရာ၊ စုံလေပါရော
ပန်ကာမလေး ဆိုလောက်တယ်။
တလနှစ်လ၊ သုံးလေးလမှာ....
လက်ဖက်ရည်ဆိုင်၊ ထိုင်လည်းတူတူ
လူသူစည်ရာ၊ ကော်ရစ်ဒါမှာ
လာလဲတွတ်ထိုး၊ ခန်းထောင့်ချိုးမှာ
တိုးတိတ်တိုးတိတ်၊ မွတ်သိပ်လှစွာ
ဘာညာဘာညာ၊ ဖြစ်ကြတာတွေ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ
တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။
သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက်လည်လိုက်၊ ဖားခွဲလိုက်နှင့်
အမြိုက်အရသာ၊ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။
ထို့နောက် -
'ဒေါက်တာဂျော်နီ၊ အမ်ဘီဘီအက်စ်နှင့်
ဒေါက်တာမော်လီ၊ အမ်ဘီဘီအက်စ်' ဟု
ပြောင်လက်ကြေးပြား၊ အထင်းသားဝယ်
ကြွားကြွားရွားရွားပေါ်ခဲ့တယ်။
ကားနှင့်တိုက်နှင့်၊ မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။
အို - အလုပ်သမား၊ လယ်သမား
ပြည်သူများတို့......
ဂျော်နီတို့လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။
တင်မိုး
[တင်မိုး - စိမ်းလန်းသောအိပ်မက်၊ ပထမနှိပ်ခြင်း၊ သမဂ္ဂစာပေ၊ ၁၉၆၉ ဇူလိုင် ၂၅ ရက် မှ ကူးယူဖော်ပြပါတယ်။]
အလုပ်နှင့် လူဝါးဝလျှင်
thardu
 သိပြီးဖြစ်ကြသည့်အတိုင်းပင် ပျော့ညံ့ညံ့ ခပ်အေးအေး လေပြေကလေးထိုးကာ ရာထူးသည်သာ အဓိကထားနေကြသော သူ့ကျွန်ဘဝ နိုင်ငံရေးခေတ်တွင် ဝုန်းခနဲ ဒိုင်းခနဲ ရဲရဲတောက် ကြွေးကြော်သံဖြင့် 'တို့ဗမာ အစည်းအရုံး' ဟူ၍ ပေါ်ပေါက်လာသောအခါ နိုင်ငံရေးလောကသာမက ပုဒုမ္မာအင်္ကျီတစ်ထည်၊ လင် မနစ် ထဘီတစ်ကွင်း၊ ပဝါတစ်ပိုင်း၊ ပေါ်ပလင် တိုက်ပုံတစ်ဝတ်စာ၊ ခရုပလေ ကပ်လုံချည်တစ်ထည်နှင့် ရှပ်အင်္ကျီရလျှင် ရွေးကောက်ပွဲ မဲထည့်ရန် လိုက်တတ် ကြသော အရပ်သားလောကတွင်ပင် အပြင်းအထန် လှုပ်ရှားသွားခဲ့၏။
လေပြေကလေး တဖြည်းဖြည်း တိုက်နေရာမှ မသိမသာ တအီအီပြင်းလာ မည်၊ ကောင်းကင်အနေအထား၊ အသွေးအရောင်ပါ ပြောင်းလဲလာမည် ဆိုပါက ကမ္ဘာ့နည်းအရ လည်းကောင်း၊ ဗမာ့နည်းအရ လည်းကောင်း လေမုန်တိုင်းကျမည်လော၊ လေသင်ဓုန်းလော၊ လေဝဲကတော့လော စသည်ဖြင့် ကြိုတင်အကဲ ခတ်နိုင်ကြသည်။ နောက် လေရောမိုးပါ အပြင်းအထန် တိုက်ခတ်လာသည့်တိုင် အောင် ထိတ်လန့် စိုးရွံ့မှုသည်လည်း သူ့အရှိန်နှင့်သူ ဖြစ်ခဲ့၍ အတော်အတန် ခံသာမည်။
တို့ဗမာ အစည်းအရုံး ဟူ၍ ပေါ်လာသည်မှာကား လေမဆင်အသွင်သော်မှ မပြဘဲ ဒိုင်းခနဲ့ပေါ်လာသော မိုင်တစ်ရာနှုန်းမက ပြင်းထန်လှသည့် မုန်တိုင်း သဖွယ် ကြောက်ခမန်းလိလိ ရှိလှချေ၏။
မမြင် မသိ မကြားမိသေးသူတို့ သဘောပေါက် ခေါက်မိစေရန် ထပ်မံ ဖော်ပြရသော် ထိုစဉ်အခိုက်က အုပ်စိုးကြသူ အင်္ဂလိပ်တို့အား 'အရှင် သခင်' ဟု ခေါ်ဝေါ်သမုတ် လက်အုပ်ချီနေကြချိန်၊ တို့ဗမာအစည်းအရုံးဝင်များက နာမည် ထိပ်တွင် 'သခင်' တပ်လိုက်သောအခါ အရှင်သခင်ဟု အခေါ်ခံရသည်ကို အရသာတွေ့နေကြသော အင်္ဂလိပ်များသည် လည်းကောင်း၊ သူတို့၏ လက်ပါး စေ ဗမာအရာရှိများသည် လည်းကောင်း အောင့်သက်သက်နှင့် ပျာယာခတ်ကုန် ကြတော့၏။ သူတို့ တစ်တွေအား 'သခင်' ဟု ဆက်ဆံခေါ်ဝေါ်ခြင်းကိုပင် တားမြစ်လာကြ၏။ သခင်အမည်ကြောင့် ပွဲဦးထွက် အမြတ်ထွက်လာ၏။
'ကိုယ့်ပစ္စည်းကို ဓားပြတိုက်ခံရတဲ့အခါ မျက်နှာချိုသွေးပြီး လက်ဖြန့် တောင်းလို့ ဘယ်တော့မှ ပြန်မရဘူး၊ တိုက်ယူရမယ်။ ခု မြန်မာပြည်ကို အင်္ဂလိပ် က ဓားပြတိုက်ယူထားတယ်၊ အဲဒါ ဘာလုပ်ကြမလဲ' ဟူသော တရားဟောသံ သည်လည်း ကြောက်ဖွယ်အတိ ဖြစ်သွားခဲ့၏။
'နေမဝင်သော အင်ပါယာနိုင်ငံကြီး' ဟု ကမ္ဘာတစ်ဝက်ကျော်ကို စိုးမိုးအုပ် ချုပ် မင်းလုပ်နေသော ဂျော့ဘုရင်ပုံ တံဆိပ်ခေါင်းကိုသာ စာအိတ်တွင် ဇောက် ထိုးကပ်ကာ 'ခွေးခေါင်း ပြောင်းပြန်ကပ်လိုက်သည်' ဟု စာတန်းထိုး၍ စာတိုက် မှ ထည့်လိုက်သောကြောင့် သခင်လှမောင် အဖမ်းခံရ၏။
ထိုမျှ ပြင်းထန်စွာ နိုင်ငံရေးအားဖြင့် လှုပ်ရှားပုတ်ခတ်လိုက်သောကြောင့် သခင်လှမောင် တစ်ယောက် သက်သာတော့မည်မဟုတ်၊ 'ဂျပန်သူလျှို' ဟူသော စာအုပ်ကို ဖတ်ထားဖူးသည်ဖြစ်၍ ဂျပန်များက တရုတ်ပြည်၊ ကိုရီးယား စသည့် နိုင်ငံတို့တွင် နိုင်ငံရေးအကျဉ်းသားများအား မည်သို့နှိပ်စက်ပုံကို သာဓု သဘော ပေါက်ထား၍ ထိုအတိုင်းပင် သခင်လှမောင် ခံရချေတော့မည်ဟု တွေးပူ စိုးရိမ်မိ ခဲ့သော်လည်း အင်္ဂလိပ်တို့သည် ထိုမျှ မရက်စက်ဘဲ ထောင်ချရုံသာ အပြစ်ပေး လိုက်၏။
'သခင်ပေါက်စ ထောင်ခြောက်လ၊ အမေကမွေး ထောင်ကကျွေး'
သို့အလျောက်လည်း သာဓုသည် ရန်ကုန်မြို့လယ် ကုန်ဈေးတန်းလမ်းတွင် 'ရန်ကုန်အလယ်ပိုင်း တို့ဗမာ အစည်းအရုံး' ဟူ၍ စတင်တည်ထောင်စဉ်က အတော်လေး အခက်အခဲတွေ့ခဲ့ရ၏။ ထိုလမ်းသည် လည်းကောင်း၊ ထိုလမ်း တစ်ဝိုက်သည် လည်းကောင်း လက်လီလက်ကား ကုန်သည်ပွဲစား၊ သူဌေးများ၏ ရပ်ကွက်ဖြစ်သောကြောင့် သာဓုအိမ်တွင် ဆိုင်းဘုတ် တင်လိုက်သည်နှင့် ထိုနေ့ မှစ၍ သာဓု စားပေါက်ပိတ်လေတော့၏။
အဖြစ်သည်ကား ထိုစဉ်က သာဓုမှာ ဆရာဝန်ကိုမြဆေးတိုက်တွင် လခစား အလုပ်ကလေးဖြင့် ကသီလင်တ တစ်လနှင့်တစ်လ အလျဉ်မီအောင် စားနေရ၏။
ကြားပေါက်အနေဖြင့် ထိုထိုဤဤ ကုန်သည်များ၊ သူဌေးများက ရုံးကိစ္စ၊ စာတိုက်ကိစ္စ၊ သင်္ဘောဆိပ်၊ မီးရထား စသည်များကိစ္စ ခေါ်ခိုင်းလျှင် အပိုဝင်ငွေ ကလေးဖြင့် သုံးရ၏။ အင်း တို့ဗမာအစည်းအရုံးထောင်၍ သခင်လုပ်သောအခါ သူတို့တစ်တွေက မခိုင်းချင်ကြ။ သာဓုကို ခိုင်းလျှင်၊ ခေါ်ပြောဝင်ထွက် လုပ် လျှင် သခင်တွေကို အားပေးသည်ဟု အထင်လွဲခံရမည် ကြောက်ကြ၏။ သာဓု လည်း မူလကပင် တွက်ပြီးသားဖြစ်၏။ သခင်လုပ်လျှင် အလုပ်သော်လည်း ပြုတ်ချင်ပြုတ်မည်။ အရပ်ကလည်း ဆေးဖော်ကြောဖက် လုပ်သော်မှ လုပ်မည်။ မည်သို့ဖြစ်စေ ဤနစ်နာမည့်အချက်များကို သာဓု၏ ယုံကြည့်ချက်နှင့် မလဲနိုင်။ အလုပ်မှာမူ မပြုတ်ရုံသာမက ဆရာဝန် ကိုမြဆေးတိုက်ပိုင်ရှင် ဦးအေးကျော်က လခပင် တိုးပေးလိုက်သေးသည်။ ရန်ပုံငွေလည်း ကျိတ်၍ပေးသည်။ အခြား သော ကုန်သည် သူဌေးတို့ကသော် ရွံ့ရွံ့အယ်အယ် ဖြစ်ကုန်ကြသည်။
စင်စစ် မလွယ်လှ။ သခင်အစည်းအရုံး စတင်ထူထောင်စက ကျောင်းသား သူငယ်ချင်းအချို့နှင့် သေတ္တာလုပ်သော လက်သမား၊ စက်ချုပ်သူ စသည်ဖြင့် လက်တစ်ဆုပ်စာမျှသာ ပါသည်။ သို့တိုင်အောင်လည်း ဝင်ကြေး တစ်မတ် မပေးနိုင်ကြသဖြင့် သာဓုက စိုက်ရသည်။ စာအုပ်စာတမ်း စသည့် လိုအပ်သော ပစ္စည်းများ ဝယ်ရန် ငွေမရှိ။ ရာဘာတံဆိပ်တုံးပင် မလုပ်နိုင်သေး။
သာဓု ငှားနေသော အိမ်မှာ တစ်လ ၂၂ ကျပ်ခွဲ ပေးရပြီး ရပ်ကွက် ဘာသာ ရေးအသင်းတစ်ခုမှ ပစ္စည်းအချို့ထားခအဖြစ် တစ်လ ၁ဝ ကျပ် ပေးသည်။ တို့ဗမာ အစည်းအရုံး ဆိုင်းဘုတ်တင်သောအခါ ထိုဘာသာရေးအသင်းက 'အစိုးရ အထင်လွဲမည် စိုးသည်' ဟု အကြောင်းပြကာ အခြားသို့ ပစ္စည်းများ ရွေ့သွားသဖြင့် သာဓုတွင် ပြဿနာ တက်ရပြန်၏။
ရံပုံငွေ ရှာရပေတော့မည်။ အလှူလိုက်ခံပြန်လည်း သခင်ဆိုလျှင် ချစ်သော် လည်း တစ်ဖက်မှ ငြိုငြင်မည်ကို ကြောက်၍ ရဲရဲဝံ့ဝံ့ ပေးလှူကြမည်မဟုတ်။ သဘောပေါက်အောင် ပြောဟော အလှူခံလျှင် အနည်းအကျဉ်း အားနာပါးနာ ပေးကြမည်။ သို့သော် အချိန်ကုန်မည်၊ အာပေါက်အောင် ပြောရမည်။
သာဓု အကြံတစ်ခုရလာသည်။ သာဓုနှင့်ခင်သော သာဓုကိုချစ်သော သိမ် ကြီးဈေးသူဌေး၏ တူတော်သူ၏ အကူအညီဖြင့် အမှိုက်ကျုံးသောလှည်း၊ တံမြက်စည်း၊ ခြင်းတောင်းများ သိမ်ကြီးဈေးမှ ခေတ္တငှားပြီး တစ်နေ့သော အား လပ်ရက်၌ လမ်းထဲရှိ အမြင်မတော်သော အမှိုက်များ တောင်းစုတ် သေတ္တာပျက် များကို ရှင်းလင်းလှည်းကျင်းကြ၏။ ရေဝပ်နေသော ချိုင့်များမှ ရေများ ခပ်ထုတ် ခြင်းများ ပြုလုပ်ကြ၏။ မြူအဖွဲ့မှ နေ့စဉ် တံမြက်စည်းလှည်းသော်လည်း လမ်း မှာ ကုန်သည်ရပ်ကွက်ဖြစ်သောကြောင့် အချိန်ရှိသရွေ့ စက္ကူ၊ ကောက်ရိုး၊ ဖက်၊ လွှစာ စသည်တို့ဖြင့် အမြဲလိုလို ပွနေတတ်၏။
ထိုနေ့က သာဓုတို့ သခင် သခင်မတစ်စု အမှိုက်လှည်းကြသည်ကို ရပ်ကွက်က အလွန်ကျေနပ်သွားကြကာ ကြံရည်ဝယ်တိုက်ကြသည်။ အချို့က နို့ထမင်း ကျို၍ကျွေးသည်။ အချို့ကလည်း မုန့်ဝယ်စားကြ၊ လက်ဖက်ရည် သောက်ကြဟုဆိုကာ ငါးမူး တစ်ကျပ် ပေးကြသည်။ ထိုငွေများကို အားလုံး သဘောတူ သခင်ရန်ပုံငွေအဖြစ် သိမ်းထားကြသည်။
သာဓုတို့ နယ်ချဲ့ကြလေပြီ။ နောက် အားလပ်ရပ်များတွင် ကုန်ဈေးတန်း သာ မကတော့ဘဲ အခြားသော ၂၅ လမ်း၊ ၂၆ လမ်း၊ ၂၇ လမ်း အပြင် သိမ်ကြီး ဈေးသို့ပါသွားကြပြီး တံမြက်စည်းလှည်းကြသည်။ အမှိုက်ကျုံးကြသည်။ ပေရေ နေသော ဆိုင်းဘုတ်တွေ့သမျှ ဆေးကြောပေးခြင်း ဖုန်ခါခြင်းများ ပြုလုပ်ပေးကြ သည်။ သို့သော် ယောင်၍မျှ အလှူမခံကြ၊ စေတနာနှင့် ကျွေးသည်ကိုသာ စား၍ မေတ္တာဖြင့် ပေးသောငွေကိုသာ လက်ခံပြီး ရန်ပုံငွေစုကြရာမှ ကြာသော် ဆင်းရဲ သော သခင်သခင်မများကိုပင် ပင်နီအင်္ကျီများ ချုပ်ပေးနိုင်သည်အထိ ငွေတောင့် လာရုံသာမကသေး။ သာဓုတို့လုပ်ဆောင်ချက်ကို အားကျလာကြသည့်အတိုင်း လူတန်းစားတိုင်း ကြည်နူးလက်ခံလာသည့် လုပ်ငန်းဖြစ်၍ တစ်ကြောင်း စိတ်ပါ ဝင်စားလာကြကာ သခင်ဟူစိန် (ယခု မောင်ထော်လေးလမ်းထိပ်၊ ဟိုတယ် ဒီစီး တီး ပိုင်ရှင်)၊ သခင်အလီ (သိမ်ကြီးဈေး သတင်းစာကိုယ်စာလှယ်)၊ သခင် အကျုတ် (ယခု လူဝင်မှုကြီးကြပ်ရေး)၊ သခင်ရဖစ် (သိမ်ကြီးဈေးထိပ် သစ်သီးဆိုင် သူဌေးသား) စသည်ဖြင့် အတော်များများပင် သခင် အစည်းအရုံး ဝင်များ ဖြစ်လာကြသည်။
သခင်အစည်းအရုံး စတင်ကတည်းက ပါဝင်ခဲ့သော ကုန်ဈေးတန်းဦးညို၊ ဒေါ်မိုး ပိုးထည်ဆိုင်ပိုင်ရှင် သားများဖြစ်သည့် သခင်ကိုကိုကြီး (ယခု ရန်ကုန် မီးရထားရုံး ငွေစာရင်းဌာန၊ ဦးကိုကိုကြီး)၊ သခင်တင်မောင် (ယခု ကုန်သွယ် ရေး ၁၈) ဦးသန်းထွန်းတို့ကလည်း ထီး၊ ဆပ်ပြာသူဌေး အီးစီမဒါးသားများ သခင် အက်စ်စီမဒါး၊ သခင်အက်စ်အီးမဒါး စသည်ဖြင့် အစည်းအရုံးဝင်ဖြစ် အောင် စည်းရုံးနိုင်ခဲ့ကြ၏။ တံမြက်စည်းလှည်းရာတွင်လည်း သူတို့အားလုံး ပါကြသည်။
လမ်းထဲတွင် အရင်းရှင်အဆန်ဆုံး၊ ဘုရင်ခံ နန်းရင်းဝန်အသစ်လဲတိုင်း၊ နေရပ်ပြန်ကြတိုင်း ထူးထူးခြားခြား လက်ဆောင်ပေးရသည်ကို အလုပ်တစ်ခု အဖြစ် ဂုဏ်ယူလေ့ရှိသော ကုန်သည်ကြီးတစ်ဦးသည်ကား သခင်ဆိုလျှင် အလွန် မုန်းချေ၏။ တစ်နေ့သော် သာဓုတို့သခင်တစ်စု အမှိုက်လှဲရင်းက ပေရေညစ်ပတ် နေသော သူ၏ မော်တော်ကားကို ဝိုင်းဝန်းရေဆေး သုတ်သင်နေကြခိုက် သူ တိုက်ပေါ်မှ ဆင်းအလာနှင့် ကြုံသွားကာ အလွန်ကြည်နူးအားရသော အပြုံးဖြင့် သာဓုကိုခေါ်ကာ ငွေနှစ်ကျပ် ထုတ်ပေး၏။ ထိုစဉ်က နှစ်ကျပ်သည် စွပ်ကျယ် အင်္ကျီရှစ်ထည်နှင့် ညီမျှ၏။
နောက်ပိုင်းတွင် သခင်များအပေါ် စေတနာပြင်းပြလာသူများ၌ ဦးဆင် ဒေါ်ဌေး၏သား ဦးမောင်မောင်၊ စိန်ဘရားသား ဦးထွန်းစိန်တို့လည်း ပါဝင်၏။ အထက်ပါ ကုန်သည်ကြီးများ ငွေနှစ်ကျပ်လှူသည့်ကိစ္စ ဦးမောင်မောင်တို့အား ပြောပြလိုက်ဖူးရာ တစ်ညနေတွင် သာဓုတို့သခင်များ အခါအားလျော်စွာ လိုအပ် လျှင် လိုအပ်သလောက် ကူညီတတ်သူ ဦးဘိုးငြိမ်းကုမ္ပဏီပိုင်ရှင် ဦးသံဒိုင်၏ ဆိုင်အတွင်းဝယ် ဦးမောင်မောင်နှင့်အတူ စောစောက ရေးခဲ့သည့် သခင်မုန်းသူ ငွေနှစ်ကျပ်အလှူရှင် သူဌေးတို့ မြူရွေးကောက်ပွဲကိစ္စ တိုင်ပင်ဆွေးနွေး နေကြရာ မှ စကားစပ်မိသွားကြကာ ဦးမောင်မောင်က
'ဘယ့်နှယ်လဲဗျ၊ ခင်ဗျား သခင်တွေ မုန်းတယ်၊ အမြင်ကတ်တယ်နဲ့ ငွေ နှစ်ကျပ်တော့ အလှူပါသွားပြီ မဟုတ်လား' ဟု မေးလိုက်ရာ
'အေးဗျာ၊ ဟိုခွေးကောင် သခင်ဖေသန်းလေး၊ ကျုပ်စိတ်ဓာတ်ကို အလုပ်နဲ့ အနိုင်ယူသွားတယ်'
သူ၏ နောက်ကျောဘက် ခပ်လှမ်းလှမ်းတွင် သူမုန်းသော သခင်ဖေသန်း လေး (သာဓု) တစ်ယောက် ရေဝင်သောက်နေသည်ကိုကား သူမမြင်။
(သာဓုလူဝါးဝတယ် စာအုပ်မှ)
ကြိုးများ
Photobucket
အိပ်မက်မက်နေတာမှန်း သိသိခြင်း အပြင်မှာမိုးရွာနေတာကိုလည်း သတိထားလိုက်မိသည်။ ပြီးတော့ပြုံးမိ၏။ မြမြနှင်းက အကြီးအကျယ် အိပ်မက်မက်တတ်သူတယောက်ပင်။ အိပ်မက်မမက်ခဲ့ဘူးသော ညဆိုတာ မရှိဘူးထင်သည်။ တခါတရံမှာတော့ အိပ်မက်တွေမက်နေတာကို သဘောကျသလိုလို။ အိပ်မက်ဆိုတော့လည်း အစီအစဉ်မကျ ရောက်ချင်သည့်နေရာတွေ ရောက်၍ မြင်ချင်ရာမြင်၊ ဖြစ်ချင်ရာဖြစ်သွားသည်။ တခါတလေ လက်တွေ့ဘ၀မှာစဉ်းတောင် မစဉ်းစားမိသည့်အရာတွေ အိပ်မက်ထဲရောက်လာတတ်တော့ ထူးဆန်းပြီး သဘောကျသလို လိုပင်။ ဒါပေမယ့် ညစဉ်ရက်ဆက်အိပ်မက်များနှင့် နပန်းလုံးရသည့် ရက်ရှည်လာတော့အပြင်မှာ ပါမောပန်းလာသည်။ အိပ်ရာထဲဝင်ဖို့ အရေး အိပ်မက်မက်မှာကို တွေးကြောက်လာသည်။   
         ပြီးခဲ့သည့်ငါးရက်လောက်က မက်သည့်အိပ်မက်ထဲမှာ ဖေဖေ့ကိုတွေ့ သည်။ ဖေဖေ့ကို အိပ်မက်ထဲမှာ တွေ့ ရတိုင်း မြမြနှင်းဆီမှာရှိသည့် တစ်ပုံထဲသော ဓါတ်ပုံထဲကအရွယ်အတိုင်း နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် အရွယ်ချည်းပင်။ မျက်ခုန်းထူထူ၊ ဆံပင်ပွပွ၊ မျက်နှာသွယ် သွယ်။ ပင်ကိုယ်မျက်နှာထားတည်ပေမယ့် ပြုံးရယ် လိုက်လျှင်တော့ ပကတိပွင့်လင်းသွားသော နှစ်လိုဖွယ်မျက်နှာကိုမြင်ရမြဲပင်။ ရှိုက်သံလေးစွက်၍ အဆုံးသတ်တတ်သော ဖေဖေ့ရယ်သံတွေကလည်း အိပ်မက်တိုင်း၌မပြောင်းလဲ။   
         လွန်ခဲ့သောငါးနှစ် ဖေဖေမဆုံးခင်တစ်လအလိုတွင် ဖေဖေနှင့် တစ်ပါတ်လောက်အတူ နေလိုက်ရသေးသည်။ အဲဒီအချိန်မှာဖေဖေက လေးဆယ်နှင့်ငါးဆယ်ကြား လူရွယ်ရင့်ရင့် တယောက်ပေါ့။ ပြည့်စုံအောင်မြင်သူ တွေအတွက် အရွယ်ကောင်းပေမယ့် ဆင်းရဲမှုနှင့်အနာ ရောဂါဖိစီးထားသော ဖေဖေ့အတွက်တော့ နေပျော်စရာရက်များ ဟုတ်ခဲ့ပါမည်လား။ အရိုးပေါ် တွင်တင်ကျန်နေသည့် ဖေဖေ့အရည်ပြားက ခြောက်သွေ့နေပေမယ့် ဖေဖေ့ရယ်သံကတော့ စိုပြည်နေခဲ့သည်ပင်။           
 “နှင်းရယ်တဲ့အသံက ဖေဖေနဲ့ တူတုန်းပဲနော်။“ 
         ဖေဖေ့ခမျာ ကျေနပ်စရာကို ကြံဖန်ရှာတွေးနေခဲ့ပုံရသည်။ ဒီလိုပြောပြီး ဖေဖေကရှိုက်သံ စွက်၍ရယ်တော့ မြမြနှင်းကအသံမထွက်အောင် ကြိုးစား၍လိုက်ရယ်မိသည်။ 'မြမြနှင်းဆိုတဲ့နံ မည်ကိုဖေဖေပေးခဲ့တာပေါ့' ဟုဖေဖေကဆက်ပြောသည်။  
          လူမှန်းသိတတ်စကတည်းက မြမြနှင်းဘ၀ထဲမှပျောက်သွားသောဖေဖေ့ကို နာကျည်း သလိုလိုရှိရင်းကပင် ပတ်သက်ခဲ့သော အဆက်အစပ်ကလေးများအား ကျားကုတ်ကျားခဲရှာဖွေ ဖော်ထုတ်နေလေသော ဖေဖေ့ကိုကြည့်ရင်း မြမြနှင်းရင်နာခဲ့ရသည်။          
"သီတင်းကျွတ်ပွဲတော်ရောက်ပြီဆို နှင်းကဖေဖေ့ပခုံးပေါ်ခွထိုင်ပြီး ဇါတ်ကားတွေနောက် လျှောက်လိုက် ကြည့်ကြတာမှတ်မိသေးလား။ "           
 ဖေဖေကထုံးစံအတိုင်း ရှိုက်သံစွက်ရယ်မောကာမေးတော့ မြမြနှင်းက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခေါင်းကိုတွင်တွင်ညိတ်၍ဖြေမိသည်။ ခဏခြင်းမှာပဲ လည်ချောင်းထဲမှာ တခုခု တစ်ဆို့ လာသလိုခံစားရသေးသည်။ နောက်ဆက်တွဲ ဖေဖေ့ရယ်သံနှင့်အတူ မြမြနှင်းက အတိတ်ဆီလည်း အလည်သွားလိုက်သေးသည်။          
 ကုန်တင်ကားကြီးများ၏ နောက်ဖက်ပိုင်းတွေကိုဇါတ်ခုံသဖွယ်ပြင်ဆင်၍ ရပ်ကွက်သူ ရပ်ကွက်သားများ ပူးပေါင်းပါဝင်တင်ဆက်ကြသော ဇါတ်လမ်းများကို လမ်းထိပ်တစ်ခုစီမှာ အခန်းဆက်လိုက်၍ကပြသော ဇါတ်ကားကြီးများက မြမြနှင်း ကြီးပြင်းခဲ့ရာ ဖေဖေ့ဇာတိမြို့ ကလေးမှာပင် ရှိလိမ့်မည်ထင်သည်။ သီတင်းကျွတ်ပွဲတော်မှာသုံးည၊ တန်ဆောင်တိုင်ပွဲတော်မှာ သုံးညဖျော်ဖြေကြသည်။ လော်စပီကာနှင့် နောက်ခံဖွင့်ထားသော တိတ်ခွေဇါတ်လမ်းအတိုင်း နှုတ်ခမ်းလိုက်လှုပ်ကာ သရုပ်ဖော်ကပြရခြင်းဖြစ်သည်။ လမ်းထိပ်တစ်ထိပ်ရောက်တိုင်း ၀ိုင်းအုံ ကြည့်ရှုနေသည့် လူအုပ်ကြားထဲမှာ မြုတ်နေသည့် နှင်းကို ဖေဖေကပခုံးပေါ်မှာ ခွထိုင်စေသည်။  ဖေဖေ့အရပ်မားမားကြီးပေါ်ရောက်တော့ မြမြနှင်းက အတားအဆီးမရှိ အနုပညာကို ခံစားနိုင် သည်။         
"အဲဒီတုန်းက နှင်းကကလေးပေမယ့် ရာဇ၀င်ဇာတ်လမ်းတွေကိုကြိုက်တယ်။"         
 ဖေဖေ့ပါးစပ်မှထွက်လာသမျှ နှင်းကခေါင်းတွင်တွင်ညိတ်၍သာတုန့် ပြန်ခဲ့သည်ကများ သည်။      
"ဖေဖေ အဲဒီဇာတ်လမ်းကိုနှင်းဆက်ကြည့်ချင်တယ်။ အဲဒီကားနောက်ကလိုက်မယ်။" 
         ခြောက်နှစ် ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်၏ရွေးချယ်မှုကို ဖေဖေက အလေး အနက်ထားခဲ့သည်။ ဇါတ်ကားကြီးက လမ်းထိပ်တခုမှာ ၁၅ မိနစ်သာကသည်။ ဇါတ်လမ်းတစ် ပုဒ်က ပုံမှန်နှစ်နာရီကျော်ကျော်၊ တခါလေသုံးနာရီခန့် ကြာတတ်လေတော့ ဖေဖေနှင့် နှင်းက ဇါတ်ကားသွားရာမြို့ တစ်ပါတ်ကားနောက်မှ လိုက်ကြည့်ကြသည်။ ဒီဖက်လမ်းထိပ်မှဟိုဖက် လမ်းထိပ်ဆီ မြမြနှင်းကဖေဖေ့လက်ကိုဆွဲပြီး လမ်းလျှောက်၊ ဇာတ်စပြပြီဆိုတာနဲ့ နှင်းကဖေဖေ့    ပခုံးပေါ်ရောက်ပြီ။ ဖေဖေ့လက်ကိုဆွဲရင်း ဇာတ်ကားနောက်လျှောက်လိုက် နေစဉ်အတွင်း မြမြနှင်း၏ ဇါတ်လမ်းဝေဖန်ရေးကိုလည်း ဖေဖေကဆွေးနွေးဖြေကြားပေးသေးသည်။          
"ကိန္နရီမလေးက ဆုတောင်းလိုက်တာနဲ့ ကိန္နရာဖိုကြီး အသက်ပြန်ရှင်လာတယ်ဆိုတာ တော်တော်ထူးဆန်းတယ်နော်။"          
 “ အဲဒါကို သစ္စာဆိုတယ်လို့ ခေါ်တယ်နှင်းရဲ့ “          
 ဖေဖေက သစ္စာဆိုခြင်းဆိုသောအကြောင်းအရာကို ရှင်းပြခဲ့ပေမယ့် နှင်းကတော့ဖေဖေ ရှင်းပြခဲ့သည်ဆိုတာနှင့် ဖေဖေ့ပခုံးပေါ်တငြိမ့်ငြိမ့်ထိုင်ရသောအရသာကိုသာမှတ်မိနေသည်။ အဲဒါတွေကိုကျတော့ မှတ်မိလိုက်သမှ အိပ်မက်ထဲမှာတငြိမ့်ငြိမ့်ခံစားရတိုင်း ဖေဖေ့ပခုံးပေါ် ရောက်နေတာပဲဟု ထင်မှတ်ခဲ့ဖူးသည်။          
 “သူငယ်တန်းကလေးကကြိုက်လို့ဆိုပြီး သားအဖနှစ်ယောက် မြို့ပတ်ပြီး ဇာတ်ကားလိုက်ကြည့်သတဲ့။ အလိုလိုက်စရာမဟုတ်တာကို အလိုလိုက်တယ်။“         
 “ကလေးလဲလူပဲကွ။ သူလဲခံစားတတ်တာပေါ့။ သူ့ လိုအင်ဆန္ဒပြည့်တော့ ကလေးစိတ် ပျော်တာပေါ့။“          
 ကလေးတစ်ယောက်ဖြစ်ပြီး သစ္စာတရား၏စွမ်းအင်အကြောင်းကို တရှိုက်မက်မက်ဖြစ်ခဲ့ သောမြမြနှင်းနှင့် ကလေးတစ်ယောက်၏လိုအင်ဆန္ဒကို လိုလိုချင်ချင်ဖြည့်ပေးသောဖေဖေ့ကို မေမေကတော့နားမလည်ခဲ့ ပေ။           
 အချို့ ညတွေမှာ မြမြနှင်းက ဘယ်အချိန်ဖေဖေ့ပခုံးပေါ်၌ အိပ်ပျော်သွားမှန်းမမှတ်မိ တော့။ တရေးနိုး တော့ အိပ်ရာထဲရောက်နေတာတွေ့ ရပြီး ကမန်းကတန်းထထိုင်ကာ ဖေဖေ့ကို ရှာတော့ ဖေဖေ့ဖက်အခြမ်း လွတ်နေသောခြင်ထောင်ထဲမှာနှင်းတစ်ယောက်ထဲပင်။ ကပ်လျှက် ယှဉ်ထောင်ထားသော မေမေတို့ ခြင်ထောင်ထဲများ ရောက်နေသလားဟု တဖက်ကမိသားစု ခြင်ထောင်ကြီးကို လှပ်ကြည့်တော့ အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်နေသောမေမေနှင့် တစ် ယောက်ကခေါင်းရင်းဖက် ခြေထောက်ပေးလျှက် မှောက်ရက်ကြီးအိပ်နေ ပြီးတစ်ယောက်က ခြင်ထောင်အပြင်ဖက် ထွက်လုလု မောင်လေးနှစ်ယောက်ကိုသာ မြင်ရသည်။          
 “ ဖေဖေ...။ ဖေဖေ....“          
 မြမြနှင်းက ကိုယ့်ဘာသာသတိမထားမိပဲ ညကြီးသန်းကောင်မှာ အသံကုန်အော်မိခဲ့ သည်။ ကလေးနှစ်ယောက်မှလွဲ၍ ဘိုးဘိုး၊ ဘွားဘွားနှင့်မေမေပါ နိုးလာသည်။ မှောက်လျှက် အိပ်ပျော်နေသော မောင်အကြီးက အိပ်ချင်မူးတူး ခေါင်းထောင်ကြည့်သေးသည်။  
         “ မြမြ၊ မြမြ။ ဘာဖြစ်တာလဲ။“         
 “ ဖေဖေ၊ ဖေဖေကနှင်းကိုထားခဲ့ပြီး ဇာတ်ကားတွေလိုက်ကြည့်နေပြီ။ ဖေဖေ့နောက် လိုက်မယ်။“           
 မေမေက အိပ်ရေးပျက်သွားတာရော၊တမြို့ လုံးအနှံ့ တခြိမ်းခြိမ်းကနေသော ဘယ်ပွဲခင်း ဆီသို့ လိုက်၍ဖေဖေ့ကိုရှာရမှန်းမသိတာရောကြောင့် စိတ်တိုသွားကာ မြမြနှင်းကို ဖိဆူသည်။          
ပြီးတော့တနေကုန် ကုလားသေ ကုလားမောအိပ်ပြပါလိမ့်မယ်။ သူ့ကိုယ်သူ လူပျိုလူလွတ်များ အောက်မေ့နေလားမသိဘူး။“         
 မေမေ့ကိုကြောက်သဖြင့် ရှိုက်သံတ၀က်နှင့် ပြန်အိပ်ရသည်။ အိပ်မက်ထဲမှာ ဖေဖေ့ပခုံး ပေါ်ထိုင်၍ပွဲကြည့်နေသည်။ ပွဲကြည့်ရင်းရှိုက်နေသည်။ မေမေဆူလို့ လား။ ကိန္နရာ ဖိုကြီးသေ သွားလို့ လားမသိ။ ရှိုက်ရ လွန်းတော့ရင်ဘတ်တွေနာလာသည်။          
 နောက်တနေ့ မနက်မှာ အိပ်ရာထဲဖေဖေမရှိသဖြင့် ငိုရသည့်အကြောင်း မျက်ရည်လည်ရွဲ နှင့် ဖေဖေ့ကိုပြောတော့ ဖေဖေက ' နှင်းကတော့ကွာ' ဟုရေရွတ်၍ ကြေးစည်လိုအသံလွင် အောင်ရယ်ပြန်သည်။          
 ထိုညတွေက ဘယ်လောက်များခဲ့သလဲ မမှတ်မိတော့ပေမယ့် ထိုညများအကြောင်းနှင့် ထိုညများမှခံစား မှုများအကြောင်း အိပ်မက်တွေကတော့ ဒီနေ့ အထိမဆုံးပေ။ အိပ်မက်ထဲမှာ လေထဲဝဲပျံနေရတာတောင်မှ ဖေဖေ့ပခုံးပေါ်မှာထိုင်စီးနေရသလိုပဲဟု ယှဉ်တွေးမိသေးသည်။ ရယ်သံလွင်လွင်ကြားရသော အိပ်မက်မက်တိုင်း မှာလည်း ' အင့် 'ကနဲရှိုက်သံဖြင့် အဆုံးသတ် တတ်သော ဖေဖေ့ရယ်သံအကြောင်းစဉ်းစားမိသည်။ သည်လို အိပ်မက်များ၏သက်တန်းက ဘယ်လောက်ကြာခဲ့ပြီလဲဆို အိပ်မက်မက်တတ်သူမြမြနှင်းက အိပ်မက်ထဲမှာ မြင်ရလေ့ရှိသော နှစ်ဆယ်ကျော်ငါးနှစ်ပတ်လည် ဖေဖေ့ထက်အသက်ကြီးခဲ့ပြီ။ မကြာခဏအိပ်မက်ထဲမှာ မြင်နေရသည့် နှာခေါင်းထင်းထင်း၊ ဆံပင်ပွပွ၊ မျက်နှာသွယ်သွယ်နှင့် ကိုယ့်ထက်ငယ်သူလူရွယ် လေးကို ဖေဖေဟု သိနေရတာကလည်းတမျိုးထူးသော    ခံစားမှုပင်။                                                                                
 မြမြနှင်းဆိုတဲ့နံမည်ကို ဖေဖေပေးခဲ့တာပေါ့ ဟုဖေဖေကပြောပေမယ့် မေမေ့မူနှင့်တော့ ကွဲနေပြန်သည်။         
 “ နှင်းတွေကျတဲ့မနက်မှာမွေးတယ်။ ကြာသပတေးသမီးမို့ လို့ ရှေ့ ကမြမြလို့ ထည့် လိုက်တယ်။ ဒါနဲ့  မြမြနှင်းဖြစ်သွားရော။“         
 မေမေကတော့ အနုပညာနှင့်ဝေးသူပီပီ ဤသို့ဒိုးဒိုးဒေါက်ဒေါက်ပင် ပြောတတ်သည်။ ဘ၀မှာပိုင်ဆိုင်ခဲ့သမျှ ရှားရှားပါးပါးကျေနပ်မိသော မြမြနှင်းဆိုသည့်နံမည်လေးအကြောင်း သတိရတိုင်း ထိုနံမည်လေးဖြစ်တည်လာပုံအကြောင်း မေမေ့ကိုမေးမိသည်။ မေးမိတိုင်းလည်း မေမေက စိတ်ကူးယဉ်မဆန်စွာ ဒဲ့တိုးဖြေနေကျ။ ဘာကြောင့်မှန်းမသိ 'မေမေကလည်း'ဟု ရေ ရွတ်မိတာကလည်း မေမေ့အဖြေဆုံးတိုင်းပင်။ တည်ငြိမ်အေးချမ်းသော မြမြနှင်းဟူသည့် နံမည် ကိုပိုင်ဆိုင်ရမှုအတွက် ကျေနပ်ခြင်းနှင့် မေမေ့အဖြေ၏ ပေါ့တန်တန်နိုင်မှုအပေါ် မကျေနပ်ခြင်းက အမြဲလိုဒွန်တွဲဖြစ်ပေါ်လေ့ရှိသည်။ ထိုအခါမျိုးမှာ မေမေက မြမြဟုခေါ်တိုင်း ' ရှန် 'ဟုခပ်ဆောင့် ဆောင့်ထူးမိခဲ့သည်။ ' နှင်းလို့ခေါ်ပါလားမေမေ 'ဟုတော့ ထပ်ပြီးမတောင်းဆိုမိတော့ပေ။ မြမြနှင်းဆယ်ကျော်သက်ဝင်ကာစမှာ မေမေ့ကို တခါအမှတ်မထင်ပြောဖူးသည်။           
 “ နှင်းကို နှင်းလို့ ခေါ်ပါလားမေမေ။“          
 “ နှုတ်ကျိုးနေပါပြီအေ။ မြမြဆိုတာလဲ မြမြနှင်းပဲ။ နှင်းဆိုတာလဲ မြမြနှင်းပဲ။ ဘာထူးလို့  လဲ။“          
 မေမေ၏သာမန်ကာလျှံကာဖြေသံက မေမေချုပ်နေသော အပ်ချုပ်စက်သံတဂျောင်း ဂျောင်းနှင့် ရောထွေးသွားသည်။ ရင်နာတတ်သောမြမြနှင်းက မေမေ့အဖြေကြောင့် ရင်နာချင် သလိုလိုဖြစ်ခဲ့ပေမယ့် စကား ပြောသည့်အချိန်မှာတောင် အပ်ချုပ်စက်ပေါ်က မျက်လုံးမခွာ အားသောမေမေ့ကို သနားစိတ်ကလည်းပြင်းထန်လာတာမို့ ဆက်လက်ရင်နာဖို့  မကြိုးစား တော့ပေ။  
         မြမြနှင်းတို့ ဘ၀ထဲမှာဖေဖေမရှိတော့ထဲက အဲဒီအပ်ချုပ်စက်ကလေးက မြမြနှင်းတို့  မိသားစုအတွက် အရေးပါအရာရောက်လှသော ပစ္စည်းတခုဖြစ်လာခဲ့သည်။ ဖေဖေရှိစဉ်ကတော့ အခန်းထောင့်တထောင့်မှာ ဖုန်တက်၍ မြမြနှင်းဂါဝန်တွေ ချုပ်ရိုးပြုတ်ကာ မောင်လေးတို့ ဘောင်း ဘီတွေခွပြဲမှပဲ အသုံးတည့်ခဲ့သည်။           
 “ဒီစက်ကလေးဝယ်ဖြစ်ခဲ့တာတော့ မြမြတို့ အဖေကိုကျေးဇူးတင်ရမယ်။“          
 မေမေကထိုသို့ နှစ်ခါသုံးခါရည်ညွှန်းဖူးသည်။ ခွန်းကြီးခွန်းငယ်စကားများရန်မဖြစ်ပဲ ညင်ညင်သာသာလမ်းခွဲခဲ့သော ခင်ပွန်းသည်ကို မေမေကဘယ်တော့မှ နာနာကျည်းကျည်း မစွပ်စွဲပါ။         
 “မေမေကအလုပ်တခုလုပ်ဖို့  စကားစလိုက်ပြီဆိုတာနဲ့ သူ့မှာအလုပ်မဖြစ်မြောက်ရေးအတွက် ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ အပြည့်ပဲလေ။ သူ့လိုအပျက်ကိုချည်းပဲမျှော် ကြည့်နေလို့ ကတော့ဘာအလုပ် စလုပ်ဖြစ်တော့မှာလဲ။ လူဖြစ်လာတဲ့ဘ၀မှာ ရပ်တည်ဖို့ အလုပ်တခုတော့လုပ်ရမှာပဲ။ ပြသနာအခက်အခဲတွေ ရင်ဆိုင်ရကာမှရင်ဆိုင်ရ၊ လုပ်ရမှာပဲ။“         
 မေမေကတော့ သူ့လက်သုံးစကားအတိုင်း လုပ်စရာရှိတာကို မဆိုင်းမတွလုပ်တတ်သူပင်။ အခက်အခဲ ကြုံလာတော့လည်း ရင်ဆိုင်လိုက်သည်ပင်။ ဖေဖေအိမ်ကို ခွဲခွာသွားပြီးနောက် တနေ့ မှာ အခန်းထောင့်မှ ဖုန်တက်နေသောအပ်ချုပ်စက်ကို သာမန်မျက်နှာပေးနှင့်ပင် ဖုန်သုတ်သန့် ရှင်းကာ အလင်းရောင်ကောင်းကောင်းရသော ပြတင်းပေါက်ဆီ တွန်းရွှေ့လာခဲ့သည်။ အဲဒီ နေ့ ကတည်းက မြည်ခဲ့သော စက်ချုပ်သံဂျောင်းဂျောင်းက မြမြနှင်းတို့ အိမ်မှာ ဒီနေ့ အထိမပြတ် တော့ပေ။         
 “ ဒီနေ့ က ရယ်ဒီမိတ်ခေတ်ဆိုတော့ အင်္ကျီအ၀တ်အစားကို အပ်ချုပ်ဆိုင်မှာ ချုပ်မ၀တ် ကြတော့ဘူး။ ချုပ်ဖို့ လာအပ်ရင်လည်း မချုပ်တတ်တော့ပါဘူး။ ဒီနေ့ခေတ်အ၀တ်အစားတွေက ဆန်းတယ်။“         
 မေမေကမကြာခဏဤသို့ ညည်းတွားပေမယ့် စက်ပေါ်မထိုင်သောနေ့တော့ မရှိဘူး ထင်သည်။ သက်တူရွယ်တူတွေ အပ်သောရင်ဖုံးကတော့ အပိုင်ဆုံးမို့  ဘယ်တော့မှမငြင်းပဲ လက်ခံချုပ်ပေးသည်။ အပ်ထည်မရှိတော့လျှင် တအိမ်လုံးက ချုပ်ရိုးပြုတ်အကွဲအပြဲတွေ ရှာချုပ်သည်။ တသက်လုံးစုဆောင်းလာသော ကပ်ကျေးစာထွက်သည့် ပိတ်တိုပိတ်စများ ဖြင့် စပ်စောင်ချုပ်သည်။         
 “ အမလေး၊  မြန်မာမတွေထမီဝတ်နေသေးတာပဲ ကြံဖန်ကျေးဇူးတင်နေရတယ်။ မြန်မာ့ယဉ်ကျေးမှု ထမီဝတ်တာကို ထိမ်းသိမ်းခြင်းက ကျမစီးပွားရေးနဲ့ တိုက်ရိုက်သက်ဆိုင် တယ်။“         
 နှစ်ရှည်လများ ဖောက်သည်တွေကို မေမေကထိုသို့ ပြောတတ်ပေမယ့် တကယ်တော့ မေမေက ဒီစက်ချုပ်လုပ်ငန်းကိုသာ မှီခိုနေရသော အခြေအနေမဟုတ်တော့ပါ။ မြမြနှင်းက ၀င်ငွေရှိပြီ။ မောင်အငယ်ကစောပြီး အိမ်ထောင်ကျ၍ မေမေ့ကိုဟုတ်တိပတ်တိ မထောက်ပံ့နိုင် ပေမယ့် အင်ဂျင်နီယာမောင်အကြီး၏ လစာနှင့်ပေါင်း၍ ချိုးခြံရသော်လည်း မပူမပင်စားနိုင်ပြီ။ ဒီလိုမပူမပင်ဘ၀ဆီ မေမေ့စက်ချုပ်သံနှင့် ခရီးရှည်ချီတက်ခဲ့ရတာကိုတော့မမေ့ပြီ။           
 မဖွဲ့မနွဲ့ဒဲ့တိုးနိုင်သောအနုပညာနှင့် မေမေစက်ချုပ်ရင်းရပ်တည်ခဲ့တာ အံ့သြစရာတော့ ကောင်းသည်။ ဈေးက၀ယ်လာသော ပန်းကိုကြိုးဖြည်၊ ရေစင်စင်ဆေး၍ ကြေးအိုးထဲအစည်း လိုက်ထည့်ကာ ဘုရားစင်ပေါ် တင်တိုင်းမေမေက သူ့ ဘာသာထောပနာပြုလေ့ရှိသည်။          
 “ငါကတော့ အနုပညာဆန်သဟေ့။“         
 မြမြနှင်းက အစိမ်းကျော်ကျော်ဖို့ မုန်ညင်းဖြူတကန့် ၊ ဘရိုကိုလီပန်းမုန်လာစိမ်းစိမ်း တကန့် ၊ လိမ္မော်နီရောင်မုန်လာဥတွေကို ပန်းပွင့်ပုံလေးဖော်၍လှီးထည့်နေလျှင် မီးသွေးမီးဖို ဘေးမှာ ဆီအိုးတည်၍စောင့်နေ သောမေမေက စိတ်မရှည်တတ်ပေ။            
 “ မြမြတို့များ အိမ်သာကျင်းထဲ ရောက်သွားမယ့်ဟာကိုတောင် တန်ဆာဆင်ချင်သေး တယ်။“           
 ပြီးတော့ အသီးအရွက်တွေကို ဒယ်အိုးတဲမှာမညှာမတာမွှေကာ ' ငါကတော့ အနုပညာဆန်သဟေ့'ဟု ရေရွတ်ပြန်သည်။           
 မေမေ့မောင်၏သား မေမေ့တူအရင်းခေါက်ခေါက် ဆုံးတုန်းကလည်း သားကိုဆုံးရှုံးရ သဖြင့် ဖြေမဆည် နိုင်ဖြစ်နေသော မေမေ့ယောက်မကို နှစ်သိမ့်ဖို့ မြမြနှင်းကမေမေ့ကိုပြောသည်။ မေမေကယောက်မဖြစ်သူ အနားသွားကာ မျက်ရည်တွေတွေကျသော မျက်လုံးပြူးကြီးများဖြင့်သာ ဒေါ်ဒေါ်လေးကို ထိုင်ကြည့်နေခဲ့သည်။  
          “ သားတယောက်လုံး ဆုံးရှုံးရတဲ့သောကကို မေမေနားလည်ပါတယ်။ မေမေလည်း တူတယောက်ဆုံးရတာပဲ။ ဒါပေမယ့် ဘယ်လိုနှစ်သိမ့်ရမှန်းမသိဘူး။“         
 မေမေ၏မနွဲ့ ပြောင်းမှုများကို မြမြနှင်းက မကျေနပ်သလိုလို၊ ဟာသတခုလို နှုတ်ခန်း ထောင့်တွန့်ကွေး ပြုံးခဲ့ရင်း ညရောက်လျှင်တော့ ဖေဖေ့ပခုံးပေါ် တငြိမ့်ငြိမ့်စီးရသော အရသာကို အိပ်မက်မက်ပြန်သည်။ ဒီလို အိပ်မက်မျိုးကို စွဲလန်းမြဲဖြစ်သော်လည်း အိပ်မက်ဆိုးမှလန့်နိုး၍ ကယောင်ချောက်ချား ဖြစ်လျှင်တော့ တဖက်ခန်းမှ မေမေ့ဟောက်သံကြားရတာနှင့်ပင်အားရှိကာ နောက်တကျော့ ပြန်အိပ်ဖို့ မစိုးရိမ်တော့ပေ။       
 “ မေမေဘာမှမဖြစ်ဘူး။ မြမြသာနေကောင်းအောင်နေ။ တနယ်တကျေးမှာနေမကောင်း ရင် မေမေဘာမှလုပ်မပေးနိုင်ဘူး“          
 အဖြတ်အတောက်တိုတိုတုတ်တုတ်နှင့် စကားတန်ဆာမပါသော မေမေ့အသံကိုကြားရလျှင် ဟိုတုန်းကလို နှုတ်ခန်းထောင့်တွန့်ကွေးတာမျိုးမဟုတ်ပဲ အားရပါးရပြုံးရသည်။ ဘယ် လောက် အခက်အခဲနှင့်ရင်ဆိုင်ရရင်ဆိုင်ရ ပျာယာခပ်ပူဆွေးမနေခဲ့သော၊ စိတ်ချမ်းသာဖွယ် ၀မ်းမြောက်စရာအကွေ့ အချိုးနှင့်ကြုံလျှင်လည်း ထူးပြီးလှုပ်ခပ်မနေခဲ့သော မေမေ၏ ဒိုးဒိုးဒေါက်ဒေါက် စကားသံများ၊ တဂျောင်းဂျောင်း စက်ချုပ်သံများသာမရှိခဲ့လျှင် မြမြနှင်းတယောက် ဘယ်လိုဘ၀ကိုရောက်ခဲ့မည်လဲ မကြာခဏစဉ်းစားမိသည်။                                                   
*                               *                               *            
 ဒီကနေ့ ညအိပ်မက်ထဲမှာတော့ ဖေဖေ့ကိုဖြတ်ကနဲသာတွေ့ လိုက်ရသည်။          
 “ဖေဖေက နှင်းကိုချစ်သလိုလိုနဲ့  တကယ်တန်းကျတော့ထားခဲ့တာပဲ။ နှင်းကိုအိပ်ရာထဲ မှာတစ်ယောက်ထဲထား သွားပြီး ပွဲခင်းထဲကိုပြန်သွားတာပဲ။ ဟိုတုန်းကတော့ နှင်းငယ်သေးလို့ ၊ ခုတော့ဖေဖေထားသွားရင် နှင်းကပွဲခင်းထဲလျှောက်ရှာမှာ။“    
 အိပ်မက်မဆန်စွာ မြမြနှင်းက ရှည်ရှည်လျှားလျှားစကားဆိုတော့ ဖေဖေကဟိုအရင်ကာလ များကလို ရယ်သံနှင့်မတုန့် ပြန်ပါ။         
 “ မြမြ တော်ရုံပဲကောင်းတယ်နော်။“ ဟုသည့် မေမေ့ဟန့် သံကြားရတော့ အံ့သြတကြီး ဖြစ်ရသေးသည်။          
       ရှားရှားပါးပါး မေမေ့ကိုအိပ်မက်ထဲတွင်တွေ့ ရချိန်မှာ နှင်းက ပျော့ပျော့ပျောင်းပျောင်း စကားဆိုဖို့ ကောင်းသည်ဆိုသောအတွေးက အိပ်မက်ထဲမှမြမြနှင်းတွေးနေတာလား၊ အိပ်မက်မှနိုးသောမြမြနှင်းကတွေး နေတာလားေ၀၀ါးနေပြန်သည်။          
 “ ဖေဖေကတော့ ပြန်သွားရဦးမှာပဲနှင်းရေ..“         
 ဖေဖေထွက်ခွာဖို့ ပြင်သည်။ မြမြနှင်းကပွဲခင်းလူအုပ်ထဲ ဖေဖေ့လက်ကိုတွဲ၍လျှောက် ရသောအရသာကို လွမ်းမက်စွာ ခဏပဲဖြစ်ဖြစ်ဖေဖေနှင့်လက်တွဲလျှောက်ဖို့  ဖေဖေ့လက်ကို လှမ်းဆွဲ၏။ အိပ်မက်ထဲမှ နှစ်ဆယ် ကျော်လူငယ်လေး ဖေဖေ့လက်ကိုလှမ်းဆွဲဖို့ တွေဝေနေဆဲ မှာပင် အိပ်မက်ကရက်စက်စွာပျောက်ဆုံးသွား တော့သည်။ အိပ်မက်ဆုံးတော့ ထုံးစံအတိုင်း ရင်နာ၍ကျန်ရစ်ကာ ထုံးစံအတိုင်းမေမေ့ဟောက်သံကိုနားစွင့်မိသည်။ အိပ်မက်မှနိုးစမှာပဲ ဖေဖေ့ကိုဘယ်နေ့ အိပ်မက်ထပ်မက်ဦးမလဲမသိဘူးဟုတွေးမိသည်။ ဒီလိုအိပ်မက်တွေထပ် မမက်တော့ဘူးဆိုလျှင် လူဖြစ်ရခြင်းအရသာက အလွန်ပေါ့ပျက်သွားလိမ့်မည်။                     
 မနက်ဖန်မိုးလင်းလင်းချင်း မေမေ့ကိုဖုန်းဆက်ဖို့ မမေ့အောင် သတိထားရမည်။ လူသားဘ၀ကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းရင်ဆိုင်နိုင်ရန် မနက်ဖန်မနက်ခင်း၌ အနုပညာမဆန် သော တိုတိုတုတ်တုတ်၊ ဒိုးဒိုးဒေါက်ဒေါက် စကားသံတွေ ကြားရဖို့ ကလည်း အရေးကြီးသည်။
 ခက်မာ
မြန်မာသစ်မဂ္ဂဇင်း
သြဂုတ်လ၊ ၂၀၁၀
”ရွှေမော်ကွန်းမှာ အသုံးပြုခွင့်ပေးခဲ့တဲ့ ဆရာမခက်မာကို ကျေးဇူးတင်ရှိပါတယ် ”
Twitter Delicious Facebook Digg Stumbleupon Favorites More