This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

လိပ်ပြာမျှားသူ

Photobucket
ဒီနေ့တော့ ညည်းအစ်ကိုကြီးရဲ့အိမ်ဆီ အမေ့ကို မဖြစ်မနေ ရွှေ့ပြောင်းသယ်ယူကြဖို့ အလောတကြီး စီစဉ်နေကြလေရဲ့။

အမေကတော့ ညည်းသိတဲ့အတိုင်းပေါ့။ ခေါင်းမာမာနဲ့ အာခံငြင်းဆန်နေတုန်းပဲ။ ဒါပေမယ့် အမေ့ရဲ့ ငြင်းဆန်မူယာတွေက တစစနဲ့ လေးအီအားလျော့လာနေတာလည်း ကိုယ်တိုင်သိနေပါရဲ့။

တကယ်တော့ ညည်းတစ်ယောက် အမေ့ရင်ခွင်ကို ခြေစုံကန်၊ ပျံထွက်သွားတဲ့ အချိန်ကတည်းက အမေတစ်ယောက်တည်း မနေသင့်တဲ့အကြောင်း တစ်ရွာလုံးက နားချတိုက်တွန်း လာခဲ့ကြတာပါ။ ညည်းရဲ့ အစ်ကိုကြီးကလည်း တောင်းပန်လိုက်၊ အကြပ်ကိုင်လိုက်နဲ့ အမေ့ကို သူ့အိမ်ဦးခန်းမှာ တင်ထားပြုစု ခွင့်ရအောင် အခွင့်သာတိုင်း ကြိုးစားနေပြန်တာ။ ညည်းအစ်ကိုကြီးရဲ့ စေတနာကို နားလည်စာနာမိပေမယ့် အမေကတော့ ဒီနေ့အထိ တင်းခံနေမိတုန်းပဲ။ ဒီအိမ်ကလေးကနေပြီး ခြေတစ်ဖ၀ါးစာ လှမ်းခွာသွားဖို့တောင် အမေ့စိတ်မှာ တစ်ကြိမ်တစ်ခါမျှ အတွေးမ၀င်ခဲ့စဖူး။

အမေ...ခုလိုနာဖျားမကျန်းရှိလာခဲ့တော ညည်းအစ်ကိုကြီးခမျာ ပင်ပမ်းရှာပါတယ်။ လယ်ထဲအလုပ်ဆီ အပြေးအလွှား သွားလိုက်ရ။ အလုပ်ကမောမောနဲ့ ပြန်လာလို့မှ အေးအေးဆေးဆေး အနားမရသေးမီ ဖုတ်ဖက်ခါပြီး အမေ့ဆီ ပြေးလာပြုစုရ။ သူ့အိမ်သူနဲ့ သားသမီးတွေကလည်း တော်ရှာကြပါတယ်။ အမေ့အပေါ် ငြူစူစိတ်ကွက်ခြင်း အလျှင်းမရှိခဲ့ကြပါဘူး။ အမေ့အိမ်ပေါ်နေ့ညမပြတ် တက်ချည်၊ ဆင်းချည်ပြုကြလို့ ခြေးကလူ၊ သေးကလူကအစ အနွံတာခံကြ ၊ ပြုစုကြရှာတယ်။

``မင်းတို့တွေ ပင်ပမ်းလှတယ်´´

အမေ့နှုတ်က အားနာစကားဆိုမိတော့ မြေးတွေက...

``အေးဆေးပါ ဘွားရဲ့။ ဘွားသာ နေပြန်ကောင်းလာဖို့ ကြိုးစားပါနော်´´...တဲ့။
မျက်ရည် တလည်လည်ကြားက အမေ့မှာ ကျေနပ်ကြည်နူးစွာ ပြုံးနေမိတော့တယ်။ ညည်းအစ်ကိုကြီးကတော့...

``မိဘကို တလှည့်တပြန် ပြုစုလုပ်ကျွေးခွင့်ရတာ ကျွန်တော်တို့အတွက် နည်းတဲ့ကုသိုလ်လား အမေရဲ့။ ခုက တစ်အိမ်စီဖြစ်နေတော့ သွားရေးလာရေးက လှမ်းလှတယ်မဟုတ်ပေမယ့် တကူးတကန့်တော့ ဖြစ်နေတာပေါ့။ အမေသာ ကျွန်တော်တို့အိမ်မှာလိုက်နေနိုင်ခဲ့ရင် အမေ့ကို ဒီ့ထက်မက ပြုစုနိုင်ကြမှာ...။ အမေ့မြေးတွေလည်း ကုသိုလ်တွေ ပိုရကြမှာပဲ။ ဟုတ်တယ်မဟုတ်လား။´´

သူတို့အဖေရဲ့စကားကို သားသမီးတွေက တညီတညွတ်တည်း ထောက်ခံနေကြသေးရဲ့။ လိုက်လည်းလိုက်တဲ့ သားအဖ တတွေ...။

မြေးအငယ်ဆုံးကောင်က သူ့သွားကျိုးကျဲကျဲကလေးတွေ ပေါ်အောင်ရယ်ပြနေရင်း...

``ဘွား...သားတို့အိမ်ကို လိုက်ခဲ့နော်´´

....တဲ့။

``အင်း...နောက်တော့....တဖြည်းဖြည်းတော့.... ဘွားပြောင်းလာမှာပေါ့ မြေးရယ်´´

*****************

ဒီအိမ်ဝိုင်းလေးကို ညည်းတို့အဖိုးအဖွား၊ အမေ့ရဲ့ မိဘတွေဆီက မင်္ဂလာဦးလက်ဖွဲ့အဖြစ်ရခဲ့တာပေါ့
ညည်းတို့အဖေက ပျဉ်းကတိုးပတ်လည်တိုင်ကြီးတွေကစလို့၊ ထုပ်၊ ယောက်၊ ဒိုင်းမြားပါမကျန် သစ်၊ ၀ါး ပြည့်စုံအောင် စနစ်တကျ တွက်ချက်ပြီး လေး...ငါးနှစ်လောက် ကြာအောင် စိတ်ရှည်၊ လက်ရှည် စုဆောင်းခဲ့ရတာ။ အကြမ်းထည်လေးပြီးလို့ မိသားစုတွေ အိမ်ပေါ်တက်နေနိုင်ပြီဆိုမှ ဒီတစ်နှစ်မှာ ပျဉ်ကလေးကာထား။ လာမယ့်နှစ်မှာ သွပ်မိုးဖို့ လျာထား။

ရေနံအထပ်ထပ်ဝနေတဲ့ အမေတို့ရဲ့ နှစ်ထပ်ပျဉ်ထောင်အိမ် မည်းမည်းကလေး ပီပီပြင်ပြင်၊ ရုပ်လုံးပေါ်ပြီးစီးခ်ျိန်မှာ ညည်းအစ်ကိုကြီးတောင် လူပျိုပေါက်အရွယ်ရောက်စပြုခဲ့ပြီလေ။

ဒီအိမ်ကလေးမှာ ကျေနပ်ဂုဏ်ယူစွာနဲ့ အမေတို့မိသားစုတွေ စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင် အပူပင်မဲ့ နေခဲ့ကြဖူးတယ်။ ညည်းတို့ရဲ့ အဖေဟာလည်း ဒီအိမ်ကလေးမှာပဲ သေလွန်လို့ အမေတို့အားလုံးကို အပြီးအပိုင် နှုတ်ဆက်ခွဲခွာသွားခဲ့တယ်။

ညည်းရဲ့ အစ်ကိုကြီး အိမ်ထောင်ကျပြီး သူ့အိုးသူ့အိမ်နဲ့အခြေတကျ ဖြစ်သွားခဲ့တော့လည်း ညည်းနဲ့ အမေတို့ သားအမိနှစ်ယောက်တည်း တီးတိုးတိုင်ပင်ဖော်အဖြစ် ဒီအိမ်ကလေးထဲမှာ အတူတကွ ရှိနေနိုင်ခဲ့ကြတာပဲ မဟုတ်လား။

ညည်းကသာ ဒီအိမ်လေးကို အတွယ်တာမဲ့ စွန့်ခွာသွားရက်နိုင်ခဲ့ပေမယ့် ဒါ...ညည်းပိုင်ဆိုင်ရမယ့် အိမ်ကလေးပဲရယ်လို့ အားလုံးက အသိမှတ်ပြုထားကြတုန်းပဲ။

ဒါကြောင့်လည်း အထီးကျန်၊ အဖော်မဲ့ သက်ကျားအို အဖွားကြီးတန်မဲ့ ဒီအိမ်ကလေးကို အသက်ထက်ဆုံး ထိန်းသိမ်းစောင့်ရှောက်ချင်ခဲ့တာ ။ ပိုင်ရှင်ပြန်ရောက်လာတဲ့အထိ...။ ညည်း ပြန်လာချိန်အထိလေ...။

ဒါပေမယ့် ညည်းကတော့ အမေနဲ့ အိမ်ကလေးဆီ တစ်ခေါက်တစ်ကျေးမျှ ခြေဦးလှည့် ပြန်လာဖော်မရပါလား။

အမေကတော့ နေ့ဆက်မျှော်နေခဲ့တယ်။ ညည်းထွက်သွားတဲ့နေ့ကစလို့ ညည်းကလေး တစ်နေ့ပြန်လာလိမ့်နိုးနဲ့ တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့ မျှော်နေမိတယ်။

ဒါပေမယ့် အမေ့ဘ၀က မီးစာကုန်၊ ဆီခန်းလုနေပြီ။ ညည်းကတော့ ခုထိ..ရောက်မလာသေးပါလားဟယ်။

************

ညည်းတို့အဖေ ရှိစဉ်တုန်းက အမေ့ကို မကြာခဏ အပြစ်တင်ဖို့ရင်း အားမလိုအားမရ ဖြစ်ခဲ့ဖူးသေးရဲ့။

``ရီရီ...မင်းဟာ ရိုးလွန်းတော့ အ, တဲ့ဖက်ရောက်နေပြီ´´

...တဲ့။ အမေကလည်း အမေပဲလေ။ အမေက လူမှုဝန်းကျင်မှာ ထည်ဝါ၀င်ဆန့်မှုနည်းလှတာ မဟုတ်လား။ အိမ်တွင်းမှာသာ ကမ္ဘာတည်နေပြီး သိမ်းထုပ်သေချာမပျက်၊ အိမ်ဦးနတ်နဲ့ သားသမီးတွေ လိုအပ်သမျှ ဖြည့်စွမ်းခွင့်ရတဲ့ ဘ၀မှာ သာယာနေပျော်လှတာလေ။

`သားကို သခင်၊ လင်ကိုဘုရား´လို အထွဋ်ထားကိုးကွယ်ရင်း အမေဟာ ကိုယ့်ရွာ ကျဉ်းကျဉ်းကလေးအတွင်းမှာတောင် နှံ့စပ်အောင် လည်ပတ်သိမြင်နိုင်ခြင်း မရှိသူရယ်လို့ ညည်းတို့ အဖေက ပြစ်တင်ချင်ပုံရပါတယ်။

ဒါမေယ့် အမေကတော့ နာကျင်၊ ပြင်ဆင်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ရိုးအ,တာဟာ ရှက်စရာလို့ဖြင့် အမေတော့ မယုံကြည်နိုင်ပါဘူး။ လောကကို ရင်ဆိုင်ဖို့ရန် အမေ့မှာ ထူးခြားတဲ့ ခွန်အားတွေလိုမယ် မထင်ပါ။ ညည်းတို့အဖေက ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေကျပဲ မဟုတ်လား။ လေကဒဏ် အလှည့်အပြောင်းဆိုတာတော့ဖြင့် ယောင်လို့တောင် ကြိုတွေးပြင်ဆင် မထားမိပေါင်။

``ငါသာ မရှိတော့ရင် မင်းဘယ်လိုနေမလဲ သိရအောင် ခဏတဖြုတ်သေလို့ရရင် ငါ...သေကြည့်စမ်းချင်တယ်´´

ဒါပေမယ့် အမေတို့ လူ့ဘ၀မှာ ခဏတာမျှ သေလို့မရနိုင်တာလောက်တော့ အမေတွေးတတ်ပါသေးတယ်။ ညည်းတို့အဖေ လယ်ထဲဆင်းရင်း ပိုးထိပြီး ဆုံးပါးကွယ်လွန်ခဲ့ရတာဟာ အမေတို့မိသားစုကို တစ်ဘ၀လုံးစာ ခွဲထွက်ချန်ထားခဲ့ရတာမို့ အမေမှာ ယူကျုံးမရ၊ ငိုကျွေးမဆုံး။ ငိုဖို့တစ်ခုသာတတ်နိုင်တဲ့ အမေ့ကို ညည်းတို့အဖေဟာ တမလွန်၊ သေရွာကနေ စောင့်ကြည့်ငြိုငြင်နေဦးမှာလား မသိ။

``ငါသာမရှိရင် မင်းသားနဲ့ သမီးကို ဘယ်လိုရှေ့ဆောင်မလဲ´´

အဲဒီတုန်းကတော့ အမေ့ရဲ့ သားသမီးတွေဟာ သူတို့အဖေရဲ့ ဆုံးမသွန်သင်မှုအောက်မှာ လိမ္မာရေးခြားရှိကြသူတွေသာလေ။ အမေ့အဖို့ တစ်ခွန်းတစ်စ ၀င်ရောက်သွန်သင်ညွှန်ပြစရာ မလိုလောက်အောင် ပြီးပြည့်စုံလှပြီဟု အမေက ကျေကျေနပ်နပ် စိတ်အေးလက်ချ နေနိုင်ခဲ့တာပါ။

တကယ်တမ်းမှာလည်း အမေ ကံကောင်းခဲ့တယ် ဆိုရမှာပါ။ ညည်းတို့အဖေ ကွယ်လွန်ချိန်မှာ ညည်းတို့ အစ်ကိုကြီးက ထီးထီးမားမား၊ လူလားမြောက်လာကာ ၀န်းကျင်အလည်မှာ တွယ်ကျယ်ဝင်ဆန့် နေနှင့်ပြီလေ။ အမေတို့မိသားစုရဲ့ အခြေမပျက်ပြားရလေအောင် သူပဲ ဦးဆောင်၊ ဦးရွက်ပြုကာ ရှေ့ကကြိုရောက်နေနှင့်တော့တာ မဟုတ်လား။

*************

ကိုင်းမြက် အရော၊ အနှောထဲမှာ စပါးတစ်ပင်ကို အတော့်ကို မွှေနှောက်ရွေးချယ်ယူရမလောက် အစွမ်းအစမဲ့လှတဲ့ ဘုရားစူးလယ်သူမတွေဖြစ်တဲ့ အမေတို့သားအမိတွေအတွက် ညည်းတို့ အစ်ကိုကြီး ရှိနေသေးလို့သာ တော်တော့တယ်။

လယ်မြေတွေအားလုံးကို ညည်းအစ်ကိုကြီးလက်ထဲမှာပဲ ၀ကွက်အပ်လို့ အိမ်နောက်ကကျီထဲအရောက် ဖြည့်သွင်းပေးလေမှ အမေတို့သားအမိတွေက နှုတ်ဖျားကလေးနှင့် လှော်လှယ်ကာ ရောင်းဝယ်၊ ဈေးစကား ဆိုတတ်ကြသူတွေလေ။ ဒီနေရာမှာလည်း အမေက ညည်းရဲ့ နောက်မှာ အလှမ်းကွာဝေးနေခဲ့ပြန်တာပဲ။
ညည်းက မြို့ကျောင်းမှာ အလယ်တန်းအောင်လို့ မကောမကနဲ့ ရွာပြန်ရောက်လာခဲ့ပေမယ့် အမေ့ထက်တော့ အပုံကြီးလည်ဝယ်ချက်ချာလှတာပဲလေ။

``အမေ...အင့်´´

...ဆိုတော့လည်း ထွေထွေထူးထူး စစ်ကြောမနေပါဘူး။ အသာလင့်ကလေး ယူသိမ်းပေးထားလိုက်တာပဲ။

``အမေရေ..ပေးပါဦး´´

...ဆိုလာတော့လည်း ငြူစူဖို့ထက် သမီးရဲ့အရေး နှောက်နှေးသွားမှာကို သာလို့ တွေးပူနေမိသေးရဲ့။

ဒါကြောင့်လည်း သူတစ်စိမ်းတွေကို အမေ့ရဲ့ အိမ်ပေါ် မတိုင်မပင် ခေါ်တင်လာခဲ့တဲ့ ညည်းကို အမေ အပြစ်မတင်ရက်ခဲ့တာပေါ့။ ကိုယ်က ငြိုငြင်မိလျှင်တောင် ကိုယ့်မပြစ် ဖြစ်လေမလားလို့ တွေးပူလိုက်မိသေးတော့။

``သမီးတို့မှာ ရိုးရာက ပျောက်နေတာတဲ့ အမေရဲ့။ အဲဒါ ...ရိုးရာပြန်ဖော်ပေးဖို့ ခေါ်လာခဲ့တာ´´

``ဟင်...ဘယ်သူ့ ရိုးရာလဲ´´

``အော်...အဖေ့ ဘက်ကရိုးရာပေါ့´´

အမေတို့ အရပ်ဓလေ့ ရိုးရာ အစဉ်အလာတွေကိုတော့ အမေလည်း သိနားလည်နေပါသေးရဲ့။

အမေတို့ အဖိုးအဖွားတွေ လက်ထက်မှာကတည်းက ရိုးရာနတ်ကို တင်မြှောက်ပသ,ကြတဲ့ ဓလေ့မြဲခဲ့တာ ။ ဒီလို ရိုးရာနတ်ကို တင်မြှောက်ပသကြရတဲ့ ဓလေ့ အစဉ်အလာဟာ သားယောက်ျားလေးတွေ တစ်အိုးတစိမ် ထူထောင်ကြတဲ့အခါ တပါတည်းဆက်ခံကာ ဆက်ပြီး တင်ကြ ၊ မြှောက်ကြရလေ့မြဲ။ အမေတို့၏ ဘိုးဘွားအစဉ်အဆက်ရိုးရာဟာ အမေ့ရဲ့ အစ်ကို အကြီးဆုံးထံ ဆက်ခံစေခဲ့ပြီး နှစ်စဉ်မပျက် တင်သပူဇော်လာခဲ့တာပဲ နှစ်တွေကြာလှပေါ့။ သူ သေလွန်သွားတဲ့အခါ သူ့သားတွေ ဆက်ခံလိမ့်မှာပေါ့။

ညည်းတို့အဖေဘက်မှာတော့ ရိုးရာနတ်မရှိဘူးလို့ ပြောခဲ့ဖူးတာလေ။ ၀ါဝင်၊ ၀ါထွက် အချိန်တွေမှာ `ဦးရှင်ကြီး´နတ်တော့ တင်လေ့ရှိခဲ့ပါရဲ့။ ဒါလည်း သိပ်ပြီး တခမ်းတနား ဆာမကျယ်လှဘူး ဆိုရမှာ။ ကောက်ညှင်း၊ ထန်းလျှက်၊ အုန်းသီးစိတ်လောက်မျှသာပဲ။ တချို့တွေမှာဆို အဲဒါတွေအပြင် ငှက်ပျောသီး၊ ပေါက်ပေါက်ပွင့်၊ ကွမ်းဆေးလက်ဘက်တွေလည်း ပါအောင်ထည့်ရတာ တွေ့ဖူးရဲ့။

``အမေသိသလောက်တော့ ညည်းတို့အဖေဘက်မှာ ရိုးရာမရှိပါဘူးအေ..´´

``အမေကလည်း ခက်လိုက်တာ။ အရင်က မသိခဲ့လို့ မရှိဘူးထင်ခဲ့တာနေမှာပေါ့၊ ခု ရှိလို့ပဲ ပြောနေပြီ´´

``ဘယ်သူ ပြောလဲ ညည်းကို´´

``ကိုယ်တော်လေး ပြောတာလေ´´

အဲဒီလောက် စကားအခွန်းပေါင်း အမြောက်အများအတွက် ညည်းနဲ့ တုဖက်ပြိုင်ပြီး အမေက ငြင်းနိုင်မှာတဲ့လား။

အိမ်ပေါ်မှာ ချက်ကြ၊ ပြုတ်ကြ၊ ကြော်လှော်နေကြ ချိန်တွေမှာ.....

``အမေ ညှော်ရှောင်ဦးနော်´´

ကိုယ့်ကို ဖယ်ကြဉ်၊ ပ,ထုတ်ကြတယ်ရယ်လို့ အမေမသိခဲ့ပါလား။ အိမ်ဦးခန်းမှာ အုန်း၊ ငှက်ပျောပွဲပေါင်းစုံလင်နဲ့ ပန်းပွင့်တွေမြိုင်၊ ရနံ့စုံလှိုင်နေပြန်တော့လည်း အမေ့ဟာ အံ့သြတကြီး ကြည့်ငေးနေမိရုံထက်မပို။

ပူးတုန်၊ ခွာတုန် ရေရွတ်တောင်းပန်ကြ၊ တင်မြှောက်ပသကြတာတွေဟာ အမေ့အတွက်တော့ အထူးအဆန်းတွေချည်းသာ။ ဒါပေမယ့် သမီးတစ်ယောက်အပေါ် ခုလောက်ထိ၊ အလျှော့ပေး၊ အလိုမလိုက်သင့်တာလောက်တော့ အမေနားလည်နိုင်ပါသေးတယ်။ ဒီကိစ္စကို ညည်းအစ်ကိုကြီးနဲ့ တိုင်ပင်မိတောတယ်။ အစ်ကိုလုပ်သူက တုတ်တပြက်၊ ဓါးတပြက် ကျိန်းမောင်းလေတော့မှ ညည်းတို့လူစုလည်း တစ်စခန်းသိမ်းတော့လေတယ်။ ဒါတောင်...

``အမေက ကျွန်မကို အစ်ကိုကြီးနဲ့ ရန်တိုက်ပေးတာလား´´

ညည်းက အမေကို ရန်လုပ်နေပြန်တာရော....။ အမိုက်မလေး...။

**************

အမေ ဖုံးနိုင်၊ ဖိနိုင်လွန်းလို့သာ ညည်းအစ်ကိုကြီးက ညည်းအပေါ် သံသယ မ၀င်ခဲ့တာ။ အမေကတော့ ရိပ်မိနေတယ်။ သိနေတယ်။

ညည်းတစ်ယောက်တည်း မင်းမူနေကျ အမေတို့ အိမ်အပေါ်ထပ်မှာ နတ်စင်၊ နတ်ကွန်းကလေးတွေ တစ်နေ့တခြား တိုးပွားလို့လာနေတယ်။ ပုံတော်တွေဆိုတာလည်း အမည်စုံ၊ အရောင်အသွေးစုံ၊ ပုံသဏ္ဍန်စုံနေတော့တာမို့ အမေ့မှာ အံ့သြမဆုံးဖြစ်ရသေးတော့။ အမေ့အသက်ပဲ ခြောက်ဆယ်တွင်း ချည်းနင်းလာနေပြီ။ ဒီလောက်စုံလင်ထွေပြားလှတဲ့ လိပ်ပြာစိမ်းတွေကို စေ့စုံအောင် မသိခဲ့ စဖူးလေ။ ပန်း၊ရေချမ်း၊ အမွှေးနံ့သာတွေ မြိုင်ဆိုင်ကြိုင်လှောက်လို့ ညည်းတစ်ယောက် ဒူးကလေးတုတ်ကာ နှုတ်ခမ်းကလေး တစ်လှုပ်လှုပ်ရှိနေပြန်တာ တွေ့ရပြန်လျှင်တော့ အမေ့မှာ ပူပန်ရပြန်ရော။ ညည်းကလေး စိတ်နောက်ဖောက်ပြန်သွားမလား အမေစိုးရိမ်စိတ်ပူနေမိတယ်။

ညည်းအစ်ကိုကြီးကိုလည်း ပြန်မပြောရဲတော့ပါဘူး။ ဟိုက သူ့အဖေပုံစံအတိုင်း ဒေါသတကြီးနဲ့ ရှူးရှူးဒိုင်းဒိုင်းလုပ်လာရင် ညည်းရော...အမေပါ နေစရာမရှိတော့လောက်အောင် ထိတ်ထိတ်ပြာပြာ ဖြစ်ရဦးမှာ မဟုတ်လား။ ပြီး..ညည်းလေးကလည်း အမေ့ကိုသာ နိုင်စားနေကျသူဆိုတော့ အမေပဲ စိတ်ဆင်းရဲ နာကျင်နေရတော့မှာ။ ညည်းဘာသာ စိတ်ချမ်းသာ သလိုသာ နေပါစေတော့။

ဒါပေမယ့် ညည်းက တစ်ဆင့် ထပ်တက်လာပြန်တယ်။

``သမီးက လိပ်ပြာလှတယ်တဲ့ အမေရဲ့´´

``ညည်း...ဘယ်သူက ပြောလို့တုန်း´´

``ကိုယ်တော်လေးက ပြောတာလေ´´

``လာပြန်ပြီလား..။ ဘယ်ကမှန်းမသိတဲ့ အဲဒီကိုယ်တော်လေးက ဘာကောင်လဲ´´

``ဟာ...အမေ။ အဲဒီလို မလေးမစား၊ ရိုင်းရိုင်းစိုင်းစိုင်းတွေ မသုံးနှုံးရဘူးလေ။ မှန်လှပါ ကိုယ်တော်လေး ဘုရား။ နှမတော်ရဲ့ အမေက မသိလို့ ပြောမိတာ ဗွေယူတော် မမူပါနဲ့။ မသိလို့နေ၀င်၊ မသိလို့မိုးချုပ်....

လောကမှာ ညည်းဖေနဲ့ အစ်ကိုထက်တောင် ပြာပြာသလဲ ကြောက်ရွံ့ရိုသေရမယ့်သူတွေ ရှိနေသေးသတဲ့လား။

အရပ်ထဲမှာလည်း ညည်းနှယ်ပင် သက်ဝင်ယုံကြည်ကြသူတွေ အပုံအပင်၊ ဒုနဲ့ဒေး ရှိနှင့်နေတာ မြင်တွေ့ကြားသိနေမိပါရဲ့။ ဒါပေမယ့် ညည်းလောက်တော့လည်း အဖြစ်သည်းကြမယ်မထင်ပါဘူး။ ညည်းကတော့ တစ်နေ့ထက်တစ်နေ့ နေမြင့်လေ၊ အရူးပိုရင့်လာလေပဲ။ အမေ..ရင်မောလှတယ် အေရယ်။

************

`အမေ့ကို တိုးတိုးတိတ်တိတ် တိုင်ပင်ချင်လို့´ဆိုပြီး ညည်းအစ်ကိုကြီးရဲ့ မိန်းမက အိမ်လည်ခေါ်တယ်။ သူတို့ အိမ်ထောင်သက် တစ်လျှောက်မှာ ဒီလို စကားမျိုးတွေ ကြားရခဲလှတော့ အမေ ရင်ထိတ်ရပြန်ရော။

``အမေ...ဟိုလေ..ညီမလေးကို သင့်တော်တဲ့လူထဲက ကြည့်ကျက်ပြီး အိမ်ထောင်လေး၊ ဘာလေး ချပေလိုက်ရင် မကောင်းဘူးလားဟင်´´

ချွေးမက အမေ့အရိပ်အကဲကို မပြတ်တမ်းအရိပ်ကြည့်နေရင်းက စကားကို ခပ်ဆဆဆိုနေတယ်။

``ဟို..သူလည်း အရွယ်ရောက်ရုံထက်မက အရွယ်လွန်တဲ့ဘက်ကို တိမ်းလာပြီ မဟုတ်လား။ သူ့ရှေ့ရေးကလည်း ရှိသေးတယ်လေ အမေရဲ့။ တော်ကြာ မတော်မတဲ့တွေနဲ့ ဖြစ်သွားရင် ဘယ်ကောင်းမလဲ။ ဟုတ်ဘူးလား´´

``အင်း..ကျုပ်လည်း အစောကြီးကတည်းက တွေးကြည့်မိပါရဲ့ အေရယ်´´

``အင်း...တွေးရတော့မယ် အမေရဲ့။ မပြောကောင်း၊ မဆိုကောင်း ဖတ်ဟဲ့...အမေအရိုက်အရာ လွဲသွားခဲ့ရင် ခမျာ တစ်ယောက်တည်း မျက်စေ့သူငယ် ကျန်ရစ်ခဲ့ရရှာမှလေ။ အမေ..ကျွန်မကို တစ်မျိုး မထင်နဲ့နော်´´

`` ထင်ပါဘူးအေ။ ကျုပ်နားလည်ပါတယ်။ ကျုပ်လည်း သူ့ကို ပြောဖူးပါတယ်။ ကိုယ်တိုင် ရည်ငံနေကြတာရှိရင်လည်း အမေ့ကို ပြောဆိုတော့ ရှိသေးဘူးတဲ့။ ဒါဖြင့် ကျုပ် မျက်စေ့ကျထားတာတွေထဲက တစ်ယောက်ရွေးဖို့ပြောကြည့်တော့ အဲဒါတွေ သူ..စိတ်မ၀င်စားဘူးတဲ့။ ညည်းယောက်မက တော်တန်ရုံလူလည်း သူနဲ့ တူတယ်၊ တန်တယ်မထင်ဘူး အေရဲ့။ ဖြူဖြူစင်ရုပ်ကလေးအားကိုးနဲ့ အသားလွတ် ဘ၀င်မြင့်နေတဲ့ မိန်းမ´´

``အမေ့သမီးက မြို့ကြီးသားတွေကို လှမ်းပြီး စိတ်ကူးယဉ်နေသလားမှ မသိပဲ။´´

`` ဟဲ့ အလှမ်းကျယ် အလယ်လပ်နေလို့ ရမလား၊ မြို့ပေါ်မှာ တို့တတွေက ဘယ်သူ အဆက်အစပ်ရှိလို့တုန်း´´

ချွေးမက နှုတ်ဆိတ်၊ အားယူနေပြန်သေးတယ် ထင်ပါရဲ့။ ခဏနေလေမှ...

``အင်း..အခု ကိစ္စက အဲလို အဆက်အစပ်မရှိလို့များ ဖြစ်လာသလား မသိတော့ပါဘူး။ ဒါပေမယ့် ထင်ရုံထင်တာပါ အမေရယ်။ အတိအကျကြီးတော့ ကျွန်မတို့လည်း မပြောနိုင်သေးပါဘူး´´

အမေ..ရင်ထိတ်ရပြီ။

``ဟဲ့...မထိတ်သာ၊ မလန့်သာ ရှိလိုက်တာဟယ်။ ပြောစမ်း။ ညည်းသိထားတာတွေ ငါ့ကို အကုန်ပြောပြစမ်းပါ´´

``အဲ..ဟို..အမေ့သမီးက ကိုယ်တော်လေးနဲ့ လက်ထပ်တော့မလို့တဲ့´´

``ဘာ..ဘာရယ်...´´

``အင်..ကျွန်မလည်း ရွာလယ်ပိုင်းက မိန်းမတွေ တီးတိုးတီးတိုးလုပ်နေကြတာ နားစွန်နားဖျား ကြားခဲ့ရတာပဲ။ သူက လိပ်ပြာလှလို့တဲ့။ အဲဒါကြောင့် ကိုယ်တော်လေးက သူ့ကို တော်ကောက်လိုက်တယ် ဆိုလား...´´

``ဘုရား..ဘုရား...ကြံကြီးစီရာ၊ မဦးမချွတ်တွေ ပါလားတော်´´

ထုံးစံအတိုင်း အမေက ခြေမကိုင်မိ၊ လက်မကိုင်မိ တွေဝေတုန်လှုပ်နေချိန်မှာ ညည်းက အမေ့ကို လက်ဦးမှု ရယူသွားခဲ့ပြန်ပြီလေ။

************

ညည်းမရှိတော့တဲ့ အချိန်ကတည်းက နေ၀င်သွားခဲ့ရတဲ့ အမေ့ဘ၀ရဲ့ နေ့ရက်တွေဟာ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာ ညည်းတစ်ယောက် အမေ့ရင်ခွင်ဆီ ပြန်ရောက်လာလိမ့်နိုးနဲ့ မျှော်မောရင်း ခုတော့ မိုးစုန်းစုန်းချုပ်လုပြီထင်ပါရဲ့။

မခွာတမ်း ပေကပ်နေခဲ့မိတဲ့ အိမ်ကလေးနဲ့ ခွဲခွာလို့ သားကြီးတို့နဲ့ လိုက်ပါသွားရတော့မယ် ။ ဟင့်အင်း...။အိမ်ကလေးဆီကနေ အမေ ခွဲခွာမသွားနိုင်သေးဘူးနော်။ ညည်းပြန်လာရင် ဒီအိမ်ကလေးဆီကိုပဲ တန်းတန်းမတ်မတ် အဦးဆုံးရောက်လာမှာ မဟုတ်လား။ အမေ သူတိုနဲ့ လိုက်ပါသွားခဲ့ရင် ညည်းနဲ့ လွဲနေတော့မှာပေါ့။ ဒါပေမယ့် အမေ့မှာ ငြင်းဆန်နိုင်တဲ့ ခွန်အားတွေလည်း မရှိတော့ဘူး။ ဦးခေါင်းကို ဘယ်၊ညာလှည့်ပြောင်းနိုင်ဖို့တောင် မှ ပင်ပမ်းတကြီးရှိလိုက်တာ။

နှုတ်ခမ်းဖျားဆီ ၀ါဂွမ်းစကလေးနဲ့ အစက်ချပေးနေတဲ့ ရေကလေး တစ်ပေါက်ကိုတောင် ခက်ခက်ခဲခဲမြိုချ နေရပြီလေ။

ညည်းကရော အမေ့ဆီ ပြန်ရောက်လာဦးမှာလား။

ညည်းတစ်ယောက်တည်းရဲ့ မိုက်မှားမှုမှာ အမေတို့တတွေရော အဆင်ခြင်မဲ့နေခဲ့မိကြသလားလို့ ခုတော့ အမေ...တွေးနေမိပြီ။

``အရီးသမီးတော့ မြို့ပေါ်မှာ ချိမ့်ချိမ့်သဲသဲကို မင်္ဂလာဆောင်နေလေရဲ့။ မင်္ဂလာခန်းဝင်ဆိုတာလည်း အပျံစားပဲတဲ့။ သူ့သတို့သားကိုတော့ သူကိုယ်တိုင်က မြင်ရ၊ မမြင်ရ ပြောတတ်ဘူး။ ကျုပ်တို့ တွေ့တာတော့ သူတစ်ယောက်တည်းပဲ....´´

အမေတို့ ပတ်ဝန်းကျင်က ကိုယ်တိုင် တူးတူးခါးခါး လက်မခံနိုင်လောက်တဲ့ အပြုအမူမှားမျိုးကို တစ်ဦးတစ်ယောက်က ဇွတ်တိုးပြုမူလာတဲ့အခါ ချက်ချင်းကြီး ပြောင်းပြန်လှန် ၊ နားလည်ခွင့်လွှတ်ပေးရင်း အမှားအတိုင်း လိုက်လျော၊ အလျှော့ပေးကြတာလည်း တွေ့ရရဲ့။

တချို့ကျတော့လည်း ပြုပြင်ကုစားပေးဖို့ အားစိုက်ထုတ်ရမယ့်အစား မျက်နှာလွှဲ၊ ဥပက္ခာပြုမိကြပြန်ရော...။ အမေတို့တတွေရော..ညည်းကို ဥပက္ခာနဲ့ မျက်နှာလွှဲနေမိပြီလား။

``နတ်ကတော် လင်မယားအိမ်မှာပဲ နေနေတယ်တဲ့။ ဟိုမိန်းမကို ကိုယ်တော်လေးလိပ်ပြာက ၀င်ပူးနေတယ် ဆိုတာပဲ။ သူ့မှာ ပါသွားတဲ့ ရွှေ၊ငွေ၊ လက်ဝတ်လက်စားတွေ မျက်နှာနဲ့ ခုထိတော့ ဖူးဖူးမှုတ်၊ အရေးပေးထားမှာပေါ့။ ပါသွားတဲ့ ပစ္စည်းတွေကုန်တဲ့နေ့ အရီးဆီပြန်ရောက်လာမှာပဲ။ စောင့်သာကြည့်နေတော့´´

တကယ်ဆို အဲဒီအချိန်ကတည်းက အမေတို့ ညည်းကို လိုက်ခေါ်သင့်ခဲ့တာလို့ ခုတော့ တွေးဖြစ်နေပြီ။

လိုက်ခေါ်ကြရအောင် သားကြီးရယ်လို့ ပြောဖို့ အမေ အကြိမ်ကြိမ်အားယူနေမိတယ်။ ဒါပေမယ့် ဗူးဆိုရင် ဖရုံမသီးတတ်တဲ့ ညည်းအစ်ကိုကြီးရဲ့ အမျက်ဒေါသတွေကိုလည်း အမေရင် မဆိုင်ရဲဘူးလေ။

``အရင်က ဒီအခန်းမှာ နေသွားခဲ့ကြတာတော့ မှန်ပါတယ်။ ခုတော့ ဘယ်ကို ပြောင်းပြေးသွားကြတယ် မပြောတတ်ဘူး ခင်ဗျ...

ရှက်တယ်ဆိုတဲ့ စကားတစ်လုံးကို ရေလဲသုံးပြီး အမေတို့ ညည်းကို မျက်ကွယ်ပြုခဲ့မိတယ်။ ညည်းကလေး အကူအကယ်၊ ကာကွယ်မဲ့ဘ၀နဲ့ သူတပါးနိုင်စားချင်တိုင်း အနိုင်ကျင့်ခံနေခဲ့ရပြီ။

``........ရောက်စကတော့ မိန်းကလေးမှာ ငွေကြေးရော ၊ လက်ဝတ်လက်စားတွေရော အတော်များများ ပါလာခဲ့ပုံရပါတယ်။အဲအချိန်တုန်းကတော့ သူ့ကို အရမ်းအရေးပေးခဲ့ကြတယ်လေ။ နောက်တော့ သင်းတို့ အားလုံး ၀ိုင်းပြီး ဖြုန်းတီးပစ်ကြလို့ ကုန်ရောဆိုပါတော့.။ ပါလာတာတွေလည်း ကုန်ရော...ကလေးမကို လင်ရော၊ မယားပါပေါင်းပြီး ၀ိုင်းနိုင်စားကြတော့တာပဲ....´´

ညည်းရဲ့ မိမွေ၊ဖမွေတွေနဲ့အတူ...၀ဋ်ကြွေးတွေလည်း ကုန်ခဲ့ပါတော့လား အေရယ်။

`` တစ်ခါတစ်လေဆို မိန်းမက သူ့ယောက်ျားနဲ့ စွတ်စွဲပြီး ရိုက်နှက်နှင်ချတာတွေတောင် ရှိတယ်။ ကလေးမကလည်း ပေကပ်တောင်းပန်ပြီး မဆင်းတမ်းနေနေတုန်းပဲ။ ကျွန်မတို့လည်း အခန်းချင်းကပ်နေတော့ မကြည့်ချင်မြင်လျှက်သားလေ။ ခုတော့ ဘယ်ပြောင်းကြမယ်ဆိုတာတောင် ပြောမသွားကြဘူး။ ပြောင်းသွားကြမှပဲ နားအေး၊ပါးအေးရှိတော့တယ် လို့ စိတ်ချမ်းသာရတော့မလို ရှိသေးတယ်´´

အမေ့ရဲ့ မျက်နှာကို အိမ်ရှေ့တံခါးမကြီးဘက် လှည့်ပေးထားရင် ကောင်းမှာပဲ။ ညည်းပြန်ရောက်လာရင် အဝေးကြီးကတည်းက အမေ...လှမ်းမြင်ရအောင်လေ။

ဒါပေမယ့် အမေ့ရဲ့ အမြင်တွေက မကောင်းတော့ဘူး။ေ၀၀ါးလွန်းနေခဲ့ပြီ။ အမှောင်ထုကလည်း နက်သည်ထက်နက်လာနေတယ် ထင်ရတယ်။ အမေ့ခန္ဓာတစ်ခုလုံးကို စုတ်ယူဆွဲခေါ်၊ ၀ါးမျိုပစ်လိုက်တော့မှာ ထင်ပါရဲ့။

ဟင့်အင်း။ အမေ မလိုက်ချင်သေးဘူး။ ညည်းကို စောင့်ချင်သေးတယ်။

``မင်းရဲ့ ညီမလေးကို ခွတ်လွှတ်ပေးလို့ ရောက်တဲ့အရပ်ဆီလိုက်ပြီး အမေ့ဆီ တပါတည်း ပြန်ခေါ်လာပေးပါလား သားကြီးရယ်´´

အမေ့ စကားသံ ဗလုံးဗထွေးကို ညည်းအစ်ကိုကြီးရော ကြားရဲ့လား။ သူနားလည်ပါ့မလား ဟယ်။

``အမေ...´´

...ဆိုတဲ့ ညည်းရဲ့ ခေါ်သံလေး တစ်ခွန်းလောက် ကြားခွင့်ရမယ်ဆိုရင်တောင် နက်ရှိုင်းသိပ်သည်းလှတဲ့ အဲသည် အမှောင်ထုထဲဆီ အမေ..ပျော်ပျော်ကြီး လှမ်းခုန်ဝင်ရောက်လို့ ၀ါးမြိုခံ ပျောက်ကွယ်ဝံ့ပါရဲ့။

အဲဒီ အခိုက်အတန့် မတိုင်ခင် အချိန်မီကလေး ညည်း.... အပြေးရောက်လာခဲ့လေ...သ....မီး....ရယ်။ ။


သတိုး

အလွမ်းပွင့်တို့  ရိုက်ချိုးတဲ့ မျက်ရည်တာရိုး

Photobucket  
အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတယ် …..။

ကောင်းကင်ကတော့
အုံ့ မှိုင်းနေဆဲ
မျက်စေ့တဆုံး အဖြူရောင်တွေဖုံးလို့ 
ငှက်ကလေးတွေတောင်မှ
တေးမသီနိုင်ရှာကြဘူး
သစ်ရွက်ကလေးတွေတောင်မှ
နှင်းတို့ ရဲ့ မျက်နှာ မော့မကြည်ရဲရှာကြဘူး …….။

တကမ္ဘာလုံးက အေးခဲမှုတို့ 
ငါနေတဲ့အရပ်ကို စုပုံပို့ လိုက်သလား
သတိရတမ်းတခြင်းတွေကတော့
အေးခဲမှုတွေကိုထိုးဖောက်
မင်းဆီအရောက်
ပျံသန်းနေကြလေရဲ့  …..။

မိသားစုဆိုတဲ့ အတွေး
နွေးထွေးမှုကိုပေးတယ်
မိသားစုအရေး
သားသမီးအရေး
အနာဂတ်အရေး
အတွေးများ မိုးမဆုံး မြေမဆုံး …..။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
အညှာလွယ်တယ်ပဲပြောပြော
ဟောဒီ မျက်ရည်တာရိုး
အလွမ်းပွင့်တွေက
ရိုက်ချိုးနေကြတုန်း …..။

               ရဲရင့်သက်ဇွဲ  


မေတ္တာတရားဟူသည်

Photobucket
(၁)

အသက်ကို ခက်ခက်ခဲခဲ ပင်ပန်းစွာ ရှိုက်သွင်းနေရသည်။

ရှိုက်သွင်းလိုက်လေသမျှအောက်စီဂျင်တို့သည် မြားအစင်းစင်းအလား ဘယ်ဖက်ရင်အုံကို ပြင်းပြစွာနာကျင်စေခဲ့။

“ဘုရား... ဘုရား...အချိန်မှ မီပါ့ဦးမလား ”

မျက်မှန်ကိုင်းကျိုးထူထူအောက်မှ မျက်ဝန်းတို့ကား မှုံသီလွန်းစွ။

လက်ထဲတွင်ကိုင်လာသော ၀ါးလုံးတိုလေးကို အားပြုမှေးရပ်ရင်း ဘေးဘီဝဲယာသို့

Design cerdit by :.layoutsparks.com 
မြင်နိုင်သမျှလေး မျက်လုံးကစားကြည့်လိုက်သည်။

“ဟာ! ခရေပန်း”

ပလက်ဖေါင်းတွင်စိုက်ပျိုးထားသောခရေပင်မှခရေပွင့်ကြွေတို့ကလမ်းပေါ်တွင်ဖွေးဖွေးလှုပ်လှုပ်။

သူတောင့်တသော၊ အရေးတကြီးလိုအပ်နေသော ခရေပွင့်တို့ကို အားရ၀မ်းသာ ကောက်လိုက်မည်အပြု

“ပွမ်”

“ဝေါ.....”
“ကျွီ ....”

ကားဘရိတ်အုပ်သံ၊ ဟွန်းသံ၊ အပြင်းဖြတ်ကျော်သွားသံတို့ ပွက်လောရိုက်ဆူညံ။

ချက်ခြင်း ကိုယ်ရှိန်ပြန်သတ်လိုက်နိုင်လို့သာ ...

“အဖိုးကြီး သေချင်လို့လား မမြင်မစမ်းနဲ့

ကားလမ်းပေါ်ခရေပန်းထွက်ကောက်နေတာ”

ကားပေါ်က ဒေါတကြီးကြိမ်းမောင်းသွားသံကို ဂရုမပြုအား။

“ဟုတ်သားပဲ ...ငါသေလို့မဖြစ်သေးဘူး...ဒီခရေတွေကို ကောက်သွားပါပြီတဲ့

ဘယ်သူက ပန်းကုံးလုပ်ပေးမှာလဲ ငါကလည်း...ငါကလည်း မမြင်မစမ်းနဲ့”

သူ့အတွေးနှင့်သူ လမ်းပေါ်က ခရေပန်းကို ကောက်ယူဖို့ လက်လျှော့လိုက်ပါပြီ။


(၂)
ခရေပန်းရှာပုံတော်ခရီးကား မဆုံးသေး။ ၀ါးလုံးတိုတစ်ချောင်းကို အားပြုပြီး

ဒရွတ်ဆွဲလျှောက်နေရသဖြင့် ခရီးကမတွင်။ မှုံရီဖျော့အိုင်သောမျက်ဝန်းအစုံက

ကျီးကန်းတောင်းမှောက်။ ဟော...တွေ့ပါပြီ။ ခရေပန်းကုံးတွေကိုင်လာတဲ့

သူငယ်လေးတစ်ယောက်။

“ကလေးရယ်...အဘကို ခရေပန်းလေးတစ်ကုံးလောက်..”

“အာ..ဒါရောင်းဖို့ဗျ”

“ဟို..ပိုက်...ပိုက်ဆံတော့ ပေးစရာမရှိပါဘူးကွယ်...အချိန်မမီမှာ စိုးလို့ပါ”

“ဟာဗျာ.. ဘာတွေလာပြောနေတာလည်း.. မရဘူး.. မပေးနိုင်ဘူးဗျာ... စောစောစီးစီး”

အဖိုးအို၏ မျှော်လင့်ချက်တို့က အမှုံအမွှားများအဖြစ် တစ်စစီ လွင့်ကြွေ။

ဝါးလုံးတိုတုတ်ကောက်လေးကို စုံကိုင်အားပြုရင်း တဖြည်းဖြည်း ထိုင်၍ ထိုင်၍

ကျသွားခဲ့။ မှုံသီရီဝေသော မျက်ဝန်းအစုံမှ မျက်ရည်စများက လမ်းပေါ်သို့

တဖြုတ်ဖြုတ်လွင့်ကြွေ။

“အချိန်မှ မီပါ့ဦးတော့မလား”


(၃)

ဆည်းလည်းသံကား ချမ်းမြပေစွ။ ဝေလီဝေလင်း အရုဏ်ဦးနေခြည်အောက်တွင်

စေတီတော်မှာ သပ္ပါယ်လွန်းပေစွ။

“အရှင်ဘုရား ..... ဘ၀ဆက်တိုင်း....”

ဝမ်းပန်းတနည်းဆုတောင်းအပြီး ခေါင်းကို ဖြည်းဖြည်းငြင်ငြင်ပြန်အမော့...

“ဟာ!...”

တွေ့လိုက်ပါပြီ။ အခြားသူတစ်ဦး ကပ်လှူသွားသော ဆီမီးတိုင်၊ နံ့သာတိုင်တို့နှင့်အတူ

ခရေပန်းကုံးများ။ အဖိုးအိုက ဒူးတုပ်ထိုင်ချလျှက် ဘ၀တစ်လျှောက်လုံး

ရိုသေညွှတ်နူးစွာ ကိုးကွယ်လာခဲ့သော ဘုရားရှင်အား အရင့်အရင်ထက်

ပိုမိုညွှတ်နူးသော၊ အဆုံးမရှိသော ယုံကြည်ကိုးစားခြင်းများဖြင့် တောင်းပန်တိုးလျှိုးရင်း

အကြိမ်ကြိမ် ဦးညွှတ်မိပါတော့သည်။

“အရှင်ဘုရား ကရုဏာတော်ရှေ့ထားပြီး ဘုရားတပည့်တော်ကို ခရေပန်းတစ်ကုံး

စွန့်ကျဲပါဘုရား... တကယ်ဆိုရင် တပည့်တော်ကသာ ကပ်လှူသူဖြစ်သင့်တာပါဘုရား ….

 ဒါပေမယ့်လည်း အချိန်မမီမှာစိုးတဲ့အတွက် ဘုရားတပည့်တော်ကို

ခွင့်လွှတ်ပေးတော်မူပါဘုရား”


(၄)

ဝါးလုံးတိုလေးကို အားပြုပြီး ဒရွတ်ဆွဲလျှောက်လာရသော အဖိုးအို၏ အပြန်ခရီးကား

အောင်ပွဲရစစ်သူကြီး၏ မာန်ဟုန်မျိုးဖြင့်။ “တဲ” ဟုမည်ကာမတ္တခေါ်ရမည်ဖြစ်သော

လေးတိုင်စင် အကာမဲ့ အမိုးလေးတစ်ခုရှေ့အရောက်....    .....

“ဗျိုး...အဖွားကြီး...ထစမ်းပါဦးဗျ...”

အဖိုးအို၏ အားရ၀မ်းသာခေါ်သံအဆုံး ၀ါးကဒ်အခင်းလေးပေါ်တွင်

ပုဆိုးစုတ်လေးခြုံ၍ ခွေခွေလေးအိပ်ပျော်နေသော အဖွားအိုတစ်ယောက်

လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်း၍ စမ်းတ၀ါးဝါး ထလာပါသည်။

“ဒီမှာကြည့်ဗျ...ဒါဘာလဲဆိုတာ”

အဖွားအိုက လက်ခုပ်ထဲရောက်လာသောအရာကို တစ်ချက်ငုံ့နမ်းလိုက်ပြီး ....

“အို.. ခရေပန်းကုံးပဲ”

“ဒီမယ် အဖွားကြီး ...ကျုပ်တို့အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ..”

“အင်း... နှစ်ပေါင်း ၅၀ လောက်ရှိရောပေါ့တော်....”

“ ၅၃ နှစ်ဗျ... ဒီကနေ့ အိမ်ထောင်သက် ၅၃ နှစ်ပြည့်အထိမ်းအမှတ် ကျုပ်ကခင်ဗျားကို

ဟောဒီခရေကုံးလေး ပန်ပေးချင်လို့”

“အို...ဒီအဖိုးကြီးနှယ် ...အရူးထရန်ကော..”

ပြုံးပြုံးလေးပြောပြီး ခေါင်းလေးငဲ့စောင်းပေးလာသော အဖွားအို၏ ဖွေးဖွေးဆွတ်

ခေါင်းဖြူဖြူတွင် ခရေကုံးလေးကို တယုတယ ပန်ပေးလိုက်ပါသည်။

“ကဲ..ကျုပ်လည်း ခရေပန်းရှာရတာ မောလာတယ်... တစ်မှေးလောက်တော့ နားဦးမှ”

အဖိုးအိုက ပုဆိုးစုတ်လေးခြုံရင်း ၀ါးကဒ်အခင်းလေးပေါ် ငြင်ငြင်သာသာ

လှဲလိုက်ပါတော့သည်။ အဖိုးအို၏ အသက်ရှူသံ မျှင်းမျှင်းလေးကား တဖြည်းဖြည်း

နှေး၍...... နှေး၍...... နောက်ဆုံးမှာတော့ ရပ်တန့်ငြိမ်သက်သွားပါပြီ။ ကျေကျေနပ်နပ်

အပြုံးတစ်ခုကို ဆောင်၍။                          ။


ကိုကြည်နိုင်(ကျုံတိုင်းရွာ)

နာကျင်အချိန်ပို

 
ယော်…ဒီသူငယ် ခက်ချေပြီ။ နှုတ်မှ တီးတိုးထုတ်ဖေါ် ရေရွတ်မိသွားသည်အထိ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီ။ သူတပါး အိမ်ရှေ့ဆီ စုန်ချည်၊ ဆန်ချည် ဖြတ်လျှောက်ကာ အိမ်အတွင်းထဲအထိ သိသာစွာစောင်းငဲ့ အကဲခတ်လာပုံက ရိုင်းပြလွန်းနေပြီ။ ပြီး.. တစ်ခေါက်၊ နှစ်ခေါက်မျှလည်း မကတော့…။

ပထမဆုံးတစ်ကြိမ်မှာ ကတည်းက သင်းပုံစံက သိပ်သိသာလွန်းလှတာမို့ သတိပြုသွားခဲ့ရတာ ဖြစ်သည်။ စဦး တစ်ကြိမ်တုန်းကတော့ အသိမိတ်ဆွေအိမ် ရှာဖွေရင်း မျက်စေ့လည်နေသော ရပ်ဝေးသူစိမ်း တစ်ယောက်ဟု ထင်ခဲ့မိသေးသည်။ ပုံပန်းသဏ္ဍန်နှင့် မျက်နှာက စိမ်းသစ်နေတာမို့ ကိုယ့်အိမ်ရှာသော ဧည့်သည်တော့လည်း မဟုတ်တန်ရာ။

ဘာပဲဖြစ်ဖြစ် ခမျာ..ရွာလည်နေတာဆိုလျှင် အိမ်ထဲထိ လှမ်းဝင်လာကာ စကားဖွယ်ရာ မေးမြန်းပါတော့လား။ ဒုတိယတစ်ခေါက် ပြန်လှည့်၊ ဖြတ်လျှောက်ပြန်လျှင်တော့ မနေနိုင်တော့စွာ အိမ်ရှေ့ဧည့်ခန်းဆီ ပေါ်ပေါ်ထင်ထင် ထွက်ထိုင်နေပြလိုက်တော့သည်။ အိမ်ထဲဆီလည်ပြန်ငေးရင်း သူငယ်လေး ဖြတ်ကျော်လွန်သွားရာနောက် အကြည့်တွေ ကပ်ပါသွားခဲ့ရာမှ သူ..စိတ်ညစ်၊ စိတ်ရှုပ်သွားရတော့တာဖြစ်ပါသည်။

အလိုလေး…။ သင်းဟာ ဟိုအိမ်က ဧည့်သည်ပါလား။

လွန်ခဲ့သောညက မြစ်ရေသည် ပုံမှန်ထက် ပိုကဲခဲ့လေသည်။ ညသန်းခေါင် ရေပြည့်ချိန်တွင် အိမ်ရှေ့လမ်းမပေါ် မှာ ခြေခြင်းဝပ်အထိ ရေလွှမ်းသွားခဲ့သည်။

နာဂစ်ကာလ လွန်ပြီးကတည်းက ဒီရေတက်တာ ပထမဆုံးအကြိမ်လည်းဖြစ်၊ ညကြီးအချိန်မတော်လည်း ဖြစ်နေပြန်တာကြောင့် တစ်လမ်းလုံးရှိ အိမ်တိုင်းစေ့မှာ စိုးတထိတ်ထိတ် နိုးကြားနေကြပါသည်။

အဲသည်ညကတည်းက ရေလွှမ်းလမ်းမပေါ်မှာ တစွက်စွက် ၊တဗွမ်းဗွမ်း နင်းလျှောက်ကာ ၀င်လာ၊ ထွက်သွား ဧည့်သည်များဖြင့် ပျားပမ်းခပ်နေသော ထိုအိမ်ကလေးကို တစ်လမ်းလုံးက သတိပြု၊ အကဲခပ်နေခဲ့ကြသည်။



ဒီရေ သည့်ထက် ထပ်တိုးလာခဲ့လျှင်တော့ သဘာဝဘေးအန္တရာယ်နှင့်အတူ အခွင့်အခါကောင်းကို ချောင်းမြောင်းစောင့်ဆိုင်းနေသော တောကြောင်များ၏ ရန်ကိုလည်း ပူပန်ရဦးတော့မည်။

ကံကောင်းထောက်မစွာ ရေပြန်ကျလေမှ သက်ပြင်းချနိုင်ခဲ့ကြတော့သည်။

နံနက်လင်းလျှင်တော့ အိမ်ကလေးမှ ဧည့်သည်တော်များ ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်ကုန်ကြပြီ မသိ။

ဟော…ခု နေ့လည်ကျမှ လက်ကျန်ဧည့်သည်တစ်ယောက်က နေ့လည်ကြောင်တောင် ကိုယ်ထင်ပြလာခဲ့ပြီ။

အိမ်ကလေး၏ မူလအိမ်ရှင်ကတော့ သူတို့နှင့် ရပ်ဆွေရပ်မျိုးတွေဆိုလျှင်မမှား။ သားသမီးတွေ အတောင်အလက်စုံကာ အသီးသီး၊အသက ပျံထွက်သွားကြပြီမို့ စလယ်ဝင်အိုးတစ်လုံးနှင့် လင်ကိုယ်မယားနှစ်သား ငေါင်းစင်းစင်း၊ သို့ပေမယ့် အေးအေးချမ်းချမ်းပင်။

တမြန်နှစ်ကမှ အမျိုးသမီးက ကောက်ကာငင်ကာ ဆုံးပါးသွားခဲ့လေသည်။ အသက်ခြောက်ဆယ်နားနီး အဖိုးအိုပေါက်စတစ်ယောက် မည်သည့်သား၊သမီးနောက် လိုက်ပါသွားလေမှာလဲ။

ဒါပေမယ့် မည်သည့်သား၊ သမီးကမှ ဖခင်အိုကို ကမ်းလင့်မလာခဲ့သလို၊ အဖိုးအို မုဆိုးဖိုကြီးကလည်း ချစ်ဇနီးခေါင်းချခဲ့ရာ အိမ်အိုကလေးမှ တဖ၀ါးမျှ ခွဲခွာသွားမည့်ဟန် ပြမလာခဲ့ပေ။

မိခင် ရက်လည်အပြီး သားသမီးတွေက ဖခင်အား နှုတ်ဆက်ကန်တော့ကြလျှင်တော့ သမီးထွေးလေးတစ်ယေက်က ဖယ်ချန်၊ ကျန်နေရစ်ပါသည်။ သူမတစ်ယောက်တော့ ဖခင်ကြီးနှင့် အဖော်အလှော်အဖြစ် အနီးကပ်နေပေး၊ ပြုစုလုပ်ကျွေးပေလိမ့်မည်။

ဒါပေမယ့် ကလေးမ၏ ခင်ပွန်းကတော့ ရုတ်တရက် ရောက်မလာနိုင်ရှာသေးပါတဲ့။ တစ်လ တစ်ခါလောက်၊ ငွေးကြေးစားရိတ်၊ စားဖွယ်စုံလင်ဖြင့် ကလေးမတစ်ယောက် အိမ်ကထွက်လေမှ သင်းကလေးက စာရိတ္တချစားသူအဖြစ် နံရံနောက်ဖက်မှာ အပြစ်ပေး၊ ကုစားခံနေခဲ့ရတာ ရိပ်မိနားလည်ရတော့သည်။

သို့ပေမယ့် ဘာမျှမကြာလိုက်ခင်မှာပင် ကလေးမ၏ ပုဂ္ဂိုလ်လေး ပြည်တော်ပြန်ဝင် လာခဲ့ပါသည်။ အိမ်ကလေးမှာ အလီဘာဘာ ဧည့်သည်အရွယ်စုံတို့ဖြင့် လူဝင်လူထွက် ခပ်စိတ်စိတ်၊ ရှုပ်ထွေးလာခဲ့ပြီ။

ဘယ်အချိန်၊ ဘာသတင်းကြားရလေမလဲဟု ပတ်ဝန်းကျင်က ရင်မနေခဲ့ကြသော်လည်း ကလေးမကတော့ ရောက်စကထက် တစ်နေ့တခြား အရောင်အ၀ါ ပြိုးပျက်လာတော့ကာ သာယာနေပြန်ပေါ့။

ခုတော့ သူတို့၏ ဧည့်သည်လေးက မိမိ၏ နေအိမ်ကို အထဲဝင်၊ အပြင်ထွက် မျက်စေ့ကစားနေပြီ။အနှစ် နှစ်ယ်ခန့်လောက် စာသင်ခန်းထဲမှာ ကျင်လည်ဝဲလှည့်နေလာခဲ့သော မူလတန်းပြ ကျောင်းဆရာတစ်ယောက်ရဲ့အိမ်မှာ စာရိတ္တနှင့် လဲလှယ်ယူချင်စရာ အဖိုးတန်းတစုံတရာ ရှိနေလိမ့်မည်ဟု များ သင်းက တွေးထင်ထားလေသလား။ စိတ်ညစ်၊စိတ်ရှုပ်နေလျှက်ကပင် သူ…ပြုံးချင်မိသေးတော့သည်။

သူ…အိမ်ရှေ့မြေကွက်လပ်ဆီ မသိမသာ လှမ်းထွက်လာခဲ့လိုက်သည်။ မြေကွက်လပ်တစ်နေရာ၊ ကွပ်ပစ်ကလေးမှ လှမ်းကြည့်လျှင် ဟိုအိမ်ကလေးကို လှမ်းမြင်ရပြီလေ။

သူတို့၏ အိမ်အတွင်းထဲအထိတော့ မမြင်ရ။ အိမ်ဝိုင်းနှစ်ဝိုင်းက မျက်စောင်းထိုး၊ ဓါးလွယ်ခုတ် အနေအထားမို့ ဝေးလှမ်းလှတာတော့မဟုတ်။

ခဏမျှအကြာတွင် ဟိုဧည့်သည် ငတက်ပြားကလေး အိမ်ထဲမှ ယောင်လည်လည် ပြန်ထွက်လာပြန်သည်။ ပြီး အိမ်ရှေ့ခြံထောင့်ရှိ ကွပ်ပစ်ကလေးမှာ အေးဆေးစွာ ထိုင်ချလိုက်ပြန်တော့သည်။

အတင့်ရဲလှသော သူငယ်ပေပဲ။

သူတို့နှစ်ဦး ထိုင်နေကြသော ကွပ်ပစ်နှစ်ခု၏ အကွာအဝေးက ၀ါးတစ်ရိုက်ခန့် သာသာမျှသာ ဝေးတော့သည်။ အံမယ်…သူကပင် တစ်လှည့်တစ်ပြန် လူကို အကဲခပ်နေပြန်သေးတော့။

ကွယ်ရာတွင် အပြစ်လုပ်လာခဲ့ပြီး ကိုယ့်ရှေ့ရောက်မှ ရိုးသားသယောင် ဖြောင့်ကွယ်ချင်သော သူ့ကျောင်းသားတွေကို ကြည့်နေကျ အကြည့်မျိုးဖြင့် ပြန်စိုက်ကြည့်ပေးလိုက်သည်။

အသက်က အစိတ်ဝန်းကျင်ဟု ခန့်မှန်းရသည်။ သည့်ထက်လည်း ငယ်နိုင်သေးသည်ပင်။ ရှိရင်းစွဲအသက်ထက် ရင့်ယော် အိုစာနေသည့် ပုံပါပင်။ နေလောင် အသားညိုညစ်ညစ်၊ နှုတ်ခမ်းကမဲပြာနှမ်းလျှက် ဆီဝေးသောဆံပင် နီကျင်ခြောက်သယောင်းတို့ကြောင့် လူပုံဟန်က နွမ်းညစ်ညှင်းသိုးနေသည်။ အထူးသဖြင့် ရီဝေေ၀၊ ကြောင်စီစီ မျက်ဝန်းမှိန်ဖျော့ဖျော့တွေက မနှစ်မြို့၊ မသင်္ကာချင်စရာ။ ဟေး…မင်း ဘယ်လိုလူလဲဆိုတာ ငါသိနေတယ်ကွ။

ဟင်ခနဲ သူ…အံ့သြ တုန်လှုပ်သွားရပါသည်။ သူကောင်းသားလေးက အကြည့်တွေ ဖျတ်ခနဲသိမ်းလျှက် ခေါင်းငုံ့၊မျက်လွှာချပစ်လိုက်ကာ လက်နှစ်ဖက်ကို ရှေ့မှာ ယှက်ချလျက် ပခုံးတွေပင် ကျုံ့ဝင်သွားတော့သလို။

ဘုရားရေ…။ အဲဒီအပြုအမူမျိုးဟာ သူ့အဖို့တော့ သူ့ကျောင်းသားတွေထံမှာသာ တွေ့ရလေ့ရှိတတ်တာ။

သူ…ထိတ်လန့်တကြား၊ စူးစိုက်လျှက် တစ်ချက်ပြန်ကြည့်လိုက်မိတော့ ဦးခေါင်းငုံ့လျှက် ပုံစံမပျက်မှ ဖျတ်ခနဲ မျက်လွှာလှန်ကြည့်လိုက်သော အကြည့်ခိုးတစ်စုံနှင့် ဒိုင်းခနဲဆုံသွားသည်။

ဘုရား…။သူ..ဒုတိယ အကြိမ် ဘုရားတမိပြန်ကာ စိတ်ကတော့ အတိတ်စာမျက်နှာများစွာဆီ အထိတ်တလန့် ၊ အလျှင်စလို လှန်လှောတိုက်ဆိုင်နေမိတော့ပြီ။

သူ၏ ဆရာဘ၀ အစ ပြုခဲ့ရာ ပြာမလော့မြစ် နံဘေးက တံငါရွာတန်းရှည်ကလေး…။ ပြီးတော့… ဓနိမိုး၊ ၀ါးထရံကာ မြေစိုက် မူလတန်းကျောင်းကလေး…။

ဟင်းအင်း…။ မင်း..အဲလိုမဖြစ်ရဘူး ကလေးရယ်။

ရင်ထဲမှာတဆစ်ဆစ် ခံခက်နာကျင်လာတော့သလို တလှိုက်လှိုက် ဆို့နစ်ပြိုကွဲချင်နေပြီ။

ဦးခေါင်းတွေကို မော့လှန်ကာ မျက်လုံးတွေကို ဖိမှိတ်ချလိုက်သည်။

အာရုံထဲမှာ ကျောင်းတက်ရန်ငြင်းဆန်နေသော မျက်ရည်အလိမ်းလိမ်းနှင့် ဂျစ်ကန်ကန် ကောင်ကလေးတစ်ယောက်။

“သားမှ ၀လုံးမရေးတတ်ပဲ”

“ဆရာ သင်ပေးမယ်လေ..”

“ဟင့်အင်း…ရေးချင်ဘူး”

“သား..မရေးချင်သေးရင်နေလေ။ လာ…ဆရာ အရုပ်ဆွဲပြမယ်”

“ဟင့်အင်း…”

“ကဲ..ကျောင်းသားကြီးတွေထဲက တစ်ယောက်လောက် ခဏလာစမ်းကွာ။ ကျောင်းဝန်းထောင့် ဓနိတောစပ်မှာ ဓနိရွက် သွားဖဲ့ခဲ့။ သူငယ်တန်းတွေကို ဆရာ…မြွေရုပ်လုပ်ပေးမလို့။ ကဲ…ဘယ်သူတွေ အရုပ်ယူကြမလဲဟေ့”

အတန်းဖော်အားလုံး လက်ကလေးတွေ ပြိုင်တူမြောက်တက်လာကြတာမြင်လျှင် ရှုတည်တည်ရုပ်နှင့် မော့ကြည့်လာသည်။

“သားရော…မြွေရုပ်ယူမှာလား။ ဖားရုပ်တို့၊ ငှက်ရုပ်တို့လိုချင်ရင်လည်း ရမယ်”

ခေါင်းညိတ်ပြသည်။

“သား…မြွေရုပ်ပဲ ယူမှာလား”

“အင်း..”

“ဟုတ်ကဲ့ လို့ပြော”

“ဟုတ်…ကဲ့”

သူ..မျက်လုံးပြန်အဖွင့်မှာ သူ့ထံစူးစမ်းငံ့လင့်နေလျှက်သား မျက်ဝန်းမှိန်ဝေေ၀တစ်စု့နှင့် ပက်ပင်းတိုးမိသည်။

သင်းရဲ့ နှုတ်ခမ်းပြာနက်၊ သွေ့ခြောက်ခြောက်တွေက စကားတစုံတရာ ဆိုလာတော့မည်ဟန်နှင့်။

“ဆရာ..ကျွန်တော့်ကို မှတ်မိပါသလား ခင်ဗျာ…”

..ဟု မေးနေသယောင် စိတ်ကထင်လာသည်။

ဒါပေမယ့် သူ့မျက်လုံးတွေက သိမ်ငယ်စွာ နူးညံ့နေပြန်သည်။ ခွင့်လွှတ်ပါဆရာ ဟု မင်း…တောင်းပန်ချင်နေတာလားကလေး။

သူ..စိတ်မှတ်မထင် လှစ်ခနဲ ပြုံးပြလိုက်မိသလား။

မ၀ံ့တ၀ံ့၊ ပြုံးလွန့်လာသော တဖက်က နှုတ်ခမ်းတစ်စု့သည်လည်း တလှုပ်လှုပ်…။

“ဆရာ….”
သူ့နှုတ်က အသံထွက်ပေါ်မလာခဲ့သော်ငြား ဒီမှာဘက် နှလုံးသားတစ်စုံကတော့ တိတိပပ ကြားဖြစ်အောင် ကြားလိုက်နိုင်လေသည်။   

သတိုး

နီပွန်းနိုင်ငံတော်ရဲ့ အနာဂတ်တွေ အကြောင်း

နီပွန်းနော့ ၀ကမိုနို ဆိုတာကတော့ ဂျပန်က လူငယ်တွေရဲ့ အကြောင်းဖြစ်ပါတယ်၊ ဂျပန်က လူငယ်တွေအကြောင်းကို ရေးမယ်ဆိုတော့ တကယ်ရေးရင် တအားကို ကျယ်ပြန့်မှု ရှိတာရယ် ကျနော်ကိုယ်တိုင်က လူလတ်ပိုင်း အရွယ်ဖြစ်နေတော့ လူငယ်တွေဘ၀ကို ပြန်ဆင်း လေ့လာပြီး ရေးရပါတယ်၊ ပြည့်စုံမှုတော့ ရှိမယ် မထင်ပါဘူး ၊ ဒါပေမယ့် အားလုံးအတွက် ဂျပန်က ယနေ့ခေတ် ပုံရိပ်တွေ ရောင်ပြန်ဟပ်မဲ့ ဗဟုသုတ တစုံတရာ ရရှိမယ်လို့ တော့ထင်ပါတယ်။ 
 
ဝကမိုနို
ဂျပန် လူငယ်လူရွယ်တွေကို ဂျပန်လိုတော့ ၀ကမိုနို (wakamono) လို့ခေါ်ပါတယ်၊ ဂျပန်နိုင်ငံ ရဲ့ ဥပဒေ သတ်မှတ်ချက်အရ အသက်၂၀ မပြည့်သေး သူတွေကို လူကြီးအဖြစ် အသိအမှတ် မပြုပါဘူး၊ အသက်၂၀ မပြည့်သေးတဲ့ ယောကျာင်္းလေး၊ မိန်းကလေးတွေဟာ မိဘရဲ့ အုပ်ထိမ်းမှု အောက်မှာရှိနေပြီး အရက်သောက်ခွင့်၊ ဆေးလိပ်သောက်ခွင့် နှင့် လူကြီးတွေ လုပ်ပိုင်ခွင့်ရှိတဲ့ အရာတွေကို လုပ်ပိုင်ခွင့် မရသေး၊ မရှိသေးတဲ့ အရွယ်ပေါ့၊ ဒါပေမယ့် တိုးတက်ပြီး ခေတ်မှီနေတဲ့ နီပွန်းက ဂျပန်လူငယ်တွေက ဒီသတ်မှတ်ချက် ဥပဒေတွေ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြပါရဲ့လား ? ဆိုတဲ့ မေးခွန်းတွေ မေးလာနိုင်စရာ ရှိပါတယ်၊ ဒီနေရာမှာ အုပ်စု နှစ်စု ခွဲပြောရမှာပါဘဲ၊ ရိုးရိုးသားသား နဲ့ ကျောင်းပညာကိုသာ စိတ်ဝင်စားပြီး ၀ါသနာပါရာ ဂီတ၊ အနုပညာနဲ့ တခြားအတတ်ပညာ၊ အသိပညာတွေကို ရည်မှန်းချက်ကြီးကြီး နဲ့ ကြိုးစားနေကြသူတွေ ရှိသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လွတ်လပ်မှုနောက်ကို တကောက်ကောက် လိုက်ရင်း အပျော်အပါး၊ အလှအပ နောက်မှာ လိုက်ပြီး ဘ၀ကိုရေစုန် မျှောနေသူတွေလည်း ရှိနေကြတာပါဘဲ။
 
အထက်တန်း ကျောင်းသူလေးတွေရဲ့လွတ်လပ်ပေါ့ပါးတဲ့ စတိုင်

အဆိုး နဲ့ အကောင်းတွေ ဒွန်တွဲနေတဲ့ ဂျပန်လူငယ်
အလယ်တန်း ပညာသင်ကြားနေတဲ့ ဂျပန်လူငယ် တွေကတော့ ၁၃နှစ်၊ ၁၅နှစ် အရွယ်သာသာ လေးတွေပါ အဲဒီ အရွယ်တွေကတော့ ကျောင်းတက်၊ အပေါင်းအသင်း အစုအဝေးလေးတွေနဲ့ ကျောင်းပိတ်ရက်တွေမှာ တွေ့ဆုံကြပြီး လည်ကြပတ်ကြနဲ့ သာမာန်ကလေးဘ၀ကို ဖြတ်သန်း နေကြတာများပါတယ်၊ အလယ်တန်းအဆင့်ကို ကျော်ဖြတ်လို့ အထက်တန်း အဆင့်ကိုရောက်ကြတယ် ဆိုရင်ဖြင့် လူပျို အပျိုဖော်ဝင်နေတဲ့ သူတို့လေးတွေဟာ အရာရာကို သိချင် စူးစမ်းချင်လာသလို၊ ဘ၀ရဲ့ တဆစ်ချိုးအကွေ့ အပြောင်းအတွက် အရေးကြီးတဲ့ အချိန်လည်းဖြစ်တာမို့ အပေါင်းအသင်း၊ ပတ်ဝန်းကျင်က စေ့ဆော်မှုတွေ နဲ့ အဲဒီ လူငယ်ဘ၀တွေကို ပြောင်းလဲစေကြတော့ တာပါဘဲ။

အလှအပကို တော်တော်လေး ခုံမင်လာတဲ့သူ ဆိုယင် ဆံပင်တွေကို အရောင်အမျိုးမျိုး ဆိုးပြီး ခေတ်လူငယ်စတိုင်တွေနဲ့ ရှိုးထုတ်လာကြတယ်၊ မိန်းကလေးတွေကတော့ ကျောင်းတက်ယင် စကဒ်အတိုလေးတွေကို တိုသထက်တိုအောင် ခေါက်ဝတ်လို့ သူတို့ရဲ့ ငယ်ရွယ်တဲ့ အလှကို ပုရိဿတွေ ရင်ခုန်အောင် sexy ဆန်ဆန် ပြင်ဆင် ၀တ်ဆင်လာကြတယ်လေ၊ အထက်တန်း ကျောင်းသား ကျောင်းသူလေးတွေ ဖြစ်လာတဲ့ သူတို့ နှလုံးသားမှာလည်း အချစ်ဆိုတဲ့ ပန်းလေးတွေက ဖူးပွင့်လာပြီ ဆိုတော့ တွယ်တာရမယ့် အသက်တူ ရွယ်တူချစ်သူလေးတွေလည်း ရှိနေကြပါပြီ၊ ဒီ အရွယ်လေးတွေကတော့ အရက်၊ ဘီယာနဲ့ ဆေးလိပ်တို့ စသောက် စမ်းသောက် နေကြသူတွေ ရှိလာသလို၊ ချစ်သူကိုလည်း မိဘအိမ်ကို ခေါ်လည်တတ် နေကြပါပြီ၊ မိဘတွေကလည်း အရွယ်ရောက်စ ပြုလာပြီဖြစ်တဲ့ သားသမီးတွေကို လွတ်လပ်ခွင့် စပေးစ ပြုလာပြီမို့ ကြည်ဖြုစွာနဲ့ဘဲ အိမ်မှာ ပေးတွေ့ခွင့် ပြုပါတယ်၊ အချစ်ဟိုတယ်လို နေရာမျိုးကတော့ သွားသူတွေလည်း သွားနေကြပေမယ့် ရှားပါးတယ်လို့ ပြောရမှာဖြစ်သလို၊ အရွယ် မရောက်သေးတာမို့ ပြဿနာ တစုံတရာတက်လာ နိုင်တာမို့လည်း ဖြစ်ကောင်း ဖြစ်မှာပါ။

 
ဆံနွယ်ကေသာ အရောင်အမျိုးမျိုးနဲ့ စတိုင်ထုတ် လှချင်တိုင် လှနေကြ

လိင် ဆက်ဆံမှုနဲ့ လူငယ်ကဏ္ဍ
ဂျပန်ဟာ လိင် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ရှက်စရာ အလုပ်တခုလို့ သတ်မှတ်ခြင်း မရှိကြပါဖူး၊ လိင်ဆက်ဆံမှုဟာ ကျန်းမာရေးတခု အဖြစ် သတ်မှတ်ထားသလို၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ဆရာတွေ ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ လုပ်နေသလို၊ ဖြစ်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်တားဆီးနိုင်ဘို့ တွေကိုပါ သင်ကြားပေးသလို အကာအကွယ် ပစ္စည်းတွေက အစ ဆေးရောင်းတဲ့ စတိုးဆိုင်လို နေရာမျိုးတွေမှာ လွတ်လွတ်လပ်လပ် ၀ယ်ယူ အားပေးနိုင်တာမို့ ကျောင်းဝတ်စုံနဲ့ ၁၄နှစ်အရွယ် ကျောင်းသူလေးက အစ ကိုယ်ဝန်စမ်းသပ်တဲ့ ဆီးစစ်တဲ့ ပစ္စည်းလေးတွေကို ခပ်တည်တည် ၀ယ်ယူ အားပေးနေတာ မကြာခဏ တွေ့မြင် နေရပါတယ်၊ ဂျပန်ဟာ လိင်မှုကိစ္စနဲ့ ပတ်သက်ရင် လုံးဝ လွတ်လပ်မူရှိတာဟာ ကမ္ဘာမှာ ပထမလို့ သတ်မှတ် ခံထားရတာပါ၊ ဂျပန်ရဲ့ စတိုးဆိုင်လို နေရာမျိုးတွေ စာအုပ်ဆိုင် တွေမှာတောင် လိင်နဲ့ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေ၊ ရုပ်ပြကာတွန်း၊ မဂ္ဂဇင်းနဲ့ ဗွီဒီယိုတွေကို ထင်သာမြင်သာပဲ တင်လို့ ရောင်းချလျှက်ရှိပါတယ်။
 
ဟရဂျုခု လမ်းမပေါ်က Rockတေးဂီတ အကနဲ့ အပြတ် ဒန့်စ်လို့ မြူးတူး နေတဲ့ ကိုကို ကာလသားများ 

လှုပ်လှုပ်ရှားရှား လူငယ်များ
ဂျပန် လူငယ်တွေဟာ မြူးဇစ်နဲ့ သီချင်းတွေကို အရူးအမူး စွဲလမ်းနှစ်သက်ကြသလို လှုပ်ရှားပြီး ကနေရတဲ့ ဒန့်စ်တွေကိုလည်း သိပ်ကြိုက် နှစ်သက်ကြပါတယ်၊ အဲဒီလို စွဲလမ်းနှစ်သက်ရာက ကိုယ်ကိုတိုင် ဖန်တီးရှင်ဘ၀ ရောက်အောင် အနုပညာ ဆိုတီးပညာရပ်တွေကိုပါ လေ့လာပြီး ညဘက်မှာ လူစည်ကားတဲ့ ဘူတာရှေ့လို နေရာမျိုးတွေ၊ ပန်းခြံလိုနေရာမျိုးတွေမှာ အပေါင်းအသင်းတစုနဲ့ ဖျော်ဖြေတင်ဆက်နေတဲ့ လမ်းဘေး တီးဝိုင်းလေးတွေလည်း အမြောက်အများပါဘဲ။ အဲဒီလို လမ်းဘေးဝိုင်းလေးတွေ ကနေ ဖျော်ဖြေတင်ဆက်ပြီး နာမည်ကျော် အဆိုတော်တွေ၊ အတီးသမားတွေလည်း မြောက်များစွာ ထွက်ပေါ်ခဲ့ကြတယ်၊ ဒီနေရာမှာ တခုပြောချင်တာက ဂျပန်က လူနေရပ်ကွက်တွေဟာ ဆိတ်ငြိမ်၊ တိတ်ဆိတ်နေတတ်ပြီး ပတ်ဝန်းကျင်နဲ့ ဘေးအိမ်တွေကို အနှောင့်အယှက် ပေးလို့မရပါဘူး၊ မြန်မာပြည်လို အိမ်ရှေ့ ထွက်ပြီး ဂစ်တာ တဒေါင်ဒေါင်နဲ့ လုပ်လို့ မရသလို စကားပြောရင်တောင် ဘေးခန်းတွေ အနှောင့်အယှက် မဖြစ်အောင် အော်ကျယ် အော်ကျယ်ပြောလို့ မရပါဘူး၊ ပြောတော့ ဘာဖြစ်မလဲ သိလား ... ဂျပန်ရောက် မြန်မာတွေ မြန်မာစတိုင် နဲ့ အိမ်ထဲမှာ အော်ကြီး၊ ဟစ်ကျယ် စကားပြောကြလို့ ပတ်ဝန်းကျင်က ရဲတိုင်ရာက ဗွီဇာမရှိသူတွေ တွေ့လို့ ရွာပြန်ကြရ၊ ခဏခဏ အဖမ်းခံရတာတွေ ရှိသလို၊ ရဲစခမ်းက ခေါ်ယူ သတိပေးခြင်း ခံရတာတွေလည်း အများကြီးပါ၊ ( ကြုံလို့ တင်ပြယုံ သက်သက်ပါ။ )
လမ်းဘေးဝိုင်းကနေ စင်ပေါ်မှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာသမားဖြစ်လာဖို့ ကြိုးစားနေတဲ့ လူငယ်တွေ
တခုဆို တခုဘဲလို့ ဆိုကြတယ်
ဂျပန် လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အကျင့်တခုက အလုပ်တခုကို လုပ်ရင် တဝက်တပျက်နဲ့ ရပ်တံ့သွားသူ နည်းသလို၊ ကျနော်တို့ မြန်မာလူငယ်တွေလို ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ကြတာ ပါဘဲ၊ ဥပမာ ဘတ်(စ)ကက်ဘော ၀ါသနာပါသူက ၁၀နှစ်သားလောက် ကတည်းက အရွယ်ရောက်လာတဲ့ အထိ ဘတ်(စ)ကက်ဘောဘဲ ကျန်တာ သူတို့ စိတ် မ၀င်စားပါဘူး ၊ အဲဒါကိုဘဲ အောင်မြင် အောင်လုပ်တယ်၊ ပန်းချီ စိတ်ဝင်စားသူက ပန်းချီဆို ပန်းချီပါဘဲ တခြားအကြောင်းတွေ သူ မသိပါဘူး၊ တခုကိုဘဲ တစိုက်မတ်မတ် လိုက်စား လေ့လာကြတယ်။ ဂျပန်ရဲ့ အောင်မြင် တိုးတက်နေမှုတွေဟာ အဲဒီအချက်လည်း ပါနေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ပါဘူး၊ မိတ်ဆွေတယောက်ရဲ့ သား တယောက် အကြောင်းကို သိခဲ့တာ သူဟာ ၇နှစ်သားလောက် ကတည်းက သူ့အမေက ပီယာနိုတီးတတ်ရဲ့သားနဲ့ သင်တန်းကျောင်းကို ပို့သင်စေပြီး အမေက မသင်ပေးတော့ မေးဖြစ်လာလို့ ရင်နှီးစွဲနဲ့ မေးဖြစ်တော့ ... အမေ စန္ဒယား တီးတတ်နေတာ သားကို သင်ပေးလိုက်ပါလား? ဘာကြောင့် သင်တန်းကျောင်း သွားပို့ရတာလည်း ဆိုတော့ မိဘက သင်ရင် သူ အလေးထားမှာ မဟုတ်သလို၊ စနစ်ကျမှာလဲ မဟုတ်ဘူး ... ဒီတော့ ... သင်တန်းကျောင်းက စနစ်ကျတယ်၊ သူ့အတွက် အခြေခံကောင်း ရစေတယ်ဆိုပြီး ပိုက်ဆံ အကုန်ခံပို့ သင်စေပါတယ်၊ ဒါကြောင့် အဲဒီ ကလေးဟာ အခုဆိုရင် နာမည်ရ ပီယာနစ် တယောက်ဖြစ်နေပါပြီ၊ အခြေခံကောင်းမှ.. “ အမြင့်ကို တက်လှမ်းတဲ့ အခါ အခြေခံ ခိုင်မာမှု ရှိရမယ်” ..ဆိုတဲ့ အတွေးအခေါ်တွေဟာ တကယ်ကို အတုယူ သင့်စရာတွေပါဘဲလို့ ညွန်ပြချင်ပါရဲ့။
ကာလာ ဖက်ရှင်များနဲ့ လူငယ်တွေ
တိုကျိုလို နေရာမျိုးမှာတော့ လူငယ်တွေ အများဆုံး စည်ကားတဲ့ စုစည်းတတ်တဲ့နေရာ လူငယ်ရပ်ကွက်လို့ ပြောစမှတ်ပြုနေတဲ့ နေရာတွေကတော့ ရှီဘုယ နဲ့ ဟရဂျုခု လိုနေရာမျိုးတွေပါဘဲ၊ အဲဒီ ရပ်ကွက်၂ခုက ကပ်လျှက် ရှိနေပြီး အရောင်အသွေးစုံနဲ့ ပန်းပွင့်လေးတွေရဲ့ ပျော်စံရာနေရာလို့သာ တင်စားလိုက်ချင်တော့တယ်၊ ခေတ်ရေစီးကြောင်းနဲ့ အညီ ဖက်ရှင်စတိုင် အမျိုးမျိုးနဲ့ လမ်း သလားနေတဲ့ ရောင်စုံ ကောင်မလေးတွေ ကောင်လေးတွေ ပျားပန်းခတ်မျှ ရှိနေသလို၊ တနင်္ဂနွေလို နေ့မျိုးမှာတော့ ဟရဂျုခ ဘူတာက ထွက်လိုက်တာနဲ့ ခေတ်စတိုင် ဖက်ရှင်ဒီဇိုင်းတွေ နဲ့ ခေတ်လွန် ဒီဇိုင်းတွေကို ဖက်ရှင် ပန်းခင်းကြီးထဲ ဆင်းကြည့်နေရ သလို ငယ်ရွယ်သူလေးတွေကို အရောင်အသွေးစုံစွာ တွေ့မြင်ရမှာ ဖြစ်သလို၊ ရော့ခ်အကကို အစုအဖွဲ့နဲ့ ညီညာစွာ ကတ်ဆက်ဖွင့်ပြီး ကခုန်နေသူတွေ အပြင် တီးဆို ဖျော်ဖြေနေတဲ့ ဂီတ၀ိုင်း အသေးစားလေးတွေ ကလည်း မျက်စိတဆုံး ရေစီးကြောင်းထဲ မျောပါသွားသလိုကို တွေ့မြင်ရပါတယ်။ အဲဒီ လူငယ်တွေ အများဆုံး ဆုံရပ်နေရာမျိုးမှာ လူငယ်တွေရဲ့ အညွန့်ကို ဖျက်ဆီးမယ့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားသူတွေလည်း ရှိနေသလို၊ သုံးစွဲသူ လူငယ်တွေ ဘ၀ပျက်နေသူတွေလည်း ရှိနေပါတယ်၊ ဂျပန်လူငယ်တွေ မူးယစ်ဆေး သုံးတာတော့ နည်းပါတယ်၊ ဈေးကြီးတာရယ် အစိုးရက တင်းကြပ် ထားတာတွေရယ် ကြောင့်ပါ။
 
ဟရဂျုခု လမ်းမပေါ်က ဖက်ရှင် ဒီဇိုင်းပြနေတဲ့ နေမျိုးနွယ်မလေး တယောက်
စတန့်ထွင်တာလားတော့ မသိ တခါက အဲဒီ ဟရဂျူးခုမှာ ကောင်မလေးတွေ Free Hugs ( အလကား ပွေ့ ဖက်၍ ရသည် ) လို့ ဆိုင်းဘုတ် ကိုင်ထားတာ တွေ့ရတယ်၊ လမ်းသွား လမ်းလာတွေ တကယ်လဲ ဝင်ဖက်သွားတာ တွေ့ရတယ် ဘာပြောပြော ရီစရာ တခုလို ရယ်ရယ်မောမော ဖက်လိုက်ကြတော့ တာပါပဲလေ။
အလကား ဖက်လို့ ရတယ် ... နော်.!
ဆိုးသွမ်းလူငယ်
ဂျပန် လူငယ်တွေတချို့ အမေရိကန်နဲ့ အနောက်နိုင်ငံကို အတုခိုး ခုံမင်ကြတာတွေလည်း ရှိနေပါတယ်၊ အတုခိုးတာကောင်းတဲ့ အရာကို အတုမခိုးမိဘဲ လွှဲမှားတာတွေ အတုခိုးမိတော့ ဒုက္ခများ ရတော့တာပါဘဲ၊ ဆံပင်တွ နီ၊ အ၀ါရောင်တွေဆိုးလား ... ဆိုးကြရဲ့၊ အသားအရေကို နေလောင်ထားသလို ဖြစ်အောင်လုပ်ကြ၊ အသားအရည်ကို ဓါတ်ကင်ထားပြီး ဖက်ရှင် လုပ်နေသူတွေဟာ ၀ါသနာအရ လုပ်နေသူတွေ ရှိနေသလို တချို့ တကယ် အဆင့်အတန်းမရှိတဲ့ ဟစ်ပီလို ပုံမျိုးတွေ ဖြစ်လာတာတွေလည်း ရှိပါတယ်၊ ကျောင်းမှာ ဆရာစကား နားမထောင် ဆရာကို ပြန်ထိုး ရိုက်နှက်၊ မိဘစကားလည်း နားမထောင်ဘဲ လမ်းပေါ်မှာ လွင့်မျှောနေတဲ့ လူငယ်တွေလည်း ရှိပါ့။
 
ဂျလေဘီ စတိုင်နဲ့ လွင့်မျော နေသူလေးတွေ

သူတို့ မျက်နှာတွေဟာ အမြဲတစေ ရန်လိုနေတဲ့ မျက်နှာတွေနဲ့ ညဖက်တွေဆို စတိုးဆိုင်လို ကုန်တိုက်ကြီးတွေ နေရာမျိုး ရှေ့မှာထိုင်ပြီး ဆေးလိပ် လက်ကြားမှာ ညှပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့ ပုံစံမျိုးတွေနဲ့ အိုက်တင်ပေးနေတာလား? တကယ်လား? တွေ့မြင် နေရတာတွေလည်း ရှိသလို၊ အခကြေး ငွေရလို့ဘဲဖြစ်ဖြစ် အခကြေးငွေမရပဲလည်း ဖြစ်ဖြစ် ဘယ်သူ ခေါ်ခေါ် လိုက်တာမျိုးတွေလည်း ရှိနေပါသေးတယ်၊ သူတို့ဆီမှာ ပြဿနာဆိုတာ အမြဲရှိနေတတ်ပြီး ရှောင်နိုင် ရှားနိုင်မှ တော်ရုံကြပါတယ်၊ သူတို့ရဲ့ ပကတိမျက်နှာလေးတွေက တကယ့် ကလေးငယ်အရွယ် ရှိလှ ၁၇နှစ် ၂၀ ပတ်ဝန်းကျင်လေးတွေပါ၊ အနာဂါတ်ဆိုတာ သူတို့ အတွက်တော့ နတ္တိ လောက်လောက်လားလား စဉ်းစားမိသေးပုံ မပေါ်ပါ။

အသားအရေကို နေလောင်တဲ့ ပုံစံဖြစ်အောင် ဓါတ်ကင်လို့ ganguro စတိုင်နဲ့ ဆယ်ကျော်သက်
ဂျပန်ဟာ ရထားကိုသာ အဓိကထား သုံးတဲ့ နိုင်ငံဖြစ်နေတာမို့ ကျောင်းတက်၊ အလုပ်တက်၊ ရထားကိုဘဲ အားထားကြပါတယ်၊ ကားကို သုံးမိမယ်ဆိုရင်တော့ ရုံးတက် ရုံးဆင်းချိန်မျိုးတွေမှာ ယာဉ်ကြော ပိတ်ဆို့နေမူကြောင့် သတ်မှတ်ချိန်မှာ အလုပ်ကိုရောက်ဖို့ မဖြစ်နိုင်တာမို့၊ သေချာပြီး အချိန်မှန်တဲ့ ရထားကို အသုံးများကြတာပါ၊ အဲဒီ ရထားပေါ်မှာ လူငယ်တွေ ပြောတဲ့စကားကို နားထောင်ရင် နားမလည်တာတွေ အများကြီးပါ ဗန်းစကားတွေ သုံးနေတာမို့ လူလတ်ပိုင်းအရွယ် ဂျပန်လူမျိုးတွေတောင် သူတို့ပြောတဲ့ ဂျပန်စကားကို နားမလည်နိုင်အောင် မျက်စိ လည်ရပါတယ်။  
မျိုးဆက်သစ် ရှားပါးနေပြီလော ... ဂျပန် ယခုဆိုရင် ဂျပန်လူငယ် မျိုးဆက်သစ်တွေဟာ နည်းသထက် နည်းလာနေပြီ ဖြစ်လို့ ဂျပန်အစိုးရ အနေနဲ့ အနာဂါတ်အတွက် စိုးရိမ် ပူပန်မူတွေရှိလာ ရပါတယ်၊ ဘာဖြစ်လို့ မျိုးဆက်သစ် လူငယ်တွေ ရှားပါး လာရသလည်း ဆိုရင် လူနေမှု စားရိတ်တွေက အဆမတန် မြင့်မားနေမူတွေက အဓိက ပြဿနာ ဖြစ်နေလို့ပါဘဲ၊ ကလေးတယောက် မွေးဖွားမယ်ဆိုရင် မွေးဖွားစားရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၅၀၀(သုံးထောင်ငါးရာ) လောက်ကနေ ဒေါ်လာ၆၀၀၀ (ခြောက်ထောင်) လောက် အထိ ရှိနေတတ်ပြီး၊ ပြင်ပ နေ့ကလေးထိန်း ကျောင်းစားရိတ် ကတင် ဒေါ်လာ၄၀၀ (လေးရာ) ကနေ ၆၀၀(ခြောက်ရာ) လောက်အထိ ဖြစ်နေသလို၊ (ကလေးမွေးဖွားပြီးရင် ရပ်ကွက်၊ (သို့) မြို့နယ်ရုံးက ကလေးမွေးဖွားတဲ့စားရိတ်တွေကို ပြန်တော့ပေးပါတယ်) ကလေး ကြီးပြင်းလာတာနဲ့ အမျှ ကုန်ကျစားရိတ်တွေက တိုးပွားလာလေ ပါဘဲ၊ အရွယ်ရောက်လို့ တက္ကသိုလ်အထိ ပညာသင်ကြားမယ့် ကလေးတယောက်အတွက် ကုန်ကျစားရိတ်ဟာ ကျောင်းအပေါ် မူတည်ပြီး ဒေါ်လာ ၃၀၀၀၀၀ (သုံးသိန်း) ကနေ ၆၀၀၀၀ (ခြောက်သိန်း) ပတ်ဝန်းကျင်အထက်မှာ ရှိနေတဲ့ အတွက် အိမ်ထောင်ရှင်တွေဟာ ကလေး တယောက်၊ နှစ်ယောက်ထက် ပိုမယူကြတော့ပါဘူး၊ ကလေး လုံးဝမယူတဲ့ အိမ်ထောင်သည်တွေလည်း ရှိလာပါတယ်။ အခု လူလတ်ပိုင်း ဂျပန်လူငယ်တွေကို ကြည့်မယ်ဆိုရင် တရားဝင် အိမ်ထောင် ပြုသူတွေထက် singleတွေ များသထက် များလာပြီး ချစ်သူနဲ့အတူ လက်မထပ်ပဲ အတူနေထိုင်ခြင်း (living together) နေထိုင်မှု အရည်အတွက်က တနေ့ထက် တနေ့ ရာခိုင်နှုန်း မြင့်သထက်မြင့် တက်လာနေ တော့တာပါဘဲ၊ ယခုလက်ရှိ ဂျပန်မှာ အလုပ်သမား ရှားပါးမှု ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး၊ စားသောက်ဆိုင်၊ စက်ရုံ နဲ့ အလုပ်ကြမ်း အလုပ်တွေမှာ အမြဲ လူလိုအပ်မူတွေရှိနေပြီး မြို့နေ ဂျပန်လူငယ်တွေဟာ အဲဒီလို အလုပ်မျိုးတွေကို ရှောင်ကြတာလည်း ရှိလာတဲ့အတွက်၊ နိုင်ငံခြားသား အလုပ်သမားတွေကို တိုးချဲ့ခန့်ထားမူတွေ လုပ်လာရတဲ့ အခြေအနေအထိ ဖြစ်လာသလို နိုင်ငံခြားသားတွေကို ဂျပန်မှာ အခြေချ နေထိုင်မှု အတွက်တွေကိုပါ လျှော့ပေါ့ စဉ်းစား လာရတာဘဲ ဖြစ်ပါတယ်၊ အမှန်တော့ ဂျပန်ဟာ သူ့ နိုင်ငံသူ့ လူမျိုးဆိုတဲ့ လူမျိုးကြီးဝါဒ အစွဲကို လက်ကိုင်ကျင့်သုံး နေတဲ့နိုင်ငံ ဖြစ်တာမို့ နိုင်ငံခြားသား ဆိုတာကို လက်မခံချင်သလို၊ နိုင်ငံခြားသားတွေ ဂျပန်မှာ အခြေချ နေထိုင်မှာကိုလည်း လုံးဝမနှစ်မြို့ပါဘူး၊ ဂျပန်မှာ တရားဝင် အခြေချ နေထိုင်နေတဲ့ နိုင်ငံခြားသားတယောက်ဟာ သူ့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ရှိတယ်လို့ တရားဝင် ဥပဒေထုတ်ပြန်ထားပေမယ့် စာအုပ်အတွင်း၌သာ ရှိနေပြီး၊ တကယ့် လက်တွေ့ မှာတော့ နိုင်ငံခြားသားဆိုတဲ့ အသိစိတ်နဲ့ ခွဲခြား ဆက်ဆံခံရမူတွေ အနည်းနဲ့ အများတော့ အမျိုးသားရေးစိတ် ပြင်းပြမှုတွေ ရှိနေကြပါသေးတယ်။
 
ဂျပန် အချစ်နဲ့ လူငယ်
ဂျပန်မိန်းကလေး၊ ယောကျာင်္းလေးတွေဟာ ချစ်သူတွေ ဖြစ်ကြတဲ့ အချိန်မှာ နိုင်ငံခြားသားတွေလို ချစ်တယ်၊ သိပ်ချစ်တာဘဲ ဆိုတဲ့စကားကို မသုံးကြပါဘူး၊ တဆင့်နိမ့်တယ်လို့ ဆိုရမဲ့ ကြိုက်တယ် (suki) အရမ်းကြိုက်တယ် (dai suki) အဲဒီ အသုံးအနှုန်းလေးတွေဘဲ သုံးပါတယ်၊ အိမ်ထောင်သည် တွေမှာတောင် ချစ်တယ် (aishiteru) အအိရှီတဲ့ရု ဆိုတဲ့စကားဟာ သိပ်ကိုရှားပါးတဲ့ စကားလုံး တခုအဖြစ် တွေ့မြင် နေရတာတွေဟာ မိသားစုဘဝကို အေးစက်စက်နိုင်လှပါတယ်၊ ဒါကြောင့် ဂျပန်လူငယ် တချို့ဟာ အခုချိန်မှာ သူ့ လူမျိုးကို သူ မယူကြတော့တဲ့ လူတွေလည်း တိုးပွားလာပြီး နိုင်ငံခြားသား တွေထဲမှာ ပျူဌာတဲ့ အာရှနိုင်ငံသား တွေကိုပါ ရှာယူလာကြ သူတွေလည်း ရှိလာကြတာ တွေ့မြင်ကြရပါတယ်။ နိုင်ငံခြားသား အမျိုးသားတယောက်ဟာ ကိုယ့် အိမ်ထောင်ဖက်အပေါ် သစ္စာရှိတဲ့ သူများပြီး၊ ကြင်နာ ယုယမူနဲ့ ကောင်းကောင်းမွန်မွန်လည်း ရှာဖွေ ကျွေးမွေးကြလို့ပါဘဲ၊ နိုင်ငံခြား အမျိုးသမီးတွေကတော့ ကိုယ့် အမျိုးသား အိမ်ထောင်ဖက် အပေါ် မယားဝတ္တရား ကျေပွန်သလို၊ ဖောက်ပြန်သူ နည်းကြတယ်၊ ဒါကြောင့် ရှာယူကြတာပါတဲ့၊ အများဆုံးကတော့ တရုတ်၊ ဖိလစ်ပင်း အမျိုးသမီးတွေကို ရှာယူတာများပါတယ်၊ အဲဒီအတွက် ကိုယ်ရဲ့အိမ်ထောင်ဖက်ကို ကိုယ်တိုင် ထွက်ရှာနေသူ ဂျပန်အမျိုးသား၊ အမျိုးသမီးတွေ ရှိနေသလို၊ ဂျပန်မှာဘဲ ပွဲစားလုပ်သူတွေက ရှာဖွေဆက်သွယ်ပြီး အကျိုးဆောင်ပေး နေသူတွေလည်း အများကြီးပါ၊ မြန်မာထဲမှာတောင် အကျိုးဆောင် လုပ်နေသူတွေကို တွေ့မြင်နေရကြောင်း  လက်တို့ပြီး ပြောလိုက်ပါရစေ။

 
ဂျပန် ကီမိုနိုနဲ့ "ကျမ လူကြီးဖြစ်ပါပြီတဲ့ .... ရှင်"

Coming of Age Day
အသက်၂၀ပြည့် ဂျပန် လူငယ်တွေအတွက် သတ်မှတ်ထားတဲ့ နေ့ထူး တနေ့ပါ အဲဒီနေ့ဟာ ဇန္န၀ါရီလထဲမှာ ဖြစ်ပြီး ၊ ယခုလာမည့် ၂၀၁၁ခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့ကတော့ Coming of Age Day ဂျပန်လိုတော့ ဆေးဂျင်းနော့ဟိ (Seijin no Hi) လို့ ခေါ်ပါတယ်၊ အဲဒီနေ့ကို အများပြည်သူ ရုံးပိတ်ရက် အဖြစ်ပါ အစိုးရက သတ်မှတ် ပေးထားခြင်းအားဖြင့် ဂျပန်အစိုးရဟာ လူငယ်တွေအပေါ်ကို ဘယ်လောက်အထိ အလေးထားလည်း ဆိုတာ သိနိုင်ပါတယ်၊ အဲဒီနေ့မှာ အသက်၂၀ပြည့်သူတွေ အားလုံး ဂျပန်ကီမိုနိုဝတ်စုံတွေ ၀တ်လို့ မြို့နယ်အလိုက် လုပ်တဲ့ Coming of Age Day ပွဲတွေကို တက်ရောက်ကြပြီး အဖော် အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ကြပေါ့၊ ဂျင်းဂျာလို့ ခေါ်တဲ့ နတ်ဘုရားကျောင်းတွေနဲ့ ဗုဒ္ဓဘုရား ကျောင်းကန်တွေ ရှိရာကိုလည်း သွားရောက်ဂါရ၀ပြု ဆုတောင်းကြပါတယ် အဲဒီနေ့ဟာ လူကြီးအဖြစ် အသိမှတ်ပြု ခံရတဲ့နေ့လည်း ဖြစ်တာမို့ အဲဒီနေ့ကို ဂျပန်လူငယ်တိုင်း အလေးထားကြပါတယ်။

ဆေးဂျင်းနောဟိ (Seijin no Hi) ပွဲတော်နေ့မှာ တွေ့ရတဲ့ အရွယ်ဝင် လူငယ်လေးတွေ
ဒီလိုပဲ လူလတ်ပိုင်းဝင်လာတဲ့ ကမာနီလာတို့လဲ လူငယ်ဘဝ ဖြတ်သန်းဖူးတာမို့ လူတယောက်ရဲ့ အရေးပါတဲ့ ဆုံချက်ဖြစ်တဲ့ လူငယ်ဘဝတွေကို အလေးထားလွန်းလို့ စက်မှုခေတ်လွန် နိပွန်ဆိုတဲ့ ဂျပန်နိုင်ငံက လူငယ်တွေ အကြောင်း သိသလောက် ရတဲ့ အချိန်လေးထဲကနေ ဖဲ့ပြီး “ လူငယ်ဆိုတာ နိုင်ငံတော်ရဲ့ အနာဂါတ် ” ဆိုတဲ့ စကားနဲ့အညီ အနာဂါတ်တွေ အတွက် တခုတ်တရ အလေးထား မျှဝေတာပါ။
 
ဓါတ်ပုံ အချို့ဟာ harajuku website ကနေ တဆင့်ယူ သုံးတာပါ။ 

ကမာနီလာ 

မြန်မာနိုင်ငံကို ပထမဦးဆုံး ရောက်ရှိခဲ့သော ဂျပန်လူမျိုး အကြောင်းနှင့်  ဒုတိယကမ္ဘာစစ် မတိုင်မှီက မြန်မာပြည်မှာ အလုပ်လာလုပ်ကြတဲ့ ဂျပန်တွေအကြောင်း ကိုလည်း မကြာမှီ တင်ပေးသွားနိုင်အောင် ကြိုးစားပါ့မယ်။ 
ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ရောက်ရှိနေတဲ့ ရွှေညီအကို မောင်နှမတွေရဲ့ မိမိတို့ ရောက်ရှိနေတဲ့ တိုင်းပြည်၊ ဒေသက အတွေ့အကြုံတွေ၊ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ပတ်သက်လို့ မျှဝေပေးစေချင်ကြတယ်ဆိုရင်တော့ ရွှေမော်ကွန်းကို အီးမေးလ်နဲ့သာ ပို့လိုက်ပါ။

ရိုးသားခြင်းသည် အကောင်းဆုံးဖြစ်ပါသလား

Photobucket

ရိုးသားခြင်းဟာ စာသင်ကျောင်းများမှာ ကလေးများကို  စိန်ခေါ်လျက်ရှိနေရပါတယ်။
များပြားလှသော အိမ်စာပုစ္ဆာများ၊ assignment များကြောင့် ကျောင်းသားများဟာ ကူးချခြင်း၊ ကူးယူခြင်းဆိုတဲ့ မရိုးသားမှုကို ပြုမူ ကျူးလွန်တတ်ကြပါတယ်။
အတန်းဖော်သူငယ်ချင်းထံမှ အိမ်စာပုစ္ဆာတွက်များကို လွယ်လင့်တကူ ကူးယူလိုက်တယ်ဆိုတာက အင်မတန်လွယ်ကူလှပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျောင်းသားတစ်ယောက်အတွက် မရိုးသားခြင်းဆိုတာထက် ပိုမိုပြီးတော့ ကြီးမားတယ်ဆိုတာကို ကျောင်းသားများ သိစေဖို့ လိုအပ်ပါတယ်။

ကူးယူခြင်း၊ ကူးချခြင်း၊ ခိုးချခြင်း အလေ့အထများဟာ ကျောင်းသားများရဲ့ အနာဂတ်ပညာရေးတင်သာမက အနာဂတ်ဘဝအတွက်ပါ ဆိုးကျိုးဖြစ်စေပါတယ်။
နောင် အနာဂတ်မှာ အလုပ်အကိုင်ရရှိတည်မြဲရေးအတွက်တော့ အာမခံချက်ရှိမှာ မဟုတ်ပါဘူး။
စာမေးပွဲမှာ ကူးချခြင်းဖြင့် အမှတ်ကောင်းကောင်းဖြင့် အောင်နိုင်မှာပါ။ ဒါပေမဲ့လည်း ရေရှည်ကို ကြည့်မယ်ဆိုရင် ဥပမာအားဖြင့် သင်္ချာဘာသာရပ်မှာ ကူးချလို့ အမှတ်ကောင်းသော်လည်း အခြေခံ ပုစ္ဆာဖြေရှင်းနည်းတွေကို မသိတဲ့အတွက် သင်ခန်းစာတစ်ခုပြီးတိုင်း ပြီးတိုင်းမှာ သင်္ချာပုစ္ဆာတွက်နည်းများထဲမှာ တဝဲလည်လည် ဖြစ်နေတော့မှာပါပဲ။

ကူးချခြင်းဖြင့်ရရှိလာတဲ့ ဒီပလိုမာဘွဲ့တစ်ခုဟာ ဘွဲ့လက်မှတ်ရဖို့အတွက်ကတော့ လွယ်ကူသော်လည်း နောင် လုပ်ငန်းခွင်ထဲမှာတော့ ကူးချခြင်းက မိမိကို မကယ်တင်နိုင်ဘူးဆိုတာ သိလာပါလိမ့်မယ်။ အကောင်းဆုံး ဥပမာတစ်ခုကတော့ ရေကူးသင်တန်းဖြစ်ပါတယ်။ ရေကူးသင်တန်းမှာတော့ လေ့ကျင့်ခန်းများကို ခိုးချပြီး အောင်မြင်မှာ မဟုတ်ပါဘူး။ ခိုးချမယ်ဆိုရင်တော့ ရေထဲမှာ နစ်မြုတ်နေတော့မှာဖြစ်ပါတယ်။ အဲဒီလိုပဲ ကျောင်းစာသင်ခန်းမှာ ကူးချခြင်းဖြင့် အောင်မြင်ခဲ့မယ်ဆိုရင်တောင်မှ ဘဝသင်ခန်းစာများမှာတော့ နစ်မြုတ်နေမှာဖြစ်ပါတယ်။

မရိုးသားမှုဖြင့် ဘဝမှာ အောင်မြင်မယ်ဆိုရင်လည်း တခဏတာသာ အောင်မြင်ပါလိမ့်မယ်။ ရေရှည်အောင်မြင်မှုအတွက်ကတော့ ရိုးသားစွာ စာကျက်မှတ် ကြိုးစားမှသာ ဖြစ်ပါမယ်။  အချို့သော လူတို့ဟာ လောဘကြောင့် မရိုးသားမှုကို ပြုမူတတ်ကြပါတယ်။
အချို့သော ကျောင်းသားများဟာလည်း အမှတ်ကောင်းကောင်းလိုချင်တဲ့ လောဘကြောင့် မရိုးသားမှုဖြစ်တဲ့ ကူးချခြင်းကို ပြုတတ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်အချို့သည်လည်း လောဘကြောင့် မရိုးသားမှုကို ပြုတတ်ကြပါတယ်။
ဒါပေမဲ့လည်း အောင်မြင်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များဟာ ရိုးသားမှုဖြင့် အောင်မြင်မှုအထွဋ်အထိပ်ကို ရရှိလာကြကြောင်း လေ့လာ သိရှိနိုင်ပါတယ်။

လူတစ်ဦးချင်းစီရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ်ဟာ မမှန်ကန်ခြင်းကို အလိုလို သိမြင်တတ်ပါတယ်။ ရိုးသားခြင်းဖြင့် မိမိရဲ့အတွင်းစိတ်မှာ ရှင်းလင်းနေတဲ့အတွက် နေလို့ ထိုင်လို့လည်း ကောင်းပါတယ်။

အမှန်ကိုသာ ထုတ်ဖော်ပြောကြားရတာဟာ တစ်ခါတစ်ခါမှာတော့ မလွယ်ကူလှပါဘူး။
အမှန်တရားဟာ တစ်ခါတစ်ရံမှာ ခါးသီးတယ်လို့ ဆိုကြသော်လည်း မိမိရဲ့ အမှားအမှန်ကို ခွဲခြားသိသောစိတ် (မိမိရဲ့ သိစိတ်)၊ ပတ်ဝန်းကျင်ရှိလူအများနဲ့ ဆက်ဆံရေး၊ မိမိကိုယ်ကို လေးစားကြည်ညိုသော စိတ်တို့အတွက် ရိုးသားခြင်းအမှန်ဟာ အကောင်းဆုံးဖြစ်ပါတယ်။

ဟနစံ

Twitter Delicious Facebook Digg Stumbleupon Favorites More