This is default featured post 1 title

Shwemawkunn Magazine's

This is default featured post 2 title

ရွှေမော်ကွန်း လိုဂိုဒီဇိုင်းကို ကဗျာဆရာ ကိုသက်က မေတ္တာဖြင့် ရေးဆွဲပေးပို့လာတာပါ။

This is default featured post 3 title

blank

This is default featured post 4 title

blank

This is default featured post 5 title

blank

အကြင်နာမဲ့ ရပ်ဝန်းများမှာ `' ဇာမဏီရိုင်း `'


ဆေးရုံ၊ တရားရုံး၊ တစပြင်တို့ ဆိုတာ မစည်ကားအပ်တဲ့ အရပ်တွေဆိုပေမဲ့ လွန်ခဲ့တဲ့ အနှစ်၂၀ကျော် အချိန်ကာလ က ရန်ကုန် ဆေးရုံကြီးလို့ ခေါ်ကြတဲ့ R.G.H ( Rangoon General Hospital ) မှာ လပေါင်းများစွာ ရန်ကုန်က လူတွေ ဒုနဲ့ဒေး စုရုံးပြီးစနစ်တခုကို တိုက်ဖျက် ပစ်ဖို့၊ ဒါမှ မဟုတ် နိုင်ငံတခုရဲ့ သမိုင်းတခုကို လှုပ်ယမ်း ပစ်လိုက်ဖို့ဒီနေရာလေး တဝိုက်မှာ လပေါင်း အတန်ကြာ နည်းပေါင်းစုံနဲ့ စည်ကား နေခဲ့ဖူးတယ်။..

ဒီအချိန်တွေကို ပြန်ပြောင်း ပြောရင် ဒေါသ အတောင့်လိုက် ထွက်တယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကို နောက်ပြန်ဆုတ်ပြီး ရန်ကုန်ဆေးရုံကြီး လူသတ်ကွင်း အတွေ့အကြုံတွေကို ဆေးရုံကြီးသွေးလှူဘဏ် က ဓါတ်ခွဲခန်းမှူး တဦးက ပြန်ပြောင်း ပြောပြနေတယ်၊ အရင် နေ့တွေက မြိုတော်ခမ်းမရှေ့မှာ ပစ်တယ် ခတ်တယ် ကြားရတယ်၊ မနေ့က ကတည်းက ဆေးရုံကို ကျောင်းသား အရွယ်လေးတွေ ဒါဏ်ရာရပြီးရောက်လာတာတော့ ရှိနေပါပြီ၊ မျက်မြင် ဒိဋ္ဌကြုံတာ ကတော့ နောက်တနေ့ပေါ့၊ သုဝဏ္ဏမှာ နေတော့နံပါတ် ၃၈ကားစီး ပုဇွန်တောင်ဈေးမှာဆင်း ပြီးတော့ နံပါတ် ၃ကားလေး ပြောင်းစီးရင်ပဲ အချိန်ကအတော်လေး လင့်နေပြီ၊ ပြီးတော့ ဆေးရုံကြီးရှေ့ ကားဆိုက်တော့ အလုပ်ရှိရာ ခပ်သုတ်သုတ်လျှောက်လာခဲ့တယ်။

ရန်ကုန်သားတွေ “ငါး၊ ခြောက်၊ ငါး၊ ခြောက်” လို့ အခေါ်များတဲ့ ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဋ္ဌာနအနောက်ဖက်က ရုံးခန်း ရှိရာကို ထမင်းချိုင့်လေး ဆွဲလို့ လာတယ် ဆိုရင်ပဲ ပင်မအဆောင်(၁)/ (၂) လောက် အဖြတ်မှာ လမ်းတလျှောက် လူတွေ ရုံးစုရုံးစု တွေ့လို့ ငေးကြည့် လိုက်တော့ဆေးရုံကြီး အပြင်ဖက် ဗိုလ်ချုပ်လမ်းမ တလျှောက် ပလက်ဖေါင်းပေါ်မှာ ဆေးရုံဝန်ထမ်းတွေ၊သူနာပြုတွေ၊ ဆိုင်းဘုတ်တွေ ပိုစတာကိုင်လို့ အပြစ်မဲ့ အရပ်သားတွေ၊ ကျောင်းသူ/ကျောင်းသားတွေကို ပစ်ခတ် သတ်ဖြတ်ခြင်း မလုပ်ဖို့ စစ်တပ်ကို ကန့်ကွက် ဆန္ဒပြ မေတ္တာရပ်ခံနေကြတာ တွေ့ရတယ်။ဒါနဲ့ အလုပ်များ နောက်ကျနေမလား စိုးစိတ်နဲ့ လက်ထဲက နာရီလေးကို ငုံကြည့် မိတယ် ဆိုရင်ပဲ၁၀-၈-၁၉၈၈ လို့ အမှတ်မထင် ရက်စွဲကိုပါ ဖတ်မိလိုက်တယ်၊ ရောဂါရှာဖွေ လေ့လာရေးဋ္ဌာန ရုံးခန်းရောက်လို့ထမင်းချိုင့် စားပွဲပေါ်တင်တယ် ဆိုရုံပဲ ဋ္ဌာနစိတ်မှူးက ဘုန်းတော်ကြီး ၃ပါး သွေးလှူချင်လို့၊“ ကဲ .... ဆရာမောင် ...ရေ ဒီမှာ... သွေးလှူဘဏ် လိုက်ပို့ လိုက်ပါဦး” ဆိုတော့ ဘုန်းကြီး၃ပါး ပင့်ပြီး ထွက်လာခဲ့တယ်၊ သွေးလှူဘဏ် ရောက်လို့ ဘုန်းကြီး ၃ပါး ထားခဲ့တယ် ဆိုရင်ပဲသွေးဖေါက်တဲ့ အခန်းက အကူညီတောင်းလို့ အကူညီ ပေးနေရသေးတယ်၊ အဲဒီ ဋ္ဌာနဆီမှာပဲ အချိန်ကအတော်လေးနှောင်း သွားပြီး သတိထားမိတဲ့ အချိန်မှာတော့ မွန်းလွှဲလောက်ရှိပြီ ထင်ပါရဲ့။

ရုံးခန်း ပြန်မယ် အလုပ်မှာ ဗိုလ်ချုပ်လမ်းဆီ ပြန်ကြည့်မိတော့ သူနာပြုတွေ ဆရာဝန် ဆရာမတွေပါစစ်တပ်ကို မပစ်ခတ်ကြဖို့ မေတ္တာ ရပ်နေတာ လမ်းမပေါ် တွေ့နေရသေးတယ်၊ အောင်မယ် ... သေခြာကြည့်တော့အလံတွေ ဘာတွေလား မသိ ထပ်တွေ့ နေရသေး၊ ဒီတင်ပဲ လမ်းမတော် အနောက်ဖက် အရပ်ကနေ အရှေ့ဖက်အရပ်ဆီသို့ ဗိုလ်ချုပ်လမ်းအတိုင်း စစ်ကား တီအီ ၁၁ အမျိုးအစားကားနဲ့ လက်နက် အင်အားအပြည့်ထရပ်ကား ၇စင်း မောင်းချ လာပါလေရော၊ ဆေးရုံရှေ့က ဆရာဝန်တွေ ဆရာဝန်မတွေ ကတော့ နေမြဲအတိုင်းစစ်တပ်ကို မပစ်ခတ်ဖို့ တိုက်တွန်းတဲ့ ဆိုင်းဘုတ်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ မေတ္တာရပ်ခံနေကြတယ်၊ ဒီတင် စစ်ကားတွေလဲ မြင်ရော ဒေါသထွက်နေကြတဲ့ လူတွေထဲက ဆဲဆိုကြတယ်၊ ခဲ(ဂဲ)နဲ့ပေါက်တယ်လို့ နောက် ပြန်ကြားရတာပဲ ဒီတော့ စစ်ကားတန်းကြီးက ဆေးရုံကြီး မျက်နှာစာတန်းအဆောင် ၁/၂ ရှေ့လောက်လဲ ရောက်ရော သေနတ်နဲ့ တွေ့သမျှ လက်နက်မဲ့ ဆေးရုံဝန်ထမ်း၊ ဆရာဝန်တွေ၊သူနာပြု၊ အရပ်သူ အရပ်သားတွေဆီ ပစ်ခတ်တော့တယ်၊ ထိတဲ့လူ ထိ၊ သွေးအိုင်ထဲ လဲကျတဲ့လူ လဲကျ၊ကြောက်အား လန့်အားနဲ့ ပြေးတဲ့လူ ပြေးနေကြချိန်မှာ၊ ဦးမောင်မောင်က မြန်မာပြည်အနှံ့ဝန်ထမ်းလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ အရ အော်တိုမစ်တစ် စက်သေနတ်သံ ကြားလို့ နီးစပ်ရာ အုတ်တိုင်နံရံကျည်ကွယ်ရာမှာ ကပ်နေလိုက်ပြီး ကျည်လာမဲ့ လမ်းကြောင်းရှာကာ ဝရုန်းသုန်းကား ဆေးရုံကြီးထဲပြေးဝင်လာတဲ့ လူအုပ်ကြီးကို ကျည်ကွယ်ရာ လမ်းညွှန် ပေးလို့နေမိတယ်။

သူ့ မြင်ကွင်းထဲ ယနေ့ထိ တကယ်မထွက်ပဲ နေတာကတော့ သူနာပြု ဆရာမတယောက် ရင်ဘတ်စည်တီးပြီး"အောင်မလေး တကယ် ပစ်ရက်ကြ တယ်လို့" ဆို .. ဆိုပြီး သူလဲ ပြေးလာတဲ့ သူတွေကိုသူလည်း ကျည်လွတ်ရာ လမ်းညွှန်နေတယ်လို့ ဆိုတယ်၊ ဦးမောင်မောင် မြင်ခဲ့ရတဲ့ ဒီမြင်ကွင်းကိုပြန်ပြောင်း ပြောပြရာမှ သူရောက်နေတဲ့ အဆောင် ၁/၂ နံဘေးက ဆေးရုံအုပ်ကြီး ရုံခန်း နားကနေကြည့်လိုက်ရတဲ့ မြင်ကွင်းက ဗိုလ်ချုပ်လမ်းမကြီးဟာ ဆေးရုံကြီး ထက် အနည်း ငယ် မြှင့်တဲ့အနေထားမှာ ရှိနေပြီး၊ ဆေးရုံကြီးဟာ အနည်းငယ် နိမ့်တဲ့ နေရာမှာ ရှိနေကာ သတ်ကွင်းပမာ စစ်ကားပေါ်ကနေ ဆေးရုံကြီးကို "ဒါ ဟော်တယ်ကြီးပဲ ဗ.က.ပ တွေ ခိုအောင်းနေတယ်"ပြောပြီး ပစ်မိန့်ပေးခဲ့တဲ့ စစ်ဗိုလ်မှူးကြီးတွေ ဘယ်လို အသည်းနှလုံးမျိုး ပိုင်ရှင်တွေပါလည်း မေးမြန်းချင်မိပါ သတဲ့၊ ဆက်ပြီး သူပြောပြနေတာ ရှိသေးတယ်၊ ရန်ကုန် ဆေးရုံကြီးအရှေ့ ဗိုလ်ချုပ်လမ်းမ ဆိုတာ လူနာ/သူနာတွေကို ငဲ့ညာတဲ့ အနေနဲ့ ခေတ် အဆက်ဆက်က ကားဟွန်းမတီးရတဲ့ ဇုံနေရာမျိုးမှာ အဲဒီနေ့ သူမြင်ခဲ့ရတဲ့ မြင်ကွင်းဟာ T.E - 11 စစ်ကားကြီးတွေပေါ်ကနေ မိုးကြိုး ၁၀စင်း တပြိုင်ထဲ ပစ်သလို ငရဲပွက် အမျှ ဒလစပ် စက်သေနတ်တွေနဲ့ အပြစ်မဲ့သူတွေကိုပစ်ခတ်နေတာကို ကာဘိုက် ယမ်းငွေ့တွေကြားမှာ စာနာမဲ့ တရား နဲ့ လုပ်ရက်လေခြင်း ဆိုပြီး"ငါလေ... ဒီအချိန် ယောက်ျားကြီး တန်မဲ့ မျက်ရည်စက်လက် ကျခဲ့ရတယ်" လို့ သူကဆိုတယ်။

ဒီလို တော်လဲသံလို ရန်ကုန်ဆေးရုံကြီးကို အသိမဲ့ ပစ်ခတ်မှုဖြစ်တဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ကဖြစ်ရပ်ဟာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ကို ပြိုလဲစေပြီး၊ စစ်အာဏာရှင် မျက်နှာဖုံး ခွာချဖို့လူထုနဲ့ စစ်တပ် လမ်းခွဲ အစပျိုးတဲ့ တွန်းအားတွေလို့ ဆိုပါတယ်၊ ဒီနေ့ ဒီရက်က စပြီး ရန်ကုန်ဆေးရုံကြီးကနေ ၃ရက် တိုင်တိုင် အိမ်မပြန်နိုင်တော့ပဲ အလုပ်ထဲမှာပဲ အိပ်ရကောင်း၊ ပင်ပမ်းရကောင်းမသိပဲ၊ နေနေခဲ့စဉ် တကယ် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက် တွေကို စီကာပတ်ကုံး ပြောပြနေတော့ပြန်တယ်၊ နောက်ရက် ကျပြန်တော့ မစည်ကားအပ်တဲ့ အရပ်မှာ အရေးပေါ် ဒဏ်ရာရတဲ့ သူတွေ ပျားပန်းခပ်အမျှ တဖွဲဖွဲရောက်လို့ လာပြန်တယ်၊ လုပ်သင့်တဲ့ အလုပ်လို့ မိမိ အသိစိတ် တွန်းအား တခုထဲနဲ့ပဲအလုပ်လုပ်နေကြတဲ့ Blood Issue Section က ဓါတ်ခွဲခန်းမှူး ( Technician ) ၁၈ဦးနှင့်အတူ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ဝင်း တို့ဟာ ဆေးရုံကြီးရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ သွေးပေးဋ္ဌာနမှ ဒဏ်ရာရ အပြစ်မဲ့ သူတွေ အသက်ဆက်နိုင်ကြဖို့ လိုအပ်ချက် သွေးတွေကိုမပြတ်လပ်စေဖို့ နေ့မှန်းမသိ၊ ညမှန်း မသိ စွမ်းဆောင်နေကြတယ်။ အဲဒီ နေ့တွင်းချင်းပဲ ဆေးရုံရှေ့ဒါဏ်ရာရ သေဆုံးသူများ အတွက် ပန်းခွေ၊ ပန်းခြင်း၊ ဘုန်ကြီးထီးတွေနဲ့ လွမ်းသူ့ ပန်းခွေတွေထားကာ ကျောက်တိုင်လိုလို ဘုန်းကြီးထီးတွေ ထောင်ပြီး လွမ်းသူ့ ဗိမာန် လုပ်လိုက်ကြတယ်။

နောက်တနေ့ မနက် ရောက်ပြန်တော့ သစ်တောဦးစီးက အစိမ်းရောင် TE-11 ကား ၁၁စင်း ဝင်လာပြီးဗိုလ်မှူးတယောက်က ဦးဆောင်ကာ ဆေးရုံ အရေးပေါ်ဋ္ဌာန တာဝန်ရှိသူကို ကားပေါ်မှာ ပါတဲ့ မသေသေးတဲ့သူကားတစင်းကို ၂ဦးကျစီ ယူခွင့်ပေးတယ်၊ လူနာ သယ်ရာမှာလည်း အမျိုးသား သူနာပြုတယောက်နဲ့အမျိုးသမီး တာဝန်ခံ ဆရာဝန် တယောက်သာ ကားပေါ်တက် ယူဆောင်ခွင့် ပြုတယ်လို့ ဆိုတယ်၊ ရန်ကုန်မြို့အနှံ့ပစ်ခတ်လာတဲ့ သူတွေ ကို သေသူ ရှင်သူ မခွဲပဲ စုပုံတင်လာတာ ဖြစ်ပြီး မသေသေးတဲ့ လူ၂ဦးသာယူဆောင်ခွင့် ပေးတဲ့ စစ်တပ်ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ပါတယ် ဆိုတာအသင် ယုံကြည်ပါရဲ့လား? လို့ ဦးမောင်မောင်က စာရေးသူကို မျက်လုံးတွေ ထဲကနေ မေးချင် နေပုံရတယ်။သူ ဆက်ပြော နေတာကတော့ အဲဒီ သစ်တောဋ္ဌာနက တီအီး ၁၁ ကား အနောက်ဖက်ကို ကြည့်လိုက်တော့ လူနာငြီးသံတွေအပြင် ကားအနောက်ဖက် တံခါးအဖွင့် ပတ္တာကြားကနေ သွေးတွေ ယိုစီး ကျနေတာဟာ ကြွက်မြီးကိုတန်းနေတယ်လို့ ဆိုတယ်။ ဒီအချိန် လုံထိန်းတွေကို လက်မောင်း တံဆိပ်တွေခွာကာ တပ်မတော်ဘက်တံဆိပ်တွေ ကပ်ခိုင်း ထားတာလဲ ရည်ရွယ်ချက် ရှိစွာ လုပ်ဆောင်တာလို့ ဦးမောင်မောင်ကတခုတ်တရ ပြောပြနေတယ်၊ အဲဒီနေ့ပဲ မနေ့ကမှ ဆေးရုံကြီးရှေ့မှာ လုပ်ထားတဲ့ လွမ်းသူ့ဗိမာန်ကိုစစ်ကားတွေနဲ့ လာပြီး ကန်ရိုက်ချိုး ဖျက်ဆီးသွားပြန်တယ် လို့ ဆိုပါတယ်။

ဒီ ၁၉၈၈ ကာလမှာ ကျောက်မဲဖက်က ခြေမြန်တပ်ရင်း တခုမှ တာဝန် ထမ်းဆောင်နေတဲ့ ( ယခု နယူးဇီလန်ရောက် ) စာရေးသူရဲ့ မိတ်ဆွေ ထွန်းလင်းထိန် က တခါသားမှာ စာရေးသူကို ပြောပြဖူးတယ်၊ ၁၉၈၈အရေးတော်ပုံ ကာလမှာ သူတို့ ကို ရှေ့တန်းကနေ ရန်ကုန်ခေါ်လာပြီး အောင်ဆန်း အားကစားကွင်းထဲအရက် ကိုးမောင်းတိုက်ပြီး ထားသတဲ့၊ နောက်ရက်များ ကျတော့ ရန်ကုန်မြို့ထဲ ဗ.က.ပ ဝင်တယ်လို့ဆိုပြီး၊ ဆေးပြားတွေ တိုက်ကာ ဗ.က.ပ တွေဟာ နဖူးစည်း အနီတွေ ပတ်ပြီး အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းတွေဝတ်ထားတယ်လို့ ပြောပြီး စစ်ကားတွေနဲ့ လိုက်ပစ်ခိုင်းတယ်လို့ ဆိုပြန်တယ်၊ သူ့စိတ်ထဲပထမကတော့ မူးနေတော့ မသိဖူးပေါ့လေ နောက်တော့ အသိစိတ် ဝင်လာချိန်မှာ ဗ.က.ပ တွေဟာ လက်နက်လဲမပါ၊ ငယ်လှချေလား စဉ်းစားမိပြီး၊ နောင် … ဘက်ပြောင်းကာ ကျောင်းသားတပ်မတော်(A.B.S.D.F ) မှာ ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်ခဲ့တဲ့ သူငယ်ချင်း ဖြစ်သူ ပြောစကားတွေကို ဓါတ်ခွဲခမ်းမှူးကြီး ပြောပြတဲ့ အရာတွေနဲ့ ချိန်ထိုးကြည့်လို့ နေမိတယ်။

ဆေးမှူးကြီးက ဆက်ပြောပြန်တယ်၊ နောက် သြဂုတ်လ (၁၇)ရက်နေ့ မှာလည်း တို့ .. ရန်ကုန်ဆေးရုံကြီးကဆရာဝန်တွေ သူနာပြုတွေ ကတော့ အာဂပဲဟေ့ ... ဒီလောက် ပစ်ခတ်နေတာကို ပြည်သူတွေရဲ့ ဘက်မှာရပ်တဲ့ ဘက်တော်သားတွေ အဖြစ်ကနေ ကိုယ်စားပြုပြီး၊ အစိုးရဟာ နောက်ထပ် သတ်ဖြတ်မှုတွေ မလုပ်ဖို့နောက်တကြိမ် မေတ္တာရပ်ခံ ကန့်ကွက် ကြသေးတယ်၊ အဲဒီမှာ ဗိုလ်ချုပ်လမ်းနဲ့ လမ်းမတော်လမ်းဒေါင့်ဖြတ်မောင်းလာတဲ့ စစ်သုံး ဘရင်းကယ်ရီယာ တစင်းကို လူတွေ သောင်းဂဏန်းလောက် ရှိမလားပဲ လူစုလူဝေးတွေနဲ့ ဝိုင်းထား ခဲ့ဖူးသေးတယ်၊ စစ်အစိုးရဟာ အာဏာတည်မြဲဖို့ ဆို လူသတ်ဖို့ လက်ယဉ်နေတာကြာပြီလို့ ဆိုပြန်တယ်၊ ဒီလို ကာလတွေမှာပဲ အလုံမြို့နယ်က ရန်ကုန် ကလေးဆေးရုံက ရေတိုင်ကီထဲကိုအဆိပ်ခပ်ဖို့ ကြိုးစားနေတာကိုလဲ ဝန်ထမ်းတွေ မြင်လို့ လက်ရ ဖမ်းဆီး ရခဲ့ဖူးတယ်။ ဒီရက်ပိုင်းတွေမှာနိုင်ငံနဲ့ အဝှမ်း အစိုးရဋ္ဌာန ယန္တယားတွေ အားလုံး ရပ်ဆိုင်းသွားပေမဲ့ မရှိမဖြစ် အရေးကြီးတဲ့ဋ္ဌာနတွေက ဝန်ထမ်းတွေ က မိမိတို့ အသိတရားနဲ့ ဆက်ပြီး တာဝန်ကို လုပ်ဆောင်နေတာ မျိုးတွေတော့ဆက်ပြီး ရှိနေကြတယ်လို့ ဆိုတယ်၊ သွေးလှူဘဏ်မှာ သွေးမပြတ်အောင် ရန်ကုန်နဲ့ ရွာနီးခြောက်စပ်အရပ်က သွေးတွေကို မှာယူခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းကရိယာတွေ သွေးသွင်းပိုက်တွေ ပြတ်လပ်လာတာမျိုးတွေ ရှိခဲ့တော့ ဆေးရုံကြီး အနောက်ဖက် တရုတ်တန်း၊ လမ်းမတော် အရပ်ဆီမှာ လှည့်လည်အလှူခံ ရဖူးတယ်လို့ ဆိုတယ်။

ပြောရရင် သြချလောက်တဲ့ တို့ နိုင်ငံက စစ်အစိုးရ ... သတ္တဝါတွေရဲ့ အသက်ဆက်တဲ့ နေရာ မေတ္တာ၊ဂရုဏာ ထားရမဲ့ ရပ်ဝန်းမှာ သနား အကြင်နာမဲ့စွာ လက်ရဲ ဇက်ရဲလွန်းလို့ စာဖွဲ့လို့ ပြောပြမတတ်အောင်ရင်နဲ့မချိ ဖြစ်နေရတယ်၊ သူတို့ကြောင့် တို့ပြည်သူတွေ နိစ္စဓူဝ အရာရာ နိမ့်ပါးမှု များစွာနဲ့ယဉ်ပါးပြီး ကမ္ဘာ့အလည် မျက်နှာငယ် ရတယ်လို့ ... သူ့အိမ် ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံဖက်လှည့်ပြီး တစုံတခုကို အားမလို အားမရ ဖြစ်နေသလိုလို တိုင်တည် နေသလိုလိုပုံနဲ့ စာရေးသူကို ကျောခိုင်းကာ ပြောပြ နေပါတော့တယ်။

ဇာမဏီရိုင်း

လက်စွဲကျော်နှစ်ဦး စကားပြောခန်း " ကြည်အောင် "



      အဘွားရဲ့  ရှေးစကား မှတ်သားမိတယ် ။
      ဇာတ်ထဲက လက်စွဲပျော် ကျော်ရွဲ့ မျက်နှာက
      ရွဲ့ တဲ့တဲ့ မဲ့တဲ့တဲ့ ရှိခဲ့ဘူးသတဲ့
      သူ့ ပြက်လုံးက ပြောမဆုံး ၊ ပြုံးမဝ ရှိခဲ့သပ ။ 
      ကျော်ရွဲ့ ။  ။ မှန်လှမှန်ကောင်း ရောင်းတဲ့ဆိုင်များ
                 မရှိဘူးလားကွာ
      စန္ဒရော် ။   ။ ရှိတာပေါ့ဟ
      ကျော်ရွဲ့ ။   ။ "အေးကွ ၊ တနေ့ က မဟာမုနိ
                  ဘုရားဈေး ပြေးတယ်လို့ မှန်တစ်ချပ်
                  ဝယ်တယ် တစ်ချပ်ကြည့်လိုက်
                  ရွဲ့ တဲ့တဲ့ နောက်တစ်ချပ်ကြည့်လိုက်
                  မဲ့တဲ့တဲ့ ကောင်းတဲ့မှန်ကို မရှိပါဘူးကွာ"
      စန္ဒရော် ။    ။ "ဟကောင် ကျော်ရွဲ့  မင်းမျက်နှာကရွဲ့ တာ
                    မှန်တွေက မရွဲ့ ဘူး"
      သြော် အဘွား အဘွား ရှေးစကားနဲ့ မြေးသားတွေကို
      ဆုံးမခဲ့။ 
            "အကျည့်တန်ရင် မှန်အပြစ်မတင်နဲ့ "
            "မျက်နှာရွဲ့ ရင် မှန်တဲ့ မရှိဘူး " 

                        ကြည်အောင်   

ရွှေမော်ကွန်း အမှတ်၂၁၊ ၁၉၉၉၊ မတ်လထုတ်

photo: google

ငွေအကြွေ


ဒီနေ့ မြန်မာမှာ လခထုတ်ရက် ဖြစ်တဲ့အတိုင်း လခငွေတွေ ထုတ်ယူကြရပါတယ်။ လခပေးရာမှာ လခငွေတွေထဲမှာ ငွေအကြွေ ကိုပါ ထည့်ပေးလာပါတယ်။ (ငွေအကြွေဆိုလို့ အကြွေစေ့တွေ မထင်နဲ့ဦး။ ၂၀၀တန်၊ ၁၀၀ တန်၊ ၅၀ တန်ကို ဆိုလိုတာ)။ ၂၀၀တန်၊ ၁၀၀ တန်၊၅၀ တန် တအုပ်စီ လခငွေပေးတဲ့ထဲ ထည့်ပေးလာတာကို တွေ့မြင်ရပါတယ်။ မြန်မာပိုက်ဆံဆိုတာလည်း သိတဲ့အတိုင်း ပလပ်စတစ်အိတ်တွေနဲ့ထည့် ဆေးလိပ်မီးနဲ့ ပိတ်ပြီး သုံးနေရတဲ့ မသတီစရာ ငွေစက္ကူတွေအစား အခုလို အသစ်လေးတွေ ထုတ်ပေးတာတော့ ကောင်းတယ်လို့ ဆိုရမှာပေါ့လေ။ သကြားလုံး၊ တစ်သျှူးစက္ကူထုပ်တွေ အစားထိုး ပေးတဲ့စနစ်လည်း လျော့ပါး သွားမယ် ထင်ရဲ့။ တလတည်း ပေးမှာလား၊ လိုသလောက်ဘဏ်မှာ သွားလဲလှယ်လို့ရသလားဆိုတာတော့ မသိရသေးဘူး။ မေးလ်ထဲဝင်လာတဲ့ သတင်းတစ်ပုဒ်မို့ မျှဝေပေးလိုက်တာပါ။

ဝမ်းနှင့်လွယ်သည် သားမမည် “ ကိုကြည်နိုင် (ကျုံတိုင်းရွာ ) ”


                                                  ( ၁ )
အိပ်ပျက်ညတာကား ရှည်လျားလွန်းပေစွ။ အဝေးဆီမှ မီးကင်းသံချောင်းခေါက်သံ တစ်ချက်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ မိန်းမတစ်ယောက်အဖို့၊ အထူးသဖြင့် မိခင်တစ်ယောက်အဖို့၊ ထို့ထက် ..လသားအရွယ် သားသည်မိခင်တစ်ယောက်အဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်သည့် အချိန်ကို အတော်ကျော်လာခဲ့ပြီ။
သားရယ်…သားလေးရယ် … ဒီအခြေအနေမျိုးနဲ့ မဟုတ်ပဲ အမေတို့ဆုံခဲ့ကြရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ အခုတော့ အမေ့ဝမ်းနဲ့လွယ်မွေးရတဲ့ အမေ့သားအရင်းဖြစ်ပေမယ့် သားကို အမေ….
``မွန်..မအိပ်သေးဘူးလား။ ´´
နှစ်နှစ်ခြိုက်ခြိုက် အပူအပင်ကင်းစွာ အိပ်ပျော်နေတဲ့ သားလေးနိုးသွားမှာစိုးသဖြင့် တိုးသဲ့သဲ့ မေးလာသော ခင်ပွန်းသည်၏ အမေး။
``မွန် တစ်ရေးနိုးလာတာ ကိုဦးရဲ့ …သားလေးအိပ်ပျော်နေတာလေးကို ကြည့်နေတာ အဟင်း …´´
ခင်ပွန်းသည်မမြင်အောင် မျက်ရည်ကို အသာသုတ်ပြီး ဖြေလိုက်သည့် မုသားစကား။ တာမသွားမှန်းသိသိ။
``မွန်ရယ် .. ဒီလိုအခြေအနေတွေကို အစကတည်းက ကိုယ်တို့ကြိုတွေးထားပြီးသားလေ။ ကိုယ်တို့ရင်ဆိုင်ရဲရမှာပေါ့။ သားလေးအတွက် မွန်အားရှိနေမှ ဖြစ်မှာနော် …အိပ်တော့ အိပ်တော့ …´´
အားပေးလာလေသည့် ခင်ပွန်းသည်၏ အသံတို့ကလည်း တုန်တုန်ခိုက်ခိုက်။
သားလေးရယ် …ဘယ်လိုဘ၀က ၀ဋ်ကြွေးတွေကများ ….  ….  ….
                                               ( ၂ )
မွန့်ဘ၀မှာ အလွန်အမင်း ၀မ်းသာခဲ့ဖူးသည်ဆိုလျှင်၊ ခုဘ၀အဖို့ ဒီထက်ပိုပြီး ပျော်ရွှင်ဝမ်းသာစရာ မရှိနိုင်တော့ဘူးဟု တစ်ကြိမ်တစ်ခါက ထင်ခဲ့မိသည်ဆိုလျှင် ထိုအထင် တက်တက်စင်လွဲကြောင်း မွန်ကောင်းကောင်းသိခဲ့ပြီ။
ချစ်သူပြန်ရောက်သည့်နေ့။ လေဆိပ်တွင် သွားကြိုရင်း မည်သည့်စကားတစ်ခွန်းသော်မှ မပြောနိုင်လောက်အောင်၊ ကတုန်ကယင်ဖြင့် ဆွံ့အသွားရလောက်အောင် ၀မ်းသာဖူးခဲ့။ ဘ၀၏ အပျော်ဆုံးအချိန်ဟုပင်ထင်မှတ်မှားခဲ့ရသည်။
နှစ်ဖက်မိဘအစုံအလင်ဖြင့် မင်္ဂလာပွဲကျင်းပခဲ့သည့် ပုဆိုးတန်းတင်နေ့။ ဘ၀တစ်ခုလုံး နောက်ထပ် ဘယ်အရာကိုမျှ ထပ်မလိုအပ်တော့ဟု လုံခြုံနွေးထွေးသွားခဲ့ရဖူးသည်။ ပကတိ ၀မ်းသာပျော်ရွှင်စရာဖြင့် အတိပြီးခဲ့ရသည့် ထိုနေ့သည်လည်း မွန့်ဘ၀၏ အမှတ်တရနေ့များထဲမှ အရေးပါဆုံးနေ့တစ်နေ့ဟု ထင်မှတ်မှားခဲ့ရ။
 မွန့်ဘ၀တစ်ခုလုံး၊ ထို့ထက် မွန်တို့နှစ်ယောက်၏ ဘ၀တစ်ခုလုံးအတွက် မည်သည့်အရာမျိုးနှင့်မှ တုနှိုင်းမရနိုင်သော ၀မ်းသာပျော်ရွှင်မှုမျိုးကို ခုရခဲ့ပါပြီ။ အရင့်အရင် ပျော်ရွှင်ဝမ်းသာ ကြည်နူးမှုများအားလုံးထက် သာလွန်သော၊ ထိုမျှမက မည်သည့် ကြည်နူးမှုမျိုးနှင့်မှ နှိုင်းဆချိန်စက် မရနိုင်သော ၊ မွန့်ဘ၀တစ်ခုလုံး၏ အခြားအရာအားလုံး မှေးမှိန်ပါးလျသွားစေသော ခံစားမှုမျိုးကို  အခု ရခဲ့ပါပြီ။ တိတိကျကျ..သားသားနှစ်လပြည့်သည့်နေ့ဖြစ်သည်။ ``ကလေးက အားလုံးအိုကေပဲဗျ´´ ဆိုသည့် ဆရာဝန်ကြီး၏ စကားတစ်ခွန်းက ခွန်အား၊ သတ္တိ၊ မျှော်လင့်ချက်၊ …..   ….  အားလုံးကို တမဟုတ်ချင်း ပြည့်စုံခိုင်မာသွားစေခဲ့ရပါပြီ
မွန့်တစ်သက်တာတွင် တစ်ပါးသူ၏ စကားတစ်ခွန်းကြောင့် ကြုံခဲ့ဖူးလေသမျှ အမှတ်တရနေ့ရက်များထက်ပို၍ ၀မ်းသာကြည်နူးခဲ့ရမည်ဟု ဟိုအရင်က ရေးရေးမှ တွေးထင်မထားခဲ့။ မွန်တို့ရည်ရွယ်ခဲ့လေသမျှ အနာဂတ် မျှော်လင့်ချက်များအားလုံးကို ထိုစကားတစ်ခွန်းဖြင့် ပြည့်စုံသွားမယောင် ခွန်အားတွေမွေးဖွားပေးခဲ့သည်။
သို့သော် ….
စကားတစ်ခွန်းကြောင့်ပင် `သား၏မိခင်´တစ်ယောက်အဖြစ် အပြည့်အ၀ မေတ္တာပေးခွင့်မရခဲ့ပါဟု ဆိုလျှင် ….   …..။
                                             ( ၃ )
`ကလေးက အားလုံးအိုကေပဲဗျ။ လုံးဝကျန်းမာတယ်။´
သားသားအသက် နှစ်လတင်းတင်းပြည့်သည့်နေ့။ သားသား၏ ကျန်းမာရေးကို စစ်ဆေးပေးသော ဆရာဝန်းကြီး၏ စကား။ ပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်၊ လောကအလုံးကို မေ့သွားရစေလောက်သောစကား။ မွန့်ဘ၀ နောက်ထပ် မည်သည့် လောကဓံအထုအထောင်းကိုမျှ တုန်လှုပ်စရာမရှိတော့။ အရာအားလုံးပြည့်စုံပြီ။ ကိုဦးရော မွန်ပါ နှစ်ယောက်စလုံး စိုးရိမ်ခဲ့ရသည့် အခြေအနေဆိုးမှ သားသားလွတ်မြောက်ခဲ့ပြီ။ အရာအားလုံးအတွက် မွန်ရင်ဆိုင်နိုင်ပါပြီ။ မွန်တို့နှစ်ဦးဘ၀ ဘယ်သို့ရှိစေတော့။
``အဲ ..ဒါပေမယ့် ခင်ဗျားတို့ကို ဒီကလေးလေး မွေးမွေးချင်းတုန်းက ကျနော်ပြောခဲ့တဲ့အတိုင်း ကလေးကို ….´´
ဆရာဝန်းကြီးရဲ့ နောက်ဆက်တွဲစကား။ မွန့်ရင်ကို အထပ်ထပ်မွှန်းမည့်စကား။
``မပြောပါနဲ့တော့ဒေါက်တာ .. မွန် … မွန်မခံစားနိုင်လို့ပါ။ …. စိတ်ချပါ မွန် လုံးဝလိုက်နာပါ့မယ်။သားလေးမွေးတဲ့ အချိန်ကစလို့ ခုထိလည်း အတိအကျ လိုက်နာနေဆဲပါ။ မွန်က ပိုစိုးရိမ်ပါတယ်ဒေါက်တာ။ မွန်တို့ရဲ့သားလေး မွန့်ကြောင့် အနစ်မွန်းမခံပါဘူး´´
                                                ( ၄ )
အိပ်ပျက်ညတာကား ရှည်လျားလွန်းပေစွ။ အဝေးဆီမှ မီးကင်းသံချောင်းခေါက်သံ တစ်ချက်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ မိန်းမတစ်ယောက်အဖို့၊ အထူးသဖြင့် မိခင်တစ်ယောက်အဖို့၊ ထို့ထက် ..လသားအရွယ် သားသည်မိခင်တစ်ယောက်အဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသင့်သည့် အချိန်ကို အတော်ကျော်လာခဲ့ပြီ။
``ကျနော်တကယ်စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ နှစ်ယောက်လုံးမှာ HIV Positive ရှိနေတယ်´´ သားသားကို ကိုယ်ဝန်လွယ်ထားစဉ်အချိန်ကြမှ သိလာရသည့် ဆရာဝန်ကြီး၏ စကား။ မိုးကြိုးသွားအစင်းစင်းဖြင့် ရင်ကို ခွင်းသကဲ့သို့။ ဒီကမ္ဘာမြေကြီးပေါ်မှ မွန် ပျောက်ကွယ်။ အရာအားလုံး တစ်စစီပျက်သုဉ်းသွားခဲ့။ မွန့်ရည်ရွယ်မျှော်လင့်ချက်တို့ အခိုးအငွေ့အဖြစ် မြေကြီးထဲ တိုးဝင်နစ်မြုပ် …သွား …ခဲ့ …ရ … ပါ … ပြီ…။
``ကဲ ..မငိုနဲ့တော့မွန်ရယ် နော်။ ကိုယ်ပြောတာ သေချာနားထောင်။ ကိုယ်အခု အလုပ်သွားလုပ်မယ်။ နှစ်နှစ်ပြည့်တာနဲ့ ချက်ချင်းပြန်လာမယ်။ မွန်နဲ့လက်ထပ်မယ်။ သားသားလေးတွေ မီးမီးလေးတွေမွေးမယ်။ နော်…ကိုယ်တို့ဘ၀တွေ၊ ကိုယ်တို့မျိုးဆက်လေးတွေရဲ့ အနာဂတ်တွေလှပဖို့ အတွက်သာ ပြင်ဆင်ထားပါမွန်။´´
ရေခြားမြေခြားမှာ အလုပ်သွားလုပ်မည့်ဆဲဆဲချစ်သူကို လေဆိပ် လိုက်ပို့စဉ်အချိန်က ပြောခဲ့လေသော ချစ်သူ့စကား။ HIV နတ်ဆိုးကို သယ်လာခဲ့မည်ဟုတော့ တစ်စွန်းတစ်စမျှ တွေးထင်မထားခဲ့။
``ဟား  …မွန်ရယ် ..ကိုယ့်ကို နောင်ဘ၀ထိ ခွင့်မလွှတ်ပါနဲ့တော့ … ကိုယ့်ကြောင့် မွန့်ဘ၀၊ မွန့်အနာဂတ်၊ ကိုယ်တို့မျှော်လင့်ချက် အားလုံး တစ်စစီ ကြေမွသွားခဲ့ရပြီကွာ … တကယ့်ကို တစ်ကြိမ်ထဲပါမွန်ရယ်..ကိုယ် နိုင်ငံခြားမှာ နေတုန်းကလေ မူးရစ်ဆေး ဆိုတာကြီးကို …..´
မွန့်ကမ္ဘာပျက်ကြွေခဲ့ရသည့် ချစ်သူ့နောင်တစကား။ ဘာကိုများ ပြင်ဆင်နိုင်ဦးတော့မှာလဲ ကိုဦးရယ်။ အခုအချိန်မှာဖြင့် မွန့်အဖို့ ဘယ်သူ့ကြောင့်ရယ်ဟု ပြောနေမည့်အစား ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့နိုင်ပါတော့သည်။
                                                     ( ၅ )
သားသားဆီက ငိုသံသဲ့သဲ့ ကြားရတိုင်း ရင်မှာတစ်စစ်စစ်။ သားအတွက် နို့ဗူးဖျော်နေရင်း ``မငိုပါနဲ့ သားရယ်´´ ဟု ချော့မြူနေသည့် အမေကိုယ်တိုင်က မျက်ရည်တို့ တားမနိုင်။
သားသည်မိခင်တစ်ဦးအဖို့ သားကို နို့တိုက်ခွင့်မရသည့် ဒုက္ခက ပြင်းထန်လွန်း၊ ဆင်းရဲလွန်းလှ၏။ အချိန်တန်လာပြီဆိုလျှင်ဖြင့် နို့ချိုပြည့် သားမြတ်အစုံက တောင့်တင်းမာခဲကာ မခံမရပ်နိုင် ကိုက်ခဲနာကျင်နေပေတော့သည်။ အခံရခက်လွန်းစွ။ ထို့ထက်ပို၍…… မိခင်မေတ္တာရည်တို့ကား ရင်မှဖြစ်သည့်သားကို တိုက်ကြွေးခွင့်မရ။ အလဟဿ ဆုံးရှုံးရတော့မည်။ နှုတ်ခမ်းအစုံကို ပြတ်ထွက်မတတ် ကိုက်ထားရင်းက မျက်ရည်တို့ကို ဆည်ကျိုးတာပေါက်သို့။ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်ခံခက် ဝေဒနာမှာ နှလုံးသားထဲမှ ဝေဒနာနှင့် နှိုင်းယှဉ်သော် အမှုန်အမွှားလေးတစ်ခုရယ်သာ။ သားရယ် … အမေ့နို့ဖိုးတစ်ပြားသားမှမပါတဲ့ သားဘ၀မှာ မေတ္တာတရားကိုတော့ မယုတ်မလျော့ရစေရပါမယ်။
``တကယ်ဆို ခင်ဗျားတို့ ကလေးမယူသင့်ဘူးဗျာ … ဒါပေမယ့် ခုမှတော့ ဘာပြောနိုင်ဦးမှလဲ။ ဖြစ်လာသမျှကို ရင်ဆိုင်ကြရုံပေါ့။ မွေးလာမယ့် ကလေးအဖို့ကတော့ ရောဂါပါမလာဖို့ မျှော်လင့်နိုင်ပါတယ်။ အင်း … ဘုရားကယ်မပါစေပဲ ဆုတောင်းကြရတော့မှာပေါ့´´
ဟုတ်ပါတယ်သားလေးရယ်။ ဆရာဝန်ကြီးပြောခဲ့သလိုပဲ အမေ့သားလေး ဘုရားတရားဂုဏ်ကျေးဇူးကြောင့် ဒီရောဂါဆိုးကြီးပါမလာခဲ့ဘူးတဲ့။ အမေ့ရဲ့ နောက်ဆုံးထွက်သက်ထိ ၀မ်းသာကြည်နူးနေရတော့မယ့်စကားပါပဲ။
ဒါပေမယ့် … သားရယ်…သားလေးရယ် … ဒီအခြေအနေမျိုးနဲ့ မဟုတ်ပဲ အမေတို့ဆုံခဲ့ကြရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ အခုတော့ အမေ့ဝမ်းနဲ့လွယ်မွေးရတဲ့ အမေ့သားအရင်းဖြစ်ပေမယ့် သားကို အမေ….နို့တိုက်ခွင့်မရနိုင်တော့ဘူး သားရယ်။
``ကလေးက အားလုံးအိုကေပဲဗျ။ လုံးဝကျန်းမာတယ်။ အဲ ..ဒါပေမယ့် မိခင်နို့တော့ လုံးဝမတိုက်ပါနဲ့´´တဲ့ သားရယ်။ ရင်မှာဖြစ်တဲ့ အမေ့သားအရင်းကို နို့တိုက်ခွင့်လေးသော်မျှ မရခဲ့တဲ့ အမေ့ရင်တွင်းက ဝေဒနာကို ဘယ်စကားလုံးတွေနဲ့များ စာဖွဲ့နိုင်မှာလဲ သားရယ်။ ငါ့သားလေးက မေမေရေ ချိုချိုစို့မယ် ဆိုတဲ့စကားတစ်ခွန်းကိုတောင် ပြောရကောင်းမှန်းမှ သိပါလေတော့မလား။ ၀မ်းနဲ့မလွယ် သားမမည် တဲ့။ ၀မ်းနဲ့လွယ်ခဲ့ရဲ့သားနဲ့ သားမမည်တာကိုရော တကယ်ရှိပါတယ်ဆိုရင် ယုံနိုင်ကြပါ့မလား။
အရှင်ဘုရား ..နောင်ဘ၀မှာများ ဘုရားတပည့်တော်တို့ သားအမိ ပြန်ဆုံကြရဦးမယ်ဆိုရင် မေမေ ..ချိုချိုစို့မယ် ဆိုတဲ့စကားကို သားလေးရဲ့ ပထမဆုံး နှုတ်ထွက်စကားအဖြစ် ကြားခွင့်ပြုတော်မူပါ။ သားလေးရဲ့ အဲဒီ စကားသံကြားတိုင်း တပည့်တော်မရဲ့ ရင်မှဖြစ်သော မေတ္တာနို့ချိုကို တိုက်ကြွေးနိုင်သူအမှန် ဖြစ်ရပါလို၏ဘုရား။ ဘုရားတပည့်တော်မကို
``၀မ်းနဲ့ လွယ်မွေးပြီး ရင်နဲ့ ကျွေးမွေးခွင့်ရသူ အမေ´´ဖြစ်ခွင့်ပြုတော်မူပါဘုရား။                     ။

ကိုကြည်နိုင် (ကျုံတိုင်းရွာ)

စာ ပဒေသာ ကောက်နှုတ်ချက်များ

ပရိယာယ်
(နန္ဒသိန်းဇံ)
နောင်တကင်းရာသို့ စာအုပ်မှ...

(၁)
“ သူ တစ်ပါး၏ များစွာသော အကျိုးစီးပွားကြောင့် မိမိ၏ အကျိုးစီးပွားကို (အနည်းငယ်မျှ)
မဆုတ်ယုတ်စေရာ၊ မိမိ အကျိုးစီးပွားကိုသိ၍ မိမိ၏ အကျိုးစီးပွားကို တိုးပွားအောင်
လေ့ကျက်အားထုတ်ရာ၏” ၊ (၁၆၆၊ ဓမ္မပဒ) ဆိုတဲ့စကားရှိတယ်။ သူများ အတွက်ကြောင့်
ကိုယ့်ရဲ့အကျိုးစီးပွားကို မပျက်စီးစေရဘူးလို့ဆိုလိုတာဖြစ်ပါလိမ့်မယ်။
ဟုတ်တယ်။ ကိုယ့်ဘ၀မှာ တခြားတန်ဖိုးရှိတဲ့အလုပ်တွေ
အများကြီးလုပ်စရာရှိသေးတယ်။ ကုသိုလ်ကောင်းမှု ဆိုင်ရာတွေကိုလည်း လုပ်ဆောင်စရာတွေ
ရှိနေသေးတယ်။ ဒါကြောင့် သူတစ်ပါးရဲ့အကျိုးစီးပွားအတွက်ကြောင့် ကိုယ့်ဘ၀ကို ထိခိုက်ပျက်
စီးသွားစေတာမျိုးကိုတော့ ရှောင်ဖို့လိုမှာပဲ။
ကိုယ့်ကို ဒုက္ခပေးမည့်၊ ကိုယ့်ဘ၀ကို ဖျက်ဆီးမည့်သူတွေနဲ့ တွေ့ကြုံရတဲ့အခါမှာလည်း
ကိုယ့်ဘ၀ကို အချည်းနှီး ထိခိုက်ပျက်စီးမသွားရအောင် အဲဒီလူမျိုးတွေလက်က လွတ်အောင်
စွမ်းဆောင်ရတော့မှာပဲ။ တချို့သော အခြေအနေမျိုးတွေမှာ ကိုယ့်ဘ၀ကို ပျက်စီးအောင် ဖန်တီးမ
ည့်သူမျိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ ရုတ်တရက် တိုက်ရိုက်ရင်ဆိုင် အံတုပြီး ခြေမှုန်းမပစ်နိုင်တာမျိုး
ရှိတတ်တယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ပရိယာယ်သုံးပြီး ကျော်လွှားလွန်မြောက်အောင်
လုပ်ရတာမျိုးလည်း ရှိမှာပဲ။
ကိုယ့်ဘ၀ကို ပျက်စီးစေမည့်သူမျိုးတွေရဲ့အန္တရာယ်က လွတ်နိုင်တဲ့ပရိယာယ်အကြောင်း
ပြောတဲ့အခါမှာ ဇာတ်တော် မှာလာတဲ့ ’၀ါနရိန္ဒ’ ဆိုတဲ့ဇာတ်ကို ရှေးရှေးလူကြီးသူမတွေက
အကိုးအကားပြုပြီး ပြောလေ့ရှိတယ်။ အဲဒီဇာတ်ထဲက ဇာတ်ကောင်တွေ က လူသတ္တ၀ါတွေတော့
မဟုတ်ကြပါဘူး၊ တိရစ္ဆာန်ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဘုရားလောင်း မျောက်မင်းရယ်၊
ဒေ၀ဒတ် အလောင်း အလျာ မိကျောင်းဖိုနဲ့စိဉ္စမာနအလောင်းဖြစ်တဲ့မိကျောင်းမ … အားလုံး
ဇာတ်ဆောင်သုံးဦးပဲ ပါပါတယ်။
ဘုရားလောင်းမျောက်မင်းက မြစ်ကမ်းနားမှာနေတယ်။ အဲဒီမြစ်ရဲ့အလယ်မှာ
ကျွန်းတစ်ခုရှိနေတယ်၊ အဲဒီကျွန်းမှာ သရက်ပိန္နဲ အစရှိတဲ့ထူးထူးခြားခြား
စားသောက်ချင်ဖွယ်ကောင်းတဲ့ သစ်သီးဝလံတွေရှိတယ်။ ဘုရားလောင်းမျောက်ဟာ နေ့တိုင်းပဲ
အဲဒီကျွန်းကို သွားပြီး နှစ်သက်ရာရာ သစ်သီးဝလံတွေကို စားလေ့ရှိတယ်။ ကျွန်းပေါ်ကို
ဘုရားလောင်း သွားပုံသွားနည်းကို ပြောရဦးမယ်။ ဘုရားလောင်းမျောက်နေတဲ့ ဒီမှာဘက်မြ
စ်ကမ်းနဲ့ပြောခဲ့တဲ့ကျွန်းကြားမှာ မြစ်ရေထဲက ပေါ်ထွက်နေတဲ့ကျောက်ဆောင်တစ်ခု ရှိတယ်။
ဘုရားလောင်းမျောက် သွားပုံက … ဒီမှာဘက်မြစ်ကမ်းမှနေပြီး ကျောက်ဆောင်ပေါ်ရောက်အောင်
ခုန်တယ်၊ တစ်ခါ… ကျောက်ဆောင်ပေါ်ကနေပြီး ကျွန်းပေါ်ကို ရောက်အောင်ခုန်တယ်။ အဲဒီလို
နှစ်ဆင့်ခုန်ပြီး ကျွန်းပေါ်ရောက်အောင်သွားသလို အပြန်မှာလည်း ကျွန်းမှ ကျောက်ဆောင်၊

ကျောက်ဆောင်မှ ဒီဘက်ကမ်းရောက်အောင် နှစ်ဆင့်ခုန်ပြီး ပြန်လာလေ့ရှိတယ်။
အဲဒီလို ဘုရားလောင်းမျောက် အသွားအပြန် လုပ်တာကို အဲဒီမြစ်မှာနေတဲ့မိကျောင်းမက
မြင်တယ်။ မြင်ပြီးတော့ ဘုရားလောင်းမျောက်ရဲ့နှလုံးသားကို စားချင်တဲ့စိတ်တွေဖြစ်တယ်။
ဒီလို စားချင်တဲ့စိတ်တွေ ဖြစ်နေကြောင်းကို သူ့လင်မိကျောင်းဖိုကို ပြောပြတယ်။ မိကျောင်းဖိုက
သူ့မယား မိကျောင်းမရဲ့စားချင်ဆန္ဒကို ဖြည့်ဆီးပေးမည့်အကြောင်း ပြောတယ်။
ဒါနဲ့တစ်ခုသော ညနေမှာ ဘုရားလောင်းမျောက် ကျွန်းကနေပြီး ပြန်ခုန်အလာမှာ
အဆင်သင့်ဖမ်းမယ်ဆိုတဲ့အကြံနဲ့ မိကျောင်းဖိုဟာ ကျောက်ဆောင်ပေါ်မှာ သွားပြီးဝပ်နေတယ်။
ဘုရားလောင်းမျောက်ဟာ အရင်ရက်တွေကလိုပဲ သစ်သီးဝလံတွေကို လိုသလောက်
စားသောက်ပြီးလို့ ညနေချမ်း ရောက်တဲ့အခါမှာ ဒီမှာဘက်ကမ်းကို ပြန်ဖို့အတွက် ကျွန်းမှနေပြီး
ကျောက်ဆောင်ဆီကို ခုန်မယ်ဆိုပြီး ကျောက်ဆောင်ဆီကို လှမ်းမျှော် ကြည့်လိုက်တယ်။
ကျောက်ဆောင်မှာ ထူးခြားချက်ရှိနေတာကို ဘုရားလောင်းမျောက် သတိထားမိနေတယ်။
ကျောက်ဆောင်ဟာ ခါတိုင်းနဲ့မတူဘဲ ပိုပြီးမြင့်မောက်နေတယ်ဆိုတဲ့အချက်ကို တွေ့နေတယ်။
မြစ်ရေဟာ လျော့လဲမလျော့ တိုးလည်းမတိုးဘဲ ရှိပါလျက်နဲ့ ဘာကြောင့် ဒီကျောက်ဆောင်ဟာ
ခါတိုင်းထက်ပိုပြီး ကြီးနေမြင့်နေသလို ဖြစ်နေတာလဲလို့စူးစမ်းတယ်။ ငါခုန်လာရင် ဖမ်းဖို့အတွက်
မိကျောင်းဟာ ၀ပ်နေလေသလားလို့လည်း စူးစမ်းကြည့်တယ်။ မှန် မမှန်သိရအောင်ဆိုပြိး
ဘုရားလောင်းမျောက်ဟာ ကျွန်းပေါ်ကနေ ပြီး “အို အချင်းကျောက်ဆောင်”
လို့လှမ်းပြီးခေါ်ကြည့်တယ်၊ ကျောက်ဆောင်က ဘယ်ထူးလိမ့်မတုန်း၊ ဘုရားလောင်းမျောက်က
ကျောက် ဆောင်ကို သုံးကြိမ်တိုင်တိုင် လှမ်းခေါ်လို့ပြန်မထူးတဲ့အခါမှာ ဘုရားလောင်းမျောက်က
“ဒီနေ့ငါ့ကို သင်ကျောက်ဆောင် ဘာဖြစ်လို့ ပြန်ပြီး စကားမတုံ့လှယ်တာလဲ”
လို့ကျောက်ဆောင်နဲ့အရင်ကလည်း စကားလက်ဆုံကျတဲ့သဘောနဲ့ပြောနေတယ်။ ဒါကို
ဝပ်နေတဲ့ မိကျောင်းက … အရင်ရက်တွေက ကျောက်ဆောင်ဟာ မျောက်နဲ့စကားတုံ့ ပြန်
ပြောဆိုပုံပေါ်တယ်၊ ဒီတော့ ငါ့ကိုလည်း ကျောက်ဆောင် အမှတ်အနေနဲ့မှတ်ယူအောင်
စကားတုံ့ပြန်မှပဲ ဆိုပြီး …
“ အို … အရှင်မျောက်၊ ဘာပြောမှာလဲ” လို့တုံ့ပြန်လိုက်တယ်။ ဘုရားလောင်းမျောက်ဟာ
ကျောက်ဆောင်ပေါ်မှာ ၀ပ်နေတာဟာ မိကျောင်းပဲလို့အသေအချာ သိသွားပြီပေါ့။ ဒါနဲ့”
ဘာကြောင့် ကျောက်ဆောင်ပေါ်မှာ အခုလိုလာပြီး ၀ပ်နေတာလဲ” လို့မေးတယ်။ မိကျောင်းက
“ငါ့မယား မိကျောင်းက သင့်နှလုံးသားကို စားလိုတယ်ဆိုလို့သင့်ကို ဖမ်းဖို့ဝပ်နေတာ”
ဖြစ်တဲ့အကြောင်း ပြောတယ်။
ဘုရားလောင်းမျောက်ရဲ့အဖြစ်ကိုကြည့်ရင် ... နေကလည်း မှောင်စပြုလာပြီ၊
ဒီကျွန်းကနေပြီး မိကျောင်းရန်ကလွတ်အောင် တခြားလမ်းလည်းမရှိဘူး၊ ဒါကြောင့်
ဘုရားလောင်းမျောက်က ပရိယာယ်နဲ့မိကျောင်းကို “ အဆွေမိကျောင်း၊ သင့်မယားရဲ့
အလိုဆန္ဒပြည့်အောင် ငါဟာ ငါ့ခန္ဓာကိုယ်ကို စွန့်ပါမယ်၊ ကဲ ... သင့်ခံတွင်းကို ဟထားပါ၊ ငါ
ခုန်လာတဲ့အခါ ငါ့ကို ဖမ်းလိုက်ပေတော့” လို့ပြောတော့ သူ့ပါးစပ်ထဲ ခုန်ဝင်မည့်မျောက်ကို
အသင့်ဖမ်းဖို့ပါးစပ်ကို ဟထားတယ်။ ဘုရားလောင်းမျောက်ဟာ မိကျောင်းရဲ့ဦးခေါင်း
ပေါ်တည့်တည့်ကျအောင် ခုန်တယ်။ မိကျောင်းရဲ့ဦးခေါင်းပေါ်ကို ထောက်စရာရပြီးတဲ့နောက်
လျှပ်ပြက်သလို လျင်မြန်မှုနဲ့မြစ်ကမ်းဆီ ကို ဆက်ပြီးခုန်သွားတယ်။
ဒီနည်းအားဖြင့် ဘုရားလောင်းဟာ မိကျောင်းရဲ့အန္တရာယ်ကနေပြီး
လွတ်မြောက်လာခဲ့တယ်။
ဆိုခဲ့တဲ့အတိုင်း လူကြီးသူမတွေဟာ ဒီအဖြစ်အပျက်ကို ကိုးကားပြီး
ဘေးရန်အန္တရာယ်တွေ ပြုလာမည့်သူတွေကို အောင်နိုင်လွှမ်းမိုးနိုင်ဖို့အတွက် ပရိယာယ်ကို
သုံးအပ်တဲ့အကြောင်း သြ၀ါဒပေးလေ့ရှိတယ်။ ဒီမှာ ဘုရားလောင်းမျောက် မိကျောင်းရဲ့
အန္တရာယ်က လွတ်ခဲ့တာဟာ ပရိယာယ်လေးမျိုးကြောင့် ဖြစ်တယ်တဲ့။
ပရိယာယ်ဆိုတာကို ‘ ဥပါယ် ’ လို့လည်း သုံးနှုန်းကြသေးတယ်။ ပရိယာယ်ဆိုတာ ‘
ရန်အောင်ကြောင်းနည်း’ ရန်သူကို အောင်နိုင်စေတဲ့နည်းလို့အနက်ဖွင့်ကြတယ်။ လတ်တလော
ဉာဏ်သုံးပြီး အန္တရာယ်ပြုသူကို လွှမ်းမိုးအောင်နိုင်ခြင်း နည်းလမ်းလို့လည်း ဆိုတတ်ကြတယ်။
ပြောခဲ့တဲ့ ၀ါနရိန္ဒဇာတ်ကိုကြည့်ရင် ဘုရားလောင်းမျောက်ဟာ ပရိယာယ် ၄ မျိုးကို သုံးခဲ့ရာ
ရောက်တယ်တဲ့။ ဘယ်လိုလေးမျိုးလဲဆိုတော့ (၁) သစ္စာ၊ (၂) ဓမ္မ၊ (၃) ၀ီရိယ၊ (၄) စာဂ
ဆိုတာတွေပဲတဲ့။
(၁) သစ္စာဆိုတာကို ဒီဇာတ်မှာတော့ သူတစ်ပါး ယုံကြည်လာအောင် ကျသွားအောင်
ပြောနိုင်တာကို ဆိုလိုတယ်။ မိကျောင်းယုံသွားအောင် ပြောနိုင်တဲ့အတွက် မိကျောင်းဟာ
ယုံယုံကြည်ကြည်နဲ့ပါးစပ်ဟပြီး စောင့်နေတာ...
(၂) ဓမ္မဆိုတာက ဘယ်လိုလုပ်ရင်တော့ လွတ်မြောက်နိုင်မယ်ဆိုတာကို သိတဲ့ဉာဏ်ကို
ဆိုလိုတာ၊ အကြံကောင်း ဉာဏ်ကောင်းရှိတာ၊ အမြော်အမြင်ရှိတာ၊ ကြံရည်ဖန်ရည်ရှိတာ
ဖြစ်ပါလိမ့်မယ်။ ဘုရားလောင်းမျောက်ဟာ မိကျောင်း ပါးစပ်ဟ နေတဲ့ အခါ
သူ့ဦးခေါင်းပေါ်ကျအောင် ခုန်ရမယ်၊ ဒါမှ ထောက်တည်ရာရပြီး မြစ်ကမ်းဆီကို ဆက်ခုန်နိုင်မယ်...
စသဖြင့် မြော်မြင်တတ်တာ ဖြစ်လိမ့်မယ်။
(၃) ၀ီရိယကတော့ မလျော့တဲ့စိတ်၊ မကြောက်မရွံ့ မတွန့်ဆုတ်တဲ့စိတ်နဲ့
ကြိုးစားလုပ်ဆောင်တာဖြစ်မယ်၊ ဘုရားလောင်းဟာ စိတ်ခိုင်ကြည် ရဲရင့်စွာနဲ့မိကျောင်းရဲ့ဦးခေါ
င်းပေါ်ကျအောင် ခုန်ခဲ့တာပဲ။ ခေါင်းပေါ်ကျပါမှ ထောက်ပြီး တစ်ဖက်မြစ်ကမ်းကို ဆက်ခုန်နိုင်မှာ
မဟုတ်လား။
(၄) စာဂ ဆိုတာကို ဒီဇာတ်မှာတော့ စွန့်လွှတ်စွန့်စားခြင်းကို ဆိုလိုတယ်လို့ပညာရှင်အချို့က
ဆိုကြတယ်။ တခြား နေရာ တခြားအခြေအနေတွေမှာတော့ ပေးကမ်းခြင်းအားဖြင့် လူတွေအပေါ်
အနိုင်ယူခြင်း သဘောရှိတယ်။ ဘုရားလောင်းမျောက်ဟာ တကယ်တော့ မိကျောင်းရဲ့ဦးေ
ခါင်းပေါ်ရောက်အောင် ခုန်ရတယ်ဆိုတာဟာ တကယ့် စွန့်စားချက်ပါပဲ။ လွဲချော်သွားရင်
ဒုက္ခတွေ အများကြီးရောက်စရာရှိတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ရန်သူတွေကပေးလာတဲ့
အန္တရာယ်တွေကို ကျော်လွှားရာမှာ စွန့်စားဖို့က လိုတာပဲ။
ဘုရားလောင်းဟာ မိကျောင်းရဲ့အန္တရာယ်ကနေ လွတ်ခဲ့တာဟာ ဆိုခဲ့တဲ့ပရိယာယ်လေးခု
ကြောင့်ဖြစ်တယ်။ ဒီမှာ ... တချို့က ပရိယာယ်သုံးတာဟာ လိမ်ညာလှည့်စားခြင်း မဟုတ်ဘူးလား။
လိမ်ညာခြင်းဟာ အပြစ်ဖြစ်စေတယ်၊ အကသိုလ်ဖြစ်စေတယ်မဟုတ်ပါလားလို့မေးတတ်ြကတယ။်
တက်သားကို သေကြေလောက်အောင်၊ ဘ၀ပျက်လောက်အောင် မထိခိုက်စေဘဲ
ဒီတက် သားရဲ့ရက်စက်ယုတ်မာမှုကနေပြီး လွန်မြောက်အောင် ပရိယာယ်သုံးခြင်းဟာ
အပြစ်ကြီးလေးမှု မရှိနိုင်ဘူးလို့ထင်ပါတယ်။ ပရိယာယ် သုံးတဲ့အခါမှာ စေတနာက
တစ်ဖက်သားကို သေစေ၊ ပျက်စီးစေရယ်လို့ သဘောမထားရင် ကြီးလေးတဲ့အကုသိုလ်မဖြ
စ်နိုင်ဘူး။ ကိုယ့်ကို သူကသေအောင်၊ ဘ၀ပျက်အောင် ဖျက်ဆီးမည့်အဖြစ်က လွတ်အောင်
ကိုယ်ကစွမ်းဆောင်နိုင်တဲ့အတွက် သူ့အတွက် အကျိုးပြုရာ တောင်ရောက်တယ်လို့ဆိုရမယ်။
ကိုယ့်ကြောင့် သူ့မှာ ပါဏာတိပါတ စတဲ့ကြီးလေးတဲ့အကုသိုလ်ပြုခြင်းမှ သူ့ကို လွတ်သွားစေခဲ့
တယ်မဟုတ်လား။
စေတနာအလိုဆိုးနဲ့ ပရိယာယ်သုံးရင်တော့ အပြစ်ရှိတယ်လို့ပဲ ဆိုနိုင်ပါတယ်။
လူ့လောကမှာ လူမှုပြဿနာတွေက အရှုပ်သားလား။ နီတိဆရာတွေ
ပြောတတ်တာရှိတယ်။ ဘာလဲဆိုတော့ တောကြိုတောင်ကြားမှာ မြက်ကိုစားရင်းနဲ့အေးချမ်းစွာနေ
နေတဲ့သားသမင်ကို သတ်ဖြတ်မည့် မုဆိုးက ရှိနေတတ်တယ်တဲ့၊ ဟုတ်မှာပဲ။
ဘာရန်ညှိုးမှ မုဆိုးအပေါ်မှာ မရှိရှာတဲ့သားသမင်ကို မုဆိုးကလာပြီး ရန်ရှာတာ၊
အသေသတ်ဖို့ရောက်လာတတ်တာလိုပဲတဲ့ လူ့လောကမှာလည်း ကိုယ့်လမ်းကိုယ်သွား၊
ကိုယ့်အလုပ်ကိုယ်လုပ်နေပေမဲ့ကိုယ့်ကို ရန်ရှာလာသူတွေ ပေါ်လာတတ်တာပဲ။
လူ့အဖွဲ့အစည်းတွေမှာလည်း ဒီအတိုင်းပဲ။ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ သူတို့နည်း သူတို့ဟန်နဲ့
အေးချမ်းစွာ နေနေပေမဲ့အဲဒီအဖွဲ့အစည်း ကို အနိုင်ယူချင်တဲ့သူတွေ၊ အဲဒီအဖွဲ့အစည်းရဲ့
နေရာဒေသကို ပိုင်ဆိုင်ချင်သူတွေ ပေါ်လာတတ်တာပဲ။ ဒီလိုပေါ်လာပြီး မိမိအဖွဲ့အစည်းကို
ဖြိုခွဲအနိုင်ယူချင်သူတွေဟာ ဖြိုခွဲနည်း ပရိယာယ်တွေကို သုံးကြတာပဲ။ ရှေးခေတ်က
...အဖွဲ့အစည်းတစ်ခုက အခြားအဖွဲ့အစည်းတစ်ခု ကို အနိုင်ယူချင်ရင် ‘ ဘေဒဥပါယ်’ ဆိုတာကို
သုံးကြတယ်တဲ့။ ဘေဒဥပါယ်ဆိုတာက .. အနိုင်ယူလိုတဲ့အဖွဲ့အစည်းရဲ့စည်းလုံးညီညွတ်မှုကို
ပြိုကွဲအောင် ဖြိုခွဲတဲ့နည်းကို ဆိုလိုတာ။ ‘ ဘေဒဥပါယ်’ ကလည်း အမျိုးအစား ၃ မျိုးရှိတယ်။
ပထမအမျိုးအစားကတော့ အချစ်ပျက်ပြယ်အောင်လုပ်တဲ့ ပရိယာယ်ကို ဆိုလိုတယ်။
အဖွဲ့အစည်းထဲမှာ အချင်းချင်း သင့်တင့် ညီညွတ်နေရင် စည်းလုံးနေရင် အဲဒီအဖွဲ့အစည်းကို
အနိုင်ယူဖို့မလွယ်ဘူး။ ဒါကြောင့် အဲဒီအဖွဲ့အစည်း အင်အားဆုတ်ယုတ်သွားအောင် တစ်ဦးနဲ့တစ်ဦး
အထင်အမြင်တွေလွဲအောင်၊ သဘောထားတွေ ကွဲလွဲအောင် ကုန်းတိုက်စကားတွေနဲ့
သွေးခွဲတဲ့နည်းဖြစ်တယ်။ ဗုဒ္ဓစာပေတွေမှာ တွေ့ဖူးမှာပဲ။ ဘာလဲဆိုတော့ မင်းဖြစ်သူက
ဝဿကာရပုဏ္ဏားကို စေလွှတ်ပြီး ဝေသာလီမင်းသားတွေကို အချင်းချင်း၊ အချစ်ပျက်အောင်၊
ညီညွတ်ခြင်းပျက်စီးအောင် ပြုလုပ်ခဲ့ဖူးတယ်။
ဒုတိယနည်းကတော့ ဗိုလ်ပါအင်အား၊ လက်နက်အင်အား၊ ဓနအင်အား စသည်တို့ကို
ပြပြီး အရှိန်နဲ့တစ်ဖက်အဖွဲ့အစည်းက လူတွေကို ကြောက်လန့်စေတာ၊ ဒီလိုကြောက်လန့်ပြီး
သူတို့ဘက်ကို ၀င်ရောက်လာစေခြင်းဖြင့် တစ်ဖက်အဖွဲ့အစည်းရဲ့ စည်းလုံးမှုကို ပျက်စေတဲ့
နည်းဖြစ်တယ်။ တတိယနည်းကတော့ ကြိမ်းဝါးခြင်း၊ ခြိမ်းခြောက်ခြင်းမျိုးစုံနဲ့တစ်ဖက်အဖွဲ့အစည်း
ရဲ့ညီညွတ်မှုကို ပျက်စေတဲ့နည်းဖြစ်တယ်။
ရှေးခေတ်က နီတိစာပေတွေမှာ ပရိယာယ်တွေနဲ့ပတ်သက်ပြီး ဖော်ပြထားတာတွေ
အများကြီးရှိတယ်။ ပရိယာယ် တွေကလည်း အမျိုးကို စုံနေတာပဲ။
ဒီခေတ်ကြီးမှာလည်း တစ်ဦးက တစ်ဦးကို အဖွဲ့အစည်းတစ်ရပ်က
အခြားအဖွဲ့အစည်းတစ်ရပ်ကို ပရိယာယ်တွေသုံးပြီး လွှမ်းမိုးအနိုင်ယူတာမျိုးတွေ ရှိနေမှာပါပဲ။
ကိုယ့်ကို ထိပါးလာတဲ့အခါ၊ ကိုယ့်အဖွဲ့အစည်းကို ထိပါးလာတဲ့အခါမှာ တုံ့ပြန်ရတာမျိုးတွေ
ရှိတာပါပဲ။ ကိုယ့်ကို အနိုင်မယူနိုင်ဖို့အတွက်၊ ကိုယ့်အဖွဲ့အစည်းကို အနိုင်မယူနိုင်ဖို့အတွက်
ထိပါးလာသူတွေထက်သာတဲ့ ပရိယာယ်တွေ၊ အသိသတိတွေ ရှိနေဖို့လည်း လိုမှာပါပဲ။
ကိုယ်ကျင့်တရားရှုထောင့်ကနေ ကြည့်ရင်တော့ စေတနာအလိုဆိုးနဲ့တစ်ဖက်သူတွေ
ပျက်စီးအောင် အသုံးပြုလာတဲ့ နည်းတွေကတော့ အလွန်အကုသိုလ်များတယ်လိုယူ
ဆရမှာပဲ။ မိမိဘက်ကလည်း စေတနာအလိုဆိုး မဖြစ်ဖို့၊ နောင်တရလို့မဆုံးနိုင်အောင်
မှားယွင်းတဲ့နည်းပရိယာယ်တွေကို မသုံးမိဖို့ကိုတော့ သတိထားရမှာ ဖြစ်တယ်။
(၂)
အထက်ပါအကြောင်းအရာတို့ကို ပြောပြသူ၏ စကားဆုံးသောအခါ
အခြားမိတ်ဆွေတစ်ဦးက “ ၀ဓဒဏ္ဍဥပါယ်” အကြောင်း စကားဆက်ပါသည်။ ၀ဓဒဏ္ဍဥပါယ်
၏ အနက်အဓိပ္ပါယ်ကို သူက အကျယ်တ၀င့် ရှင်းပြသည်။ ထို့ နောက် ဤ ၀ဓဒဏ္ဍဥပါယ်
ကို စေတနာအလိုဆိုးဖြင့် မှားယွင်းစွာ အသုံးပြုမိပါက အသုံးပြုမိသူ၌ အကုသိုလ်အပြစ်
ကြီးလေးစွာကျရောက်နို်င်ကြောင်း၊ နောင်အခါ၌ လည်း မိမိမှားယွင်းစွာပြုခဲ့မိခြင်းကို
ဖြေဆည်လို့မရလောက်အောင် နောင်တတရားတို့ရနေနိုင်ကြောင်း ရှင်းပြနေပါသည်။
ကျွန်တော်က ပရိယာယ်တွေအကြောင်း ပြန်ပြောင်းစဉ်းစားရင်း ... ကိစ္စများမြောင် လူတို့ဘောင်
ဆိုသည့်စကား၊ ပြဿနာရှုပ်လှ လူ့ဘ၀ ဆိုသည့်စကားများအကြောင်းကို တစ်မျှော်တစ်ခေါ်
ထိုနေ့က တွေးတောမိနေပါသည်။

ရွှေမော်ကွန်း

စက်ဘီးများ၊ ကြွက်သားများ၊ စီးကရက်များ “ ခက်မာ ”



ဒီနေ့ဆိုလျှင် အီဗန် ဟမ်မီလ်တန် ဆေးလိပ်မသောက်ပဲနေတာနှစ်ရက်ရှိပြီ။ ဒီနှစ်ရက်အတွင်း သူပြောမိသမျှ နှင့်တွေးမိသမျှတွေကတော့ စီးကရက်နှင့်တနည်းမဟုတ်တနည်း ပတ်သက်နေ လေသည်။ အခုလည်းသူသည် မီးဖိုခန်းအတွင်းမှအလင်းရောင်အောက်တွင် သူ့လက်တွေကို မှောက်ချည်လှန်ချည်ဖြန့်ကြည့်လိုက်၊ လက်ဆစ်တွေကိုတရှုံ့ရှုံ့နမ်းလိုက်လုပ်နေသည်။
         “ အနံ့ရနေသေးတယ်“ဟုသူကရေရွတ်မိတော့ သူ့ဇနီးအန်(န်)ဟမ်မီလ်တန်ကလှမ်းပြော သည်။
          “ ဟုတ်တယ်။ ရှင်ဆေးလိပ်သောက်နေတုန်းက ချွေးထွက်ရင်ဆေးလိပ်နံ့ရသလိုပေါ့။“
          “ ဆေးလိပ်မသောက်ပဲနေတာ
သုံးရက်မြောက်တဲ့နေ့မှာတောင်မှဆေးလိပ်နံ့ကိုရနေ သေးတယ်။ရေချိုး တာတောင်အနံ့ကမပျောက်ဘူး“
          “ရှင်ဘယ်လိုဖြစ်နေလဲဆိုတာကျမသိပါတယ်ယောက်ျားရယ်။ရှင်တော်တော်စိတ်ခိုင်
တယ်ဆိုရင်တောင်မှ ဒုတိယမြောက်နေ့ဟာအခံရအခက်ဆုံးပဲ။ တတိယမြောက်နေ့လည်း ဆိုးသေးတာပဲ။ ဒါပေမယ့် ဒီထက်ကြာကြာဆက်နေနိုင်ရင်တော့ရှင်အောင်မြင်ပြီ။ ဆေးလိပ် ဖြတ်ဖို့ ရှင်စိတ်အားထက်သန်နေတာကိုမြင်ရတာနဲ့တင် ကျမဖြင့်ဝမ်းသာလှပါပြီ။“
         သူမကပြောရင်းဆိုရင်းသူ့လက်မောင်းကိုပုတ်လိုက်သည်။
        “ အခုတော့ ရော်ဂျာ့ကိုခေါ်ချေပါဦး။ ညစာစားကြရအောင်“
         ဟမ်မီလ်တန်အိမ်ရှေ့တံခါးကိုဖွင့်လိုက်တော့ အပြင်မှာမှောင်နေပြီ။ နိုဝင်ဘာလဆန်းပိုင်း ရောက်နေပြီမို့ နေ့တာတိုပြီးအေးနေပြီ။ သူ့အိမ်ရှေ့လမ်းပေါ်တွင် သူမမြင်ဖူးသောကောင်လေး တယောက်ကို အမျိုးအစားကောင်းကောင်းစက်ဘီးလေးတစင်းပေါ်တွင် ခွလျှက်တွေ့ရသည်။ ကောင်လေးကပလက်ဖောင်းပေါ်ကိုခြေထောက်လျှက်ရပ်နေသည်။
          “ မစ္စတာ ဟမ်မီလ်တန်ပါလားခင်ဗျာ...“
          ကောင်လေးကမေးသည်။
         “ ဟုတ်ပါတယ်။ ဘာကိစ္စများပါလိမ့်။ ရော်ဂျာနဲ့တွေ့ဖို့လား“
         “ ရော်ဂျာက ကျနော့်အိမ်မှာ ကျနော့်အမေနဲ့စကားပြောနေပါတယ်။ အိမ်မှာဂရေးဘားမန်း ဆိုတဲ့ကောင်လေးနဲ့ကစ်ပ်တို့လည်းရှိနေတယ်။ သူတို့ကျနော့်ညီရဲ့စက်ဘီးအကြောင်းပြောနေ ကြတာ။ အသေအချာတော့ကျနော်မသိဘူး။ ကျနော့အမေကဒီကိုလာပြီး အန်ကယ့်လ်ကိုခေါ်ဖို့ လွှတ်လိုက်တာပါ။ရော်ဂျာ့မိဘတယောက် ယောက်ကိုခေါ်ခဲ့ပါတဲ့။“
          ကောင်လေးကစက်ဘီးလက်ကိုင်ကိုလှည့်နေရင်းပြောသည်။
          “ ရော်ဂျာ ဘာမှမဖြစ်ပါဘူးနော်။“
          “ ဘာမှမဖြစ်ပါဘူး။ ကျနော်လည်းဦးနဲ့အတူလိုက်ခဲ့မှာပါ။“
         သူကဖိနပ်စီးရန်အိမ်ထဲအိမ်ထဲပြန်ဝင်ခဲ့သည်။
         အန်(န်) ကသူ့ကိုဆီးမေးသည်။
        “ ရော်ဂျာ့ကိုတွေ့လား“
        “ ရော်ဂျာ ပြသနာတခုခုဖြစ်နေပုံရတယ်။ အပြင်မှာကောင်လေးတယောက်ရောက်နေတယ်။ ကောင်လေးကတို့နှစ်ယောက်ထဲက တယောက်ယောက်ကိုသူနဲ့လိုက်ခဲ့ပါတဲ့။“
          “ ဟင်...ရော်ဂျာဘာဖြစ်လို့များလဲ။“
           အန်(န်)က အေပရွန်ကိုချွတ်ရင်းမေးသည်။
         “ ဘာမှမဖြစ်ပါဘူး။ ကြည့်ရတာကလေးအချင်းချင်းငြင်းခုန်နေကြတာနေမှာပါ။ အဲဒီ ကောင်လေးရဲ့ အမေက ကလေးတွေပြသနာကိုရှင်းပေးနေတာထင်တယ်“
          “ ကျမလိုက်သွားရမလား“
          သူခနစဉ်းစားသည်။
         “ အင်း..မင်းလိုက်သွားရင်ပိုကောင်းမယ်။ ဒါပေမယ့် ကိုယ်ပဲသွားလိုက်ပါ့မယ်။ ငါတို့ ပြန် လာမှညနေစာစားကြမယ်။ သိပ်ကြာမယ်မထင်ပါဘူး။“
          “ ရော်ဂျာ မှောင်မှအပြင်ထွက်တာကို ကျမမကြိုက်ပါဘူး“
          အန်(န်)က တဗျစ်တောက်တောက်ပြောရင်းကျန်ခဲ့သည်။ ကောင်လေးကစက်ဘီးပေါ်မှာအကျအနထိုင် ၍သွားဖို့အသင့်ဖြစ်နေပြီ။
         “တော်တော်ဝေးလား“
         “အာဘတ်ကယ်တရားရုံးကျော်ကျော်လေးမှာပါ“
         သူကကောင်လေးကိုလှမ်းကြည့်လိုက်တော့ ကောင်လေးကဆက်ပြောသည်။
         “မဝေးပါဘူး။ ဒီကနေဆို ဘလော့ခ် နှစ်ခုလောက်ပေါ့“
         “ သူတို့ဘာဖြစ်ကြတာလဲ“
         “ မသိဘူး။ ကျနော်လည်းသိပ်တော့နားမလည်ဘူး။ ကျနော်တို့မိသားစုခရီးထွက်နေတုန်း ရော်ဂျာရယ်၊ ကစ်ပ်ရယ်၊ ဂရေးဘားမန်းရယ်က ကျနော့်ညီရဲ့စက်ဘီးကိုယူစီးကြတယ်လေ။ ပြီး တော့ သူတို့စက်ဘီးကိုဖျက်ဆီးပစ်လိုက်ကြတယ်ထင်တယ်။ အခုသူတို့အဲဒီအကြောင်းပြောနေ တာ။ အခုကျနော့်ညီရဲ့စက်ဘီးက ရှာလို့မတွေ့တော့ဘူး။ စက်ဘီးကရော်ဂျာနဲ့ကစ်ပ်တို့နောက် ဆုံးစီးခဲ့ကြတာတဲ့။ အမေကအဲဒါကိုရှာဖို့ကြိုးစားနေတာ“
          “ ကစ်ပ်ကိုတော့ ဦးသိပါတယ်။ တခြားတယောက်ကဘယ်သူလဲ“
          “ ဂရေးဘားမန်းတဲ့။ သူကဒီနားကိုမကြာခင်ကမှပြောင်းလာတာ။ ခနနေရင်သူ့အဖေ လည်းလာလိမ့်မယ်။“
          သူတို့လမ်းထောင့်တခုကိုချိုးကွေ့ခဲ့ကြသည်။ ကောင်လေးကရှေ့မှဦးဆောင်သွားနေ၏။ သစ်သီးခြံတခုကိုမြင်ရပြီး နောက်ထပ်လမ်းတလမ်းကိုချိုးကွေ့လိုက်တော့ လမ်းကလေးက တဖက်ပိတ်လမ်းကလေးဖြစ်နေသည်။ လမ်းတဖက်မှာထွက်ပေါက်ရှိသလား၊ မရှိဘူးလားသူ မသိသလို ထိုလမ်းထဲမှာနေသူတွေကိုလည်း သူမသိတာသေချာသည်။ သူမကျွမ်းဝင်သော လမ်းကလေးထဲမှအိမ်များကိုငေးမောစူးစမ်းရင်း သူ့သားနှင့်ပတ်သက်ပြီး ဘာတွေများရင်ဆိုင် ရဦးမလဲစဉ်းစားနေမိသည်။
         ကောင်လေးက အိမ်ထဲသို့ဦးတည်သွားသည့်လမ်းတခုထဲချိုးကွေ့ဝင်လိုက်ပြီး စက်ဘီးကို အိမ်နံရံတွင်မှီ၍ထောင်လိုက်သည်။ ကောင်လေးအိမ်ရှေ့တံခါးကိုဖွင့်ပြီးသည့်အခါဟမ်မီလ်တန် သည် ကောင်လေးနောက်မှနေ၍ဧည့်ခန်းကိုဖြတ်ပြီး တခြားကောင်လေးတယောက်နှင့်အတူ ထိုင်နေသော ကစ်ပ်နှင့်သူ့သားရှိရာမီးဖို ခန်းမှစားပွဲထိတောက်လျှောက်လိုက်လာခဲ့သည်။ သူ ကသူ့သားကိုသေသေချာချာအကဲခပ်ပြီးမှ စားပွဲထိပ်တွင်ထိုင်နေသည့် အနက်ရောင်ဆံပင် မာတောင့်တောင့်နှင့်အမျိုးသမီးကြီးရှိရာဖက်မျက်နှာမူလိုက်သည်။
          “ ရော်ဂျာ့အဖေထင်ပါရဲ့“
          အမျိုးသမီးကြီးကစကားစသည်။
          “ ဟုတ်ကဲ့။ ကျနော့်နံမည် အီဗန် ဟမ်မီလ်တန်ပါ၊ ကောင်းသောညနေခင်းပါ“
          “ ကျမက မစ္စက်မေလာပါ။ ဂေလ်ဘာ့တ်ရဲ့အမေပေါ့။ ရှင့်ကိုဒီထိလိုက်လာဖို့ ခေါ်ခိုင်းရ တာတော့အားနာပါတယ်။ ဒါပေမယ့် ပြဿနာလေးနည်းနည်းရှိနေလို့“
        “ဟမ်မီလ်တန်က တဖက်စားပွဲထိပ်ရှိကုလားထိုင်မှာဝင်ထိုင်ရင်း ပတ်ဝန်းကျင်ကိုစူးစမ်း လိုက်သည်။ စက်ဘီးပိုင်ရှင်ကောင်လေးဟုထင်ရသည့် အသက် ၉ နှစ် ၁၀နှစ်အရွယ်ကလေးက အမျိုးသမီးကြီး၏ဘေးတွင်ထိုင် နေသည်။ အသက် ၁၄နှစ်ခန့်ရှိမည့်ကောင်လေးတယောက်က ပန်းကန်ဆေးကန်နံဘေးကပ်လျှက်စင်ကလေး ပေါ်တွင်ခြေထောက်တွဲလောင်းချ၍ထိုင်ရင်း မလှမ်းမကမ်းတွင်တယ်လီဖုန်းပြောနေသော နောက်ထပ်လူငယ် လေးတယောက်ကိုကြည့်နေ သည်။ ဖုန်းထဲမှစကားကြောင့် စပ်ဖြီးဖြီးဖြစ်သွားသောကောင်လေးက စီးကရက်တလိပ်ကိုကိုင် ပြီး ပန်းကန်ဆေးကန်နားသို့လျှောက်သွားသည်။  စီးကရက်မီးကိုရေနှင့်ထိလိုက်သဖြင့် ရှဲကနဲ မည်သွားသောအသံကိုဟမ်မီလ်တန်ကြားလိုက်သည်။ သူ့ကိုလာခေါ်သောကောင်လေးက တော့ရေခဲသေတ္တာ ကိုမှီ၍လက်ပိုက်ကာရပ်နေလေသည်။ ထိုကောင်လေးကိုသူ့အမေကလှမ်း မေးသည်။
          “ မင်းကစ်ပ်ရဲ့မိဘတယောက်ယောက်ကိုရောခေါ်ခဲ့သေးလား“
          “ ကစ်ပ်ရဲ့အစ်မကပြောတယ်။ သူတို့မိဘတွေဈေးသွားဝယ်နေကြတယ်တဲ့။ ကျနော် ဂရေးဘားမန်းရဲ့အိမ်ကိုလည်းသွားခဲ့တယ်။ ဂရေးရဲ့အဖေက ခနနေရင်လိုက်လာလိမ့်မယ်။ ကျနော်လိပ်စာပေးခဲ့တယ်“
          အမျိုးသမီးကြီးက သူ့ဖက်လှည့်လိုက်သည်။
         “ ဘာဖြစ်ကြတာလဲဆိုတာရှင့်ကိုကျမပြောပြမယ် မစ္စတာဟမ်မီလ်တန်။ အရင်လက ကျမ တို့ခရီးထွက်ကြတယ်။ ကစ်ပ်ကဂေလ်ဘာ့တ်ရဲ့စက်ဘီးကိုငှားချင်တယ်။ အဲဒါဆိုရော်ဂျာက ကစ်ပ်သတင်းစာပို့တာကိုကူနိုင်တယ်လေ။ ရော်ဂျာ့စက်ဘီးက လေမရှိလို့ဆိုလားတခုခုပဲ။ အဲဒီမှာ...“
         “ ဂရေးက ကျနော့်ကိုလည်ပင်းညှစ်တယ်ဒက်ဒီ“
         “ ရော်ဂျာကဖြတ်ပြောသည်။
         “ဘာ.“
          ဟမ်မီလ်တန်က သူ့သားကိုသေသေချာချာကြည့်ရင်းမေးလိုက်သည်။
         “ဂရေးက ကျနော့်လည်ပင်းကိုညှစ်တယ်။ ဒီမှာဒါဏ်ရာရှိတယ်။“
          သူ့သားက အင်္ကျီကော်လာကိုလှန်ပြီး သူ့လည်ပင်းကိုပြသည်။ အမျိုးသမီးကြီးကစကား ဆက်၏။
         “ သူတို့ ခုနကားဂိုထောင်အပြင်ဖက်ကိုထွက်သွားကြတယ်။ ကျမသားအကြီး ကာ့တ် ထွက်မကြည့်ခင်အထိ သူတို့ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာတော့ ကျမမသိဘူး။
          “ သူကစပြောတာ။ သူကကျနော့်ကိုငတုံးလို့ခေါ်တယ်လေ။“
          ဂရေးဘားမန်းက ၀င်ပြောရင်းတံခါးဝကိုလှမ်းကြည့်သည်။
          “ ငါ့စက်ဘီးက ဒေါ်လာ ၆၀တန်တယ်ကွ ဟေ့ကောင်တွေရ။ မင်းတို့ပြန်လျော်ပေးရမယ်“
          ဂေးလ်ဘာ့တ်ဟုခေါ်သောကောင်လေးကလှမ်းပြောတော့ သူ့အမေက၀င်ဟန့်သည်။
         “ မင်းဝင်မပြောနဲ့ဂေးလ်ဘာ့တ်။ “
         ဟမ်မီလ်တန်က အသက်ပြင်းပြင်းတချက်ရှူလိုက်ပြီး ' ဆက်ပြောပါ' ဟုဆိုလိုက်သည်။
        “ အင်း.. ကစ်ပ်သတင်းစာဝေတာကိုကူဖို့  ကစ်ပ်နဲ့ရော်ဂျာကဂေးလ်ဘာ့တ်စက်ဘီးကိုသုံး ခဲ့ကြတယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးကရော ဂရေးကပါပြောတယ်။ သူတို့စက်ဘီးကိုတွန်း လှိမ့်ချခဲ့ကြတယ်တဲ့“
         “ လှိမ့်ချတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ“
         ဟမ်မီလ်တန်ကဖြတ်မေးသည်။
          “စက်ဘီးကိုလမ်းအနိမ့်ပိုင်းဖက်ဆီတွန်းပြီးလှိမ့်ချလိုက်တာလေ။ ဒီတော့စက်ဘီးက အရှိန်နဲ့လိမ့်သွားပြီးနောက်ဆုံးမှာလဲကျသွားတာပေါ့။ ပြီးတော့ သူတို့အခုပဲဝန်ခံခဲ့ကြတယ်။ ကစ်ပ်နဲ့ရော်ဂျာက စက်ဘီးကိုယူပြီး ကျောင်းဘောလုံးကွင်းရဲ့ဂိုးတိုင်နားမှာ သွားပစ်ထားလိုက် ကြသေးတယ်တဲ့။“
          “ ဟုတ်သလားရော်ဂျာ“
         ဟမ်မီလ်တန်က သူ့သားဖက်ကိုလှည့်ကြည့်ရင်းထပ်မေးသည်။
          “ တချို့တ၀က်တော့မှန်တယ်ဒက်ဒီ။“
          ရော်ဂျာက လက်နှစ်ဖက်ကိုစားပွဲပေါ်တင်၍ပွတ်နေပြီးခေါင်းငုံ့ကာပြောသည်။
          “ ကျနော်တို့ တယောက်တခါစီပဲလှိမ့်ချကြတာပါ။ ကစ်ပ်ကစလုပ်တယ်။ ပြီးတော့ဂရေး။ နောက်ဆုံးမှာကျနော်လှိမ့်ချတယ်။“
          “ တယောက်တခါဆိုတာပဲများလှပြီ။ ဒက်ဒီမင်းကိုတော်တော်အံ့သြတယ်။ စိတ်လည်း ပျက်မိတယ်။ ပြီးတော့မင်းကိုရောပဲကစ်ပ်“
          ဟမ်မီလ်တန်က သူတို့နှစ်ယောက်ကိုတလှည့်စီကြည့်၍ပြောလိုက်သည်။ အမျိုးသမီးကြီး က၀င်ပြော၏။
          “ တယောက်ယောက်ကတော့ညာနေတာပဲ။ ဒါမှမဟုတ်သိလျှက်နဲ့မပြောပဲနေကြတာပဲ။ ဘာပဲဖြစ်ဖြစ် စက်ဘီးကတော့ပျောက်နေပြီ။“
          ပန်းကန်ဆေးကန်ဘေးကစဉ်ပေါ်တွင်ထိုင်နေသည့်ကောင်လေးက ခုချိန်ထိဖုန်းပြောနေ သောကောင်လေးကို နောက်ပြောင်၍ရယ်မောနေသည်။ ကစ်ပ်ကစကားစပြောသည်။
          “ စက်ဘီးဘယ်မှာလဲဆိုတာ ကျနော်တို့တကယ်မသိပါဘူး မစ္စက်မေလာ။ကျနော်တို့အစ ထဲကပြောခဲ့တယ်။ ကျနော်နဲ့ရော်ဂျာ စက်ဘီးကိုကျောင်းကနေ ကျနော့်အိမ်ကိုယူလာတုန်းက စက်ဘီးကိုနောက်ဆုံးတွေ့ခဲ့တာပဲ။ အဲ.. အဲဒါကနောက်ဆုံးမတိုင်ခင်တခေါက်ပါ။ တကယ့် နောက်ဆုံးက နောက်တနေ့မနက်စက်ဘီးကိုကျနော်ဒီအိမ်ကိုပြန်ယူလာပြီး အိမ်နောက်ဖေးမှာ ထားခဲ့တာပဲ။ ဒါပေမယ့် အခုစက်ဘီးဘယ်မှာလဲဆိုတာတော့ကျနော်တကယ်မသိဘူး“
          ကစ်ပ်ကခေါင်းခါရင်းပြောသည်။ ဂေးလ်ဘာ့တ်က ' ဒေါ်လာ ၆၀ နော်' ဟုထအော်ပြန် သည်။
         “ မင်းတို့ငါ့ကိုတပါတ်ကို ၅ဒေါ်လာပြန်ပေးသွားလို့ရတယ်။“
         “ မင်းကိုငါသတိပေးနေတယ် ဂေးလ်ဘာ့တ်။ “
         အမျိုးသမီးကြီးက မျက်မှောင်ကြုံ့ရင်းပြောသည်။
          “ အခုစက်ဘီးက အိမ်နောက်ဖေးကပျောက်သွားပြီ။ ဒီညနေမှာ သူတို့ကအမှန်အတိုင်း မပြောတော့ ငါတို့က ဘယ်သူ့ကိုဘယ်လိုယုံရမလဲ“
          “ ကျနော်တို့အားလုံးကိုအမှန်အတိုင်းပြောနေတာပါ။“
          ရော်ဂျာက၀င်ပြောသည်။ ဂေးလ်ဘာ့တ်က ကုလားထိုင်နောက်ကျောကိုမီထိုင်ရင်း ရော်ဂျာ့ကိုခေါင်းခါပြနေသည်။ အိမ်ရှေ့တံခါးမှ ဘဲလ်သံမည်လာသောအခါ ပန်းကန်ဆေးကန် ဘေးကစဉ်ပေါ်ထိုင်နေသောကောင်လေးကခုန်ဆင်းပြီး ဧည့်ခန်းဖက်ထွက်သွားသည်။
          ပခုံးတောင့်တောင့်၊ သင်္ဘောသားများညှပ်လေ့ရှိသောဆံပင်ပုံနှင့် မီးခိုးရောင်မျက်လုံးပိုင် ရှင်လူတယောက်စကားမပြောပဲနှင့် မီးဖိုခန်းထဲဝင်လာသည်။ ထိုသူကအမျိုးသမီးကြီးကိုဖြတ် ကနဲကြည့်ကာ ဂရေးဘားမန်းဘေးက ကုလားထိုင်မှာဝင်ထိုင်သည်။ အမျိုးသမီးကြီးကနှုတ် ဆက်ရင်း စကားကိုဆက်ပြောသည်။
          “ ရှင်ကတော့မစ္စတာဘားမန်းဖြစ်ရမယ်။ တွေ့ရတာဝမ်းသာပါတယ်။ ကျမက ဂေးလ် ဘာ့တ်ရဲ့အမေပါ။ ဒါကတော့ ရော်ဂျာ့အဖေ မစ္စတာဟမ်မီလ်တန်ပါ“
          ထိုသူက သူ့ဖက်လှည့်၍ခေါင်းညွတ်ပြပေမယ့် လက်တော့မကမ်းပါ။
          “ဘာတွေဖြစ်နေကြတာလဲ“
          ဘားမန်းက သူ့သားကိုလှမ်းမေးသည်။ ကစ်ပ်နှင့်ရော်ဂျာကစကားစမည့်ဟန်ပြင်တော့ဘားမန်းကသူတို့ ကိုလှမ်းပြောသည်။
          “ ခနနေကြဦး။ ငါအခု ဂရေးကိုမေးနေတာ။ ပြီးရင်မင်းတို့ပြောရမယ်။“
          ဂရေးကဖြစ်ပျက်ခဲ့သမျှကို သူ့အဖေအားပြောပြနေသည်။ သူ့အဖေက မျက်လုံးများကို မှေးစင်း၍ အသေအချာနားထောင်ရင်း ကျန်ကလေးနှစ်ယောက်ကိုအကဲခပ်နေသည်။ ဂရေး ဘားမန်းစကားဆုံးသောအခါမစ္စက် မေလာက၀င်ပြောသည်။
          “ ကျမကသူတို့လုပ်တယ်လို့မစွပ်စွဲချင်ပါဘူး။ အမှန်တကယ်ဘာဖြစ်ခဲ့သလဲဆိုတာပဲ သိချင်တာပါ။“
          သူမက ဂရေးဘားမန်းကိုခေါင်းခါပြနေသော ကစ်ပ်နှင့်ရော်ဂျာကိုစူးစူးစိုက်စိုက်ကြည့် နေသည်။
          “ မင်းပြောတာမမှန်ဘူးဂရေး“ ဟုရော်ဂျာကပြောသည်။
          “ ဒက်ဒီနဲ့ နှစ်ယောက်ထဲပြောလို့ရမလား“ ဟုဂရေးဘားမန်းကသူ့အဖေကိုလှည့်မေး၏။
          “ သွားစို့ “
          မစ္စတာဘားမန်းကထိုသို့တုန့်ပြန်ပြီး နှစ်ယောက်သားဧည့်ခန်းဆီထွက်သွားတာကိုကြည့် ရင်းဒါကိုတားသင့်သည်ဟု ဟမ်မီလ်တန်ခံစားရသည်။ သည်လိုလျှို့ဝှက်ဆွေးနွေးခြင်းကိုပေါ့။ သူ့လက်ဖ၀ါးမှာချွေးတို့ဖြင့်စိုနေသည်။ စီးကရက်ယူဖို့အင်္ကျီအိပ်ထဲလက်နှိုက်လိုက်သည်။ ထို့ နောက်အသက်ကိုပြင်းပြင်းရှူကာ နှာခေါင်းအောက်ခြေကိုလက်နှင့်ပွတ်ရင်း သူ့သားကိုမေးခွန်း ထုတ်လိုက်သည်။
          “ ရော်ဂျာ..ဒီကိစ္စကိုတခြားသူတွေပြောတာထက် မင်းပိုသိတာမရှိဘူးလား၊ ဂေးလ်ဘာ့တ် ရဲ့စက်ဘီး ဘယ်မှာရှိတယ်ဆိုတာမျိုးပေါ့။“
          “ ဟင့်အင်း။ ကျနော်မသိဘူး။ ကျနော်ကျိန်ပြောရဲပါတယ်။“
           ဟမ်မီလ်တန်ကဆက်မေးသည်။
          “ ဒါဖြင့် စက်ဘီးကိုမင်းနောက်ဆုံးမြင်ခဲ့တာ ဘယ်အချိန်လဲ“
          “ ကျနော်တို့ စက်ဘီးကိုကျောင်းကနေယူလာပြီး ကစ်ပ်ရဲ့အိမ်မှာထားခဲ့တုန်းကပါ“
          ဟမ်မီလ်တန်က ကစ်ပ်ကိုလှည့်မေးပြန်သည်။
           “ ကစ်ပ်၊ အခုဂေးလ်ဘာ့တ်ရဲ့စက်ဘီးဘယ်မှာရှိတယ်ဆိုတာမင်းသိလား။“
          “ ကျနော်လည်းမသိဘူးဆိုတာကျိန်ပြောရဲပါတယ်။ စက်ဘီးကိုကျောင်းကနေ ကျနော့် အိမ်ကိုယူသွားပြီးနောက်တနေ့မနက်မှာ ကျနော်စက်ဘီးကိုကျနော့်အိမ်ကနေ ဒီအိမ်ကိုပြန်ယူ လာတယ်။ ပြီးတော့ကားဂိုထောင် အနောက်မှာထားခဲ့တယ်။“
          “ ပထမတခါမင်းပြောတော့ အိမ်နောက်ဖက်မှာဆို“
          ကစ်ပ်အဖြေကို အမျိုးသမီးကြီးက၀င်ထောက်သည်။ ကောင်လေးကချက်ခြင်းပြန်ပြင် ပြောသည်။
          “ ဟုတ်တယ်။ အိမ်နောက်ဖက်မှာထားခဲ့တယ်လို့ပြောတာပါ။“
         “ မင်းနောက်နေ့တွေမှာရော စက်ဘီးယူဖို့ဒီအိမ်ကိုလာခဲ့သေးလား“
         “ ဟင့်အင်း။ မလာပါဘူး။“
         “ ကစ်ပ်“
          အမျိုးသမီးကြီးက ကစ်ပ်နံမည်ကိုခေါ်တော့ ကစ်ပ်ကအော်၍တုန့်ပြန်တော့သည်။
          “ ကျနော်မသိဘူး။စက်ဘီးဘယ်မှာလဲဆိုတာ ကျနော်မသိဘူး“
          “ ကဲ.. ဘယ်သူ့ကို၊ ဘာကိုယုံရမလဲဆိုတာ ရှင်တို့ ကျမတို့ ဘယ်လိုလုပ်သိမှာလဲ။ ကျမသိတာတော့ဂေးလ်ဘာ့တ်ရဲ့စက်ဘီးပျောက်နေတယ်။ ဒါပဲ။“
          အမျိုးသမီးကြီးက ပခုံးတွန့်၍ဟမ်မီလ်တန်ကိုပြောနေချိန်တွင် ဂရေးဘားမန်းတို့သားအဖ မီးဖိုခန်းထဲ  ပြန်ဝင်လာသည်။ ဂရေးဘားမန်းက စကားစပြောသည်။
          “ စက်ဘီးကိုတွန်းပြီးလှိမ့်ချဖို့ ရော်ဂျာကပြောခဲ့တာပါ။“
           “ အဲဒါမင်းပြောခဲ့တာ။“
          ရော်ဂျာကချက်ခြင်းတုန့်ပြန်သည်။ သူထိုင်နေရာကုလားထိုင်မှထလာပြီး ရော်ဂျာက ဆက်ပြောသည်။
         “ မင်းကအဲဒီလိုလုပ်ချင်တာလေ။ စက်ဘီးကိုသစ်သီးခြံထဲယူသွားပြီး ဖျက်ဆီးပစ်ရ အောင်လို့မင်းပြောခဲ့တာလေ။“
          “ မင်းပါးစပ်ပိတ်ထားစမ်း“ မစ္စတာဘားမန်းက ရော်ဂျာ့ကိုလှမ်းပြောသည်။
          “ သူ့စကားဆုံးရင် မင်းဆက်ပြောရမယ်ကောင်လေး။ ခုတော့ ငါဆက်ပြောမယ်။ မင်းတို့ တတွေစက်ဘီးကိုညဖက်ကြီး တရွတ်တိုက်ဆွဲသွားကြတယ်လေ။ အခုမင်းတို့နှစ်ယောက်ထဲက တယောက်ယောက်.....“
          ဘားမန်းက ပထမကစ်ပ်ကိုကြည့်သည်။ ထို့နောက်ရော်ဂျာ့ကိုကြည့်ပြီးဆက်ပြောသည်။
          “ စက်ဘီးဘယ်မှာလဲဆိုတာမင်းတို့သိပါတယ်။ မင်းတို့သိတာကိုစပြောဖို့ ငါအကြံပေးချင် တယ်။“
          ဘားမန်းစကားဆုံးတော့ ဟမ်မီလ်တန်က၀င်ပြောသည်။
          “ ခင်ဗျားပြောတဲ့ပုံစံက နည်းလမ်းမကျဘူးလို့ ကျနော်ထင်တယ်။“
          “ ဘာကွ..“
          ဘားမန်းကနဖူးကြောတွေထောင်လာပြီး ဒေါသတကြီးပြန်ပြောသည်။
          “ မင်း ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ“
          ဟမ်မီလ်တန် မတ်တတ်ထရပ်လိုက်သည်။
          “ သွားကြစို့ရော်ဂျာ။ ကစ်ပ်.. မင်းရောလိုက်ခဲ့မလား၊ နေခဲ့ဦးမလား။“
          သူက အမျိုးသမီးကြီးဖက်သို့လှည့်လိုက်သည်။
         “ ဒီည ကျနော်တို့ ဘာဆက်လုပ်လို့ရမလဲဆိုတာ ကျနော်မသိတော့ဘူးမစ္စက်မေလာ။ ကျနော်ဒီကိစ္စကိုရော်ဂျာနဲ့ ထပ်ပြောပါဦးမယ်။ လျော်ပေးမလားဆိုရင်တော့ စက်ဘီးကိုပျက်စီး အောင်လုပ်ခဲ့တဲ့အထဲမှာရော်ဂျာပါတဲ့အတွက် ကျနော် သုံးပုံတပုံပေးပါ့မယ်။“
           “ ကျမလည်း ဘာလုပ်ရမှန်းမသိတော့ပါဘူး။“
           အမျိုးသမီးကြီးက ဧည့်ခန်းထဲရောက်နေပြီဖြစ်သော ဟမ်မီလ်တန်နောက်သို့ လိုက်လာ ရင်းဆက်ပြောသည်။
         “ ကျမလည်း ဂေးလ်ဘာ့တ်အဖေကိုပြောပြလိုက်ပါ့မယ်။ သူကအခုခရီးထွက်နေတယ်။ တခုခုတော့ဖြစ်လာမှာပါ။ နောက်တွေ့ကြဦးမယ်လေ။“
           ဟမ်မီလ်တန်က တဖက်သို့ကပ်ပေးလိုက်သဖြင့် ကလေးနှစ်ယောက်က သူ့ကိုကျော်ပြီး ဆင်ဝင်အောက်ဝင်သွားကြသည်။ သူတို့နောက်ဖက်မှနေ၍ ဂရေးဘားမန်း၏အသံကို ပီပီသသ ကြားလိုက်ရသည်။
          “ သူက ကျနော့ကို ငတုံးလို့ခေါ်တယ်ဒက်ဒီ“
          “ သူလုပ်တာမဟုတ်လား။ သူကမှ တကယ့်ငတုံး။ သူ့ပုံစံကိုက ငတုံးပုံပေါက်နေတာ“
          မစ္စတာဘားမန်းအသံကိုပါကြားလိုက်ရတော့ ဟမ်မီလ်တန်ကလှည့်ကြည့်ရင်းပြောလိုက် သည်။
          “ ဒီညမှာတော့ ခင်ဗျားအတော့်ကိုတရားလွန်တာပဲ မစ္စတာဘားမန်း။ ဘာကြောင့်ခင်ဗျား ကိုယ်ခင်ဗျားမထိမ်းနိုင်ရတာလဲ။“
         “ ကိုယ့်အလုပ်ကိုယ်လုပ်ပါလို့ မင်းကိုငါပြောတယ်မဟုတ်လား။“
           ဘားမန်းကလည်း သူ့ကိုပြန်ပြောသည်။
   
          “ မင်းအိမ်ပြန်တော့ရော်ဂျာ၊ သွားတော့။“
          ဟမ်မီလ်တန်က သူ့နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ပြီးရော်ဂျာ့ကိုလှမ်းပြောသည်။ ရော်ဂျာ နှင့်ကစ်ပ်ကလမ်းမပေါ်ထွက်ရာလမ်းကလေးဆီလျှောက်သွားသည်။ဟမ်မီလ်တန်သည်တံခါးဝ တွင်ပိတ်ရပ်လိုက်ပြီး သားဖြစ်သူနှင့်နှင့်အတုဧည့်ခန်းကိုဖြတ်လျှောက်လာသော ဘားမန်းကို
ကြည့်နေသည်။
         “ မစ္စတာ ဟမ်မီလ်တန်“
          အမျိုးသမီးကြီးက အလန့်တကြားစကားစလိုက်ပေမယ့် စကားကိုအဆုံးမသတ်နိုင်ပေ။
          “ ခင်ဗျားဘာဖြစ်ချင်လဲ။ ကျုပ်ရှေ့ကထွက်သွားစမ်းပါ။“
          ဘားမန်းက သူ့ပခုံးကိုဝင်တိုက်လိုက်သောကြောင့် ဟမ်မီလ်တန်မှာ ဆင်ဝင်အောက်မှ နေ၍ ဆူးများရှိသောခြုံပုတ်အတွင်းရောက်သွားသည်။ ထို့သို့ဖြစ်သွားတာကိုသူမယုံနိုင်ပေ။ သူသည်ခြုံပုတ်ထဲမှကုန်းထလာပြီး ဆင်ဝင်အောက်တွင်ရပ်နေသော ဘားမန်းကိုအားနှင့်ပစ် ထိုးလိုက်သည်။ နှစ်ယောက်လုံးမျက်ခင်းပေါ်လဲကျသွားပြီး မျက်ခင်းပေါ်တွင်လုံးထွေးနေလေ သည်။ ဟမ်မီလ်တန်သည် ဘားမန်း၏လက်မောင်းများကို သူ့ဒူးနှင့်ဖိရင်း နောက်ကျောကို လက်သီးနှင့်တရစပ်ထိုးနေသည်။ ဘားမန်း၏အင်္ကျီကော်လာကိုလည်းဆုတ်မိသွားပြီး ဘားမန်းခေါင်းကိုမျက်ခင်းနှင့်ဆောင့်တိုက်နေစဉ် မစ္စက်မေလာက အလန့်တကြားအော် တော့သည်။
         “ ဘုရားသခင်.. သူတို့ကိုဖြည်ကြပါဦး။ ရဲခေါ်ကြပါဦး“
          ဟမ်မီလ်တန်က ဘားမန်းခေါင်းကို မျက်ခင်းနှင့်ဆောင့်နေရာမှရပ်လိုက်တော့ ဘားမန်း ကသူ့မျက်နှာကိုလည်ပြန်ကြည့်ရင်းအော်သည်။
          “ ငါ့ကိုလွှတ်..“
          အမျိုးသမီးကြီးက လူချင်းကွဲသွားသော အမျိုးသားနှစ်ယောက်ကိုလှမ်းမေးသည်။
          “ ဘာဖြစ်သွားကြသေးလဲ။ ဘုရား၊ ဘုရား...“
          ပေအနည်းငယ်ခွာ၍ မောပန်းတကြီးအသက်ရှူနေကြသော ယောက်ျားနှစ်ယောက်ကို သူမကရပ်ကြည့်နေသည်။ အသက်အကြီးဆုံးကောင်လေးက ဆင်ဝင်အောက်ရှိလူစုထဲတိုးဝင် လာပြီး ရန်ပွဲကိုကြည့်ဖို့ကြိုးစားသော်လည်းရန်ပွဲကပြီးနေပြီ။ ကလေးတွေက လူကြီးနှစ်ယောက် ကိုကြည့်ရင်း ဘာဆက်လုပ်ရမှန်းမသိဖြစ်ကာရပ်နေကြသည်။ သူတို့ကလက်မောင်းနှင့်နံရိုးများ ကိုကွယ်ရင်းတယောက်ကိုတယောက်လက်သီးနှင့်ထိုးကြဦးမည့်ပုံဟန်ရေးပြနေကြသေးသည်။
          “ ကလေးတွေ.. အိမ်ထဲပြန်ဝင်ကြစမ်း။“
          မစ္စက်မေလာက ရင်ဘတ်ကိုလက်နှင့်ဖိရင်း ကလေးတွေကိုလှမ်းအော်သည်။
         “ ဒီလိုဖြစ်သွားကြလိမ့်မယ်လို့ ကျမမထင်ထားခဲ့ပါဘူး“
          ဟမ်မီလ်တန်မှာ ချွေးတွေရွှဲနေပြီး အသက်ရှူဖို့ကြိုးစားလိုက်တိုင်း သူ့အဆုတ်နေရာက ပူလောင်နာကျင်လာသည်။ သူ့လည်ချောင်းထဲမှာလဲ တစုံတခုဆို့နင်နေသလိုဖြစ်နေပြီးမျိုချလို့ လည်းမရပေ။ သူက လမ်းစလျှောက်ဖို့ကြိုးစားတော့ သူ့သားနှင့်ကစ်ပ်ကဘေးတဖက်တချက်မှ ၀င်တွဲသည်။ ထိုအချိန်တွင် ကားတံခါးကိုခပ်ပြင်းပြင်းဆောင့်ပိတ်သံကြားလိုက်ရပြီး အင်ဂျင် လည်းစနှိုးသည်။ ကားရှေ့မီးကသူတို့ရှေ့ကိုဖြတ်ထိုးထား၏။ ရော်ဂျာက တချက်ရှိုက်လိုက် သည်။ ဟမ်မီလ်တန်က သူ့သားပခုံးပေါ်လက်လှမ်းတင်လိုက်သည်။ ကစ်ပ်ကလည်းစတင်ငို ကြွေးရင်းပြောလေသည်။
          “ ကျနော်ပြန်တော့မယ်။ အဖေ ကျနော့်ကိုရှာနေတော့မယ်။“
          ကောင်ကလေးကပြောရင်းပြေးထွက်သွားသည်။
        
          “ ဒီလိုအဖြစ်အပျက်မျိုး မင်းမြင်လိုက်ရတဲ့အတွက် ဒက်ဒီစိတ်မကောင်းပါဘူးသားရယ်။“
           သားအဖနှစ်ယောက်လမ်းလျှောက်လာရင်း သူတို့လမ်းထိပ်ရောက်တော့ ဟမ်မီလ်တန် က သူ့သားပခုံးပေါ်ကလက်ကိုဖယ်လိုက်သည်။
           “ တကယ်လို့ သူကဒါးဆွဲထုတ်ရင် ဒါမှမဟုတ်တုတ်နဲ့ရိုက်ရင် ဒက်ဒီဘယ်လိုလုပ်မလဲ။“
          “ သူအဲဒါမျိုး မလုပ်နိုင်ပါဘူးကွာ။“
          “ တကယ်လို့ လုပ်ခဲ့ရင်ကော။“
          “ လူတွေက ဒေါသထွက်လာရင် ဘာလုပ်မလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာ ပြောရခက် တယ်ကွ။“
          သူတို့ အိမ်ရှေ့တံခါးဆီ ဦးတည်မိကြပြီ။ အလင်းရောင်တွေထိုးထွက်နေသော သူတို့အိမ် ရှေ့တံခါးကို မြင်တော့ သူ့စိတ်တွေပျော့ပြောင်းလာသည်။
          “ ဒက်ဒီ့ကြွက်သားတွေကိုပြပါဦး။“
          ရော်ဂျာက သူ့လက်မောင်းကိုလှမ်းဆွဲရင်းပြောသည်။
          “ သားအိမ်ထဲအရင်ဝင်။ ညနေစာစားပြီး စောစောအိပ်တော့။ မင်းမာမီကို ဒက်ဒီဘာမှ မဖြစ်ဘူးလို့ပြော လိုက်။ ဒက်ဒီဆင်ဝင်အောက်မှာ ခနထိုင်လိုက်ဦးမယ်။“
        ကောင်လေးကခြေလှမ်းတလှမ်းစလိုက်ပြီး သူ့အဖေမျက်နှာကိုကြည့်ကာနောက် တလှမ်း ထပ်လှမ်းသည်။  ထို့နောက်အိမ်ထဲသို့ တဟုန်ထိုးပြေးဝင်သွားကာ အဆက်မပြတ်အော်တော့ သည်။
           “ မာမီ။ မာမီ....“

                        ~                    ~                     ~                     ~                       ~

          သူသည် ဆင်ဝင်အောက်ရှိကားဂိုထောင်နံရံကိုမှီရပ်ရင်း မြေကြီးကိုခြေထောက်ဖြင့်ဟို ခြစ်ဒီခြစ်လုပ်နေသည်။ နဖူးပေါ်ကချွေးတွေကတော့ခြောက်ကုန်ပြီ။ အင်္ကျီအောက်မှာတော့ စေးထန်းထန်းခံစားနေရတုန်းပင်။
             တခါတုန်းက  ပခုံးတွေငိုက်စိုက်ကျနေပြီးဖြူဖျော့၍ စကားကိုဖြည်းညှင်းစွာပြောနေ သော သူ့အဖေကိုမြင်ခဲ့ရသည်။ ကဖေးဆိုင်ထဲတွင်ဖြစ်ခဲ့သော အမျိုးသားကြီးနှစ်ဦး၏ရန်ပွဲမှာ တော်တော်အခြေအနေဆိုးရွားခဲ့ ပြီးနှစ်ယောက်စလုံးလည်းအထိနာခဲ့ကြသည်။ တဖက်လူမှာ ယာလုပ်သားကြီးဖြစ်သည်။ ဟမ်မီလ်တန်မှာ သူ့ဖခင်ကိုအလွန်ချစ်ပြီး ဖခင်နှင့်ပတ်သက်သော ကိစ္စတော်တော်များများကိုမှတ်မိသည်။ ခုအချိန်မှာတော့ထိုလူနှင့်ဖြစ်ခဲ့သောသူ့ဖခင်၏ ရန်ပွဲကို ပြန်စဉ်းစားမိနေတော့သည်။ 
           သူ့မိန်းမထွက်လာချိန်ထိ သူကဆင်ဝင်အောက်မှာထိုင်နေဆဲပင်။
           “ ဘုရားရေ..“
          မိန်းမက သူ့ခေါင်းကို သူမလက်နှင့်ပင့်မလိုက်ပြီး ရေရွတ်၏။
          “ အိမ်ထဲဝင်၊ ရေချိုး၊ တခုခုစားပြီးရင် ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာ ကျမကိုပြောပါဦး။ ညစာတွေကတော့နွေးနေတုန်းပဲရှိသေးတယ်။ ရော်ဂျာတော့ အိပ်ရာဝင်သွားပြီ။“
          သို့သော် သူ့သားက သူ့အားလှမ်းခေါ်နေသံကိုကြားနေရသည်။
          “ သူမအိပ်သေးဘူး“ ဟု အမျိုးသမီးကပြောသည်။
          “ ခနနေရင် ကိုယ်ပြန်ဆင်းလာခဲ့မယ်။ တခုခုသောက်ကြတာပေါ့။“
          “ ကျမဖြင့် ခုထိမယုံနိုင်သေးဘူး။“
           သူ့မိန်းမက ခေါင်းခါရင်းပြောသည်။ သူက သားအခန်းထဲဝင်သွားပြီး ကုတင်ပေါ်ဝင်ထိုင် လိုက်သည်။
          “ သားမအိပ်သေးဘူးလား။ နောက်ကျနေပြီ။ အိပ်တော့နော်။ ဂွတ်နိုက်...“
          “ ဂွတ်နိုက်.“
          ကလေးကပြန်နှုတ်ဆက်သည်။ သူကသား၏လည်ပင်းကို သိုင်းဖက်လိုက်သည်။ ကောင် လေးကည၀တ်အင်္ကျီဝတ်ထား၏။ လတ်ဆတ်နွေးထွေးသော သား၏ကိုယ်သင်းနံ့ကိုဟမ်မီလ် တန်ရှူရှိုက်မိသည်။ သူကသား ၏ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးနေရင်းပြောလိုက်သည်။
          “ ဒီကနေ့ကစပြီး အေးအေးဆေးဆေးနေတော့နော်သား။ အဲဒီလိုအိမ်နီးချင်းမျိုးတွေနဲ့ ဝေးဝေးနေ။ ပြီးတော့အခုလို စက်ဘီးကိုဖျက်ဆီးပစ်တာမျိုးနဲ့ အဲဒီလိုမျိုးတခြားကိစ္စတွေကို လည်း ဒက်ဒီထပ်မကြားချင်တော့ဘူးနော်။ ရှင်းလားသား..“
          ရော်ဂျာက ခေါင်းညိတ်ပြသည်။ သူသည်သားကိုဖက်ထားသောလက်အားဖယ်လိုက်ကာ အိပ်ရာခင်းကို ပျံ့အောင်ပြန်ခင်းပေးလိုက်သည်။
          “ အိုကေ...။ ဂွတ်နိုက်နော်သား။“
           သူကသားကိုနမ်းဖို့ ကိုယ်ကိုငုံ့ကိုင်းလိုက်ချိန်မှာ ကောင်ကလေးကပြောသည်။
          “ ဒက်ဒီ..။ အဘိုးကလည်း ဒက်ဒီလိုပဲအားရှိတာပဲမဟုတ်လား။ သူ ဒက်ဒီ့အရွယ်တုန်းက လေ။ ဒက်ဒီသိပါတယ်။ သိတယ်မဟုတ်လား။“
          “ ဒက်ဒီကိုးနှစ်သားလောက်တုန်းကအကြောင်း မင်းပြောချင်တာမဟုတ်လား။ ဟုတ် တယ်။ မင်းအဖိုးကအားသန်တယ်။“
          “ တခါတလေကျရင် ကျနော်အဘိုးကိုသိပ်မှတ်မိဘူး။ အဘိုးကိုရော တခြားဟာတွေကို ရောကျနော်မေ့ မသွားချင်ဘူး။ ကျနော်ပြောချင်တာကိုသိတယ်မဟုတ်လားဒက်ဒီ။“
          ဟမ်မီလ်တန်က အဖြေမပေးတော့ ကောင်လေးကလှဲနေရာမှကုန်းထလာသည်။
        “ ဒက်ဒီငယ်ငယ်တုန်းက အဘိုးနဲ့ဒက်ဒီက အခုဒက်ဒီနဲ့ကျနော့်လိုပဲလားဟင်။ ဒက်ဒီက အဘိုးကိုကျနော့်ထက်ပိုချစ်လား။ ဒါမှမဟုတ် ကျနော်နဲ့တုတူပဲချစ်လား။“
          ကောင်လေးကပြတ်ပြတ်သားသားပင်မေး၏။ ဟမ်မီလ်တန်က စောင်အောက်မှ သူ့ခြေ ထောက်တွေကို ဆွဲထုတ်လိုက်ပြီး အဝေးကိုငေးကြည့်နေမိသည်။ သူကခုချိန်ထိတစုံတရာ မဖြေသေးသောအခါ သူ့သားကထပ်မေးပြန်သည်။
          “ အဘိုးကဆေးလိပ်သောက်သလား။ ကျနော်ထင်တာတော့ ဆေးတံလားမသိဘူး သောက်တယ်။“
          “ ဟုတ်တယ်။ သူမသေခင်လေးမှာပဲဆေးတံစသောက်တာ။ အရင်တုန်းကသူစီးကရက် သောက်ခဲ့တယ်။ နောက်တော့ တခုခုစဉ်းစားမိတယ်ထင်ပါရဲ့၊ဆေးလိပ်ဖြတ်လိုက်တယ်။ နောက်တော့တခါ တံဆိပ် ပြောင်းပြီး ပြန်သောက်ပြန်ရော။ သားကို ဒက်ဒီပြမယ်။ ဒက်ဒီ့လက် ဖမိုးကိုနမ်းကြည့်စမ်း။“
            သားကသူ့လက်တွေကိုလှမ်းယူကာ နမ်းကြည့်ပြီးပြောသည်။
            “ ဘာနံ့ မှမရပါဘူး။ ဘာဖြစ်လို့လဲဒက်ဒီ။“
           ဟမ်မီလ်တန်ကလည်း သူ့လက်ချောင်းတွေနှင့် လက်ဖမိုးတွေကိုနမ်းကြည့်သည်။
          “ အခုတော့ ဒက်ဒီလည်းအနံ့မရဘူး။ အရင်တုန်းကတော့ ဆေးလိပ်နံ့တွေရခဲ့တယ်။ သားကို ဒက်ဒီတခုပြမလို့။ ဒါပေမယ့်ခုကတော့ညဥ့်နက်ပြီ။ အိပ်လိုက်တာပိုကောင်းမယ်။“
          ကောင်လေးက စောင်အောက်လှိမ့်ဝင်လိုက်ကာ သူ့အဖေတံခါးဝဆီလျှောက်သွားတာ နှင့် မီးခလုတ်ကိုပိတ်တော့မည့် သူ့အဖေလက်ကိုကြည့်နေသည်။ ပြီးတော့မှ ကောင်ကလေးက ပြောသည်။
          “ ဒက်ဒီကတော့ ကျနော်ကိုအူကြောင်ကြောင်လို့ထင်မှာပဲ။ ဒါပေမယ့် ဒက်ဒီငယ်ငယ် တုန်းက ဒက်ဒီ့ကိုကျနော်သိခဲ့ရင်ကောင်းမှာပဲလို့ဆုတောင်းမိတယ်။ ဒက်ဒီက အခုကျနော့် အရွယ်မှာပေါ့။ ကျနော်ဘယ်လိုပြောရမလဲမသိဘူး။ ဒါပေမယ့် ကျနော် အထီးကျန်နေသလိုပဲ။ အဲဒါကဘာနဲ့တူသလဲဆိုတော့ အဲဒီအကြောင်းတွေ  အခုစဉ်းစားလိုက်ရင် ဒက်ဒီ့ကို ကျနော် အခုကတည်းကကြိုလွမ်းနေသလိုပဲ။ အဲဒါ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်။ ဟုတ် တယ်မဟုတ်လား။ အင်းလေ.. ဘာပဲဖြစ်ဖြစ် အခန်းတံခါးကိုဖွင့်သွားပေးပါဒက်ဒီ..။“
            ဟမ်မီလ်တန်က သား၏အခန်းတံခါးကို ဖွင့်လျှက်သားထားခဲ့သည်။ ထို့နောက် တ၀က် လောက်ပဲဖွင့် ထားပေးခဲ့ရင်ပိုကောင်းမှာဟုတွေးမိသည်။

(Raymond Carver ၏ Bicycle, Muscles, Cigarettes ကိုဆီလျှော်အောင်ပြန်ဆိုပါသည်။)

ခက်မာ 
ေ၇ွှမော်ကွန်း အသုံးပြုသည့်ရက်စွဲ
၂၀၁၁၊ ဇူလိုင်၊ ၂၅

Twitter Delicious Facebook Digg Stumbleupon Favorites More